သိန်းနိုင်
ဝေဖန်ပိုင်းခြား စဉ်းစားတွေးခေါ်ခြင်းကဲ့သို့ပင် ဘ၀နှင့် တသားတည်း ရှိစေရန် ကျောင်းသားများအနေဖြင့် စံတန်ဖိုးများနှင့် ဒီမိုကရေစီ ယဉ်ကျေးမှုတို့ကို ကိုယ်တိုင် ကြုံတွေ့နိုင်ခွင့်များ ရရှိစေသင့် ပါသည်။
လူမှု အဖွဲ့အစည်းငယ် တစ်ခုအနေဖြင့် သတ်မှတ်နိုင်သည့် စာသင်ကျောင်း၏ ရည်ရွယ်ချက်များစွာထဲမှ အဓိက တစ်ခုမှာ လူသား စံတန်ဖိုးများကို လက်ဆင့်ကမ်း သင်ကြားပေးရန်ဖြစ်ပါ၏။ ကောင်းမွန်သော စံတန်ဖိုးများမှာ ရပ်ရွာ၊ လူအဖွဲ့အစည်း၏ စည်ပင် သာယာခြင်း၊ စည်းလုံး ညီညွတ်ခြင်းနှင့် မှီတင်းနေထိုင်ကြသူ ပြည်သူများအကြား သဟဇာတဖြစ်ခြင်းတို့အတွက် သော့ချက်ပင် ဖြစ်သည်။
မျိုးဆက်များအတွက် “ကောင်းရာတု၍၊ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း၊” ဟူသော လောကသာရပျို့လာ အဆုံးအမအတိုင်း ယဉ်ကျေးမှုတွင်း တည်ရှိနေသော လိုလားအပ်သည့် ကောင်းမြတ် သော စံတန်ဖိုးများကို လက်ဆင့်ကမ်းပေရန် ကျောင်းပညာရေးတွင် တာဝန်ရှိပြန်ပါသည်။ တစ်ဆက် တည်းမှာပင် မျက်မှောက်ခေတ် ရပ်ရွာ၊ လူ့အဖွဲ့ အစည်းအတွင်း လက်ခံကျင့်သုံးနေသည့် စံတန်ဖိုးများကို ဝေဘန်စစ်ကြော တတ်စေ ရန်၊ ပြောင်းလဲပြင်ဆင်သင့်သည်တို့ကို နားလည်ရန်၊ အဘယ်ကြောင့် လိုက်နာကျင့်သုံး သင့်သည်တို့ကို သိမြင်ခံစား တတ်စေရန်အတွက်လည်း စာသင်ခန်းများအတွင်း ဆွေးနွေးရအုံး မည်ဖြစ်ပါသည်။
စံတန်ဖိုးများအပေါ်တွင် အမြင်သဘောထားများမှာ မတူညီဘဲ၊ ကွဲပြား ခြားနားနိုင်ပါသည်။ အသက်အရွယ်၊ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှု ဘာသာတရား၊ နိုင်ငံသား၊ လူမျိုး၊ စသည့်အချက်များ အပေါ်တွင် မူတည်နေခြင်း ဖြစ်သည်။
စံတန်ဖိုးများ မတူညီသည့်အတွက် ပေါ်ပေါက်နေသည့် ပြဿနာများကို လေ့လာကြည့်သင့်ပါသည်။
လက်ရှိ ပြင်သစ်နိုင်ငံတွင်းမှ ပြဿနာကို လေ့လာကြည့်လျှင် ဤအချက်ကို အထင်အရှား မြင်တွေ့နိုင် ပါသည်။ အစ္စလမ် သာသာနာတွင် မူဆလင်အမျိုးသမီးများမှာ အစ္စလမ်သာသာနာ အထိမ်းအမှတ် ခေါင်းပေါင်း ပ၀ါဝတ်ရုံများကို ၀တ်ဆင်ကြသည်။ ၂၀၁၀ ဇန်န၀ါရီလတွင် ပြင်သစ်ပါလီမန်မှ ဤ၀တ်စုံတို့ကို ၀တ်ဆင်ခြင်းအား တားမြစ်စေသင့်ကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။ မူဆလင် အမျိုးသမီး ခေါင်းဆောင်းဝတ်စုံပြည့် ၀တ်ဆင်ခြင်းမှာ ပြင်သစ်နိုင်ငံ၏ စံတန်ဖိုး များ အပေါ်တွင် “လက်မခံ နိုင်ဖွယ်ရာ” စိန်ခေါ်နေခြင်းပင်ဖြစ်သည်ဟု ရှုမြင် သုံးသပ်ချက်ပင် ဖြစ်လေသည်။ hijab နှင့် tchador တို့ကို “ခေါင်းဆောင်းဝတ်စုံပြည့်” ဟူ၍ ခေါ်ဆိုနိုင်မည်လား ဆိုသည်မှာ မသေချာ သော်ငြားလည်း burqa နှင့် niqab တို့မှာ “ခေါင်းဆောင်းဝတ်စုံပြည့်” ပင်ဖြစ်သည်။ ၆ လတာ ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး သည့်နောက် ဥပဒေပြုသူ ၃၂ ဦးပါဝင် သော အဖွဲ့မှ ဤတားမြစ်ချက်ကို ထောက်ခံအဆိုပြုခဲ့ကြသည်။ စာသင်ကျောင်းများ၊ ဆေးရုံ များ၊ လူထု သယ်ယူပို့ဆောင်ရေး ယာဉ်များနှင့် အစိုးရရုံးများတွင် မျက်နှာကို လွှမ်းခြုံ ထားသည့် ခေါင်းဆောင်း ၀တ်ဆင်မှုကို တားမြစ်ရန် အဆိုပြုခြင်းမှာ ပြင်သစ် နိုင်ငံတွင် မူဆလင်အမျိုးသမီး ၀တ်စုံ အပေါ်တွင် အပြင်းထန်ဆုံး ကန့်သတ်ချက်ပင်ဖြစ်တော့သည်။ (အေအက်ပီသတင်းစဉ်)
မြန်မာနိုင်ငံ၏ ပညာရေးရှုခင်းတစ်စုံလုံးကို လေ့လာကြည်မည်ဆိုလျှင်လည်း လိုလားအပ်သော စံတန်ဖိုးများ အတွက် လည်း ကောင်း၊ မတူညီသော စံတန်ဖိုးများကို သဟဇာတဖြစ်စေရန် အခွင့်အလမ်းများ နည်းပါးသည်ကို တွေ့မြင်နိုင်ပါသည်။ ဥပမာ အားဖြင့် မိခင်ဘာသာစကား၊ တိုင်းရင်းသား ဘာသာစကားတို့ကို သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းမထားသေးခြင်း၊ သင်ကြားခွင့် လုံးဝ မပြုခြင်း၊ ရိုးရာဓလေ့များကို ပညာရေးမှ တဆင့်ဖော်ထုတ်ခွင့် မပြုခြင်းများပင်ဖြစ်သည်။ ဤကဲ့သို့ တစ်ဖက်စောင်းနင်း ကျင့်ကြံမှု များသည် မတူညီသော စံတန်ဖိုးများကို သိမြင်ခံစားတတ်မှုစွမ်းရည်ဖွံ့ဖြိုးရန်နှင့် လူ့အဖွဲ့အစည်းအတွင်း သဟဇာတ ဖြစ်စေရန် အခက်အခဲများစွာ ရှိမည်ဖြစ်သည်။ ထို့အတူ မြန်မာ့လူ့အဖွဲ့အစည်း၏ မျှော်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီ ယဉ်ကျေးမှု ထွန်းကားစေရန် အတွက်လည်း လေ့ကျင့် သင်ကြားပေးရန် ပျက်ကွက်နေဆဲဖြစ်သည်။ (သင်ရိုးညွှန်းတမ်း အလုပ်ရုံဆွေးနွေးပွဲ ၂၀၀၆)
စံတန်ဖိုးအများစုမှာ လူသားအားလုံးနှင့် သက်ဆိုင်မှုရှိပြီးလျှင် နာခံလိုက်နာဖွယ်ဖြစ်သော်ငြားလည်း လူအဖွဲ့အစည်း အတွင်းရှိသူ အားလုံးမှ တပြေးညီ သိမြင်နားလည်မှု၊ လိုက်နာမှုတို့ကိုကား မမျှော်လင့်နိုင်ပါချေ။ သို့ဖြစ်လေရာ စံတန်ဖိုးများ အပေါ်တွင် ပုဂ္ဂလ အတွေ့အကြုံများနှင့် လက်ရှိ အခြေအနေများ၏ လွှမ်းခြုံသက်ရောက်မှု ရှိခြင်းပင် ဖြစ်သည်။
ဘုံနည်းလမ်းများ
ဤအချက်မှာ စံတန်ဖိုးများကို လေ့ကျင့်ပျိုးထောင်ရာတွင် ကြီးမားသော စိန်ခေါ်ချက်အနေဖြင့် ရင်ဆိုင်ရသည်။ အတိတ်ကာလ များတွင် စံတန်ဖိုးများကို သီးသန့်ဘာသာရပ်အနေဖြင့် လေ့ကျင့်သင်ကြားကြပါသည်။ များမကြာသေး မီနှစ်များမှ ပညာရေးသမား များသည် ဘာသာရပ်အားလုံး ယှက်နွယ်လွှမ်းခြုံသည့် (ပေါင်းစည်း သင်ရိုး integrative) သင်ရိုးဖြင့် စံတန်ဖိုးတို့ကို သင်ကြားရန် အားထုတ်လာကြသည်။ နည်းနာ ၂ ရပ်စလုံးတွင် ဆရာ၏ မျှော်မှန်းချက်မှာ တူညီပါ၏။ အားလုံးမှ သိမြင်နားလည် ပြီးလျှင် အားလုံး၏ အကျိုးစီးပွားအတွက် ဘုံ စံတန်ဖိုးတို့ကို လိုက်နာကျင့်သုံး ကြရန်ပင်ဖြစ်လေသည်။
ဤသည်မှာလည်း ကျင့်ဝတ်နီတိနှင့် စံတန်ဖိုးပညာရေး value education နှင့် နိုင်ငံသားပညာရေး citizenship education ဆောင်ရွက်ချက်များ၊ ပုံစံများ ၏ ရေရှည်မျှော်မှန်းချက် ဖြစ်သော်ငြားလည်း တစ်ဦးတစ်ယောက်ခြင်းစီ၏ လိုအင်များကိုမူ ဖြည့်ဆည်း ပေးနိုင်ခြင်း မရှိကြောင်း လေ့လာတွေ့ရှိ ရပြန်ပါသည်။ မိမိကိုယ်တိုင် စူးစမ်းလေ့လာ ရှာဖွေခြင်း၊ သိမြင်နားလည်ခြင်းနှင့် သင်ကြားနေသည့် စံတန်ဖိုးတို့ကို ဘ၀နှင့် ဆက်စပ်ပြီး လက်ခံကျင့်သုံး လာခြင်း တို့ကို ဆိုလိုပါသည်။
ချဉ်းကပ်မှုနည်းလမ်း အသစ်
အထက်ပါ သင်ယူခြင်းအဆင့်သို့ ရောက်ရှိစေရန်အတွက် သင်ကြားနည်းလမ်းတို့ကို ရှေးဦးစွာ အသေအချာ ဆင်ခြင် သုံးသပ် သင့်သည်။ မြန်မာစာသင်ကျောင်းများတွင် အများဆုံးအသုံးပြုနေသည့် ဟောပြောပို့ချနည်းနှင့် ပုံပြင် ဇာတ်လမ်းများ ပြောပြခြင်း နည်းလမ်းတို့ဖြင့် နောက်ဆုံးပိတ် တွင် “ဒီပုံပြင်ထဲက စာရိတ္တနဲ့ပတ်သက်လို့ ဘာသင်ခန်းစာ တွေရရှိသလဲ” မေးခွန်းမျှနှင့် ထိရောက်မှု မရှိနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ကျောင်းသားများကိုယ်တိုင် တက်ကြွစွာ ပါဝင် လုပ်ဆောင်မှုမရှိသည့် အတွက်ပင် ဖြစ်သည်။
ကိုယ်တိုင် သိမြင် ခံစားရမှုမရှိခြင်းနှင့် နေ့စဉ်ဘ၀တွင် လက်တွေ့လိုက်နာ ကျင့်ကြံခြင်းမရှိသော စံတန်ဖိုးများသည် ကျင့်ဝတ် နီတိနှင့် စာရိတ္တကို ပုံဖော်နိုင်ရန် များစွာ အခက်အခဲရှိပါမည်။ ထို့အတူ လေ့ကျင့် ပျိုးထောင်ပေးမှုမရှိဘဲနှင့် ကလေးများသည် သူ့အလိုအလျောက် ဒီမိုကရေစီ နိုင်ငံသားများ ဖြစ်လာရန် ခဲယဉ်းပါမည်။
သင်ကြားရန်နည်းလမ်းများ
ထိရောက်အောင်မြင်နိုင်ရန်အတွက် သင်ကြားနည်းလမ်းမျိုးစုံရှိနေပါသည်။ ရိုးစင်းလွယ်ကူသော သင်နည်းများလည်း ဖြစ်ကြသည်။ အခြားသော ဘာသာရပ်များကိုသင်ကြားရာတွင်လည်း အသုံးပြုနိုင်ပါသည်။ ဤနေရာတွင် မိတ်ဆက် ပေးမည့် သင်နည်း အထွေထွေ၏ အရေးကြီးသည့် ဂုဏ်အင်္ဂါတစ်ရပ်မှာ ကျောင်းသူကျောင်းများအနေဖြင့် ကိုယ်တိုင် လက်ခံလိုက်နာကျင့်သုံးနေသည့် ခံယူချက်နှင့် စံတန်ဖိုးစနစ်တို့ကို တက်တက်ကြွကြွနှင့် အသေအချာ ခွဲခြမ်း စိတ်ဖြာ လေ့လာခြင်းပင်ဖြစ်သည်။ စံတန်ဖိုး အသစ်နှင့် အကျင့်အကြံ အသစ်တို့ကို လက်ခံကျင့်သုံးခြင်း မပြုသေးမီ လေ့လာမှု ဖြစ်သည်။
ထို့အပြင် ဤသင်နည်းများတွင် ကျောင်းသားများအနေဖြင့် အဘယ်ကြောင့် ဤသို့၊ ထိုသို့ ထင်မြင်ကြသည်၊ စဉ်းစား တွေးတောကြသည်၊ ရှင်းလင်းဆွေးနွေးရန် ကို ဆရာဆရာမများမှ ထပ်ဆင့်မေးမြန်းရပါမည်။ စာသင်ကြား ခြင်း၏ ထိရောက်အောင်မြင်မှုများ အမြင့်မားဆုံးရရှိစေရန် ကျောင်းသူကျောင်းသားတိုင်းအား သူတို့၏ ယုံကြည်ချက် များနှင့် အတွေးအမြင်သဘောထားတို့ကို တင်ပြခွင့်ပေးသင့်သည်။ အပြန်အလှန် တင်ပြ ဆွေးနွေးရာတွင်လည်း အားလုံးမှ ဂရုတစိုက် နားထောင်ပေးရန်လိုအပ်ပါသည်။
ဆန္ဒမဲပေးခြင်း
ဆရာမှ ရွေးချယ်ထားသော “အကြောင်းအရာ”၊ “ခေါင်းစဉ်”၊ “အဆိုပြုချက်” တစ်ခုခုအပေါ်တွင် သဘောတူသည်၊ သဘောမတူပါ၊ ဟူ၍ ကျောင်းသားများမှ ဆန္ဒမဲပေးခြင်းဖြင့် စတင်နိုင်သည်။
•ဥပမာအားဖြင့်-
“မိသားစုတိုင်းဟာ ကလေး ၂ ဦးသာ ယူသင့်တယ်ဆိုတဲ့ အချက်အပေါ်မှာ မင်းတို့ ဘယ်လိုထင်မြင်ကြသလဲ”၊
“ကိုယ်ပိုင်ကားတွေ ၀ယ်ယူတာကို အစိုးရအနေနဲ့ ကန့်သတ်မှုလုပ်ပြီး အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးအတွက် ပိုမို လုပ်ဆောင်သင့်တယ်”၊
“ဒီနေ့ ကျောင်းတက်ဖို့အတွက် ဘယ်လို ၀တ်စုံဝတ်သင့်တယ်ဆိုတာ ကျောင်းသူ ကျောင်းသားများ ကိုယ်တိုင် ရွေးချယ် ၀တ်ဆင်ခွင့် ရှိသင့်ပါတယ်။”
“နစ်နာဆုံးရှုံးနေတဲ့ ကျောင်းသူကျောင်းသား အခွင့်အရေးတွေ ရရှိဖို့အတွက် တောင်းဆိုရာမှာ ကျောင်းသားတိုင်း ပါဝင်ရမှာ ဖြစ်တယ်။”
ကျောင်းသူကျောင်းသားများအနေဖြင့် မည်သို့ပင် အဖြေပေးစေကာမူ ဆရာဆရာမများမှ နောက်ဆက်တွဲ အနေဖြင့် “ဘာဖြစ်လို့ အဲဒီလို ထင်မြင်ယူဆရတာလဲ” ဟူသော မေးခွန်းကို မေးမြန်းရန် အလွန် အရေးကြီးပါသည်။
အဆင့်သတ်မှတ်ခြင်း
ဖြစ်နိုင်ချေ သုံးခု (သို့မဟုတ် ထို့ထက်ပို၍) ရွေးချယ်ထားရှိပြီးလျှင် ကျောင်းသားများမှ အရေးကြီးဆုံးကို (သို့မဟုတ်) သူတို့နှစ်သက်သလို အထက်အောက် ပြန်စီစဉ်ခြင်းဖြစ်သည်။
• ဥပမာအားဖြင့် -
“အင်မတန်ဒုက္ခရောက်ပြီး အရေးကြီးတဲ့အချိန်မှာ တွေ့ဆုံစကားပြောဖို့ လူတစ်ဦးတည်းကိုသာ ရွေးချယ်ခွင့်ရှိခဲ့ရင် ဘယ်သူ့ကို ရွေးမလဲ။ (အဖေ၊ အမေ၊ ဆရာဆရာမ၊ သူငယ်ချင်းတစ်ဦးဦး)။” ကျောင်းသားများကိုယ်တိုင် ကြိုက်နှစ် သက်သလို ရွေးချယ်ခွင့် ပေးရာတွင် အဆင့်သတ်မှတ်ထားခြင်းဖြစ်သည်။ (၁) အနှစ်သက်ဆုံး - မှစပြီး - (၄) နောက်ဆုံး ရွေးချယ်မှု - အနေဖြင့် အဆင့်သတ်မှတ် ရွေးချယ်ခြင်းကို ဆိုလိုပါသည်။ ကျောင်းသားများ၏ အဖြေ တို့ကိုလည်း ထင်ဆင့် ရှင်းလင်း ဆွေးနွေးပေးရန် ဆရာမှ ယခင်အတိုင်းမေးမြန်းခြင်း ပြုရပါအုံးမည်။
စံတန်ဖိုးပြ မျဉ်းရှည်
မတူသော ရွေးချယ်စရာများ (သို့မဟုတ်) ဆန့်ကျင်ဘက် အမြင်သဘောထားများ ၂ ခုကို မျဉ်းတန်း၏ အစွန်း ၂ ဘက် ပေါ်တွင် တင်ဆက်ခြင်း နည်းလမ်းဖြစ်သည်။ ရွေးချယ်စရာများမှ သူတို့ရပ်တည်မှု နေရာကို ရွေးချယ်ကြခြင်း ဖြစ်သည်။ ကျောင်းသားများ၏ ကိုယ်ပိုင် ခံယူချက်၊ အမြင်သဘောထားများနှင့် အနီးစပ်ဆုံး ရွေးချယ်မှု ပင်ဖြစ်သည်။ အစွန်ဆုံး (၂) နေရာအပါအ၀င် ကြားတွင်ရှိသော နေရာများအားလုံးကို ဆိုလိုသည်။
တစ်တန်းလုံး လှုပ်လှုပ်ရှားရှား၊ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ရသည့် ကာယလှုပ်ရှားမှုများလည်း ပါဝင်သည်။ အတန်းရှေ့တွင် ဖြစ်စေ၊ (သင်ပုန်းပေါ်တွင်ဖြစ်စေ) မျဉ်းရှည်တစ်ကြောင်း ရေးဆွဲထားပြီးလျှင် ကျောင်းသားများမှ သူတို့ရပ်တည်ချက်နေရာတွင် လာရောက်၍ မတ်တပ်ရပ်နေရာယူကြခြင်းဖြစ်သည်။ မတူညီသော ရပ်တည်ချက် များနှင့် အမြင်သဘောထားများဖြင့် ပျော်စရာ လည်းကောင်းသော သင်ကြားနည်းလမ်းတစ်ခုဖြစ်၏။
ဥပမာအားဖြင့် - “မိဘအုပ်ထိန်းမှုမှာ ဘယ်လိုပုံစံက အကောင်းဆုံးလဲ” (ဆရာမှနေ၍ မျဉ်းရှည်၏ အစွန်းတစ်ဖက်တွင် “ဒီမိုကရေစီ နည်းကျ အုပ်ထိန်းမှု” ဟုရေးသားပြီး၊ အခြားအစွန်းတစ်ဖက်တွင်မူ “ချုပ်ချယ် ကန့်သတ်မှုများဖြင့် အုပ်ထိန်းမှု” ဟူ၍ရေးသားထားသည်။ ဆရာမှနေ၍ အစွန်း ၂ ဖက် ရပ်တည်မှုနှင့်ပတ်သက်၍ အဓိပ္ပါယ်ဖွင့်ဆို ရှင်းလင်း ပေးနိုင်သည်။ ကျောင်းသားများမှ အစွန်း (၂) ဘက်အပါဝင် မျဉ်းတန်း တစ်လျောက် နေရာအနှံ့တွင် သူတို့ ရပ်တည် ချက်အရ ရွေးချယ် ရပ်တည်ကြပြီးလျှင် မိမိဘာကြောင့် ရွေးချယ် ရပ်တည်ရသည်ကို ရှင်းလင်း ဆွေးနွေးကြရခြင်း ဖြစ်သည်။
မြန်မာပြည်တွင်း သင်ရိုးရှိ ပြည်သူ့နီတိနှင့် စာရိတ္တ ဘာသာရပ်ပါ သင်ခန်းစာ အကြောင်းအရာများနှင့် မလုံလောက် သေးပါ။ ဒီမိုကရေစီ နိုင်ငံသား ပညာရေးကို သင်ရိုးညွှန်းတမ်းများတွင် ရှောင်ရှားခဲ့ကြသည်။ ထည့်သွင်းရန် တွန့်ဆုတ် နေဆဲပင်ဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်း၏ မျှော်မှန်းချက်များနှင့် အခြားခြားသော စံတန်ဖိုးများကိုလည်း ထည့်သွင်း သင့်ကြားပေးသင့်ပါသည်။ အထူးသဖြင့် ဒီမိုကရေစီယဉ်ကျေးမှုထွန်းကားစေရန်အတွက် အတန်းတိုင်း၊ အဆင့်တိုင်း တွင် သင်ရိုးကို ပြဌာန်းရေးဆွဲခြင်း၊ နောက်ခံလွှာသင်ရိုး hidden curriculum အနေဖြင့် လက်ခံကျင့်သုံးခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း။
သိန်းနိုင်
Wednesday, February 17, 2010
စာသင်ကျောင်းက ကယ်နိုင်ပါ့မလား - နိုင်ငံတော်ရဲ့ စံတန်ဖိုးတွေ မြှင့်တင်ခြင်း |
Sunday, February 14, 2010
List of universities for scholarship application |
ပေးပို့ပေးတဲ့ ကို/ မ ခင်ဦးကို ကျေးဇူးတင်ပါတယ် ။
ဖိုင်ကို အောက်ကလင့်ခ်မှာ ဒေါင်းလုပ်လုပ်ပါ ။
http://www.fileden.com/files/2010/2/14/2760702//Scholarships with Excel1(2).xls
Monday, February 8, 2010
ပိုးစုန်းကြူးလေးများ (၀တ္ထုတို) |
(၁)
“ကဲ- ဒါဆို ဒီနေ့တော့ ဒီလောက်ပဲ။ တနေ့စာတနေ့ မှန်မှန်ကျက်ကြနော်။ ကြွေးလည်ပင်း နစ်တယ်ဆိုတာ ကြားဖူးကြတယ်မဟုတ်လား။ အေး- ပိုက်ဆံကြွေး လည်ပင်းနစ်ရင် တခြားလူတွေက ၀င်ကူလို့ ရတယ်။ စာကြွေးလည်ပင်းနစ်ရင် ဘယ်သူမှ ၀င်ကူလို့ မရဘူးနော်။ ပညာသင်နေတုန်းမှာ စာကြွေးတွေ လည်ပင်း မနစ်စေနဲ့”
ဆော့ပင်အဖုံးကို ပိတ်ရင်း ကျောင်းသားများကို ဆုံးမ စကားပြောမိသည်။ အခြေအနေအရသာ ဆရာ၊ တပည့် ဖြစ်နေပေမယ့် သူမနဲ့ ကျောင်းသားများရဲ့ အသက်တွေက သိပ်ကွာလှတာ မဟုတ်။ ဘာပဲဖြစ်ဖြစ် ကျောင်းသားလေးတွေကို မောင်လေး၊ ညီမလေးတွေလို စိတ်ထဲမှာ သတ်မှတ်ထားမိသည်။ ဆယ်တန်းဆိုသော တောင်လေးတတောင်ကို ကျော်သွားစေချင်မိသည်။ ဒါကြောင့်လဲ ကျောင်းတွေ ပိတ်ထားချိန်မှာ သူငယ်ချင်းတွေ စုပြီး ဒီဆယ်တန်းကျူရှင်လေးကို ဖွင့်ဖြစ်သွားကြတာ ဖြစ်သည်။
“ကဲ- အားလုံးသွားလို့ ရပြီနော်။ အိမ်ကို တန်းပြန်ကြဦး”
ကလေးတွေကို အတန်းဆင်းပေးလိုက်ရင်း ခဏရပ်စောင့်နေဖြစ်သည်။ သီးသန့်စာမေးလိုသော ကလေးတွေ၊ အခက်အခဲလေးများကို ဖွင့်ဟတိုင်ပင်လိုသော ကလေးတွေက ဒီအချိန်မှာ သူမနား ရောက်လာတတ်သည် မဟုတ်လား။
သို့ပေမယ့် ဒီနေ့ရောက်လာတာက ကလေးများ မဟုတ်။ သူမရဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများ ဖြစ်လေသည်။
“ဟဲ့။ ထက်ထက်။ အစုတ်ပလုတ်မ”
နှုတ်ဆက်နေကျ ထုံးစံအတိုင်း ကျော်စွာက လှမ်းနှုတ်ဆက်သည်။ ပြောင်စပ်စပ် မျက်နှာက သူမ ခပ်တည်တည်နှင့် လှည့်ကြည့်မှ ပြန်တည်သွားသည်။ ကိုယ်လဲ ဆရာတယောက်ဖြစ်နေပြီမို့ မျက်နှာကို တည်တည်တံ့တံ့ထားဖို့ သူမပြောပေါင်းလဲ များလှပြီ။ ဘယ်တော့မှ နားထောင်လေ့မရှိ။
“ကျော်စွာ။ နင်ဟာလေ။ ကလေးတွေရှေ့မှာဆို တည်တည်တံ့တံ့နေပါလို့ ဘယ်နှစ်ခါ ပြောရမလဲ”
လူတွေအားလုံး ရှင်းသွားတော့ စိတ်တိုတိုနှင့် သူမ ပြောမိသည်။
“သူတို့တွေများကွာ။ ငါနဲ့ဆို Peace ပါတယ်။ အိုကေပါပဲ”
“အေး။ နင်ကသာ အိုကေပြောတယ်။ စည်းကမ်းပိုင်းနဲ့ ပတ်သက်လာတဲ့အခါကျရင် မအိုကေပဲ နင့်ဆိုပြီးပြီးရော လုပ်နေကြလို့ ငါဝင်ကိုင်နေရတာ ဘယ်နှစ်ခါ ရှိပြီလဲ။ မရဘူးဟ။ လူတွေမှာ သူ့စည်း၊ ကိုယ့်စည်း ဆိုတာ ရှိရတယ်။ အရောတ၀င်နေတာနဲ့ ရင်းရင်းနှီးနှီးနေတယ် ဆိုတာကနေ ထွက်လာတဲ့ ရလာဒ်တွေက တခြားစီပဲ။ ငါဒီလိုပြောလို့ ငါက ဆရာဆိုပြီး ကျောင်းသားတွေကို မလေးမစား ဆက်ဆံတာကို ပြောနေတာ မဟုတ်ဘူးနော်။ ငါတို့ ဆရာတွေဘက်ကလဲ သူတို့ကို လေးလေးစားစားနဲ့ ဆက်ဆံမယ်၊ ရင်းရင်းနှီးနှီး ရှိရမယ်။ ဒါပေမယ့် ဆရာ့စည်း၊ တပည့်စည်းဆိုတာတော့ ထားဖို့ ပြောနေတာ။ ငါပြောတာ နင်မယုံရင် အဲဒီထဲက ကျောင်းသားကြီး သုံးယောက်လောက်ကို အပြင်ခေါ်ထုတ်ပြီး ဘီယာတူတူ သွားသောက်ကြည့်လိုက်ပါလား။ ပေါက်ကရလေးဆယ်တွေ သွားပြောကြည့်ပါလား။ သိပ်မကြာဘူး။ တပတ်ပဲ။ ဒီစာသင်ခန်းကို နင်ထိန်းလို့ ရတော့မယ် မထင်နဲ့”
“အေးပါ ထက်ထက်ရယ်။ နင့်စကားကို ငါနားထောင်ပါ့မယ်။ ငါက ပျော်ပျော်နေတတ်လို့ပါဟ”
“နင့်သဘာဝကို ငါနားလည်ပါတယ်ဟာ။ ငါလဲ လောကကြီးထဲမှာ ဟန်ဆောင်နေရတာတွေကို မုန်းတဲ့လူပါပဲ။ ဒါပေမယ့် လူတွေဆိုတာက လုပ်နေတဲ့ အလုပ်အကိုင်နဲ့ ကိုက်ညီတဲ့ သွင်ပြင်လက္ခဏာကို မျှော်လင့်တတ်ကြတယ်။ လူ့အဖွဲ့အစည်းရဲ့ ပြင်ပမှာ သီးခြား မနေနိုင်သေး သရွေ့၊ ဒါမှ မဟုတ်ရင်လဲ ပြောင်းလဲပစ်ဖို့ မလုပ်နိုင်သေးသရွေ့ကတော့ လူထုလူတန်းစားတွေထဲမှာ သတ်မှတ်ထားတဲ့ စာရိတ္တရေချိန်နဲ့ လူမှုရေး ရေချိန်တွေကို စောင့်ထိန်းမှု တစုံတရာလေး ရှိဖို့ လိုအပ်တယ်။ မြေကြီး ဆန်သင့်တဲ့ နေရာမှာ မြေကြီးဆန်ဖို့လိုသလို၊ ကောင်းကင်ဆန်သင့်တဲ့နေရာမှာလဲ ကောင်းကင်ဆန်ဖို့ လိုလိမ့်မယ်။ အဲဒီလို မဟုတ်ရင် တခြားလူတွေအသာထားလို့ ကိုယ့်သားသမီးအရင်းကတောင် ကိုယ့်ကို မလေးမစား လုပ်မှာပဲ”
ကျော်စွာက မျက်နှာငယ်လေးနှင့် သူမကို ကြည့်သည်။ ပြောမယ့်သာပြောရပေမယ့် သူငယ်ချင်းတွေအားလုံးထဲမှာ သူက သဘောအကောင်းဆုံး။ အနွံအတာ အခံနိုင်ဆုံး။ သဘောကောင်းတယ် ဆိုပြီး သူများတွေက ဂုပ်ခွစီးသွားမှာ စိုးလို့သာ သတိပေးနေရခြင်းဖြစ်သည်လေ။
“ကဲ-ကဲ။ ဟိုနှစ်ယောက် တော်ကြတော့။ မိထက်မ။ ပစ္စည်းသိမ်း။ မုန့်သွားစားမလို့ လာခေါ်တာ။ ငါတို့တံခါးတွေ ပိတ်ပေးမယ်”
နန်းက ပြောရင်းဆိုရင်းနှင့် ကျူရှင်တံခါးများကို လိုက်ပိတ်ပေးသည်။
“ဟဲ့။ နေဦး။ ညာဘက်ထောင့်က နောက်ဆုံးခုံနားမှာ နေကြာစေ့ခွံတွေ ရှိလိမ့်မယ်။ မို့မို့တို့တွေ၊ ငါစာသင်နေတုန်း ခိုးစားနေကြတာ။ သွားသိမ်းလိုက်ကြဦး”
“ဟဲ့။ နင်က ဘယ်လိုလုပ်သိတာလဲ”
“သိတာပေါ့ဟ။ ငါက အပေါ်စီးက ကြည့်နေတဲ့သူပဲ။ မျက်လုံးဝေ့ကြည့်လိုက်ရင် သိသာနေတာပဲ ဥစ္စာ။ နောက်ပြီး ခိုးကြောင်ခိုးဝှက် လုပ်တတ်တဲ့ လူတွေရဲ့ မျက်နှာက သိသာတယ်ဟဲ့။ ကလေးတွေဆိုတော့ ပိုဆိုးတာပေါ့။ ဒီကောင်မလေးတွေကို ငါကြည့်နေတာ နှစ်ရက်ရှိပြီ။ အတန်းထဲမှာ ဆူဆူပူပူ မလုပ်ချင်လို့။ နက်ဖြန်အတန်းပြီးရင်တော့ ခေါ်ပြောမှရတော့မယ်”
“နင်ဟာလေ။ တချို့ကိစ္စတွေကျရင်လဲ မသိချင်ယောင် ဆောင်နေလိုက်ပါဟာ။ ၀င်ပြောနေရင် လူမုန်းများလိမ့်မယ်”
“မုန်းတော့လဲ ဘာဖြစ်လဲဟာ။ ငါပြောတာတွေက ငါ့အတွက်မှ မဟုတ်တာ။ စေတနာနဲ့ ပြောတာပဲ။ ယူတတ်တဲ့လူ ယူပေါ့။ အေး- မယူလို့လဲ ငါက လိုက်ခံစားနေမှာတော့ မဟုတ်ဘူး။ ပြောဖို့ လိုအပ်လို့ ငါပြောတယ်။ ဒါဆို ငါ့တာဝန်ကျေပြီ”
“ကဲကဲ။ တော်ကြတော့။ မြန်မြန်လုပ်ကြဟာ။ ငါဗိုက်ဆာလှပြီ။ နင်စာသင်နေသံ ကြားကတည်းက ငါက ဗိုက်ဆာနေတာ”
သင်းသင်းက ၀င်ပြောသည်။ ပြောပြီး စိတ်ကောက်သည့် လက္ခဏာအဖြစ် ပါးလေးကလဲ ဖောင်းထားလိုက်သေးသည်။ အစားအင်မတန် ကြိုက်လှသော သင်းသင်းကို သူ သင်နေသည့် ဓာတုဗေဒ ဘာသာထဲမှ အက်ဆစ်များကိုရော သောက်ချင်စိတ် မရှိဘူးလားလို့ သူမတို့ ၀ိုင်း နောက်နေကျ။
“ဟဲ့။ ငါစာသင်နေတဲ့အသံကြားပြီး နင်က ဗိုက်ဆာလာတယ်ဆိုတော့ ငါကဘာပြောနေလို့တုန်း”
“နင်က အပင်တွေအကြောင်း သင်နေတာကိုး”
“ဟောတော့”
သူမ ဒါပဲ ပြောလိုက်နိုင်တော့သည်။ သို့ပေမယ့် ကျော်စွာနဲ့ အောင်နိုင်တို့ကတော့ သူတို့ ခေါ်နေကျအတိုင်း ထအော်လိုက်ကြပါသည်။
“အစားပုပ်မ၊ ငတ်ကြီးကျ”
(၂)
“ဒီကိစ္စကို လုံးဝ မကျေနပ်ဘူးဟာ။ ငါသွားရှင်းမယ်”
အောင်နိုင်က ရှူးရှူးရှားရှားနှင့် ပြောသည်။
“ဟဲ့။ နေဦး အောင်နိုင်ရဲ့။ ဒီကိစ္စမျိုးဆိုတာ ဒီလို ရှင်းလို့ ရတာ မဟုတ်ဘူး”
ကားသော့ကောက်ဆွဲသော အောင်နိုင့် ရှပ်အကျီင်္ကို လှမ်းဆွဲရင်း တားရသည်။ ဒီပြဿနာကို စကြားရတော့ အောင်နိုင်တင် မဟုတ်။ သူမတို့အားလုံး စိတ်တိုသွားကြတာတော့ အမှန်ဖြစ်သည်။ သို့ပေမယ့် ပြဿနာဆိုတာက သွေးပူတုန်း ရှင်းလျှင် ပိုပြီး ကြီးထွားလာတတ်တာမို့ ပြန်ထိန်းနေရခြင်းဖြစ်သည်။
ဖြစ်သည့် ပြဿနာကလဲ နည်းနည်းနောနော မဟုတ်။ မြို့မှ နာမည်ကြီး ကျူရှင်ဆရာများ ပေါင်းထားသည့် ကျူရှင်ကြီးတခုမှ ဆရာများက သူမတို့ ကျူရှင်လေးကို တိုက်ခိုက်ပြောဆိုလာကြတာ ဖြစ်သည်။
“မလောက်လေး၊ မလောက်စားတွေကများ ငါတို့ကို ပခုံးချင်း လာယှဉ်တယ်”
“ခုမှ ဆယ်တန်း အောင်ကြရုံရှိသေး။ ဂုဏ်ထူးလေးတွေ ပါတာနဲ့ပဲ သူတို့ဟာသူတို့ သိပ်ထင်နေကြတာ”
“တို့က ဒီလောကထဲမှာ အတွေ့အကြုံတွေအများကြီးရယ်။ တို့ကို လာယှဉ်ရင် ကွဲသွားမှာပေါ့”
အသံများက တစတစ ပျံ့နှံ့ပြီး သူမတို့ဆီ ပြန်ရောက်လာသည်။ သူမတို့ဆီမှာ ဘာသာရပ်အချို့ လာတက်ပြီး၊ သူတို့ဆီမှာ တခြားဘာသာရပ်တက်ရသော ကျောင်းသားများလဲ ကြားညပ်နေကြသည်။ ကြားကနေ ဘာလုပ်ရမှန်း မသိ။ ငယ်နိုင်ကျောင်းသား အချို့ကို သူမတို့ဆီ မသွားကြဖို့ ဗြောင်ဖွင့်ပြောပြီး တားနေကြတာတွေတောင် ရှိလာသည်။
“တကတည်းဟာ။ လူကြီးတွေဖြစ်ပြီး အဲလိုစိတ်ဓာတ်မျိုးတွေ ရှိတယ်တဲ့”
သင်းသင်းက စိတ်ပျက်သော မျက်နှာဖြင့် ၀င်ပြောသည်။ အစားအင်မတန်ပုပ်သော သင်းသင်းတယောက် ရှေ့မှ ကြက်ဆီ ထမင်း ပန်းကန်ကိုပင် မေ့နေပုံ ပေါ်သည်။
“တကယ်ဆို သူတို့က ငါတို့ထက် အသက်နှစ်ဆလောက်ကြီးနေတဲ့ ဆရာကြီးတွေဟာ။ ငါတို့ကို လက်ကမ်းကြိုပြီး လိုအပ်တာတွေတောင် ဖြည့်ဆည်းပေးရဦးမှာ”
“အေးလေ။ ဒီမြို့မှာ သူတို့ပဲ သင်မယ်ဆိုပြီး လုပ်နေလို့ ရမလား။ သူတို့ အသက်တွေက ကြီးနေပြီ။ သူတို့သေတော့ ဘယ်သူတွေက ဆက်သင်ကြမှာတုန်း။ အဲလိုဖြစ်ရင် မြို့က ကလေးတွေပဲ နစ်နာမှာမဟုတ်ဘူးလား။ ကျောင်းတွေမှာက စာကောင်းကောင်းသင်ကြတော့တာမှ မဟုတ်တာ။ ကျူရှင်တွေရှိနေလို့ ဒီမြို့က ကလေးတွေ အောင်ချက်ကောင်းနေတဲ့ဟာကိုး”
“ဟဲ့။ မြို့ကောင်းစားရေးတွေ ဘာတွေ ပြောမနေနဲ့။ သူတို့တွေဆီမှာ ငါလုပ်မှ၊ ငါပြောမှ ဆိုတဲ့ စိတ်တွေ ၀င်နေကြမှတော့ မြို့ကောင်းစားရေးတွေ၊ မြို့အနာဂတ်တွေ ဘယ်တွေးနိုင်ကြတော့မှာလဲ။ ဒါကြောင့်လဲ ငါတို့ လူငယ်တွေက တတ်နိုင်တာလေးတွေ လုပ်နေတာကိုး ဒီလိုပြောနေကြတာပေါ့”
“သူတို့က ငါတို့ဘာတွေလဲ ဆိုတာကို ထည့်တွေးဖို့ မေ့နေတာလဲဖြစ်မှာပေါ့။ ငါတို့က ဒီအလုပ်ကို တသက်လုံး လုပ်မယ့်လူတွေလဲ မဟုတ်ဘူး။ မလုပ်ရင်လဲ အနေသာကြီး။ သူတို့သာ ဒါနဲ့ နာမည်ကြီးပြီးသားမို့ ဒါနဲ့ ဆက်ရပ်တည်နေကြရမှာ။ ငါတို့က ဒါတွေမလုပ်ပဲ၊ ဒီလောကနဲ့ မပတ်သက်ပဲနဲ့လဲ ငါတို့ဘ၀ကို တည်ဆောက်နေနိုင်တာပဲ။ တော်ပြီဟာ။ နင်တို့ခေါ်လို့ ငါက ကန့်လန့်ကန့်လန့် ပါလာရတာ။ သူတို့ တနှစ်လောက် အာပေါက်မတတ် ပြောပြီး ရှာရတဲ့ ပိုက်ဆံ သိန်းသုံးဆယ်၊ လေးဆယ်ဆိုတာ ငါ တနေ့တည်း စိန်တလုံး ၀ယ်ရောင်း ဖြစ်သွားသလောက်ပဲရှိတယ်။ ဘာအကျိုးမှ မရှိပဲ သူတို့ ဟိုပြော၊ ဒီပြောတာ ခံဖို့ အချိန်ကုန်၊ လူပမ်း အဖြစ်မခံနိုင်ဘူး”
“အေးဟာ။ အချိန်ကုန်တယ်။ လုပ်မနေကြနဲ့တော့။ ငါတို့က အနာဂတ်တွေ အများကြီး ကျန်သေးတယ်။ ပညာသင်ယူကြရဦးမှာ။ ဘ၀တွေ တည်ဆောက်ကြရဦးမှာ။ ဒီကြားထဲကမှ ရတဲ့ အချိန်လေးတွေ ဖဲ့ပြီး လုပ်သင့်တာလေးတွေ လုပ်နေကြတာ။ တကယ်ဆို စိတ်ထားတွေသာ မှန်ရင် သူတို့ကတောင် ၀မ်းသာကြရဦးမှာ။ သူတို့က ကျောင်းသားတထောင်ကို စာသင်ပေးနေနိုင်တဲ့ အချိန်မှာ ငါတို့က နှစ်ရာလောက်ကို သင်ပေးနိုင်တယ်ဆိုရင် ပေါင်းလိုက်တော့ ထောင့်နှစ်ရာ မဖြစ်သွားဘူးလား”
“ဟဲ့။ ငါဘယ်နှစ်ခါ ပြောရမလဲ။ သူတို့ဆီမှာက အဲလို တွေးနိုင်တဲ့ ဦးနှောက်တွေ မရှိတော့လို့ပဲ ဒီလိုတွေ ဖြစ်လာတာပေါ့။ “ငါတို့ပဲသိတယ်၊ ငါတို့ပဲတတ်တယ်၊ ငါတို့ပဲ အတွေ့အကြုံရှိတယ်၊ ငါတို့လုပ်တာမျိုး လာမလုပ်နဲ့၊ ငါတို့ကို လာမကျော်နဲ့။ ငါတို့နဲ့ လာမယှဉ်နဲ့” ဆိုတဲ့ အတ္တစိတ်တွေ ကြီးစိုးနေတာကိုး။ ကောင်းတဲ့ အလုပ်တခုကို လုပ်တဲ့ လူတွေများလာလေလေ လူတွေအတွက် အကျိုးကျေးဇူး ပိုများလေလေ ဆိုတာကို ဘယ်ထည့်တွက်ကြတော့မှာလဲ”
“တောက်။ ငါက အပြိုင်အဆိုင်တွေ သိပ်များပြီး၊ ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးတဲ့ လောကလို့ လူတွေ ပြောနေကြတဲ့ ကျောက်လောက၊ ကားလောကတွေမှာ ကျင်လည်နေတဲ့ ကောင်ပါကွာ။ ငါတို့ လောကမှာလဲ ဒီလိုလူစားတွေ အများကြီး တွေ့ဖူးတာပဲ။ ဒါပေမယ့်ကွာ၊ ကျောင်းသားတွေရဲ့ ပညာရေးအတွက်၊ ကြီးကြီးကျယ်ကျယ် ဆိုရရင်ကွာ၊ လူတွေရဲ့ အနာဂတ်တွေအတွက် လုပ်ပေးနေ ပါတယ် ဆိုတဲ့ လူတွေရဲ့ စိတ်ဓာတ်တွေ ဒီလောက်အောက်တန်းကျနေတာကို ငါက အံ့သြတာ”
“ဟေ့ကောင်။ ဘာမှ အံ့သြမနေနဲ့။ မပတ်သက်နဲ့တော့ကွာ။ ပြီးတာပဲ။ ဒီလောကထဲမှာ မနေနဲ့တော့။ မိထက်။ ကျူရှင်ပိတ်လိုက်ကြရအောင်ဟာ။ နင်လုပ်ချင်တယ်ဆိုလို့သာ ငါတို့က ၀ိုင်းလုပ်ပေးနေတာ။ ဒီလို ဗိုလ်ကျစိုးမိုးရေး ၀ါဒကြီးစိုးနေတဲ့ လောကနဲ့ ငါတို့နဲ့ ဖြစ်မှာ မဟုတ်ဘူး။ အလကားပဲ။ အချိန်ကုန်တယ်”
တယောက်တပေါက် ဒေါသစွက်နေသော အသံများက စားသောက်ဆိုင်လေးထဲမှ သီးသန့်ခန်းလေးမှာ ကျယ်လောင်ပျံ့နှံ့နေခဲ့လေသည်။
(၃)
“နေကြပါဦးဟယ်။ အဲလိုတယောက်တပေါက် ပြောနေကြတာထက် ပြဿနာကို ဘယ်လိုရှင်းကြမလဲ ဆိုတာကို အရင်တွေးကြရအောင်ပါ။ ခဏလေး စိတ်လျှော့ပြီး ထမင်းအရင်စားကြစို့ဟာ။ ကြက်ဆီထမင်းတွေ အေးကုန်ပြီ။ ဟဲ့။ မိသင်း။ ငါလေ။ နင်နဲ့ ပေါင်းလာတာ ငယ်ငယ်လေးကတည်းက။ အစားအရင်မစားပဲ စကားအရင်ပြောတာ ဒီတခါပဲ တွေ့ဖူးသေးတယ်။ ဟီးဟီး”
သူမက ရယ်ကျဲကျဲနှင့် ပြောတော့ မိသင်းက မပြုံးချင်ပဲ ပြုံးလေသည်။
“မိထက်။ အစုပ်ပလုပ်မ။ ငါတို့ ဒီလောက် ဒေါသထွက်နေတာကိုး။ နင့်မျက်နှာက ဘာလို့ ပြုံးစိစိ ဖြစ်နေရတာလဲ။ ဒီကျူရှင်ကို နင်က ခေါင်းခံဖွင့်ထားတာ။ နင့်ကို ပြောနေကြတာတွေ နင်မကြားဘူးလား”
စပ်ဖြီးဖြီး ကျော်စွာမျက်နှာကလဲ ဒီတခါတော့ အတော်တည်နေလေသည်။
“ကြားသားပဲ။ ဘာဖြစ်တုန်းဟ။ သူတို့မှာ ပါးစပ်ရှိလို့ ပြောနိုင်တာပဲလေ။ တကယ်ဆို သူတို့မှာ ပါးစပ်ရှိနေတာကိုပဲ ငါတို့က ၀မ်းသာပေးရဦးမှာ”
“ဟဲ့။ နင်ရူးနေလား”
“မရူးပါဘူးဟဲ့။ တကယ်ပြောတာပါ။ သူတို့ဆီမှာ ပါးစပ်ပါတော့ စာသင်နိုင်တယ်ဟာ။ စာသင်နိုင်တော့ သူတို့နဲ့ ဆက်စပ်တဲ့ တပည့်တွေ အကျိုးကျေးဇူးရှိတာပေါ့။ ခုကိစ္စမှာလဲ ငါ့ဘက်က သူတို့ကို နားလည်တယ်။ ဘာကြောင့် သူတို့ ဒီလို ဖြစ်နေလဲ ဆိုတာကိုး”
“နင် ဘာတွေ ပြောနေတာလဲ”
သင်းသင်းက မျက်လုံးကြီးပြူးရင်း ၀င်ပြောသည်။
“ငါဆယ်တန်း ဖြေပြီးစတုန်းက ငါ့အစ်မက ဈေးကွက်စီးပွားရေးပညာ၊ လူအစုအဖွဲ့ စိတ်ပညာနဲ့ ဘောဂဗေဒ ပညာတွေကို ဆရာခေါ်ပြီး သင်ပေးခဲ့တယ်ဟ။ အဲဒါတွေ လေ့လာရင်းနဲ့ ဈေးကွက်ရဲ့ သဘောတရားတွေနဲ့ ဈေးကွက်ထဲမှာ ကျင်လည်နေကြသူတွေရဲ့ စိတ်နေစိတ်ထားတွေကို ဆက်စပ်တွေးမိလာတယ်။ ဈေးကွက်ကို ထိန်းချုပ်နိုင်ဖို့ အုပ်စုဖွဲ့ယှဉ်ပြိုင်မှုတွေကို လေ့လာဖြစ်ခဲ့တယ်။ ခုလဲ ဒီလိုပါပဲဟာ။ ကျူရှင်လောက ဆိုတော့ အလွတ်သင်ပညာရေး ဈေးကွက်လို့ ပြောရမှာပေါ့။ ဒီလောကထဲမှာ တဦးချင်းစီ ၀င်ပြီး ပါဝင်နေကြရင်း နာမည်တွေကြီးလာတယ်။ ဒီတော့ နာမည်ကြီးလာသူတွေရဲ့ သဘောသဘာဝအတိုင်း ငါဆိုတဲ့ အတ္တတွေ ကိုင်စွဲမိကြတယ်။ ဒီဘာသာရပ်ကို ငါကမှ မသင်ရင် တခြားသူတွေ တတ်တော့မှာ မဟုတ်ဘူး။ ငါမှ ငါဆိုတဲ့ စိတ်တွေဖြစ်လာတယ်။ ပိုပြီး ဆိုးလာတာကတော့ ဒီလိုစိတ်အခြေခံ ရှိသူတွေအားလုံး အုပ်စုဖွဲ့လိုက်နိုင်မှုပဲ။ ဒီတော့ တကယ့် အင်အားကြီး အုပ်စုဖြစ်လာတယ်။ ဒီအုပ်စုထဲမှာလဲ သူတို့အချင်းချင်း အားပြိုင်ကြတာပဲဟ”
“အေး။ အဲဒါတော့ ငါသိတယ်။ ငါ့ညီတ၀မ်းကွဲက အဲဒီမှာ တက်ဖူးတယ်။ သူတို့အချင်းချင်းလဲ ပြိုင်နေကြတာပဲ”
“သူတို့အချင်းချင်းလဲ ပြိုင်နေကြသလို တခြားသူတွေက သူတို့နဲ့ ယှဉ်ပြိုင်လာမှာကိုလဲ အမြဲ သတိနဲ့ စောင့်ကြည့်နေကြတယ်။ သူတို့က ဒီဈေးကွက်တခုလုံးကို ချုပ်ကိုင်ထားချင်တာကိုးနော်”
“ရမလားဟ။ အဲလိုလုပ်လို့”
“မရဘူးလေ။ မရလို့လဲ ငါတို့ကျူရှင်ဖွင့်တော့ ကျောင်းသားသစ်တွေ ရောက်လာကြတာပေါ့။ သူတို့ သတ်မှတ်ထားတဲ့ ဈေးနှုန်းနဲ့ သူတို့ကျူရှင်တွေကို မတက်နိုင်သူတွေလဲ အများကြီးပဲ ရှိနေတာပဲကိုး။ ငါတို့တွေက ကျူရှင်လခတွေ ဈေးသက်သက်သာသာနဲ့ ဖွင့်လိုက်တယ်ဟာ။ မတတ်နိုင်သူတွေဆို အလကားတောင် သင်ပေးကြတယ် မဟုတ်လား”
“အေးလေ။ တကယ်ဆို သူတို့ မလုပ်ပေးနိုင်တာတွေကို ငါတို့က လုပ်နေတာကို အမြင်ကျယ်ကျယ်နဲ့ ၀မ်းသာပေးရဦးမှာပဲကိုး”
“သီးခြားကုလားထိုင်တွေပေါ် ထိုင်နေသူတွေရဲ့ စိတ်ဆိုတာက အဲလိုမဟုတ်ဘူးဟ။ သူတို့ ကုလားထိုင်နား ရောက်လာရင် တခြားကိစ္စတွေထက် ကုလားထိုင်နေရာ ဖယ်ပေးရမှာကို အရင်ကြိုတွေးလေ့ ရှိကြတယ်။ ငါ့ကုလားထိုင်ကိုများ လာလုလေမလားပေါ့နော်။ ခုကိစ္စမှာလဲ အဲလိုပဲ။ ဈေးကွက်ထဲက သူတို့ဝန်ဆောင်မှု မပေးနိုင်တဲ့ လူတွေကို ငါတို့က ၀င်ပေးနေပါလား ဆိုတာကို အရင်မစဉ်းစားကြပဲ သူတို့တော့ ငါတို့ လုပ်သလိုတွေ လုပ်နေပြီ။ ကြာရင် ငါတို့လူတွေ သူတို့ဆီရောက်သွားရင် ဒုက္ခပါပဲ။ ငါတို့ နေရာပျောက်တော့မယ် ဆိုတာတွေကို တွေးကုန်ကြတာ။ ဒါကြောင့်လဲ သူတို့သားသမီးအရွယ်လောက် ရှိနေတဲ့ ငါတို့လူငယ်တွေကို မကြိုဆိုကြတော့ပဲ အရင် ကြိုကန်ထားဖို့ စဉ်းစားကြတာ”
“အေးလေ။ ဒါကို ပြောနေတာ။ ငါတို့က ငြိမ်ခံနေကြရမှာလား။ မဆီမဆိုင် ကိုယ့်ထမင်းကိုယ်စားပြီးတော့ အမြင်မကျယ်တဲ့လူတွေ များနေတဲ့ ဒီလောကကြီးထဲမှာ နေကြဖို့ လိုအပ်သလား”
“ဒီလိုလောကကြီးထဲမှာ နေဖို့ လိုအပ်သလား၊ မလိုအပ်ဘူးသလားဆိုတာကတော့ ဒီလောကထဲကို ငါတို့ဘာကြောင့် ၀င်လာခဲ့သလဲ ဆိုတာနဲ့ပဲ ပတ်သက်မယ်ထင်တယ်။ ငါတို့အားလုံးက တက္ကသိုလ် ကျောင်းသူကျောင်းသားတွေဟာ။ ကျောင်းတွေ ပိတ်ထားဆဲ ကာလတွေမှာ ကိုယ်ပိုင်ဝင်ငွေတွေ ရှာရင်းနဲ့ ကိုယ့်ဘာသာကိုယ်လဲ ရပ်တည်နေနိုင်တဲ့ လူတွေ။ ငါတို့ရဲ့ အသက်အရွယ်၊ ငါတို့ရဲ့ ပညာရေး၊ ငါတို့ရဲ့ အနာဂတ်တွေအတွက် ငါတို့ကိုယ် ငါတို့ တည်ဆောက်ဖို့ အများကြီး လိုသေးတယ်။ ဒီအတွက် အချိန်တွေဟာ စက္ကန့်နဲ့ မလပ် ငါတို့တွေအတွက် အရေး ကြီးနေတယ်။ အချိန်တိုင်းဟာ ငွေ မဟုတ်ရင် ပညာတွေ ချည်းပဲ။ အဲဒီလို အဖိုးတန် အချိန်တွေကို ငါတို့ ဒီလောကအတွက် ဖဲ့ပေးဖို့ ကြိုးစားကြတယ်။ လိုအပ်ချက်တွေ ရှိနေတဲ့ ထောင့်တနေရာကနေ ပါဝင်ပြီး၊ ကွက်လပ်လေးတွေကို ဖြည့်ပေးဖို့ ကြိုးစားကြတယ်။ ငါတို့ ရည်ရွယ်ချက်က ကွက်လပ်လေးတွေကို ဖြည့်ဖို့လေ၊ သူတို့ထင်သလို သူတို့ ကုလားထိုင်ကြီးတွေကို ၀င်လုဖို့မှ မဟုတ်တာပဲ။ အချိန်တန်ရင် ငါတို့လမ်းကို ငါတို့ ဆက်လျှောက်ကြမှာ။ ဒီတော့ သူတို့ ပြောချင်တာတွေ ပြောနေတာကို ဘာဂရုစိုက်စရာလိုလဲ။ ငါတို့ ဖြည့်နိုင်တဲ့ ကွက်လပ်လေးတွေကို ဖြည့်ပေးနိုင်ဖို့အတွက် သူတို့ရဲ့ ခွင့်ပြုချက်လဲ မလိုဘူး။ ထောက်ခံမှုလဲ မလိုသလို ကန့်ကွက်မှုလဲ မလိုအပ်ဘူးလေ။ ဒီတော့ ထောက်ခံတယ်ပြောပြော၊ ကန့်ကွက်တယ်ပြောပြော၊ ငါတို့ လုပ်စရာရှိတာကို ဆက်လုပ်ကြရမှာပဲ”
“သူတို့က ငါတို့ကျူရှင်ကို လာမတက်ကြဖို့ လိုက်ပြောနေတဲ့ကိစ္စကိုး”
“အဲဒီလို ပြောနေရုံနဲ့ ကျောင်းသားတွေအားလုံး ထွက်သွားမယ်လို့ နင်ထင်လို့လား။ ငါတော့ မထင်ဘူး။ ငါ့ကျောင်းသားလေးတွေထဲမှာ သူတို့ လခကို မတတ်နိုင်သူတွေက အများကြီးရယ်။ သူတို့က အားလုံးကို အလကား ခေါ်သင်ပေးလိုက်ရင်တော့ တမျိုးပေါ့ဟာ။ ဒါပေမယ့် သူတို့ ဒီလို လုပ်နိုင်မှာ မဟုတ်ဘူးဆိုတာ ငါသိနေတယ်။ ငါတို့ အလုပ်က သူတို့နဲ့ ပြိုင်ဖို့ မဟုတ်ဘူးနော်။ ကွက်လပ်ဖြည့်ဖို့။ ငါတို့ ဖြည့်ဖို့ လိုတဲ့ ကွက်လပ်လေးတွေကို ဖြည့်နိုင်သွားရင် ငါတို့ အောင်မြင်တာပဲ”
“ခုကိစ္စက ငါတို့က ပြိုင်တာမှ မဟုတ်ပဲ။ သူတို့ကသာ မလောက်လေး မလောက်စားတွေက လာယှဉ်တယ်လို့ လိုက်ပြောနေကြတာ”
“လူတွေအားလုံးဟာ အတ္တရဲ့ ကျေးကျွန်တွေပါပဲဟာ။ သူတို့က ငါဆိုတဲ့ အတ္တကြီးတွေကနေ စတွက်ကြတာကိုး။ ကိုယ့်ဟာကိုယ် ကြီးမြတ်နေပါလားလို့ ထင်နေတော့ အဲလိုပဲ ပြောမှာပေါ့။ ငါတို့ကသာ သူတို့ကို ပြောနေတယ်။ ငါတို့လဲ အတ္တတွေ ရှိကြတာပဲလေ။ သူတို့က အဲလိုပြောလာတော့ ငါတို့ကလဲ “သူဘာလဲ၊ ငါဘာလဲ” ဆိုပြီး စတွေးမိကြတော့တာပဲ မဟုတ်ဘူးလား။ အဲဒီ ”ငါဘာလဲ၊ သူဘာလဲ” ဆိုတဲ့ အတ္တတွေကြောင့် စစ်တွေဖြစ်ကြ၊ တိုက်ကြခိုက်ကြတွေ ကမ္ဘာမှာ ဖြစ်နေတာပေါ့။ မြေစာပင် ဖြစ်နေကြရသူတွေလဲ မနည်းတော့ဘူး။ ခုသူတို့က သူတို့ရဲ့ အတ္တတွေနဲ့ ငါတို့ကို ရန်ဘက်လို သဘောထားပြောနေကြပြီ။ ဒါကို ငါတို့က ”ငါဘာလဲ၊ သူဘာလဲ” အတ္တတွေနဲ့ တုန့်ပြန်ပြီး ဘေးထွက်နေလိုက်ကြရင် ဘယ်သူတွေ မြေစာပင်ဖြစ်မလဲ။ ငါတို့ ကျောင်းသားလေးတွေ ဖြစ်ကုန်မှာ။ ဒါကြောင့် ငါနင်တို့ကို တောင်းပန်တယ်။ စာသင်နှစ်ကုန်အောင်တော့ ပြီးအောင် သင်ပေးကြပါဟာ”
သူမစကားဆုံးတော့ အားလုံးငြိမ်သက်သွားကြသည်။ အတန်ကြာငြိမ်နေပြီးမှ ကျော်စွာက စကားစသည်။
“ပြောသာ ပြောနေရတာပါ။ ငါလဲ ကလေးတွေကို သံယောဇဉ် တွယ်နေပြီဟ။ ကလေးတွေက ငါတို့ကို မျှော်လင့်ထားကြတာ။ ငါတို့ဘက်က တပိုင်းတစနဲ့ ပိတ်လိုက်ရင် ကလေးတွေ သနားပါတယ်”
ကျော်စွာ့စကားကြောင့် သူမ၀မ်းသာသွားသည်။ စိတ်ထဲ ပေါ်လာသည့် ဥပမာလေးကို ပြောပြလိုက်မိသည်။
“လမင်းကြီးရှိနေလို့ ဆိုပြီးတော့ ပိုးစုန်းကြူးလေးတွေက သူတို့ အလင်းရောင်လေးတွေကို မသိမ်းထားကြပါဘူးဟာ။ လသာညတွေမှာ ပိုးစုန်းကြူးလေးတွေရဲ့ အလင်းရောင်လေးတွေက အကျိုးကျေးဇူး ရှိချင်မှ ရှိမှာပေါ့လေ။ ဒါပေမယ့် လမိုက်ညတွေမှာတော့ သူတို့အလင်းရောင်လေးတွေက အကျိုးကျေးဇူး တစုံတရာ ရှိချင်လဲ ရှိလာမှာပေါ့။ ငါတို့တွေလဲ ပိုးစုန်းကြူးလေးတွေလိုပဲ ကိုယ့်ဟာကိုယ် သဘောထားပြီး၊ လုပ်စရာရှိတာ ဆက်လုပ်ကြရအောင်နော်”
သူမစကားအဆုံးမှာ သူငယ်ချင်းများက ခေါင်းညိတ်ပြကြသည်။ အမြန်စားသောက်ပြီး ကားကိုယ်စီဖြင့် အသီးသီး ထွက်လာခဲ့ကြသည်။ တွေးရင်း၊ ငေးရင်း၊ ဘေးစကားများ နားထောင်ရင်း အချိန်ကုန်နေကြလို့ မရ။ ပိုးစုန်းကြူးများပီပီ ကိုယ်ပေးနိုင်သည့် အလင်းရောင်လေးတွေ ပေးနိုင်ဖို့ အတွက် အစမ်းစာမေးပွဲ အဖြေလွှာများကို စစ်ကြရဦးမည်။ ကိုယ်ပိုင်အလင်းရောင်လေးတွေနဲ့ အမှီအခိုကင်းကင်း လမ်းလျှောက်နိုင်ဖို့အတွက် ပညာ၊ ဥစ္စာများ ရှာဖွေကြရဦးမည်။ ဘယ်လိုပဲဖြစ်ဖြစ် “ပိုးစုန်းကြူးတွေကလဲ လမင်းကြီး သာတာ၊ မသာတာကို စိတ်မ၀င်စား၊ လမင်းကြီးကလဲ ပိုးစုန်းကြူးတွေကို အလင်းရောင်ရှိရပါ့မလားလို့ ရန်လိုက်မရှာပဲ” အတူတကွဲ ယှဉ်တွဲရပ်တည်နိုင်မှုတွေ ပြည့်နှက်နေသည့် သဘာဝတရားကြီးကိုတော့ သူမ နှစ်ခြိုက်မိပါရဲ့။
ခင်မမမျိုး (၈၊ ၂၊ ၂၀၁၀)
Friday, February 5, 2010
အလင်းအမှောင်နဲ့ ရောင်စုံကာလာများရဲ့ နောက်ကွယ်မှာ |
သိန်းနိုင်
အနုပညာလက်ရာများနှင့် အနုပညာပစ္စည်းများမှတဆင့် စဉ်းစားတွေးတောမှုစွမ်းရည်၊ ဆက်ဆံရေးစွမ်းရည်နှင့် အမြင်အာရုံ ခံစားမှု စွမ်းရည်တို့ လေ့ကျင့်ရန် ကျောင်းပညာရေးသင်ရိုးညွှန်းတမ်းကို ပြင်ဆင်ရေးဆွဲသင့်ပါသည်။
ဒေါ်ပန်းပုံပြင်ရဲ့ ပန်းချီပြခန်းဖွင့်ပွဲ
ရန်ကုန်မြို့လယ်က ပန်းချီပြခန်းတစ်ခုမှာပါ။ လူတစ်စုဟာ ပန်းချီကားတစ်ချပ်အပေါ်မှာ သဲသဲမဲမဲ အာရုံ ရောက်နေကြလေရဲ့။
နှင်းဆီပန်းပွင့်တွေ ၀ိုင်းရံထားတဲ့အလယ်မှာ ပီတိအပြုံးတွေဝေဆာနေတဲ့ အသက် သုံးဆယ်ကျော် လူရွယ်တစ်ဦးရဲ့ မျက်နှာပုံ ပန်းချီကားဘဲဖြစ်ပါတယ်။
အဲဒီနေ့က ပန်းချီပြခန်းဖွင့်ပွဲကို လာရောက်ပြီး အမှာစကားပြောကြားတဲ့ အသက် ၄၅ နှစ် အရွယ် ၀ါရင့်မြန်မာ့ ပန်းချီ ဆရာမကြီး တစ်ဦး ဖြစ်တဲ့ ဒေါ်ပန်းပုံပြင်က အဲဒီ ပန်းချီကားကို အသေအချာထပ်ကြည့်ဖို့ ပရိသတ်ကို ပြောလိုက်တယ်။ တစ်ဆက်တည်းမှာဘဲ မေးခွန်း တစ်ခုကိုလည်း မေးမြန်းလိုက်ပါတယ်။ ပန်းချီကားတွေနဲ့ အပြိုင် လျို့ ၀ှက်တဲ့ အလှပိုင်ရှင် ပန်းချီဆရာမကြီးရဲ့ စကားကို ပရိသတ် အားလုံး နားစွင့်နေကြတယ်။
“ရှင်တို့အနေနဲ့ ဒီပန်းချီကားမှာ ဘာကိုတွေ့ရပါသလဲ”
သူမကိုယ်တိုင်လည်း ပန်းပွင့်တွေအများကြီး ဝေေ၀ဆာဆာပန်ထားပြီး မရမ်းရောင်မျက်မှန်ကိုင်းကို တစ်ချက်ပင့်လို့ အနုပညာ မြောက်ပြီး ကျက်သရေရှိတဲ့ အပြုံးတစ်ပွင့်ကို ဖန်ဆင်းရင်း အသံမြှင့်မေးလိုက်တဲ့အခါ ပရိသတ်ရဲ့ စိတ်အာရုံဟာ ပန်းချီကားဆီကို ပြန်ရွေ့ သွားပြန်တယ်။
ပရိသတ်ထဲက အမျိုးသမီးငယ် တစ်ဦးက အခုလို ပြန်ဖြေခဲ့ပါတယ်။
“အချစ်ကို ရှာဖွေတွေ့ရှိပြီဖြစ်တဲ့ လူတစ်ဦးရဲ့ ပုံပါ”
သူမရဲ့ အဖြေကို ပြန်လည်ရွေရွတ်ရင်းနဲ့ နောက်ထပ်မေးခွန်းတစ်ခုကို ၀ါရင့်ပန်းချီဆရာမကြီး ဒေါ် ပန်းပုံပြင် ဟာ မေးမြန်းခဲ့ ပြန်တယ်။
“အချစ်ကို ရှာဖွေတွေ့ရှိပြီဖြစ်တဲ့ အမျိုးသားတစ်ဦး ဟုတ်လား...။ အဲဒီလိုပြောနိုင်ဖို့ ဒီပန်းချီကားမှာ ဘာကိုတွေ့ရလို့လဲ။ ...ဒီပန်းချီကားက အချစ်ကိုတွေ့ရှိခံစားနေပြီဖြစ်တဲ့ အမျိုးသားတစ်ဦးလို့ ဘာကြောင့်ကောက်ချက်ချ နိုင်ရတာလဲ။”
ပရိသတ်ထဲမှာ တီးတိုး ဝေဖန်ပြောဆိုမှုတွေ ပေါ်ထွက်လာခဲ့တယ်။ အမျိုးသမီးငယ်ရဲ့ ပန်းချီကားအပေါ် သုံးသပ်ချက် အဖြေကို ထပ်ဆင့်ပြီး ဆွေးနွေးကြတာပါ။ ဆွေးနွေးချက်အချို့ကိုတော့ ဒေါ်ပန်းပုံပြင်က ပရိသတ် အားလုံးအတွက် ပြန်လည်ဖြည့်စွက် ဆွေးနွေးနေပါတယ်။ “ရှင့်ရဲ့ ထင်မြင်ယူဆချက်ဟာ သိပ်ဖြစ်နိုင်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့...” ။ အဲဒီနောက်မှာလည်း ပန်းချီဆရာမကြီးဟာ ပရိသတ်ကို တည်ငြိမ်အေးဆေးတဲ့ အသံနဲ့ ထပ်မေးခဲ့ပြန်တယ်။
“ရှင်တို့ နောက်ထပ်ပြီး ဘာတွေပြောနိုင်ပါသေးသလဲ”
လူရွယ်တစ်ဦးက အဖြေပေးခဲ့တာကတော့ -
“ဟာ..ရူးကြောင်မူးကြောင် လူတစ်ယောက်ပါဗျာ..”
အသက်အတော်ကြီးတဲ့ အမျိုးသမီးကြီးတစ်ဦးကတော့ -
“လူသားနဲ့ သဘာဝပတ်ဝန်းကျင် ဟန်ချက်ညီမှုကို ဆိုလိုတာဖြစ်တယ်”
အဲဒီလိုနဲ့ဘဲ ပန်းချီကားအပေါ် မတူညီတဲ့အမြင်နဲ့ သုံးသပ်ဝေဖန်မှုတွေ၊ ထပ်ဆင့်ဆွေးနွေးမှုတွေရှိနေတော့တယ်။
******
အမြင်အာရုံခံစားမှုဖြင့် စဉ်းစားတွေးတောခြင်း နည်းလမ်းများ
အထက်ပါ ဒေါ်ပန်းပုံပြင်၏ ပန်းချီပြခန်းမှ ဆွေးနွေးပြောဆိုမှုများမှာ ဗွီတီအက်စ် (VTS) ဟူ၍ ပညာရေးပညာရပ်နယ်ပယ်တွင် အသုံးပြုခေါ်ဝေါ်သော အမြင်အာရုံခံစားမှုဖြင့် စဉ်းစားတွေးတောမှုနည်းလမ်းများ visual thinking strategies ကို လက်တွေ့ သရုပ်ဖော်နေခြင်းပင်။ ပြခန်း၊ ပြတိုက်ပညာပေးသူများအနေဖြင့် ဤနည်းလမ်းကိုအသုံးပြုကြသည်။ ဗွီတီအက်စ်မှာ အနုပညာလက်ရာ၊ အနုပညာ ဖန်တီးမှုပစ္စည်းများမှတဆင့် ဝေဖန်ပိုင်းခြားစဉ်းစားတွေးခေါ်မှု (critical thinking)၊ ဆက်ဆံပြောဆိုရေးစွမ်းရည် (communication skills)၊ နှင့် အမြင်အာရုံခံစားတတ်သိမှုစွမ်းရည် (visual literacy)တို့ကို လေ့ကျင့်သင်ကြားခြင်း နည်းလမ်းတစ်ခုဖြစ်၏။ ကျောင်းပညာရေးတွင် ဤစွမ်းရည်တို့ကို သင်ရိုးညွှန်းတမ်းမှ တဆင့် လေ့ကျင့်ပေးသင့်ပါသည်။
မြန်မာနိုင်ငံ ကျောင်းသင်ရိုးညွှန်းတမ်း
မြန်မာနိုင်ငံတွင် (top ten ကျောင်းများနှင့် ရန်ကုန်ရှိ international schools များမှလွဲ၍) နိုင်ငံတ၀ှမ်းရှိ အစိုးရ ကျောင်းများ တွင် ခေတ်အဆက်ဆက် အနုပညာဘာသာရပ်ကို လေ့ကျင့် သင်ကြားမှု ပျက်ကွက် နေသည်ကိုလည်း ကြေကွဲ ၀မ်းနည်း ဖွယ်ရာ တွေ့ရှိရ သည်။ ၁၉၇၄ အခြေခံဥပဒေ၏ ပညာရေးအက်ဥပဒေတွင်လည်း “နိုင်ငံတော်သည် သိပ္ပံပညာရေးကို အထူးဦးစား ပေးမည်” ဟူသော အပိုဒ်နှင့်အတူ ၀ိဇ္ဇာပညာရပ်များ၏ တန်ဖိုးကျဆင်း နိမ့်ပါးခဲ့ရသည်။ အများပြည်သူလူထု၏ ပညာရေး အမြင် သဘောထား တို့ကိုလည်း လွဲမှားစွာ ပြောင်းလဲစေခဲ့သည်။ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရန်နှင့်နှင့် သဟဇာတဖြစ်သော လူ့အဖွဲ့အစည်း အတွက် ၀ိဇ္ဇာပညာရပ်များနှင့် အနုပညာဘာသာရပ်တို့၏ တန်ဖိုးတို့ကို မြှင့်တင်ပေးရန်မှာ လွန်စွာ အရေးကြီး လှသည်။ ရက်သတ္တ တစ်ပတ် စာသင်ချိန်တွင် ကျန်းမာရေး၊ အားကစား၊ လူမှုဆက်ဆံရေး၊ ပုဂ္ဂလဖွံ့ဖြိုးမှုနှင့် အနုပညာ ဘာသာ ရပ် အချိန်တို့ကို မည်မျှ ထည့်သွင်း၍ တိကျသော မည်သို့သောသင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများဖြင့် လေ့ကျင့် သင်ကြား ပေးနေပါသနည်း။ ဘက်စုံမဖြစ်သော၊ အချိုးမညီသော၊ တစ်ဖက်စောင်းနင်း ကျောင်းသင်ရိုးညွှန်းတမ်းကြောင့် ကလေးတစ်ဦး တစ်ယောက်အတွက် သာမကဘဲ လူ့အဖွဲ့အစည်း၏ စွမ်းရည်များပါ ပြုန်းတီးပျက်စီးရပြန်သည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ အခြေစိုက် စတူဒီယိုဇန် Studio Xang ဟုအမည်တပ်ထားသည့် အနုပညာဘာသာရပ် ဖွံ့ဖြိုးရေး အစီအစဉ်မှာ ကလေးသူငယ်ဖွံ့ဖြိုးရေးအတွက် အနုပညာဖန်တီးမှုစွမ်းရည်ကို လေ့ကျင့်ပျိုးထောင်ပေးရန် သင်တန်းများကို ဖွင့်လှစ် လျှက်ရှိသည်။ မြန်မာနိုင်ငံ ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်သူပြည်သူများ၏ သားသမီးများ၊ ရွှေ့ပြောင်း မြန်မာ စာသင်ကျောင်း များစသည့် ကျောင်းအရေအတွက်အားဖြင့် ၅၀၀ ကျော်တွင် အနုပညာဘာသာရပ်ဖွံ့ဖြိုးရေးအတွက် စာအုပ်စာတမ်းများ ပြုစုခြင်းနှင့် သင်တန်းများပေးခြင်းကို ၂၀၀၂ ခုနှစ်မှစတင်၍ လုပ်ဆောင်လျှက်ရှိသည်။
စတူဒီယို ဇန်၏ ပညာရေးပညာရှင်တစ်ဦးဖြစ်သူ မစ္စအဲစတယ်ကိုဟန်နီ (Ms.Estelle Cohenny) မှ အနုပညာရုပ်ပုံများဖြင့် လေ့ကျင့်သင်ကြားရခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပွဲများတွင် ဤသို့ တင်ပြလေ့ရှိသည်။ “ကလေးသူငယ်ဖွံ့ဖြိုးမှုမှာ အနုပညာ ရုပ်ပုံလွှာတွေကို ကိရိယာတစ်ခုအနေနဲ့ အသုံးပြုနိုင်ပါတယ်။ ကလေးများရဲ့ စိတ်ကူးစိတ်သန်းတွေ ဖွံ့ဖြိုးလာအောင် အားပေး ကူညီ နိုင်တယ်၊ မိမိကိုယ်ကို ယုံကြည်မှုကို ပျိုးထောင်ပေးလို့ဖြစ်တယ်။ ဘ၀ရဲ့ စိန်ခေါ်ချက်တွေ၊ လောကဓံတရားတွေနဲ့ ရင်ဆိုင်လာရတဲ့ အခါမှာ မျှတတဲ့ စိတ်ခံစားချက်၊ သင့်တော်တဲ့ နှလုံးသွင်းဆင်ခြင်မှုတွေ ဖြစ်လာစေဖို့ကိုလည်း အနုပညာဘာသာရပ်က လေ့ကျင့် ပေးနိုင်ပါတယ်။”
သူမမှ ဆက်လက်ဆွေးနွေးရာတွင် “အနုပညာဆိုတာ ဘာသာစကားတစ်မျိုးပါ။ ကြားခံ ဆက်သွယ်ရေး ပုံစံတစ်ခုလည်းဖြစ်တယ်။ ငယ်ရွယ်စဉ်ကတည်းက လေ့ကျင့်ပေးမယ်ဆိုရင် ပုဂ္ဂလဖွံ့ဖြိုးတိုးတက်မှု personal development ကို အများကြီး အထောက် အကူ ပြုနိုင်ပါတယ်။ အခြားသော ကျောင်းသင်ဘာသာရပ်တွေ၊ စွမ်းရည်တွေ လေ့လာရာမှာလည်း ပိုပြီးတော့ အဆင်ပြေ စေပါ တယ်။” ဟူ၍ အနုပညာဘာသာရပ်၏ တန်ဖိုးကြီးမားပုံကို အလေးထားဆွေးနွေးလျှက်ရှိသည်။
မမြင်တတ်၊ မခံစားတတ်သေးတဲ့ သူများ
ပညာရေး သုတေသနတွေ့ရှိချက်များအရ လူအများစုကြီးတွင် အမြင်အာရုံခံစားတတ်သိမှုစွမ်းရည် visual literacy မှာ နိမ့်ပါးခြင်း၊ လွန်စွာအားနည်းခြင်းများရှိနေသည်ကို တွေ့ရှိရခြင်းပင်။ သာဓကဆောင်ရသော် ရုပ်ပုံလွှာတစ်ခု၏ ပြင်ပ အပေါ်ယံအမြင် ကိုသာ ရှုမြင်တတ်ကြပြီး အတွင်းပိုင်းတွင် လျို့ဝှက်နက်ရှိုင်းစွာတည်ရှိနေသော အခြားသော အဓိပ္ပါယ် တို့ကို ခံစားသိမြင်နိုင်စွမ်း မရှိခြင်းဖြစ်သည်။ အထူးသဖြင့် ငယ်နုစဉ်က ကျောင်းပညာရေးတွင် လေ့ကျင့်ခွင့်များ မရရှိခဲ့ခြင်းမှာ ဤစွမ်းရည်ဖွံ့ဖြိုးစေရန် ပိုမို ခက်ခဲနိုင်ပါသည်။ ရသခံစားနိုင်မှုနှင့် စာနာစိတ်တို့ကိုလည်း ထိခိုက်စေသည်။
စွမ်းရည်များ ပြုစုပျိုးထောင်ခြင်း
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိသည့် ထိုင်း ဖန်တီးမှုနှင့် ဒီဇိုင်းဌာနတွင် ပြခန်းဖွင့်ထားသော ပညာရေးတွင် အမြင်အာရုံဖြင့် နားလည်ခံစားနိုင်ရေး အစီအစဉ်မှ ပညာပေးတာဝန်ခံ မစ္စတာဖီလစ်ရဲနာဝိုင်းမှ ဤသို့ပြောဆိုခဲ့သည်။
“ကျနော်တို့ အားလုံးဟာ မြင်တွေ့နေရတာတွေအပေါ်မှာ သိမြင်ခံစားနိုင်စွမ်းရှိဖို့အတွက် အချိန်မပေးနိုင်လောက်ကို ပြဌာန်း ခံထားကြရတာပါ။” သူ့အနေဖြင့် နှစ်ပေါင်းများစွာပင် အနုပညာမှတဆင့် ပညာရေးကို ပံ့ပိုးဖြည့်ဆည်းပေးနိုင်ပုံနှင့် ကျောင်းပညာရေး အောင်မြင်မှုတွင် အရေးကြီး ပုံတို့ကို လူအများ သိရှိနားလည်လာစေရန် အားထုတ်ခဲ့သည်။
သိမှုစိတ်ပညာရှင် ပညာရေးပါရဂူ ဒေါက်တာ အဘိဂေးဟူဆန်နှင့် အတူ ၁၅ နှစ်ကျော်ကြာမြင့်သည်အထိ သုတေသန ပြုခဲ့ရာမှာ ဗီတီအက်စ် VTS ကို ရှာဖွေဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ သူတို့၏ ကြိုးစားမှုမှာ ထိုက်တန်စွာ အသိအမှတ် အပြုခံထားရပြီလည်း ဖြစ်ပါသည်။ အမေရိကန်နိုင်ငံတွင်းရှိ ကျောင်း ၃၀၀ ကျော်တွင် VTS ကို သင်ရိုးညွှန်းတမ်း၌ ထည့်သွင်းအသုံးလာကြခြင်းမှာ သုတေသနပြုခြင်း၏ အောင်မြင်မှုပင်ဖြစ်သည်။
“အနုပညာကို စူးစမ်းလေ့လာခြင်းနဲ့ ဆွေးနွေးပြောဆိုခြင်းတွေကတဆင့် ကျမတို့ဟာ အမြင်အာရုံ ခံစားတတ်သိမှု visual literacy စွမ်းရည်ကို ပျိုးထောင်ပေးနိုင်ပါတယ်။ ဆိုလိုတာကတော့ ရှုတ်ထွေးခက်ခဲတဲ့ စိတ်ကူးတွေ၊ အတွေးတွေကို နက်နက် ရှိုင်းရှိုင်း သိမြင်နိုင်စွမ်းပါ။ အပေါ်ယံကျောသာ သိမြင်မှုမဟုတ်တော့ဘူး” သူမ၏ ယုံကြည်ချက်ကို ဒေါ်ပန်းပုံပြင်မှ ဆွေးနွေးခဲ့သည်။ သူမကိုယ်တိုင်မှာလည်း မြန်မာကလေးများ၏ ကျောင်းပညာရေးတွင် အနုပညာ ဘာသာရပ်ဖွံ့ဖြိုးမှု အတွက် ကြိုးပမ်းနေသူ တစ်ဦးဖြစ်သည်။ စွန့်ပစ်ခံကလေးများ၏ ပညာရေးတွင် ပရဟိတ ကျောင်းများဖွင့်လှစ်ပြီး ပံ့ပိုး ကူညီနေသူဖြစ်သည့်အပြင် အနုရသပညာရေးအပေါ်တွင် သုတေသနပြု လေ့လာနေသူတစ်ဦးလည်းဖြစ်သည်။
ဤနည်းစနစ်ကို အချိန်ယူလေ့ကျင့်ပေးမည်ဆိုပါက ဆရာမကြီးမှ ကျောင်းသူကျောင်းသားများအနေဖြင့် ဝေဖန်ပိုင်းခြား တွေးတော တတ်မှု စွမ်းရည်ကို ဖွံ့ဖြိုးစေနိုင်ကြောင်းယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် အနုပညာလက်ရာ ပစ္စည်းများ တွင် အဓိပ္ပါယ်ကို ဖွင့်ဆိုနိုင်ရန် အလေးထားကြည့်ရှု ရှာဖွေရခြင်း၊ စူးစမ်းဆင်ခြင်သုံးသပ်ရခြင်း၊ ကောက်ချက်ဆွဲရခြင်းနှင့် အထောက်အထားနှင့်အတူ တင်ပြရခြင်း တို့ပါရှိနေသည့် အတွက်ပင်ဖြစ်၏။
ကျောင်းသားများ၏ ဘာသာစကားစွမ်းရည်ကိုလည်း ဖွံ့ဖြိုးစေမည်ဖြစ်သည်။
“ကျမတို့ဟာ ကလေးတွေကို ဘယ်လို စာရေးရမယ်၊ စာဖတ်ရမယ်ဆိုတာတွေကိုတော့ သင်ပေးပါရဲ့။ သူတို့ တတ်မြောက်ဖို့လည်း မျှော်လင့်ထားကြပါတယ်။ ဒါပေမယ့် ဘယ်လိုပြောဆို ဆွေးနွေးရမယ်ဆိုတာကိုတော့ လေ့ကျင့်ဖို့အခွင့်အလမ်း များများမရှိကြဘူး။ မပြောတတ်ဘူးဆိုရင်တော့ ရေးလည်းရေးတတ်မှာ မဟုတ်ချေဘူး။” ဆရာမကြီး ဒေါ်ပန်းပုံပြင်၏ အမြင်သဘောထားများဖြစ်သည်။
သူမအနေဖြင့် ထပ်လောင်းပြောဆိုဆွေးနွေးပါသေးသည်။ “ကလေးတွေကို သူတို့ရဲ့ ခံစားသိမြင်မှုတွေကို ဖွင့်ဟပြောဆိုခွင့် အတွက် အခွင့်အလမ်းတွေ အများကြီးဖန်တီးထားရှိသင့်တယ်။ ဒါမှသာ ကလေးတွေဟာ ဥာဏ်ရည်အမျိုးမျိုးအသုံးပြုရတဲ့၊ ဦးနှောက်ကို အသုံးပြုရတဲ့ ဆွေးနွေးပွဲတွေမှာ မရှိမဖြစ်လိုအပ်တဲ့ ဝေါဟာရတွေ ကြွယ်ဝလာမှာဖြစ်တယ်”
အနုပညာလက်ရာပစ္စည်းများကို ဆွေးနွေးရာတွင် အသုံးပြုသည့် ဘာသာစကားမှာ ကျောင်းသားများ၏ စာရေး၊ စာဖတ်စွမ်းရည် အတွက်လည်းများစွာပင် အကျိုးပြုလေသည်။
စတင်သင်ကြားခြင်း
ဗွီတီအက်စ် VTS သီအိုရီမှာ ရှုတ်ထွေးသည်ဟူ၍ ထင်မြင်ဖွယ်ဖြစ်သည်။ သို့သော် လက်တွေ့အသုံးချခြင်းကိုမူ နားလည်ရန် မခဲယဉ်းလှပါ။ သီအိုရီကိုမိတ်ဆက်ခဲ့သူတို့မှ ၄ နှစ်အရွယ်ကလေးများမှ စတင်ပြီး အသက်အရွယ်မရွေး ဤနည်းလမ်းဖြင့် လေ့ကျင့်ပေးနိုင်ကြောင်းဆို၏။
ပထမဦးစွာ ဆရာမှ “တစ်တန်းလုံးပါဝင်ဆွေးနွေးနိုင်မည့် အနုပညာလက်ရာ တစ်ခုခု” ကိုရွေးချယ် ထုတ်နုတ်မည်။ ကျောင်းသား များ အတွက် စိတ်ဝင်စားဖွယ်ရာ ခေါင်းစဉ် တစ်ခုခုဖြစ်သင့်သည်။ သို့မှသာလျှင် တက်ကြွစွာ ပါဝင် ဆွေးနွေးကြပါလိမ့်မည်။ ကျောင်းသားတိုင်း အနေဖြင့် ပါဝင်နိုင်စေရန် အတွက်လည်း ရည်ရွယ်ရင်း ဖြစ်သည်။
ကျောင်းသားများမှ ရွေးချယ်ထားသည့် အနုပညာလက်ရာကို ခဏတာ ကြည့်ရှုလေ့လာ စူးစမ်းကြခြင်းဖြင့် စတင် သင်ကြားခြင်း ဖြစ်သည်။ မျက်မှောက်ခေတ်နည်းပညာများမှာ အရာရာကို အပေါ်ယံမျှသာ ကြည့်ရှုစေရန် တွန်းအားပေးသကဲ့သို့ရှိနေပါသည်။ အမှန်တကယ်တည်ရှိနေသည်တို့ကို တစ်ချက်မျှသာ ငဲ့စောင်းကြည့်ကြတော့သည်။
မေးခွန်း ၃ ခု
ပန်းချီရုပ်ပုံတို့ကို ခဏတာမျှ ကြည့်ရှုလေ့လာပြီးသော် ဆရာမှ ပထမဆုံးမေးခွန်းကို ပြန်မေးပြီး နောက်ထပ် အဖွင့်မေးခွန်း ၂ ခုခန့်ကို ဆက်မေးသည်။
“ဒီပန်းချီကားမှာ ဘာဖြစ်နေတာလဲ”
“အဲဒီလိုပြောဖို့ ဘာကို တွေ့လို့လဲ” နှင့်
“နောက်ထပ်ပြီး ဘာတွေများ တွေ့နိုင်သေးသလဲ” တို့ဖြစ်သည်။
“ဒီမေးခွန်းတွေကို မေးမြန်းခြင်းကတော့ ကလေးတွေအနေနဲ့ တက်ကြွစွာပါဝင်စေမှာဖြစ်ပါတယ်။” ဆရာမကြီး ဒေါ်ပန်းပုံပြင်မှ ဆိုသည်။ “ဘာကိုတွေ့သလဲ” ဆိုသည့်မေးခွန်းမှာ ပရိသတ်ကို ရုပ်ပုံထဲတွင် ပါရှိသည်တို့ကို သာလျှင် ရေတွက် ဖော်ပြခိုင်းသလို ဖြစ်သည်။ “ပန်းချီကားမှာ ဘာဖြစ်နေတာလဲ” ဆိုသည့် မေးခွန်းမှာမူ အပေါ်ယံလွှာ ရုပ်ပုံတို့ကို ကျော်လွန်ပြီး နောက်ကွယ်မှ အဓိပ္ပါယ်ကို ရှာဖွေဖော်ထုတ်ရန် တွန်းအားပေးခြင်းပင်ဖြစ်ကြောင်းလည်း ဆရာမကြီးမှ မိန့်ဆိုသည်။
ကလေးသူငယ်ပြုစု စောင့်ရှောက်ခြင်းတွင် ကျွမ်းကျင်သူ ဒေါ်ပန်းပုံပြင်မှ ထပ်မံ၍ “၃ နှစ်နဲ့ ၅ နှစ်အကြား ကလေးတွေ ဆိုရင် တော့ ‘ဘာကိုတွေ့သလဲ’ လို့မေးမြန်းနိုင်ပါတယ်။ သူတို့အသက်အရွယ်က ဘာသာ စကားပြောဆိုမှုနဲ့ ဝေါဟာတွေကို လေ့လာနေ ဆဲဖြစ်လို့ပါ။ ဒါပေမယ့် ကလေးကြီးတွေကိုတော့ ပိုပြီးတော့ စဉ်းစားတွေးတောရတဲ့ မေးခွန်းတွေနဲ့ စူးစမ်းလိုစိတ်ကို နှိုးဆွပေးဖို့ လိုပါတယ်။” ဟူ၍ လမ်းညွှန်ခဲ့သည်။
ဒုတိယမေးခွန်းဖြစ်သည့် “အဲဒီလိုပြောနိုင်ဖို့ ဘာကို တွေ့လို့လဲ” မှာ ကလေးများ၏ ပထမအဖြေတို့ကို ဆရာမှ နားထောင်ပြီး အဓိပ္ပါယ်ဖွင့်ဆိုပြီးနောက်တွင် မေးရန်ဖြစ်သည်။ သူတို့၏ မှတ်ချက်တို့ကို လေ့လာတွေ့ရှိမှုများ အပေါ်တွင် အခြေပြုပြီး ဆွေးနွေး စေရန်အတွက် မသိမသာ လှုံဆော်သင်ကြားပေးနည်းပင်ဖြစ်သည်။ ဤသည်မှာ ပိုင်းခြားဝေဖန်တွေးတောမှုကို ပြုစုပျိုးထောင် ရာတွင် အဓိကျသည့် စွမ်းရည်ပင်ဖြစ်၏။
တတိမြောက်မေးခွန်းဖြစ်သည့် “နောက်ထပ်ပြီး ဘာတွေများတွေ့နိုင်သေးလဲ” မှာ သူတို့၏ ယခင် တွေ့ရှိချက်များကို အသိအမှတ် ပြုပြီးလည်း ဖြစ်သည်။ ထို့အပြင် တစ်တန်းလုံး ဆွေးနွေးခြင်းကို ပြီးပြည့်စုံစေရန်နှင့် ကလေးများကိုယ်တိုင် စေငုသေချာစွာ စူးစမ်း လေ့လာစေရန် အားပေးခြင်းပင်ဖြစ်သည်။
အသိအမှတ်ပြုခြင်း
အရေးကြီးသည့်အချက်မှာ ကလေးတိုင်း၏ ထင်မြင်ယူဆချက်များနှင့် တင်ပြဆွေးနွေးမှုတို့ကို နားထောင်ပေးကြ ရန်ဖြစ်သည်။ ကလေးမှ ပြောဆိုနေသည့်အချက်ကို ညွှန်တံဖြင့် ထောက်ပြခြင်း၊ ဆရာဆရာမများအနေဖြင့် ချဲ့ ထွင် ရှင်းလင်း ပြောဆိုပေးခြင်းတို့ ပြုလုပ်နိုင်သည်။
“ဒီလိုလုပ်ခြင်းအားဖြင့် ကျောင်းသားတွေ မကြည့်၊ မမြင်မိသေးတဲ့အပိုင်းတွေကို ကြည့်ဖြစ်အောင် ဖန်တီးရာလည်းရောက်တယ်။ သူတို့ပြောဆိုတင်ပြတာကို နားထောင်နေပါတယ် ဆိုတဲ့သဘောလည်းပါတယ်။ အမြင်အာရုံ ကျက်စားခြင်းနဲ့ အပြန်အလှန် တင်ပြမှု တွေ ဖြစ်လာတယ်။” ဒေါ်ပန်းပုံပြင်မှ ဆိုပါသည်။
“လူတွေ၊ ကလေးတွေပြောတာကို ပြန်လည်ပြောဆိုပေးခြင်းဟာ သူတို့တင်ပြပြောဆိုမှုတွေကို လက်ခံတယ်ဆိုတာရယ်၊ နားလည် သဘောပေါက်ပါတယ်ဆိုတာရယ်ကို သိရှိစေမယ်။ သူတို့ပြောတဲ့စကားအတိုင်းအတိအကျ ပြန်ပြောရင် နားထောင်ပါတယ် ဆိုတဲ့ အဓိပ္ပါယ်ပါ။ အခြားစကားလုံးတွေနဲ့ ပြန်ပြင်ပြီးပြောတဲ့အခါကျတော့ နားလည်သဘောပေါက်တယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ တကယ်လို့ နားလည်မှုလွဲသွားရင်လည်း သူတို့က ပြန်ပြင်ပေးနိုင်သေးတယ်။” ကြားရသည့်စကားများအပေါ်မှာ အခြားစကားလုံးသုံးပြီး ပြန်လည် ပြောဆိုမှု၏ အကျိုးကျေးဇူးရှိပုံကို ကလေးသူငယ်ပြုစုစောင့်ရှောက်သူ ပန်းချီဆရာမကြီးက ပြောပြခဲ့သည်။
ဘက်လိုက်မှုမရှိဘဲ ပြန်လည်ပြောဆိုခြင်းကို ဆိုလိုပါသည်။ ကောက်ချက်ချ၊ ဝေဖန်မှုများကိုလည်း ကြိုဆိုလက်ခံသင့်သည်။ တန်းတူ တန်ဖိုးထားသင့်ပါသည်။ ကောက်ချက်ချမှုတို့ကို ပြန်လည်ပြင်ဆင်ပေးခြင်းနှင့် ဖြည့်စွက်ခြင်းများမပြုလုပ်သင့်ပါ။ သို့မှသာ ကျောင်းသူ ကျောင်းသားများအနေဖြင့် သူတို့အပေါ်တွင် တန်ဖိုးထားမှုကို နားလည်ခံစားနိုင်ပါလိမ့်မည်။ ကျွမ်းကျင်သော ဆရာဆရာမများ အနေဖြင့် ကျောင်းသားများ၏ အဖြေများသည် ရှင်းလင်းတိကျစေရန် လမ်းညွှန် ကူညီနိုင်ပါလိမ့်မည်။
အမှားပြင်ဆင်ပေးခြင်းများကို အစဉ်အမြဲမလုပ်ခြင်းဖြင့် ကျောင်းသားများသည် လွတ်လွတ်လပ်လပ် ပြောဆိုတင်ပြခွင့်ရရှိစေပါသည်။ ဘာသာစကားစွမ်းရည် ဖွံ့ဖြိုးစေရန် များစွာ အထောက်အကူပြုပါလိမ့်မည်။
ဆရာမှ ကျောင်းသားများ၏ မတူညီသော စဉ်းစား တွေးတောချက်များ၏ အဆက်အစပ်တို့ကို ထောက်ပြပေးနိုင်ပါသည်။ စဉ်းစား တွေးတောချက်တစ်ခုမှနေ၍ အခြားသောတွေးတောချက်တစ်ခုသို့ ဆင့်ကဲပြောင်းလဲနိုင်ပြီး အဓိပ္ပါယ်များ ပေါ်ထွက် ရရှိလာပုံ ကိုလည်း ရှင်းပြနိုင်သည်။
“အဓိကအချက်ကတော့ စိတ်ကူးစိတ်သန်းတွေရဲ့ အရွေ့သဘော၊ ဆင့်ကဲဖြစ်တည်မှုသဘောကို သင်ကြားပေးနိုင်တာပါ။ ဒီလိုဆိုရင် ပထမဆုံးစိတ်ကူး၊ စဉ်းစားမှုမှာတင် ရပ်တန့်မနေဘဲ အခြားသော ဖြစ်နိုင်ချေတွေကို တွက်ဆမိလိမ့်မယ်။ သူများတွေရဲ့ ဆွေးနွေး တင်ပြချက်တွေကို နားထောင်ခြင်းဟာ မိမိရဲ့ လေ့လာမှုကို ပိုမိုအားကောင်းစေနိုင်ပြီး စဉ်းစားချက်တွေကိုလည်း ပိုမို ဝေဆာ စေမှာပါ” ဒေါ်ပန်းပုံပြင်မှ အကြံပြု လမ်းညွှန်ထားသည်။
အမြင်အာရုံခံစားမှုဖြင့် စဉ်းစားတွေးတောမှုနည်းလမ်းများ Visual Thinking Strategies (VTS)၏ တန်ဖိုးများ
ကျောင်းသင်ရိုးညွှန်းတမ်း၏ အစိတ်အပိုင်းနှင့် သင်ကြားနည်းလမ်းတစ်ခုဖြစ်သည်။
နောက်ဆက်တွဲ အသုံးချနိုင်မှုများ
အမြင်အာရုံဖြင့် စဉ်းစားတွေးတောမှုစွမ်းရည်ကို လေ့ကျင့်သင်ကြား
(ဗွီတီအက်စ်)မှာ အနုပညာဘာသာရပ် သင်ကြားခြင်း (သို့မဟုတ်) ပြတိုက်တစ်ခုခု (သို့မဟုတ်) အနုပညာပြခန်းတစ်ခုခုသို့ လည်ပတ်ခြင်းတို့ဖြင့်သာလျှင် ဘောင်ခတ်မထားသင့်ပါ။ ဆရာဆရာမများအနေဖြင့် အခြားသော ဘာသာရပ်အသီးသီးတွင်လည်း အခွင့်အခါ သင့်သလို ပေါင်းစပ် ထည့်သွင်း အသုံးပြု နိုင်ပါသည်။ သိပ္ပံ၊ လူမှုရေး၊ ဘာသာစကား စသည့် ကျောင်းသင်ရိုး ဘာသာရပ် အသီးသီးတွင်လည်း သင်ကြားနည်း တစ်ခု အနေဖြင့် အသုံးပြုသင့်သည်။ ဥပမာအားဖြင့် ရာသီဥတု မြေပုံပိုစတာ၊ လေပြွန်ထဲတွင် နှံကောင်၏ တောင်ပံခတ်နေသည့် ဓါတ်ပုံ စသည်တို့ဖြင့် ဗွီတီအက်စ် (VTS) သင်ကြားနည်းကို ပေါင်းစပ် အသုံးပြုနိုင်သည် မဟုတ်ပါလော။ အထက်ပါ အနုပညာ ပြခန်း တွင် မေးမြန်းခဲ့သည့် မေးခွန်း ၃ ခုကို မေးမြန်းခြင်းဖြင့် တစ်တန်းလုံး ပါဝင်ဆွေးနွေးနိုင်ပါမည်။ ကဗျာတစ်ပုဒ်၊ သို့မဟုတ် အခြားသော ဖတ်စာတစ်ခုခုကို ဖတ်ရှုကြပြီးသည့် နောက်တွင် လည်း အထက်ပါနည်းလမ်းတို့ကို အသုံးပြု သင်ကြားနိုင်သည်။
ချုပ်၍ဆိုရသော် ကျောင်းသားများအား အနုပညာလက်ရာ၊ ပစ္စည်းတစ်ခုခုကို ကြည့်ရှုစေပြီး အနုပညာပုံစံ၊ စတိုင်၊ အသုံးပြုသည့် နည်း (တက်ကနိ)၊ နှင့် ခေတ်သက္ကရာဇ် အချိန်ကာလ စသည်တို့ကို မေးမြန်းခြင်းအပြင် အမြင်အာရုံ ခံစားမှုဖြင့် စဉ်းစား တွေးတောမှု နည်းလမ်း (VTS) ကိုအသုံးပြုပြီး သင်ကြားခြင်းပင်ဖြစ်သည်။ ရသခံစားမှုနှင့် အနုပညာ သမိုင်းကြောင်းအပြင် ပိုင်းခြားဝေဖန် စဉ်းစားတွေးတောမှုစွမ်းရည်၊ ဆက်ဆံရေးစွမ်းရည်၊ အမြင်အာရုံ ဆိုင်ရာ ခံစားတတ်သိနိုင်စွမ်း တို့ကိုလည်း ဖွံ့ဖြိုး စေနိုင်ပါသည်။
ဤသို့ဆိုလျှင် မြန်မာနိုင်ငံ ကျောင်းပညာရေးသင်ရိုးညွှန်းတမ်းများတွင် အနုရသပညာဘာသာရပ်၏ အခန်းကဏ္ဍပိုမို ထင်ရှား ပေါ်လွင်လာနိုင်မည်ဟုလည်း မျှော်လင့်မိပါသတည်း။ ။
သိန်းနိုင်
ထိုင်း-မြန်မာနယ်စပ်တစ်နေရာ
ဖေဖော်ဝါရီ ၂၀၁၀