Sunday, January 24, 2010

ဥာဏ်အမျိုးမျိုးအဖုံဖုံ


Written by နှင်းဆီ
Thursday, 30 July 2009 10:55
ဖူးငုံ ဆယ်ကျော်သက်မဂ္ဂဇင်း သြဂုတ်လ ၂၀၀၉

ကျွန်မ မနှစ်က မြန်မာပြည်ကို ပထမဦးဆုံး ရောက်ခဲ့တုန်းက ရန်ကုန်မှာ တစ်လနေရင်း မြန်မာလူမှုရေး အကြောင်း စိတ်ဝင်စားစရာတွေ အစုံ သိခွင့်ရခဲ့ပါတယ်။ ကျွန်မက တက္ကသိုလ်မှာ ပညာရေး ပါရဂူဘွဲ့အတွက် စာတမ်းပြုစုနေတဲ့သူ ဖြစ်တဲ့ အလျောက် မြန်မာပညာရေး စနစ်အကြောင်း အထူးပြု စူးစမ်းရင်း မြန်မာ သူငယ်ချင်းတွေနဲ့ ပညာရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေကို ခဏခဏ ဆွေးနွေးမိတတ်ကြပါတယ်။ သူတို့ ပြောတာတွေထဲမှာ တစ်ခုက ကျွန်မအနေနဲ့ သိပ်အံ့သြစရာ မကောင်းဘူးဆိုရင် မမှားပါဘူး။ သူတို့ ပြောတာ က မြန်မာပြည်မှာ တက္ကသိုလ် ၀င်စာမေးပွဲ အောင်စာရင်း အရ အသက်မွေးဝမ်းကျောင်း ၀င်ခွင့် သတ်မှတ်ထားတော့ အမှတ်သိပ်ကောင်းရင် သိပ္ပံကို လေ့လာခွင့်ရပြီး အမှတ်မကောင်းရင် ၀ိဇ္ဇာပညာရပ်ကိုပဲ လေ့လာခွင့်ရတယ်။ အမှတ် အကောင်းဆုံးပဲ ဆိုရင် ဆရာဝန်အဖြစ် ဒါမှမဟုတ် အင်ဂျင်နီယာအဖြစ် အလုပ် လုပ်နိုင်တယ်။

ဒီအချက်တွေက ဘာဖြစ်လို့ ကျွန်မအနေနဲ့ အံ့သြစရာကောင်းသလဲ ဆိုတော့ ဒါတွေက အမေရိကန်ပညာရေး စနစ်နဲ့ မတူပါဘူး။ အမေရိကန်နိုင်ငံမှာ ကတော့ အထက်တန်းကျောင်းပြီးလို့ တက္ကသိုလ်ကိုတက်ချင်ရင် အက်စ်အေတီ (SAT) လို့ခေါ်တဲ့ စာမေးပွဲတစ်ခုကို ဖြေရပေမယ့် အသက်မွေး ၀မ်းကျောင်း ၀င်ခွင့်က ဒီစာမေးပွဲရဲ့ အမှတ် စာရင်းပေါ်မှာ မတည်ပါဘူး။ အမှတ်ကောင်းရင် ဂုဏ်ရှိတဲ့ တက္ကသိုလ်မှာ ၀င်ခွင့်ရမှာပဲ။ အမှတ် မကောင်းဘူးဆိုရင်တော့ ကောင်းတဲ့ တက္ကသိုလ် မ၀င်နိုင်ဘူးဆိုတာက ဖြစ်နိုင်ပေမယ့် တက္ကသိုလ် ၀င်ခွင့်ဆိုတာ SAT အမှတ်အပြင် အထက်တန်း ကျောင်းမှာရတဲ့ အမှတ်၊ အားကစားနဲ့ တခြား ကျောင်းအပြင် အလုပ်တွေ၊ ဆရာ၊ ဆရာမရဲ့ ထောက်ခံစာတွေ အပေါ် မှာတည်တယ်။ (ဒီ ကျောင်းအပြင် အလုပ်တွေ ဆိုတာ ဂီတ၊ အနုပညာ၊ ခေါင်းဆောင်မှုစတဲ့ အရည်အချင်း တွေကို ဖော်ပြနိုင်တဲ့ ကိစ္စတွေပါပဲ။)

ဥပမာ ကျောင်းသူတစ်ယောက်က SAT မှာ အမှတ် ကောင်းကောင်း ရပေမယ့် အထက်တန်းကျောင်း မှာရတဲ့ အမှတ်က မကောင်းရင် ဒါမှမဟုတ် ကျောင်းအပြင် ကိစ္စ သိပ်မပါဝင်ဖူးဘူး ဆိုရင် အကောင်းဆုံး တက္ကသိုလ်တွေကို ၀င်ခွင့်ရချင်မှရ မယ်။ ဒါပေမယ့် တက္ကသိုလ် ၀င်ခွင့်ရပြီးရင်တော့ ကြိုက်တဲ့ ဘာသာရပ်ကို လေ့လာလို့ရတယ်။

ဒီ အမေရိကန်စနစ်မှာ တက္ကသိုလ် ရောက်ရင် ဘယ်ဘာသာရပ် လေ့လာမယ်ဆိုတဲ့ ဆုံးဖြတ် ချက်ကို အထက်တန်း ကျောင်းပြီးတာနဲ့တန်း ဆုံးဖြတ်ရတာ မဟုတ်ဘူး။ များသောအားဖြင့် ကျောင်းသူ၊ ကျောင်းသားတွေက တက္ကသိုလ် ရောက်ပြီး တစ်နှစ်၊ နှစ်နှစ်ကြာပြီးမှ အဓိကအ ထူးပြု ဘာသာရပ်ကို ရွေးကြရတယ်။ နောက်ပြီး ဘီအေ(B.A)၊ ဘီအက်စ်စီ (B.Sc) ဘွဲ့ရပြီးမှ ဆရာဝန်၊ ရှေ့နေ၊ ဆရာမဖြစ်ချင်ရင် အထူး စာမေးပွဲ နောက်တစ်ခု ထပ်ဖြေရတယ်။ ဒီ အထူး စာမေးပွဲဆိုတာ (၀ိဇ္ဇာနဲ့ သိပ္ပံပညာရပ်တွေ အတွက်) ဂျီအာရ်အီး GRE, (ဥပဒေအတွက်) အယ်လ်ဆတ် LSAT, (ဆေးတက္ကသိုလ်အတွက်) အမ်ခတ် MCAT ဖြစ်ပြီး အမှတ်အရ ဘွဲ့လွန် သင်တန်း ၀င်ခွင့် ရ၊ မရ ဆုံးဖြတ်ကြတယ်။ GREက အပိုင်း ၃ ပိုင်းခွဲထားပြီး တစ်ပိုင်းက သင်္ချာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကိုဖြေရတယ်။ နောက်တစ်ပိုင်းက ဘာသာစကားနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေရတယ်။ နောက်တစ်ပိုင်းမှာ ကျတော့ စာစီစာကုံး ရေးရတာပါ။ ၀ိဇ္ဇာပညာ ရပ်ကိုလေ့လာချင်တဲ့ သူတွေအတွက် သင်္ချာနဲ့ ပတ်သက်တဲ့ အပိုင်းမှာရတဲ့ အမှတ်က အရေးမကြီးပါဘူး။ ဥပမာ ကျွန်မ ပညာရေး ပါရဂူ သင်တန်းကို ၀င်ခွင့်ရဖို့ လျှောက်တုန်းက ကျွန်မက သင်္ချာကို သိပ်မကျွမ်းကျင်ပေမယ့် ပါရဂူ သင်တန်းကို ၀င်ခွင့်ရခဲ့ပါတယ်။

အမေရိကန် စနစ်နဲ့ မြန်မာစနစ်ကို နှိုင်းယှဉ် ကြည့်ရင်ဥာဏ်အကြောင်းနဲ့ ပတ်သက်ပြီး ခြားနားတဲ့ ယူဆချက်တွေ အမျိုးမျိုးရှိတယ် ဆိုတာကို မြင်နိုင်တယ်။ မြန်မာစနစ်အရ ဥာဏ်ကို ဘယ်လို မြင်သလဲ ဆိုတာ စဉ်းစားစရာ ကောင်းပါတယ်။ ကျွန်မ မြန်မာနိုင်ငံမှာ ရှိတုန်းက ပညာမှာ အသိ ပညာ၊ အတတ်ပညာ ဆိုပြီး ပညာနှစ်မျိုးရှိတယ် လို့ သိရတယ်။ အတတ်ပညာက အမျိုးမျိုး ရှိပုံ ရပေမယ့် မြန်မာ စာမေးပွဲစနစ် အရဆိုရင် အသိ ပညာကတော့ တစ်မျိုးပဲ ရှိတယ်လို့ ယူဆပါ တယ်။ ဒီစနစ်အရ သိပ္ပံကို နားလည်နိုင်တဲ့ လူတွေ က စာပေ၊ သမိုင်း၊ အနုပညာကို နားလည်နိုင်တဲ့ လူထက် ပိုဥာဏ်စွမ်းကြတယ်လို့ ဆိုလိုချင်ပုံပါပဲ။

မြန်မာစနစ်မှာ ကောင်းတာက အရေးကြီးတဲ့ အလုပ် အတွက် အကောင်းဆုံး ကျောင်းသူ၊ ကျောင်းသားတွေပဲ လုပ်လို့ လူမှုရေး အတွက် ကောင်းတဲ့အပြင် ဒီအရေးကြီးတဲ့ အလုပ်အတွက် ၀န်ထမ်း အလုံအလောက်ရှိမယ်။ တော်တဲ့ အင်ဂျင် နီယာရှိရင် ခိုင်တဲ့ တံတားရမှာပဲ။ အခု အမေရိ ကန်နိုင်ငံမှာ ပြဿနာတစ်ခုက ကျောင်းဆရာ၊ ဆရာမ အလုံအလောက် မရှိဘူး။ အလုပ်ဝင်ခွင့်ကို စာမေးပွဲ အမှတ်အရ သတ်မှတ် ဆုံးဖြတ်ရင် ဒီပြဿနာ ရှိမှာမဟုတ်ဘူးလို့ ကျွန်မ ထင်မိတယ်။

အမေရိကန် စနစ်ကတော့ ဥာဏ်ဆိုတာ အမျိုးမျိုးရှိတယ်လို့ ယူဆတော့ အဲဒီ ဥာဏ်အမျိုး မျိုးကို စစ်ချင်ရင် စစ်တမ်းထုတ်နည်း အမျိုးမျိုး သုံးရတယ်။ ဒါ့အပြင် ဒီယူဆချက် အရ သိပ္ပံနဲ့ ပတ်သက်တဲ့ ဥာဏ်က အရေးကြီးဆုံးပဲ ဆိုတာ မဟုတ်ဘူး။ ပြီးခဲ့တဲ့နှစ် ၁၀၊ ၂၀ အတွင်းမှာ အမေရိကန် နိုင်ငံမှာ ဥာဏ် အကြောင်းယူဆချက်တွေ အများ ကြီး ပြောင်းလဲလာခဲ့တယ်။ ၁၉၈၃ မှာ ဟောင်း ၀ဒ်ဂါရ်ဒနာ(Howard Gardner)ဆိုတဲ့ ပညာရေး ပါမောက္ခ တစ်ယောက်က ဥာဏ်အမျိုးမျိုး အကြောင်း စာအုပ် တစ်အုပ် ရေးခဲ့တယ်။ ဒီစာအုပ် မှာ သူ့ရဲ့ ဥာဏ်မျိုးစုံ သီအိုရီ(Theory of Multiple Intelligences) ဆိုတာကို ရှင်းပြတယ်။

သူ့သီအိုရီ အရ ဘာသာစကားနဲ့ ပတ်သက်တဲ့ဥာဏ် (Linguistic Intelligence)၊ ယုတ္တိနဲ့ သင်္ချာနဲ့ ပတ်သက်တဲ့ ဥာဏ် (Logical-Mathematical Intelligence)၊ ဂီတနဲ့ပတ်သက်တဲ့ဥာဏ် (Musical Intelligence)၊ ကိုယ်နဲ့ပတ်သက်တဲ့ ဥာဏ် (Bodily-Kinesthetic Intelligence))၊ နေရာနဲ့ပတ်သက်တဲ့ဥာဏ်(Spatial Intelligence)၊ ဆက်ဆံရေးနဲ့ပတ်သက်တဲ့ဥာဏ် (Interpersonal Intelligence)၊ မိမိကို နားလည်မှုနဲ့ ပတ်သက်တဲ့ ဥာဏ် (Intrapersonal Intelligence) ဆိုတဲ့ ဥာဏ် ၇ မျိုးရှိတယ်လို့ ဆိုပါတယ်။

အဲဒီဥာဏ်တွေကို ပိုနားလည်အောင် ကျွန်မ အမြင်ကို နည်းနည်း ရှင်းပြချင်ပါတယ်။ ဥပမာ လူတစ်ယောက်က ဘာသာစကားနဲ့ ပတ်သက်တဲ့ ဥာဏ်စွမ်းရင် ဘာသာစကားတွေကို လွယ်လွယ် သင်နိုင်ပြီး စကားအဓိပ္ပာယ်ကို ကောင်းကောင်း ပြောပြနိုင်တယ်ဆို တော့ စာရေးဆရာ/ဆရာမ၊ ကဗျာဆရာ/ဆရာမ၊ ရှေ့နေအနေနဲ့ အလုပ်လုပ်ရင် အဆင်ပြေမှာပဲ။ ယုတ္တိနဲ့ သင်္ချာနဲ့ ပတ်သက်တဲ့ ဥာဏ်စွမ်းရင် သဘာဝ သိပ္ပံနဲ့ ဆိုင်တဲ့ အလုပ်မှာ ကျွမ်းကျင်မယ်။

ဂီတနဲ့ပတ်သက်တဲ့ ဥာဏ်စွမ်းရင် ဂီတစာဆို၊ ဂီတသမား အနေနဲ့ ပန်းဆွတ်မယ်။ ကိုယ်နဲ့ ပတ်သက်တဲ့ ဥာဏ်မှာ စွမ်းရင်တော့ အားကစား၊ အက ဟန်ကျမယ်။ နေရာနဲ့ ပတ်သက်တဲ့ ဥာဏ်စွမ်းတဲ့ လူကျတော့ ပစ္စည်းတွေကို ဘယ်လို နေရာတကျ ထားသင့် သလဲလို့ စိတ်ကူးနိုင်လို့ ဗိသုကာ၊ အင်ဂျင်နီယာ အနေနဲ့ အလုပ်လုပ်ရင် ကျွမ်းကျင်မယ်။ ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ဥာဏ်စွမ်းသူ ကတော့ လူတွေရဲ့ အမူအရာ၊ စိတ်ခံစားမှုကို ကောင်းကောင်း နားလည် နိုင်လို့ ဈေးရောင်းသူ၊ ခေါင်းဆောင်၊ အကြံပေး စတဲ့အလုပ်တွေမှာ ပေါက်မြောက်မယ်။ မိမိ ကိုယ်ကို နားလည်မှုနဲ့ ပတ်သက်တဲ့ ဥာဏ်စွမ်း ရင်တော့ သူ့ကိုယ်သူ ကောင်းကောင်း နားလည်တဲ့ သူဖြစ်လို့ ဘာအလုပ်မှာဖြစ်ဖြစ် အကျိုးရှိမှာပဲ။ နောက်ပြီး တခြား ဘာဥာဏ်တွေ ရှိပါလိမ့်ဦးမလဲ လို့ တွေးကြည့်ကြပါစို့။

ဥပမာ ကိုယ်ကျင့် တရားနဲ့ပတ်သက်တဲ့ဥာဏ်(Moral Intelligence) စက္ခုနဲ့ပတ်သက်တဲ့ဥာဏ် (Visual Intelligence), အချက်အပြုတ်နဲ့ ပတ်သက်တဲ့ ဥာဏ် (Culinary Intelligence) စတဲ့ဥာဏ်တွေလည်း ရှိမှာပဲ။ ဂါဒနာရဲ့အဆိုအရ ဥာဏ်တွေက ၀ါသနာပဲ ဆိုတဲ့ အယူအဆက သိပ်မမှန်ပါဘူး။ နောက်တစ်ခု က တချို့ လူတွေက ဥာဏ်ရှိပြီး၊ တချို့က ဥာဏ်မရှိဘူး ဆိုတာလည်း မဟုတ်ဘူး။ တကယ်တမ်းတော့ လူတွေက ကိုယ်စီ ကိုယ်ငှ ဥာဏ်တစ်မျိုးစီ ရှိပြီး လူတိုင်းမှာ Unique Combination of Intelligence လို့ခေါ်တဲ့ တစ်မျိုးစီ သူ့နည်း သူ့ဟန်နဲ့ ဥာဏ်တွေ ပေါင်းစုထားတာရှိကြတယ်။

ဥပမာ ကျွန်မက နေရာနဲ့ ပတ်သက်တဲ့ ဥာဏ်နဲ့ ယုတ္တိနဲ့ သင်္ချာနဲ့ ပတ်သက်တဲ့ ဥာဏ်မှာ သိပ်မစွမ်းဘဲ ဘာသာစကားနဲ့ ပတ်သက်တဲ့ ဥာဏ်နဲ့ ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ဥာဏ်မှာ ပိုအားသန်လို့ အင်ဂျင်နီယာ အဖြစ်လုပ်ရင် မပေါက်မြောက် နိုင်ပေမယ့် ကျောင်းဆရာမ အဖြစ်လုပ်ရင် ပိုအဆင်ပြေတယ်။ သို့သော်လည်းပဲ ဇာတိဥာဏ် ရှိပေမယ့် အဲဒီ ဥာဏ်ရင့်သန်ဖို့ အခွင့်မရှိရင်ရော၊ ကိုယ်ပိုင် ကြိုးစားမှု မရှိရင်ရော ဇာတိဥာဏ်ရဲ့ အစွမ်းအစ ပေါ်မထွက်လာနိုင်ဘူး။ ဒီတော့ ကျောင်းမှာ ကလေးတွေက ဥာဏ်မျိုးစုံကို ရင့်သန်ဖို့ အခွင့်ရှိဖို့ အထူးလိုအပ်တယ်လို့ ကျွန်မ မြင်တယ်။ အဲဒီသီအိုရီက အမေရိကန် ပညာရေး စနစ်မှာ တစ်စတစ်စ အရာတွင်လာလို့ တက္ကသိုလ်ဝင်ဖို့ လိုအပ်ချက်တွေကလည်း ပြောင်းလဲလာပြီး ၀င်ခွင့်က စာမေးပွဲ အမှတ်စာရင်းတစ်ခုတည်း အပေါ် မှာတည်တယ်ဆိုတာ မဟုတ်တော့ဘူး။

မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံက ဥာဏ်အကြောင်းနဲ့ ပတ်သက်ပြီး ယူဆချက်တွေ မတူဘူးဆိုတော့ ပညာရေး စနစ်တွေကို နှိုင်းယှဉ်လို့ မလွယ်ပေမယ့် နှစ်နိုင်ငံစလုံးက တစ်မျိုးစီ လူငယ်တွေအတွက် အကျိုးရှိပါတယ်။ နောက်ဆိုရင် ကျွန်မ မြန်မာ ပညာရေးနဲ့ ပတ်သက်တဲ့ယူဆချက်တွေအကြောင်း ပိုလေ့လာ ချင်ပါတယ်။ ဥပမာ မြန်မာပြည်မှာရှိတုန်းက ကာယအင်အားနဲ့ ဥာဏအင်အား အကြောင်း ကြားဖူးပေမယ့် ဒီအင်အားနှစ်ခုက ဘယ်လိုကွာ သလဲဆိုတာ ကျွန်မ စိတ်ဝင်စားတယ်။ ကာယ အင်အားက ကိုယ်နဲ့ပတ်သက် တဲ့ဥာဏ်နဲ့ ဆင်သလားဆိုတာ ကျွန်မ စဉ်းစားနေပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မ ဒီအကြောင်း တွေကိုလေ့လာဆွေးနွေးရင် တခြားပညာရေးကို စိတ်ဝင်စားတဲ့ လူတွေက မြန်မာ့ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီးတော့လည်း ဗဟုသုတ ရကြမယ်လို့ ယူဆပါတယ်။


နှင်းဆီ


နှင်းဆီဟာ ကော်နဲလ်တက္ကသိုလ်မှာ ပညာရေးဆိုင်ရာ ပါရဂူဘွဲ့ တက်ရောက်နေတဲ့ အမေရိကန်ကျောင်းသူ ဖြစ်ပါတယ်။ အမည်ရင်းက Rose Metro ဖြစ်ပြီး သူဟာ ကော်နဲလ်တက္ကသိုလ်မှာပဲ မြန်မာစာကို သင်ယူခဲ့ပါတယ်။ သူ မြန်မာစာ လေ့လာနေတာ နှစ်ပေါင်းအတော်ကြာနေပြီ ဖြစ်ပါတယ်။ သူ အဓိက စိတ်ဝင်စားတာက ပညာသင်ကြားတဲ့ နည်းလမ်းအသွယ် သွယ်ရဲ့ သမိုင်းကြောင်းပဲ ဖြစ်ပါတယ်။ သူဟာ ကျောင်းတစ်ဖက် တက်သလို အမေရိကမှာရှိတဲ့ အထက်တန်းကျောင်း တစ်ကျောင်းမှာလည်း ဆရာမအဖြစ် အလုပ် လုပ်နေပါတယ်။ အခုဖော်ပြတဲ့ ဆောင်းပါးဟာ သူကိုယ်တိုင် မြန်မာဘာသာနဲ့ ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ် ဖြစ်ပါတယ်။ အမေရိကန် ကျောင်းသူ တစ်ယောက်ရဲ့ မြန်မာဘာသာနဲ့ ရေးထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။ ဖူးငုံတို့အနေနဲ့ သူ့ဆောင်းပါးနဲ့ပတ်သက်ပြီး ဝေဖန် အကြံပေးလိုတာ ဖြစ်စေ၊ သူ့ကို တစ်ခုခု မေးမြန်းချင်တာဖြစ်စေ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း ကို စာရေးသားပေးပို့နိုင်ပါတယ်။ သူ့ကို တိုက်ရိုက် စာရေးဆက်သွယ်ချင်ရင်တော့ rose.metro@gmail.com This e-mail address is being protected from spambots. You need JavaScript enabled to view it သို့ စာရေးသား ဆက်သွယ်နိုင်ကြောင်းပါ။

အယ်ဒီတာ

5 comments:

kay said...

စိတ်ဝင်စားစရာကောင်းတာပဲ..။ ဗမာစာကို ဗမာတယောက်လို ကောင်းကောင်းရေးနိုင်တယ်။

မြန်မာကျောင်းဆရာ said...

ဟုတ်ပါတယ်။ ဆရာအတတ်ပညာ သင်တန်းအချို့မှာလည်း မြန်မာဘာသာနဲ့ နိဒါန်းပျိုး ဆွေးနွေးတတ်ပါသေးတယ်။

ပိုင် (Pi) said...

စာရေးသူက မြန်မာစာ အရေးအသားကတော့ အံ့မခန်းပါပဲ။

ဆရာရေ မြန်မာပြည်က တက္ကသိုလ်ဝင်ခွင့် စနစ်ကြီးကတော့ ၀ယ်လိုအားနဲ့ ရောင်းလိုအား ပြဿနာကို အလွယ်နည်း (ဒါမှမဟုတ် အလွဲနည်း) နဲ့ ဖြေရှင်းတာလို့ မြင်ပါတယ်။ စီးပွားရေးကြောင့်ဖြစ်စေ၊ အမြစ်တွယ်နေတဲ့ လူမှုရေးအမြင်တချို့ကြောင့် ဖြစ်စေ၊ ဆရာဝန်၊ အင်ဂျင်နီယာ စတဲ့ လိုင်းတွေက လူကြိုက်များတော့ အဲဒီဝယ်လိုအားနဲ့ ရောင်းလိုအားကို အမှတ်ပေါင်းနဲ့ သတ်မှတ် ဈေးဖြတ်လိုက်တာပဲ။ ဖြစ်သင့်တာကတော့ မနှင်းဆီပြောသလို လျှောက်ထားတဲ့ ကျောင်းသားရဲ့ ဉာဏ်အမျိုးအစား အစွမ်းအစပေါ်မှာ မူတည်ပြီး ဘာသာရပ်နဲ့ ကိုက်ညီတဲ့၊ ဘာသာရပ်အပေါ်မှာ စိတ်ဝင်စားတဲ့ ကျောင်းသားမျိုးကို ရွေးထုတ် ခေါ်ယူရမှာပေါ့။ ဒါပေမယ့် အဲဒီလိုမျိုး လုပ်ဖို့က အမှတ်ပေါင်းနဲ့ ဖြတ်တာထက် စာရင် ခက်တယ်လေ ဆရာရဲ့၊ အဲဒီတော့ အလွယ်လမ်း လိုက်ကြတာပေါ့။ ဒါပါပဲ။

ကိုလေး said...

Thanks Rose.
Your burmese writing is better than even you are not a burmese. I like the way you express and the points you show about Burma's education.
I am looking forward to read your writing again.
With many Thanks
Thu Ta Maung

လသာည said...

ကျွန်မက ပညာရေးစိတ်ပညာကို လေ့လာနေတဲ့ ကျောင်းသူပါ။ ဒီဆောင်းပါးကို ဖတ်ရတာ အရမ်းကို ဗဟုသုတလည်းရ၊ အတွေးတွေကိုလည်း ရစေပါတယ်.။

ကျွန်မအခု ကျောင်းတက်နေတဲ့ ဂျပန်နိုင်ငံမှာလည်း ကျောင်းသားရဲ့ အရည်အချင်းကို ဘာသာရပ်နဲ့ သတ်မှတ်တာ မဟုတ်ပဲ တက္ကသိုလ်အဆင့်နဲ့ပဲ သတ်မှတ်ကြပါတယ်.။
သူတို့က “ဘာသာရပ်တိုင်းဟာ အရည်အချင်းကောင်းသူလိုတာပဲ၊ ဘာကြောင့် မင်းတို့မြန်မာနိုင်ငံမှာ ဥာဏ်ကောင်းသူ (တက္ကသိုလ်ဝင်စာမေးပွဲ ၀ါ ဆယ်တန်းစာမေးပွဲ အမှတ်ကောင်းသူ)က သိပ္ပံသွားပြီး မကောင်းတဲ့သူက ၀ိဇ္ဖာသွားရတာလဲဆိုတာ နားမလည်ဘူး”လို့ မကြာခဏ ဝေဖန်ခံရပါတယ်..။

နောက်ဆရာအတတ်သင်ကိစ္စတွေနဲ့ ပတ်သက်ပြီးလည်း မြန်မာပြည်မှာ ဆယ်တန်းအောင်ရင် မူလတန်းပြ (ကျောင်းလုပ်သား)၀င်လျှောက်လို့ရပြီး ဘွဲ့ရရင် အလယ်တန်းပြ (မူ၊အုပ်)၊ မာစတာရရင် (သို့မဟုတ် ဘီအီးဒီ အောင်ရင်) အထက်တန်းပြဆိုတာမျိုး ရှိပါတယ်။

ဆရာတွေရဲ့လစာကလည်း မူလတန်းပြက လစာအနည်းဆုံးဖြစ်ပြီး အလယ်တန်းပြ၊ အထက်တန်းပြ ဖြစ်ဖို့ သင်တန်းတွေတက် ရာထူးယူရတယ်။ ဒီတော့ ဆရာအရည်အချင်းတွေ မပြည့်ခင် မူလတန်းပြဖြစ်နေရပြီး၊ အရည်အချင်းနဲ့ လုပ်သက်ရလာရင် လစာတိုးချင်တာမို့ အလယ်တန်း၊ အထက်တန်းပြ လုပ်ရတာမျိုး ဖြစ်လာပါတယ်။

တကယ်တော့ စိတ်ပညာရှုထောင့်က ကြည့်ရင် မူလတန်းပညာရေးဟာ တကယ့်ကို အရေးကြီးကြောင်း သိစေချင်တာပါပဲ ရှင်..။

 

© 2007 IngridGrey By Arephyz