Monday, January 18, 2010

ကလေးဗဟိုပြု ပညာရေး အပိုင်း (၁) စာသင်ခန်းအတွင်းက တစ္ဆေတစ်ကောင်

ကလေးဗဟိုပြုပညာရေးမှာ စာသင်ကြားနည်းတွေကိုသာအဓိကထားပြောင်းလဲရုံနဲ့မလုံလောက်ပါ။ ကလေးဗဟိုပြု စဉ်ဆက်မပြတ်ဘက်စုံစစ်ဆေးခြင်းကို မလွဲမသွေဆောင်ရွက်သင့်ပါတယ်။

သိန်းနိုင်

ဆရာအတတ်သင် ကောလိပ်များတွင် “ကလေးဗဟိုပြုပညာရေး” ကို ကျင့်သုံးရန် အတွက် စာသင်ကြားခြင်း နည်းလမ်းများကို ကျယ်ပြန့်စွာ လေ့လာကြရပါသည်။ ကလေး ဖွံ့ဖြိုးမှု ပညာ၊ သင်ယူ လေ့လာခြင်း သဘောတရား၊ စွမ်းရည် အထွေထွေနှင့် သင်နည်းများကို ဆက်စပ်၍လည်း ဆည်းပူးခဲ့ကြသည်။ စီမံချက်ဝင်မြို့နယ်များတွင်လည်း အခြေခံပညာ ဦးစီးဌာနနှင့် နိုင်ငံတကာ အန်ဂျီအိုများ၊ ယူနီဆက် - မြန်မာတို့မှ ကမကထပြု၍ ရက်တိုသင်တန်းများကို ဖွင့်လှစ်ပေး ကြသည်။ အထူးသဖြင့် စာသင်ကြားနည်းများကို အဓိကထား ပြောင်းလဲခြင်းကို တွေ့မြင်ရပါသည်။ ကလေးဗဟိုပြု ပညာရေး ဖြစ်ထွန်းရန်မှာ ပညာရေး၏ ကဏ္ဍတိုင်းမှာ ကလေးကို ဗဟိုပြု ရမည်ဟု ရိုးရှင်းစွာ နားလည်နိုင် ၏။ ကလေးဗဟိုပြု သင်ကြားနည်း ဖြစ်ရုံနှင့် လုံလောက်ပါ၏လော။ အခြား မည်သည်တို့ကို ဗဟိုပြုရပါနည်း။

ကလေးဗဟိုပြုဟု ဆိုကြရာဝယ် ဆရာကို ဗဟို မပြုတော့ဟူ၍ များသောအားဖြင့် သိမြင်ထားကြသည်။ မှန်သင့် သလောက်တော့ မှန်ကန်ပါသည်။ သို့သော် ဤမျှနှင့် မလုံလောက်သေးပါ။ ကလေးဗဟိုပြုဟု ဆိုသည်နှင့် ပထမဆုံး အနေဖြင့် ဗဟိုမပြုအပ်သော အရာများကို နားလည်ထားကြသင့်သည်။

(၁) ဆရာဗဟိုမပြုခြင်း (သင်နည်း)
(၂) ဖတ်စာအုပ်ဗဟိုမပြုခြင်း (အကြောင်းအရာ)
(၃) ဘာသာရပ် ဗဟိုမပြုခြင်း (ပညာရပ်နယ်ပယ်)
(၄) စာမေးပွဲ ဗဟိုမပြုခြင်း (စစ်ဆေးမှု)
(၅) အလွတ်ကျက်မှတ်၊ အာဂုံရွတ်ဖတ်မှုကို ဗဟိုမပြုခြင်း (လေ့လာပုံ)
(၆) အဆင့်တစ်၊ ပထမကို ဗဟိုမပြုခြင်း (ချီးကျူးဂုဏ်ပြုပုံ)

အပြောကျယ် ပြန့်လှပါသည်။ ကလေးဗဟိုပြုပညာရေးဟု ခေါ်ဆိုထိုက်အောင် အားထုတ်ရာတွင် အနည်းဆုံးအားဖြင့် ဤငါးမျိုးကို ဆက်စပ် ဆောင်ရွက်နိုင်ရာသည်။

(၁) ကလေးဗဟိုပြု သင်ကြားခြင်း၊ (သင်နည်း)
(၂) ကလေးဗဟိုပြု အကြောင်းအရာ (သင်ခန်းစာ၊ အကြောင်းအရာ၊ ပညာရပ်)
(၃) ကလေးဗဟိုပြု စဉ်ဆက်မပြတ်၊ ဘက်စုံ စစ်ဆေးခြင်း (စစ်ဆေးမှု)
(၄) ကလေးဗဟိုပြု ချီးကျူး ဂုဏ်ပြုခြင်း (ချီးကျူးခြင်း)
(၅) စဉ်းစား တွေးခေါ်မှုဖြင့် လေ့လာခြင်းကို ဗဟိုပြုခြင်း (သင်ယူလေ့လာပုံ)
ဤ ၅ မျိုးကို စုစည်း၍ “ကလေးဗဟိုပြု သင်ရိုးညွှန်းတမ်း” ဟု ခေါ်ဆိုနိုင်ပါသည်။

ယခုအပတ်တွင် ပညာရည် တိုးတက်မှုကို တိုင်းတာစစ်ဆေးခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပါမည်။

တစ်ဆောင်တစ်ရောင် စာမေးပွဲစနစ်

အစဉ်အဆက် မြန်မာ့ပညာရေးကို လွှမ်းမိုးနေခဲ့သော “တစ်ဆောင်တစ်ရောင်” စာမေးပွဲစနစ်၏ ဆိုးကျိုးများကို ဤနေရာတွင် အကျယ်ချဲ့မဆွေးနွေးတော့ပါ။ မူလတန်းမှစတင်ကာ ပညာရေးဟု ဆိုလိုက်သည်နှင့် အားလုံးမှ “စာမေးပွဲ” ကို ပြေးမြင်ခဲ့ကြသည်။ ကျောင်းပညာရေး၏ ကောင်းမြတ်သော ရည်ရွယ်ချက်များမှာ ဤစာသင်ခန်းများအတွင်း မွေးထားသော “တစ္ဆေကြီး” ၏ အချိန်ပြည့် ပြုစားမှုကြောင့် စုန်းစုန်းမြ§ပ်လုနီးပါး ပျောက်ကွယ်ခဲ့ရသည် မဟုတ်ပါလော။ ထိုမျှသာမကသေး။ မျိုးဆက်များကို အဂတိ တရားလေးပါး မရှောင်ရှားနိုင်စေရန်ကိုလည်း တမင်တကာ ဖန်တီးထား ဘိသကဲ့သို့ ဖြစ်ခဲ့ရချေသည်။ စာမေးပွဲများ အောင်မြင်သွားရုံနှင့် စာအမှန်တကယ်တက်မြောက်သွားပါသလား။ အထူးပြုပြင် ပြောင်းလဲရမည်ကို အားလုံးအနေဖြင့် ကိုယ်တိုင် ခံစား သိမြင်ပြီးဖြစ်ပါလိမ့်မည်။ သို့ဖြစ်လေရာ စဉ်ဆက်မပြတ်နှင့် ဘက်စုံ စစ်ဆေးခြင်း continuous and comprehension assessment ကို ကျင့်သုံးရန် လိုအပ်ချက်ကိုလည်း ငြင်းဆိုမည် မဟုတ်ဟု ယုံကြည်ပါသည်။

စစ်ဆေးခြင်းဆိုရာဝယ်

“ပညာရေးဆိုင်ရာ စစ်ဆေးခြင်းစာအုပ်” ကို ရေးသားပြုစုခဲ့သူ ပီတာ အိုင်ရာဆီယန် Peter Airasian မှ ဤသို့ တင်ပြခဲ့သည်။ “ပညာရည်တိုးတက်မှု စစ်ဆေးခြင်းဆိုတာဟာ ဖြစ်စဉ်တစ်ခုပါ။ စာသင်ခန်းအတွင်းမှာ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ရာ အချက်အလက်တွေ ရယူခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် သတင်းအချက်အလက်တွေကို အဓိပ္ပါယ် ဖွင့်ဆိုခြင်း တွေပါဝင်တယ်။ တပည့်လေးတွေနဲ့ပတ်သက်လို့ အချက်အလက်တွေ၊ သင်ကြားနည်းလမ်းတွေ၊ စာသင်ခန်းတွင်း အခြေ အနေတွေ သိရှိဖို့ စုဆောင်းရတယ်။” ဤအဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ကျယ်ပြန့်သော သဘောရှိ၏။ ဤကဲ့သို့ စစ်ဆေးခြင်း နည်းလမ်းကို အလေးအနက်ထားပြီး ကျောင်းများတွင် အသုံးချမည်ဆိုပါက ကျောင်းသားများ၏ သင်ယူလေ့လာပုံနှင့် စဉ်ဆက်မပြတ် သင်ယူ လေ့လာခြင်းတို့အတွက် အကျိုးများစွာရှိမည်။

ဖြစ်ပုံ

စာသင်ကြားခြင်းနှင့် သင်ယူခြင်းဖြစ်စဉ်များတွင် စစ်ဆေးခြင်းအပိုင်းကို အသေအချာသိနားလည်မှုမရှိခြင်း၊ တလွဲ နားလည်ထားခြင်းတို့ကြောင့် ဆရာမှ ကျောင်းသားများကို ရှင်းလင်းခြင်းမရှိဘဲ A, B, C, D စသည့် စကားလုံး များဖြင့် ဖြစ်စေ၊ ရမှတ်ရာခိုင်နှုန်းဖြင့်ဖြစ်စေ ပေးကြ၏။ မိဘများနှင့် ကလေးများအနေဖြင့်မူ မည်မျှအထိ ကောင်းစွာ သင်ယူ လေ့လာဖြစ်ခဲ့သည်ကို သူတို့ဖာသာ အဓိပ္ပါယ်ကောက်ယူ ကြရလေသည်။ မိဘများမှ ကလေးများအပေါ်တွင် “တော်လိုက်တာ” “သိပ်ညံ့တာဘဲ” “မဆိုးပါဘူး” စသည်ဖြင့် (တလွဲ) တံဆိတ်များ ကပ်ကြတော့သည်။ ဤသို့ စစ်ဆေးခြင်း နှင့် အဓိပ္ပါယ် ဖွင့်ဆိုမှုများကြောင့် ကျောင်းပညာရေး၏ အဓိက ရည်မှန်းချက် ဖြစ်သော ကလေးတိုင်း သင်ယူ လေ့လာခွင့် ရရှိစေရန်နှင့် ကလေးဗဟိုပြုပညာရေးဆိုသည့် အခြေအနေတို့မှာ ထင်သလောက် ခရီးမပေါက်သေးပါ။

သုံးပွင့်ဆိုင် တွေ့ဆုံရေး

“မိဘ၊ ဆရာ ပူးပေါင်း ကလေးပညာကောင်း” ဟူ၍ လေးနက်သော မြန်မာ့ ပညာရေး ဆိုရိုးစကားကို မည်မျှအထိ လိုက်နာ ကျင့်သုံးကြပါသနည်း။ ၀မ်းနည်းဖွယ်ရာ ကောင်းသည်မှာ မိဘတစ်ဦးဦး ကျောင်းသို့ လာပြီဆိုပါက ကျောင်း စည်းကမ်း ဖေါက်ဖျက်မှုဖြင့် ပြစ်ဒဏ်ခတ်၊ အရေးယူခြင်းခံရသော ကျောင်းသားတစ်ဦးဦးကြောင့် ကျောင်းအုပ်ကြီးက ခေါ်ယူတွေ့ဆုံပြီး ခံဝန်ချက် လက်မှတ်ရေးထိုးခိုင်းရန်သာ ဖြစ်လေသည်။ ပညာရည်တိုးတက်မှုအတွက် ကလေးတိုင်း၏ မိဘများနှင့် ဆရာ ဆရာမများ မည်သို့ ပူးပေါင်းဆောင်ရွက်ကြသည်ကို ဆန်းစစ်ချိန်တန်ပါပြီ။ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေကြသင့်သည်။ ရိုးရာဆိုရိုးစကားများမှာ စာအုပ်ထဲတွင်သာ သိမ်းဆည်းထားရန် မဟုတ်ပါ။ ကျောင်းဆောင်ပုဒ် တို့မှာလည်း ကျောင်းဝင်းအတွင်း ချိတ်ဆွဲထားရုံသာ မဖြစ်သင့်ပါ။

မည်သည့် စစ်ဆေးမှုမဆို တရားဝင်ရန်နှင့် အသုံးပြုနိုင်ရန်မှာ ကျောင်းသားများ ဘာကို လေ့လာ ဆည်းပူး ပြီးခဲ့သည်၊ မည်မျှအထိ တတ်မြောက် နားလည်သည်တို့ကို ညွှန်ပြထားရှိရမည်။ သင်ယူလေ့လာမှု၏ အရေးကြီးသော သွင်ပြင် လက္ခဏာများကို ရှင်းလင်းစွာ ဖော်ပြ ထားရုံမကဘဲ အသေးစိတ်ကိုလည်း ဆွေးနွေးထားရှိ ပြန်သည်။ ပို၍ အရေးကြီးသည့် အချက်မှာ စစ်ဆေးမှု၏ ရလဒ်တို့ကို ကျောင်း ဆရာဆရာမများအကြား၊ မိဘနှင့် ဆရာအကြား၊ ဆရာနှင့် ကျောင်းသား အကြား၊ ကျောင်းအုပ်နှင့် ဆရာမများအကြား၊ ကျောင်းအုပ်နှင့် မိဘများ အကြားတို့တွင် အဓိပ္ပါယ်ရှိပြီး ပညာရေး အပြု သဘောဆောင်သော တွေ့ဆုံ ဆွေးနွေးမှုများအတွက် အသုံးပြု သင့်ခြင်းပင်ဖြစ်သည်။ ဤ ဆွေးနွေးမှုများတွင် ပါဝင်သူ အားလုံးမှာ သင်ကြားခြင်း၊ စီမံခန့်ခွဲခြင်းနှင့် သင်ယူခြင်း ဖြစ်စဉ်တို့တွင် သက်ဆိုင်ရာအလိုက် ပိုမို ကောင်းမွန်ပြီး အကျိုး ဖြစ်ထွန်းသော လုပ်ဆောင်ချက်များ အတွက် ကိုယ်စီ တာဝန်ယူကြပြီးလျှင် ပညာရေး တိုးတက်မှုအဆင့်ကို မြ§င့်တင်ပေး နိုင်ပါလိမ့်မည်။ မတွေ့ဆုံ၊ မဆွေးနွေးခြင်းဘဲနေပါက တစ်ကျောင်းလုံး စစ်ဆေးခြင်းနှင့် ရီပို့ဒ်ကဒ်များ ပို့ပေးခြင်းမှာ သိပ်အကျိုး မထူးလှပါချေ။

တွေ့ဆုံရာတွင်လည်း ၆ လပတ် ရီပို့ကဒ် ပေးပို့သည့် အချိန်တိုင်း ကလေးတိုင်း၏ မိဘများနှင့် အတန်းပိုင်ဆရာတို့ တစ်ဦးလျှင် ၅ မိနစ်၊ ၁၀ မိနစ်ခန့်တွေ့ဆုံပြီး ပညာရည် တိုးတက်မှုအပိုင်းကို ဆွေးနွေးကြခြင်းဖြစ်သည်။ မိဘတိုင်းမှ လာရောက် တွေ့ဆုံကြရမည်။ ကလေးများလည်း လိုက်ပါနိုင်သည်။ ဤသို့ “မိဘ” “ဆရာ” “ကလေး” သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမှုမှာ ပညာရေး တန်ဖိုးများစွာ ပါရှိလေသည်။

အချက်အလက်ရယူပါ

ပညာရေး စစ်ဆေးခြင်း ဖြစ်စဉ်တွင် ပထမဆုံး အဆင့်ဖြစ်သည်။ ဆရာအတတ်ပညာသင်တန်းများတွင် မေးခွန်းလွှာ မည်သို့ တည်ဆောက်ရမည်၊ မေးခွန်းထုတ်ပုံ ထုတ်နည်းတို့ကို သင်ယူလေ့လာကြရသည်။ သို့ရာတွင် “တရားဝင်မှုရှိသော စစ်ဆေးခြင်း” ကို မည်သို့ပြုလုပ်ရမည်ကိုကား ဆရာတိုင်း အသေအချာသိချင်မှ သိပါမည်။ “တရားဝင်မှုရှိသော စစ်ဆေးခြင်း” ဟုဆိုရာဝယ် သင်ယူ လေ့လာခြင်းကို တိကျစွာ တိုင်းတာ စစ်ဆေးနိုင်ခြင်းမည်သည်။ စာသင်ခန်းတွင်းမသင်သော အကြောင်းအရာများ၊ လွန်စွာ လှည့်စား၍ မေးခွန်းထုတ်ခြင်းများမှာ စိတ်ဝင်စားဖွယ်ရာ၊ ပျော်စရာ ဟု ထင်မြင်ကောင်း ထင်မြင်ပါလိမ့်မည်။ လုံးဝ မပြုလုပ်အပ်သောအရာဖြစ်သည်။ တိုင်းတာစစ်ဆေးခြင်း၏ ကိုးစားခိုင်လုံ နိုင်မှုကို များစွာထိခိုက်စေပါသည်။ အချို့သောဆရာများမှာ ကလေးများမဖြေဆိုနိုင်သောအခါဝယ် ၀မ်းသာခြင်းပင် ဖြစ်တတ်ကြသည်။ ဘာသာရပ် အကြောင်းအရာမှာ ခက်ခဲခြင်း၊ သူတို့၏ သင်ကြားခြင်းမှာ အဆင့်မြင့်လွန်းစွာ ရှုပ်ထွေးခြင်း တို့ကြောင့်ဖြစ်သည်ဟု ယူဆကြပြန်သည်။ ဤဆရာဆရာမများ သတိမပြု မိသောအချက်မှာ စာသင်ယူလေ့လာခြင်း မဖြစ်ခဲ့ခြင်းပင်။ “စာမသင်တတ်သော” ကျောင်းဆရာ ဆရာမများ ဖြစ်ကြရရှာသည်ကို သူတို့ကိုယ်တိုင် မသိမမြင်နိုင်ခြင်းပင်တည်း။ သို့ဖြစ်လေရာ ကျောင်းသားများ၏ ပညာရေးတွင် ကျရှုံးမှုမှာ ညံ့လွန်းသော စာသင်ကြားခြင်း (သို့မဟုတ်) တရား မ၀င်သော စစ်ဆေးခြင်း နည်းလမ်း (သို့မဟုတ်) ၂ ခု စလုံး ကြောင့်ဖြစ်နိုင်ပါသည်။ ကျောင်းသားများ၏ သင်ယူ လေ့လာနိုင်စွမ်းကြောင့် မဟုတ်ပါ။

ခွဲခြမ်းစိတ်ဖြာခြင်း

အပတ်စဉ်၊ လပတ်၊ အခန်းဆုံး မေးခွန်းထုတ်စစ်ဆေးမှုမှာ စစ်ဆေးခြင်းပုံစံ တစ်မျိုးသာလျှင် ဖြစ်ပါသည်။ အသုံးပြုရမည့် အခြားသော စစ်ဆေးမှုနည်းလမ်းများစွာရှိနေသေးသည်။ စီမံကိန်းသင်ခန်းစာများ၊ နှုတ်မေး၊ နှုတ်ဖြေ၊ အတန်းရှေ့ထွက် တင်ပြဆွေးနွေးခြင်းများ၊ ဖိုင်တွဲစနစ်ဖြင့် စစ်ဆေးခြင်း၊ အုပ်စုအလိုက် စူးစမ်းလေ့လာခြင်း စသည်တို့မှာ အခြားသော စစ်ဆေးနည်းလမ်း အချို့ဖြစ်ပါသည်။ ကလေးများမှာ သင်ယူလေ့လာပုံမတူညီတတ်ပါ။ သူတို့အားလုံးမှာ သူတို့နည်း သူတို့ဟန်ဖြင့် အကြောင်းအရာအသစ်၊ အယူအဆအသစ်ကို သိမြင်နားလည်ရန်အားထုတ်ကြခြင်းဖြစ်သည်။ တစ်ပုံစံ တည်း မသတ်မှတ်နိုင်ပါ။ ထို့အတူ စစ်ဆေးရာတွင်လည်း ပုံစံတစ်မျိုးတည်းကို အသုံးမပြုသင့်ပါချေ။ မတူကွဲပြားသော သင်ယူလေ့လာပုံတို့ကို အကျူံးဝင် စစ်ဆေးနိုင်စေရန် အလို့ငှါ ပညာရည်တိုးတက်မှုကို တိုင်းတာ စစ်ဆေးသော နည်လမ်း အမျိုးမျိုးကို မျှတစွာ အသုံးပြုမှသာလျှင် ကောင်းသော စစ်ဆေးမှုဟု ဆိုနိုင်ပါလိမ့်မည်။

အဓိပ္ပါယ်ဖွင့်ဆိုရှင်းလင်းခြင်း

မိဘများနှင့် ကလေးများမှာ ကောင်းစွာ နားလည်သဘောပေါက်မှု မရှိနိုင်သော အက္ခရာစာလုံးများနှင့် ရမှတ် ရာခိုင်နှုန်း ကိန်းဂဏန်းများမှာ အဓိပ္ပါယ်များစွာမရှိပါ။ စစ်ဆေးမှုကို တိုင်းတာသော အက္ခရာစာလုံးများနှင့် ရမှတ် ရာခိုင်နှုန်းတိုင်းမှ အရေးကြီးသော တစ်စုံတစ်ရာပြောပြနေသည်မဟုတ်ပါလော။ ကလေး၏ ပြီးခဲ့သည် အပတ်၊ လ၊ နှစ်ဝက်တွင် ဖြတ်သန်း ခဲ့သော ပညာသင်ယူရေးခရီးစဉ် ပုံပြင်ပင်တည်း။ စစ်ဆေးမှုရလဒ်ကို အဓိပ္ပါယ်ပြည့်ဝစွာ သိမြင်နားလည်လျှင် ကလေး၏ စွမ်းဆောင်နိုင်ရည်ကို တိတိကျကျ ပြည့်ပြည့်စုံစုံ သိမြင်နိုင်မည်။
ဝမ်းနည်းစရာကောင်းသည်မှာ ကလေးဗဟိုပြု ပညာရေး ကို အကောင်အထည် ဖော်ဆောင်ရန် ကြိုးပမ်းချက်များတွင် ဤအပိုင်းကိုကျယ်ပြန့်စွာ မဆွေးနွေး နိုင်သေးခြင်းပင် ဖြစ်ပါသည်။ ဆရာအတတ် ပညာရေး တွင်လည်း အသေအချာ မလေ့ကျင့်ပေးကြသေးပါ။ ပညာရေး စာအုပ်များတွင်လည်း နောက်ဆုံး အခန်းအနေဖြင့် ထားရှိပြီး ပါရုံဆိုကာမျှ ထည့်သွင်းထားခြင်းကို တွေ့ရပြန်ပါသည်။ ပညာရည် တိုင်းတာ စစ်ဆေးမှုမှာ ပညာသင်ကြားရေးနှင့် သင်ယူရေးတွင် စတင်သည်နှင့် စဉ်ဆက်မပြတ် လုပ်ဆောင်ရမည့် အရေးကြီးသော အစိတ်အပိုင်းဖြစ်ရသည်ကို အဘယ်မှာ နားလည်နိုင်ပါမည်နည်း။ ပညာရည် စစ်ဆေးမှုရလဒ်များကို ထိရောက်စွာ အသုံးပြု နိုင်ရန်အတွက် ဆရာဆရာမများ အနေဖြင့် သင်ခန်းစာ ပထမဆုံးအချိန်ကတည်းကပင် ဤအချက်ကို အလေးအနက်ထား စဉ်းစား ရပါလိမ့်မည်။

သုံးပွင့်ဆိုင် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း

စစ်ဆေးမှု ရလဒ်များမှာ စာသင်ကြားခြင်းနှင့် စာသင်ယူခြင်း တိုးတက် ကောင်းမွန်ရန်အတွက် ဖြစ်သည်။ ၂ ဖက်စလုံးကို စစ်ဆေးမှုဖြစ်၏။ စစ်ဆေးမှု ရလဒ်များကို ဆရာဆရာမများမှ မိမိတို့၏ စာသင်ကြားမှု နည်းလမ်းများ အပေါ်တွင် ပြန်လှန် သုံးသပ်ခြင်းဖြင့် တိုးတက်မှုကို ရှာဖွေနိုင်သည်။ ကလေးများ၏ တတ်မြောက်မှု၊ တစ်တန်းလုံး အခြေအနေ၊ ဘာသာရပ် တစ်ခုလုံးအပေါ် သိနားလည်မှုနှင့် အထက်ပါအချက်များ ဆက်စပ်နေမှုတို့ကို ရလဒ်များမှ ပြောပြနေသည်။ မိဘ၊ ဆရာ၊ ကျောင်းသား နှစ်ပွင့်ဆိုင်၊ သုံးပွင့်ဆိုင် တွေ့ဆုံပြီး ရလဒ်များကို ဆွေးနွေးခြင်း၊ တစ်ဦးချင်း အနေဖြင့် ပြီးခဲ့သည့် လပတ်၊ နှစ်ဝက်တွင် အားနည်းချက်၊ အားသာချက်ကို နှိုင်းယှဉ်ကြည့်ခြင်း၊ ရှေ့လမည့် လများအတွက် လုပ်ဆောင်ရန် အစီအစဉ်များ ရေးဆွဲခြင်း၊ မိဘအပိုင်း၊ ကျောင်းသားအပိုင်း အထူး ကူညီ ပေးနိုင်မည့် နည်းလမ်းများကို ရှာဖွေခြင်း၊ ကုစား ရမည့်အပိုင်းကို ဆရာမှ လေ့လာ သုံးသပ်ခြင်းတို့ ပြုလုပ်နိုင်ကြသည်။ ရီပို့ကဒ်များတွင်လည်း အက္ခရာ စကားလုံး များနှင့် ကိန်းဂဏန်းများအပြင် ဘာသာရပ်အလိုက် ကလေးတစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်လေ့လာပုံနှင့် အောင်မြင်မှုများ၊ အားနည်းချက်များကိုလည်း ရေးသား ဖော်ပြသင့်ပါသည်။ မိဘနှင့် ကလေးများ ကိုယ်တိုင်လည်း ပြန်လှန် သုံးသပ်နိုင်ခွင့်၊ ရေးသားတင်ပြနိုင်ခွင့်အတွက် နေရာထားပေးနိုင်သည်။ ကလေးဗဟိုပြုပညာရေးဟု ဆိုထားသည် မဟုတ်ပါလား။

(ဆက်လက်ဆွေးနွေးပါအုံးမယ်)

0 comments:

 

© 2007 IngridGrey By Arephyz