Sunday, January 3, 2010

အသုံးမပြုသေးတဲ့ ဦးနှောက်များ

ကျောင်းပညာရေးမှာ လက်တွေ့ လုပ်ဆောင်ချက် သင်ခန်းစာတွေပါရှိလာပေမယ့် ဦးနှောက်ကို အသုံးပြုဖို့လည်း သင်ကြားသင့်ပါသည်။

သိန်းနိုင်

ဆရာဆရာမများ လုပ်ငန်းခွင် အရည်အချင်းမြှင့် သင်တန်း in-service course တစ်ခုအတွက် မြန်မာပြည် နယ်စွန် နယ်ဖျား ဤဒေသသို့ ကျွန်တော် ခရီး ထွက်လာခဲ့ပါသည်။ နယ်မြေဒေသ ဗဟုသုတရသဖြင့်လည်းကောင်း၊ ယခင် ဆရာ အတတ် ပညာသင်တန်းများတွင် တက်ရောက်ခဲ့ဘူးသူ အချို့ကို ပြန်တွေ့ရသဖြင့် လည်းကောင်း၊ အတွေ့အကြုံများကို မျှဝေခွင့်၊ လေ့လာ ခွင့်ရသည့်အတွက်လည်းကောင်း အကျိုးများသော ခရီးပါပေ။ အများစုမှာ သင်ကြားနည်း အသစ်များ၊ လက်တွေ့သင်ခန်းစာ activities based learning များကို ပြင်ဆင်ရ၍ မအားလပ်အောင် ရှိနေရကြောင်း၊ သို့သော် ကလေးများ တက်ကြွ ပျော်ရွှင်မှုရှိကြောင်း စသည်ဖြင့် ဆွေးနွေးတင်ပြကြလေသည်။


ဆရာအတတ်ပညာသင်တန်းများတွင် သင်တန်းသူ၊ သင်တန်းသားတိုင်း သင်ခန်းစာများစွာကို လက်တွေ့ ပြင်ဆင်ခြင်း lesson planning ကို အတော်များများ၊ ဘာသာရပ်တိုင်းအတွက် လေ့လာလုပ်ဆောင်ကြရပါသည်။ lesson plan တွင်လည်း ခေတ်မီသော သင်နည်းများအရ လက်တွေ့ လုပ်ဆောင်ချက်များကို ထည့်သွင်းရမည်ဟု မူ ချမှတ်၍ လေ့ကျင့်စေခဲ့သည်။ သင်တန်းသားများအနေဖြင့်လည်း ဦးနှောက်ကို အစွမ်းကုန် ထုတ်သုံးရတော့သည်။ သူတို့ကိုယ်တိုင် ဖန်တီးထားသော သင်ခန်းစာများတွင် စိတ်ဝင်စားဖွယ်ရာ လက်တွေ့လုပ်ဆောင်ချက်များဖြင့် အားရစရာ ကောင်းသည်မှာ အမှန်ပင်။

ပညာရေးပညာရှင် Jean Piaget ၏ သိမှုဖွံ့ဖြိုးမှု သီအိုရီနှင့် တွဲဖက်၍ လက်တွေ့ သင်ခန်းစာများကို သူတို့ လေ့လာ ကြခြင်းဖြစ်၏။ ပညာရှင် သုတေသီ Howard Gardner ၏ ဥာဏ်ရည်အထွေအထွေသီအိုရီအရ သင်ခန်းစာတိုင်းတွင် ဥာဏ်ရည်များအတွက် ပြင်ဆင်ပေးသင့်ကြောင်းကိုလည်း သူတို့ သိရှိကြသည်။

ဤသို့ဖြင့် သင်တန်းကာလ ပြီးဆုံးပြီးနောက်ပိုင်း မိမိတို့ အရပ်ဒေသ အသီးသီးတွင် ကျောင်းဆရာ ဆရာမများ အနေဖြင့် တာဝန် ယူကြရသည့်အခါတွင်လည်း activities များကို သင်ခန်းစာများတွင် ထည့်သွင်း လာကြသည်။ “ကိုယ်တိုင်ပါဝင် လုပ်ဆောင် ခြင်းဖြင့် သင်ယူလေ့လာခြင်း” ဟူသော ကလေးဗဟိုပြု ပညာရေး ဆောင်ပုဒ်ကိုလည်း မြဲမြဲကိုင်စွဲကာ လက်တွေ့ များစွာကို စာသင်ခန်းတွင် အသုံးပြုလာပါ၏။ အလွတ်ကျက်မှတ်ခြင်း အလေ့များ တစတစ ကွယ်ပျောက်လာသည်မှာ ရှားရှားပါးပါး ပညာရေး တိုးတက်မှု ပြယုဒ်တစ်ခု။ လက်တွေ့ လုပ်ဆောင်ချက်များပါရှိသော သင်ခန်းစာများကြောင့် တက်ကြွသော စာသင်ခန်းများ ဖြစ်လာ သည်မှာတော့ အမှန်ပင်။ သို့သော် ပညာရေးဆိုင်ရာ တစ်စုံတစ်ခု လွဲချော်နေပြန်ပြီဟု ခံစား သိမြင့်ခွင့်ရရှိခဲ့သော ခရီး ဖြစ်ခဲ့ပါသည်။ လက်များဖြင့်တော့ တွေ့ပါ၏။ ဦးခေါင်းများဖြင့်ကော တွေ့မြင်ကြပါ၏လော။

သိမှုဆိုင်ရာ အယူအဆ

ပညာရေးအတွေးအခေါ်ပညာရှင် ဂျင်းပီယဂျေး Jean Piaget သည် သိမှုဖွံ့ဖြိုးတိုးတက်မှုသီအိုရီ cognitive development ဖြင့် နာမည်ကျော်သူဖြစ်၏။ အခြားသူများထက် ထူးခြားသည်မှာ သူ့အနေဖြင့် သိမှုဆိုင်ရာ လုပ်ဆောင်ချက် များသည် ဘ၀အတွေ့အကြုံများအပေါ်တွင် များစွာမူတည်နေသည်ဟူ၍ ယုံကြည်သူဖြစ်သည်။ တနည်းဆိုရသော် အတွေ့အကြုံများ လေလေ စဉ်းစားတွေးတောမှု ပိုကောင်းလေလေဖြစ်သည်။ သို့ရာတွင် အတွေ့အကြုံများကို သာမန်မျှသာ ထိတွေ့ရခြင်းကိုကား ပီယဂျေးအနေဖြင့် ဆိုလိုသည့်မဟုတ်ချေ။

အရေအတွက်ထက် အရည်အသွေးအားဖြင့် စုဆောင်းထားရှိသော အတွေ့အကြုံများသာလျှင် သိမှုကို သိသိသာသာ တိုးတက် စေသည်။ သို့ဖြစ်လေရာ စဉ်းစားတွေးတောမှု လွန်စွာ ကောင်းသူတစ်ဦးသည် အတွေ့အကြုံ အားဖြင့် အများဆုံး ဖြစ်ချင်မှ ဖြစ်ပါမည်။ “စမတ်ကျသောသူ” ဟုဆိုရာဝယ် သူ၏ကိုယ်ပိုင် အတွေ့အကြုံ အနည်းငယ် ပင်ဖြစ်စေကာမူ သူ၏ တိုးတက်မှု အတွက် အစဉ်အမြဲပင် အသုံးပြုတတ်သူပင်ဖြစ်သည်။ မတူညီသော အတွေ့အကြုံ အစိတ်အပိုင်းများကို လိမ္မာပါးနပ်စွာ ဆက်စပ်ပြီး အဓိပ္ပါယ်ရှိသော သိနားလည်မှု ဖြစ်စေရန် အားထုတ်ခြင်းဖြစ်၏။ ဤသို့ဖြင့် ဖြစ်စဉ်ဖြစ်ရပ်များ၊ အခြေအနေများနှင့် အယူအဆ များကို သိမြင် နားလည်လာနိုင်သည်။

လက်တွေ့လုပ်ဆောင်ချက်များဖြင့် သင်ကြားခြင်း Hands-on learning

ပီယဂျေး၏ သိမှုဖွံ့ဖြိုးမှု သီအိုရီ အပေါ်တွင် နားလည်မှု လွဲမှားသူတို့က ကျောင်းသားများအား ကိုယ်တိုင် လက်တွေ့ သင်ယူ လေ့လာစေခြင်းကို အလေးထားကြသည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် အထူးထင်ရှားခဲ့၏။ ကိုယ်တိုင် တွေ့ကြုံလေ့လာခြင်း အယူအဆ (လုပ်ဆောင်ချက်ဖြင့် သင်ယူခြင်း) ကို အားပေးခဲ့ကြလေသည်။ ထိုစဉ်က ကျောင်းသားများ သင်ယူ လေ့လာနေ သော အယူအဆများကို တိုက်ရိုက်တွေ့ကြုံစေခြင်း (တွေ့ကြုံနိုင်စေရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်း) ဖြင့် သင်ကြားခြင်းကို အဓိကထားရှိခဲ့သည်။ မည်သို့မည်ပုံ ပြုလုပ်ရမည်ကို ဆရာမှ သရုပ်ပြပြီးလျှင် ကျောင်းသားများမှ ထပ်တူ လိုက်လုပ်စေခြင်း ဖြစ်သည်။ ဓါတ်ခွဲခြင်းအချိန်ပါရှိသော သိပ္ပံ သင်ခန်းစာများတွင် ဤပုံစံမှာ သမားရိုးကျပင် ဖြစ်လေသည်။ အခြားသော ဘာသာရပ် များဖြစ်သည့် လူမှုရေး၊ သင်္ချာနှင့် ဘာသာစကား သင်ခန်းစာများတွင်လည်း ဤပုံစံ၊ ဤနည်းအတိုင်းပင် ဖြစ်လာသည်။

ဆရာဆရာမများမှ သင်ခန်းစာတိုင်းကို ကျောင်းသားများအနေဖြင့် လက်တွေ့ လုပ်ဆောင်သင်ယူနိုင်စေရန်အတွက် လုပ်ဆောင် ချက်များကို အတတ်နိုင်ဆုံး ကြိုးစား ထည့်သွင်းခြင်းဖြစ်သည်။ ငယ်ရွယ်သော မူလတန်းအဆင့်များမှ စတင်ကာ လက်တွေ့ လုပ်ဆောင်ချက်များမှာ လွန်စွာအရေးကြီးလာတော့သည်။

လွဲချော်နေသော အပိုင်း

ကျောင်းသားများကို ကိုယ်တိုင်လုပ်ဆောင်ခိုင်းသည့် လက်တွေ့ လေ့လာလုပ်ဆောင်စေခြင်း hands-on learning ဖြင့် သင်ယူလေ့လာခြင်းမှာ မှားယွင်းသည်ဟု မဆိုလိုပါ။ “ကိုယ်တိုင်ပါဝင်လုပ်ဆောင်ခြင်း” ဟူ၍ဆိုရာဝယ် ပတ်ဝန်းကျင်ရှိ ရုပ်ပိုင်းနှင့် လူမှုရေး ပကတိ အရှိတရားများကို တိုက်ရိုက်တွေ့ကြုံစေ၍ဖြစ်စေ၊ ထိတွေ့ ဆက်ဆံစေခြင်းဖြင့်ဖြစ်စေ အတွေ့အကြုံများကို စုဆောင်းရရှိစေခြင်းဟု ဆိုလိုပါသည်။ ဤသို့ထိတွေ့မှုနှင့် ဆက်ဆံခြင်းမှာ ဘ၀နှင့် ဆက်စပ်နေသော အရာအားလုံးကို သိမြင် နားလည်စေရန် အထောက်အကူပြုနိုင်သည်။ အမှန်တကယ်တွင်လည်း စိတ္တဇဆန်သော စဉ်းစားတွေးတောမှုမှာ လက်တွေ့ကျသော လုပ်ဆောင်ချက်များ၏ ရလဒ် အနေဖြင့် ဖွံ့ဖြိုးလာခြင်းပင်။ စိတ္တဇဆန်သော အတွေးအခေါ်များကို တဖြည်းဖြည်း သိမြင် နားလည် လာခြင်းဖြစ်သည်။

သို့ရာတွင် “လက်တွေ့လုပ်ဆောင်ချက်ဖြင့် သင်ယူခြင်း learning by doing” နည်းလမ်းကို အသုံးပြုပုံနှင့် သင်နည်း မှားယွင်းခြင်းကြောင့် ပညာရေးတွင် ပြဿနာဖြစ်ရလေသည်။ သိပ္ပံ၊ ပထ၀ီဝင်နှင့် သမိုင်းသင်ခန်းစာများတွင် စီမံကိန်း သင်ခန်းစာ များနှင့် အချိန်ယူ လုပ်ဆောင်ရသော အသေးစား သုတေသန သင်ခန်းစာများကို ကျောင်းများတွင် အသုံးပြုလာကြသည်။ သို့သော် စဉ်းစားတွေးတောခြင်း (သို့မဟုတ်) (တွေးတောရန်အတွက် စဉ်းစားခြင်း meta-cognition) ကိုမူကား ဤ သင်ခန်းစာများမှ မဖြည့်ဆည်းပေးနိုင်ခဲ့ပါ။ ဆရာများနှင့် ကျောင်းသားများမှ နောက်ဆုံး ရလဒ်ကို ရရှိစေရန် လုပ်ဆောင်ချက် မျှသာဖြစ်၏။ သင်ခန်းစာ ဦးတည်ချက်များကို ပေါက်မြောက်စေရန်အတွက် ဦးတည်သည်။ သင်ကြားခြင်းနည်းကိုကား ပြည့်ပြည့်စုံစုံ မစဉ်းစားခဲ့ကြပါ။ ဘာ “လုပ်” ရမည်ကို ညွှန်ကြားသော်လည်း ဘယ်လို “တွေး” ရမည်ကိုကား မသင်ကြားခဲ့ပါ။

သို့ဖြစ်ပါ၍ လွဲချော်နေသော အပိုင်းမှာ “ဦးခေါင်းကို” အသုံးပြု သင်ယူခြင်း “heads-on” learning ပင် ဖြစ်တော့သည်။ “လက်တွေ့” တော့ လုပ်ဆောင်ပါ၏။ “ဦးခေါင်း” ကိုမူ သုံးရန် မသင်ကြားခဲ့ပါ။ နှစ်ကာလ ကြာမြင့်စွာပင် ပညာရေးတွင် ဤ အပိုင်းကို အမှတ်တမဲ့ပင် ထားရှိခဲ့သည်။ လက်တွေ့လုပ်ဆောင်ချက်များဖြင့် အလုပ်ရှုပ်နေခဲ့ခြင်းကြောင့်လည်းဖြစ်သည်။ ကျောင်းများတွင် တွေ့မြင်နေရတုန်းပင်။ မူလတန်းစာသင်ခန်းများမှ စတင်ကာ လက်တွေ့လုပ်ဆောင်ချက်များ သက်သက်ဖြင့် သာလျှင် သင်ယူစေခြင်းဖြစ်သည်။ ကလေးများကို သင်ကြားရေးနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်စပ်နေသော လက်တွေ့ လုပ်ဆောင်ချက်များ လုပ်ခိုင်းခြင်း ဖြစ်သည်။ ကျောင်းများမှ ဤနည်းဖြင့် လေ့ကျင့်ခြင်းသည် အယူအဆများ၊ အသိပညာများကို သိရှိ နားလည်စေမည်ဟု ယုံကြည်ထားကြပြန်သည်။ အလိုအလျောက်ပင် ရရှိမည်ဟု ယူဆကြ၏။ ရှင်းပြရန် ခက်ခဲလှသည့် သိမှုဖြစ်စဉ်များ cognitive process အတိုင်း ကလေးများအနေဖြင့် လက်တွေ့မှတဆင့် သင်ကြားနိုင် မည်ဟုလည်း မျှော်လင့်ထားရှိသည်။ ဤသည်မှာ အစဉ်အမြဲ မမှန်ကန်နိုင်ပါ။

လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဦးခေါင်းကို အသုံးပြုခြင်းကို ပေါင်းစပ်ပါ။

(လွန်ခဲ့သော နှစ်တရာကျော် ၁၉ ရာစု စက်မှုခေတ်ဦးပိုင်းက) ခေတ်စားခဲ့သော “အလွတ်ကျက်မှတ်ခြင်း” နှင့် စက်ရုပ်ဆန်စွာ “စာမေးပွဲများတွင် မှတ်မိသမျှကို ပြန်လည်ထုတ်နုတ်ဖြေဆိုခြင်း” အလေ့အကျင့်ထက် “လက်တွေ့ လုပ်ဆောင်ချက် များဖြင့် လေ့လာသင်ယူခြင်း” မှာ အပုံကြီး ခြားနားသည်မှာ မှန်ပါ၏။ ၂၁ ရာစု အသိပညာ ခေတ်တွင်မူကား မလုံ လောက်သေးပါ။ “စဉ်းစားတွေးတောနေသော” ကမ္ဘာကြီးကို ရင်ဆိုင်နိုင်ရန်အတွက် မြန်မာကလေးများကို ပြင်ဆင်ပေးရာဝယ် ဘက်စုံ ပညာရေး အတွက်လည်းကောင်း၊ စဉ်းစားတွေးတောမှု စွမ်းရည် မြင့်မားစေရေးအတွက် လည်းကောင်း၊ တစ်ဦးချင်း၏ မွေးရာပါ ဗီဇ ဥာဏ်ရည်များ မပျက်စီးစေရေးအတွက် လည်းကောင်း ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရန်မှာ အရေးတကြီး လိုအပ် လေသည်။ အဓိကအားဖြင့် “လက်တွေ့လုပ်ဆောင်ချက်များဖြင့် သင်ယူခြင်း Hands-on ” နှင့် “ဦးခေါင်းများဖြင့် စဉ်းစား တွေးတော သင်ယူခြင်း Heads-on” ၂ ခုစလုံး ပါရှိသော ပညာရေးကို ဆိုလိုပါသည်။ စာသင်ခန်းများတွင် လက်တွေ့ လုပ်ဆောင်ချက်များကို “မလုပ်ဆောင်မီ”၊ “လုပ်ဆောင်နေစဉ်” နှင့် “လုပ်ဆောင်ပြီးစီး” သည့် အချိန်တိုင်းတွင် ကလေးများအား “မည်သို့စဉ်းစား တွေးတောရမည်ကို” လည်း သင်ကြားပေးရပါအုံးမည်။

စဉ်းစားတွေးတောရင်း သင်ယူခြင်းဖြစ်မြောက်ရန်အတွက် အားလုံးစဉ်းစားသင့်ပါသည်။

 

© 2007 IngridGrey By Arephyz