Tuesday, December 29, 2009

စာသင်ခန်းအတွင်း အထီးကျန်ဆန်မှု

ကျောင်းသားတွေဟာ သီးသန့်မနေသင့်ပါ။

သိန်းနိုင်

နှစ်ဆယ့်တစ်ရာစု လူသားဟာ ပိုမိုငယ်ရွယ်ပြီး၊ ပြားနေတဲ့ကမ္ဘာမှာရှင်သန်ကြရတာပါ။ ဆိုလိုတာကတော့ အကွာအဝေးနဲ့ အချိန်ကာလကန့်သတ်ချက်တွေကို ကျော်ဖြတ်နိုင်ခဲ့ပြီး လူအချင်းချင်း ဆက်ဆံရေးတွေ၊ အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးပြောဆိုမှုတွေကို တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေနဲ့ ပြုလုပ်လာနိုင်ပါပြီ။ သို့ပေမဲ့ တစ်ဦးချင်း အနေနဲ့ လူအများစုကြီးဟာ အထီးကျန်ဆန်ခြင်းနှင့် ဘေးဖယ်ထားခြင်းကို ခံစားနေကြရတုန်းပါ။

ဆက်သွယ်ရေးနည်းပညာတွေ တိုးတက်ထွန်းကားလာနေပါလျက်နဲ့ ဘာကြောင့် လူသားအချင်းချင်း ဆက်ဆံ ရေးတွေမှာ ပိုလို့ ထိထိရောက်ရောက်မဖြစ်လာသေးတာပါလဲ။ လူတွေကို စုစုစည်းစည်း အတူတကွ ရှိနေစေ သင့်မယ့်အစား ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးမှုဟာ လူတွေကို ဝေးကွာနေစေရတာလဲ။

အထီးကျန်ဆန်မှု ပလိပ်ရောဂါ

လူသားတစ်ဦးတည်း သီးသန့်နေလို့မဖြစ်ဘူး၊ လူဟာ လူမှုရေးသတ္တ၀ါဖြစ်တယ်ဆိုတာတွေကို ကျွန်တော်တို့ အသေအချာနားလည်ထားပြီးသားပါ။ သို့သော်လည်း စာရင်းဇယားတွေအရ ကျွန်တော်တို့ရဲ့ မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းအတွင်းက လူ့အလွှာအဆင့်ဆင့်တိုင်းမှာ အထီးကျန်ဆန်မှုဟာ အတော့်ကို ပျံ့နှံ လို့ နေတယ်လို့ သိရတယ်။ အထူးသဖြင့်တော့ ကျောင်းသူကျောင်းများတွေမှာပါ။ အထီးကျန်ဆန်ခြင်းဆိုတာ အဓိပ္ပါယ်ရှိသော လူမှုဆက်ဆံရေးမဖြစ်ထွန်းတဲ့အခါမှာ ရရှိတဲ့ ခံစားချက်ရယ်လို့ဆိုပါတယ်။ ပျင်းရိလေးတွဲမှုနဲ့ ရည်မှန်းချက် ကင်းမဲ့မှုတွေ တွဲဖက်လို့ပါနေတတ်ပါတယ်။

သိပ်မကြာခင်မှာဘဲ အထီးကျန်ဆန်နေတဲ့သူဟာ နေ့စဉ်လုပ်ငန်းဆောင်တာတွေ၊ ပုံမှန်လည်ပတ်နေမှုတွေကို လုပ်ဆောင်ဖို့ စိတ်လက်မပါဖြစ်လာတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဓိပါယ်ရှိမှုနဲ့ အရေးပါမှု ပျောက်ဆုံး နေလို့ပါ။ တဖြည်းဖြည်းနဲ့ မိမိရဲ့အားနည်းချက်တွေအတွက် မိမိကိုယ်ကိုဘဲ အပြစ်ဖို့လာတော့တယ်။ မိမိရဲ့ အထီးကျန်ဆန်နေမှုအပေါ်မှာ အခြားသူတွေကလည်း စာနာစိတ်မရှိ၊ နားလည်မှုမပေးနိုင်၊ သည်းမခံနိုင် တွေဖြစ်လာပြီ။ ဒီလိုနဲ့ဘဲ ပိုပြီးတော့ ဝေးကွာ၊ အထီးကျန်ဆန်လာရပြန်တယ်။

ဖြစ်ရတဲ့ အကြောင်းရင်းများ

အရှိန်နှုန်းထားသိပ်ကို မြန်ဆန်နေတဲ့ ယနေ့ကမ္ဘာမှာ အရည်အသွေးနဲ့ ကျွမ်းကျင်မှု၊ တတ်သိမှုဟာ ထပ်တူကျ နေပြီး ထုတ်လုပ်မှု စွမ်းအားအမြင့်မားဆုံးကို အချိန်တိုအတွင်းလုပ်ဆောင်နိုင်တဲ့ နည်းလမ်း အသင်္ချေကို တီထွင် ဖော်ထုတ်ခဲ့ပါပြီ။ ဒီဖြစ်စဉ်အတွင်းမှာဘဲ ကျွန်တော်တို့ဟာ အခြားသူတွေနဲ့ ထိတွေ့ဆက်ဆံရမှုတွေ၊ ယဉ်ကျေးမှု ကူးလူးဖလှယ်ဆက်ဆံရမှုတွေ အခွင့်အရေးများစွာကို စတေးပစ်လိုက်ရပါတယ်။ ဥပမာအားဖြင့် လယ်ယာ စိုက်ပျိုးရေး လူ့အသိုင်းအ၀ိုင်းမှာ ကောက်ပဲသီးနှံ ရိတ်သိမ်းချိန်ဆိုတာဟာ အတူတူစုပေါင်းလုပ်ကိုင်ကြရတယ်။ လယ်ယာစိုက်ပျိုးရေးလုပ်တဲ့ မိသားစုတွေကို ကူညီပေးဖို့ ရွာလုံးကျွတ်ထွက်လာကြတယ်။ ပြီးပြီ ဆိုတာနဲ့ ကောက်ရိတ်ပွဲတော်ရယ်လို့ ဆင်ယင်ကျင်းပကြပြန်တယ်။ အတွေ့အကြုံတွေဖလှယ်ကြ၊ ပြောဆိုဆွေးနွေးကြ၊ တေးသီချင်းတွေသီကျူးကြ၊ ရိုးရာအကတွေကခုန်ကြ၊ ပုံပြင်ဇာတ်လမ်းတွေပြောပြကြနဲ့ပေါ့။ အတိုချုပ် ပြောရရင်တော့ လူတွေအချင်းချင်း အဓိပ္ပါယ်ပြည့်ဝတဲ့ လူမှုဆက်ဆံရေးတွေ အများကြီးဖြစ်ထွန်းခဲ့တာပါ။ ဒီလိုလူ့အဖွဲ့အစည်းမှာ အထီးကျန်ဆန်ခြင်းဆိုတာ မကြားခဲ့ဘူးတဲ့ စကားလုံးရယ်ပါ။ ကျွန်တော်တို့ရဲ့ မျက်မှောက်ခေတ်မှာတော့ ဆန့်ကျင်ဘက်ဖြစ်နေပါပြီ။

ကျောင်းနှင့် စာသင်ခန်းအတွင်း အထီးကျန်ဆန်ခြင်း

ကျောင်းတွေဟာလည်း လည်ပတ်တဲ့နှုန်းထားမြန်ဆန်တဲ့ အခြေအနေကိုရောက်နေပြီ။ ပုံစံကျနေတဲ့ ကျောင်း တွေမှာ တစ်နေ့တာကို ခေါင်းလောင်းထိုးတာနဲ့ စတင်မယ်။ အဲဒီနောက်တော့ ဘာသာရပ်တစ်ခုပြီး တစ်ခုကို တိကျတဲ့အချိန်ဇယားနဲ့သင်ကြားမယ်။ ကြားထဲမှာ ကျောင်းသူကျောင်းသားတွေကို အနီးကပ် စောင့်ကြပ် ကြည့်ရှုတဲ့ အားလပ်ချိန်တွေရှိတယ်။ နောက်ဆုံးမှာတော့ ခေါင်းလောင်းထိုး ကျောင်းလွှတ်တော့တယ်။
ဆရာဆရာမတွေရော၊ ကျောင်းသူကျောင်းသားတွေပါ အချင်းချင်းအပြန်အလှန်ပြောဆိုဆွေးနွေးတဲ့ သက်တောင့်သက်သာရှိတဲ့ ဆက်ဆံရေးပုံစံတွေအတွက် အချိန်မပေးနိုင်ကြပါဘူး။ ကိုယ့်တာဝန်၊ သူ့တာဝန် တွေကို သတ်သတ်မှတ်မှတ်ထားရှိတယ်။ တိတိကျကျထားရှိတဲ့ ပုံစံထဲမှာ (ဆရာအလုပ်၊ ကျောင်းသားအလုပ်) ကိုယ့်အလုပ်ကိုယ်လုပ် ဖို့လောက်ကိုသာ အာရုံစိုက်ကြတယ်။ လုပ်လည်းလုပ်ကြပါတယ်။ မလိုလားအပ်တဲ့ ရလဒ်တွေနဲ့ အပြစ်ပေးအရေးယူခံရမှုတွေကို ရှောင်ရှား နိုင်ဖို့လိုတာကိုး။

ကံဆိုးတာ တစ်ခုကတော့ ကျောင်းမှာ အောင်မြင်မှု (စာရဖို့) ဆိုတာကိုသာလျှင် ပိုအလေးထားတတ်ကြပြီး လူမှုဆက်ဆံရေးအပိုင်းကို လစ်လျူရှုထား တတ်ကြ ပါတယ်။ အကျိုးဆက်ကတော့ အထီးကျန်ဆန်ရခြင်းဆိုတဲ့ ရလဒ်ဆိုးကို ကျောင်းတွေမှာ တွေ့မြင်ရတာပါဘဲ။ ကျောင်းသူ ကျောင်းသားအများစုဟာ အထီးကျန်မှု ကို ခံစားကြရတဲ့အတွက် စာသင်ရာမှာ ကောင်းကောင်းမွန်မွန် မလုပ်ဆောင်နိုင်တာဟာ အံသြစရာတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အတွက် ဘ၀နဲ့အဆက်အစပ်ကင်းမဲ့တယ်၊ အဓိပ္ပါယ်မဲ့တယ်လို့ ခံစားနေရလို့ဖြစ်တယ်။ တစ်ကမ္ဘာလုံးမှာလည်း အထီးကျန်ဆန်ခြင်းဆိုတာဟာ ကျောင်းသူကျောင်းသား တွေထဲမှာ မိမိကိုယ်ကို အဆုံးစီရင်ခြင်းရဲ့ အဓိကအကြောင်းတစ်ခုဖြစ်ပါတယ်။

ကျောင်းသူကျောင်းသားတွေကို အကြံပေးနှစ်သိမ့်ခြင်း

တိုးတက်ပြောင်းလဲလိုတဲ့ ကျောင်းတွေမှာ ကျောင်းသူကျောင်းသားတွေရဲ့ စိတ်လှုပ်ရှားခံစားရမှုတွေနဲ့ ပတ်သက်လို့ ထိရောက်တဲ့ အကြံပြု လမ်းညွှန် အစီအစဉ်တွေကိုထားရှိကြပါတယ်။ ကျောင်းသူ ကျောင်းသား တွေရဲ့ အထီးကျန်ဆန်တဲ့ စိတ်ခံစားမှုကို ပံ့ပိုးကူညီပေးနိုင်ဖို့ဖြစ်ပါတယ်။ ကျောင်းတွေမှာ အပတ်စဉ် ကျောင်းသူ ကျောင်းသားအချင်းချင်း အုပ်စုငယ်တွင်းတွေ့ဆုံပွဲဖြစ်စေ၊ တစ်ဦးချင်း တွေ့ဆုံပွဲဖြစ်စေ စီစဉ် ထားရှိတယ်။ အကျင့်စာရိတ္တနှင့် နီတိဖွံ့ဖြိုးမှုတွေအတွက် အကြံပြုလမ်းညွှန်သူ (ရှေ့ဆောင်လမ်းညွှန်သူ အနေနဲ့ တာဝန်ယူ ပေးတဲ့ ဆရာဆရာမတစ်ဦးဦး) တွေပါဝင်လေ့ရှိတယ်။ ကျောင်းသူကျောင်းသားတွေရဲ့ ပုဂ္ဂလနှင့် ပညာရေး ရည်မှန်းချက်တွေကို ဆွေးနွေးကြတာပါ။ နေ့စဉ်ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေကို ဆွေးနွေးခြင်း၊ မိမိရဲ့ စံတန်ဖိုးတွေကို သတ်မှတ်ခြင်း၊ လမ်းညွှန်ပြောဆိုသူတွေနဲ့ ယုံကြည်စိတ်ချရတဲ့ ဆက်ဆံရေးကို တည်ဆောက် ကြခြင်း၊ လူမှုဆက်ဆံရေးစွမ်းရည်တွေကို ပျိုးထောင်လေ့ကျင့်ခြင်း၊ လုပ်ငန်းခွင်တွင်း ပါဝင်ဆောင်ရွက်ခြင်းဖြင့် လေ့လာစေခြင်း၊ အကောင်းဆုံး၊ အတော်ဆုံးဆိုတာကို အဓိပ္ပါယ်သတ်မှတ် ဖွင့်ဆိုခြင်း၊ အခြားသူတွေရဲ့ အကောင်းဆုံး၊ အတော်ဆုံးအချက်တွေကို ရှာဖွေလေ့လာကြခြင်း စတဲ့ လုပ်ဆောင်မှုတွေအတွက် အချိန်ပေး လုပ်ကြပါတယ်။

ကျောင်းသူကျောင်းသားအချင်းချင်းဖြစ်စေ၊ ဆရာဆရာမတွေနဲ့ဖြစ်စေ အဓိပ္ပါယ်ရှိတဲ့ ထိတွေ့ ဆက်ဆံရေး တွေကို ဖန်တီးထားရှိပေးခြင်းဟာ ကျောင်းတွင်း အထီးကျန်ဆန်ခြင်းအတွက် ကုစားရာမှာ အကောင်းဆုံး ဆေး ဖြစ်ပါကြောင်း။

သိန်းနိုင်

2 comments:

Bino said...

It's nice a post item and article.
Thanks for sharing.

Recently, all society in the world are same.
Run....run....run...
Race...race...race...

We have to illuminate disaventage
that disadvantages.

I hope one day we can solve this problem.

BINO

min said...

တိုးတက်နေသောကမ်ဘာကြီးကို အမှီလိုက်ဖို.ရန် စွမ်းရည်ထက်မြတ်သော လူ.စွမ်းအရင်းအမြစ်မရှိဘဲနဲ.
တိုးတက်နေသောကမ်ဘာကြီးကို အမှီလိုက်ဖို.ရန် မဖြစ်
နိုင်ပါ။ စကတ်တို ဘောင်ဘီတို ၀တ်တာ တကယ်.ခေတ်မှီတာမဟုပ်ပါ၊

 

© 2007 IngridGrey By Arephyz