Monday, December 22, 2008

ကျောင်းဆရာဆရာမများကို တန်ဖိုးထားကြပါစို့ ။

ကမ္ဘာ့ဆရာများနေ့ ၂၀၀၈ နှင့် မြန်မာဆရာဆရာဆရာမများအား ဂုဏ်ပြုဆောင်းပါး
သိန်းနိုင်

နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ ၅ ရက်ကို ကမ္ဘာ့ဆရာများ(world teachers day) အနေဖြင့်သတ်မှတ်ထားရှိပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂ ယူနက်စကို အဖွဲ့ အစည်း ကြီးကနေ ၁၉၉၃ ခုနှစ်ကတည်းက စတင်သတ်မှတ်ခဲ့ပြီး အဲဒီနေ့ တိုင်းမှာ ကမ္ဘာ တ၀ှမ်းလုံးမှာရှိတဲ့ ကျောင်းဆရာဆရာမများကို ဂုဏ်ပြုတဲ့ အစီအစဉ်များကို ပညာရေးအဖွဲ့ အစည်းအသီးသီးမှ ကျင်းပ ပြုလုပ်ကြတာပါ။ နေ့ စဉ်နေ့ တိုင်း သန်းပေါင်းများစွာသော စာသင်ခန်းတွေ ထဲမှာ စာသင်ကြားခြင်းနှင့် စာသင်ယူခြင်း ကို ပြုလုပ်နေကြတယ်မဟုတ်လား။ မျိုးဆက်တစ်ခုကနေ နောက်မျိုးဆက် တစ်ခုအတွက် ဘာသာစကား လက်ဆောင် တွေကို လက်ဆင့်ကမ်းယင်း ပညာသင်ယူလိုစိတ်ကို ပျိုးထောင်ယင်း၊ ရှင်သန်မှုအတွက်ဖြည့်ဆည်းယင်း၊ အသိပညာမွတ်သိပ်မှုကိုလည်း ဖြေဖျောက် ပေးနေကြတာပါ။ အသိပညာတွေကို မျှဝေပေးပြီး စွမ်းရည်တွေရရှိလာတဲ့အခါမှာ ဘ၀တွေဟာ တိုးတက်ပြောင်းလဲ လာမှာပါ။ အဓိကအားဖြင့်တော့ လက်ရှိမျက်မှောက်ခေတ်
ကျောင်းဆရာဆရာမများကို အသိအမှတ်ပြု တန်ဖိုး ထားခြင်း ဖြစ်သလို အနာဂတ်မျိုးဆက်များရဲ့ လိုအပ်ချက်တွေကိုလည်း ထည့်သွင်းစဉ်းစားပေးခြင်းပါဘဲ။ ကမ္ဘာ့ဆရာများနေ့ဟာလူ့အဖွဲ့ အစည်းအတွင်းမှာ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်အဆက်ဆက် ကျောင်းဆရာ ဆရာမများရဲ့ အရေးကြီးတဲ့ ပါဝင်ဆောင်ရွက်မှုကို ကျေးဇူးတင်ကြောင်း အထင်ကရ ထုတ်ဖေါ်ပြသခြင်းလည်းဖြစ်တယ်။ သက္ကရာဇ် ၂၀၀၀ ပြည်နှစ်ကတည်းက စတင်ခဲ့တဲ့ ကလေးများအားလုံးအတွက် ပညာရေး လှုပ်ရှားမှု Education for All ဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ အတော်ကလေး တိုးတက်အောင်မြင်မှုတွေရရှိခဲ့ပြီးဖြစ်တယ်။ သို့ ပေမဲ့ သက္ကရာဇ် ၂၀၁၅ ရောက်တဲ့အခါ တစ်ကမ္ဘာလုံးမှာ ကလေးအားလုံးမူလတန်း ပညာရေးဆုံးခန်းတိုင်အောင်နေနိုင်ရေး Universal primary education by 2015 ဆိုတဲ့ မျှော်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့ ဆိုရင် လောလောဆယ်မှာ အရည်အချင်းပြည့်ဝတဲ့ ကျောင်းဆရာဆရာမဦးရေ ၁၈ သန်းကျော် ထပ်မံလိုအပ်နေကြောင်းကို ယူနက်စကိုအဖွဲ့ ကြီးက ခန့် မှန်းထားပါတယ်။ ပညာရေးနေ့ထူးနေ့မြတ်အဖြစ် အောက်တိုဘာ ၁၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့အဖြစ်သီးခြား သတ်မှတ် ထားခြင်းဟာ ဆရာဆရာမများကို ချီးကျူးဂုဏ်ပြုခြင်းနှင့် အတူ သူတို့ရဲ့အင်မတန်အရေးကြီးလှတဲ့ တာဝန် ထမ်းဆောင်မှုကို အသိအမှတ်ပြုခြင်းလည်းဖြစ်ပါတယ်။ မူကြိုအရွယ်ကလေးငယ်လေးတွေ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကလေးတွေ၊ လူငယ်တွေ၊ လူကြီးတွေအားလုံးအတွက် ဘ၀တစ်သက်တာပညာရေးခရီးကို ရှေ့ ဆောင်လမ်း ထွင်ရင်း ပြုစုပျိုးထောင်ပေးနေတာ ဆရာဆရာမတွေဘဲမဟုတ်ပါလား။

အရည်အသွေးပြည့်ဝတဲ့ ကျောင်းဆရာဆရာမများ ရှားပါးနေမှုဟာ ၂၀၁၅ ပညာရေးမျှော်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့ ရာ အတွက် အကြီးမားဆုံးသော အတားအဆီးဖြစ်နေကြောင်းလည်း ဆိုပါတယ်။ အဲဒီအတွက် ၂၀၀၈ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထူးအစီအစဉ်တွေထဲမှာ အရည်အသွေးပြည့်ဝတဲ့ ပညာရေးအတွက် ကျောင်းဆရာအလုပ်အကိုင်နဲ့  ပတ်သက်တဲ့ ဆရာအတတ်ပညာ အရည်အချင်းမြှင့်သင်တန်းတွေကို ဦးစားပေးထားခြင်းပါ။ နိုင်ငံအသီးသီးမှာရှိတဲ့ ကျောင်း ဆရာ ဆရာမသမဂ္ဂတွေအနေနဲ့ လည်း အာဏာပိုင်အဖွဲ့ အစည်းတွေ၊ သက်ဆိုင်ရာအစိုးရအဖွဲ့တွေကို တောင်းဆိုထားတဲ့ အချက်တွေထဲမှာ လုံလောက်တဲ့ လေ့ကျင့်ပျိုးထောင်ခြင်းနှင့် မွမ်းမံသင်တန်းတွေကို ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ ၂၀၀၈ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်ဖြစ်တဲ့ ဆရာဆရာများရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုထားတဲ့ “ဆရာဆရာမများကို တန်ဖိုးထားကြပါစို့ ” Teacher Matters! အတိုင်းဖြစ်ပါတယ်။

၁၉၆၆ ခုနှစ်ကတည်းက အစဉ်အလာအရ နှစ်စဉ်ကျင်းပခဲ့ကြတဲ့ ကမ္ဘာ့ဆရာများနေ့တိုင်းမှာ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းကြီးများဖြစ်ကြတဲ့ ယူနက်စကို၊ ယူအင်န်ဒီပီ၊ အိုင်အယ်လ်အိုနှင့် ယူနီဆက်ဖ် အဖွဲ့ကြီး လေးဖွဲ့ရဲ့အကြီးအကဲလေးဦးအပြင် ၂၀၀၇ ခုနှစ်မှာ နိုင်ငံတကာပညာရေးအဖွဲ့ကြီး Education International ရဲ့ ဥက္ကဌပါ ပါဝင်ပြီး အကြီးအကဲငါးဦးအနေနဲ့ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို စုပေါင်းသ၀ဏ်လွှာ ပေးပို့ကြပါတယ်။ ၂၀၀၈ ခုနှစ်အတွက် စုပေါင်းသ၀ဏ်လွှာထဲမှာ "ကမ္ဘာ့ဆရာများနေ့တွင် နိုင်ငံအားလုံး၊ တောနှင့်မြို့ပါမကျန် ကမ္ဘာ့တစ်နံတလျားရှိ ဆရာဆရာမများအားလုံးကို ကျွန်ုပ်တို့ ချီးကျူးဂုဏ်ပြုအပ်ပါသည်။ အရည်အချင်းပြည့်ဝသော လူတိုင်းအတွက် ပညာရေးကို လက်ဝယ်ရရှိရန် ဆရာဆရာမများ၏ အခန်းကဏ္ဍကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်ပြောဆိုပြီး တက်ကြွမှုရှိသော၊ လေးစားတန်ဖိုးထားအပ်သော၊ ထိရောက်သောဆရာဆရာမ အင်အားစုကို အားပေးမြှင့်တင်သည့် မူဝါဒများပေါ်ထွက်လာစေရန် လိုအပ်လျက်ရှိကြောင်း ကျွန်ုပ်တို့ အခိုင်အမာပြောဆိုပါသည်။ ယနေ့ကမ္ဘာ့ဆရာများနေ့တွင် ဆရာဆရာမများကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆရာဆရာမများကို တန်ဖိုးထားကြပါစို့ ဆိုသည်ကို အခိုင်အမာ ပြောဆိုလိုပါသည်။" လို့ဆိုပြီး ဆရာဆရာမများကို အားပေးမြှင့်တင်ဖို့လိုတဲ့အချက်ကို အဓိကထားခဲ့ပါတယ်။

မြန်မာ့ပညာရေးလောကမှာ ထင်ရှားတဲ့ ဆရာကြီးဦးသန်းဦးက ပညာ့ဝန်းကျင်ကောင်းနှင့် ဆရာ့ ၀န်းကျင်ကောင်းတွေကို ကြံဆဖန်တီးဖော်ဆောင်နိုင်ရေးဟာ နှစ်ဆယ့်တစ်ပညာရာစု၊ ပညာခေတ်၊ ပညာလူ့အဖွဲ့အစည်းရဲ့တကယ့်လိုအပ်ချက် အနှစ်သာရဖြစ်ကြောင်းကို ၂၀၀၈ ကမ္ဘာ့ဆရာများနေ့ထုတ် မြန်မာ့အလင်းမှာ မီးမောင်းထိုးတင်ပြဆွေးနွေးခဲ့ပါသည်။ မှန်ပါတယ်။ ခေတ်အစဉ်အဆက် မြန်မာတွေရဲ့ယဉ်ကျေးမှုမှာ ဆရာဆရာမတွေကို တန်ဖိုးထားခဲ့၊ လေးစားခဲ့၊ မြတ်နိုးခဲ့၊ ရိုသေခဲ့၊ ဂုဏ်သိက္ခာနှင့်အညီ ရှင်သန်ခွင့်တွေပေးခဲ့ပါတယ်။ ပညာ့ဝန်းကျင်ကောင်းနှင့် ဆရာ့ဝန်းကျင်ကောင်းတွေကို ပိုင်ဆိုင်ခဲ့ဘူးတဲ့ လူ့အဖွဲ့အစည်းလည်းဖြစ်တယ်။ အဲဒီခေတ်တွေ အတော်ကလေး အလှမ်းဝေးဝေးမှာ ကျန်ရစ်နေခဲ့ပါပြီ။ မျိုးဆက်သစ်များအတွက် ဘယ်လိုအမွေတွေကို ထားရစ်ခဲ့ကြမလဲ။

မျက်မှောက်ပညာခေတ်ရဲ့ မြန်မာ့ပတ်ဝန်းကျင်က ပညာရေးနှင့် ဆရာဆရာမများရဲ့လူမှုဘ၀တွေကို လေ့လာကြည့် သင့်ပါတယ်။ မြန်မာနိုင်ငံဟာ ပညာ့ဝန်းကျင်ကောင်းနှင့် ဆရာ့ဝန်းကျင်ကောင်းရှိနေပါသလား။ ကျောင်းပညာရေးကဆင့် အနာဂတ်လူ့အဖွဲ့စည်းကို ပုံဖေါ်ထုဆစ်နေကြတဲ့ လူသားဗိသုကာဆရာဆရာမများရဲ့ အရည်အသွေးမြင့်မားနေပါပြီလား။ အသိပညာနှင့် အသိတရားတွေဖြန့်ဖြူးသူတွေမှာ လုံလောက်တဲ့ အသိပညာတွေ ရရှိပါရဲ့လား။ လူ့ဂုဏ်သိက္ခာနှင့်အညီ ပတ်ဝန်းကျင်မှာ ရှင်သန်ရပ်တည်ခွင့်တွေကောရှိပါရဲ့လား။

မြန်မာနိုင်ငံရဲ့ အခြေခံပညာမှာ နှစ်စဉ်ကျောင်းဆရာဆရာမအသစ်လိုအပ်ချက်ဟာ တစ်သောင်းငါးထောင် နီးပါခန့် ရှိတယ်လို့ ပြည်တွင်းစစ်တမ်းများအရ အကြမ်းဖျင်း ခန့်မှန်းပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၉၈ ခုနှစ်က ရေရှည်အနှစ် ၃၀ ပညာရေး စီမံချက်တွေကို ချမှတ်ထားခဲ့တဲ့အထဲမှာ ဆရာအတတ်ပညာ အရည်အသွေးမြင့်မားရေး လုပ်ငန်းတွေကိုလည်း ထည့်သွင်းထားခဲ့တာတွေ့ရပါတယ်။ နှစ်နေရာတည်းသော ပညာရေးဘွဲ့ သင်တန်းတွေ ထားရှိတဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်ရယ်၊ စစ်ကိုင်းမှာရှိတဲ့ ပြည်ထောင်စု တိုင်းရင်းသား ဖွံ့ဖြိုးရေးသိပံ္ပ၊ ပညာရေး ကောလိပ်ရယ်၊ ၅၀ ရာခိုင်နှုန်းကျော်ရှိနေတဲ့ လက်မှတ်မဲ့ ကျောင်းဆရာဝန်ထမ်းအရေးပေါ်အခြေအနေကြောင့် ဖွင့်လှစ်ထားရှိတဲ့ ဒေသအသီးသီးမှာရှိတဲ့ ပညာရေးကောလိပ် ၂၀ နီးပါးဟာ နှစ်စဉ်လိုအပ်ချက်ရဲ့ တစ်ဝက်ကိုတောင် မဖြည့်ဆည်း ပေးနိုင်သေးပါဘူး။

ကလေးကျောင်းထွက်နှုန်းနှင့် အပြိုင် လက်ရှိကျောင်းဆရာဆရာမများရဲ့ အလုပ်စွန့် နှုန်း ဟာလည်း ကြောက်ခန်းလိလိ ဖြစ်နေတယ်ဆိုတာတွေ့ ရှိရပါတယ်။ ဘယ်သူမှ မလုပ်ချင်ဆုံး ၀န်ထမ်းအလုပ်အကိုင်ဟာ ကျောင်းဆရာဆရာမ အလုပ်အကိုင်ဖြစ်နေရတာဟာ စိုးရိမ်ဖွယ်ရာ ဖြစ်ပါတယ်။

စားဝတ် နေရေးမပြည့်စုံ၊ မဖူလုံခြင်းနှင့်အတူ ကျောင်းဆရာ ဆရာမ အလုပ်ရဲ့ ဂုဏ်သိက္ခာဟာ မြန်မာနိုင်ငံပညာရေး သမိုင်းခေတ်အဆက်ဆက်မှာ အနိမ့်ကျဆုံးဖြစ်နေတာကတော့ အင်မတန် ၀မ်းနည်းကြေကွဲစရာပါ။ မူတန်းပြ ကျပ် သုံးသောင်းလစာဟာ ကျောင်းဆရာ ဆရာမ အလုပ်အကိုင်တစ်ခုတည်းနဲ့မိမိတစ်ဦးတည်းရဲ့ စားရေးကို (၀မ်းစာတစ်ခုတည်းကို) လ၀က်တောင်မဖူလုံနိုင်ပါဘူး။ အဲဒီအတွက် တစ်နေ့ရှစ်နာရီ အချိန်ပြည့် ကျောင်းဆရာ ဆရာမ အလုပ်အကိုင်ကို မလုပ်ချင်ကြတော့တာဟာ အံ့သြစရာတော့မဟုတ်ပါဘူး။

ဆရာဆရာမများဟာ ကျောင်းဆရာ အလုပ်အကိုင် တစ်ခုတည်းနဲ့ စားဝတ်နေရေး မဖူလုံ နိုင်တဲ့အတွက် အခြားအခြားသော အလုပ်အကိုင်များကို တွဲဖက် လုပ်ကိုင် နေကြရတယ်။ ခေါင်းရွက် ဈေးခြင်းတောင်းတဲ့မှာ ခပ်နွမ်းနွမ်း အဖြူအစိမ်း ကျောင်းဆရာမ ၀တ်စုံကို ထည့်ပြီး ကျောင်းမတက်ခင် နှင့် ကျောင်းအဆင်းမှာ လမ်းဘေး ဈေးရောင်း နေကြရတဲ့ အခြေခံပညာ ကျောင်းဆရာ ဆရာမများရဲ့ ဘ၀တွေ၊ မနက် စောစောထပြီး အလုပ်ကြမ်း လုပ်တဲ့ စာသင်ခန်းထဲက ကလေးတွေရဲ့ လစာက အချိန်ပြည့် နိုင်ငံ့ဝန်ထမ်း ကျောင်းဆရာမရဲ့ လစာထက် မြင့်နေတာတွေ၊ မအောင်ရင် ငွေပြန်အမ်းမယ် ဆိုတဲ့ အတန်းပိုင် ဆရာ ဆရာမတွေရဲ့ ကျူရှင်တွေ၊ မြတ်နိုးတဲ့ ဆရာမအလုပ်ကို ကျောခိုင်းပြီး အိမ်နီးချင်း တိုင်းပြည်တွေမှာ အောက်ခြေသိမ်း လုပ်ကိုင် နေကြရတာတွေ၊ လဘက်ရည်ဆိုင်မှာ ကျွန်တော် ကျောင်းဆရာပါလို့ မပြောရဲတာတွေ၊ စာသင်ခန်း အတွင်းဘက်ကို တစ်ခါမှ မ၀င်ဘူးတဲ့ ကလေးငယ်တွေ၊ ဘီအီးဒီ ပညာရေးဘွဲ့ကို လေးနှစ် တက်ရောက် နိုင်ဖို့ ကုန်ကျစရိတ်ကို တွက်ချက်ပြီး ဒီတစ်သက် ကျောင်းဆရာမ အလုပ်နဲ့ ပြန်ဆပ်လို့ မကျေနိုင်ဘူး ဆိုတဲ့ ၀ါသနာပါတဲ့ လူငယ်တွေ၊ ဘ၀တွေ -- ဘ၀တွေ---ပညာရေးနှင့် အခြားအခြားသော ဘ၀တွေ။

လူငယ်တွေ အတွက် စံပြုနိုင်သူ ဖြစ်သင့်တယ် ဆိုတဲ့ ကျောင်းဆရာ အလုပ်အကိုင်ရဲ့ ဆောင်ပုဒ်ဟာ ပျောက်ဆုံး ခဲ့ရပါပြီ။ ပြိုလဲနေပြီဖြစ်တဲ့ နိုင်ငံရဲ့ စာရိတ္တမဏ္ဍိုင်ကို ကယ်ထူဖို့ ဘယ်သူတွေမှာ တာဝန်ရှိပါလဲ။ အာစရိယ ဂုဏော အနန္တော၊ ပညာသမာ အာဘာနတ္ထိ အစရှိတဲ့ သီကျူးသံတွေ ဆိတ်သုန်းခဲ့ရပါတယ်။ အစဉ်အလာကြီးမားခဲ့တဲ့ ကျောင်းဆရာ၊ ဆရာမအလုပ်အကိုင်ရဲ့ တန်ဖိုးနှင့် ဂုဏ်သိက္ခာတွေ မြန်မာ့ပညာရေးရှုခင်းက ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။

လွန်ခဲ့သော အနှစ် ၃၀ကျော် တခေတ်တခါက စာရေးသူတို့ ရဲ့ ဆရာဆရာမများဟာ ဂုဏ်ယူစွာ၊ ပျော်ရွှင်စွာ၊ ကြည်နူးစွာ၊ ကျေနပ်စွာ၊ လိုလားစွာ၊ ဂုဏ်သိက္ခာရှိစွာ၊ ၀ါသနာကြီးမားစွာ တန်ဖိုးထားပြီးလုပ်ခဲ့ကြတာပါ။ အနာဂတ်ကာလ ပန်းခင်းအတွက် မျှော်မှန်းချက်တွေ၊ ရည်မှန်းချက်တွေ၊ အိပ်မက်တွေကို ဖူးပွင့်စေဖို့ ဆရာဆရာမများရဲ့  ရင်မှာ ပျိုးထောင်ခဲ့တာပါ။ ပညာရေးစေတနာအင်အားတွေ ဆရာ၊ဆရာမများရဲ့ ရင်ဘတ်ထဲမှာ အပြည့်ရယ်ပါ။ ဒီကျောင်းဆရာဆရာမအလုပ်နဲ့ ပတ်သက်ပြီးအဲဒီဆုတ်ကပ်ခေတ်ကာလမှာ လက်ကိုင်ဆိုရိုးစကားတစ်ခွန်းရှိခဲ့ပါတယ်။ “ရိက္ခာမရှိပေမဲ့ သိက္ခာရှိတယ်” ဆိုတာပါ။ ၂၁ ရာစုနှစ်ဦးပိုင်းမှာတော့ ဆိုရိုးစကားပြောင်းလဲခဲ့ရပါပြီ။ “ရိက္ခာရော သိက္ခာပါမရှိတော့ပြီ” တဲ့။ မျက်မှောက်ခေတ် မြန်မာကျောင်းဆရာဆရာမများ ဘယ်လိုရှင်သန်ရပ်တည်နေကြရပါသလဲ။ လက်ရှိဘ၀တွေနဲ့  အနာဂတ် ကံကြမ္မာများအတွက် ဘာတွေ ရည်မှန်းချက်များ ထားရှိကြပါ သလဲ။ ထားရှိခွင့်ရောရှိပါသေးရဲ့ လား။ အစဉ်အလာနဲ့ ကျောင်းဆရာ ၊ဆရာမ အလုပ်အကိုင် ရဲ့စေတနာ၊ ၀ါသနာ၊ အနစ်နာ၊ အသိပညာ ခွန်အားတွေကို ဆရာ၊ ဆရာမတွေ ရဲ့ ရင်ဘတ် ထဲ က ဘယ်သူထုတ်ယူသွားခဲ့ပါသလဲ။

လက်မှတ်မဲ့ဆရာဆရာမအရည်အတွက် ၅၀ ရာခိုင်နှုန်းကျော်ရှိနေတဲ့အတွက် ပညာရေး ကောလိပ်တွေကို နယ်အသီးသီးမှာ ဖြစ်သလိုဖွင့်လှစ်ခဲ့ရတယ်။ မပြည့်စုံတဲ့ အခြေအနေတွေ၊ အင်္ဂါစဉ်မမီတဲ့ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ၀န်ထမ်းအင်အား၊ ပညာရေး အရင်းအမြစ်နဲ့ စာကြည့်တိုက်၊ သင်ကြားရေးဆိုင်ရာ သင်ရိုးညွှန်းတမ်းလိုအပ်နေမှုတွေဟာ နည်းပြများ နှစ်စဉ်ကြုံတွေ့နေရတာပါ။ ဖွံ့ ဖြိုးတိုးတက်မှုနိမ့်ပါးနေသေးတဲ့ နိုင်ငံတွေမှာ မသင်မနေရ မူလတန်းပညာရေးကို ကလေးတိုင်း ရရှိနိုင်ဖို့ ဆိုရင် ဆရာအင်အားကို ၂၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရမှာဖြစ်ကြောင်း တင်ပြထားပါတယ်။ ဒီပညာရေး သင်တန်းတွေမှာ လည်း ခေတ်မီ ဆရာအတတ်ပညာရေး သင်ရိုးညွန်းတမ်းတွေ တည်ဆောက်ဖို့ လိုအပ် နေပါတယ်။ မျက်မှောက်ခေတ်ရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံသားတွေကို လေ့ကျင့်ပျိုးထောင်ပေးနိုင်တဲ့ အစီအစဉ်တွေ၊ လုပ်ငန်းခွင်အရည်အချင်းမြှင့်သင်တန်းတွေမှာ ကလေးဗဟိုပြု ပညာရေးအစီအစဉ်တွေ၊ တက်ကြွတဲ့သင်ယူလေ့လာမှုနည်းစနစ်တွေ၊ စဉ်ဆက်မပြတ် အကဲခတ်ပြီး ဘက်စုံစစ်ဆေးခြင်းစနစ်တွေ၊ ဘက်စုံပညာရေးအစီအစဉ်တွေကို အရှိန်အဟုန်နဲ့ ရော အရည်အသွေးပါမြှင့်တင်လုပ်ဆောင်သင့်ပါတယ်။ ကျောင်းဆရာ ဆရာမအလုပ်ကို ၀ါသနာပါပြီး အရည်အချင်းရှိတဲ့သူတွေ လက်လှမ်းမီ တက်ရောက် သင်ကြားနိုင်ခွင့် အတွက်လည်း ပညာတော်သင်ဆုတွေကို ဖန်တီးထားရှိသင့်ပါတယ်။

ပညာရေးပညာရှင်တွေကဒီလိုဆိုပါတယ်။ အဂတိလိုက်အစားဆုံးတိုင်းပြည်တွေမှာ အထိခိုက်ဆုံးကဏ္ဍဟာ ပညာရေးဖြစ်ပါသတဲ့။ ရှင်းပါတယ်။ တိုင်းပြည်ရဲ့ အသိပညာ၊ အနာဂတ်စာရိတ္တ၊ စံတန်ဖိုးတွေရယ်နဲ့ တိုင်းပြည်ရဲ့ စိတ်ဓါတ်တွေကို ပြုစုပျိုးထောင်နေရတဲ့ ကျောင်းပညာရေးဟာ နစ်နာနေပြီ၊ ထိခိုက်နေပြီ၊ အရည်အသွေးကျဆင်းနေပြီ၊ ခေတ်မမီ တော့ပြီ၊ ခွဲခြားမှုတွေကိုခံစားနေရပြီ ဆိုရင် အနာဂတ်ဘ၀တွေ ဘယ်လိုရှင်သန်နိုင်မှာလဲ။ သေချာတဲ့အကျိုးဆက်ကတော့ အများစုကြီးရဲ့အနာဂတ်ဘ၀တွေ နစ်နာတော့မယ်၊ ထိခိုက်တော့မယ်၊ လူသားအရည်အသွေးတွေ ကျဆင်းသွားမယ်၊ ခွဲခြားတတ်လာမယ်။ ရှင်သန်နေတဲ့ လူ့အဖွဲ့အစည်းဖြစ်နိုင်ပါတော့မလား။

ကျောင်းပညာရေးရဲ့ ကျဆုံးမှု (သို့မဟုတ်) အောင်မြင်မှုဟာ ကျောင်းဆရာဆရာမများရဲ့ အရည်အသွေးများနဲ့ စွမ်းရည်တွေအပေါ်မှာ အများကြီးမူတည်နေတာပါ။ ဒါကြောင့် ဆရာအတတ်ပညာ သင်တန်းတွေ၊ အရည်အချင်းမြှင့်သင်တန်းတွေ ၀န်ထမ်းအသစ် ခန့်အပ်ရေးတွေနဲ့ လုပ်ငန်းခွင်သင်တန်းတွေအတွက် နိုင်ငံတိုင်းမှာ မူဝါဒတွေကို စနစ်တကျ ချမှတ်ပြီး ဆောင်ရွက်ကြရပါတယ်။ နိုင်ငံတိုင်းလိုလိုမှာ ကျောင်းဆရာလုပ်နိုင်ဖို့ရာ ကျောင်းဆရာဘွဲ့ (သို့မဟုတ်) ပညာရေးဘွဲ့ရရှိထားဖို့လိုအပ်ပါတယ်။ ဘယ်ဌာနမှာ ဘယ်နှစ်နှစ်ကြာကြာ တာဝန်ထမ်းဆောင်ခဲ့သည်ဖြစ်စေ၊ ဘယ်ပညာရပ်မှာဖြစ်ဖြစ် မဟာဘွဲ့တွေ၊ ပါရဂူဘွဲ့တွေအထိရသည်ဖြစ်စေ၊ ကျောင်းဆရာဘွဲ့မရှိရင်တော့ ကျောင်းစာသင်ခန်းတွင်းမှာ စာသင်တဲ့ ကျောင်းဆရာအလုပ်ကို မရရှိနိုင်ပါ။ ပညာရပ်ဆိုင်ရာ တန်ဖိုးမြင့်မားတဲ့ ကျောင်းဆရာအတတ်ပညာဟာ အသေအချာလေ့ကျင့်ယူရမည့် ပညာတစ်ရပ်ဖြစ်လို့ပါဘဲ။ အဲဒီအတွက် စာရေးသူဟာ သြစတြေးလျနိုင်ငံမှာ ပညာရေးဘွဲ့ သင်တန်းကို တက်ရောက်နေခဲ့စဉ်မှာ အသက် ၄၀၊ ၅၀ ကျော်အရွယ် လုပ်သက်ရှိ သိပ္ပံပညာရှင်တွေ၊ ပညာရပ်နယ်ပယ်အသီးသီးက ပါရဂူဘွဲ့ရတွေ၊ လေယာဉ်မောင်း အင်ဂျင်နီယာကြီးတွေဟာ (ကျောင်းဆရာဘွဲ့) ပညာရေးဘွဲ့အတွက် သင်တန်း ပြန်လည် တက်ရောက်ကြရပါတယ်။ ဘွဲ့တွေအလီလီရထားကြပေမယ့် အနည်းဆုံးအချိန်ပြည့် တစ်နှစ်လောက်တော့ ပြန်တတ်ကြရတာပါ။ သူတို့နိုင်ငံတွေမှာ တစ်သက်တာမှာ ပရော်ဖက်ရှင်နယ်အလုပ်တွေကို မကြာခဏ ပြောင်းလဲလုပ်တတ်လေ့ရှိကြတယ်မဟုတ်လား။ အခြားသော အတွေ့အကြုံတွေဟာ ကျောင်းပညာရေးလုပ်ငန်းများမှာ များစွာ အထောက်အကူပြုမှာပါ။ သို့ပေမဲ့ ပညာရေးဘွဲ့တော့လိုအပ်နေသေးတယ်လေ။ ကလေးသူငယ်တွေကို ပညာသင်ကြားပေးနေတဲ့ မူကြို၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းစတဲ့ အခြေခံပညာကျောင်းတွေမှာ တက္ကသိုလ်က အသိအမှတ်ပြု ပညာရေးဘွဲ့ တစ်ခုခုရရှိထားပြီး အကျင့်စာရိတ္တကောင်းမွန်ကြောင်းထောက်ခံစာရယ်၊ အစိုးရ ပညာရေးဌာန မှ အသိအမှတ်ပြုကျောင်းဆရာလိုင်စင်တွေရှိမှသာလျှင် ကျောင်းဆရာအလုပ် လျှောက်ထားခွင့်ရှိတာပါ။ ဆွဲခန့်ဆိုတာမျိုးမရှိပါဘူး။ ကလေးတွေအကြောင်း၊ ကလေးဖွံ့ဖြိုးမှု အကြောင်း၊ ပညာသင်ကြားရေးနှင့် သင်ယူရေးအကြောင်း၊ ပညာရေးဒဿနအတွေးအခေါ်၊ ပညာရေးစိတ်ပညာ၊ သင်ခန်းစာစီစဉ်ပြင်ဆင်ခြင်း၊ ပညာရည်တိုးတက်မှုကို စစ်ဆေးနည်း အမျိုးမျိုး၊ ဒီမိုကရေစီစံနှင့် ယဉ်ကျေးမှုတွေကို ကျောင်းပညာရေးမှ ပျိုးထောင်ပေးခြင်း၊ ပညာရေးစီမံခန့်ခွဲမှုပညာ၊ ဆရာ့ဘ၀ဆရာ့အလုပ်အကိုင်၊ လူ့အဖွဲ့အစည်းနှင့် ပညာရေး ဆက်နွယ်နေမှု၊ အနာဂတ်ဘ၀များရဲ့ ရှင်သန်ရေး စတဲ့ပညာရပ်ဆိုင်ရာ အကြောင်းတရားတွေ၊ ဗဟုသုတတွေဟာ ကျောင်းဆရာအလုပ်အတွက် မရှိမဖြစ်တွေပါ။ ဘာသာရပ်နယ်ပယ်အလိုက်၊ အတန်းအလိုက် သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများ၊ ခေါင်းစဉ်များ၊ အကြောင်းအရာများနှင့် စာသင်ကြားနည်း အမျိုးမျိုး ကိုလည်း ခြေခြေမြစ်မြစ် လေ့လာကြရတယ်။ တက္ကသိုလ်ကပါမောက္ခတွေရယ် ၀ါရင့် ဆရာဆရာမကြီးများရဲ့ ကြီးကြပ်မှုတွေ အောက်မှာ ကျောင်းစာသင်ခန်းတွင်း လက်တွေ့တန်းပြသင်ကြားခြင်းကိုလည်း နှစ်စဉ်ဆင်းကြရပါတယ်။ သင်တန်းဆင်းကျောင်းဆရာဆရာမများကိုလည်း ထိုက်တန်စွာ ပံ့ပိုးပြီး တန်ဖိုးထားကြပါတယ်။

မြန်မာ ကျောင်းဆရာဆရာမတစ်ဦးရဲ့ ၀င်ငွေလစာဟာ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံက ကျောင်း ဆရာဆရာမများရဲ့ လစာတွေနဲ့ ၁၀ ဆ ကွာခြားနေတယ်။ လူနေမှုစရိတ်ကတော့ အတူတူလောက်ရှိတာပါ။ ဆယ်စုနှစ်များစွာမှာ ပေးဆပ် စွန့်လွှတ်ခဲ့ကြသူ ကျောင်းဆရာဆရာမများရဲ့ လူမှုဘ၀ကို စာနာထောက်ထားသင့်ပါတယ်။

ကျောင်းဆရာဆရာမတွေက ပြုစုပျိုးထောင်ပေးခဲ့လို့ အခုလို အသိဥာဏ်တွေရရှိခဲ့၊ လူလားမြောက်လာခဲ့၊ မိမိနှင့် မိမိရဲ့  ပတ်ဝန်းကျင်အကြောင်း၊ ကမ္ဘာကြီးအကြောင်းကို တိုးတက်သိမြင်ခွင့်တွေ ရရှိခဲ့တဲ့ ကျေးဇူးတရားတွေကို အစဉ်သဖြင့် သတိရနေသင့်တယ် မဟုတ်ပါလား။ လက်ရှိလုပ်ငန်းခွင်မှာရှိနေတဲ့ အခြေခံပညာကျောင်းဆရာဆရာမများကို တန်ဖိုးထားခြင်းဟာ မိမိရဲ့ ဘ၀ကို ဆယ်စုနှစ် တစ်ခုကျော် ပဲ့ကိုင်ထိန်းကျောင်း လမ်းညွန်ပေး ခဲ့တဲ့ ကျေးဇူးတရားကို ပေးဆပ်ရာရောက်သလို အနာဂတ်ဘ၀များစွာအတွက်လည်း ပံ့ပိုးကူညီခြင်းဖြစ်ပါတယ်။ ကျောင်းဆရာဆရာမများရဲ့  ပညာ အရည်အသွေးမြင့်မားရေး၊ စား၊ ၀တ်၊ နေရေး လူမှုဘ၀ပြည့်စုံဖူလုံရေးနှင့် ဆရာအလုပ်အကိုင် ဆရာဆရာမ ဂုဏ်သိက္ခာနှင့် အညီ ဘ၀ရှင်သန်ရပ်တည်နိုင်ရေးတွေအတွက် နိုင်ငံတော်၊ အာဏာပိုင်အဖွဲ့ အစည်းများ၊ ပြည်နယ်၊ မြို့ ၊ ရပ်ရွာဒေသလူ့ အဖွဲ့ အစည်းများဟာ အကောင်းဆုံးဖြည့်ဆည်းပေးရမှာပါ။ ဒါဟာ ၂၀၀၈ ကမ္ဘာ့ဆရာများနေ့  ဂုဏ်ပြုဆောင်ပုဒ်ဖြစ်တဲ့ “ဆရာဆရာများကို တန်ဖိုးထား ကြပါစို့ ” နှင့် အညီလည်း ကျင့်ကြံလုပ်ဆောင်ရာဖြစ်သလို မြန်မာတွေရဲ့ အနာဂတ် အတွက်လည်း ဖြစ်ပါကြောင်း။

ကျောင်းဆရာဆရာမများကို တန်ဖိုးထားခွင့်ရှိသော ပညာ့ဝန်းကျင်ကောင်းနှင့် ဆရာ့ ၀န်းကျင်ကောင်း လူ့အဖွဲ့အစည်းတစ်ရပ်ကို အမြန်ဆုံး ပြန်လည်ပိုင်ဆိုင်နိုင်ပါစေ။

သိန်းနိုင်
၅ ရက် အောက်တိုဘာ ၂၀၀၈၊ ကမာ့ဆရာများနေ့  ၂၀၀၈ အမှတ်တရ ဆောင်းပါး။

Friday, December 12, 2008

နိုင်ငံပြု ပညာ

စံပယ်ဖြူ မဂ္ဂဇင်းမှ စာရေးဆရာ မိုးသန် ဘာသာပြန်ထားတဲ့ နိုင်ငံပြုပညာ ဆောင်းပါးကို ဒီကနေ့ တင်ပြပေးလိုက်ပါတယ်။ ဒီဆောင်းပါး ရေးသားဖို့အတွက် ကိုးကားပြုစုတဲ့ ဆောင်းပါးခေါင်းစဉ်များကတော့ Geoff An drews နဲ့ Michael Saward ရေးသားတဲ့ Living Political Ideal's၊ Richard Hudelson ရေးသားထားတဲ့ Modern Political Philiosophy နဲ့ Encarta Reference 2007 တို့ ဖြစ်ကြပါတယ်။ စာရေးဆရာ မိုးသန် အနေနဲ့ ပြည်တွင်း တင်းကျပ်မှု ကြားထဲမှ ရေးသားတင်ပြရလို့ နားလည်ပေးစေလိုပြီး ယနေ့ မြန်မာနိုင်ငံရေး အခြေအနေ ပြောင်းလဲနိုင်ဖို့ စဉ်းစားသုံးသပ်နိုင်တဲ့ အချက်အလက်များ၊ အတွေးအခေါ် အယူအဆများ အစရှိသဖြင့် စိတ်ဝင်စားစရာ နိုင်ငံရေးသိပံ္ပ ပညာရပ်များနဲ့ ဆက်စပ်နေတဲ့ အချက်အလက်များ၊ အကြောင်းအရာများကို ထုတ်ဖော်ရေးသား တင်ပြထားပါတယ်။ နိုင်ငံပြုပညာဖြစ်တဲ့ နိုင်ငံရေးသိပံ္ပ ပညာရပ်ဟာ နိုင်ငံတခုမှာ မရှိမဖြစ် လိုအပ်တဲ့အပြင် နိုင်ငံတော်တခုကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်တဲ့ ပညာရပ်တခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ အနာဂါတ် မြန်မာနိုင်ငံတော်အတွက် လူငယ်လူရွယ်များ ဗဟုသုတ အသိပညာ ကြွယ်ဝဖို့ ဒီဆောင်းကို ဖတ်သင့်တယ်ဆိုတာ တိုက်တွန်းလိုပါတယ်။

.......................................................

ပုဂ္ဂလိက လူသားလွတ်လပ်ခွင့်အတွက် ရပ်တည်ရင်း လူ့အဖွဲ့အစည်း၏ ကောင်းကျိုးကို ရှေးရှုနိုင်ရေးကို အာမခံနိုင်မည့် စနစ်များ၊ မူဘောင်များကို တွေးခေါ်ဖော်ထုတ် ချပေးခဲ့ကြသည်။ ဤသို့ဖြင့် လူ့သမိုင်း တစ်လျှောက် ပေါ်ထွန်းခဲ့သော နိုင်ငံရေးရာ အတွေးအမြင်များသည် သိပံ္ပပညာရပ်ကြီးတစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့သည်။ ဤ စာစုတွင် နိုင်ငံရေး သိပံ္ပပညာရပ်များ၏ အခြေခံကျသော ပညာရပ်ဆိုင်ရာ နယ်ပယ်များ၊ ထိုနယ်ပယ်များကို လေ့လာရာတွင် ပညာရှင်များ အသုံးပြုလေ့ရှိသော ချဉ်းကပ်ပုံနည်းနာများ၊ အကောက်အယူ များကို တင်ပြသွားမည် ဖြစ်သည်။

လူတို့သည် ပုရွက်ဆိတ်များ၊ ပျားများကဲ့သို့ အစုအပေါင်း အသိုက်အမြုံနှင့် နေတတ်သော သတ္တ၀ါ ဖြစ်သည်။ မိမိတို့၏ ရှင်သန်ရပ်တည်ရေးအတွက် တစ်ဦးပေါ် တစ်ဦး အပြန်အလှန် အမှီသဟဲ ပြုရင်း စနစ်ကျသည့် ဆက်ဆံရေး ပုံစံအောက်တွင် ပေါင်းစုနေထိုင်းခြင်း၊ အရည်အသွေးပေါ် မူတည်၍ တာဝန်အမျိုးမျိုး၊ တာဝန်ယူမှု အမျိုးမျိုးတို့ကို ခွဲဝေထမ်းဆောင်ကြခြင်းဖြင့် ကိုယ့် အစုအဝေး အသိုက်အမြုံအတွင်း ရှင်သန် လှုပ်ရှားနေကြသည်။ သို့ရာတွင် လူသားနှင့်ပျားများ၊ ပုရွက်ဆိတ်များကဲ့သို့ ပေါင်းသင်းဆက်ဆံရေး သတ္တ၀ါများကြားတွင် ကြီးမားသော ကွာဟမှု ရှိသည်။ အခြား သတ္တ၀ါများသည် ဗီဇ၏ လွှမ်းမိုးမှု သက်သက်ဖြင့် သူတို့ အသိုက်အမြုံ၏ အစဉ်အလာ ဖွဲ့စည်းမှု စည်းကမ်းများအတိုင်း ရှင်သန်နေကြရခြင်း ဖြစ်သည်။ သူတို့၏ ပုဂ္ဂလိက ဘ၀သည် အရွှေ့အပြောင်းမရှိ၊ ရွေးချယ်ရန် အခွင့်အလမ်း မရှိကြချေ။ လူသားတို့မှာကား ထိုသို့မဟုတ်ပေ။ ရှေ့ မျိုးဆက်မှ အတွေ့အကြုံများ၊ အသိတရားများကို နောက်မျိုးဆက်သို့ လက်ဆင့်ကမ်း တတ်သည့် အသိဥာဏ်ပိုင်ရှင် ဖြစ်သည်။ အသိဥာဏ် မြင့်မားသည့် အတွေးအခေါ် ပညာရှင်ကြီးများသည် သူတို့ ဖြတ်သန်းခဲ့ရသော သမိုင်းခေတ်၏ နောက်ခံကားပေါ်တွင် အကောင်းဆုံး လူမှု ဖွဲ့စည်းပုံစံများ၊ လူမှု ဆက်ဆံရေးပုံစံများ၊ စံပြနိုင်ငံတော် ပုံစံအမျိုးမျိုးတို့ကို မတူညီသော ရှုထောင့်အသီးသီးမှ တွေးခေါ်ကြံဆ ဖော်ထုတ်ခဲ့ကြသည်။ ပုဂ္ဂလိက လူသားလွတ်လပ်ခွင့်အတွက် ရပ်ခံရင်း လူ့အဖွဲ့အစည်း၏ ကောင်းကျိုးကို ရှေ့ ရှုနိုင်ရေးကို အာမခံနိုင်မည့် စနစ်များ၊ မူဘောင်များကို တွေးခေါ်ဖော်ထုတ်ချပေးခဲ့ကြသည်။ ဤသို့ဖြင့် လူ့သမိုင်းတစ်လျှောက် ပေါ်ထွန်းခဲ့သော နိုင်ငံရေးရာ အတွေးအမြင်များသည် သိပံ္ပပညာရပ်ကြီး တစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့သည်။ ဤဆောင်းပါးတွင် နိုင်ငံရေး သိပံ္ပပညာရပ်၏ အခြေခံကျသော ပညာရပ်ဆိုင်ရာ နယ်ပယ်များ၊ ထိုနယ်ပယ်များကို လေ့လာရာတွင် ပညာရှင်များ အသုံးပြုလေ့ရှိသော ချဉ်းကပ်ပုံနည်းနာများ၊ အယူအဆများကို တင်ပြသွားမည် ဖြစ်သည်။

နိုင်ငံရေး သိပံ္ပပညာရပ်သည် နိုင်ငံရေးကို စနစ်တကျ လေ့လာခြင်း သို့မဟုတ် နိုင်ငံရေး၏ရောင်ပြန်ဟပ်မှုများ၊ အကျိုးဆက်များကို လေ့လာခြင်း ဖြစ်သည်။ နိုင်ငံရေးဟူသည် လူများ၊ အဖွဲ့အစည်းများ၏ ပါဝါ အသုံးပြုမှုနှင့် ပါဝါအတွက် ရုန်းကန်လှုပ်ရှားမှုများပင် ဖြစ်သည်။ နိုင်ငံရေး သိပံ္ပ ပညာရှင်များသည် အများအားဖြင့် နိုင်ငံရေး ပါဝါများကို အစိုးရများက မည်သို့မည်ပုံ အသုံးချသည်တို့ကို လေ့လာလေ့ရှိသည်။ အခြား တစ်ဖက်တွင်လည်း စီးပွားရေးအပေါ် နိုင်ငံရေး၏ အကျိုးသက်ရောက်ပုံများ၊ သာမန်အရပ်သူ အရပ်သားတို့၏ နိုင်ငံရေးအပေါ် သဘောထားအမြင်များ၊ အရပ်ဖက် အဖွဲ့အစည်းတို့အပေါ် နိုင်ငံရေး၏ သြဇာသက်ရောက်ပုံများ စသည်တို့ကို လေ့လာသည်။ အစိုးရများ၏ သဘောသဘာဝနှင့် ပါဝါကျင့်သုံးပုံများကို အလေးပေးလေ့လာခြင်းသည် အခြားသော လူမှုသိပံ္ပပညာရပ်များနှင့် နိုင်ငံရေးသိပံ္ပတို့ကို ခြားနားစေသော အချက်ဖြစ်သည်။ နိုင်ငံရေး သိပံ္ပပညာရှင်များသည် အစိုးရများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့၏ ဆက်စပ်ပုံကို လေ့လာနိုင်ရန် စီးပွားရေး ပညာရှင်များနှင့် ပူးပေါင်းလေ့လာရမှု ရှိသည်။ ထို့အတူ လူမှု အဆောက်အအုံနှင့် နိုင်ငံရေး အဆောက်အအုံ တို့အကြား ဆက်နွယ်နေမှုကို သိရှိနားလည်စေရန် လူမှုပညာရှင်များနှင့် ပူးပေါင်းလေ့လာရမှုများလည်း ရှိသည်။

နိုင်ငံရေး သိပံ္ပ၏ အရေးပါမှု

နိုင်ငံရေး သိပံ္ပသည် အရေးကြီးသော ပညာရပ်တစ်ခုဖြစ်သည်။ ၂၀ ရာစုအတွင်း သန်းပေါင်းများစွာသော လူသားတို့သည် မတူညီသော နိုင်ငံရေးအယူအဆများကို ယုံကြည်စွဲကိုင်ကြသော အပြိုင်နိုင်ငံရေး အုပ်စုများ၊ အုပ်စိုးသူများ၊ အာဏာရှင်များ၏ ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ကြရသည်။ လူသားတို့၏ ဘ၀သည် သူတို့နေထိုင်ရာ နိုင်ငံ အစိုးရများ၏ သဘောထား ရပ်တည်ချက်နှင့် လုပ်ရပ်များ၏ အကျိုးသက်ရောက်မှုတွေကို ခံနေကြရပြီး သူတို့ နေထိုင်ရာ လူ့အဖွဲ့အစည်း၏ လူမှု အဆောက်အအုံအပေါ် မူတည်၍ တာဝန်နှင့် ရပိုင်ခွင့်များ မတူညီကြပေ။ နိုင်ငံရေး သိပံ္ပပညာရှင်များသည် နိုင်ငံသားများကို ပညာပေးခြင်း၊ နိုင်ငံ့ခေါင်းဆောင်များကို အကြံပေးခြင်း၊ ဦးဆောင်လမ်းပြခြင်း၊ နိုင်ငံရေး အတွေးအမြင် မျိုးစုံ ပေါ်ပေါက်ရှင်သန်လာစေရန် သုတေသန ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။ နိုင်ငံရေး တည်ငြိမ်မှုနဲ့ တော်လှန်ရေး၊ ဖိနှိပ်ခြင်းနှင့် လွတ်လပ်ခြင်း၊ ညီမျှမှုနှင့် မညီမျှမှု၊ စစ်နှင့် ငြိမ်းချမ်းရေးစသည့် နိုင်ငံရေးဆိုင်ရာ အကြောင်းခြင်းရာတို့၏ ရင်းမြစ်များနှင့် အကျိုးဆက်များကို နားလည်နိုင်စေရန်၊ နိုင်ငံရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံရေး သိပံ္ပပညာ အခန်းကဏ္ဍသည် အရေးကြီးလှပါသည်။


နိုင်ငံရေး သိပံ္ပ၏ ပညာရပ်ဆိုင်ရာ နယ်ပယ်များ

(၁) နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု (Comparative Politics)

မတူညီသော နိုင်ငံများ၏ နိုင်ငံ့ရေးရာများကို နှိုင်းယှဉ်လေ့လာခြင်း ဖြစ်သည်။ အချို့ သော ပညာရှင်များသည် နိုင်ငံတစ်ခု၏ အခြေအနေများကို မတူညီသော အချိန်သတ်မှတ်ချက် နှစ်ခု ပိုင်းခြား၍ နှိုင်းယှဉ် လေ့လာကြသလို ယဉ်ကျေးမှုခြင်း ဆင်တူသည့် နိုင်ငံအုပ်စုများ (ဥပမာ - အရှေ့ တောင် အာရှ နိုင်ငံများ) ကို နှိုင်းယှဉ်လေ့လာကြသည်။ ထိုပညာရှင်တို့သည် လေ့လာနေသော နိုင်ငံ (သို့မဟုတ်) နိုင်ငံအုပ်စုများ၏ ဘာသာစကား၊ သမိုင်း နောက်ခံ အခြေအနေ၊ ယဉ်ကျေးမှုရေးရာတို့ကို ကျွမ်းကျင်ကြသူများ ဖြစ်သည်။ အချို့ပညာရှင်များသည် ယဉ်ကျေးမှုခြင်း မတူညီသော နိုင်ငံများကို လေ့လာကြပြီး ထိုနိုင်ငံတို့၏ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်ကြသည်။ ထိုသို့ လေ့လာခြင်းဖြင့် ရရှိလာသော တွေ့ရှိချက်များသည် သမိုင်း သင်ခန်းစာအဖြစ် ပေါ်ပေါက်လာခြင်းကြောင့် နိုင်ငံရေး စနစ် အပြောင်းအလဲ လုပ်လိုသော နိုင်ငံများအတွက် ရင်ဆိုင်ရနိုင်သော အခက်အခဲများအတွက် ကြိုတင်ပြင်ဆင်နိုင်သလို၊ လိုအပ်ချက်များ ရှိနေပါကလည်း ကြိုတင်ဖြည့်ဆည်းနိုင်သည့်အတွက် များစွာအကျိုးရှိပေသည်။

(၂) နိုင်ငံတကာ ဆက်ဆံရေး (International Relation)

နိုင်ငံတကာ ဆက်ဆံရေးပညာသည် နိုင်ငံအချင်းချင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံစုံကျော် ကော်ပိုရေးရှင်းကြီးများ၏ အပြန်အလှန် ဆက်ဆံမှု ပုံစံများ၊ အကျိုးသက်ရောက်မှုများကို လေ့လာသည်။ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် နိုင်ငံရေး ပညာရှင်များ အသုံးပြုသော အစဉ်အလာ ချဉ်းကပ်နည်း နှစ်ခုမှာ Realism နှင့် Liberalism တို့ ဖြစ်သည်။ Realism အစဉ်အလာအရ နိုင်ငံတကာစနစ် (International Order) ၏ တည်ငြိမ်မှုကို ထိန်းထားနိုင်ရန် အင်အားညှိရေး (Balance of Power) အယူအဆကို အသုံးပြုသည်။ Liberalism အစဉ်အလာအရ ကြည့်မြင် သုံးသပ်မည် ဆိုလျှင်မူ နိုင်ငံအချင်းချင်းကြား ပေါ်ပေါက်လာသော ပဋိပက္ခများ၊ တင်းမာမှုများကို ဖြေရှင်းနိုင်ရန် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးမှုကို အားပေးသည်။ ဥပမာ ကုလသမဂ္ဂ၊ အီးယူ မဟာမိတ်အဖွဲ့အစည်းများက ၀င်ရောက် ညှိနှိုင်းပေးရသည့် သာဓက ရှိပါသည်။ ဤသို့ ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဖြင့် နိုင်ငံတကာ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုကို တည်ဆောက်နိုင်ရန် ကြိုးပမ်းကြခြင်းဖြစ်သည်။

(၃) နိုင်ငံရေး သီအိုရီများ (Political Theories)

နိုင်ငံရေး သိပံ္ပပညာရပ် စတင်ထွန်းကားခဲ့ရာ ဂရိခေတ်မှ စတင်၍ ယခုအချိန်ထိ ပေါ်ပေါက်ခဲ့သော နိုင်ငံရေး သီအိုရီများကို လေ့လာခြင်း ဖြစ်သည်။ နိုင်ငံရေး သီအိုရီများတွင် တရားမျှတမှု၊ ညီမျှမှု၊ လွတ်လပ်မှု၊ မှန်ကန်မှု၊ နိုင်ငံသားဖြစ်မှု စသည့် နိုင်ငံရေး၏ အရေးပါသော အခြေခံ အယူအဆများကို ဝေဖန်ဆန်းစစ်မှုများ ပါဝင်သည်။ ထို့ပြင် နိုင်ငံရေး သိပံ္ပကို လေ့လာရာတွင် လိုအပ်သော ယုတ္တိဗေဒဆိုင်ရာ အချက်အလက်များကိုလည်း နိုင်ငံရေး သီအိုရီများတွင် တွေ့မြင်နိုင်သည်။ နိုင်ငံရေး သီအိုရီများသည် ဥပဒေနယ်ပယ်၊ ဒဿနိက နယ်ပယ်တို့နှင့် ဆက်နွယ်လျက်ရှိသည်။

ယေဘုယျအားဖြင့် နိုင်ငံရေး သီအိုရီပိုင်ရှင်များသည် လူသားနှင့် လူ့အဖွဲ့အစည်းတို့အတွက် အကောင်းဆုံးသော စံပြဖွဲ့စည်းပုံများကို တင်ပြကြသလို၊ အုပ်စိုးသူနှင့် အုပ်စိုးခံသူများကြား ပဋိညာဉ်ပြုမှု စသည်တို့ကို လေးနက်စွာ စဉ်းစားဖော်ထုတ်ကြခြင်း ဖြစ်သည်။ နိုင်ငံရေး သီအိုရီများကို ဓမ္မဓိဌာန် စံနှုန်းများအတိုင်း စဉ်းစားတွေးခေါ် တည်ဆောက်ထားသော Normative Theories များ၊ လူသား၏ သဘာဝကို အခြေပြုစဉ်းစားသော Prudential Theories များနှင့် လူသားတို့၏ လွတ်လပ်မှု အခြေခံမှ စဉ်းစားသော Constructive Theories များဟူ၍ သုံးမျိုးခွဲခြားနိုင်သည်။ Normative Theories များသည် နိုင်ငံသားတို့၏ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုနှင့် နိုင်ငံတော်၏ ဥပဒေကို လိုက်နာမှုတို့တွင် မည်သည့်အတွက် ထိုသို့လုပ်သင့်ခြင်း ဖြစ်သည်တို့ကို ကိုယ်ကျင့်တရား ရှုထောင့်၊ ဓမ္မဓိဋ္ဌာန်ရှုထောင့်တို့မှ ဆန်းစစ်ပြုခြင်း ဖြစ်သည်။ Prudential Theories များမှာမူ ကိုယ်ကျင့်တရား၊ ဆင်ခြင်တုံတရားတို့ထက် လူသား၏ မိမိအကျိုးစီးပွားရှိမှုကို လိုလားသော သဘာဝကို အခြေပြုပြီး ဆန်းစစ်ထားသော နိုင်ငံရေး သဘောတရားများ ဖြစ်သည်။ Constructive Theories ပညာရှင်များသည် နိုင်ငံသားတို့ မည်သည့်အတွက် နိုင်ငံတော် အပေါ် သစ္စာစောင့်သိကြသည်ဆိုသည်ထက် လိုအပ်မှုအရ နိုင်ငံတော်က အကောင်အထည် ဖော်နေသော စနစ်တို့အပေါ်တွင် မည်သို့မည်ပုံ ပါဝင်ပတ်သက်သင့်သည် ဆိုသည်တို့ကို ရှင်းလင်းပြခြင်းများ ဖြစ်သည်။ တစ်နည်းအားဖြင့် ရှိနှင့်ပြီးသား အဆောက်အအုံတို့၏ လွှမ်းမိုးမှုထက်၊ ကိုယ်ပိုင်လွတ်လပ်မှုကို အသုံးချပြီး လိုအပ်ပါက အဆောက်အအုံပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို မည်သို့ ဆောင်ရွက်သင့်သည်တို့ကို ဝေဖန်ပိုင်းဆစ် ပြခြင်းများ ဖြစ်သည်။

(၄) လူထုအုပ်ချုပ်ရေး (Public Administration)

နိုင်ငံရေး သိပံ္ပပညာရှင်အချို့ သည် လူထုအုပ်ချုပ်ရေးဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် အခြားသော အစိုးရ ဌာနများ၏ ဆက်နွယ်မှုကို လေ့လာကြသည်။ ထိုအဖွဲ့အစည်းများ၏ လုပ်ငန်းလည်ပတ်ပုံကို လေ့လာခြင်းဖြင့် အားသာချက်၊ အားနည်းချက်များကို သိမြင်ကာ နိုင်ငံရေး သိပံ္ပပညာရှင်များသည် ပိုမိုတိုးတက် ကောင်းမွန်သော လူထုဖွံ့ဖြိုးရေး စနစ်များကို ရှာဖွေဖော်ထုတ်ပေးနိုင်ပေသည်။

(၅) ပြည်သူလူထုနှင့် သက်ဆိုင်သော မူဝါဒများ (Public Policies)

ကျန်းမာရေး စောင့်ရှောက်မှု၊ လေထု ညစ်ညမ်းမှု၊ စီးပွားရေး အခြေအနေ စသည့် လူထုနှင့်တိုက်ရိုက် သက်ဆိုင်သော အရေးအရာများကို လေ့လာကာ မည်သို့မည်ပုံ ပေါ်လစီများ ချမှတ်ဖြေရှင်းရမည်ဆိုသည်ကို စဉ်းစားဝေဖန်ခြင်း ဖြစ်သည်။ ဤပညာရပ်သည် ပြည်သူ့ပေါ်လစီဆိုင်ရာ အယူအဆများကို နှိုင်းယှဉ် လေ့လာမှုများ ရှိသလို၊ နိုင်ငံခြားရေး မူဝါဒ၊ နိုင်ငံတော် လုံခြုံရေး မူဝါဒများအတွက် နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်မှ အချက်အလက်များကို အသုံးပြု လေ့လာသည်။ ပေါ်လစီများ ချမှတ်ရာတွင် လိုအပ်သော ကျင့်ဝတ်များကိုမူ နိုင်ငံရေးသီအိုရီများမှ ထုတ်ယူ အသုံးပြုသည်။

(၆) နိုင်ငံရေးဆိုင်ရာ အပြုအမူ (Political Behavior)

ပြည်သူတို့၏ နိုင်ငံရေးဖြစ်စဉ်များ၊ လှုပ်ရှားမှုများတွင် ပါဝင်မှု စသည့် နိုင်ငံရေးဆိုင်ရာ အပြုအမူတို့ကို လေ့လာသော ပညာရပ် ဖြစ်သည်။ ထိုပညာရပ်သည် လူထု၏ မဲဆန္ဒပေးရာတွင် အခြားသော လူမှုရေး ဖိအားတို့၏ လွှမ်းမိုးမှု ကင်း မကင်း၊ လူတို့၏ စိတ်ပိုင်းဆိုင်ရာ အစွဲအလမ်းများ (ဥပမာ - ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ)၊ နိုင်ငံရေးဖြစ်စဉ်များ ပါဝင်ရာတွင် ပြည်သူတို့၏ စိတ်ပိုင်းဆိုင်ရာ ခံစားမှုများ၊ အကျိုးစီးပွားအမြင်များ စသည်တို့ကို လေ့လာသည်။ လေ့လာတွေ့ရှိချက်များသည် ပါတီစည်းရုံးရေး လုပ်ငန်းစဉ်များနှင့် ပါတီတို့၏ မူဝါဒ ရေးဆွဲရေးမှုများအပေါ် များစွာ အကျိုးပြုသည်။

နိုင်ငံရေး သိပံ္ပပညာရှင်တို့၏ ချဉ်းကပ်မှု ဗျူဟာများ

နိုင်ငံရေး သိပံ္ပပညာရှင်များသည် နိုင်ငံရေးဆိုင်ရာ ဖြစ်စဉ် ဖြစ်ရပ်များကို စနစ်တကျ ရှင်းပြနိုင်ရန်အတွက် ရှုထောင့်သုံးမျိုးမှ ချဉ်းကပ်လေ့ ရှိသည်။

ပထမဦးဆုံး ပုံစံမှာ လူ့သဘာဝကို အခြေခံသော ဆင်ခြေရွေးချယ်မှု ပုံစံ (Relational Choice Model) ဖြစ်သည်။ ထိုရှုထောင့်မှ လေ့လာမည်ဆိုလျှင် လူသားတို့သည် ယေဘုယျအားဖြင့် မိမိတို့၏ အကျိုးစီးပွားကို ရှေးရှုတတ်သူများ ဖြစ်သည့် အားလျော်စွာ မည်သည့် အခြေအနေတွင်မဆို မိမိတို့အတွက် အကျိုးဖြစ်ထွန်း နိုင်ဆုံးလမ်းကိုသာ ရွေးချယ်ကြမည် ဖြစ်သည်။ နိုင်ငံရေးရာ ကိစ္စရပ်များတွင်လည်း မိမိတို့အတွက် အကျိုးပြုနိုင်ဆုံး နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းများ၊ အစိုးရများကိုသာ ထောက်ခံကြမည် ဖြစ်သည်။

ဒုတိယ ချဉ်းကပ်မှု ပုံစံမှာ စနစ်ပိုင်းဆိုင်ရာ လိုအပ်မှုကို အခြေခံသော ပုံစံ (Function Model) ဖြစ်သည်။ လည်ပတ်လျက်ရှိသော စနစ်တစ်ခုသည် လူသားတို့၏ လိုအပ်မှုကို အပြည့်အ၀ ဖြည့်ဆည်း မပေးနိုင်တော့သည့် အချိန်တွင် ထိုစနစ်၏ အားနည်းချက်များကို ရှာဖွေဆန်းစစ်မှုများ ဖြစ်ပေါ်လာမည် ဖြစ်သည်။ ထိုလှုပ်ရှား ဆောင်ရွက်မှုများသည် သမိုင်းဆိုင်ရာ တိုးတက်မှုအတွက် အရေးပါသည့် ညွှန်ပြမှတ်များ ဖြစ်လာသည်။

တတိယ ချဉ်းကပ်မှု ပုံစံမှာ လူသားတို့၏ တန်ဖိုးထားမှုများ၊ လောကအမြင်များကို အခြေခံသော လေ့လာမှုပုံစံ (Interpretive Model) ဖြစ်သည်။ ထိုရှုထောင့်အရ နိုင်ငံရေးဆိုင်ရာ ဖြစ်စဉ်ဖြစ်ရပ်များကို လေ့လာရာတွင် ထိုဖြစ်စဉ်များတွင် ပါဝင်သူတို့၏ ယုံကြည်မှုများ၊ တန်ဖိုးထားမှုများကို နားလည်ရန် ကြိုးပမ်းအားထုတ်ခြင်းဖြင့် ထိုဖြစ်ရပ်များ၏ အကြောင်းအရာများနှင့် အကျိုးဆက်များကို ခန့်မှန်းတွက်ချက်ရာတွင် များစွာ အထောက်အကူ ပြုသည်။

နိုင်ငံရေး သိပံ္ပပညာရပ်၏ သုတေသန လုပ်နည်းလုပ်ဟန်များကို ဆက်လက် ဆွေးနွေးသွားမည် ဖြစ်သည်။ အချို့သော နိုင်ငံရေး သုတေသီတို့သည် ကိန်းဂဏာန်းပမာဏ အခြေပြုနည်းနာ (Quantitative Method) ကို အသုံးပြု၍ နမူနာ အုပ်စုငယ်များ အတွင်း လေ့လာတွေ့ရှိမှုများကို အခြေခံပြုကာ စည်းမျဉ်းဥပဒေသများ၊ သီအိုရီများကို တည်ဆောက်နိုင်ရန် ကြိုးပမ်းကြသည်။ သို့ရာတွင် လူသားတို့၏ စိတ်သည် အစဉ်အမြဲ ပြောင်းလဲတတ်သည့် အလျောက် နမူနာပုံစံငယ်များအတွင်း လေ့လာရရှိသော အချက်အလက် ရလဒ်များသည် ပိုမိုကျယ်ပြန့်သော လက်တွေ့အခြေအနေများတွင် အံဝင်ခွင်ကျ မဖြစ်နိုင်သည်များ ရှိနိုင်ပေသည်။ ကြိုတင်ခန့်မှန်းနိုင်ရန် ခက်ခဲသော လူတို့၏ အပြုအမူများကို ဖော်မျူလာ သဘောများဖြင့် ချဉ်းကပ်၍ မရနိုင်သည်များ ရှိပေသည်။ ဥပမာ မည်သည့် နိုင်ငံရေးသိပံ္ပ ပညာရှင်ကမျှ ၁၉၈၉ခုနှစ် ဆိုဗီယက် ယူနီယံ ပြိုကွဲမှုကို ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် အချို့ သော ပညာရှင်တို့က ဖြစ်ရပ်တခုတည်းကို သီးသန့်လေ့လာမှု (Case Study) များပြုလုပ်ခြင်းဖြင့်သာ ထိုလေ့လာနေသော ဖြစ်ရပ်၏ လက်တွေ့ ပြဿနာများနှင့် ပြဿနာ ဖြေရှင်းရန် နည်းလမ်းများကို ရှာဖွေသင့်သည်ဟု ယူဆကြသည်။

ကိန်းဂဏာန်း ပမာဏ အခြေပြု နည်းပညာ (Quantitative Method)

ထို သုတေသန နည်းနာတွင် လူထု သဘောထား စစ်တမ်း ကောက်ယူမှုနှင့် လေ့လာနေသော အုပ်စု (သို့မဟုတ်) လူ့အဖွဲ့အစည်းအပေါ် ယေဘုယျ ဆန်းစစ်ချက်များ ပြုလုပ်မှုတို့ ပါဝင်သည်။ သဘောထား စစ်တမ်းကောက်ယူမှု ပုံစံတွင်မူ မဲဆန္ဒနယ် တခု (သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်း လူထု၏ ဘ၀ရပ်တည်မှု အခြေအနေ၊ စာတတ်မြောက်မှုနှုန်း၊ ပျမ်းမျှသက်တမ်း စသည့် လူမှုရေးဆိုင်ရာ အခြေအနေတို့ကို စနစ်တကျ မှတ်တမ်းတင်၍ လေ့လာသော ပုံစံဖြစ်သည်။ ထိုသို့ လေ့လာခြင်းဖြင့် ထိုဒေသ (သို့မဟုတ်) နိုင်ငံ၏ လက်ရှိကျင့်သုံးနေသော နိုင်ငံရေး စနစ်နှင့် လက်တွေ့ အခြေအနေကြား ကွာဟမှု ရှိ မရှိ လေ့လာ သိရှိနိုင်သည်။

ဖြစ်ရပ်တစ်ခုချင်း သီးသန့် လေ့လာခြင်း

ထို သုတေသန နည်းနာအရ ထူးခြားသော နိုင်ငံရေး ဖြစ်စဉ်များ (ဥပမာ တော်လှန်ရေး ဖြစ်ပွားမှု၊ စစ်ဖြစ်ပွားမှု၊ နိုင်ငံ စီးပွားရေး တိုးတက်လာမှု) စသည်တို့ကို ခွဲခြမ်းစိတ်ဖြာ၍ အကြောင်းရင်းများ၊ အကျိုးဆက်များကို လေ့လာခြင်း ဖြစ်သည်။ ဤသို့ လေ့လာရာတွင် အစဉ်အလာ သီအိုရီများ၊ စည်းမျဉ်းဥပဒေသများကို အသုံးပြုခြင်းထက် လေ့လာနေသော ဖြစ်ရပ်၏ ထူးခြားသော ပြဿနာများကို စနစ်တကျ နားလည်နိုင်ရန် ကြိုးပမ်းခြင်းနှင့် ထိုပြဿနာများအတွက် လိုအပ်သော ဖြေရှင်းမှုများကို ဦးစားပေး ရှာဖွေရန် ကြိုးပမ်းကြခြင်း ဖြစ်သည်။ အသစ်သစ်သော တိုးတက်ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကို ချဉ်းကပ်ရာတွင် ဤနည်းလမ်းသည် များစွာ အသုံးဝင်ပေသည်။

အခြား နည်းလမ်းများ (The Other Methods)

အထက်ပါ နည်းလမ်း (၂) ခု အပြင် အခြေအနေ၏ လိုအပ်မှုအပေါ် မူတည်၍ အခြားပညာရပ်များတွင် အသုံးပြုလေ့ရှိသော လက်တွေ့စမ်းသပ်မှုများအတိုင်း သုတေသန ပြုလုပ်မှုများလည်း ရှိသည်။ ဥပမာ - ပေါ်လစီတစ်ခုကို ကာလအတိုင်းအတာ တစ်ခု သတ်မှတ်၍ လက်တွေ့စမ်းသပ် ကျင့်သုံးကြည့်ကာ အကျိုးဆက်ကို လေ့လာခြင်း၊ ပေါ်လစီ တစ်ခုကို မတူညီသော နေရာနှစ်ခုတွင် စမ်းသပ်ကျင့်သုံးစေပြီး ထွက်ပေါ်လာသော ရလဒ်များကို နှိုင်းယှဉ်လေ့လာကြည့်ခြင်းတို့ ဖြစ်သည်။

(ဤ ဆောင်းပါးသည် အပြောကျယ်လှသော ပညာသမုဒ်ပြင်ကျယ်ကြီးထဲမှ ရေစက်ကလေး တစ်စက်သဖွယ်သာ ဖြစ်ပါသည်။ နိုင်ငံရေး သိပံ္ပ၏ လေ့လာမှု နယ်ပယ်များနှင့် သဘောသဘာဝကို ခြုံငုံမိစေရန် မိတ်ဆက်သဘောဖြင့် အကျဉ်းမျှ တင်ပြခဲ့ခြင်း ဖြစ်ပါသည်။)

ရည်ညွှန်း -

''Living Political Ideal's'' : by Geoff An drews and Michael Saward
''Modern Political Philiosophy" : by Richard Hudelson
Encarta Reference 2007

Wednesday, November 19, 2008

ခံစားမိသော ကလေးပန်းချီလက်ရာများ

ရေးသားတင်ပြသူ- ခင်လေးကြည်ကြည်

မြန်မာနိုင်ငံ ကျောင်းပညာရေးမှာ အနုပညာနဲ့ပတ်သက်ပြီး ခံစားကျွမ်းဝင်တတ်စေဖို့ အတွက် အားပေး မှုတွေ အတော်လေး အားနည်းနေသေးတာကို တွေ့ရပါတယ်။ ကျောင်းတွေမှာ ပန်းချီပြိုင်ပွဲတွေ၊ အဆို အက ပြိုင်ပွဲ တွေကို အခါအားလျော်စွာ ကျင်းပပေးလေ့ရှိပါတယ်။ ဒါပေမဲ့ အထိမ်းအမှတ်ပွဲတွေ အဖြစ်ပဲ ကျင်းပ တာ များပြီး ပန်းချီ၊ ဂီတ၊ အက စတဲ့ ပညာရပ်တွေ ဖွံ့ဖြိုးရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေး ဆိုတဲ့ ရည်ရွယ်ချက် အောက်မှာပဲ ရှိနေတတ်ပါတယ်။

ဒီနေ့ခေတ် ပညာရေး သဘောတရားတွေမှာ E.Q (သို့) E.I (Emotional Intelligence Quotient) ဆိုတာကို I.Q (Intelligence Quotient) ထက်ပိုပြီး ဦးစားပေးသင့်တယ်ဆိုတဲ့ အမြင်တွေ ကျယ်ပြန့်လာပါတယ်။ မြန်မာလို ပြန်ရရင် မျှဝေခံစားနိုင်မှု စွမ်းရည် ပမာဏ လို့ ခေါ်ရမယ် ထင် ပါတယ်။ မြန်မာနိုင်ငံရဲ့ သင်ရိုး ညွှန်းတမ်းပြုစုရေးအဖွဲ့မှာ ပါခဲ့တဲ့ ဆရာတင်မိုးတို့လို ပညာရှင်ကြီးတွေရဲ့ စေတနာကိုလည်း သူရေးဖွဲ့ခဲ့တဲ့ ကဗျာတွေထဲမှာ အများကြီးတွေ့မြင်နိုင်ပါတယ်။ `ဆရာတို့က ရသ ခံစား တတ် အောင် လူတိုင်းကို သင်ပေး ချင်တာ၊ ရသ ခံစားတတ်မှ လူအချင်းချင်းကိုယ်ချင်စာတရားရှိမှာ´လို့ဆရာ့ သဘောထားကို ဆရာ့သမီးတွေ ရေးတဲ့ ဆောင်းပါးထဲမှာ ဖတ်လိုက်ရပါတယ်။ (ငှက်ကလေး ရဲ့ခရီးသွား၊ မိုးမိုးနှင်း မိုးချိုသင်း-မိုးမခ အင်တာနက် စာမျက်နှာ)။

ကလေးပန်းချီပြိုင်ပွဲတွေကို ကျင်းပတဲ့အခါမှာလည်း ကလေးတွေရဲ့ ခံစားချက်ထက် သူတို့ရဲ့ ပန်းချီလက်ရာ၊ ခေါင်းစဉ်နဲ့ ကိုက်ညီမှုရှိရဲ့လားဆိုတဲ့ အကဲဖြတ်ချက်တွေနဲ့ စဉ်းစားလေ့ရှိကြပါတယ်။ တကယ်တော့ ပန်းချီ အနုပညာဆိုတာ အင်မတန် လေးနက်ကျယ်ဝန်းတဲ့ အဆင့်ရှိသလိုပဲ လူတိုင်း နားလည်နိုင်၊ ခံစား နိုင်၊ ဖန်တီးနိုင်တဲ့ အဆင့်တဆင့်လည်း ရှိပါတယ်။ ကျမတို့ရဲ့ ကလေးတွေကို လောကကို ချစ်တတ်အောင်၊ သဘာဝ အလှအပကို မြတ်နိုးတတ်အောင်၊ စိတ်အလှကို မွေးမြူတတ် လာအောင်လို့ ပန်းချီအပါအ၀င် ကဗျာ ဂီတ စတဲ့ ပုံ သဏ္ဌာန် အမျိုးမျိုးသော အနုပညာ ဘာသာရပ်တွေကို သင်ကြားပြီး ကျောင်းစာသင်ခန်းတွေက တဆင့် လေ့ကျင့်ပေးဖို့ လိုပါတယ်။

အောက်တိုဘာ(၅) ရက် `ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်´ ကလေးပန်းချီပြိုင်ပွဲလေးတစ်ခုကို ထိုင်းနိုင်ငံ မှာ အခြေ စိုက်တဲ့ `အမျိုးသားကျန်းမာရေးနှင့် ပညာရေး ကော်မီတီ´ရဲ့ သင်ရိုးညွှန်းတမ်းဖွံ့ဖြိုးမှု လုပ်ငန်း တစ်ရပ်အနေနဲ့ ပြုလုပ် ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာတိုင်းရင်းသား ကလေးငယ်တွေကို စာသင်ပေး နေတဲ့ ကျောင်းတွေဆီ လက်လှမ်းမှီ သမျှ ဖိတ်ခေါ်စာတွေပို့ခဲ့ပါတယ်။

နယ်မြေအသီးသီးရဲ့ အခြေအနေကိုစဉ်းစားပြီး ရေဆေးဖြစ်စေ၊ ရောင်စုံဖြစ်စေ၊ ခဲဖြစ်စေ၊ နှစ်သက်ရာကို အသုံးပြုပြီး ရေးဆွဲနိုင်ကြောင်း၊ ဆရာများနေ့အထိမ်းအမှတ်ဖြစ်ပေမဲ့ မိမိနှစ်သက်ရာပုံကို ရေးဆွဲနိုင်ကြောင်း၊ လက်ရာကောင်းမွန်မှု သာမက ရေးဆွဲသူရဲ့ စိတ်ကူး စိတ်သန်း ကောင်းမွန်မှု ကိုပါ ထည့်သွင်း စဉ်းစားမှာ ဖြစ်တဲ့ အတွက် မိမိရေးဆွဲတဲ့ ပန်းချီကား အမည်နဲ့ ရေးဆွဲရတဲ့ ခံစားချက်ကိုပါ ထည့်ရေးပေးဖို့ ကိုလည်း ဖိတ်ခေါ်စာနဲ့အတူ ပေးပို့အကြောင်းကြားခဲ့ပါတယ်။

ပြိုင်ပွဲဝင် ပန်းချီကားချပ်ပေါင်း (၄၄၀) ကား ရခဲ့ပါတယ်။ အဲသည်အထဲကမှ အသက်အပိုင်းအခြားအလိုက် အငယ်တန်းနဲ့ အကြီးတန်းခွဲပြီး အကောင်းဆုံးလက်ရာရှင်ဆု (၅)ဆုစီနဲ့ နှစ်သက်ဖွယ်လက်ရာရှင်ဆု (၁၀) ဆုစီ ရွေးချယ်ပေးခဲ့ပါတယ်။ မူလတည်းက သတ်မှတ်ထားခဲ့တဲ့ ဆုအရေအတွက်ကြောင့် ဆုရွေးချယ် မခံရ ပေမဲ့လည်း လက်ရာကောင်းတဲ့ ပန်းချီကား လေးတွေ အများကြီးရှိသလို၊ စိတ်ဝင်စားဖို့ကောင်းလှတဲ့ သူတို့ရဲ့ အတွေးစိတ်ကူးလေး တွေက သူတို့ရဲ့ ဘ၀နောက်ခံ ကိုပါ သိထားခဲ့ရင် စဉ်းစားစရာတွေ အများကြီးကို ဖြစ်စေပါတယ်။ ဒါကြောင့် ကျမကြည့်ရှု အကဲဖြတ်ခဲ့ရတဲ့ သူတို့ရဲ့ ပန်းချီကားလေးတွေနဲ့ သူတို့ ရေးဆွဲရတဲ့ ခံစားချက်တွေကို စိတ်ဝင်စားသူအားလုံးကို ဝေမျှချင်တာပါ။

……………………………………………………………………………….။

အရင်ဆုံး ရောင်နီဦးကျောင်း က ကလေးတွေဆွဲထားတဲ့ ပန်းချီကားလေးတွေကို ပြချင်ပါတယ်။ ရောင်နီဦး ကျောင်း ဆိုတာက ၈ လေးလုံးအရေးတော်ပုံကြီးနဲ့အတူ ပေါ်ပေါက်လာတဲ့ ကျောင်းသားတပ်မတော်က ဖွင့်ခဲ့ တဲ့ ကျောင်းပါ။ အခုအချိန်မှာ အထက်တန်းကျောင်းအဖြစ်နဲ့ ထိုင်းမြန်မာ နယ်စပ်တနေရာက ဒုက္ခသည်စခန်း တစ်ခုထဲမှာရှိပါတယ်။ အဲဒီကျောင်းလေးကို ရောက်ခဲ့ဖူးပြီး ကလေးတွေနဲ့အတူ (၄)ရက် နေခဲ့ဖူးပါတယ်။

ကျောင်းသူကျောင်းသား အများစုက ကရင်လူမျိုးကလေးတွေဖြစ်ပါတယ်။ ကျောင်းရောက်စမှာ အံသြရတာ က သူတို့ရဲ့ အဖြူအစိမ်းကျောင်းဝတ်စုံရယ် မြန်မာစံတော်ချိန်အတိုင်းအသုံးပြုတဲ့ ကျောင်းတက်ချိန် ကျောင်းဆင်းချိန်ပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲမှာ ဖွင့်ထားတဲ့ ကျောင်းတွေမှာ ကလေးတွေဟာ များသော အား ဖြင့် ထိုင်းကျောင်းဝတ်စုံကိုပဲဝတ်ကြရပါတယ်။ နောက်တော့ ကျောင်းအုပ်ကြီး ရှင်းပြတာက ၈၈ အရေးအခင်း မှာ ကျဆုံးသွားတဲ့ အဖြူအစိမ်းဝတ် ကျောင်းသားလေး တွေကို အမှတ်ရ ဂုဏ်ပြုတဲ့ အနေနဲ့ သူတို့ရဲ့ ကျောင်းဝတ်စုံကို အဖြူအစိမ်းပဲ သတ်မှတ်ထား ပါတယ်တဲ့။ ကျောင်းတက် ကျောင်းဆင်းချိန်ကိုလည်း မြန်မာပြည်က အသုံးပြုတဲ့အချိန်အတိုင်းသတ်မှတ်ထားတာက သူတို့ဟာ မြန်မာပြည်သား ကလေးတွေ ဖြစ်တယ်ဆိုတာ မမေ့အောင်လို့ပါတဲ့။(ထိုင်းစံတော်ချိန်နဲ့ မြန်မာစံတော်ချိန်က ၄၅ မိနစ် ကွာပါတယ်။)

မြန်မာပြည်က အချိန်အတိုင်း ထိုးလိုက်တဲ့ ကျောင်းတက်ခေါင်းလောင်းသံနောက်မှာတော့ တကျောင်းလုံး ဟိန်းထွက် လာတဲ့ သီချင်းသံကိုကြားလိုက်ရပါတယ်။
`ငါတို့ကျောင်းသား…ပေါင်းစည်းလို့ ညီကြမည်….အမျိုးသားရေးကို ကြိုဆိုလို့အတည်….ဒီမိုကရေစီ ပညာရေး တွက်ရည်….တို့အသား တို့အသွေး ပေးလှုမည်…´။
ကျောင်းဆင်းချိန်ဆိုတဲ့သီချင်းကလည်း `ပဉ္စမမြောက် နိုင်ငံတော်သစ်မွေးဖွားခြင်း´တဲ့။
`….ပြည်သူတွေနဲ့ ကျောင်းသားအပေါင်းရဲ့ ..အရိုးတွန်ချိန်ရောက်လာပြီလေ…မြန်မာနိုင်ငံပဉ္စမ မြောက်ကို …တို့ တည်ထောင်စို့လေ…´။

ဒီကျောင်းမှာ ကျောင်းအိပ်ကျောင်းစားနေတဲ့ ကလေးတွေလည်းရှိပါတယ်။ သူတို့ကတော့ IDP လို့ အတို ခေါ်တဲ့ ပြည်တွင်း မှာ နေစရာအတည်မရှိပဲ ရွှေ့ပြောင်းပုန်းအောင်း နေကြရတဲ့ ကလေးအများစုဖြစ်ပါတယ်။ သူတို့ရဲ့ မိဘတွေ (အများစုက မိခင် ဖခင် အစုံမရှိကြပါ)က မြန်မာပြည်တွင်းမှာ ကျန်ခဲ့ပြီး ကလေးတွေကို ပညာတစ်ခုရဖို့် နဲ့ လုံခြုံမှုအတွက် ကျောင်းတက်နိုင်တဲ့အရွယ်ကစလို့ ဒီကျောင်းကိုပို့ထားခဲ့ကြတာပါ။ ကျမနဲ့အတူ အိပ်ခဲ့ရတဲ့ တတိယတန်း ကျောင်းသူ လေး ကတော့ အသက်(၆) နှစ်တည်းက ဒီကျောင်းမှာ ကျောင်းအိပ်ကျောင်းစား နေခဲ့တာပါတဲ့။ `အမိုးနဲ့မတွေ့ရတာ သုံးနှစ်ရှိသွားပြီ´ လို့ ပြောပါတယ်။ သမီး ဘယ်တော့ရွာပြန်ဦးမလဲလို့ မေးမိတော့ `အမိုးလာမခေါ်သေးဘူးလေ… အမိုး လာခေါ်ရင်ပြန်မှာပေါ့´ တဲ့။ `အမိုးကမှာလိုက်တယ် အမိုးတို့အမျိုးထဲမှာ စာသင်ဖူးတဲ့သူ ဆိုတာမရှိလို့ သမီးက စာသင် နိုင်အောင် ကြိုးစားရမယ်တဲ့´။

ညသန်းခေါင်လောက်မှာတော့ မုန်တိုင်းကျလို့ မိုးတွေရွာ လေတွေတိုက်ပြီး ကျောက်တောင်စောင်းမှာ ဆောက်ထားတဲ့ ကျောင်းသူ အဆောင်တစ်ခုလုံး သိမ့်သိမ့် တုန်နေလို့ လန့်နိုးလာပါတယ်။ သစ်ကိုင်း ကျိုးကျတဲ့ အသံ တောင်စောင်းပေါ်က သစ်ပင်လဲပြီး လျှောကျလာတဲ့ အသံတွေကြားလို့ ကျမ ပြန်မအိပ်ရဲ တော့ပါဘူး။ ထရံပေါက်ကြားက မီးရောင်လေး လင်း နေတာ မြင်ရလို့ ချောင်းကြည့်လိုက်တော့ ဟိုဘက် ထရံတစ်ချပ်အခြားက ဆယ်တန်းကျောင်းသူလေး ကြိုးစားပမ်းစားသင်္ချာတွက်နေတာကို ယိမ်းနွဲ့နေတဲ့ ဖယောင်းတိုင်မီးရောင်အောက်မှာ တွေ့ရပါတယ်။ `သမီးလည်း အိပ် မပျော်ဘူးလား´ လို့ အဖော်ညှိမိတော့ `သမီး ဒီသင်္ချာတစ်ပုဒ်တွက်နေတာ မရသေးလို့ မအိပ်သေးတာပါ´တဲ့။ သြော် သူတို့ အတွက်တော့ ဒီမုန်တိုင်းလောက်က ကြောက်စရာမဟုတ်တော့ဘူးထင်ပါရဲ့။ သမီး ဒီမှာ (၁၀)တန်း စာမေးပွဲ ဖြေပြီး ရင် ဘာ ဆက်လုပ်မလဲလို့ စပ်စုတော့ `သမီးရွာပြန်မယ်လေ။ အမိုးတို့ ရွာမှာပဲရှိမယ်ထင်တယ်။ ရွာနဲ့ခွဲလာတာ (၆)နှစ် ရှိသွားပြီ။´တဲ့။ သူက ဆက်ပြောပြနေတယ်`သမီးတို့ငယ်ငယ်တုန်းကတော့ ရွာမှာ ကျောင်းရှိသေး တယ်။ နောက် တော့ စစ်တပ်က စစ်ထိုးလာလို့ တရွာလုံးမီးလောင်သွားတယ်´ တဲ့။

အဲဒီလို နောက်ခံဘ၀ တွေရှိတဲ့ ကလေးတွေ ရေးဆွဲထားတဲ့ ပန်းချီကားလေးတွေကို ကြည့်လိုက်ပါဦး။

Photobucket

ရေးဆွဲသူကတော့ ဇာနည်ထက် ပါ။ အသက် (၆)နှစ်အရွယ် သူငယ်တန်းကြီးကျောင်းသားလေးပါ။ သူ့ခံစားချက်ကတော့ `သစ်ပင်လိုပဲ သားသားလည်း မိသားစုနဲ့ အမြဲရှင်သန်ချင်လို့ပါ´ တဲ့။

နောက်တပုံကတော့..
Photobucket

သူငယ်တန်းကြီးကပဲ အသက်(၆) နှစ်အရွယ် မင်းကူထူး ဆွဲထားတဲ့ပုံလေးပါ။ ပန်းချီကားနာမည်က `ဒီအရုပ်ကလေးကို လိုချင်တယ်´ တဲ့။ သူရေးထားတဲ့ ခံစားချက်ကတော့ `သားသားဆီမှာ ဒီအရုပ်လေးတွေမရှိလို့ ၀မ်းနည်းစွာနဲ့ဆွဲတာပါ´။

Photobucket

ဒီပုံက စောဒေါလေ့ထူး အသက်(၉)နှစ်ဆွဲတဲ့ပုံပါ။ သူက ဒုတိယတန်းကျောင်းသားလေးပါ။ သူဆွဲထားတဲ့ ကျောင်းရှေ့အလံတိုင်က အလံက ကရင်အမျိုးသားအလံပါ။ ပန်းချီကားအမည်က `ရွာထဲကကျောင်းပုံ´။
ရေးဆွဲရတဲ့ ခံစားချက်ကတော့ `ကျနော်စိတ်ကူးယဉ်သောရွာကလေး တရွာနှင့် သီးသန့်ကျောင်းလေး တကျောင်းကို တည်ထောက်ချင်ပြီး လှပသောတောင်တန်း၊ လယ်ကွင်းထဲ၌ ဆန်၊ စပါး၊ အသီးအရွက်များ စိုက်ချင်လို့´ ပါတဲ့။

အောက်ကပုံက ဒုတိယတန်းကျောင်းသား (၁၀)နှစ်သားလေး စောကလို့ကလော်ထူး ဆွဲတဲ့ပုံပါ။
Photobucket

သူ့ရဲ့ ပန်းချီကားခေါင်းစဉ်ကတော့ ကြောက်စရာပဲ `နအဖ စစ်တပ်များက YNU တပ်သားများနေသော နေရာကို ပစ်နေတဲ့ပုံ´ တဲ့။ YNU ဆိုတာ ရောင်နီဦးကို အတိုပြောချင်တာထင်ပါရဲ့။ သူ ခံစားချက်ကတော့ `သားသားကြီးလာရင်စစ်ဗိုလ်ဖြစ်ချင်လို့ပါ´တဲ့လေ။

Photobucket

ဒီပုံလေးကတော့ ပိုးပိုးလေး အသက်(၆) နှစ် သူငယ်တန်းကြီး ကျောင်းသူလေး ဆွဲတဲ့ပုံပါ။ ပန်းချီကား ရဲ့အမည်က `ကောင်မလေးနှင့် အိမ်ကလေး´ ရေးဆွဲရတဲ့ ခံစားချက်က `သမီးက ဒီအိမ်လေးထဲမှာ တယောက်ထဲပဲနေချင်တယ်။ ဒါကြောင့်ဒီပုံတွေကို ဆွဲတာပါ´ တဲ့။


အောက်ကပုံလေးတွေကတော့ အငယ်တန်းအဆင့်မှာ နှစ်သက်ဖွယ်လက်ရာရှင် အဖြစ်ရွေးချယ်ခံရတဲ့ ပုံတချို့ပါ။

Photobucket

ဒီပုံအမည်က `ကျောင်းပတ်ဝန်းကျင် ရှုခင်းပုံ´ ခံစားချက်ကတော့ ရိုးရိုးပါပဲ`ကျောင်းနှင့် ကျောင်းပတ်ဝန်း ကျင်ကို ကြိုက်နှစ်သက်၍´ တဲ့။ ရေးဆွဲသူက စောအောင်အောင် အသက်(၁၀) နှစ်၊ တတိယတန်းပါ။

Photobucket

ဘဲမယ် အသက်(၁၀)နှစ် ဆွဲတဲ့ပုံလေးပါ။ ဒုတိယတန်းကျောင်းသူလေးဖြစ်ပါတယ်။ ပုံနာမည်က `အိမ်နှင့်ခြံပုံ´ ဖြစ်ပြီး သူ့ခံစားချက်ကတော့ `ဤပုံလိုမျိုး ကိုယ့်အိမ်နှင့်ကိုယ့်ခြံနေချင်တယ်´ တဲ့။


ကျမ တော်တော်သဘောကျလို့ အငယ်တန်းမှာ အကောင်းဆုံးလက်ရာရှင်ဆု ရွေးခဲ့တဲ့ပုံလေးကတော့ ရိုးရိုးလေးပါပဲ။ `သဘာဝ ရှုခင်းပုံ´ လို့အမည်ပေးထားပါတယ်။ သူ့ ခံစားချက်ကလည်း သိပ်ချစ်ဖို့ကောင်းပါတယ်။ ကြည့်လိုက်ပါ။

Photobucket

Photobucket

`တဲက လူတွေနေဖို့ဆောက်ထားတယ်။
ချောင်းက တိရစ္ဆာန် တွေ ရေသောက်ဆင်းလို့ရတယ်။
တောင်တွေက အလွန်လှပတယ်။
စပါးပင်က လူတွေစားဖို့စိုက်ထားတယ်။
နေကလူတွေအတွက် အလင်းနဲ့အပူရစေတယ်။
တိမ်က မိုးပေါ်မှာပဲနေတယ်။
မိုးတွင်းအခါ မိုးရွာချတယ်။
မြက်ခင်းပြင်လဲ စိမ်းလန်းစိုပြေတယ်။´

သဘာဝ တရားကြီးရဲ့လှပမှုကို ဘယ်လောက်တောင် အကောင်းမြင်ထားတဲ့ စိတ်ကူးလေးလဲဆိုတာ။ ရေးဆွဲသူကတော့ နှင်းဖြူဖြူဦး စတုတ္ထတန်းကျောင်းသူလေးဖြစ်ပြီး အသက်(၉)နှစ်ခွဲပဲရှိပါသေးတယ်။

Photobucket

ဒီပုံလေးကလည်း အကောင်းဆုံးလက်ရာရှင်ဆုရတဲ့ပုံပါပဲ။ ရေးဆွဲရတဲ့ ခံစားချက်က `ကျနော်တို့ရွာ၏ ဘုန်းကြီး ကျောင်းကို သတိရသောကြောင့်ဖြစ်သည်´ တဲ့။ ပုံကိုအမည်ပေးထားတာကလည်း ရိုးရိုးလေး ပါပဲ `ဘုန်းကြီးကျောင်းပုံ´ တဲ့။ ရေးဆွဲသူကတော့ ဒုတိယတန်းကျောင်းသားလေး အောင်မျိုးထက် အသက်(၈)နှစ် ဖြစ်ပါတယ်။ သူ့ပုံထဲကလိုပဲ ရွာကဘုန်းကြီးကျောင်းမှာ ဘုန်းတော်ကြီးရော ကိုရင်ရော အရိပ်အယောင်မှ ရှိပါသေးရဲ့လား လို့ စဉ်းစားမိပါတယ်။


အောက်မှာပြထားတဲ့ပုံက အကြီးတန်းအဆင့်က အကောင်းဆုံးလက်ရာရှင်ဆု ရွေးခံရတဲ့ ပုံလေးတပုံပါ။

Photobucket

ပန်းချီကားအမည်က `ရောင်နီဦး´တဲ့ ။ သူ့စိတ်ကူးကတော့ `ကျွန်တော်သည် ရေးဆွဲသည့် ခံစားချက်ကတော့ ကျွန်တော့်ဘ၀မှာ နေရတဲ့ ကျောင်းအားလုံးကို ရောင်နီဦးက အကောင်းဆုံးဖြစ်သည်။ စာသင်ဘက်ကလည်း ကောင်းသည်။ ဆရာ/မ ကလည်း ညီညာထကြွသည်။ computer centre လည်းရှိသည်။ ရောင်နီဦးကျောင်း သည် N.G.S.O လည်း ဖွဲ့စည်းထားသည်။ ကျောင်းသူ ကျောင်းသားလည်း မူးယစ်ဆေးဝါး မသုံးစွဲအောင် ဆရာ/မ စည်းကမ်းချက်ချပါသည်။ ရောင်နီဦးကျောင်းသည် ကျွန်တော့် အတွက် မမေ့နိုင်တဲ့ ကျောင်း တစ် ကျောင်း ဖြစ်သည်။´ သူပြောတဲ့ N.G.S.O ဆိုတာ ရောင်နီဦးကျောင်းက အတန်းကြီးကျောင်းသားတွေ ကိုယ်တိုင် ဖွဲ့စည်းပုံစည်းမျဉ်းတွေ နှစ်စဉ် ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲတွေနဲ့ဖွဲ့ထားတဲ့ New Generation Students Organization ကိုပြောတာပါ။ ရေးဆွဲတဲ့ ကျောင်းသားအမည်က မောင်ထွန်းထွန်း အသက် (၁၅) နှစ် ပဉ္စမတန်း ကျောင်းသားပါ။


အကြီးတန်းအဆင့် နှစ်သက်ဖွယ်လက်ရာရှင်ဆုရတဲ့ ပန်းချီကားလေး (၁)ကားကတော့ -
အသက် (၁၁)နှစ်အရွယ် စတုတ္ထတန်းကျောင်းသား စောဇဘလုထူး ဆွဲထားတဲ့ကားလေးပါ။ ပန်းချီကားကို အမည်ပေးမထားခဲ့ပေမဲ့ သူရေးဆွဲရတဲ့ ခံစားချက်ကိုဖတ်ကြည့်ပြီးရင် သူ့အစားအမည်တပ်ပေးကြပါလား။ သူ့လက်ရေးအတိုင်းဖော်ပြပေးလိုက်ပါတယ်။

Photobucket
Photobucket

`ကျွန်ုပ်ရဲ့ ငယ်ငယ်တုန်းက ဇွဲကပင်တောင်ကို မသွားရဘူး။ ဒါပေမဲ့ ဇွဲကပင်ကို ဆွဲလို့တတ်တယ်။ ဇွဲကပင် တောင် ကိုသွားချင်တယ်။ ဒါပေမဲ့ မသွားရဘူး။ ဇွဲကပင်ကို တကယ်မြင်ချင်တယ်´ တဲ့။


ဒီလက်ရာပိုင်ရှင်ကတော့ နော်ဒါးလေ့ အသက်(၁၃)နှစ် ပဉ္စမတန်းကျောင်းသူပါ။ သူ့ပုံလေး အမည်က `ရွာအပြင်က တဲကလေးနှင့်ရှုခင်းပုံ´ ဖြစ်ပါတယ်။ သူ့ခံစားချက်ကတော့ `ကျမရေးဆွဲသည့် ရွာအပြင်က တဲကလေးသည် ရွာထဲရှိ ရွာသားများအတွက် အကျိုးကျေးဇူးများရပါသည်။ နေပူသော အခါတွင် သစ်ပင်များ အောက်၌ရှိသော တဲကလေးထဲတွင် အနားယူလို့ရပါသည်။ ခရီးမောပန်းလာပြီး ရေငတ်သောအခါတွင်လည်း တဲကလေးထဲရှိရေကို သောက်လို့ရပါသည်။ ကျမ၏ ခံစားချက်ကို ဖွင့်ဆိုလိုက်ရပါသည်။ ´
Photobucket

ဒါတွေကတော့ စိတ်ဝင်စားဖွယ်ပုံလေးတွေပါပဲ -

Photobucket

ရေးဆွဲသူအမည်- မသန်းကြည်၊ အသက်(၁၂) နှစ်။ အတန်း - စတုတ္ထတန်း
ပန်းချီကားအမည် - စစ်အာဏာရှင်ရဲ့ ရက်စက်ကြမ်းကြုတ်ပုံ
ရေးဆွဲရသည့်ခံစားချက် - ကျမရေးတဲ့ ပန်းချီကား ရည်ရွယ်ချက်ကတော့ စစ်အာဏာရှင်တွေဟာ ရှိသမျှ လူတွေကို သတ်ဖြတ်ကြတယ်။ ငြိမ်းချမ်းစွာ မနေရဘူး။ အဲဒါကြောင့် သူများနိုင်ငံမှာ လာရောက် မှီခို နေထိုင် ရတယ်။ န အ ဖ ရဲ့ရက်စက်ကြမ်းကြုတ်မှုကို ကျတော် ကျမတို့ တစ်နေ့ကျရင် ပြန်ပြီး လက်စားချေ မယ်လို့ ကျမ ကတိပေးပါတယ်။

ရေးဆွဲသူ- စောသူရဟိန်း
အသက် - ၁၄ နှစ်
အတန်း - အဌမတန်း
ပန်းချီကားအမည် - န အ ဖ က မြန်မာနိုင်ငံ ကို ဖျက်ဆီးနေ၍ ပြည်သူက ကာကွယ်ပုံ
ရေးဆွဲရသည့် ခံစားချက် - ကျွန်တော်သည် ဒီပန်းချီကားကို ရေး ဆွဲခြင်းဖြင့် ကျွန်တော်သည် မြန်မာ နိုင်ငံ ကပဲ လာပါသည်။ အကြောင်းအရင်းက ကျွန်တော်တို့မြန်မာနိုင်ငံဟာ နအဖကြောင့် ပြည်သူဘ၀တွေက သူတို့လက်ခုပ်ထဲက ရေလိုဘ၀ပဲ။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုကိုမေတ္တာ အေးချမ်းသော အရိပ်အောက်မှာပဲထားချင်ပါတယ်။ ဒါပေမဲ့စစ်ဘီလူးကအေးချမ်းတဲ့ မေတ္တာကိုမီးဟုန်းဟုန်းလိုတောက်စေတဲ့ အဖြစ် ဖျက်စီး၍ ပြည်သူဘ၀ က ခွေးလို ၀က်လိုပဲပြေးနေရတယ်။ ဒါကြောင့်မို့ ကျွန်တော်ရဲ့ ခံစားချက်ပြည့်ပြည့်နဲ့ ဒီပန်းချီကားချပ်ကို ဆွဲရ ပါသည်။

Photobucket

ရေးဆွဲသူ- မူမူဝင်း
အသက်- ၁၁ နှစ်
အတန်း- ဆဋ္ဌမတန်း
ပန်းချီကားအမည်- ဘုန်းကြီးများ သပိတ်မှောက်ပုံ
ရေးဆွဲရသည့် ခံစားချက်- ဒီလိုအပုံကိုဆွဲရခြင်းအကြောင်းရွှေဝါရောင်တော်လှန်ရေးတုန်းက ဘုန်းကြီးသံဃာတော်များ သပိတ်မှောက်ပုံကိုရေးဆွဲသည်။

Photobucket

ရေးဆွဲသူအမည် - စောအဲ့ချဲ
အသက်- ၁၄ နှစ်
အတန်း - သတ္တမတန်း
ပန်းချီကားအမည် - န အ ဖ က သံဃာတော်များကို သတ်ဖြတ်နေပုံ။
ရေးဆွဲရသည့်ခံစားချက် - ကျွန်တော်ဒီပန်းချီကားကို ဆွဲရတာ ပြည်တွင်းထဲမှာရှိနေသော သံဃာတော်တွေက ဖုန်းကြီး၊ သံဃာတော်တွေကို နှိပ်စက်တာတွေကို ဖော်ပြသောသဘောပါ။

Photobucket

အမည် - မအေးအေးစိုး
အသက် - ၁၁ နှစ်
အတန်း - ပဉ္စမတန်း
ပန်းချီကားအမည် - သဘာဝရှုခင်းပုံ
ရေးဆွဲရသည့် ခံစားချက် - ကျမ၏ မိခင်ရွာကလေးအားလွမ်းဆွတ်၍ ရေးဆွဲထားပါသည်။

Photobucket

………………………………………………………………………………………။

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်မှာရှိတဲ့ မြန်မာစာသင်ကျောင်းက ကလေးတွေဆွဲတဲ့ပုံတချို့ပါ။ သူတို့ မိဘတွေကတော့ ရာဘာစေးခြစ်တဲ့ အလုပ်သမားတွေ၊ ငါးဖမ်းစက်လှေ အလုပ်သမားတွေ၊ အများစုပါ။

အငယ်တန်းအဆင့်မှာ အကောင်းဆုံးလက်ရာရှင်ဆုရွေးချယ်ခံရတဲ့ ပုံတပုံကိုဖော်ပြလိုက်ပါတယ်။

Photobucket

ရေးဆွဲသူက ဒုတိယတန်းကျောင်းသား အသက်(၁၀)နှစ်အရွယ် မောင်သန့်ဇင်ဦး ဖြစ်ပါတယ်။ ပန်းချီကား အမည်က`ရေတံခွန်ပုံ´လို့ပေးထားပါတယ်။ ရေးဆွဲရတဲ့ ခံစားချက်ကတော့ `အပျော်ဆွဲခြင်း´ ပါတဲ့။ သူ့လက်ရာလေးက တကယ်ပဲ ရေတံခွန်က ရေစီးကျသံ တောင်ကြားနေရသလိုခံစားရစေပါတယ်။

Photobucket

ပုံအမည်က `စမ်းချောင်းကလေး´၊ ရေးဆွဲသူက မဇာခြည်ဦး ၊ အသက်က(၁၀)နှစ်၊ အတန်းကဒုတိယတန်း။ သူ့ခံစားချက်ကတော့ `သမီးသွားလည်ချင်သောနေရာဖြစ်ပါသည်´ တဲ့။ ဒီပုံလေးကိုလည်း နှစ်သက်ဖွယ် လက်ရာရှင်ဆု ရွေးချယ်လိုက်ပါတယ်။

နှစ်သက်ဖွယ်လက်ရာရှင်ဆုရ ပုံလေးပါ။ ရေးဆွဲသူ - မပိုးသူဇာစိုး။ အသက်-(၁၀)နှစ်။ အတန်း - ဒုတိယတန်း ပါ။ ပန်းချီကားအမည်က `ပင်လယ်ကမ်းခြေ´။ သူ့ခံစားချက်က ရိုးရိုးလေးပါပဲ `ပင်လယ်သို့ အပျော်ခရီး သွားချင်ပါသည်´တဲ့။

Photobucket

အကြီးတန်းအဆင့် အကောင်းဆုံးလက်ရာရှင်ဆုရတဲ့ပုံလေးပါ။ရေးဆွဲသူက အိနှင်းခင်၊ အသက်က(၁၂)နှစ်။ အတန်းက ဆဋ္ဌမတန်း။

Photobucket

ပန်းချီကားအမည်က`ကျေးဇူးရှင်လယ်သမားများ´ဖြစ်ပြီး ရေးဆွဲရတဲ့ ခံစားချက်ကတော့ …. `ဒီပုံလေးကိုရေးဆွဲရခြင်းကတော့ လယ်သမားများ စိုက်ပျိုးရိတ်သိမ်းလို့ရခဲ့တဲ့ စပါးများကို သမီးတို့ စားသုံး ကြတာပါ။ တကယ်လို့များ ဒီစပါးများကို စိုက်ပျိုး ရိတ်သိမ်းတဲ့လူမရှိရင် သမီးတို့အသက်တွေလည်း ရှည်မှာ မဟုတ်ဘူး။ ဒါကြောင့်သမီးလယ်သမားများကို ကျေးဇူးတင်တဲ့အနေနဲ့ ဒီပုံလေးကို ရေးဆွဲခြင်းဖြစ်ပါတယ်´။


ဒီပုံလေးတွေကတော့ ဆုမရွေးချယ်ခံရပေမဲ့ နှစ်သက်စရာ စိတ်ကူးလေးတွေမို့ဖော်ပြပေးလိုက်ပါတယ်။

Photobucket

ရေးဆွဲသူအမည်- မေစုမောင်။ အသက်- (၁၄)နှစ်။ အတန်း- ပဉ္စမတန်း။
ပန်းချီကားအမည် - နားခိုရာ
ရေးဆွဲရသည့်ခံစားချက် - ကျွန်မတို့ပညာသင်ကြားနေသောကျောင်းကြီးသည် ကျွန်မတို့အတွက် နားခိုရာဖြစ်သလို ငှက်ကလေးများစက်နားခိုရာသည်လည်း ဘ၀သစ်ပင်ကြီးတစ်ပင်ဖြစ်ခြင်းအပေါ် ခံစားပြီးရေးဆွဲခြင်းဖြစ်ပါသည်။´

Photobucket

ရေးဆွဲသူ - စုလှိုင်ထွေး
အသက် - ၁၂ နှစ်
အတန်း - ဆဋ္ဌမတန်း
ပန်းချီကားအမည် - ပျော်စရာကောင်းတဲ့ ကျွန်မတို့ကျောင်း
ရေးဆွဲရသည့်ခံစားချက် - ကျွန်မတို့ကျောင်းမှာ ဆရာ ဆရာမ များခွဲခြားခြင်းမရှိပါ။ ကျောင်းသားများကို ပန်းလို အမြတ် တနိုးထားပါတယ်။ ကျွန်မခံစားသောကြောင့်ဒီပုံလေးကိုရေးဆွဲခြင်းဖြစ်ပါတယ်။

………………………………………………………………………………………။

ချင်းမိုင်ကနေ ၁၃၈ ကီလို လောက်ဝေးတဲ့ နေရာမှာ ဖန်းခရိုင်ဆိုတာရှိပါတယ်။ အဲဒီမှာ နေကြတဲ့သူ အများစုက ရှမ်းပြည် က ရှမ်းလူမျိုးတွေများပါတယ်။ သူတို့ကို ထိုင်းရိုင်လို့လည်းခေါ်ပါတယ်။ ဟိုးအရင်ကတော့ သူတို့တွေဟာ မြန်မာပြည် သား တွေပါ။ နောက်တော့ စစ်အာဏာရှင်တွေ လက်ထက်မှာ သူတို့ ရွာတွေကို ဖြတ်လေးဖြတ်စနစ်နဲ့ ရွာမှာ မနေနိုင် အောင် လုပ်ခဲ့လို့ ထိုင်းနိုင်ငံဘက်ကိုရောက်လာကြတဲ့ သူတွေပါ။ သည်ဘက်က လိမ္မော်ခြံတွေမှာ အများစု အလုပ်လုပ် ကြပါ တယ်။

သူတို့ကလေးတွေရဲ့စာသင်ကျောင်းလေးကို သွားလည်ခဲ့ပါတယ်။ ၀မ်းနည်းစရာလို့ ပြောရမလားပဲ။ သူတို့ ကျောင်းတွေ မှာ မြန်မာစာ မြန်မာစကားသင်ဖို့ အခွင့်အရေးမရကြပါဘူး။ သူတို့လေးတွေ ရှေ့ဆက် ဘ၀ အသက်မွေးဖို့က ထိုင်းစာ ထိုင်းစကားတတ်မှ အဆင်ပြေမှာတဲ့လေ။ ဒါကြောင့် သူတို့ရဲ့ မိခင်ဘာသာ ရှမ်းစာ၊ ထိုင်းစာနဲ့ အင်္ဂလိပ်စာကိုပဲ ဦးစားပေး သင်ကြရပါတယ်။

သူတို့တွေနေတဲ့ လိမ္မော်ခြံထဲကိုလည်း အလည်လိုက်သွားခဲ့ပါတယ်။ လိမ္မော်ခြံက အမြင်အားဖြင့်တော့ အင်မတန် သာယာပြီး စိတ်နှလုံးချမ်းမြေ့စရာပါ။ ဒါပေမဲ့ သဘာဝ လတ်ဆတ်တဲ့လေ နဲ့ လိမ္မော်နံလေး မွှေးနေရမဲ့အစား ခြံမှာသုံးတဲ့ ဓါတ်မြေသြဇာနံ၊ ပိုးသတ်ဆေးနံတွေပဲ လွင့်ပျံ့နေပါတယ်။ ခြံပိုင်ရှင်တွေ ကလည်း ဒီပိုးသတ်ဆေးတွေရဲ့ အန္တရာယ် ကြီးမားပုံကို ပညာမပေးကြဘူးတဲ့။ အရင်တလလောက်ကပဲ ပိုးသတ်ဆေး ဖျော်ထားတဲ့ စည်ထဲကို နာရီပြုတ်ကျလို့ ဆင်း ကောက်တဲ့ အလုပ်သမားတစ်ယောက် သေသွားတယ်တဲ့။ သူတို့သည်ခြံတွေမှာနေတာ ဘယ်လောက်ကြာပြီလဲ။ သည်လို အဆိပ်ငွေ့တွေနဲ့ဆို ဘယ်လောက်ကြာအောင် ဆက်နေနိုင်မလဲ။

ကျမ ခင်မိတဲ့ ရှမ်းဆရာမလေးတစ်ယောက်ကို စကားပြောကြည့်တော့ သူတို့ အရင်နေခဲ့တာက ကျိုင်းတုံ မြို့နယ်ထဲက မိုင်းတုံမိုင်းဆတ်ဆိုတဲ့ ရေတံခွန်ရှိတဲ့ ရွာလေးပေါ့တဲ့။ လေးတန်းလောက်မှာ သူတို့နေတဲ့ရွာကို စစ်တပ်က ဖြတ်လေးဖြတ် ဆိုတာလုပ်လာလို့ မိဘတွေနဲ့အတူဒီဘက်ရောက်လာတာပါတဲ့။ `ကျမတို့ရွာမှာဆိုလေ လိမ္မော်တွေကလည်း သဘာဝ မြေကြီးကလည်းသဘာဝ အားလုံးသဘာဝ ´ပါပဲလို့ သူက မြန်မာလို မတတ်တတတ် နဲ့ကြိုးစားပြီးပြောပြပါတယ်။

သူတို့ လွယ်ဇာတ်ကျောင်း က ကလေးတွေရဲ့ပန်းချီလက်ရာပုံလေးတွေက ချစ်စရာကောင်းသလို သူတို့ရဲ့ စိတ်ကူးလေးတွေကလည်း…

ဒီပုံက အကောင်းဆုံးလက်ရာရှင်ဆုရတဲ့ပုံပါ။

Photobucket

ရေးဆွဲသူ - နန်းရှဲန်စမ်
အသက်- ၁၂ နှစ်
အတန်း - စတုတ္ထတန်း
ပန်းချီကားအမည် - ကျွန်မတို့တောရွာလေး
ရေးဆွဲရသည့်ခံစားချက် - `သဘာဝရဲ့တောရွာလေး တစ်နေရာမှာ အချက်ချက်အရာရာ အားလုံးမှာ ကျွန်မ ခံစားနေတာပုံ။´ ။

နောက် တပုံက နှစ်သက်ဖွယ်လက်ရာရှင်ဆုရတဲ့ပုံပါ။

Photobucket

ရေးဆွဲသူ - စိုင်းစမ်လူ
အသက် - ၁၄ နှစ်
အတန်း - ပဉ္စမတန်း
ပန်းချီကားအမည် - အိမ်မက်ထဲကကျောင်း
ရေးဆွဲရသည့်ခံစားချက် - `ရှမ်းပြည်လွတ်လပ်သောအချိန်မှာ ကျွန်တော်၏ စာသင်ကျောင်းကို အိမ်မက်ခြင်းပုံ ဆွဲထားသည်။´

ဒီပုံကလည်း နှစ်သက်ဖွယ်လက်ရာရှင်ဆုရပုံပါ။

Photobucket

ရေးဆွဲသူ - နန်းဆိုင်နစ်ကွင်ခမ်း
အသက် - ၁၄ နှစ်
အတန်း - ပဉ္စမတန်း
ပန်းချီကားအမည် - သဘာဝနယ်မြေ
ရေးဆွဲရသည့်ခံစားချက် - `လောလောဆယ်ရှမ်းလူမျိုးတို့ နေထိုင်ရေးတစ်နေရာပုံ ´။

သည်ကားလေးသုံးကားကတော့ ကျမဆုရွေးချင်ပေမဲ့ နယ်မြေစုံအောင်ပေးရမယ်ဆိုတဲ့မူကြောင့် မရွေးလိုက်ရတဲ့ ကားလေးတွေပါ။

Photobucket

ရေးဆွဲသူ - စိုင်းဆုလုံးစုန်
အသက် - ၁၄ နှစ်
အတန်း - ပဉ္စမတန်း
ပန်းချီကားအမည် - ကျောင်း၏ရည်မှန်းချက်
ရေးဆွဲရသည့်ခံစားချက် - `ကျွန်ုပ်၏ ဒီပုံကျောင်းမျိုးရှိစေရန် ရည်မှန်းပြီးရေးဆွဲထားပုံ´။

Photobucket

ရေးဆွဲသူ - နန်းဆိုင်းစိန်
အသက် - ၁၄ နှစ်
ပန်းချီကားအမည် - တို့ရိုးရာတောဓလေ့
ရေးဆွဲသည့်ခံစားချက် - ယခင်က ကျွန်မတို့မိသားစုနေထိုင်ခဲ့သော တောရွာနှင့်နေအိမ်တို့ကို လွမ်းရသောကြောင့် ဤပုံကို ရေးဆွဲထားခြင်းဖြစ်ပါသည်။

Photobucket

ရေးဆွဲသူ - စိုင်းကျော်မြင့်
အသက် - ၁၃ နှစ်
အတန်း - ဒုတိယတန်း
ပန်းချီကားအမည် - ကျွန်ုပ်အိမ်
ရေးဆွဲရသည့်ခံစားချက် - ဒီလိုအိမ်မျိုးရှိစေရန် ကျွန်ုပ်၏မိဘကို အတူတူနေ ပျော်ပျော်စားစား ချမ်းသာစေချင် ရေးဆွဲသောပုံ။
………………………………………………………………………………………။

ကရင်နီဒုက္ခသည် စခန်း က ကလေးတွေရေးဆွဲထားတဲ့ပုံတွေပါ။

Photobucket

ရေးဆွဲသူ - နားရယ်
အသက် - ၁၅ နှစ်
အတန်း - ဆဋ္ဌမတန်း
ပန်းချီကားအမည် - world teachers' day
ရေးဆွဲရသည့်ခံစားချက် - ဆရာ/မ များကို အလိုအပ်ဆုံးဖြစ်သည်။

Photobucket

ရေးဆွဲသူ - ဘွေးနေ
အသက် - ၁၂ နှစ်
အတန်း - အဋ္ဌမတန်း
ပန်းချီကားအမည် - ကမ္ဘာ့ကျောင်းဆရာ/မ များ ဂုဏ်ပြုတဲ့နေ့။
ရေးဆွဲရသည့်ခံစားချက် - အကြောင်းမှာ ဆရာ ဆရာမတို့သည် သူ့ပညာရှိအတိုင်း သူမယူထားဘဲ သူဘယ်လို ထင်လဲ ဆိုသော တစ်နေ့မှာ ကျောင်းသူကျောင်းသားတို့ အနေနဲ့ ကြီးထွားတိုးတက်မှု ရှိအောင် သူသင်ပေးတာပါ။ နောက် ကျောင်း သူ ကျောင်းသားတို့ဟာ ဆရာ/မ ကျေးဇူးကို သိပြီး ဆရာ/မ ကို အထူးယူ ဂုဏ်ပြုစေချင်တဲ့ နေ့တစ်နေ့ဖြစ်ပါသည်။ ဂုဏ်ပြုပြီးတဲ့နောက်မှာ ကျောင်းသားခေါင်းဆောင်က တက်ရောက် အမှာ ကျေးဇူးစကားပြောကြားခဲ့တယ်။

Photobucket

ရေးဆွဲသူ - ဖရေမယ်
အသက် - ၁၃ နှစ်
အတန်း - အဋ္ဌမတန်း
ပန်းချီကားအမည် - world teachers' day
ရေးဆွဲရသည့်ခံစားချက် - ကျမသည် ဒီပန်းချီကားရဲ့ ခံစားချက်မှာ ဆရာ/မ များသည် ကျောင်းသား အတွက် အနစ်နာစေပြီးသော ဆရာ/မဖြစ်သောကြောင့် ကျမဒီပန်းချီကို ရေးဆွဲရခြင်းဖြစ်သည်။ ( သူရေးချင်တာ အနစ်နာခံပြီး ဖြစ်ပါလိမ့်မယ်)။

Photobucket

ရေးဆွဲသူ - ယောဟန်
အသက် - ၁၅ နှစ်
အတန်း - သတ္တမတန်း
ပန်းချီကားအမည် - world teachers' day
ရေးဆွဲရသည့်ခံစားချက် -
ဆရာ/မ ကိုတကယ် လိုအပ်သည့်အရာဖြစ်သည်။

Photobucket

ရေးဆွဲသူ - ဒွေးထွေးမူး
အသက် - ၁၄ နှစ်
အတန်း - အဋ္ဌမတန်း

………………………………………………………………………………………။

ထပ်ပြီးတင်ပြမဲ့ပုံလေးတွေကတော့ မဲဆောက်ဒေသမှာရှိတဲ့ ရွေ့ပြောင်းမြန်မာ ကလေးများဆွဲထားတဲ့ ပုံလေးတွေပါပဲ။ အငယ်တန်းမှာ အကောင်းဆုံးလက်ရာရှင်ဆုရတဲ့ပုံလေးတွေကို အရင်ကြည့်ပါဦး။

Photobucket

ဒါက ပါရမီကျောင်း က ကလေး ဆွဲထားတဲ့ပုံပါ။ ပန်းချီကားအမည်က `ပါရမီကျောင်း´တဲ့။ ရေးဆွဲရသည့် ခံစားချက် ကလည်း ရိုးရိုးပါပဲ။`ပါရမီကျောင်းပုံကို ရေးဆွဲထားပါသည်´ တဲ့။ ဒါပေမဲ့ သူရေးဆွဲထားတဲ့ ရှုထောင့်က အမြင်ဆန်းသစ် သလို လက်ရာကလည်း ကောင်းတဲ့အတွက် အကောင်းဆုံး လက်ရာရှင်ဆု ရွေးပေးလိုက်တာပါ။ ရေးဆွဲသူကတော့ အောင်မင်းဦး အသက်(၁၀)နှစ်၊ တတိယတန်းပါ။

နောက်တပုံက ကျောင်းဥယျာဉ်လေးတဲ့။ အကောင်းဆုံးလက်ရာရှင်ဆုပါပဲ။

Photobucket

ရေးဆွဲသူက ရန်ပိုင်သက်။ အသက်က (၁၀) နှစ်။ အတန်းက စတုတ္ထတန်း။ ကျောင်းက SAW School ပါ။ ရေးဆွဲရတဲ့ ခံစားချက်ကတော့ `ကျွန်တော်တို့ ကျောင်းတွင် သစ်ပင် နည်းနည်းရှိပါသည်။ သန့်ရှင်းရေးလုပ်ပြီး သစ်ပင်နည်းနည်း ရှိသော်လည်း ကျွန်တော်က ဥယျာဉ်လို လှတယ်ထင်ပါတယ်။´
စိတ်ဝင်စားစရာ ကောင်းတာက သူပုံထဲက ကျောင်းရှေ့ အလံတိုင်က အလံပုံလေးပဲဖြစ်ပါတယ်။ သူဆွဲတာ မြန်မာနိုင်ငံတော် အလံပုံဖြစ်ပါတယ်။ ဒီက ကလေးအများစုကတော့ ကျောင်းရှေ့အလံတိုင်မှာ ထိုင်းနိုင်ငံတော်အလံကိုပဲဆွဲတာများပါတယ်။

နှစ်သက်ဖွယ်လက်ရာရှင် ဆုရတဲ့ပုံလေးတွေကို ကြည့်ကြစို့…

Photobucket

ရေးဆွဲသူ - အိနြေ္ဒလှိုင်
အသက် - ၁၀ နှစ်
အတန်း - ပဉ္စမတန်း
ကျောင်း - C.D.C ကျောင်း
ပန်းချီကားအမည် - သဘာဝ အလှ
ရေးဆွဲရသည့်ခံစားချက် - ဤပုံထဲတွင် ရေးဆွဲထားသော အိမ်များနှင့် မြစ်၊ ချောင်းများတွင် အေးချမ်းခြင်း သာယာခြင်း ဖြစ်သည်။ ပန်းချီဆွဲရသည်မှာ ပျော်ရွှင်ပါသည်။ ကျွန်မသည် တကယ်သွားရသလို ခံစားရပါသည်။ ထို့ကြောင့် ဤ ပန်းချီ ကားကို ရေးဆွဲခြင်း ဖြစ်ပါသည်။ ၎င်း ရုပ်ပုံကားချပ်သည် ရွာလေးတစ်ရွာ၏ ရုပ်ပုံကားချပ်ဖြစ်ပါသည်။ ထိုနေရာသည် သာယာလှပ စိမ်းလန်းစိုပြေနေပါသည်။ ကျွန်မသည် ပန်းချီဝါသနာကို နှစ်သက်ပါသည်။ နောက်တခါဆိုရင် ပထမ၊ ဒုတိယ၊ မဟုတ် တတိယ တစ်ခုခု ရအောင်ကြိုးစားပါမည်။ ( ပန်းချီပြိုင်ပွဲမူအရ ပထမ၊ ဒုတိယ၊ တတိယ မခွဲပါဘူး။ အကောင်းဆုံး လက်ရာရှင်ဆုနဲ့ နှစ်သက်ဖွယ် လက်ရာရှင်ဆု ဆိုပြီးတော့ပဲ ခွဲခြားထားပါတယ်။ သူကြိုးစားမျှော်လင့်တဲ့ အတိုင်း ဆုရခဲ့ ပါတယ်။)

Photobucket

ရေးဆွဲသူ - မချောစုလှိုင်
အသက် - ၁၀ နှစ်
အတန်း - ပဉ္စမတန်း
ကျောင်း - SAW School
ပန်းချီကားအမည် - ကျောင်းတွင်းသန့်ရှင်းရေး
ရေးဆွဲရသည့် ခံစားချက် - ဆရာမ များနှင့် ကျွန်မတို့ သန့်ရှင်းရေးလုပ်ကြသော သာယာလှပသောနေ့ ဖြစ်ပါသည်။

Photobucket

ရေးဆွဲသူ - မောင်ကိုရှိုင်း
အသက် - ၉ နှစ်
အတန်း - ဒုတိယတန်း
ကျောင်း - ဆာမူထော်ကျောင်း
ပန်းချီကားအမည် - ကျောင်းပုံ
ရေးဆွဲရသည့်ခံစားချက် - ကျွန်တော်တို့ကျောင်းသည် အမြဲသန့်ရှင်းနေပါသည်။ ကျောင်းသူ ကျောင်းသား များသည် အမြဲသန့်ရှင်းနေပါသည်။
(သူလည်းကျောင်းရှေ့အလံတိုင်မှာ မြန်မာနိုင်ငံတော်အလံကို ကြိုးစား လွှင့်တင်ထားပါတယ်။)

အကြီးတန်းမှာအကောင်းဆုံးလက်ရာရှင်ဆု တစ်ပုံပါ။

Photobucket

ရေးဆွဲသူက အောင်မျိုးကျော်၊ အသက်က (၁၄)နှစ်၊ အတန်းက ဆဋ္ဌမတန်း၊ ကျောင်းက C.D.C ကျောင်း ကပါ။ ပန်းချီကားအမည်က `တောဓလေ့ရဲ့အလှ´။ရေးဆွဲရတဲ့ခံစားချက်က `တောဓလေ့၏အလှကို မြင်တတ် တန်ဖိုးထား တတ်စေရန်´ တဲ့။
နှစ်သက်ဖွယ်လက်ရာရှင်ဆုရတဲ့ပုံလေးတွေပါ။

Photobucket

ဒီပုံလေးက မဲဆောက် C.D.C ကျောင်း က စတုတ္ထတန်းကျောင်းသားလေး စောအဲသာမူး ရေးဆွဲတဲ့ပုံပါ။ အသက်က (၁၂)နှစ်ပါ။ ပန်းချီကားရဲ့နာမည်ကတော့ `ကရင်ပြည်နယ် မြို့တော်အလှ´ဖြစ်ပြီး သူရေးဆွဲရတဲ့ ခံစားချက်ကို ဒီလို ဖော်ပြထားပါတယ်။`ကရင်ပြည်နယ်သည် ကျွန်တော်ရဲ့လူမျိုးနှင့် တိုင်းပြည်ဖြစ်သည်။ ကရင်ပြည်နယ်တွင် ကျွန်တော်ရဲ့ မိသားစုများ နေထိုင်ကြသည်။ အဲ့ခါမှ ကျွန်တော်ကရင်ပြည်ပုံကို ဆွဲပါ သည်။´

Photobucket

ဒီပုံလေးမှာတော့ ရေးဆွဲသူရဲ့ စိတ်ကူးက တမျိုးလေးပါ။`ကျောင်းပိတ်ရက်တွင် ကျောင်းရှေ့မှ ဖြတ်သွားပုံ ဖြစ်ပါသည်´တဲ့။ ပန်းချီကားအမည်လေးကလည်း `ကျောင်းပိတ်ချိန်´ပါတဲ့။ ရေးဆွဲသူကတော့ ထင်ပေါ်သိန်း၊ အသက်(၁၁)နှစ်၊ တတိယ တန်း ကျောင်းသားပါ။ သူက ပါရမီကျောင်း ကပါ။

Photobucket

ဒီပန်းချီကားလေးကတော့ သူ့ရဲ့ ထူးခြားတဲ့ ရေးဆွဲဟန်နဲ့ အရောင်သုံးပုံတွေကြောင့် နှစ်သက်ဖွယ်လက်ရာ ရှင်ဆု ရွေးချယ်လိုက်တဲ့ ပုံလေးပါ။ စာသင်ခန်းနံရံမှာ ချိတ်ဆွဲထားတဲ့ ထိုင်းဘုရင်မင်းမြတ် ရဲ့ ပုံကိုလည်း ကြိုးစား ရေးဆွဲ ထားပါသေးတယ်။ ရေးဆွဲသူက- မောင်စိုးသူ၊ အသက်(၁၂)နှစ်၊ ဆဋ္ဌမတန်း၊ SAW School ကဖြစ်ပါတယ်။ပုံအမည်က `သန့်ရှင်းသောပတ်ဝန်းကျင်တွင် စာသင်ရခြင်း´ပါ။ ရေးဆွဲရတဲ့ခံစားချက်ကတော့ `သန့်ရှင်းသော ပတ်ဝန်းကျင်တွင် စာသင်ရပါက ကျွန်တော်တို့ စာမြန်မြန်တတ်နိုင်သည်ဟုထင်ပါသည်။ ကျန်းမာရေးကောင်းပါက စာတတ်မြန်သည်ဟု ဆရာကပြောခဲ့ပါသည်´တဲ့။
အောက်ကပုံလေးတွေက ဆုမချိတ်ခဲ့ပေမဲ့ သဘောကျစရာပုံလေးတွေပါ။

Photobucket

ရေးဆွဲသူ - သက်ပြည့်အောင် အသက်- ၁၃ နှစ်၊ အတန်း - ပဉ္စမတန်း၊ ဆာမူထော် ကျောင်းကပါ။ သူ့ပုံလေးကိုအမည်ပေးထားတာက `ဆရာစာသင်နေပုံ´တဲ့။ ခံစားချက်က`ကျောင်းတွင် ဆရာ၊ ဆရာမ စာသင်နေပုံကို ရေးဆွဲထားပါသည်´တဲ့။ ပလပ်စတစ်ကုလားထိုင်အနီလေးနဲ့ ကျောက်သင်ပုန်းနောက်က သစ်ပင်လေးတွေကလည်း ပန်းချီကားလေးကို ချစ်စရာကောင်းအောင် အားဖြည့်ပေးထားပါတယ်။

Photobucket

သွေးသစ်ကျောင်း New Blood School က ကျောင်းသားလေးဆွဲထားတဲ့ပုံပါ။ ပန်းချီကားအမည်က `စာသင်ကျောင်းသို့ သွားသည်´တဲ့။ သူ့ခံစားချက်ကို သေသေချာချာရေးပြထားပါတယ်။ `ဤပန်းချီကားချပ်ပုံထဲတွင် ကျောင်းသားညီအစ်ကို နှစ်ယောက်သည် နံနက်ပိုင်းတွင် စာသင်ကျောင်းသို့ စောစီးစွာ ကျောင်းသွားကြ၍ ကျောင်း သန့်ရှင်းရေးနှင့် မိမိတာဝန်ကို ကျေပွန်လုပ်ဆောင်ကြရန်အတွက် ကျောင်းသို့ စောစီးစွာ သွားရောက်ခြင်း ဖြစ်ပါသည်။ နံနက်ချိန်ခါတွင် ကျောင်း၏ ရှုခင်း လှပမှုနှင့် လေကောင်း လေသန့်ရရှိပြီး စာသင်ကျောင်း၏ အင်္ဂါရပ်များနှင့် အညီ ကျောင်း၏ လှပမှုမှာလည်း ထည်ထည်ဝါ၀ါ ရှိနေခြင်း ပင်ဖြစ်ပါသည်´။ ရေးဆွဲတဲ့သူက မောင်သာထူး အသက်(၁၅)နှစ်။ အဋ္ဌမတန်းကပါ။

Photobucket

ဒီပုံအမည်လေးကတော့ `ကူညီရိုင်းပင်း သူငယ်ချင်းများ´တဲ့။ သူ့ခံစားချက်က `ကျောင်းတွင် ကျွန်တော်တို့ သူငယ်ချင်း တတွေ တစ်ယောက်ကို တစ်ယောက် ခင်မင်စွာ ကူညီပြီး အတူတူ ပညာသင်ကြပါသည်´။ ရေးဆွဲသူက မောင်ဝင်းနိုင်ထွန်း အသက်(၁၃)နှစ် စတုတ္ထတန်း SAW School ကပါ။

Photobucket

မောင်ဇေယျာဖြိုး ဆွဲတဲ့ပုံလေးပါ။ သူက အသက်(၁၅)နှစ်၊ အဋ္ဌမတန်း၊ သွေးသစ်ကျောင်း (New Blood School) ကပါ။ သူပုံလေးက ချစ်စရာကောင်းသလို သူ့စိတ်ကူးလေးကလည်း နှစ်သက်စရာပါ။ ` လူသားများသည် တစ်နေ့တာ တစ်နေ့ အလုပ်များကို လုပ်နေကြရသည်။ ထိုသို့ အလုပ်များကို လုပ်နေရ၍ စိတ်ဖိစီးမှုများကို ပြေပျောက်စေလိုရန် နေ၀င်ချိန် ညနေ စောင်းမှာ တိုက်ခတ်လာတဲ့ လေပြေလေညှင်းတွေကို ခံစားပြီး ရှုပ်ထွေးနေသည့် ဦးနှောက်(သို့) စိတ်များကို ဖြေဖျောက် တတ်ပါသည်။ ထို့ကြောင့် နေ၀င်ချိန်ဆည်းဆာမှာ အပန်းဖြေနိုင်အောင် စိတ်ကူးဖြင့် ရေးသားဖော်ပြထားပါသည်။ ဤပုံကို ကြည့်ခြင်းအားဖြင့် မြင်ရသူတိုင်းစိတ်ထဲမှာရှိတဲ့ အရာတွေဟာ အေးမြ ကြည်လင်နိုင်ပါသည်´။ ပန်းချီကား အမည်လေး ကတော့ `နေ၀င်ချိန်ကို စိတ်ကူးဖြင့်ရေးဆွဲဖော်ပြပုံ´တဲ့။

ကလေးတွေရေးဆွဲထားတဲ့ ပန်းချီကားလေးတွေ အများစုဟာ သဘာဝရှုခင်းပုံလေးတွေ ပဲဖြစ်ပါတယ်။ သူတို့ရဲ့ ဘ၀ နောက်ခံ ကားချပ်တွေက ဘယ်လိုပဲရှိနေပါစေ သူတို့စိတ်ကြိုက်ပုံလေးတွေကို ဆွဲနေရတဲ့ အခိုက်အတန့်မှာတော့ သူတို့ရဲ့ စိတ်ကလေးတွေ ကြည်လင်နေမယ်လို့ ထင်ပါတယ်။ မြန်မာပြည်ထဲက နာဂစ် မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ကလေး တွေကိုရော ခုလို ပန်းချီကားလေးတွေ ရေးဆွဲခိုင်းရင် ဘယ်လို ပုံလေး တွေ ဆွဲကြမှာလဲလို့ စဉ်းစားနေမိပါတယ်။

Monday, October 20, 2008

ယဉ်ကျေးမူရှေ့ဆောင်သူရဲကောင်းများ ( သို့) ကျောင်းဆရာဆရာမ များ

ပြီးခဲ့တဲ့ အပတ်က ချိုင်းယာဖွန်းခရိုင်မှာ ဒီလအတွင်း အငြိမ်းစားယူတော့မှာဖြစ်တဲ့ အစိုးရကျောင်း တွေက ဆရာဆရာမများကို ဂုဏ်ပြုတဲ့ အခမ်းအနားတစ်ရပ်မှာ ကျနော်တက်ရောက်ခွင့်ရခဲ့ပါတယ်။ ဒီ ထိုင်းနိုင်ငံ၊ အရှေ့ မြောက်ခရိုင်မှာ စောစောစီးစီး ပင်စင်ယူမယ့်သူတွေအပါအ၀င် ဒီနှစ်ထဲမှာ ပြည်သူ့ဝန်ထမ်း လုပ်သက်ပြည့်ပြီဖြစ်တဲ့ ဆရာဆရာမများဟာ ၃၀၀ လောက်ရှိနေပါတယ်။

ကိန်းဂဏန်းတွေအရကတော့ မယုံကြည်နိုင်စရာပါဘဲ။ အညွန်းကိန်းတွေအရ ထိုင်းနိုင်ငံရဲ့ခရိုင် ၇၆ ခုစလုံးမှာ ဒီနှစ်အတွင်း အငြိမ်းစားတော့မယ့် ဆရာဆရာမဦးရေဟာ နှစ်သောင်းထက်မနည်းဘူးလို့ခန့်မှန်း ထားပါတယ်။ ပိုမိုများပြားလာတဲ့ လူဦးရေအတွက် အစားထိုးနိုင်ဖို့ကျောင်းဆရာဆရာမအသစ်တွေ အတော် ကလေး လိုအပ်နေပါပြီ။

စစ်ဘက် (သို့ မဟုတ်) ရဲဘက်ဆိုင်ရာ အငြိမ်းစားယူမယ့် အရာရှိများအတွက် ဂုဏ်ပြုပွဲ အခမ်းအနား တွေကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ တာဝန်ထမ်းဆောင်နေဆဲ စစ်ဘက်၊ ရဲဘက်အရာရှိများမှ သူတို့ထက် စီနီယာကျပြီး နှုတ်ထွက်တော့မယ့် အရာရှိကြီးများရဲ့ ပေးဆပ်စွန့်လွှတ်ခဲ့မှုတွေ၊ တာဝန်ကျေပွန်ခဲ့မှုတွေကို တန်ဖိုးထားလေးစားကြောင်းပြသကြတာပါ။ အဲဒီဂုဏ်ပြုပွဲတွေမှာတော့ အမှတ်တရ ချီးမွမ်းသြဘာ စကားတွေ ပြောကြ၊ ချီတက်အလေးပြု အခမ်းအနားတွေဆင်ယင်ကြ၊ ဂုဏ်ပြုစားသောက်ပွဲတွေ ခြိမ့်ခြိမ့်သဲ ပြင်ဆင် ကျင်းပပေးကြပါတယ်။

ဒါပေတဲ့ ကျောင်းဆရာဆရာမများကိုတော့ သူရဲကောင်းတွေရယ်လို့ မသတ်မှတ် ထားသေးပါဘူး။ နယ်ဘက်က ကျောင်းဆရာဆရာမက ပိုပြီးတော့ ဝေးပါသေးတယ်။ သူရဲကောင်းဆိုတဲ့ ဝေါဟာရရဲ့လေးနက်တဲ့ အဓိပ္ပါယ်ထဲမှာ ကျောင်းဆရာဆရာမတွေ မပါဝင်သေးတာကတော့ သေချာပါတယ်။ အဲဒီအတွက်လည်း ဂုဏ်ပြုပွဲတွေ ကျင်းပပေးလေ့မရှိတာပါ။ ချိုင်းယာဖွန်းခရိုင်မှာ အငြိမ်းစားယူတော့မယ့် အိုမင်းမစွမ်းဇရာ အရွယ်ရောက်နေပြီဖြစ်တဲ့ ဆရာဆရာမကြီးများအတွက် ဒီနှစ်မှာ ကျင်းပပြုလုပ်ပေးတဲ့ မထင်မရှား၊ အညတရ ဂုဏ်ပြုပွဲကတော့ သူတို့ရဲ့ကိုယ်ပိုင် ကျောင်းဆရာသမ၀ါယမအသင်းမှာ ချစ်ချစ်ကုတ်ကုတ်စုဆောင်းထားတဲ့ ငွေကြေးကို အရင်းတည်ထားရှာကြတာ။ အခြားသော ခရိုင်တွေ၊ ဒေသတွေမှာရှိကြတဲ့ ဆရာဆရာမများ ကတော့ ဒီလိုအခမ်းအနားတွေကို အိပ်မက်တောင် မမက်ရဲသေးပါဘူး။

ကျနော့်ရဲ့အမြင်မှာတော့ ရဲရင့်တဲ့ စစ်သားတွေ၊ ရဲအရာရှိတွေလိုဘဲ ကျောင်းဆရာဆရာမများဟာ အရေးကြီးတယ်ဆိုတာပါ။ လက်နက်တွေ မကိုင်ဆောင်ထားကြပေမယ့်လည်း ကျနော့်တို့ လူ့အဖွဲအစည်းကို ပုံဖေါ်၊ ထုဆစ်နိုင်ဖို့မရပ်မနား တိုက်ပွဲဝင်နေကြတယ်။ ဒီတိုင်းပြည်ရဲ့ စိတ်ဓါတ်ကို ပုံဖေါ်နေကြတဲ့ ယဉ်ကျေးမှု သူရဲကောင်းများပါ။ ကလေးတွေရဲ့  ရည်မှန်းချက်တွေ၊ ဆန္ဒတွေကို ထုဆစ်ပေးနေတဲ့ ဗိသုကာ များပါ။ နုပျိုတဲ့ မျိုးဆက်သစ်များဟာ ဒီတိုင်းပြည်ရဲ့ အနာဂတ်နဲ့ကံကြမ္မာကို တစ်နေ့မှာ ဆုံးဖြတ်ပေးမယ့် သူတွေပါဘဲ။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (သို့မဟုတ်) အစိုးရတောင်မဟုတ်ပါဘူး။ ဒီမိုကရေစီ တိုင်းပြည်ဖြစ်လာဖို့ တည်ဆောက်ရာမှာ ကျရှုံးသွားမှာလား၊ အောင်မြင်မှာလားဆိုတာ ကျောင်းဆရာဆရာမများရဲ့ ပခုံးထက်က လေးနက်ကြီးမားတဲ့ တာဝန်ဘဲဖြစ်တယ်။

ဒါကြောင့် နောင်လာမယ့်နှစ်တွေမှာ သမ၀ါယမအသင်းအနေနဲ့ ပိုမို ကောင်းမွန်သင့်တော်တဲ့ အခြေ အနေနဲ့ ဆရာဆရာမများကို ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ပေးဖို့ကျနော် အကြံပြုတင်ပြပါရစေ။ ကျောင်းသူ ကျောင်းသားကလေးတွေ အများကြီးပါဝင်ပြီး ဆရာဆရာမများရဲ့ ဂုဏ်ကျေးဇူးတရားတွေကို ပြသခွင့်ရရှိ နိုင်မယ့် ကျောင်းဝင်းအကျယ်ကြီး တစ်ခုခုမှာပေါ့။
စစ်သားတွေဟာ တိုင်းပြည်ရဲ့ လွတ်လပ်ရေး သူရဲကောင်းတွေလို့ ဆိုကြယင် ကျောင်းဆရာဆရာမ များဟာလည်း သူရဲကောင်းဘွဲ့ထူးကို ထိုက်တန်သူတွေ ဖြစ်ကြပါတယ်။ ယဉ်ကျေးမှုရှေ့တန်း စစ်မျက်နှာမှာ တိုက်ပွဲဝင်နေသူတွေ၊ ဒီမိုကရေစီရှင်သန်နိုင်ဖို့ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နေသူတွေဟာ ကျောင်း ဆရာဆရာမများဘဲ မဟုတ်ပါလား။

မျက်မှောက်ခေတ်မှာ ကျောင်းဆရာဆရာမများကို အလေးမထားကြတော့တာတွေ့နေရပါတယ်။ ပညာရေးဝန်ကြီးဆိုသူကို ရွေးချယ်ခန့် အပ်တာဝန်ပေးရာမှာတောင် ပညာရေးအတွေ့အကြုံနောက်ခံလုံးဝမရှိတဲ့ ဆက်သွယ်ရေး ဘက်ကျွမ်းကျင်သူတစ်ဦးကို ခန့်အပ်ခဲ့တာဟာ အထင်အရှားသာဓကတစ်ခုပါ။ အင်မတန် အရေးကြီးလှတဲ့ ၀န်ကြီးဌာနတစ်ခုကို တာဝန်ပေးကိုယ်တွယ်ခိုင်းပုံများ။ ကြိုးစားကြည့်စမ်းပါစေတဲ့။

ပိုဆိုးဝါးလှတဲ့ အခြေအနေကတော့ ဆရာဆရာမများ ကိုယ်တိုင်က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီ ရှင်သန်နိုင်ရေးမှာ မိမိတို့ရဲ့အရေးကြီးတဲ့ တာဝန်ဝတ္တရားတွေနဲ့အခန်းကဏ္ဍကို မေ့လျော့ နေကြ တယ်။ သတိပြုမိကြပုံမရပါဘူး။

ရွေးကောက်ပွဲတွေမှာ နိုင်ငံရေးသမားများဟာ ငွေကြေးပမာဏ အကြီးအကျယ်အကုန်အကျခံ သုံးစွဲ တတ်ကြပါတယ်။ အုပ်စုတွေ၊ ဂိုဏ်းဂဏတွေဖွဲ့ ကြတယ်။ အမတ်နေရာ၊ ၀န်ကြီးနေရာ၊ ရာထူးနေရာတွေကို အငမ်းမရလိုချင်နေကြတယ်လေ။ အားလုံးသိရှိကြတဲ့အတိုင်း အချို့သောပုဂ္ဂိုလ်တွေဟာ အဂတိတရားတွေ ပြည့်နှက်နေကြတာ။ ဘယ်လိုများဖြစ်လာတာပါလိမ့်။ သူတို့ကို အသေအချာလေ့ကျင့်ပျိုးထောင်ပေးရမယ့် ပညာရေးစနစ်ရဲ့ လှပတဲ့ကျဆုံးမှုလို့ပြောယင် ငြင်းဆိုနိုင်ပါ့မလား။ မိမိတိုင်းပြည်နဲ့လူ့အဖွဲ့အစည်း အကျိုး စီးပွားအတွက် ပေးဆပ်စွန့်လွှတ်မှုတွေ၊ တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်တွေ၊ ကိုယ်ကျင့်တရားနဲ့ ကျင့်ဝတ်နီတိ ပိုင်းဆိုင်ရာတွေ လေ့ကျင့်ပျိုးထောင်ပေးဖို့ ပညာရေးဟာ ပျက်ကွက်ခဲ့ပါသလား။

လူတိုင်းဟာ သန့်ရှင်းစင်ကြယ်စွာ မွေးဖွားလာခဲ့တာလို့ကျနော်ကတော့ အခိုင်အမာ ယုံကြည်ထား သူပါ။ အဲဒီနောက်မှာတော့ ကိုယ်ကျင့်သိက္ခာတရားနဲ့ မကောင်းမှုအဓမ္မဟာ လူသားရဲ့ စိတ်နှလုံးသားနဲ့ အကျင့်စာရိတ္တကို အပြိုင်အဆိုင် ပုံဖေါ်လာကြတယ်။ ကျောင်းဆရာဆရာမများဟာ အများကြီး လုပ်နိုင်နေ ပါတယ်။ လူတွေဘယ်လိုဖြစ်လာကြမလဲဆိုတာကို သူတို့ပုံဖေါ် တည်ဆောက်နိုင်ပါတယ်။ တန်ဖိုးထားသင့်တဲ့၊ မြင့်မြတ်သောသူတွေကို လေးစားစွာဆက်ဆံနိုင်ဖို့ရယ်၊ အဂတိတရားလိုက်စားသူတွေကို ဖယ်ရှားနိုင်စွမ်းရှိဖို့ ရယ်၊ တိုင်းပြည်ရဲ့ အရေးပါလှတဲ့ ရာထူးတာဝန်တွေကို ကာကွယ်နိုင်ဖို့ရယ်စတဲ့ အခြေခံယဉ်ကျေးမှုကို ကျောင်းဆရာဆရာမများဟာ တည်ဆောက်နိုင်စွမ်းရှိနေတယ်။

အငြိမ်းစားယူပြီးတဲ့နောက်မှာတောင်မှ ကျောင်းဆရာဆရာမများရဲ့ လုပ်ငန်းတာဝန်တွေ ပြီးဆုံးသွားပြီ လို့မယူဆနိုင်သေးဘူး။ နောင်လာနောင်သားတွေ၊ အနာဂတ်မျိုးဆက်တွေ၊ ကျင့်ဝတ်နီတိတွေကို ပုံဖေါ် တည်ဆောက်တဲ့ တာဝန်က အနားမယူခဲ့ကြပါဘူး။ ဘယ်သောအခါမှ အဲဒီတာဝန်တွေကတော့ဖြင့် အငြိမ်းစား ယူမည့်သူတွေမဟုတ်ကြပါဘူး။

အဲဒီအတွက်ကြောင့် အငြိမ်းစားယူကြတော့မယ့် ကျောင်းဆရာဆရာမကြီးများကို အနူးအညွတ်မေတ္တာ ရပ်ခံလိုပါတယ်။ ကျနော်တို့ရဲ့လူ့အဖွဲ့အစည်းကို ဆက်လက်ပြီး ဂရုဏာရှေ့ထားလို့ တာဝန်ဆက်လက် ယူပေးစေလိုပါတယ်။ အနည်းဆုံးအားဖြင့် မိမိတို့နေထိုင်ရာ ရပ်၊ ရွာ၊ ဒေသတွေမှာ ဆက်လုပ်ပေးကြပါ။ အခုအချိန်အခါမှာ အုပ်ချုပ်ရေးအာဏာကို ဗဟိုဦးစီးချုပ်ကိုင်မှုက လျော့ချထားပြီဖြစ်လို့ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို ကူညီပံ့ပိုးပေးနိုင်ပါတယ်။ ဦးစီးဦးဆောင်မှုတာဝန်တွေကိုလည်း ယူပေး စေလိုပါတယ်။ ထိုင်းနိုင်ငံသားအားလုံးနှင့်အတူ ကျောင်းဆရာဆရာမကြီးများမှာလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ နိုင်ငံသားအခွင့်အရေးအရ ဥပဒေတွေအတွက် တင်ပြပိုင်ခွင့်တွေရှိနေတယ်။ အဂတိတရား လိုက်စားသူတွေကိုလည်း တာဝန်တွေကဖယ်ရှားပိုင်ခွင့်လည်း ရှိနေပါတယ်။

နှစ်ပေါင်းများစွာ ပညာရေးအတွေ့အကြုံတွေကြွယ်ဝနေကြတဲ့၊ မိမိနှင့် အခြားသူတွေကို ပျိုးထောင် ပေးခဲ့ကြသူတွေရဲ့တန်ဖိုးနဲ့ ခံယူချက်ကသာလျှင် လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေးမုန်တိုင်းဒဏ်ကို ကျနော်တို့ တိုင်းပြည်က ကြံ့ကြံ့ခံနိုင်မှာပါ။ ကျနော်တို့ ဒီလိုလုပ်နိုင်မယ်ဆိုရင်တော့ ပိုမိုသန့်စင်တဲ့ တိုင်းပြည် ဖြစ်လာမှာပါ။ ကမ္ဘာမှာ အဂတိတရား အလိုက်စားဆုံး တိုင်းပြည်တွေစာရင်းထဲမှာ ပါနေတာကို ပယ်ဖျက် လာနိုင်မယ်။ တရားစီရင်ရေးဆိုင်ရာ မယုံကြည်ရဆုံးစာရင်းကလည်း ကင်းလွတ်ပါလိမ့်မယ်။

အဲဒီတိုက်ပွဲမှာတော့ ဆရာဆရာမများဟာ ရှေ့ ဆောင်လမ်းပြ ကြယ်စင်တွေဖြစ်ပါကြောင်း။

သိန်းနိုင်

(၂၀၀၈ ခုနှစ် ကမ္ဘာ့ဆရာများနေ့၊ ၅ ရက် အောက်တိုဘာလ ၂၀၀၈ နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာပါ Thongbai Thongpao \ Teachers are our nation’s cultural warriors ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုပါသည်။)

 

© 2007 IngridGrey By Arephyz