ရေးသားတင်ပြသူ- ခင်လေးကြည်ကြည်
မြန်မာနိုင်ငံ ကျောင်းပညာရေးမှာ အနုပညာနဲ့ပတ်သက်ပြီး ခံစားကျွမ်းဝင်တတ်စေဖို့ အတွက် အားပေး မှုတွေ အတော်လေး အားနည်းနေသေးတာကို တွေ့ရပါတယ်။ ကျောင်းတွေမှာ ပန်းချီပြိုင်ပွဲတွေ၊ အဆို အက ပြိုင်ပွဲ တွေကို အခါအားလျော်စွာ ကျင်းပပေးလေ့ရှိပါတယ်။ ဒါပေမဲ့ အထိမ်းအမှတ်ပွဲတွေ အဖြစ်ပဲ ကျင်းပ တာ များပြီး ပန်းချီ၊ ဂီတ၊ အက စတဲ့ ပညာရပ်တွေ ဖွံ့ဖြိုးရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေး ဆိုတဲ့ ရည်ရွယ်ချက် အောက်မှာပဲ ရှိနေတတ်ပါတယ်။
ဒီနေ့ခေတ် ပညာရေး သဘောတရားတွေမှာ E.Q (သို့) E.I (Emotional Intelligence Quotient) ဆိုတာကို I.Q (Intelligence Quotient) ထက်ပိုပြီး ဦးစားပေးသင့်တယ်ဆိုတဲ့ အမြင်တွေ ကျယ်ပြန့်လာပါတယ်။ မြန်မာလို ပြန်ရရင် မျှဝေခံစားနိုင်မှု စွမ်းရည် ပမာဏ လို့ ခေါ်ရမယ် ထင် ပါတယ်။ မြန်မာနိုင်ငံရဲ့ သင်ရိုး ညွှန်းတမ်းပြုစုရေးအဖွဲ့မှာ ပါခဲ့တဲ့ ဆရာတင်မိုးတို့လို ပညာရှင်ကြီးတွေရဲ့ စေတနာကိုလည်း သူရေးဖွဲ့ခဲ့တဲ့ ကဗျာတွေထဲမှာ အများကြီးတွေ့မြင်နိုင်ပါတယ်။ `ဆရာတို့က ရသ ခံစား တတ် အောင် လူတိုင်းကို သင်ပေး ချင်တာ၊ ရသ ခံစားတတ်မှ လူအချင်းချင်းကိုယ်ချင်စာတရားရှိမှာ´လို့ဆရာ့ သဘောထားကို ဆရာ့သမီးတွေ ရေးတဲ့ ဆောင်းပါးထဲမှာ ဖတ်လိုက်ရပါတယ်။ (ငှက်ကလေး ရဲ့ခရီးသွား၊ မိုးမိုးနှင်း မိုးချိုသင်း-မိုးမခ အင်တာနက် စာမျက်နှာ)။
ကလေးပန်းချီပြိုင်ပွဲတွေကို ကျင်းပတဲ့အခါမှာလည်း ကလေးတွေရဲ့ ခံစားချက်ထက် သူတို့ရဲ့ ပန်းချီလက်ရာ၊ ခေါင်းစဉ်နဲ့ ကိုက်ညီမှုရှိရဲ့လားဆိုတဲ့ အကဲဖြတ်ချက်တွေနဲ့ စဉ်းစားလေ့ရှိကြပါတယ်။ တကယ်တော့ ပန်းချီ အနုပညာဆိုတာ အင်မတန် လေးနက်ကျယ်ဝန်းတဲ့ အဆင့်ရှိသလိုပဲ လူတိုင်း နားလည်နိုင်၊ ခံစား နိုင်၊ ဖန်တီးနိုင်တဲ့ အဆင့်တဆင့်လည်း ရှိပါတယ်။ ကျမတို့ရဲ့ ကလေးတွေကို လောကကို ချစ်တတ်အောင်၊ သဘာဝ အလှအပကို မြတ်နိုးတတ်အောင်၊ စိတ်အလှကို မွေးမြူတတ် လာအောင်လို့ ပန်းချီအပါအ၀င် ကဗျာ ဂီတ စတဲ့ ပုံ သဏ္ဌာန် အမျိုးမျိုးသော အနုပညာ ဘာသာရပ်တွေကို သင်ကြားပြီး ကျောင်းစာသင်ခန်းတွေက တဆင့် လေ့ကျင့်ပေးဖို့ လိုပါတယ်။
အောက်တိုဘာ(၅) ရက် `ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်´ ကလေးပန်းချီပြိုင်ပွဲလေးတစ်ခုကို ထိုင်းနိုင်ငံ မှာ အခြေ စိုက်တဲ့ `အမျိုးသားကျန်းမာရေးနှင့် ပညာရေး ကော်မီတီ´ရဲ့ သင်ရိုးညွှန်းတမ်းဖွံ့ဖြိုးမှု လုပ်ငန်း တစ်ရပ်အနေနဲ့ ပြုလုပ် ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာတိုင်းရင်းသား ကလေးငယ်တွေကို စာသင်ပေး နေတဲ့ ကျောင်းတွေဆီ လက်လှမ်းမှီ သမျှ ဖိတ်ခေါ်စာတွေပို့ခဲ့ပါတယ်။
နယ်မြေအသီးသီးရဲ့ အခြေအနေကိုစဉ်းစားပြီး ရေဆေးဖြစ်စေ၊ ရောင်စုံဖြစ်စေ၊ ခဲဖြစ်စေ၊ နှစ်သက်ရာကို အသုံးပြုပြီး ရေးဆွဲနိုင်ကြောင်း၊ ဆရာများနေ့အထိမ်းအမှတ်ဖြစ်ပေမဲ့ မိမိနှစ်သက်ရာပုံကို ရေးဆွဲနိုင်ကြောင်း၊ လက်ရာကောင်းမွန်မှု သာမက ရေးဆွဲသူရဲ့ စိတ်ကူး စိတ်သန်း ကောင်းမွန်မှု ကိုပါ ထည့်သွင်း စဉ်းစားမှာ ဖြစ်တဲ့ အတွက် မိမိရေးဆွဲတဲ့ ပန်းချီကား အမည်နဲ့ ရေးဆွဲရတဲ့ ခံစားချက်ကိုပါ ထည့်ရေးပေးဖို့ ကိုလည်း ဖိတ်ခေါ်စာနဲ့အတူ ပေးပို့အကြောင်းကြားခဲ့ပါတယ်။
ပြိုင်ပွဲဝင် ပန်းချီကားချပ်ပေါင်း (၄၄၀) ကား ရခဲ့ပါတယ်။ အဲသည်အထဲကမှ အသက်အပိုင်းအခြားအလိုက် အငယ်တန်းနဲ့ အကြီးတန်းခွဲပြီး အကောင်းဆုံးလက်ရာရှင်ဆု (၅)ဆုစီနဲ့ နှစ်သက်ဖွယ်လက်ရာရှင်ဆု (၁၀) ဆုစီ ရွေးချယ်ပေးခဲ့ပါတယ်။ မူလတည်းက သတ်မှတ်ထားခဲ့တဲ့ ဆုအရေအတွက်ကြောင့် ဆုရွေးချယ် မခံရ ပေမဲ့လည်း လက်ရာကောင်းတဲ့ ပန်းချီကား လေးတွေ အများကြီးရှိသလို၊ စိတ်ဝင်စားဖို့ကောင်းလှတဲ့ သူတို့ရဲ့ အတွေးစိတ်ကူးလေး တွေက သူတို့ရဲ့ ဘ၀နောက်ခံ ကိုပါ သိထားခဲ့ရင် စဉ်းစားစရာတွေ အများကြီးကို ဖြစ်စေပါတယ်။ ဒါကြောင့် ကျမကြည့်ရှု အကဲဖြတ်ခဲ့ရတဲ့ သူတို့ရဲ့ ပန်းချီကားလေးတွေနဲ့ သူတို့ ရေးဆွဲရတဲ့ ခံစားချက်တွေကို စိတ်ဝင်စားသူအားလုံးကို ဝေမျှချင်တာပါ။
……………………………………………………………………………….။
အရင်ဆုံး ရောင်နီဦးကျောင်း က ကလေးတွေဆွဲထားတဲ့ ပန်းချီကားလေးတွေကို ပြချင်ပါတယ်။ ရောင်နီဦး ကျောင်း ဆိုတာက ၈ လေးလုံးအရေးတော်ပုံကြီးနဲ့အတူ ပေါ်ပေါက်လာတဲ့ ကျောင်းသားတပ်မတော်က ဖွင့်ခဲ့ တဲ့ ကျောင်းပါ။ အခုအချိန်မှာ အထက်တန်းကျောင်းအဖြစ်နဲ့ ထိုင်းမြန်မာ နယ်စပ်တနေရာက ဒုက္ခသည်စခန်း တစ်ခုထဲမှာရှိပါတယ်။ အဲဒီကျောင်းလေးကို ရောက်ခဲ့ဖူးပြီး ကလေးတွေနဲ့အတူ (၄)ရက် နေခဲ့ဖူးပါတယ်။
ကျောင်းသူကျောင်းသား အများစုက ကရင်လူမျိုးကလေးတွေဖြစ်ပါတယ်။ ကျောင်းရောက်စမှာ အံသြရတာ က သူတို့ရဲ့ အဖြူအစိမ်းကျောင်းဝတ်စုံရယ် မြန်မာစံတော်ချိန်အတိုင်းအသုံးပြုတဲ့ ကျောင်းတက်ချိန် ကျောင်းဆင်းချိန်ပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲမှာ ဖွင့်ထားတဲ့ ကျောင်းတွေမှာ ကလေးတွေဟာ များသော အား ဖြင့် ထိုင်းကျောင်းဝတ်စုံကိုပဲဝတ်ကြရပါတယ်။ နောက်တော့ ကျောင်းအုပ်ကြီး ရှင်းပြတာက ၈၈ အရေးအခင်း မှာ ကျဆုံးသွားတဲ့ အဖြူအစိမ်းဝတ် ကျောင်းသားလေး တွေကို အမှတ်ရ ဂုဏ်ပြုတဲ့ အနေနဲ့ သူတို့ရဲ့ ကျောင်းဝတ်စုံကို အဖြူအစိမ်းပဲ သတ်မှတ်ထား ပါတယ်တဲ့။ ကျောင်းတက် ကျောင်းဆင်းချိန်ကိုလည်း မြန်မာပြည်က အသုံးပြုတဲ့အချိန်အတိုင်းသတ်မှတ်ထားတာက သူတို့ဟာ မြန်မာပြည်သား ကလေးတွေ ဖြစ်တယ်ဆိုတာ မမေ့အောင်လို့ပါတဲ့။(ထိုင်းစံတော်ချိန်နဲ့ မြန်မာစံတော်ချိန်က ၄၅ မိနစ် ကွာပါတယ်။)
မြန်မာပြည်က အချိန်အတိုင်း ထိုးလိုက်တဲ့ ကျောင်းတက်ခေါင်းလောင်းသံနောက်မှာတော့ တကျောင်းလုံး ဟိန်းထွက် လာတဲ့ သီချင်းသံကိုကြားလိုက်ရပါတယ်။
`ငါတို့ကျောင်းသား…ပေါင်းစည်းလို့ ညီကြမည်….အမျိုးသားရေးကို ကြိုဆိုလို့အတည်….ဒီမိုကရေစီ ပညာရေး တွက်ရည်….တို့အသား တို့အသွေး ပေးလှုမည်…´။
ကျောင်းဆင်းချိန်ဆိုတဲ့သီချင်းကလည်း `ပဉ္စမမြောက် နိုင်ငံတော်သစ်မွေးဖွားခြင်း´တဲ့။
`….ပြည်သူတွေနဲ့ ကျောင်းသားအပေါင်းရဲ့ ..အရိုးတွန်ချိန်ရောက်လာပြီလေ…မြန်မာနိုင်ငံပဉ္စမ မြောက်ကို …တို့ တည်ထောင်စို့လေ…´။
ဒီကျောင်းမှာ ကျောင်းအိပ်ကျောင်းစားနေတဲ့ ကလေးတွေလည်းရှိပါတယ်။ သူတို့ကတော့ IDP လို့ အတို ခေါ်တဲ့ ပြည်တွင်း မှာ နေစရာအတည်မရှိပဲ ရွှေ့ပြောင်းပုန်းအောင်း နေကြရတဲ့ ကလေးအများစုဖြစ်ပါတယ်။ သူတို့ရဲ့ မိဘတွေ (အများစုက မိခင် ဖခင် အစုံမရှိကြပါ)က မြန်မာပြည်တွင်းမှာ ကျန်ခဲ့ပြီး ကလေးတွေကို ပညာတစ်ခုရဖို့် နဲ့ လုံခြုံမှုအတွက် ကျောင်းတက်နိုင်တဲ့အရွယ်ကစလို့ ဒီကျောင်းကိုပို့ထားခဲ့ကြတာပါ။ ကျမနဲ့အတူ အိပ်ခဲ့ရတဲ့ တတိယတန်း ကျောင်းသူ လေး ကတော့ အသက်(၆) နှစ်တည်းက ဒီကျောင်းမှာ ကျောင်းအိပ်ကျောင်းစား နေခဲ့တာပါတဲ့။ `အမိုးနဲ့မတွေ့ရတာ သုံးနှစ်ရှိသွားပြီ´ လို့ ပြောပါတယ်။ သမီး ဘယ်တော့ရွာပြန်ဦးမလဲလို့ မေးမိတော့ `အမိုးလာမခေါ်သေးဘူးလေ… အမိုး လာခေါ်ရင်ပြန်မှာပေါ့´ တဲ့။ `အမိုးကမှာလိုက်တယ် အမိုးတို့အမျိုးထဲမှာ စာသင်ဖူးတဲ့သူ ဆိုတာမရှိလို့ သမီးက စာသင် နိုင်အောင် ကြိုးစားရမယ်တဲ့´။
ညသန်းခေါင်လောက်မှာတော့ မုန်တိုင်းကျလို့ မိုးတွေရွာ လေတွေတိုက်ပြီး ကျောက်တောင်စောင်းမှာ ဆောက်ထားတဲ့ ကျောင်းသူ အဆောင်တစ်ခုလုံး သိမ့်သိမ့် တုန်နေလို့ လန့်နိုးလာပါတယ်။ သစ်ကိုင်း ကျိုးကျတဲ့ အသံ တောင်စောင်းပေါ်က သစ်ပင်လဲပြီး လျှောကျလာတဲ့ အသံတွေကြားလို့ ကျမ ပြန်မအိပ်ရဲ တော့ပါဘူး။ ထရံပေါက်ကြားက မီးရောင်လေး လင်း နေတာ မြင်ရလို့ ချောင်းကြည့်လိုက်တော့ ဟိုဘက် ထရံတစ်ချပ်အခြားက ဆယ်တန်းကျောင်းသူလေး ကြိုးစားပမ်းစားသင်္ချာတွက်နေတာကို ယိမ်းနွဲ့နေတဲ့ ဖယောင်းတိုင်မီးရောင်အောက်မှာ တွေ့ရပါတယ်။ `သမီးလည်း အိပ် မပျော်ဘူးလား´ လို့ အဖော်ညှိမိတော့ `သမီး ဒီသင်္ချာတစ်ပုဒ်တွက်နေတာ မရသေးလို့ မအိပ်သေးတာပါ´တဲ့။ သြော် သူတို့ အတွက်တော့ ဒီမုန်တိုင်းလောက်က ကြောက်စရာမဟုတ်တော့ဘူးထင်ပါရဲ့။ သမီး ဒီမှာ (၁၀)တန်း စာမေးပွဲ ဖြေပြီး ရင် ဘာ ဆက်လုပ်မလဲလို့ စပ်စုတော့ `သမီးရွာပြန်မယ်လေ။ အမိုးတို့ ရွာမှာပဲရှိမယ်ထင်တယ်။ ရွာနဲ့ခွဲလာတာ (၆)နှစ် ရှိသွားပြီ။´တဲ့။ သူက ဆက်ပြောပြနေတယ်`သမီးတို့ငယ်ငယ်တုန်းကတော့ ရွာမှာ ကျောင်းရှိသေး တယ်။ နောက် တော့ စစ်တပ်က စစ်ထိုးလာလို့ တရွာလုံးမီးလောင်သွားတယ်´ တဲ့။
အဲဒီလို နောက်ခံဘ၀ တွေရှိတဲ့ ကလေးတွေ ရေးဆွဲထားတဲ့ ပန်းချီကားလေးတွေကို ကြည့်လိုက်ပါဦး။
ရေးဆွဲသူကတော့ ဇာနည်ထက် ပါ။ အသက် (၆)နှစ်အရွယ် သူငယ်တန်းကြီးကျောင်းသားလေးပါ။ သူ့ခံစားချက်ကတော့ `သစ်ပင်လိုပဲ သားသားလည်း မိသားစုနဲ့ အမြဲရှင်သန်ချင်လို့ပါ´ တဲ့။
နောက်တပုံကတော့..
သူငယ်တန်းကြီးကပဲ အသက်(၆) နှစ်အရွယ် မင်းကူထူး ဆွဲထားတဲ့ပုံလေးပါ။ ပန်းချီကားနာမည်က `ဒီအရုပ်ကလေးကို လိုချင်တယ်´ တဲ့။ သူရေးထားတဲ့ ခံစားချက်ကတော့ `သားသားဆီမှာ ဒီအရုပ်လေးတွေမရှိလို့ ၀မ်းနည်းစွာနဲ့ဆွဲတာပါ´။
ဒီပုံက စောဒေါလေ့ထူး အသက်(၉)နှစ်ဆွဲတဲ့ပုံပါ။ သူက ဒုတိယတန်းကျောင်းသားလေးပါ။ သူဆွဲထားတဲ့ ကျောင်းရှေ့အလံတိုင်က အလံက ကရင်အမျိုးသားအလံပါ။ ပန်းချီကားအမည်က `ရွာထဲကကျောင်းပုံ´။
ရေးဆွဲရတဲ့ ခံစားချက်ကတော့ `ကျနော်စိတ်ကူးယဉ်သောရွာကလေး တရွာနှင့် သီးသန့်ကျောင်းလေး တကျောင်းကို တည်ထောက်ချင်ပြီး လှပသောတောင်တန်း၊ လယ်ကွင်းထဲ၌ ဆန်၊ စပါး၊ အသီးအရွက်များ စိုက်ချင်လို့´ ပါတဲ့။
အောက်ကပုံက ဒုတိယတန်းကျောင်းသား (၁၀)နှစ်သားလေး စောကလို့ကလော်ထူး ဆွဲတဲ့ပုံပါ။
သူ့ရဲ့ ပန်းချီကားခေါင်းစဉ်ကတော့ ကြောက်စရာပဲ `နအဖ စစ်တပ်များက YNU တပ်သားများနေသော နေရာကို ပစ်နေတဲ့ပုံ´ တဲ့။ YNU ဆိုတာ ရောင်နီဦးကို အတိုပြောချင်တာထင်ပါရဲ့။ သူ ခံစားချက်ကတော့ `သားသားကြီးလာရင်စစ်ဗိုလ်ဖြစ်ချင်လို့ပါ´တဲ့လေ။
ဒီပုံလေးကတော့ ပိုးပိုးလေး အသက်(၆) နှစ် သူငယ်တန်းကြီး ကျောင်းသူလေး ဆွဲတဲ့ပုံပါ။ ပန်းချီကား ရဲ့အမည်က `ကောင်မလေးနှင့် အိမ်ကလေး´ ရေးဆွဲရတဲ့ ခံစားချက်က `သမီးက ဒီအိမ်လေးထဲမှာ တယောက်ထဲပဲနေချင်တယ်။ ဒါကြောင့်ဒီပုံတွေကို ဆွဲတာပါ´ တဲ့။
အောက်ကပုံလေးတွေကတော့ အငယ်တန်းအဆင့်မှာ နှစ်သက်ဖွယ်လက်ရာရှင် အဖြစ်ရွေးချယ်ခံရတဲ့ ပုံတချို့ပါ။
ဒီပုံအမည်က `ကျောင်းပတ်ဝန်းကျင် ရှုခင်းပုံ´ ခံစားချက်ကတော့ ရိုးရိုးပါပဲ`ကျောင်းနှင့် ကျောင်းပတ်ဝန်း ကျင်ကို ကြိုက်နှစ်သက်၍´ တဲ့။ ရေးဆွဲသူက စောအောင်အောင် အသက်(၁၀) နှစ်၊ တတိယတန်းပါ။
ဘဲမယ် အသက်(၁၀)နှစ် ဆွဲတဲ့ပုံလေးပါ။ ဒုတိယတန်းကျောင်းသူလေးဖြစ်ပါတယ်။ ပုံနာမည်က `အိမ်နှင့်ခြံပုံ´ ဖြစ်ပြီး သူ့ခံစားချက်ကတော့ `ဤပုံလိုမျိုး ကိုယ့်အိမ်နှင့်ကိုယ့်ခြံနေချင်တယ်´ တဲ့။
ကျမ တော်တော်သဘောကျလို့ အငယ်တန်းမှာ အကောင်းဆုံးလက်ရာရှင်ဆု ရွေးခဲ့တဲ့ပုံလေးကတော့ ရိုးရိုးလေးပါပဲ။ `သဘာဝ ရှုခင်းပုံ´ လို့အမည်ပေးထားပါတယ်။ သူ့ ခံစားချက်ကလည်း သိပ်ချစ်ဖို့ကောင်းပါတယ်။ ကြည့်လိုက်ပါ။
`တဲက လူတွေနေဖို့ဆောက်ထားတယ်။
ချောင်းက တိရစ္ဆာန် တွေ ရေသောက်ဆင်းလို့ရတယ်။
တောင်တွေက အလွန်လှပတယ်။
စပါးပင်က လူတွေစားဖို့စိုက်ထားတယ်။
နေကလူတွေအတွက် အလင်းနဲ့အပူရစေတယ်။
တိမ်က မိုးပေါ်မှာပဲနေတယ်။
မိုးတွင်းအခါ မိုးရွာချတယ်။
မြက်ခင်းပြင်လဲ စိမ်းလန်းစိုပြေတယ်။´
သဘာဝ တရားကြီးရဲ့လှပမှုကို ဘယ်လောက်တောင် အကောင်းမြင်ထားတဲ့ စိတ်ကူးလေးလဲဆိုတာ။ ရေးဆွဲသူကတော့ နှင်းဖြူဖြူဦး စတုတ္ထတန်းကျောင်းသူလေးဖြစ်ပြီး အသက်(၉)နှစ်ခွဲပဲရှိပါသေးတယ်။
ဒီပုံလေးကလည်း အကောင်းဆုံးလက်ရာရှင်ဆုရတဲ့ပုံပါပဲ။ ရေးဆွဲရတဲ့ ခံစားချက်က `ကျနော်တို့ရွာ၏ ဘုန်းကြီး ကျောင်းကို သတိရသောကြောင့်ဖြစ်သည်´ တဲ့။ ပုံကိုအမည်ပေးထားတာကလည်း ရိုးရိုးလေး ပါပဲ `ဘုန်းကြီးကျောင်းပုံ´ တဲ့။ ရေးဆွဲသူကတော့ ဒုတိယတန်းကျောင်းသားလေး အောင်မျိုးထက် အသက်(၈)နှစ် ဖြစ်ပါတယ်။ သူ့ပုံထဲကလိုပဲ ရွာကဘုန်းကြီးကျောင်းမှာ ဘုန်းတော်ကြီးရော ကိုရင်ရော အရိပ်အယောင်မှ ရှိပါသေးရဲ့လား လို့ စဉ်းစားမိပါတယ်။
အောက်မှာပြထားတဲ့ပုံက အကြီးတန်းအဆင့်က အကောင်းဆုံးလက်ရာရှင်ဆု ရွေးခံရတဲ့ ပုံလေးတပုံပါ။
ပန်းချီကားအမည်က `ရောင်နီဦး´တဲ့ ။ သူ့စိတ်ကူးကတော့ `ကျွန်တော်သည် ရေးဆွဲသည့် ခံစားချက်ကတော့ ကျွန်တော့်ဘ၀မှာ နေရတဲ့ ကျောင်းအားလုံးကို ရောင်နီဦးက အကောင်းဆုံးဖြစ်သည်။ စာသင်ဘက်ကလည်း ကောင်းသည်။ ဆရာ/မ ကလည်း ညီညာထကြွသည်။ computer centre လည်းရှိသည်။ ရောင်နီဦးကျောင်း သည် N.G.S.O လည်း ဖွဲ့စည်းထားသည်။ ကျောင်းသူ ကျောင်းသားလည်း မူးယစ်ဆေးဝါး မသုံးစွဲအောင် ဆရာ/မ စည်းကမ်းချက်ချပါသည်။ ရောင်နီဦးကျောင်းသည် ကျွန်တော့် အတွက် မမေ့နိုင်တဲ့ ကျောင်း တစ် ကျောင်း ဖြစ်သည်။´ သူပြောတဲ့ N.G.S.O ဆိုတာ ရောင်နီဦးကျောင်းက အတန်းကြီးကျောင်းသားတွေ ကိုယ်တိုင် ဖွဲ့စည်းပုံစည်းမျဉ်းတွေ နှစ်စဉ် ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲတွေနဲ့ဖွဲ့ထားတဲ့ New Generation Students Organization ကိုပြောတာပါ။ ရေးဆွဲတဲ့ ကျောင်းသားအမည်က မောင်ထွန်းထွန်း အသက် (၁၅) နှစ် ပဉ္စမတန်း ကျောင်းသားပါ။
အကြီးတန်းအဆင့် နှစ်သက်ဖွယ်လက်ရာရှင်ဆုရတဲ့ ပန်းချီကားလေး (၁)ကားကတော့ -
အသက် (၁၁)နှစ်အရွယ် စတုတ္ထတန်းကျောင်းသား စောဇဘလုထူး ဆွဲထားတဲ့ကားလေးပါ။ ပန်းချီကားကို အမည်ပေးမထားခဲ့ပေမဲ့ သူရေးဆွဲရတဲ့ ခံစားချက်ကိုဖတ်ကြည့်ပြီးရင် သူ့အစားအမည်တပ်ပေးကြပါလား။ သူ့လက်ရေးအတိုင်းဖော်ပြပေးလိုက်ပါတယ်။
`ကျွန်ုပ်ရဲ့ ငယ်ငယ်တုန်းက ဇွဲကပင်တောင်ကို မသွားရဘူး။ ဒါပေမဲ့ ဇွဲကပင်ကို ဆွဲလို့တတ်တယ်။ ဇွဲကပင် တောင် ကိုသွားချင်တယ်။ ဒါပေမဲ့ မသွားရဘူး။ ဇွဲကပင်ကို တကယ်မြင်ချင်တယ်´ တဲ့။
ဒီလက်ရာပိုင်ရှင်ကတော့ နော်ဒါးလေ့ အသက်(၁၃)နှစ် ပဉ္စမတန်းကျောင်းသူပါ။ သူ့ပုံလေး အမည်က `ရွာအပြင်က တဲကလေးနှင့်ရှုခင်းပုံ´ ဖြစ်ပါတယ်။ သူ့ခံစားချက်ကတော့ `ကျမရေးဆွဲသည့် ရွာအပြင်က တဲကလေးသည် ရွာထဲရှိ ရွာသားများအတွက် အကျိုးကျေးဇူးများရပါသည်။ နေပူသော အခါတွင် သစ်ပင်များ အောက်၌ရှိသော တဲကလေးထဲတွင် အနားယူလို့ရပါသည်။ ခရီးမောပန်းလာပြီး ရေငတ်သောအခါတွင်လည်း တဲကလေးထဲရှိရေကို သောက်လို့ရပါသည်။ ကျမ၏ ခံစားချက်ကို ဖွင့်ဆိုလိုက်ရပါသည်။ ´
ဒါတွေကတော့ စိတ်ဝင်စားဖွယ်ပုံလေးတွေပါပဲ -
ရေးဆွဲသူအမည်- မသန်းကြည်၊ အသက်(၁၂) နှစ်။ အတန်း - စတုတ္ထတန်း
ပန်းချီကားအမည် - စစ်အာဏာရှင်ရဲ့ ရက်စက်ကြမ်းကြုတ်ပုံ
ရေးဆွဲရသည့်ခံစားချက် - ကျမရေးတဲ့ ပန်းချီကား ရည်ရွယ်ချက်ကတော့ စစ်အာဏာရှင်တွေဟာ ရှိသမျှ လူတွေကို သတ်ဖြတ်ကြတယ်။ ငြိမ်းချမ်းစွာ မနေရဘူး။ အဲဒါကြောင့် သူများနိုင်ငံမှာ လာရောက် မှီခို နေထိုင် ရတယ်။ န အ ဖ ရဲ့ရက်စက်ကြမ်းကြုတ်မှုကို ကျတော် ကျမတို့ တစ်နေ့ကျရင် ပြန်ပြီး လက်စားချေ မယ်လို့ ကျမ ကတိပေးပါတယ်။
ရေးဆွဲသူ- စောသူရဟိန်း
အသက် - ၁၄ နှစ်
အတန်း - အဌမတန်း
ပန်းချီကားအမည် - န အ ဖ က မြန်မာနိုင်ငံ ကို ဖျက်ဆီးနေ၍ ပြည်သူက ကာကွယ်ပုံ
ရေးဆွဲရသည့် ခံစားချက် - ကျွန်တော်သည် ဒီပန်းချီကားကို ရေး ဆွဲခြင်းဖြင့် ကျွန်တော်သည် မြန်မာ နိုင်ငံ ကပဲ လာပါသည်။ အကြောင်းအရင်းက ကျွန်တော်တို့မြန်မာနိုင်ငံဟာ နအဖကြောင့် ပြည်သူဘ၀တွေက သူတို့လက်ခုပ်ထဲက ရေလိုဘ၀ပဲ။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုကိုမေတ္တာ အေးချမ်းသော အရိပ်အောက်မှာပဲထားချင်ပါတယ်။ ဒါပေမဲ့စစ်ဘီလူးကအေးချမ်းတဲ့ မေတ္တာကိုမီးဟုန်းဟုန်းလိုတောက်စေတဲ့ အဖြစ် ဖျက်စီး၍ ပြည်သူဘ၀ က ခွေးလို ၀က်လိုပဲပြေးနေရတယ်။ ဒါကြောင့်မို့ ကျွန်တော်ရဲ့ ခံစားချက်ပြည့်ပြည့်နဲ့ ဒီပန်းချီကားချပ်ကို ဆွဲရ ပါသည်။
ရေးဆွဲသူ- မူမူဝင်း
အသက်- ၁၁ နှစ်
အတန်း- ဆဋ္ဌမတန်း
ပန်းချီကားအမည်- ဘုန်းကြီးများ သပိတ်မှောက်ပုံ
ရေးဆွဲရသည့် ခံစားချက်- ဒီလိုအပုံကိုဆွဲရခြင်းအကြောင်းရွှေဝါရောင်တော်လှန်ရေးတုန်းက ဘုန်းကြီးသံဃာတော်များ သပိတ်မှောက်ပုံကိုရေးဆွဲသည်။
ရေးဆွဲသူအမည် - စောအဲ့ချဲ
အသက်- ၁၄ နှစ်
အတန်း - သတ္တမတန်း
ပန်းချီကားအမည် - န အ ဖ က သံဃာတော်များကို သတ်ဖြတ်နေပုံ။
ရေးဆွဲရသည့်ခံစားချက် - ကျွန်တော်ဒီပန်းချီကားကို ဆွဲရတာ ပြည်တွင်းထဲမှာရှိနေသော သံဃာတော်တွေက ဖုန်းကြီး၊ သံဃာတော်တွေကို နှိပ်စက်တာတွေကို ဖော်ပြသောသဘောပါ။
အမည် - မအေးအေးစိုး
အသက် - ၁၁ နှစ်
အတန်း - ပဉ္စမတန်း
ပန်းချီကားအမည် - သဘာဝရှုခင်းပုံ
ရေးဆွဲရသည့် ခံစားချက် - ကျမ၏ မိခင်ရွာကလေးအားလွမ်းဆွတ်၍ ရေးဆွဲထားပါသည်။
………………………………………………………………………………………။
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်မှာရှိတဲ့ မြန်မာစာသင်ကျောင်းက ကလေးတွေဆွဲတဲ့ပုံတချို့ပါ။ သူတို့ မိဘတွေကတော့ ရာဘာစေးခြစ်တဲ့ အလုပ်သမားတွေ၊ ငါးဖမ်းစက်လှေ အလုပ်သမားတွေ၊ အများစုပါ။
အငယ်တန်းအဆင့်မှာ အကောင်းဆုံးလက်ရာရှင်ဆုရွေးချယ်ခံရတဲ့ ပုံတပုံကိုဖော်ပြလိုက်ပါတယ်။
ရေးဆွဲသူက ဒုတိယတန်းကျောင်းသား အသက်(၁၀)နှစ်အရွယ် မောင်သန့်ဇင်ဦး ဖြစ်ပါတယ်။ ပန်းချီကား အမည်က`ရေတံခွန်ပုံ´လို့ပေးထားပါတယ်။ ရေးဆွဲရတဲ့ ခံစားချက်ကတော့ `အပျော်ဆွဲခြင်း´ ပါတဲ့။ သူ့လက်ရာလေးက တကယ်ပဲ ရေတံခွန်က ရေစီးကျသံ တောင်ကြားနေရသလိုခံစားရစေပါတယ်။
ပုံအမည်က `စမ်းချောင်းကလေး´၊ ရေးဆွဲသူက မဇာခြည်ဦး ၊ အသက်က(၁၀)နှစ်၊ အတန်းကဒုတိယတန်း။ သူ့ခံစားချက်ကတော့ `သမီးသွားလည်ချင်သောနေရာဖြစ်ပါသည်´ တဲ့။ ဒီပုံလေးကိုလည်း နှစ်သက်ဖွယ် လက်ရာရှင်ဆု ရွေးချယ်လိုက်ပါတယ်။
နှစ်သက်ဖွယ်လက်ရာရှင်ဆုရ ပုံလေးပါ။ ရေးဆွဲသူ - မပိုးသူဇာစိုး။ အသက်-(၁၀)နှစ်။ အတန်း - ဒုတိယတန်း ပါ။ ပန်းချီကားအမည်က `ပင်လယ်ကမ်းခြေ´။ သူ့ခံစားချက်က ရိုးရိုးလေးပါပဲ `ပင်လယ်သို့ အပျော်ခရီး သွားချင်ပါသည်´တဲ့။
အကြီးတန်းအဆင့် အကောင်းဆုံးလက်ရာရှင်ဆုရတဲ့ပုံလေးပါ။ရေးဆွဲသူက အိနှင်းခင်၊ အသက်က(၁၂)နှစ်။ အတန်းက ဆဋ္ဌမတန်း။
ပန်းချီကားအမည်က`ကျေးဇူးရှင်လယ်သမားများ´ဖြစ်ပြီး ရေးဆွဲရတဲ့ ခံစားချက်ကတော့ …. `ဒီပုံလေးကိုရေးဆွဲရခြင်းကတော့ လယ်သမားများ စိုက်ပျိုးရိတ်သိမ်းလို့ရခဲ့တဲ့ စပါးများကို သမီးတို့ စားသုံး ကြတာပါ။ တကယ်လို့များ ဒီစပါးများကို စိုက်ပျိုး ရိတ်သိမ်းတဲ့လူမရှိရင် သမီးတို့အသက်တွေလည်း ရှည်မှာ မဟုတ်ဘူး။ ဒါကြောင့်သမီးလယ်သမားများကို ကျေးဇူးတင်တဲ့အနေနဲ့ ဒီပုံလေးကို ရေးဆွဲခြင်းဖြစ်ပါတယ်´။
ဒီပုံလေးတွေကတော့ ဆုမရွေးချယ်ခံရပေမဲ့ နှစ်သက်စရာ စိတ်ကူးလေးတွေမို့ဖော်ပြပေးလိုက်ပါတယ်။
ရေးဆွဲသူအမည်- မေစုမောင်။ အသက်- (၁၄)နှစ်။ အတန်း- ပဉ္စမတန်း။
ပန်းချီကားအမည် - နားခိုရာ
ရေးဆွဲရသည့်ခံစားချက် - ကျွန်မတို့ပညာသင်ကြားနေသောကျောင်းကြီးသည် ကျွန်မတို့အတွက် နားခိုရာဖြစ်သလို ငှက်ကလေးများစက်နားခိုရာသည်လည်း ဘ၀သစ်ပင်ကြီးတစ်ပင်ဖြစ်ခြင်းအပေါ် ခံစားပြီးရေးဆွဲခြင်းဖြစ်ပါသည်။´
ရေးဆွဲသူ - စုလှိုင်ထွေး
အသက် - ၁၂ နှစ်
အတန်း - ဆဋ္ဌမတန်း
ပန်းချီကားအမည် - ပျော်စရာကောင်းတဲ့ ကျွန်မတို့ကျောင်း
ရေးဆွဲရသည့်ခံစားချက် - ကျွန်မတို့ကျောင်းမှာ ဆရာ ဆရာမ များခွဲခြားခြင်းမရှိပါ။ ကျောင်းသားများကို ပန်းလို အမြတ် တနိုးထားပါတယ်။ ကျွန်မခံစားသောကြောင့်ဒီပုံလေးကိုရေးဆွဲခြင်းဖြစ်ပါတယ်။
………………………………………………………………………………………။
ချင်းမိုင်ကနေ ၁၃၈ ကီလို လောက်ဝေးတဲ့ နေရာမှာ ဖန်းခရိုင်ဆိုတာရှိပါတယ်။ အဲဒီမှာ နေကြတဲ့သူ အများစုက ရှမ်းပြည် က ရှမ်းလူမျိုးတွေများပါတယ်။ သူတို့ကို ထိုင်းရိုင်လို့လည်းခေါ်ပါတယ်။ ဟိုးအရင်ကတော့ သူတို့တွေဟာ မြန်မာပြည် သား တွေပါ။ နောက်တော့ စစ်အာဏာရှင်တွေ လက်ထက်မှာ သူတို့ ရွာတွေကို ဖြတ်လေးဖြတ်စနစ်နဲ့ ရွာမှာ မနေနိုင် အောင် လုပ်ခဲ့လို့ ထိုင်းနိုင်ငံဘက်ကိုရောက်လာကြတဲ့ သူတွေပါ။ သည်ဘက်က လိမ္မော်ခြံတွေမှာ အများစု အလုပ်လုပ် ကြပါ တယ်။
သူတို့ကလေးတွေရဲ့စာသင်ကျောင်းလေးကို သွားလည်ခဲ့ပါတယ်။ ၀မ်းနည်းစရာလို့ ပြောရမလားပဲ။ သူတို့ ကျောင်းတွေ မှာ မြန်မာစာ မြန်မာစကားသင်ဖို့ အခွင့်အရေးမရကြပါဘူး။ သူတို့လေးတွေ ရှေ့ဆက် ဘ၀ အသက်မွေးဖို့က ထိုင်းစာ ထိုင်းစကားတတ်မှ အဆင်ပြေမှာတဲ့လေ။ ဒါကြောင့် သူတို့ရဲ့ မိခင်ဘာသာ ရှမ်းစာ၊ ထိုင်းစာနဲ့ အင်္ဂလိပ်စာကိုပဲ ဦးစားပေး သင်ကြရပါတယ်။
သူတို့တွေနေတဲ့ လိမ္မော်ခြံထဲကိုလည်း အလည်လိုက်သွားခဲ့ပါတယ်။ လိမ္မော်ခြံက အမြင်အားဖြင့်တော့ အင်မတန် သာယာပြီး စိတ်နှလုံးချမ်းမြေ့စရာပါ။ ဒါပေမဲ့ သဘာဝ လတ်ဆတ်တဲ့လေ နဲ့ လိမ္မော်နံလေး မွှေးနေရမဲ့အစား ခြံမှာသုံးတဲ့ ဓါတ်မြေသြဇာနံ၊ ပိုးသတ်ဆေးနံတွေပဲ လွင့်ပျံ့နေပါတယ်။ ခြံပိုင်ရှင်တွေ ကလည်း ဒီပိုးသတ်ဆေးတွေရဲ့ အန္တရာယ် ကြီးမားပုံကို ပညာမပေးကြဘူးတဲ့။ အရင်တလလောက်ကပဲ ပိုးသတ်ဆေး ဖျော်ထားတဲ့ စည်ထဲကို နာရီပြုတ်ကျလို့ ဆင်း ကောက်တဲ့ အလုပ်သမားတစ်ယောက် သေသွားတယ်တဲ့။ သူတို့သည်ခြံတွေမှာနေတာ ဘယ်လောက်ကြာပြီလဲ။ သည်လို အဆိပ်ငွေ့တွေနဲ့ဆို ဘယ်လောက်ကြာအောင် ဆက်နေနိုင်မလဲ။
ကျမ ခင်မိတဲ့ ရှမ်းဆရာမလေးတစ်ယောက်ကို စကားပြောကြည့်တော့ သူတို့ အရင်နေခဲ့တာက ကျိုင်းတုံ မြို့နယ်ထဲက မိုင်းတုံမိုင်းဆတ်ဆိုတဲ့ ရေတံခွန်ရှိတဲ့ ရွာလေးပေါ့တဲ့။ လေးတန်းလောက်မှာ သူတို့နေတဲ့ရွာကို စစ်တပ်က ဖြတ်လေးဖြတ် ဆိုတာလုပ်လာလို့ မိဘတွေနဲ့အတူဒီဘက်ရောက်လာတာပါတဲ့။ `ကျမတို့ရွာမှာဆိုလေ လိမ္မော်တွေကလည်း သဘာဝ မြေကြီးကလည်းသဘာဝ အားလုံးသဘာဝ ´ပါပဲလို့ သူက မြန်မာလို မတတ်တတတ် နဲ့ကြိုးစားပြီးပြောပြပါတယ်။
သူတို့ လွယ်ဇာတ်ကျောင်း က ကလေးတွေရဲ့ပန်းချီလက်ရာပုံလေးတွေက ချစ်စရာကောင်းသလို သူတို့ရဲ့ စိတ်ကူးလေးတွေကလည်း…
ဒီပုံက အကောင်းဆုံးလက်ရာရှင်ဆုရတဲ့ပုံပါ။
ရေးဆွဲသူ - နန်းရှဲန်စမ်
အသက်- ၁၂ နှစ်
အတန်း - စတုတ္ထတန်း
ပန်းချီကားအမည် - ကျွန်မတို့တောရွာလေး
ရေးဆွဲရသည့်ခံစားချက် - `သဘာဝရဲ့တောရွာလေး တစ်နေရာမှာ အချက်ချက်အရာရာ အားလုံးမှာ ကျွန်မ ခံစားနေတာပုံ။´ ။
နောက် တပုံက နှစ်သက်ဖွယ်လက်ရာရှင်ဆုရတဲ့ပုံပါ။
ရေးဆွဲသူ - စိုင်းစမ်လူ
အသက် - ၁၄ နှစ်
အတန်း - ပဉ္စမတန်း
ပန်းချီကားအမည် - အိမ်မက်ထဲကကျောင်း
ရေးဆွဲရသည့်ခံစားချက် - `ရှမ်းပြည်လွတ်လပ်သောအချိန်မှာ ကျွန်တော်၏ စာသင်ကျောင်းကို အိမ်မက်ခြင်းပုံ ဆွဲထားသည်။´
ဒီပုံကလည်း နှစ်သက်ဖွယ်လက်ရာရှင်ဆုရပုံပါ။
ရေးဆွဲသူ - နန်းဆိုင်နစ်ကွင်ခမ်း
အသက် - ၁၄ နှစ်
အတန်း - ပဉ္စမတန်း
ပန်းချီကားအမည် - သဘာဝနယ်မြေ
ရေးဆွဲရသည့်ခံစားချက် - `လောလောဆယ်ရှမ်းလူမျိုးတို့ နေထိုင်ရေးတစ်နေရာပုံ ´။
သည်ကားလေးသုံးကားကတော့ ကျမဆုရွေးချင်ပေမဲ့ နယ်မြေစုံအောင်ပေးရမယ်ဆိုတဲ့မူကြောင့် မရွေးလိုက်ရတဲ့ ကားလေးတွေပါ။
ရေးဆွဲသူ - စိုင်းဆုလုံးစုန်
အသက် - ၁၄ နှစ်
အတန်း - ပဉ္စမတန်း
ပန်းချီကားအမည် - ကျောင်း၏ရည်မှန်းချက်
ရေးဆွဲရသည့်ခံစားချက် - `ကျွန်ုပ်၏ ဒီပုံကျောင်းမျိုးရှိစေရန် ရည်မှန်းပြီးရေးဆွဲထားပုံ´။
ရေးဆွဲသူ - နန်းဆိုင်းစိန်
အသက် - ၁၄ နှစ်
ပန်းချီကားအမည် - တို့ရိုးရာတောဓလေ့
ရေးဆွဲသည့်ခံစားချက် - ယခင်က ကျွန်မတို့မိသားစုနေထိုင်ခဲ့သော တောရွာနှင့်နေအိမ်တို့ကို လွမ်းရသောကြောင့် ဤပုံကို ရေးဆွဲထားခြင်းဖြစ်ပါသည်။
ရေးဆွဲသူ - စိုင်းကျော်မြင့်
အသက် - ၁၃ နှစ်
အတန်း - ဒုတိယတန်း
ပန်းချီကားအမည် - ကျွန်ုပ်အိမ်
ရေးဆွဲရသည့်ခံစားချက် - ဒီလိုအိမ်မျိုးရှိစေရန် ကျွန်ုပ်၏မိဘကို အတူတူနေ ပျော်ပျော်စားစား ချမ်းသာစေချင် ရေးဆွဲသောပုံ။
………………………………………………………………………………………။
ကရင်နီဒုက္ခသည် စခန်း က ကလေးတွေရေးဆွဲထားတဲ့ပုံတွေပါ။
ရေးဆွဲသူ - နားရယ်
အသက် - ၁၅ နှစ်
အတန်း - ဆဋ္ဌမတန်း
ပန်းချီကားအမည် - world teachers' day
ရေးဆွဲရသည့်ခံစားချက် - ဆရာ/မ များကို အလိုအပ်ဆုံးဖြစ်သည်။
ရေးဆွဲသူ - ဘွေးနေ
အသက် - ၁၂ နှစ်
အတန်း - အဋ္ဌမတန်း
ပန်းချီကားအမည် - ကမ္ဘာ့ကျောင်းဆရာ/မ များ ဂုဏ်ပြုတဲ့နေ့။
ရေးဆွဲရသည့်ခံစားချက် - အကြောင်းမှာ ဆရာ ဆရာမတို့သည် သူ့ပညာရှိအတိုင်း သူမယူထားဘဲ သူဘယ်လို ထင်လဲ ဆိုသော တစ်နေ့မှာ ကျောင်းသူကျောင်းသားတို့ အနေနဲ့ ကြီးထွားတိုးတက်မှု ရှိအောင် သူသင်ပေးတာပါ။ နောက် ကျောင်း သူ ကျောင်းသားတို့ဟာ ဆရာ/မ ကျေးဇူးကို သိပြီး ဆရာ/မ ကို အထူးယူ ဂုဏ်ပြုစေချင်တဲ့ နေ့တစ်နေ့ဖြစ်ပါသည်။ ဂုဏ်ပြုပြီးတဲ့နောက်မှာ ကျောင်းသားခေါင်းဆောင်က တက်ရောက် အမှာ ကျေးဇူးစကားပြောကြားခဲ့တယ်။
ရေးဆွဲသူ - ဖရေမယ်
အသက် - ၁၃ နှစ်
အတန်း - အဋ္ဌမတန်း
ပန်းချီကားအမည် - world teachers' day
ရေးဆွဲရသည့်ခံစားချက် - ကျမသည် ဒီပန်းချီကားရဲ့ ခံစားချက်မှာ ဆရာ/မ များသည် ကျောင်းသား အတွက် အနစ်နာစေပြီးသော ဆရာ/မဖြစ်သောကြောင့် ကျမဒီပန်းချီကို ရေးဆွဲရခြင်းဖြစ်သည်။ ( သူရေးချင်တာ အနစ်နာခံပြီး ဖြစ်ပါလိမ့်မယ်)။
ရေးဆွဲသူ - ယောဟန်
အသက် - ၁၅ နှစ်
အတန်း - သတ္တမတန်း
ပန်းချီကားအမည် - world teachers' day
ရေးဆွဲရသည့်ခံစားချက် -
ဆရာ/မ ကိုတကယ် လိုအပ်သည့်အရာဖြစ်သည်။
ရေးဆွဲသူ - ဒွေးထွေးမူး
အသက် - ၁၄ နှစ်
အတန်း - အဋ္ဌမတန်း
………………………………………………………………………………………။
ထပ်ပြီးတင်ပြမဲ့ပုံလေးတွေကတော့ မဲဆောက်ဒေသမှာရှိတဲ့ ရွေ့ပြောင်းမြန်မာ ကလေးများဆွဲထားတဲ့ ပုံလေးတွေပါပဲ။ အငယ်တန်းမှာ အကောင်းဆုံးလက်ရာရှင်ဆုရတဲ့ပုံလေးတွေကို အရင်ကြည့်ပါဦး။
ဒါက ပါရမီကျောင်း က ကလေး ဆွဲထားတဲ့ပုံပါ။ ပန်းချီကားအမည်က `ပါရမီကျောင်း´တဲ့။ ရေးဆွဲရသည့် ခံစားချက် ကလည်း ရိုးရိုးပါပဲ။`ပါရမီကျောင်းပုံကို ရေးဆွဲထားပါသည်´ တဲ့။ ဒါပေမဲ့ သူရေးဆွဲထားတဲ့ ရှုထောင့်က အမြင်ဆန်းသစ် သလို လက်ရာကလည်း ကောင်းတဲ့အတွက် အကောင်းဆုံး လက်ရာရှင်ဆု ရွေးပေးလိုက်တာပါ။ ရေးဆွဲသူကတော့ အောင်မင်းဦး အသက်(၁၀)နှစ်၊ တတိယတန်းပါ။
နောက်တပုံက ကျောင်းဥယျာဉ်လေးတဲ့။ အကောင်းဆုံးလက်ရာရှင်ဆုပါပဲ။
ရေးဆွဲသူက ရန်ပိုင်သက်။ အသက်က (၁၀) နှစ်။ အတန်းက စတုတ္ထတန်း။ ကျောင်းက SAW School ပါ။ ရေးဆွဲရတဲ့ ခံစားချက်ကတော့ `ကျွန်တော်တို့ ကျောင်းတွင် သစ်ပင် နည်းနည်းရှိပါသည်။ သန့်ရှင်းရေးလုပ်ပြီး သစ်ပင်နည်းနည်း ရှိသော်လည်း ကျွန်တော်က ဥယျာဉ်လို လှတယ်ထင်ပါတယ်။´
စိတ်ဝင်စားစရာ ကောင်းတာက သူပုံထဲက ကျောင်းရှေ့ အလံတိုင်က အလံပုံလေးပဲဖြစ်ပါတယ်။ သူဆွဲတာ မြန်မာနိုင်ငံတော် အလံပုံဖြစ်ပါတယ်။ ဒီက ကလေးအများစုကတော့ ကျောင်းရှေ့အလံတိုင်မှာ ထိုင်းနိုင်ငံတော်အလံကိုပဲဆွဲတာများပါတယ်။
နှစ်သက်ဖွယ်လက်ရာရှင် ဆုရတဲ့ပုံလေးတွေကို ကြည့်ကြစို့…
ရေးဆွဲသူ - အိနြေ္ဒလှိုင်
အသက် - ၁၀ နှစ်
အတန်း - ပဉ္စမတန်း
ကျောင်း - C.D.C ကျောင်း
ပန်းချီကားအမည် - သဘာဝ အလှ
ရေးဆွဲရသည့်ခံစားချက် - ဤပုံထဲတွင် ရေးဆွဲထားသော အိမ်များနှင့် မြစ်၊ ချောင်းများတွင် အေးချမ်းခြင်း သာယာခြင်း ဖြစ်သည်။ ပန်းချီဆွဲရသည်မှာ ပျော်ရွှင်ပါသည်။ ကျွန်မသည် တကယ်သွားရသလို ခံစားရပါသည်။ ထို့ကြောင့် ဤ ပန်းချီ ကားကို ရေးဆွဲခြင်း ဖြစ်ပါသည်။ ၎င်း ရုပ်ပုံကားချပ်သည် ရွာလေးတစ်ရွာ၏ ရုပ်ပုံကားချပ်ဖြစ်ပါသည်။ ထိုနေရာသည် သာယာလှပ စိမ်းလန်းစိုပြေနေပါသည်။ ကျွန်မသည် ပန်းချီဝါသနာကို နှစ်သက်ပါသည်။ နောက်တခါဆိုရင် ပထမ၊ ဒုတိယ၊ မဟုတ် တတိယ တစ်ခုခု ရအောင်ကြိုးစားပါမည်။ ( ပန်းချီပြိုင်ပွဲမူအရ ပထမ၊ ဒုတိယ၊ တတိယ မခွဲပါဘူး။ အကောင်းဆုံး လက်ရာရှင်ဆုနဲ့ နှစ်သက်ဖွယ် လက်ရာရှင်ဆု ဆိုပြီးတော့ပဲ ခွဲခြားထားပါတယ်။ သူကြိုးစားမျှော်လင့်တဲ့ အတိုင်း ဆုရခဲ့ ပါတယ်။)
ရေးဆွဲသူ - မချောစုလှိုင်
အသက် - ၁၀ နှစ်
အတန်း - ပဉ္စမတန်း
ကျောင်း - SAW School
ပန်းချီကားအမည် - ကျောင်းတွင်းသန့်ရှင်းရေး
ရေးဆွဲရသည့် ခံစားချက် - ဆရာမ များနှင့် ကျွန်မတို့ သန့်ရှင်းရေးလုပ်ကြသော သာယာလှပသောနေ့ ဖြစ်ပါသည်။
ရေးဆွဲသူ - မောင်ကိုရှိုင်း
အသက် - ၉ နှစ်
အတန်း - ဒုတိယတန်း
ကျောင်း - ဆာမူထော်ကျောင်း
ပန်းချီကားအမည် - ကျောင်းပုံ
ရေးဆွဲရသည့်ခံစားချက် - ကျွန်တော်တို့ကျောင်းသည် အမြဲသန့်ရှင်းနေပါသည်။ ကျောင်းသူ ကျောင်းသား များသည် အမြဲသန့်ရှင်းနေပါသည်။
(သူလည်းကျောင်းရှေ့အလံတိုင်မှာ မြန်မာနိုင်ငံတော်အလံကို ကြိုးစား လွှင့်တင်ထားပါတယ်။)
အကြီးတန်းမှာအကောင်းဆုံးလက်ရာရှင်ဆု တစ်ပုံပါ။
ရေးဆွဲသူက အောင်မျိုးကျော်၊ အသက်က (၁၄)နှစ်၊ အတန်းက ဆဋ္ဌမတန်း၊ ကျောင်းက C.D.C ကျောင်း ကပါ။ ပန်းချီကားအမည်က `တောဓလေ့ရဲ့အလှ´။ရေးဆွဲရတဲ့ခံစားချက်က `တောဓလေ့၏အလှကို မြင်တတ် တန်ဖိုးထား တတ်စေရန်´ တဲ့။
နှစ်သက်ဖွယ်လက်ရာရှင်ဆုရတဲ့ပုံလေးတွေပါ။
ဒီပုံလေးက မဲဆောက် C.D.C ကျောင်း က စတုတ္ထတန်းကျောင်းသားလေး စောအဲသာမူး ရေးဆွဲတဲ့ပုံပါ။ အသက်က (၁၂)နှစ်ပါ။ ပန်းချီကားရဲ့နာမည်ကတော့ `ကရင်ပြည်နယ် မြို့တော်အလှ´ဖြစ်ပြီး သူရေးဆွဲရတဲ့ ခံစားချက်ကို ဒီလို ဖော်ပြထားပါတယ်။`ကရင်ပြည်နယ်သည် ကျွန်တော်ရဲ့လူမျိုးနှင့် တိုင်းပြည်ဖြစ်သည်။ ကရင်ပြည်နယ်တွင် ကျွန်တော်ရဲ့ မိသားစုများ နေထိုင်ကြသည်။ အဲ့ခါမှ ကျွန်တော်ကရင်ပြည်ပုံကို ဆွဲပါ သည်။´
ဒီပုံလေးမှာတော့ ရေးဆွဲသူရဲ့ စိတ်ကူးက တမျိုးလေးပါ။`ကျောင်းပိတ်ရက်တွင် ကျောင်းရှေ့မှ ဖြတ်သွားပုံ ဖြစ်ပါသည်´တဲ့။ ပန်းချီကားအမည်လေးကလည်း `ကျောင်းပိတ်ချိန်´ပါတဲ့။ ရေးဆွဲသူကတော့ ထင်ပေါ်သိန်း၊ အသက်(၁၁)နှစ်၊ တတိယ တန်း ကျောင်းသားပါ။ သူက ပါရမီကျောင်း ကပါ။
ဒီပန်းချီကားလေးကတော့ သူ့ရဲ့ ထူးခြားတဲ့ ရေးဆွဲဟန်နဲ့ အရောင်သုံးပုံတွေကြောင့် နှစ်သက်ဖွယ်လက်ရာ ရှင်ဆု ရွေးချယ်လိုက်တဲ့ ပုံလေးပါ။ စာသင်ခန်းနံရံမှာ ချိတ်ဆွဲထားတဲ့ ထိုင်းဘုရင်မင်းမြတ် ရဲ့ ပုံကိုလည်း ကြိုးစား ရေးဆွဲ ထားပါသေးတယ်။ ရေးဆွဲသူက- မောင်စိုးသူ၊ အသက်(၁၂)နှစ်၊ ဆဋ္ဌမတန်း၊ SAW School ကဖြစ်ပါတယ်။ပုံအမည်က `သန့်ရှင်းသောပတ်ဝန်းကျင်တွင် စာသင်ရခြင်း´ပါ။ ရေးဆွဲရတဲ့ခံစားချက်ကတော့ `သန့်ရှင်းသော ပတ်ဝန်းကျင်တွင် စာသင်ရပါက ကျွန်တော်တို့ စာမြန်မြန်တတ်နိုင်သည်ဟုထင်ပါသည်။ ကျန်းမာရေးကောင်းပါက စာတတ်မြန်သည်ဟု ဆရာကပြောခဲ့ပါသည်´တဲ့။
အောက်ကပုံလေးတွေက ဆုမချိတ်ခဲ့ပေမဲ့ သဘောကျစရာပုံလေးတွေပါ။
ရေးဆွဲသူ - သက်ပြည့်အောင် အသက်- ၁၃ နှစ်၊ အတန်း - ပဉ္စမတန်း၊ ဆာမူထော် ကျောင်းကပါ။ သူ့ပုံလေးကိုအမည်ပေးထားတာက `ဆရာစာသင်နေပုံ´တဲ့။ ခံစားချက်က`ကျောင်းတွင် ဆရာ၊ ဆရာမ စာသင်နေပုံကို ရေးဆွဲထားပါသည်´တဲ့။ ပလပ်စတစ်ကုလားထိုင်အနီလေးနဲ့ ကျောက်သင်ပုန်းနောက်က သစ်ပင်လေးတွေကလည်း ပန်းချီကားလေးကို ချစ်စရာကောင်းအောင် အားဖြည့်ပေးထားပါတယ်။
သွေးသစ်ကျောင်း New Blood School က ကျောင်းသားလေးဆွဲထားတဲ့ပုံပါ။ ပန်းချီကားအမည်က `စာသင်ကျောင်းသို့ သွားသည်´တဲ့။ သူ့ခံစားချက်ကို သေသေချာချာရေးပြထားပါတယ်။ `ဤပန်းချီကားချပ်ပုံထဲတွင် ကျောင်းသားညီအစ်ကို နှစ်ယောက်သည် နံနက်ပိုင်းတွင် စာသင်ကျောင်းသို့ စောစီးစွာ ကျောင်းသွားကြ၍ ကျောင်း သန့်ရှင်းရေးနှင့် မိမိတာဝန်ကို ကျေပွန်လုပ်ဆောင်ကြရန်အတွက် ကျောင်းသို့ စောစီးစွာ သွားရောက်ခြင်း ဖြစ်ပါသည်။ နံနက်ချိန်ခါတွင် ကျောင်း၏ ရှုခင်း လှပမှုနှင့် လေကောင်း လေသန့်ရရှိပြီး စာသင်ကျောင်း၏ အင်္ဂါရပ်များနှင့် အညီ ကျောင်း၏ လှပမှုမှာလည်း ထည်ထည်ဝါ၀ါ ရှိနေခြင်း ပင်ဖြစ်ပါသည်´။ ရေးဆွဲတဲ့သူက မောင်သာထူး အသက်(၁၅)နှစ်။ အဋ္ဌမတန်းကပါ။
ဒီပုံအမည်လေးကတော့ `ကူညီရိုင်းပင်း သူငယ်ချင်းများ´တဲ့။ သူ့ခံစားချက်က `ကျောင်းတွင် ကျွန်တော်တို့ သူငယ်ချင်း တတွေ တစ်ယောက်ကို တစ်ယောက် ခင်မင်စွာ ကူညီပြီး အတူတူ ပညာသင်ကြပါသည်´။ ရေးဆွဲသူက မောင်ဝင်းနိုင်ထွန်း အသက်(၁၃)နှစ် စတုတ္ထတန်း SAW School ကပါ။
မောင်ဇေယျာဖြိုး ဆွဲတဲ့ပုံလေးပါ။ သူက အသက်(၁၅)နှစ်၊ အဋ္ဌမတန်း၊ သွေးသစ်ကျောင်း (New Blood School) ကပါ။ သူပုံလေးက ချစ်စရာကောင်းသလို သူ့စိတ်ကူးလေးကလည်း နှစ်သက်စရာပါ။ ` လူသားများသည် တစ်နေ့တာ တစ်နေ့ အလုပ်များကို လုပ်နေကြရသည်။ ထိုသို့ အလုပ်များကို လုပ်နေရ၍ စိတ်ဖိစီးမှုများကို ပြေပျောက်စေလိုရန် နေ၀င်ချိန် ညနေ စောင်းမှာ တိုက်ခတ်လာတဲ့ လေပြေလေညှင်းတွေကို ခံစားပြီး ရှုပ်ထွေးနေသည့် ဦးနှောက်(သို့) စိတ်များကို ဖြေဖျောက် တတ်ပါသည်။ ထို့ကြောင့် နေ၀င်ချိန်ဆည်းဆာမှာ အပန်းဖြေနိုင်အောင် စိတ်ကူးဖြင့် ရေးသားဖော်ပြထားပါသည်။ ဤပုံကို ကြည့်ခြင်းအားဖြင့် မြင်ရသူတိုင်းစိတ်ထဲမှာရှိတဲ့ အရာတွေဟာ အေးမြ ကြည်လင်နိုင်ပါသည်´။ ပန်းချီကား အမည်လေး ကတော့ `နေ၀င်ချိန်ကို စိတ်ကူးဖြင့်ရေးဆွဲဖော်ပြပုံ´တဲ့။
ကလေးတွေရေးဆွဲထားတဲ့ ပန်းချီကားလေးတွေ အများစုဟာ သဘာဝရှုခင်းပုံလေးတွေ ပဲဖြစ်ပါတယ်။ သူတို့ရဲ့ ဘ၀ နောက်ခံ ကားချပ်တွေက ဘယ်လိုပဲရှိနေပါစေ သူတို့စိတ်ကြိုက်ပုံလေးတွေကို ဆွဲနေရတဲ့ အခိုက်အတန့်မှာတော့ သူတို့ရဲ့ စိတ်ကလေးတွေ ကြည်လင်နေမယ်လို့ ထင်ပါတယ်။ မြန်မာပြည်ထဲက နာဂစ် မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ကလေး တွေကိုရော ခုလို ပန်းချီကားလေးတွေ ရေးဆွဲခိုင်းရင် ဘယ်လို ပုံလေး တွေ ဆွဲကြမှာလဲလို့ စဉ်းစားနေမိပါတယ်။
Wednesday, November 19, 2008
ခံစားမိသော ကလေးပန်းချီလက်ရာများ
Posted by kay at 9:12 PM
Subscribe to:
Post Comments (Atom)
2 comments:
ပန်းချီကားတွေ ကြည့်ပြီး ခံစားလိုက်ရတာ...
သူတို့ကလေး အားလုံးရဲ့ ရင်ထဲကို မြင်နေရသလိုပဲနော်..
ခုလို ဝေမျှပေးတဲ့ လေးငယ်ကို ကျေးဇူးတင်ပါတယ်။
ချစ်ခင်စွာဖြင့်
ပန်ချီကားလေးတွေကြည့်ပီး ခံစားရတယ်။ :)
Post a Comment