ဟိုတလောက “ဥာဏ်ရည်ဥာဏ်သွေးများအား ထုတ်ဖော်သင်ကြားမှုအနုပညာ” ဆောင်းပါးထဲမှာ ဟားဗတ်တက္ကသိုလ်က ဒေါက်တာ ဟိုဝါ့ဒ်ဂတ်တနာနဲ့ သူ့ ရဲ့ သုတေသနအဖွဲ့ဝင်တွေ ခွဲခြားပြဆိုထားတဲ့ ဥာဏ်ရည်အမျိုးအစား (၈)မျိုးအကြောင်းကို ကျွန်မ ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီဥာဏ်ရည် အမျိုးအစား (၈)မျိုးပေါ် အခြေခံပြီး သင်ခန်းစာများရေးဆွဲခြင်း မဟာဗျူဟာ နှစ်မျိုးရှိပါတယ်။ ပထမတခုကတော့ 8 in 1 ဆိုပြီး အားလုံးပေါ် အာရုံထား ရေးဆွဲခြင်းဖြစ်ပြီး၊ နောက်တခုကတော့ intelligence တခုချင်းအပေါ်မှာ အာရုံထား ရေးဆွဲခြင်း ဖြစ်ပါတယ်။ ပထမဆုံးတစ်ခုကို ကျွန်မတို့ လေ့လာကြည့်ရအောင်ပါ။
၁) ဥာဏ်ရည်ဥာဏ်သွေးဆိုင်ရာ ကိရိယာတန်ဆာပလာ သေတ္တာလေးတခု
ဥာဏ်ရည်တခုချင်းစီအလိုက် ထူးခြားသော စွမ်းအင်များ ရှိတတ်ပါတယ်။ ဂါတ်နာဆိုသူ ပညာရေးသုတေသန ပညာရှင်တဦးကတော့ ဒီစွမ်းအားတွေကို ဥာဏ်ရည်ဥာဏ်သွေးတွေရဲ့ ပင်မလုပ်ငန်းစဉ်များလို့ ခေါ်ဝေါ်ခဲ့ပါတယ်။ ဥာဏ်ရည်ဥာဏ်သွေးတခုချင်းဆီမှာ သက်ဆိုင်ရာ ဇီဝဖြစ်စဉ်နဲ့ အာရုံခံစားမှုဆိုင်ရာ စွမ်းအင်တွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒေးဗစ်လေဇီယာက သင်ခန်းစာတွေမရေးဆွဲခင်မှာ ပထမဆုံးလေ့လာသင့်တဲ့ ဥာဏ်ရည်ဥာဏ်သွေးဆိုင်ရာ ကိရိယာတန်ဆာပလာ သေတ္တာလေးတစ်ခုကို တီထွင်ခဲ့ပါတယ်။ သူ့သေတ္တာလေးထဲမှာ ပါဝင်တာတွေကတော့
(၁.၁) Logical/ Mathematical
သင်္ကေတများ၊ ဖော်မြူလာများ၊ တွက်ချက်မှုများ၊ ဆက်စပ်တွေးတောမှုများ၊ ဂရပ်ဖစ်ပုံများဖြင့် ဖွဲ့စည်းတည်ဆောက်မှုများ၊ လျှို့ဝှက်စာဖော်ထုတ်ခြင်း၊ ပြဿနာဖြေရှင်းခြင်း၊ ယုတ္တိဗေဒဆိုင်ရာ ကစားပွဲများ၊ နံပါတ်စဉ်များ၊ လိုရင်းအချုပ် ဖော်ပြခြင်းများ ဆိုင်ရာ သင်ခန်းစာများ ပါဝင်ပါတယ်။
(၁.၂) Verbal/ Linguistic
Creative Writing၊ သဒ္ဒါနည်းကျ ပြောဆိုခြင်း၊ ရယ်ရွှင်ဖွယ်ဟာသများ ပြောဆိုခြင်း၊ ဒိုင်ယာရီထားရှိသုံးစွဲခြင်း၊ စာပေဖတ်ရှူလေ့လာခြင်း၊ ကဗျာစာပေဖတ်ရှုခြင်း၊ ပုံပြင်များဖန်တီးပြောဆိုခြင်း၊ ကျပန်းစကားပြောခြင်း၊ စကားစစ်ထိုးပွဲကျင်းပခြင်း ဆိုင်ရာ သင်ခန်းစာများပါဝင်ပါတယ်။
(၁.၃) Visual/ Spatial
ပုံဆွဲခြင်း၊ စိတ်ကူးယဉ်ပုံဖော်ခြင်း၊ အရောင်နှင့် စာလုံးပုံစံများရွေးချယ်ခြင်း၊ ပန်းချီဆွဲခြင်း၊ ဒီဇိုင်းဆွဲခြင်း၊ ပန်းပုထုခြင်း၊ မျက်နှာပြင်တခုပေါ်တွင် စက္ကူ၊ အ၀တ်စ၊ ဓာတ်ပုံစသည်များ ဖြတ်ညှပ်ကပ်လုပ်ခြင်း (collage) သင်ခန်းစာများ ပါဝင်ပါတယ်။
(၁.၄) Musical/Rhythmic
သဘာဝအသံများ၊ တူရိယာသံများ၊ သီချင်းရေးခြင်း၊ သီချင်းဆိုခြင်း၊ ဂီတသရုပ်ဖော်ခြင်း ဆိုင်ရာ သင်ခန်းစာများပါဝင်ပါတယ်။
(၁.၅) Interpersonal
jigsaw ကစားခြင်း၊ အုပ်စုဖွဲ့ဆောင်ရွက်ခြင်း၊ တဦးနှင့်တဦး မိတ်ဖွဲ့စကားပြောစေခြင်း၊ အခြားသူများ၏ ခံစားမှုများကိုနားလည်တတ်စေခြင်း၊ စုပေါင်းလေ့လာသင်ယူခြင်းဆိုင်ရာ သင်ခန်းစာများပါဝင်ပါတယ်။
(၁.၆) Naturalist
အပင်နှင့် သတ္တ၀ါများအား ဂရုစိုက်လေ့လာခြင်း၊ သဘာဝပတ်ဝန်းကျင်အား စူးစမ်းခြင်း၊ မျိုးစိတ်များအားလေ့လာခြင်း၊ ပတ်ဝန်းကျင်လေ့လာရေး ခရီးထွက်ခြင်းဆိုင်ရာ သင်ခန်းစာများပါဝင်ပါတယ်။
(၁.၇) Bodily/Kinesthetic
ကိုယ်ဟန်အမူအရာ၊ ရိုးရာယဉ်ကျေးမှုအက၊ကာယပညာ၊ ကိုယ်လုံပညာ၊ အားကစားပြုလုပ်ခြင်း (ဘောလုံးကန်၊ ရေကူး၊ ကြက်တောင်ရိုက်ခြင်း) ဆိုင်ရာ သင်ခန်းစာများ ပါဝင်ပါတယ်၊
(၁.၈) Intrapersonal
အာရုံစူးစိုက်ခြင်း၊ စနစ်တကျ တွေးခေါ်မြော်မြင်တတ်ခြင်း၊ မိမိကိုယ်မိမိ ယုံကြည်မှုမြဲမြံစေခြင်း၊ တဦးချင်းစီအလိုက် ပရောဂျက်များ ဖန်တီးခြင်း ဆိုင်ရာ သင်ခန်းစာများ ပါဝင်ပါတယ်။ ဒီသေတ္တာငယ်လေးကို သေချာလေ့လာပြီးမှ သင်ခန်းစာများ ရေးဆွဲဖန်တီးသင့်တယ်လို့ ပညာရှင်များက အဆိုပြုခဲ့ကြပါတယ်။
(၂) 8 in 1 သင်ခန်းစာ ရေးဆွဲပုံအဆင့်ဆင့်
သင်ခန်းစာများရေးဆွဲရာမှာ လိုက်နာရမယ့် အဆင့်များကတော့
(၂.၁) အကြောင်းအရာ၊ အချက်အလက်များအား အာရုံပြုခြင်း
သင်ခန်းစာမှာ ပါဝင်သင့်တဲ့ အကြောင်းအရာနဲ့ဆက်စပ်တဲ့ အချက်အလက်များကိုပဲ အာရုံထားရပါမယ်။ သင်ခန်းစာရေးဆွဲခြင်းဖြစ်ပြီး၊ သင်ရိုးညွှန်းတန်းတခုလုံးမဟုတ်ကြောင်း သတိပြုရပါမယ်။
(၂.၂) သင်ခန်းစာ၏ ရည်ရွယ်ချက်များ၊ အကျိုးရလာဒ်များအားဖော်ထုတ်ခြင်း
သင်ခန်းစာရဲ့ရည်ရွယ်ချက်နဲ့ အကျိုးကျေးဇူးများကို ဖော်ထုတ်ရေးသားရပါမယ်။ ဒီသင်ခန်းစာပြီးသွားတဲ့အခါ ကျောင်းသားတွေကို ဘာတွေသိစေချင်တာလဲ၊ ဘာတွေကို နားလည်စေချင်တာလဲ ဆိုတာ စဉ်းစားဆုံးဖြတ်ရပါမယ်။
(၂.၃) ဥာဏ်ရည်ဥာဏ်သွေးများဆိုင်ရာ ကိရိယာသေတ္တာငယ်အား အသုံးပြုခြင်း
သေတ္တာငယ်ထဲက အသုံးဝင်မယ့် ကိရိယာတန်ဆာပလာသင်ခန်းစာတွေကို ဥာဏ်ရည်တခုချင်းစီအလိုက် ရွေးထုတ်ရပါမယ်။ ရွေးချယ်နေစဉ်မှာ ကိုယ်ရေးဆွဲမယ့် သင်ခန်းစာရဲ့ ရည်ရွယ်ချက်တွေကို စိတ်ထဲမှာ ရှိနေပြီးမှ ရွေးချယ်ပါ၊ မဟုတ်ရင် အချက်အလက်တွေ ရှုပ်ထွေးကုန်တတ်ပါတယ်။
(၂.၄) ရွေးချယ်လိုက်သည့် အရာများအား မည်သို့သုံးစွဲမည်ကို အနက်ဖွင့်ခြင်း
ဥာဏ်ရည်တခုချင်းအလိုက် ရွေးချယ်ထားတဲ့ ကိရိယာတခုချင်းကို ဘေးမှာ ကွက်လပ်တွေချန်ပြီး ရေးချရပါမယ်၊ ပြီးတော့မှ အဲဒီကွက်လပ်တွေမှာ ကျောင်းသားတွေ ဘယ်လောက်ထိ ပါဝင်သင်ယူမှုရှိနိုင်တယ်၊ ဘယ်လိုသင်ထောက်ကူတွေ သုံးရမယ်၊ ကျောင်းသားတွေနားလည်အောင် ဘယ်လိုသင်မယ်၊ သူတို့နားလည်လက်ခံနိုင်စွမ်းကို ဘယ်လိုသုံးသပ်မယ် ဆိုတဲ့အချက်တွေကို အနက်ဖွင့်ရေးသားရပါမယ်။
(၂.၅) သင်ခန်းစာအချက်အလက်များအား အစီအစဉ်တကျ နေရာချခြင်း
ဒီအဆင့်ကတော့ နောက်ဆုံးအဆင့်ပါ။ သင်ခန်းစာအတွင်းမှာ ပါဝင်ရမယ့် learning activities များကို အစီအစဉ်တကျ နေရာချထားခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ သတိပြုရမှာ တခုက သဘောသဘာဝအားဖြင့်ကို 8 in 1 မဟာဗျူဟာ ဟာ student-centered ဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေအနေနဲ့ facilitator role ကနေ တာဝန်ယူရမှာပါ။ ကျောင်းသားတွေဟာ တဖြည်းဖြည်းချင်း ဥာဏ်ရည်ဥာဏ်သွေးမျိုးစုံနဲ့ အကျွမ်းဝင်လာတဲ့အခါ ကျောင်းသားတွေကို သူတို့ဘယ် ဥာဏ်ရည်ဥာဏ်သွေးအပေါ်မှာ ထပ်ပြီး စူးစိုက်လေ့လာသွားချင်သလဲဆိုတာ မေးမြန်းရပါမယ်။ အဲဒီအခါမှာ ကျောင်းသားတွေဟာ သူတို့စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို လေ့လာချင်စိတ်ပေါ်လာပါမယ်။ ဒီလိုဆိုရင် သင်ယူလေ့လာရေးရဲ့ အကြီးမားဆုံး တန်းတစ်ခုကို သူတို့ ကျော်သွားနိုင်ပါပြီ။ အဲဒါကတော့ motivation ပါပဲ။
(၃) 8 in 1 သင်ယူမှုဖြစ်စဉ်
8 in 1 ဖြစ်စဉ်ဟာ သင်ယူမှုနဲ့ သင်ယူသူတွေအပေါ်မှာ ကြီးစွာသော အကျိုးသက်ရောက်မှုရှိပါတယ်။ ခေတ်သစ် ဦးနှောက်ပိုင်းဆိုင်ရာ သုတေသနပညာရှင်တွေဖြစ်တဲ့ ဟူစတန်၊ ဂျင်ဆင်၊ဆိုင်လ်ဝက်စ်စတာနဲ့ ၀ိုလ်ဖီတို့က သင်ယူမှုနဲ့ပတ်သက်တဲ့ ကောက်ချက်တွေကို အခုလို ပေးခဲ့ကြပါတယ်။
၁။ လူတယောက်သည် တစုံတခုအား လေ့လာသင်ယူရန် နည်းလမ်းများပိုမိုရရှိလာလျှင် ထိုသူသည် အဆိုပါအကြောင်းအရာအား အမှန်တကယ် လေ့လာသည်။
၂။ ထိုနည်းတူစွာပင် လေ့လာသင်ယူရန် နည်းလမ်းများစွာ ရှိသဖြင့်၊ ထိုသူသည် အဆိုပါအကြောင်းအရာအား မှတ်မိသိရှိသွားသည်။
၃။ ထိုမျှမက လေ့လာသင်ယူရန် နည်းလမ်းများစွာရှိသဖြင့်၊ ထိုသူသည် အဆိုပါအကြောင်းအရာအား နားလည်သိမြင်သွားသည်။
စသဖြင့် မှတ်ချက်တွေပါ။
8 in 1 မဟာဗျုဟာမှာဆိုရင် နည်းလမ်းမျိုးစုံ၊ သင်ထောက်ကူမျိုးစုံ ပါဝင်တာကြောင့် ကျောင်းသားတွေ သင်ခန်းစာကို နားလည်သိမြင်ပြီး၊ ဥာဏ်ရည်ဥာဏ်သွေး ထူးခြားကောင်းမွန်လာနိုင်မယ်ဆိုတာ ထင်ရှားပါတယ်။ နောက်အားသာချက်တခုက ကျောင်းသားတွေကိုယ်တိုင် တက်တက်ကြွကြွ ပါဝင်နိုင်မှုဖြစ်ပါတယ်၊ ဆရာတွေပြောတာတွေချည်း နေ့စဉ်နဲ့အမျှ ထိုင်နားထောင်နေရင် passive recipient ပဲဖြစ်မှာပါ။ တကယ်တော့ ပညာရေးရဲ့ အဆုံးစွန် ရည်မှန်းချက်ဟာ passive recipient ဖြစ်ဖို့မဟုတ်ပါ။ Lifelong Learner တွေဖြစ်လာဖို့ပါ။ 8 in 1 မဟာဗျူဟာဟာ Lifelong Learner အများအပြားကို မွေးထုတ်နိုင်တဲ့ ဗျူဟာကောင်းတစ်ခုပဲ ဖြစ်ပါတယ်၊
နောက်ပိုင်းကျမှ နောက်ထပ် မဟာဗျူဟာတမျိုးဖြစ်တဲ့ Intelligence-Focused သင်ခန်းစာရေးဆွဲခြင်း မဟာဗျူဟာလေးအကြောင်း ထပ်မံတင်ပြပါဦးမယ်။
ခင်မမမျိုး
ကိုးကား
Lazear, D. (2003) Eight Ways of Teaching: The Artistry of Teaching with Multiple Intelligences, Fourth Edition, Pearson Education, Glenview
Gardner, H. (1983) Frames of mind: The theory of multiple intelligences, Harper & Row, New York
Houston, J. (1982) The possible human: A course in extending your physical, mental and creative abilities, J.P Tarcher, Los Angeles
Sylwester, R. (2000) A biological brain in a cultural classroom: Applying biological research to classroom management, Corwin Press, CA
Wolfe, P. (2001) Brain Matters: Translating research into classroom practice, Alexandria, VA
Monday, September 17, 2007
8 in 1 သင်ခန်းစာရေးဆွဲခြင်း မဟာဗျူဟာ |
Sunday, September 16, 2007
Free Education & Education Free |
မြန်မာပြည် ပညာရေးအခြေအနေကို ထိထိမိမိပြသထားသော ကာတွန်းလေး ။
ဒီနေရာမှ ကူးယူ တင်ပြပါသည် ။
Monday, September 10, 2007
Different Learning Styles |
လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဘာသာရပ် ၊ နည်းပညာတွေကို လေ့လာသင်ယူပုံ မတူညီကြဘူး ။ တချို့က လက်တွေ့ လုပ်မှ နားလည်သလို ၊ တချို့ကတော့ သီအိုရီတွေဖတ်ပြီး ၊ ပတ်သက်တဲ့မေးခွန်းတွေနဲ့ ပတ်သက်တဲ့အဖြေတွေကို ပြန်စဉ်းစားပြီး လေ့လာတတ်တယ် ။ လူတစ်ယောက်ဟာ ကိုယ့်ရဲ့ learning style ကို သိတဲ့အခါ ၊ ကိုယ်ပိုင် အားသာချက် အားနည်းချက် တွေကို လိုသလိုအသုံးချပြီး ၊ လေ့လာသင်ယူရာမှာ ပိုထိရောက်နိုင်တယ် ။ ထိုနည်းတူ သင်ကြားပို့ချသူကလည်း ၊ ကိုယ့်အတန်းထဲကလူတွေရဲ့ ယေဘူယျ learning style တွေကို သိထားတဲ့အခါ ၊ အဲလိုအခြေအနေကို ဖန်တီးလို့ သင်ကြားပို့ချချက်တွေကို သင်တန်းသားတွေ ခပ်မြန်မြန် နားလည်နိုင်အောင် ပြုလုပ်နိုင်တယ် ။ ဒါကြောင့် Learning Style ဆိုတာဟာ အရေးကြီးတဲ့အခန်းကဏ္ဍတခုဖြစ်တယ် ။
North Carolina State University မှ တင်ပြထားတဲ့ Index of Learning Style (ILS) ကို လေ့လာကြည့်ကြရအောင် ။The Index of Learning Styles is an on-line instrument used to assess preferences on four dimensions (active/reflective, sensing/intuitive, visual/verbal, and sequential/global) of a learning style model formulated by Richard M. Felder and Linda K. Silverman. The instrument was developed by Richard M. Felder and Barbara A. Soloman of North Carolina State University.[1]
=======================================
ဒီနေရာကို သွားပြီး ၊ ကိုယ့် learning style ဟာ ၊ အဲဒီ 4 dimensions မှာ ၊ ဘယ်လိုအပိုင်းတွေ ကျရောက်နေသလဲ သိရအောင် ၊ မေးခွန်းတွေ ဖြေနိုင်တယ် ။ မေးခွန်းတွေရဲ့ ရလဒ်ကို ခုလို ဒီနေရာမှာ အသေးစိတ် ရှင်းပြထားပါတယ် ။ အောက်မှာတော့ ကျွန်မ အကျဉ်းချုံးပြီး ဘာသာပြန်လိုက်ပါတယ် ။
(၁) Active & Reflective Learners: [2]
Active Learner တွေဟာ လေ့လာသင်ယူချက်တွေကို အမြဲမှတ်မိနားလည်နေနိုင်ဖို့ ၊ လက်တွေ့ လုပ်တာဖြစ်ဖြစ် ၊ တခြားသူတွေနဲ့ ဆွေးနွေးဖလှယ်တာဖြစ်ဖြစ် ၊ သူများကိုပြန်ရှင်းပြတာဖြစ်ဖြစ် လုပ်လေ့ရှိတယ် ။
Reflective Learner တွေကတော့ ပထမဆုံး ကိုယ့်ဘာသာတွေးတောစဉ်းစားတတ်တယ် ။
Active Learner တွေက အဖွဲ့ လိုက်လေ့လာရတာ အားသန်ပြီး ၊ Reflective Learner တွေကတော့ တစ်ဦးစီ လုပ်ရတာ ပိုနှစ်သက်တယ် ။
သူတို့ပြောလေ့ရှိတဲ့စကားများ ..
“ဘယ်လိုဖြစ်လာမလဲ လုပ်ကြည့်လိုက်ရအောင်” (Active Learners)
“အရင်စဉ်းစားကြည့်ရအောင်” (Reflective Learners)
ဒီ Dimension မှာ ၊ လူတွေဟာ တဘက်ကို နည်းနည်းပိုအားသန်တတ်ကြပေမယ့် ၊ ညီမျှမှုတခုနားမှာပဲ ရှိသင့်တယ် ။ သိပ်အစွန်းမရောက်သင့်ဘူး ။ ရောက်လွန်းရင် ဘာမှမတွေးတောပဲ လက်တွေ့ အရမ်းလုပ်မိ ၊ အမှားတွေပေါ်လာနိုင်သလို ၊ တွေးတောလွန်းနေတာပဲဆိုရင်လည်း လက်တွေ့ ဘာမှမဖြစ်လာနိုင်ဘူး ။
(၂) Sensing & Intuitive Learners: [2]
Sensing Learner တွေဟာ ရှိဖူးပြီးသား ပုစ္ဆာမျိုးတွေကို သင်ထားဖူးတဲ့ အချက်အလက်တွေနဲ့ စနစ်တကျဖြေဆိုချင်ကြတယ် ။ သင်ပြမထားသေးတာတွေကို ဖြေဆိုဖို့ ၀န်လေးတယ် ။ သူတို့တွေဟာ အသေးစိတ်လေ့လာတတ်ကြပြီး ၊ မှတ်သားရတဲ့အလေ့အထ အားသန်တတ်တယ် ။ လက်တွေ့ ကို ပိုဦးစားပေးကြတယ် ။
Intuitive Learner တွေကတော့ အထပ်ထပ်လုပ်နေရတာ မနှစ်သက်တတ်ကြဘူး ။ အသစ်ကိုရှာဖွေ လေ့လာ တီထွင်ချင်တတ်ကြတယ် ။ အချက်အလက်တွေ မှတ်သားထားရခြင်း ၊ အဆင့်လိုက်တွက်ချက်နည်းတွေကို မကြိုက်ကြဘူး ။
ဖြစ်သင့်တာကတော့ .. တချို့တချိန်တွေမှာ ပုံသေနည်းတွေပဲမလိုက်ဘဲ ၊ တီထွင်ကြံစထိုးဖောက်တတ်ရမယ် ။ တချို့အချိန်တွေမှာလည်း မှန်ကန်တယ်လို့ သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ သေချာတွက်ချက်တတ်ရမယ် ။
(၃) Visual & Verbal Learners: [2]
ဒါကတော့ သိပ်အထူးရှင်းပြစရာလိုမယ်မထင်ပါဘူး ။ Visual Learner တွေက ပုံတွေ ၊ ဂရပ်ဖ်တွေ ၊ chart တွေ ၊ demostration ၊ ဗွီဒီယို စသည်တို့ကြည့်ပြီး ၊ သင်ကြားရတာကို အားသန်တယ် ။ Verbal Learner တွေကတော့ စကားနဲ့ ရှင်းပြ ၊ ရေးပြတာကို ပိုနားလည်တတ်ကြတယ် ။
ကျွန်မထင်ပါတယ်... လူတိုင်းက ဒီ dimension မှာတော့ မျှတမှုရှိကြမှာပါ ။ စကားတွေပဲ နားထောင်နေရရင် ၊ ငြီးငွေ့ လာသလို ၊ ပုံတွေချည်းပဲ မြင်နေရရင်လည်း ၊ စိတ်အာရုံလွင့်တတ်တယ် ။ ဒီတော့ ၂ ပိုင်းလုံး ကျွန်မတို့တွက် လိုအပ်တယ်လို့ မြင်ပါတယ် ။
(၄) Sequential & Global Learners: [2]
ဒီဟာကို ဘာသာပြန်ရတာ နည်းနည်းတော့ ခက်တယ် ။ ကျွန်မတတ်နိုင်သလောက် ရှင်းပြရရင်... Sequential Learner တွေဟာ သင်ခန်းစာတခုချင်းစီ ဆက်စပ်ပြီးမှ ၊ သင်ခန်းစာကို နားလည်တတ်လေ့ ရှိတယ် ။ Global Learner တွေကတော့ အကြောင်းအရာအများကြီးကို ချပြထားတဲ့အထဲ ၊ အားလုံးကို လုံးစေ့ပတ်စေ့နားမလည်ရင်တောင် ၊ ချုံကြည့်ပြီး ဟိုနည်းနည်း ဒီနည်းနည်းနဲ့ အမြန်ဆုံးအချိန်မှာ လိုအပ်တာတွေဆွဲထုတ်ပြီး ၊ ပုစ္တာတွေကို ဖြေကြားလေ့ ၊ သိချင်တာကို လေ့လာလေ့ရှိတယ် ။
============================================
အပေါ်မှာပြထားတာကတော့ ILS မေးခွန်းတွေကို ဖြေဆိုထားတဲ့ ကျွန်မရဲ့ learning preferences ကို ကိုယ်စားပြုတဲ့ရလဒ်ပါ ။ ကျွန်မရဲ့ ရလဒ်က ဘာကိုညွှန်ပြထားလဲဆိုတော့ ... dimension ၃ခုမှာ ကျွန်မဟာ စကေး ၁-၃ ညီမျှစွာနေတဲ့ထဲ ပါပါတယ် ။ ကျွန်မရဲ့အဓိက အားသန်တဲ့ဘက်ကတော့ Active Learner အနေနဲ့ပါ ။
ဒီရလဒ်က ကျွန်မအတွက်တော့ မှန်သင့်သလောက်မှန်တယ်ဆိုရမယ် ။
ကျွန်မက လက်တွေ့ လုပ်ရတာ ၊ အဖွဲ့ လိုက် အိုင်ဒီယာတွေ ဆွေးနွေးရတာ ၊ သူများကို ပြန်ရှင်းပြပြီး သူမေးတဲ့မေးခွန်းပေါ်အခြေခံလို့ အဖြေထပ်ထုတ်ရတာ အားသန်တယ်.. ဒါပေမယ့် တခါတလေတော့လည်း ကိုယ့်ဘာသာ သီးသန့်လေး စဉ်းစားခန်းဝင်တတ်တယ် ။ အထူးသဖြင့် ဒဿနနဲ့ဆိုင်တဲ့နေရာမျိုး ။
ဗမာပြည်တုန်းက ကျက်တတ်တဲ့အကျင့်ရခဲ့တဲ့ကျွန်မဟာ စာကျက်ပြီးဖြေရတာ ၊ ကျက်ထားတာကို စနစ်တကျပြန်အသုံးချရတာကို နှစ်သက်တယ် ။ ဒါပေမယ့် ဒစ်ဂျစ်တယ်လ်ခေတ်မှာ တီထွင်မှုဆိုတာ အမြဲကပ်ပါနေရတာကြောင့် ၊ နောက်.. အရာရာဟာ စနစ်တကျချမှတ်ထားတဲ့ နည်းလမ်းတွေနဲ့ပဲ ဖြေရှင်းလို့မရတာကြောင့် ၊ innovation ဆိုတာကိုလည်း တတ်မြောက်လာတယ် ။
အဆင့်လိုက်သင်ယူရတာ နှစ်သက်ပေမယ့်လည်း ၊ လေ့လာသင်ကြားစရာတွေ များပြားလွန်းတဲ့ ဒီလောကမှာ ဟိုခုန် ဒီခုန်နဲ့ ယောင်ခြောက်ဆယ်ကျွန်မ global learner လည်း ဖြစ်နေတယ် ။
===============================================
ဒီမေးခွန်းတွေဟာ ထောက်ပံ့တဲ့ tool အဖြစ်သာ သုံးသင့်ပြီး ၊ မေးခွန်းတွေကရတဲ့ ရလဒ်ဟာ ဖြေဆိုသူတိုင်းတွက် ၊ တသမှတ်ထဲ မှန်တယ် မှားတယ်လို့တော့ မပြောနိုင်ပါဘူး ။ လူတိုင်းဟာ ကိုယ့်ကိုယ်ပိုင် learning style ကို ပိုသိသင့်တယ်လို့ အောက်မှာ ခုလို ဖော်ပြထားပါတယ် ။ILS users should be aware of two important points:
ဒီပို့စ်ဟာ စာဖတ်သူများတွက်လည်း အကျိုးရှိပါစေလို့ မျှော်လင့်ရင်း .... ။
(1) The ILS results provide an indication of an individual's learning preferences and an even better indication of the preference profile of a group of students (e.g. a class), but they should not be over-interpreted. If someone does not agree with the ILS assessment of his or her preferences, trust that individual's judgment over the instrument results.
(2) A student's learning style profile provides an indication of possible strengths and possible tendencies or habits that might lead to difficulty in academic settings. The profile does not reflect a student's suitability or unsuitability for a particular subject, discipline, or profession. Labeling students in this way is at best misleading, and can be destructive if the student uses the label as justification for a major shift in curriculum or career goals. (A learning style preference also does not serve as an excuse for a bad grade on the student's last physics test.[1]
References:
(1) http://www4.ncsu.edu/unity/lockers/users/f/felder/public/ILSpage.html
(2) http://www4.ncsu.edu/unity/lockers/users/f/felder/public/ILSdir/styles.htm
Sunday, September 9, 2007
ဥာဏ်ရည်ဥာဏ်သွေးများအား ထုတ်ဖော်သင်ကြားမှုအနုပညာ |
(၁) ဥာဏ်ရည်ဥာဏ်သွေးဆိုတာ
လူသားတွေ လူ့ စိတ်ကို နားလည်ဖို့  ကြိုးစားနေခဲ့ကြတာ ရာစုနှစ်ပေါင်း များစွာပါ။ မျက်လှည့်နည်း ပညာ၊ စိတ်ပညာ၊ လူမှုဗေဒ၊ မနုဿဗေဒ၊ ဘာသာရေး၊ ဆေးပညာစသည်ဖြင့် နယ်ပယ်စုံမှာပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်အတွင်းမှာကျတော့ လေ့လာစူးစမ်းမှု နယ်ပယ်တစ်ခု ထပ်ထွက်လာခဲ့ပြီး၊ အသိပညာနဲ့  အတတ်ပညာနယ်ပေါင်းစုံက သုတေသန ပညာရှင်တွေအားလုံး စိတ်ဝင်တစားဖြစ်လာခဲ့ကြတယ်။ အဲဒါကတော့ လူသားတွေရဲ့ စိတ်နဲ့ စိတ်ဖြစ်ပေါ်မှု ပုံစံတွေပါပဲ။ ဒီအထဲက ထူးခြားတဲ့ ရှာဖွေတွေ့ ရှိမှုတွေကို ဖော်ပြရမယ်ဆိုရင်
(၁.၁) ဦးနှောက်၏ ဗယ်ခြမ်း၊ ညာခြမ်းကွဲပြားမှာရှိသည်
(၁၉၈၁)ခုနှစ်မှာ ဒေါက်တာ ရော်ဂျာ စပယ်ရီဆိုသူဟာ ဦးနှောက်ရဲ့ ဗယ်ခြမ်း၊ ညာခြင်း လုပ်ဆောင်မှုဖြစ်စဉ် သုတေသနပြုမှုကြောင့် နိုဗယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရပါတယ်။ သူ့ ရဲ့ တွေ့ ရှိချက်ကတော့ ဦးနှောက်ရဲ့ ဗယ်ဘက်ချမ်း လုပ်ဆောင်မှုဖြစ်စဉ်ဟာ ညာဘက်ခြမ်းဖြစ်စဉ်ထက် ပိုပြီး ယုတ္တိဗေဒကျတယ်၊ ကျိုးကြောင်းဆီလျော်မှုရှိတယ်၊ ဆင်ခြင်ပိုင်းခြားနိုင်စွမ်းရှိတယ်၊ အစီအစဉ်တကျ ရှိတယ်လို့ ဆိုထားပြီး၊ ညာဘက်ခြမ်းကတော့ ဗယ်ခြမ်းထက် ပိုပြီး
တုံ့ ပြန်အားကောင်းတယ်လို့  ဆိုထားပါတယ်။
(၁.၂) ဥာဏ်ရည်ဥာဏ်သွေးဟူသည် တိုးချဲ့၍ရသည်
ရှေးယခင်တုန်းကတော့ ဥာဏ်ရည်ဥာဏ်သွေးဆိုတာကို မွေးရာပါ
လို့ ဆိုတတ်ကြပါတယ်။ ဒါပေမယ့် ဦးနှောက်နှင့် စိတ်ပိုင်းဆိုင်ရာ သုတေသန် ပညာရှင်များဖြစ်တဲ့ ဒေါက်တာ ဂျင်းဟော့စတန်၊ ဒေါက်တာ ရောဘတ်မာစတာ၊ ဒေါက်တာ ၀ီလစ်ဟာမင်နဲ့  ဒေါက်တယလူးဝစ် မချာဒို တို့ က ဒါဟာ မမှန်ဘူးဆိုတာ ငြင်းချက်ထုတ်လိုက်ပါတယ်။ သူတို့ ဆိုခဲ့တာက ကျွန်ုပ်တို့ ရဲ့ ဥာဏ်ရည်ဥာဏ်သွေးကို ကန့် သတ်ထားတဲ့ တခုတည်းသော အရာဟာ ကိုယ့်ဘာသာကိုယ်ဖန်တီးလုပ်ဆောင်မှုများသာဖြစ်ပြီး၊ ဖြစ်နိုင်ချေအပေါ် မည်မျှ ယုံကြည်ထားသည်ဆိုခြင်းနဲ့  ဆက်စပ်နေတယ်လို့ ဆိုထားပါတယ်။ တကယ်တော့ ဥာဏ်ရည်ဥာဏ်သွေးဆိုတာ မွေးကတည်းက ပါလာပြီးတဲ့အပေါ်မှာပဲ တသမတ်တည်း ရှိနေတာမဟုတ်ပဲ ဥာဏ်ကောင်းလာအောင် လုပ်ယူနိုင်တယ်ဆိုခြင်းပါပဲ။
(၁.၃) ဥာဏ်ရည်ဥာဏ်သွေး အမျိုးမျိုးရှိသည်
(၁၉၈၃)ခုနှစ်မှာ ဟားဗတ်တက္ကသိုလ်က ဒေါက်တာ ဟိုဝါ့ဒ်ဂတ်တနာနဲ့ သူ့ ရဲ့ သုတေသနအဖွဲ့ တွေဟာ ဥာဏ်ရည်ဥာဏ်သွေး အမျိုးမျိုး ရှိတယ်ဆိုတာကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ လူသားတို့ ကမ္ဘာလောကကြီးအား သိရှိမှု၊ ခံစားနားလည်မှု၊ စူးစမ်းလေ့လာမှုတွေဟာ ဥာဏ်ရည်ဥာဏ်သွေး တမျိုးတည်းနဲ့  မဟုတ်ဘူးလို့ ဆိုခဲ့ကြပါတယ်။ သူတို့ ခွဲခြားပြသတဲ့ ဥာဏ်ရည်ဥာဏ်သွေး အမျိုးအစားများကို အောက်မှာ ဆက်လက်ဖော်ပြပါမယ်။
(၂) ဥာဏ်ရည်ဥာဏ်သွေး အမျိုးအစားများ
(၂.၁)Verbal/ linguistic intelligence
ဒီအမျိုးအစားကတော့ လူသားတို ရဲ့  ဘာသာစကားလေ့လာမှု၊ အသုံးပြုမှုတွေ
နဲ့ သက်ဆိုင်ပါတယ်။ ကဗျာ၊ဟာသ၊ ပုံပြင်၊ စာရေး၊ စာဖတ်၊ သဒ္ဒါ၊ ကြောင်းကျိုး ဆင်ခြေပေးမှု အားလုံးနဲ့  သက်ဆိုင်ပါတယ်။ ဒီဥာဏ်ရည်ဥာဏ်သွေးမျိုးကိုတော့ ကဗျာဆရာ၊ စာရေးဆရာ၊ ပြဇာတ်ဆရာ၊ ဟာသသရုပ်ဆောင်၊ လူထုဟောပြောရေးသမားများ၊ ပုံပြင်ပြောသူများမှာ အများဆုံးတွေ့ နိုင်ပါတယ်။
(၂.၂) Logical/ Mathematical intelligence
ဒီအမျိုးအစားကတော့ သိပံနည်းကျ လေ့လာစူးစမ်းမှု
တွေနဲ့ ပိုမိုဆက်နွယ်ပါတယ်။ ပုံပန်းသဏ္ဍာန်များအားမှတ်မိသိရှိမှု၊ တစစီပျံ့ ကျဲ၍ သီးခြားစီဖြစ်နေသော အကြောင်းအရာများကို ဆက်စပ်နိုင်မှု စတာတွေနဲ့  သက်ဆိုင်ပါတယ်၊ ဒီဥာဏ်ရည်မျိုးကိုတော့ သိပံပညာရှင်၊ စာရင်းကိုင်၊ ဘဏ်လုပ်ငန်းရှင်၊ သင်္ချာပညာရှင်၊ ရှေ့နေနဲ့  ကွန်ပျူတာပရိုဂမ်မာတွေဆီမှာ အများဆုံးတွေ့ နိုင်ပါတယ်။
(၂.၃) Visual Spatial intelligence
ဒီအမျိုးအစားကတော့ Visual Arts လို့ ခေါ်တဲ့ ပန်းချီ၊ ပန်းပု၊ ပုံဆွဲပညာတွေ၊ ဗိသုကာပညာ၊ မြေပုံရေးဆွဲထုတ်လုပ်ခြင်းပညာ၊ chess ကစားခြင်းလို ဂိမ်းကစားတဲ့ ပညာတွေနဲ့ ဆက်နွယ်ပါတယ်။ အဓိကကတော့ အမြင်အာရုံတွေကို ဘယ်လိုခံစားလဲဆိုတာပါပဲ။ ဒီဥာဏ်ရည်မျိုးကိုတော့ ပန်းချီဆရာ၊ ပန်းပုဆရာ၊ ဗိသုကာပညာရှင်တွေနဲ့  computer graphics designer တွေဆီမှာ အများဆုံးတွေ့ နိုင်ပါတယ်။
(၂.၄) Bodily/ kinesthetic intelligence
ဒီအမျိုးအစားကတော့ လူရဲ့ စိတ်ခံစားမှုကို ကိုယ်ခန္ခာက ဖော်ပြနိုင်မှု(ဥပမာ-သဘင်ပညာ)၊ ကိုယ်လက်လှုပ်ရှားအားကစားမှု၊ ကုန်ပစ္စည်းတီထွင်မှုတွေနဲ့  ဆက်စပ်ပါတယ်။ အတွေ့ အကြုံမှ သင်ကြားလေ့လာခြင်းဆိုတာဟာ ပညာရေးရဲ့ အရေးကြီးသော အစိတ်အပိုင်းတခုပါ။ လူရဲ့စိတ်ကမသိနိုင်၊ မလုပ်နိုင်တဲ့ ကိစ္စတချို့ ကို ကိုယ်ခန္ခာက လုပ်နိုင်ပါတယ်။ ဥပမာ- မော်တော်ဆိုင်ကယ်စီးတာ၊ လက်နှိပ်စက်ရိုက်တာမျိုးတွေကို ဆိုလိုတာပါ။ ဒီလိုဥာဏ်မျိုးကိုတော့ သရုပ်ဆောင်တွေ၊ အားကစားသမားတွေ၊ သဘင်ပညာသည်တွေနဲ့  တီထွင်သူတွေဆီမှာ အများဆုံးတွေ့ နိုင်ပါတယ်။
(၂.၅) Musical/ rhythmic intelligence
ဒီအမျိုးအစားကတော့ ရစ်သမ်တွေကို မှတ်မိသိရှိတာ၊ အသုံးပြုနိုင်စွမ်းရှိတာ၊ ပတ်ဝန်းကျင်က လူသံနဲ့ တေးသွားသံတွေကို အလွယ်တကူ ခံစားမှတ်မိနားလည်တာတွေနဲ့  သက်ဆိုင်ပါတယ်။ ဒီဥာဏ်ရည်မျိုးကိုတော့ အဆိုတော်တွေ၊ သီချင်းရေးဆရာတွေ၊ ကြော်ငြာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ၊ ဂီတသင်သူတွေဆီမှာ အများဆုံးတွေ့ နိုင်ပါတယ်။
(၂.၆) Interpersonal intelligence
ဒီအမျိုးအစားကတော့ လူအများနဲ့  အလွယ်တကူ ပူးတွဲအလုပ်လုပ်နိုင်မှု၊ အများနဲ့  ပြေပြစ်ချောမောစွာ ဆက်ဆံနိုင်မှုစတာတွေနဲ့  သက်ဆိုင်ပါတယ်။ ဒီနေရာမှာ လိုတဲ့ စွမ်းရည်တွေကတော့ တဘက်သားရဲ့ စိတ်ခံစားမှု၊ ရည်ရွယ်ချက်၊ ဆန္ဒပြင်းပြမှုတွေကို သတိထားမိနိုင်ခြင်းပါပဲ။ တဘက်သားရဲ့ ခံစားမှု၊ ယုံကြည်ချက်၊ မျှော်လင့်ချက်၊ စိုးရိမ်ထိတ်လန့် မှုစတာတွေကို နားလည်စာနာပေးခြင်းပဲဖြစ်ပါတယ်။ ဒီလို ဥာဏ်ရည်မျိုးကိုတော့ နှစ်သိမ့် ဆွေးနွေး အကြံပေးပညာရှင်များ၊ ဆရာဆရာမများ၊ နိုင်ငံရေးသမားများနဲ့  ဘာသာရေးခေါင်းဆောင်တွေဆီမှာ အများဆုံးတွေ့ နိုင်ပါတယ်။
(၂.၇) Intrapersonal intelligence
ဒီဥာဏ်ရည်အမျိုးအစားကတော့ မိမိရဲ့ စိတ်ထဲမှာ ရှိနေတဲ့ ခံစားမှုတွေ၊ ခံစားချက်ဆိုင်ရာ တုံ့ ပြန်မှုတွေ၊ အတွေးစဉ်တွေအပေါ်မှာ သိရှိနားလည်မှုနဲ့  ဆက်စပ်ပါတယ်။ မိမိကိုယ်မိမိသိရှိခြင်းပါ။ ဒီဥာဏ်ရည်မျိုးကိုတော့ ဒဿနိကဗေဒပညာရှင်တွေ၊ စိတ်ပညာရှင်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဆရာဝန်တွေ ဆီမှာ အများဆုံးတွေ့ နိုင်ပါတယ်။
(၂.၈) Naturalist intelligence
ဒီဥာဏ်ရည်အမျိုးအစားကတော့ သဘာဝပတ်ဝန်းကျင်လေ့လာမှုတွေ
နဲ့ ဆက်စပ်ပါတယ်။ တချို့ သော စွမ်းရည်တွေဖြစ်တဲ့ စိုက်ပျိုးခြင်း၊မွေးမြူခြင်း၊ သဘာဝပတ်ဝန်းကျင်နဲ့  မျိုးဗီဇများ လေ့လာခြင်း၊ မိုးလေ၀သပညာစတာတွေနဲ့  သက်ဆိုင်ပါတယ်။ ဒီဥာဏ်ရည်မျိုးကို တောင်သူလယ်သမားတွေ၊ အမဲပစ်မုဆိုးတွေ၊ စိုက်ပျိုးရေးသမားတွေ၊ စားတော်ကဲတွေနဲ့  တိရ စ္ဆာန်ဆေးကုဆရာဝန်တွေဆီမှာ အများဆုံးတွေ့ ရပါတယ်။
အခုလို အမျိုးမျိုးအထွေထွေဖြစ်နေတဲ့ ဥာဏ်ရည်ဥာဏ်သွေးများကို သင်ကြားမှု အနုပညာနဲ့  ပေါင်းစပ်ပြီး ဘယ်လိုဖော်ထုတ်ပေးမယ်ဆိုတဲ့ အကြောင်းကို အောက်မှာ ဆက်လက်ဖော်ပြပါမယ်။
(၃) စာသင်ခန်းတွင် ဥာဏ်ရည်ဥာဏ်သွေး များအား ဖော်ထုတ်သင်ကြားခြင်း
ယေဘုယျအားဖြင့် သင်ခန်းစာတွေ ရေးဆွဲရာမှာ လိုအပ်တဲ့ ပုံစံ (၃)မျိုးကို ဆွေးနွေးချင်ပါတယ်။
(၃.၁) ဥာဏ်ရည်ဥာဏ်သွေးအမျိုးမျိုးအား ဘာသာရပ်ဆိုင်ရာများအဖြစ် အသုံးပြုခြင်း
ဥာဏ်ရည်ဥာဏ်သွေးတမျိုးစီအလိုက်ကို သက်ဆိုင်ရာ ဘာသာရပ်များအဖြစ် သင်ကြားပေးခြင်းဖြစ်ပါတယ်၊ ဥပမာအားဖြင့် ဂီတပညာ၊ ၀ိဇ္ဖာပညာ၊ ဘာသာစကား၊ သင်္ချာပညာ၊ ကာယပညာ၊ လူမှုရေးပညာရပ်များဖြစ်ပါတယ်။ ဒီပညာရပ်များကို သင်ကြားရာမှာ ပညာရပ်အပေါ်နားလည်မှုသာမက ဥာဏ်ရည်တခုချင်းဆီရဲ့ ဖွံ့ ဖြိုးတိုးတက်မှုအဆင့်ဆင့်ကို သိရှိ
ထားဖို့ လိုအပ်ပါတယ်။
(၃.၂) ဥာဏ်ရည်ဥာဏ်သွေးအမျိုးမျိုးကို အသုံးချ၍ အသိပညာများအား ရယူခြင်း
ဥာဏ်ရည်ဥာဏ်သွေး အမျိုးအစားများဟာ တမျိုးချင်းစီအလိုက် အသိပညာများ ရယူရာမှာ အသုံးဝင်ပါတယ်။ ဥပမာ- ကိုယ်ခန္ဒာလှုပ်ရှားမှုများဖြင့် စကားလုံးအသစ်များသင်ကြားခြင်း၊ သင်္ချာဘာသာအခြေခံအချက်များအား ဂီတဖြင့် သင်ကြားခြင်း၊ ပန်းချီပန်းပုအနုပညာများဖြင့် လူ့ သမိုင်းဖြစ်စဉ်နှင့် ယဉ်ကျေးမှု ထုံးတမ်းများအား သင်ကြားခြင်း၊ လက်ရှိဖြစ်ပျက်နေသော ကမ္ဘာ့ရေးရာ၊ နိုင်ငံ့ရေးရာများတွင် စကားရည်လုပွဲများ ကျင်းပပေးခြင်း၊ ရှိတ်စပီးယား ပြဇာတ်ကဲ့သို့ သော ပြဇာတ်များတွင်းမှ ဇာတ်ဆောင်များရဲ့ သဘောသဘာဝများကို လေ့လာဆန်းစစ်ခြင်း စသဖြင့် ဖြစ်ပါတယ်။
(၃.၃) မိမိ၏ ကိုယ်ပိုင်ဥာဏ်ရည်ဥာဏ်သွေးများအား စူးစမ်းဖော်ထုတ်တတ်စေရန် သင်ကြားပေးခြင်း
ဒီအချက်ဟာ အလွန်ပဲအရေးကြီးပါတယ်။ ကိုယ်ဘယ်နေရာမှာ အားသန်လဲဆိုတာ မသိသူတယောက်ဟာ ဘ၀မှာ အကျိုးမရှိတဲ့ အလုပ်တွေ လုပ်မိတတ်ပါတယ်။ ကျောင်းသူကျောင်းသားတွေကို သူတို့ ရဲ့ ဥာဏ်ရည်ဥာဏ်သွေးတွေ ဘယ်အမျိုးအစားမှာ ပိုအားသာနေလဲဆိုတာ သိရှိဖော်ထုတ်နိုင်အောင်၊ အားနည်းချက်ရှိတဲ့ အမျိုးအစားမှာလဲ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်အောင်၊ နေ့ စဉ် ဘ၀လုပ်ငန်းဆောင်တာတွေမှာ လိုအပ်တဲ့ (ဥပမာ-Interpersonal intelligence) လို ဥာဏ်ရည်မျိုးတွေ ဖွံ့ ဖြိုးလာအောင် ထောက်ကူပေးမယ့် သင်ခန်းစာတွေကို ထည့်သွင်းသင်ကြားရပါမယ်။
ဥာဏ်ရည်ဥာဏ်သွေးများအား ထုတ်ဖော်သင်ကြားမှုအနုပညာအကြောင်း အတိုချုပ်ကို ဤမျှနဲ့ နားခွင့် ပြုပါ။ သင်ခန်းစာတွေ ဘယ်လို ရေးဆွဲရမယ်ဆိုတာနဲ့ ပတ်သက်လို့ နောက်ပိုင်းမှာ ဆက်လက်ဖော်ပြပါဦးမယ်။
ခင်မမမျိုး
ကျမ်းကိုး-
(1) Lazear, D.
(2) Gardner, H. (1987) Developing the spectrum of human intelligences: Teaching in the eighties, a need to change, Harvard Educational Review
(3)
(4) Gardner, H. (1996) Are there additional intelligences?
Friday, September 7, 2007
ပညာရေး အကျပ်အတည်း (၂၅) |
တက္ကသိုလ်ဆိုတာ ပညာရပ်တွေကို လွတ်လွတ်လပ်လပ် တွေးခေါ် လေ့လာ ဆည်းပူး ကျင့်ကြံရတဲ့ ကျောင်းပါ။ ကောင်းတဲ့ အကျင့်အကြံကို ဆည်းပူးနိုင်တဲ့ နေရာဌာန ပါ။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာတော့ တက္ကသိုလ် ဆိုတာ တကယ်ပဲ စာသင်သားတွေ အတွက် လွတ်လပ်စွာ ပညာဆည်းပူးခွင့် ကျင့်ကြံအားထုတ်ခွင့် လူမှု ပေါင်းသင်း ဆက်ဆံ ခွင့်တွေအပြည့် ပေးထားရတဲ့ နေရာတွေပါ။ မြန်မာနိုင်ငံမှာကတော့ တက္ကသိုလ်က စာသင်သားတွေခမျာ ပညာရေးမှာလည်း နည်းပညာက အစ သင်ထောက်ကူပစ္စည်းတွေ အထိ ဘယ်နေရာမှာမှ မပြည့်စုံတဲ့အတွက် စံမီပညာရေးကို မရကြတဲ့အပြင် ကျောင်း တွင်းမှာ ပညာဆည်းပူးသင်ယူခွင့်က အစ အသွားအလာ အနေအထိုင် အဆုံး အခွင့်အရေးတွေ ဆုံးရှုံးနေကြရပါတယ်။
၁၉၉၁နောက်ပိုင်း ကျောင်းတွေ ပြန်အဖွင့်မှာပဲ တက္ကသိုလ်ပညာရေးထဲမှာ စစ်တပ်ဆန်ဆန် အမိန့်ပေး ချုပ်ကိုင် တဲ့ စနစ် သုံးလာပါတယ်။ ဆရာဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေကို အဆင့်ဆင့် ချုပ်ကိုင် တဲ့ Guardianship စနစ်ကို သုံးဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဆရာ ဆရာမ တစ်ယောက်ကို အနည်းဆုံး ကျောင်းသား အယောက် ၂၀ကနေ ၅၀ထိ တာဝန်ယူပြီး အဲဒီ ကျောင်းသားရဲ့ ကျောင်းတွင်း လှုပ်ရှားမှုကို ဂရုစိုက် စောင့်ကြည့် ရမယ်လို့ ခိုင်းပါတယ်။ ကျောင်းသားက တစ်ပတ်မှာ တစ်ရက် အုပ်ထိန်းသူ ဆရာဆရာမကို လာတွေ့ပြီး လက်မှတ် ထိုးရပါတယ်။ အဲဒီကျောင်းသားက ကျောင်းမှာ ပြဿနာ တစုံတရာဖြစ် ရင် တာဝန်ယူ ထားရတဲ့ ဆရာ ဆရာမပါ ခံဝန်ချက် လက်မှတ် ထိုးတာတို့ ထုချေလွှာတင်တာတို့ လုပ်ရမယ်လို့ လည်း အမိန့် ထုတ်ပါ တယ်။ ဒါကို ဆရာ ဆရာမတွေက ကျောင်းသား ကျောင်းသူတွေကို နားလည်အောင် ပြောပြ ပြီး ထိန်းကြရ ပါ တယ်။
ကျောင်းသူ ကျောင်းသားတွေ အတန်းတက်အောင် ကျောင်းခေါ်ချိန်နဲ့ ထိန်းရပြီး ငြိပ်ဝပ်နာခံအောင်အတွက် Guardianship စနစ်နဲ့လည်း ချုပ်ကိုင် ထားတဲ့ သဘောပါ။ ၊ဒါကြောင့် ကျောင်းသား ကျောင်းသူတွေအနေနဲ့ စိတ်ကျဉ်းကျပ်ရတဲ့အတွက် ဆရာဆရာမတွေနဲ့လည်း အဆင်မပြေ ဖြစ်လာကြပါတယ်။ ပြီးတော့ ကိုယ့်အဓိက ဘာသာရပ်မဟုတ်ဘဲ စိတ်ဝင်စားတဲ့ တခြား ဘာသာရပ်တွေကို တခြားအတန်းတွေမှာ သွားပြီး လေ့လာ နားထောင် ခွင့် လည်း မရှိတော့ပါဘူး။ ဒါဟာ တက္ကသိုလ်ပညာရေးထဲမှာ မဖြစ်မနေ ရှိရမယ့် လွတ်လပ်စွာ ပညာဆည်းပူးခွင့်ကိုပါ အတားဆီးခံရတဲ့ အခြေအနေပါ။
နောက်ထပ်အရေးပါတဲ့ အကျပ်အတည်းကတော့ အင်္ဂလိပ်လို သင်ယူရတဲ့ ပြဿနာပါ။ အဲဒီ အချိန်တုန်းက ကျောင်းသားတွေ ဟာ အင်္ဂလိပ်စာကို ၅တန်းရောက်မှ စသင်ရတဲ့ စနစ်နဲ့ ကြီးပြင်းလာရတဲ့အပြင် အင်္ဂလိပ်စာနဲ့ အထိအတွေ့နည်းခဲ့တဲ့ သူတွေ ဖြစ်ပါတယ်။ ဒီတော့ တက္ကသိုလ်မှာ မြန်မာစာဘာသာရပ်က လွဲပြီး ကျန်တဲ့ ဘာသာရပ်အားလုံးကို အင်္ဂလိပ်လို သင်ရမယ် လို့ သတ်မှတ်လိုက်တဲ့ မူအသစ်ကြောင့် ကျောင်းသားတွေ အတွက် ပညာသင်ယူရာမှာ အခက်အခဲ တွေ့လာရပါတယ်။ ပညာရေးမှာ အခြေခံမကောင်းခဲ့တဲ့ အတွက် ချက်ချင်းကြီး အဆင့်မြှင့် ပြောင်းလဲလိုက်တဲ့အခါ စာမလိုက်နိုင်တဲ့ ပြဿနာ ရှိလာပါတယ်။
တချိန်တည်းမှာပဲ ဆရာဆရာမတွေကိုယ်တိုင်လည်း အင်္ဂလိပ်လို သင်ကြားရေးမှာ အားနည်းတာကြောင့် အခက်အခဲ ပေါင်းစုံ ကြုံကြရပါတယ်။ ကျောင်းသူကျောင်းသားက ဆရာဆရာမတွေအပေါ် အထင်သေး လာတာ မျိုးတွေ ရှိလာပါတယ်။ အာဏာ ပိုင်တွေ ဘက်က ဆရာဆရာမတွေအတွက် လိုအပ်တဲ့ အရည်အသွေး မြှင့် မွမ်းမံ သင်တန်း ပေးတာ မျိုးလောက် ကို တောင် ထိထိရောက်ရောက် ပံ့ပိုးမပေးခဲ့ပါဘူး။ ဒီလိုနဲ့ ဆရာဆရာမ တွေဟာ လုပ်ငန်းခွင်မှာ အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်လာကြရပါတယ်။ ဒါကြောင့်ပဲ တက္ကသိုလ်မှာ ကျောင်းသား ကျောင်းသူတွေရော ဆရာ ဆရာမ တွေပါ စာသင်ခန်းမှာ မပျော်ကြ တဲ့အတွက် ပညာရပ်တွေမှာ သိပ် မထူးချွန်ကြတော့တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ရှိလာပါတယ်။ အဲဒီ အခက်အခဲတွေကို ကူဖြေရှင်းပေး ဖို့ဆိုတော့လဲ ဆရာဆရာမတွေက ကျောင်းသားတွေကို ထိန်းချုပ် ဖို့သာ တာဝန်ရှိပြီး ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆီး ဆောင်ရွက်ပေးဖို့ တောင်းဆို တင်ပြပေးတာမျိုး တွေ ကိုတော့ လုပ်ခွင့်မရှိကြပါဘူး။
တက္ကသိုလ်တွေမှာ နောက်ထပ် ထင်ရှားတဲ့ ဆုတ်ယုတ်ပျက်စီးမှုကတော့ မူးယစ်ဆေးဝါး ပြဿနာပါပဲ။ တက္ကသိုလ် ကျောင်း တွေမှာ ဘိန်းဖြူအပါအ၀င် မူးယစ်ဆေးဝါး အမျိုးမျိုးကို လွယ်လွယ်ကူကူ ၀ယ်လို့ ရပါတယ်။ ခေတ်စနစ်ထဲမှာ စိတ်ပျက်နေတဲ့ လူငယ် တော်တော် များများက မူးယစ်ဆေးဝါးရဲ့ သားကောင်တွေ ဖြစ်ကုန် ပါတယ်။ အဲဒီလိုပဲ ခေတ် အဆက်ဆက် ဘယ်တော့မှ တိမ်ကောမသွားတဲ့ နိုင်ငံအရေး၊ လူထုအရေးနဲ့ ကျောင်းသား အရေး ကို ကြည့်တဲ့ ကျောင်းသား မျိုးဆက်တွေကလည်း ရှိနေတာမို့လို့ ကျောင်းထဲမှာ လက်ကမ်း စာစောင် ဖြန့်တာ နံရံမှာ စာကပ်တာတွေ လို ကျောင်း တွင်း လှုပ်ရှားမှုတွေကလည်း ရှိနေတာပါပဲ။ အာဏာပိုင် တွေဘက်က ကျောင်းပညာရေးတွေကို တိုးတက်ဖွံ့ဖြိုး အောင် လုပ်မပေးတဲ့အပြင် ကျောင်းသား အခွင့်အရေး တွေမှာ ပိုပိုပြီး ဆုံးရှုံးလာတာကို တင်ပြ တောင်းဆိုခွင့်လည်း မရှိတာ ကြောင့် ၁၉၉၆မှာတော့ တက္ကသိုလ်တွေမှာ မကျေနပ်သံတွေ ပို ကြားလာရပါတယ်။
ကမ္ဘာနဲ့ အ၀ှမ်းမှာ တက္ကသိုလ်ဆိုရင် ကျောင်းစာသင်ခန်းထဲမှာ ဆရာဆရာမနဲ့ ကျောင်းသူ ကျောင်းသားက သင်ခန်းစာတွေ ကို ဆွေးနွေးပြီး အတူတူ အဖြေရှာကြ၊ စာကြည့်တိုက်မှာ စာအုပ်တွေ ရှာဖတ်ပြီး သုတေသန တွေ လုပ်ကြရတဲ့ စနစ် မျိုးနဲ့ ကျောင်းသား နဲ့ ဆရာ အတူ ပူးပေါင်းပြီး ကြိုးစားနေကြရတာပါ။ အဲဒီအချိန်မှာ မြန်မာနိုင်ငံက တက္ကသိုလ် ကျောင်းသားတွေကတော့ ဆရာ ဆရာမ ရှေ့ကနေ သင်သွားသမျှကို ငြိမ်ငြိမ်လေး နားထောင် မှတ်စု လိုက်ရေးပြီး အလွတ်ကျက် စာမေးပွဲဖြေရတဲ့ ပုံစံသေနဲ့ သွားနေကြရ တုန်းပါ။ ဆရာဆရာမ ကလည်း ကျောက်သင်ပုန်းမှာ မြေဖြူနဲ့ ရေးပြီး စာသင်တဲ့ စနစ်ကိုပဲ သုံးနေကြရတုန်းပါ။ စာသင်သားကိုယ်တိုင် သုတေသန စာတမ်း၊ လေ့လာချက် စာတမ်း မျိုးတွေ မလုပ်ကြရတော့ စာကြည့်တိုက်လည်း မသွားဖြစ် ကြတော့ ပါဘူး။ ဒီလိုနဲ့ ဘွဲ့တစ်ခု သာရသွားပြီး စာကြည့်တိုက် ဘယ်မှာ ရှိမှန်းတောင်မသိတဲ့ ကျောင်းသားတွေ အများကြီး ရှိနေပါတယ်။
နောက်ထပ်ဆိုးဝါးတဲ့ ပြဿနာကတော့ စာကြည့်တိုက်တွေမှာလည်း စာအုပ်စာတမ်း ပြည့်ပြည့်စုံစုံ လုံလုံ လောက်လောက် မရှိ ပါဘူး။ ပြီးတော့ ကျောင်းသား ကျောင်းသူ တိုင်းလည်း စာကြည့်တိုက်မှာ စာအုပ်ငှားခွင့် မရပါဘူး။ အခု ၂၀၀၆ ခုနှစ် အထိ တက္ကသိုလ်တိုင်းမှာ စာကြည့်တိုက်တွေက သာမန်ကျောင်းသားတွေအတွက် အိမ်ကို စာအုပ် ပေး မငှားပါဘူး။ ဂုဏ်ထူးတန်း မဟာတန်းတွေပဲ ငှားလို့ ရပါတယ်။ မြန်မာနိုင်ငံနဲ့ အနီးဆုံးက ထိုင်းနိုင်ငံက တက္ကသိုလ်တွေမှာ ကွန်ပျူ တာ နဲ့ စာကြည့်တိုက်ကို အဓိကသုံးတဲ့ ပညာရေးပုံစံကို အကြီးအကျယ် အားပေးနေတဲ့ အချိန်မှာ မြန်မာနိုင်ငံမှာကတော့ စာကြည့်တိုက်တောင် ကျောင်းသားတိုင်း အလုံအလောက် သုံးခွင့် မရပါဘူး။ အဲဒီအပြင် ကျောင်းသားတွေရဲ့ လိုအပ်ချက် တွေကို တင်ပြ တောင်းဆိုပေးမယ့်သူလည်း မရှိပါဘူး။
တကယ်တော့ အာဏာပိုင်တွေအနေနဲ့ တက္ကသိုလ်ပညာရေးကို နိုင်ငံတကာ အဆင့်မီအောင် ဘက်စုံက ပံ့ပိုး ကူညီခဲ့မယ်ဆိုရင် ဆရာကလည်း ဆရာအခွင့်အရေး ကျောင်းသား ကလည်း ကျောင်းသား အခွင့်အရေး တွေကို ခံစားခွင့်ရကြမယ်ဆိုရင် ကျောင်းတွေမှာ ဘယ်လို ဆူပူ တောင်းဆိုမှုမျိုးမှ ရှိလာတော့မှာ မဟုတ်ပါဘူး။ ဒါမှ လည်း တည်ငြိမ်ပြီး ခေတ်မီ တိုးတက်တဲ့ ပညာရေးလောကကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
မေငြိမ်း
Sunday, September 2, 2007
ပညာရေး အကျပ်အတည်း (၂၄) |
ကျောင်းနှစ်ရှည်ပိတ်ပြီး ပြန်ဖွင့်တဲ့ ၁၉၉၁ ခုနှစ် က စပြီး မြန်မာနိုင်ငံပညာရေးဟာ စနစ်တကျနဲ့ကို အဖျက်ဆီးခံခဲ့ရတယ်လို့ ပြောရမှာပါ။ စစ်အစိုးရ လက်ထက်မှာ သင်ရိုးညွှန်းတန်းတွေနဲ့ သင်ကြားရေး ပိုင်းတွေ အုပ်ချုပ်ရေးပိုင်းတွေအထိ ဗဟိုက ၀င်ပြီး အာဏာသုံးချုပ်ကိုင် လာခဲ့ပါတယ်။ အထူးသဖြင့် မြန်မာစာလို သမိုင်း လို နိုင်ငံနဲ့ အမျိုးသားရေးအတွက် အရေးပါတဲ့ ဘာသာရပ်တွေမှာ အများကြီး ၀င်ရောက် စွက်ဖက် ကန့်သတ်လာခဲ့ပါတယ်။
ဥပမာအဖြစ်ပြောပြရရင် ၁၉၉၁-၉၂ ပညာသင်နှစ်မှာ ပထမနှစ် အထူးပြုဘာသာရပ်တွေ အားလုံးမှာ မသင်မနေရ (compulsory) ဖြစ်တဲ့ မြန်မာစာဘာသာရပ်ရဲ့ ဗဟုသုတ ဖတ်စာအဖြစ် ပြဌာန်းထားတဲ့ ၀ိဓူရဇာတ်တော်ကြီးကို သင်တဲ့ အခါမှာ မင်းကျင့်တရား ဆယ်ပါး ကို အကျယ်မသင်ရဘူး လို့ စာထွက်ပါတယ်။ သင်ရိုးထဲမှာ မဖြုတ်ပေမဲ့ ဆရာကြီး မင်းသုဝဏ်တို့ ဆရာတင်မိုးတို့လို သူတို့ကို သစ္စာမခံတဲ့ ကဗျာဆရာကြီးတွေရဲ့ ကဗျာတွေကို မသင်ရဘူးလို့ တားပါတယ်။ အံ့သြစရာကောင်းတာက အသက်ထင်ရှား မရှိတော့တဲ့ မြန်မာစာပေနဲ့ အမျိုးသားရေး ငြိမ်းချမ်းရေးတွေရဲ့ ဂုဏ်ဆောင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းစာကို မသင်ရဘူးလို့ တားတာပါပဲ။ မဟာဝိဇ္ဇာတန်းတွေမှာ ကျမ်းပြု ခွင့်လည်း မပေးတော့ ပါဘူး။ ဒါဟာ ကျောင်းသားအရွယ် လူငယ်တွေ သိသင့် သိအပ်တဲ့ လွတ်လပ်ရေး အမြင်တွေ ငြိမ်းချမ်းရေး အမြင် တွေ နိုင်ငံချစ်စိတ်တွေ နဲ့ သမိုင်းတန်ဖိုးကြီးတဲ့ စာပေတွေကို သင်ယူခွင့် ဆုံးရှုံးမှုပဲ ဖြစ်ပါတယ်။ ဒါဟာ မြန်မာစာ ဘာသာရပ်တခုတည်းက ဥပမာပဲ ရှိပါသေးတယ်။
အဲသလို ၁၉၉၁-၉၂ ပညာသင်နှစ်ကနေ ၁၉၉၅-၉၆ ပညာသင်နှစ်အတွင်းမှာ လက်ရှိ အစိုးရဟာ ပညာရေးထဲကို တဖြည်းဖြည်း ၀င်စွက်လာတာ တော်တော် ထဲထဲဝင်ဝင် ရှိလာ ပါတယ်။ အထူးသဖြင့် အာဏာပိုင်တွေနဲ့ ပတ်သက် ဆက်နွယ် နေတဲ့ ကျောင်းသားတွေကို စာမေးပွဲ တောင် ၀င်ဖြေစရာမလိုဘဲ အအောင်ပေးခိုင်းတာမျိုးကို ပါမောက္ခတချို့နဲ့ ပေါင်းပြီး အများကြီး လုပ်လာကြပါတယ်။ အဲဒီအခါမှာ ပညာရေးလောကထဲမှာ အဂတိလိုက်စားကျင့် ရောက်လာပါတယ်။ အဲလိုနဲ့ လူမျိုး ဘာသာ မရွေး၊ ဆင်းရဲချမ်းသာ မရွေး၊ အသားအရောင် မရွေး၊ အယုတ် အလတ် အမြတ် မရွေး တန်းတူ ပညာရေး ရှိရမယ်ဆိုတဲ့ ပညာရေးလောက ထဲမှာ ခွဲခြားဆက်ဆံမှု (discrimination)တွေ ရှိလာပါတယ်။
အကျိုးဆက်ကတော့ ဆရာနဲ့ တပည့်ကြား.. ကျောင်းသားတွေအချင်းချင်း ကြားထဲမှာ စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာတာ ပါပဲ။ ဒါဟာ အဖျက်ဆီးခံရမှုပါပဲ။ ဒါကြောင့် ပညာရေးစနစ် အဖျက်ဆီးခံလာရတဲ့ ပြဿနာမှာ စစ်အစိုးရနဲ့ ထပ်တူ တာဝန်ရှိ တဲ့ အထဲမှာ ပါမောက္ခတွေ အပါအ၀င် ပညာရေးအာဏာပိုင်တွေလည်း ပါတယ်လို့ ပြောရမှာပါ။ တကယ်တော့ ပညာရှင်တွေ ဖြစ်ပါလျှက်နဲ့ အခွင့်အရေး၊ အာဏာနဲ့ ငွေကြေးကို မလွန်ဆန်နိုင်ကြတာက အခြေခံအကြောင်းတွေပါပဲ။
အဲဒီအပြင် ၁၉၉၂ခုနှစ်ကစပြီး တက္ကသိုလ်က ဆရာဆရာမတွေကစပြီး ဖေါင်ကြီးမှာ သဘောတရားရေး တစ်လ မွမ်းမံ သင်တန်းတွေ မတက်မနေရဆိုပြီး အမိန့်ထုတ်ပါတယ်။ အသုတ်လိုက်ခွဲပြီးတော့ ဌာနဆိုင်ရာဝန်ထမ်းအားလုံး တက်ကြရတာ အခုထိပါပဲ။ အဲဒီ သင်တန်းဟာလည်း အမိန့်နာခံတတ်အောင် ပုံသွင်းပြီး သူတို့လုပ်တိုင်းဖြစ်တယ် ဆိုတာကို ပြတဲ့ လုပ်ငန်း စဉ် တစ်ခုပါပဲ။ ပညာရှင်ဆရာ ဆရာမတွေဟာ အဲဒီတုန်းက တာဝန်ရှိ စစ်အစိုးရထဲက အကြီးအကဲတချို့ရဲ့ ၀ါဒဖြန့် သင်ခန်းစာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုတင် မကဘဲ လွတ်လပ်ရေးဗိသုကာ၊ တပ်မတော်ရဲ့ ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်း နဲ့ ပြည်သူလူထုအားလုံးကို ရိုင်းပျစော်ကားတဲ့ စကားတွေနဲ့ သင်တန်းအမျိုးမျိုးပေးတာကို ခံခဲ့ကြရပါတယ်။
အဲဒီ သင်တန်းတွေဟာ စစ်အစိုးရအတွက် ဆိုးကျိုးရော ကောင်းကျိုးရော ရစေတယ်လို့ ဆိုနိုင်ပါတယ်။ ကောင်းကျိုးကတော့ သူတို့ ဖြစ်စေချင်တဲ့အတိုင်းပဲ ပညာရှင်တွေရဲ့ အာဏာပိုင်အပေါ် အကြောက်တရားက ပိုကြီးသွားပါတယ်။ ဆိုးကျိုးကတော့ လူထုနဲ့ တသားတည်းရှိပြီး အမှန်တရားကို မြတ်နိုးတဲ့ ပညာရှင်တွေကတော့ သူတို့ကို ပိုပြီး မုန်းတီး စက်ဆုတ်သွားကြ တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ၁၉၉၂နောက်ပိုင်း ပြည်ပကို ပညာရှင်အမြောက်အများ ထွက်သွားကြပါတယ်။ ဒါဟာ တိုင်းပြည်အတွက် အများကြီး ဆုံးရှုံးနစ်နာသလို ပညာရှင်တွေအနေနဲ့ကလည်း ပြည်တွင်းမှာ ဆက်နေလို့ ဘာတစ်ခုမှ လုပ်ခွင့်မရှိတဲ့အပြင် အန္တရာယ်လည်း ကြီးတဲ့အတွက် ဆုံးရှုံးနစ်နာရတာပါပဲ။
ဒီနေရာမှာ ၁၉၈၉ဒီဇင်ဘာမှာမှ ဒီမိုကရေစီရခဲ့တဲ့ ချက်ကိုစလိုဗက်နိုင်ငံ ပြဿနာနဲ့ ယှဉ်ပြီးပြောပြချင်ပါတယ်။ ချက်ကိုစလိုဗက်နိုင်ငံတုန်းကဆိုရင်လဲ ကွန်မြူနစ် အာဏာရှင် တွေက ဆရာတွေရဲ့ သင်ကြားရေးတွေကိုပါ ၀င်စွက်ဖက် လာတဲ့အတွက် ဆရာတွေ အလုပ်ထွက်ပစ်ကြပါတယ်၊ အဲဒီတုန်းက ချက်ကိုစလိုဗက်ကီးယား (Czechoslovakia) ရဲ့ အခြေနေက ဗမာပြည်လောကတောင် မဆိုးပါဘူးလို့ ဆိုနိုင်ပါတယ်။။ ဒါတောင် အာဏာရှင်တွေရဲ့ မတရားတဲ့ မလျော်ကန် တဲ့ အမိန့်အာဏာတွေကို မလိုက်နာနိုင်တဲ့ အတွက် တက္ကသိုလ်က ဆရာတွေဟာ အလုပ်ထွက်ပြီး တံမျက်စည်းလှည်းတာ တို့ ပန်းရံတို့ လုပ်ကြပါတယ်၊ ပြီးတော့ အဲဒီ ဆရာတွေက ပြောပါတယ်၊ မမှန်ကန်တဲ့ အတွေးအခေါ်တွေ ကို လူငယ် တွေ ခေါင်းထဲ ထည့်ပေးရတဲ့အလုပ်လို ယုတ်ညံ့တဲ့ အလုပ်တွေကို လုပ်တာ ထက်တော့ ဒီလို အခြေခံအလုပ်မျိုးတွေ လုပ်ရ တာ က သာသေးတယ်လို့ ပြောပါတယ် တဲ့။ အဲဒီတုန်းက စာရေးဆရာ တော်လှန်ရေးသမား ဖြစ်ပြီး ချက် နဲ့ စလိုဗက်ကီးယား ကွဲပြီး နောက်ပိုင်းမှာ ချက် ရီပတ်ဗလစ်နိုင်ငံ (Czech Republic) ရဲ့ သမ္မတဖြစ်လာတဲ့ Vaclav Havel ရေးခဲ့တဲ့ The Power of the powerless စာအုပ်ထဲမှာ ရေးထားတာပါ။
မြန်မာနိုင်ငံမှာကတော့ အာဏာပိုင်တွေရဲ့ မတရားအမိန့်တွေကို မနာခံနိုင်သူတွေက ပြည်ပထွက်၊ ဒါမှမဟုတ် အလုပ် ထွက်ကုန်ကြပြီး မလွန်ဆန်ရဲကြတဲ့ နာခံနိုင်သူတွေ ကျတော့လည်း မျက်စေ့စုံမှိတ် နာခံကြတာမို့လို့ နိုင်ငံတနိုင်ငံ အတွက် အဓိကအကျဆုံး ထောက်တိုင်တစ်တိုင်ဖြစ်တဲ့ ပညာရေးစနစ်ကြီး တစ်ခုလုံး ထိခိုက်ပျက်စီးသွားရတာပါ။ စစ်အစိုးရ သက်တမ်း တစ်လျှောက်က မျိုးဆက်တွေနဲ့ ပတ်သက်ရင် နိုင်ငံအနေနဲ့ ပညာရေးပိုင်းမှာ အများကြီး ဆုံးရှုံးခဲ့ပါပြီ။ ဒါကို ဘယ်သူမှ ငြင်းလို့မရနိုင်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီလိုစနစ်အတွင်းမှာ ကျမတို့ ဂုဏ်သိက္ခာရှိရှိနဲ့ နေနိုင်သလား ။ ဒီစနစ်က ပြည်သူလူထုကို အကျိုးပြုနိုင်သလား။ ပြည်သူလူထုကို အသုံးချနေသလား။ ဒါပဲ စဉ်းစားရမှာပဲ .. လို့ Vaclav Havel ရဲ့ စကားကို ကိုးကား ပြီးတော့ ပြောခဲ့ဖူးပါတယ်။ ဒါဟာ ပညာရှင်တွေအနေနဲ့ တကယ်စဉ်းစားသင့်တဲ့ မေးခွန်းများပဲ ဖြစ်ပါတယ်။
မေငြိမ်း-၂၈၊သြဂုတ်၊၂၀၀၆။