တက္ကသိုလ်ဆိုတာ ပညာရပ်တွေကို လွတ်လွတ်လပ်လပ် တွေးခေါ် လေ့လာ ဆည်းပူး ကျင့်ကြံရတဲ့ ကျောင်းပါ။ ကောင်းတဲ့ အကျင့်အကြံကို ဆည်းပူးနိုင်တဲ့ နေရာဌာန ပါ။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာတော့ တက္ကသိုလ် ဆိုတာ တကယ်ပဲ စာသင်သားတွေ အတွက် လွတ်လပ်စွာ ပညာဆည်းပူးခွင့် ကျင့်ကြံအားထုတ်ခွင့် လူမှု ပေါင်းသင်း ဆက်ဆံ ခွင့်တွေအပြည့် ပေးထားရတဲ့ နေရာတွေပါ။ မြန်မာနိုင်ငံမှာကတော့ တက္ကသိုလ်က စာသင်သားတွေခမျာ ပညာရေးမှာလည်း နည်းပညာက အစ သင်ထောက်ကူပစ္စည်းတွေ အထိ ဘယ်နေရာမှာမှ မပြည့်စုံတဲ့အတွက် စံမီပညာရေးကို မရကြတဲ့အပြင် ကျောင်း တွင်းမှာ ပညာဆည်းပူးသင်ယူခွင့်က အစ အသွားအလာ အနေအထိုင် အဆုံး အခွင့်အရေးတွေ ဆုံးရှုံးနေကြရပါတယ်။
၁၉၉၁နောက်ပိုင်း ကျောင်းတွေ ပြန်အဖွင့်မှာပဲ တက္ကသိုလ်ပညာရေးထဲမှာ စစ်တပ်ဆန်ဆန် အမိန့်ပေး ချုပ်ကိုင် တဲ့ စနစ် သုံးလာပါတယ်။ ဆရာဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေကို အဆင့်ဆင့် ချုပ်ကိုင် တဲ့ Guardianship စနစ်ကို သုံးဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဆရာ ဆရာမ တစ်ယောက်ကို အနည်းဆုံး ကျောင်းသား အယောက် ၂၀ကနေ ၅၀ထိ တာဝန်ယူပြီး အဲဒီ ကျောင်းသားရဲ့ ကျောင်းတွင်း လှုပ်ရှားမှုကို ဂရုစိုက် စောင့်ကြည့် ရမယ်လို့ ခိုင်းပါတယ်။ ကျောင်းသားက တစ်ပတ်မှာ တစ်ရက် အုပ်ထိန်းသူ ဆရာဆရာမကို လာတွေ့ပြီး လက်မှတ် ထိုးရပါတယ်။ အဲဒီကျောင်းသားက ကျောင်းမှာ ပြဿနာ တစုံတရာဖြစ် ရင် တာဝန်ယူ ထားရတဲ့ ဆရာ ဆရာမပါ ခံဝန်ချက် လက်မှတ် ထိုးတာတို့ ထုချေလွှာတင်တာတို့ လုပ်ရမယ်လို့ လည်း အမိန့် ထုတ်ပါ တယ်။ ဒါကို ဆရာ ဆရာမတွေက ကျောင်းသား ကျောင်းသူတွေကို နားလည်အောင် ပြောပြ ပြီး ထိန်းကြရ ပါ တယ်။
ကျောင်းသူ ကျောင်းသားတွေ အတန်းတက်အောင် ကျောင်းခေါ်ချိန်နဲ့ ထိန်းရပြီး ငြိပ်ဝပ်နာခံအောင်အတွက် Guardianship စနစ်နဲ့လည်း ချုပ်ကိုင် ထားတဲ့ သဘောပါ။ ၊ဒါကြောင့် ကျောင်းသား ကျောင်းသူတွေအနေနဲ့ စိတ်ကျဉ်းကျပ်ရတဲ့အတွက် ဆရာဆရာမတွေနဲ့လည်း အဆင်မပြေ ဖြစ်လာကြပါတယ်။ ပြီးတော့ ကိုယ့်အဓိက ဘာသာရပ်မဟုတ်ဘဲ စိတ်ဝင်စားတဲ့ တခြား ဘာသာရပ်တွေကို တခြားအတန်းတွေမှာ သွားပြီး လေ့လာ နားထောင် ခွင့် လည်း မရှိတော့ပါဘူး။ ဒါဟာ တက္ကသိုလ်ပညာရေးထဲမှာ မဖြစ်မနေ ရှိရမယ့် လွတ်လပ်စွာ ပညာဆည်းပူးခွင့်ကိုပါ အတားဆီးခံရတဲ့ အခြေအနေပါ။
နောက်ထပ်အရေးပါတဲ့ အကျပ်အတည်းကတော့ အင်္ဂလိပ်လို သင်ယူရတဲ့ ပြဿနာပါ။ အဲဒီ အချိန်တုန်းက ကျောင်းသားတွေ ဟာ အင်္ဂလိပ်စာကို ၅တန်းရောက်မှ စသင်ရတဲ့ စနစ်နဲ့ ကြီးပြင်းလာရတဲ့အပြင် အင်္ဂလိပ်စာနဲ့ အထိအတွေ့နည်းခဲ့တဲ့ သူတွေ ဖြစ်ပါတယ်။ ဒီတော့ တက္ကသိုလ်မှာ မြန်မာစာဘာသာရပ်က လွဲပြီး ကျန်တဲ့ ဘာသာရပ်အားလုံးကို အင်္ဂလိပ်လို သင်ရမယ် လို့ သတ်မှတ်လိုက်တဲ့ မူအသစ်ကြောင့် ကျောင်းသားတွေ အတွက် ပညာသင်ယူရာမှာ အခက်အခဲ တွေ့လာရပါတယ်။ ပညာရေးမှာ အခြေခံမကောင်းခဲ့တဲ့ အတွက် ချက်ချင်းကြီး အဆင့်မြှင့် ပြောင်းလဲလိုက်တဲ့အခါ စာမလိုက်နိုင်တဲ့ ပြဿနာ ရှိလာပါတယ်။
တချိန်တည်းမှာပဲ ဆရာဆရာမတွေကိုယ်တိုင်လည်း အင်္ဂလိပ်လို သင်ကြားရေးမှာ အားနည်းတာကြောင့် အခက်အခဲ ပေါင်းစုံ ကြုံကြရပါတယ်။ ကျောင်းသူကျောင်းသားက ဆရာဆရာမတွေအပေါ် အထင်သေး လာတာ မျိုးတွေ ရှိလာပါတယ်။ အာဏာ ပိုင်တွေ ဘက်က ဆရာဆရာမတွေအတွက် လိုအပ်တဲ့ အရည်အသွေး မြှင့် မွမ်းမံ သင်တန်း ပေးတာ မျိုးလောက် ကို တောင် ထိထိရောက်ရောက် ပံ့ပိုးမပေးခဲ့ပါဘူး။ ဒီလိုနဲ့ ဆရာဆရာမ တွေဟာ လုပ်ငန်းခွင်မှာ အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်လာကြရပါတယ်။ ဒါကြောင့်ပဲ တက္ကသိုလ်မှာ ကျောင်းသား ကျောင်းသူတွေရော ဆရာ ဆရာမ တွေပါ စာသင်ခန်းမှာ မပျော်ကြ တဲ့အတွက် ပညာရပ်တွေမှာ သိပ် မထူးချွန်ကြတော့တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ရှိလာပါတယ်။ အဲဒီ အခက်အခဲတွေကို ကူဖြေရှင်းပေး ဖို့ဆိုတော့လဲ ဆရာဆရာမတွေက ကျောင်းသားတွေကို ထိန်းချုပ် ဖို့သာ တာဝန်ရှိပြီး ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆီး ဆောင်ရွက်ပေးဖို့ တောင်းဆို တင်ပြပေးတာမျိုး တွေ ကိုတော့ လုပ်ခွင့်မရှိကြပါဘူး။
တက္ကသိုလ်တွေမှာ နောက်ထပ် ထင်ရှားတဲ့ ဆုတ်ယုတ်ပျက်စီးမှုကတော့ မူးယစ်ဆေးဝါး ပြဿနာပါပဲ။ တက္ကသိုလ် ကျောင်း တွေမှာ ဘိန်းဖြူအပါအ၀င် မူးယစ်ဆေးဝါး အမျိုးမျိုးကို လွယ်လွယ်ကူကူ ၀ယ်လို့ ရပါတယ်။ ခေတ်စနစ်ထဲမှာ စိတ်ပျက်နေတဲ့ လူငယ် တော်တော် များများက မူးယစ်ဆေးဝါးရဲ့ သားကောင်တွေ ဖြစ်ကုန် ပါတယ်။ အဲဒီလိုပဲ ခေတ် အဆက်ဆက် ဘယ်တော့မှ တိမ်ကောမသွားတဲ့ နိုင်ငံအရေး၊ လူထုအရေးနဲ့ ကျောင်းသား အရေး ကို ကြည့်တဲ့ ကျောင်းသား မျိုးဆက်တွေကလည်း ရှိနေတာမို့လို့ ကျောင်းထဲမှာ လက်ကမ်း စာစောင် ဖြန့်တာ နံရံမှာ စာကပ်တာတွေ လို ကျောင်း တွင်း လှုပ်ရှားမှုတွေကလည်း ရှိနေတာပါပဲ။ အာဏာပိုင် တွေဘက်က ကျောင်းပညာရေးတွေကို တိုးတက်ဖွံ့ဖြိုး အောင် လုပ်မပေးတဲ့အပြင် ကျောင်းသား အခွင့်အရေး တွေမှာ ပိုပိုပြီး ဆုံးရှုံးလာတာကို တင်ပြ တောင်းဆိုခွင့်လည်း မရှိတာ ကြောင့် ၁၉၉၆မှာတော့ တက္ကသိုလ်တွေမှာ မကျေနပ်သံတွေ ပို ကြားလာရပါတယ်။
ကမ္ဘာနဲ့ အ၀ှမ်းမှာ တက္ကသိုလ်ဆိုရင် ကျောင်းစာသင်ခန်းထဲမှာ ဆရာဆရာမနဲ့ ကျောင်းသူ ကျောင်းသားက သင်ခန်းစာတွေ ကို ဆွေးနွေးပြီး အတူတူ အဖြေရှာကြ၊ စာကြည့်တိုက်မှာ စာအုပ်တွေ ရှာဖတ်ပြီး သုတေသန တွေ လုပ်ကြရတဲ့ စနစ် မျိုးနဲ့ ကျောင်းသား နဲ့ ဆရာ အတူ ပူးပေါင်းပြီး ကြိုးစားနေကြရတာပါ။ အဲဒီအချိန်မှာ မြန်မာနိုင်ငံက တက္ကသိုလ် ကျောင်းသားတွေကတော့ ဆရာ ဆရာမ ရှေ့ကနေ သင်သွားသမျှကို ငြိမ်ငြိမ်လေး နားထောင် မှတ်စု လိုက်ရေးပြီး အလွတ်ကျက် စာမေးပွဲဖြေရတဲ့ ပုံစံသေနဲ့ သွားနေကြရ တုန်းပါ။ ဆရာဆရာမ ကလည်း ကျောက်သင်ပုန်းမှာ မြေဖြူနဲ့ ရေးပြီး စာသင်တဲ့ စနစ်ကိုပဲ သုံးနေကြရတုန်းပါ။ စာသင်သားကိုယ်တိုင် သုတေသန စာတမ်း၊ လေ့လာချက် စာတမ်း မျိုးတွေ မလုပ်ကြရတော့ စာကြည့်တိုက်လည်း မသွားဖြစ် ကြတော့ ပါဘူး။ ဒီလိုနဲ့ ဘွဲ့တစ်ခု သာရသွားပြီး စာကြည့်တိုက် ဘယ်မှာ ရှိမှန်းတောင်မသိတဲ့ ကျောင်းသားတွေ အများကြီး ရှိနေပါတယ်။
နောက်ထပ်ဆိုးဝါးတဲ့ ပြဿနာကတော့ စာကြည့်တိုက်တွေမှာလည်း စာအုပ်စာတမ်း ပြည့်ပြည့်စုံစုံ လုံလုံ လောက်လောက် မရှိ ပါဘူး။ ပြီးတော့ ကျောင်းသား ကျောင်းသူ တိုင်းလည်း စာကြည့်တိုက်မှာ စာအုပ်ငှားခွင့် မရပါဘူး။ အခု ၂၀၀၆ ခုနှစ် အထိ တက္ကသိုလ်တိုင်းမှာ စာကြည့်တိုက်တွေက သာမန်ကျောင်းသားတွေအတွက် အိမ်ကို စာအုပ် ပေး မငှားပါဘူး။ ဂုဏ်ထူးတန်း မဟာတန်းတွေပဲ ငှားလို့ ရပါတယ်။ မြန်မာနိုင်ငံနဲ့ အနီးဆုံးက ထိုင်းနိုင်ငံက တက္ကသိုလ်တွေမှာ ကွန်ပျူ တာ နဲ့ စာကြည့်တိုက်ကို အဓိကသုံးတဲ့ ပညာရေးပုံစံကို အကြီးအကျယ် အားပေးနေတဲ့ အချိန်မှာ မြန်မာနိုင်ငံမှာကတော့ စာကြည့်တိုက်တောင် ကျောင်းသားတိုင်း အလုံအလောက် သုံးခွင့် မရပါဘူး။ အဲဒီအပြင် ကျောင်းသားတွေရဲ့ လိုအပ်ချက် တွေကို တင်ပြ တောင်းဆိုပေးမယ့်သူလည်း မရှိပါဘူး။
တကယ်တော့ အာဏာပိုင်တွေအနေနဲ့ တက္ကသိုလ်ပညာရေးကို နိုင်ငံတကာ အဆင့်မီအောင် ဘက်စုံက ပံ့ပိုး ကူညီခဲ့မယ်ဆိုရင် ဆရာကလည်း ဆရာအခွင့်အရေး ကျောင်းသား ကလည်း ကျောင်းသား အခွင့်အရေး တွေကို ခံစားခွင့်ရကြမယ်ဆိုရင် ကျောင်းတွေမှာ ဘယ်လို ဆူပူ တောင်းဆိုမှုမျိုးမှ ရှိလာတော့မှာ မဟုတ်ပါဘူး။ ဒါမှ လည်း တည်ငြိမ်ပြီး ခေတ်မီ တိုးတက်တဲ့ ပညာရေးလောကကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
မေငြိမ်း
1 comments:
ကျွန်တော်က ၉၅ခုနှစ်မှာ တက္ကသိုလ်ရောက်ပါတယ်။ ကိုယ်ကြားဖူးထားတဲ့ ကျောင်းနဲ့ လက်တွေ့ မှာ အများကြီးကွာနေပါတယ်။
တခါက သူများအတန်းကို သွားတက် ကြည့်တော့ ဆရာက ချက်ချင်းသိပြီး ဘယ်ကလဲ မေးတော့ ဒီအတန်းကပါပဲလို့ ဖြေလိုက်ပါတယ်။ အရင်က အတန်းမတက်ဖြစ်လို့ပါဆိုတော့ နာမည်မေးပြီး စာရင်းနဲ့တိုက်ကြည့်ပါတယ်။ ကံဆိုးချင်တော့ ကိုယ်ပြောတဲ့ နာမည်ကမရှိတော့ အခန်းမှားတာဆိုပြီး ထွက်လာရပါတယ်။
မိဘတွေလက်ထက်တုန်းကဆို အတန်းတွေလိုက်တက် ပြီးမှကိုယ်ကြိုက်တာရွေးလို့ရတယ်လို့ ကြားဖူးထားတော့ သူများ အတန်းတက်ရတာ ဘယ်လိုလဲ ဆိုပြီးစမ်းကြည့်တာပါ။
နောက်ပြီး တက္ကသိုလ်ရောက်တော့ ကျူရှင်မရှိဘူးထင်နေတာ၊ ကျူရှင်တွေယူလိုက်ကျတာ အားလုံးနီးပါးပဲ။ အစိုးရက ဆရာတွေကို လစာ မလောက်မငှပေးထားတော့ ဆရာတွေလည်း စားဝတ်နေရေးအတွက် ပိုက်ဆံရှာရတာပေါ့။ စာမေးပွဲနီးရင် ကျူရှင်သင်တဲ့ ဆရာတွေဆီ အရေးကြီးတယ့်သင်ခန်းစာတွေ ရလာတာပါပဲ။ ကိုယ့်ဘာသာကိုရေးတဲ့ ကျွန်တော့်ကို တခါက အဆင်မပြေဖြစ်ဖူးတဲ့ ဌာနမှူးက စားမေးပွဲမှာ ရေးထားတာကို လှောင်တဲ့ ပုံစံမျိုးနဲ့ အတန်းထဲမှာ ချပြပါတယ်။ အမှန်အတိုင်းပြောရရင် အဲဒီဆရာမကို တော်တော်လေး အထင်သေးမိသွားခဲ့ပါတယ်။ ဒါတွေဟာ နိုင်ငံရေး ကြောင့် ပျက်စီးလာတဲ့ ပညာရေးစနစ် ကြောင့်ထင်ပါတယ်။
ဆရာမပြောတာ ဟုတ်ပါတယ်။ ကျောင်းထဲမှာ ဘိန်းဖြူလိုချင်ရင် လွယ်လွယ်လေးနဲ့ရပါတယ်။ ဘယ်မှာ ရှာရမလဲဆိုတော့ အေဒီလမ်းထဲက လူတွေနဲ့ ပေါင်းသင်းနေတဲ့ အဖွဲ့ကိုမေးလိုက်ရင် သိပါတယ်။ နောက်ပြီး ကျောင်းထဲက အိမ်သာမှာ မဟုတ်ရင် မှန်အမဲတွေကပ်ထားတဲ့ ကားတွေထဲမှာ သုံးပါတယ်။
အထက်တန်းကျောင်းမှာ စာကြည့်တိုက်သုံးခဲ့တဲ့ ကျွန်တော်ကတော့ စာကြည့်တိုက်ကိုရှာပြီး မေးခွန်းဟောင်းကို ငှားပြီး ကူးဖို့ကြိုးစားခဲ့ဖူးပါတယ်။ ဘိန်းဖြူဝယ်တာက စာကြည့်တိုက်က စာအုပ်ကို ငှားရတာထက် ပိုလွယ်နေပါသေးတယ်။
ကျောင်းမှာ တက်သမျှမှာ အဆောင်နေခဲ့ရလို့သာ အင်မတန်ပျော်ခဲ့တာ၊ မဟုတ်ရင် တက္ကသိုလ်တယ်ဆိုတာ ဘာမှကိုပျော်စရာရှိမှာ မဟုတ်ဘူး။
တကယ်တော့ ကျွန်တော်တို့ ရှိစဉ်ကတည်းက အခုချိန်ထိ တက်ကြွစွာ လှုပ်ရှားနေတယ့် ခြေလျင်နှင့်တောင်တက်အသင်း ဟာ ပျော်တမ်းအဖွဲဆိုပေမယ့် ကျောင်းသားတွေ လမ်းမှားမရောက်အောင်၊ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ အဲဒီလို ကိုယ်ဝါသနာပါရာကို လုပ်ခွင့်လည်း အင်မတန်နည်းခဲ့ပါတယ်။
အခုတော့ လုံးဝကို မရှိတော့တာပါ။ တခြားနိုင်ငံက ပညာရေးစနစ်တွေက တိုးတက်၊ ကျွန်တော်တို့ဆီမှာက ဆုတ်ယုတ်နေနေတာ… အာစီတူး ကိုမြင်တိုင်း၊ မိန်းထဲရောက်တိုင်း တကယ်ကို ခံစားရတယ်…
Post a Comment