Sunday, August 22, 2010

ပျောက်ဆုံးသွားတဲ့ သင်ရိုးညွှန်းတမ်း

သိန်းနိုင်

“ဘာသာရပ်ကြီး တစ်ခုလုံးကို ဖြုတ်ပစ်လိုက်ကြတာနော်။ မျိုးဆက် ၄ ခုလောက်တောင်ရှိနေပြီ။ နောက်ပိုင်းနှစ်တွေမှာလည်း ပြန်ထည့်ဖို့ကို မစဉ်းစားခဲ့ကြဘူး။ အခုထက်ထိ ဖြုတ်ထားကြတုန်း။ ဒါဟာ ပညာရေးဆိုင်ရာ ရက်စက်မှုပါ။ တာဝန်မဲ့မှုလည်းဖြစ်တယ်။ အခုတော့ ကျနော်တို့က ကျောင်းဆရာ ပြန်လုပ်ကြပေမယ့်လည်း ကိုယ်ကမသင်ခဲ့ရတဲ့အတွက် ဘယ်လိုပြန်သင်ပေးနိုင်မှာလဲ။”

အမြဲစွတ်စိုနေတတ်သော နယ်မြေဖြစ်သဖြင့် ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ စိမ်းစိုလန်းဆန်းလျက်။ ပင်လယ်ပြင်ကြီးကို အမှီပြုပြီး ၀မ်းစာရှာကြရရှာသော မိသားစုများ၏ ကလေးများအတွက် ကျောင်းများကို ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားကြခြင်းဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် မိုးဦးရာသီတွင် ရက်တို ဆရာအတတ်ပညာရေးသင်တန်းကို မြန်မာနိုင်ငံ၏ အစွန်အဖျား နယ်မြေတစ်ခုတွင် ကျင်းပ ပြုလုပ်ခွင့်ရရှိခဲ့သည်။ မြန်မာပြည်တွင်း အခြေခံပညာ စာသင်ကျောင်းများတွင် ကျောင်းဆရာတာဝန်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ဖူးသူများ အပါအ၀င် အသက်အရွယ်မျိုးစုံ ကျောင်းဆရာ၊ ဆရာမများ စုစုပေါင်း ၆၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။ ကလေးဖွံ့ဖြိုးမှုပညာ၊ ဉဏ်ရည်အထွေထွေ စွမ်းရည်အမျိုးမျိုး၊ ကလေးဗဟိုပြု စာသင်ကြားနည်းများ၊ အနုရသပညာရေး၊ သင်ရိုးညွှန်း တမ်းပညာနှင့် ပညာရေးစီမံခန့်ခွဲမှုတို့ကို ဦးစားပေးဆွေးနွေးဖြစ်ခဲ့သည်။ ကျယ်ပြန့်၊ မျှတသော ကျောင်းသင်ရိုးညွှန်းတမ်း တစ်စုံကို လိုအပ်နေသည့် ယင်းဒေသတွင် ဤကဲ့သို့သော သင်တန်းမျိုး၊ ဆွေးနွေးပွဲမျိုး ယခင်က မရှိခဲ့သေးပါ။ သို့ဖြစ်ပါ၍ သင်တန်း နည်းပြဆရာ ဆရာမများနှင့် သင်တန်းသူ၊ သင်တန်းသား ကျောင်းဆရာဆရာမများအတွက် လွန်စွာအားရ ကျေနပ်ဖွယ်ရာ ဖြစ်ခဲ့ပါသည်။ စုပေါင်း ဆွေးနွေးလေ့လာခြင်းဖြင့် အားလုံးအတွက် ပညာရေး အတွေးအမြင်သစ်များ၊ အကျင့်အကြံသစ်များ ရရှိခွင့်ကို ဖန်တီးနိုင်ခဲ့ကြပြန်သည်။

ပျောက်ဆုံးသွားတဲ့ သင်ရိုးညွှန်းတမ်း

သင်တန်း၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုလည်းဖြစ်၊ ရေရှည်လုပ်ငန်းစဉ်တစ်ခုအနေဖြင့်လည်းရှိနေမည့် သင်ရိုးညွှန်းတမ်း ပညာခေါင်းစဉ်ကို ဆွေးနွေးကြရာဝယ် မြန်မာ့ပညာရေး ရှုခင်းမှ ပျောက်ဆုံးသွားခဲ့လေသော ခေါင်းစဉ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြတော့၏။ ကျယ်ပြန့်၊ မျှတသော သင်ရိုးညွှန်းတမ်းကို မည်သို့တည်ဆောက်ကြပါမည်နည်း။ ဘက်စုံပညာရေးဟူသည် အဘယ်နည်း။ ပညာ၊ ပညာရေး၊ ကျောင်းပညာရေး၊ မူလတန်းပညာရေး စသည်တို့၏ အဓိပ္ပါယ်တို့ကို ဖွင့်ဆိုခြင်းဖြင့် စတင်ဆွေးနွေးရတော့သည်။ အခြေခံပညာရေး၏ ရည်မှန်းချက်ကို ရှင်းလင်းရတော့၏။

ဘာသာရပ်များဖွဲ့စည်းပုံနှင့် ၂၁ ရာစု အတွက် အခြေခံပညာသင်ရိုးညွှန်းတမ်းဖွဲ့စည်းမှုကိုဆွေးနွေးကြစဉ် သင်တန်းနည်းပြဆရာမှ အမှတ်မထင် မေးခွန်းတစ်ခုကို ကောက်ခါငင်ခါ မေးမြန်းလေသည်။
“အခုဒီသင်တန်းကို တက်ရောက်လာကြတဲ့ ကျောင်းဆရာဆရာမများထဲက ပြည်သူ့နီတိဘာသာရပ်ကို အခြေခံပညာ ကျောင်းနေတုန်းက သင်ယူခဲ့ဖူးတဲ့ ဆရာဆရာမများ ခေတ္တမတ်တပ် ရပ်ပေးကြပါ”
အားလုံးတဒင်္ဂမျှ တိတ်ဆိတ်ငြိမ်သက် သွားကြလေသည်။ တွေဝေစဉ်းစားနေကြပုံကို မြင်လိုက်ရပြန်သည်။ ထို့နောက် အသက်ကြီးကြီး ဆရာဆရာမကြီး ၇ ဦးခန့် ဖြည်းညင်းစွာ မတ်တပ်ရပ်လာကြသည်။ သင်တန်းဆရာအနေဖြင့် ဦးဆောင်ဆွေးနွေးနေသူမှ တစ်ခန်းလုံးကို စေ့ငုစွာ သုံးသပ်ကြည့်မိသည်။ ဆရာဆရာမ ၆၀ ဦးခန့်မှ အသက် ၆၀ ၀န်းကျင်ခန့် ၇ ဦးသာမတ်တပ်ထရပ်သည်မဟုတ်ပါလား။ သူတို့မျက်နှာများပေါ်တွင် ဆွေးမြေ့ လွမ်းဆွတ် နေကြဟန် ရှိသည်။ ကျန်ရှိနေသော ဆရာဆရာမ ၅၀ ကျော်မှာ မတ်တပ်ရပ်ပြသူ ဆရာဆရာမကြီးတို့ကို ငေးမောရင်း တစ်စုံတစ်ရာကို ကိုယ်စီ စဉ်းစားနေကြပုံ ပေါ်လွင်နေသည်။

အချိန်လည်းစေ့တော့မည်ဖြစ်သဖြင့် သင်တန်းဆရာမှအားလုံးကို ဤသို့ဆက်ပြောခဲ့လေသည်။
“ထိုင်နေကြတဲ့ ဆရာဆရာမများဟာ အသက်အရွယ်အားဖြင့် ၂၀ ကျော်၊ ၃၀ ကျော်၊ ၄၀ ကျော်၊ ၅၀ ကျော်တွေ အများစုဖြစ်တာ တွေ့ရပါတယ်။ အားလုံးလည်းပဲ မြန်မာနိုင်ငံပညာရေးကို ဖြတ်သန်းခဲ့ဖူးသူတွေချည်းဖြစ်တယ်။ အခုတော့ဖြင့် ကံအားလျှော်စွာ၊ ကံကောင်းစွာနဲ့ ဒီနေရာလေးမှာ ကျောင်းဆရာဆရာမများအနေနဲ့ တာဝန်ထမ်းဆောင်ခွင့် ရရှိနေကြတယ်။ ဒီနေ့တော့ သင်တန်းချိန် စေ့တော့မှာမို့လို့ အိမ်စာအနေနဲ့ ပေးလိုက်ချင်ပါတယ်။ ထိုင်နေတဲ့ ဆရာဆရာမများအနေနဲ့ ဘာဖြစ်လို့များ ပြည်သူ့နီတိဘာသာရပ်ကို အခြေခံပညာ ကျောင်းသားဘ၀မှာ သင်ယူလေ့လာခွင့် မရရှိခဲ့ကြတာလဲဆိုတာ အဖြေရှာလာကြဖို့ပါ။”
တီးတိုး ဆွေးနွေးသံများ ပေါ်ထွက်လာခဲ့၏။

သင်တန်း နည်းပြဆရာမှ ဆက်ပြောခဲ့သည်။

“လေးစားထိုက်တဲ့ ကျနော့်တို့ရဲ့ ၀ါရင့်ဆရာဆရာမကြီးများကိုလည်း အကူအညီတစ်ခု တောင်းပါရစေ။ ကျနော်တို့ကို စာသင်ကြားပေးခဲ့တာတွေအတွက် ကျေးဇူးစကားဆိုပါရစေ။ သို့သော်လည်းပဲ ကျနော်အပါအ၀င် ဒီခန်းမထဲမှာ ထိုင်နေကြတဲ့ ကျောင်းဆရာဆရာမများဟာ ပြည်သူ့နီတိဘာသာရပ်ကို အခြေခံပညာ ကျောင်းသားဘ၀မှာ သင်ယူလေ့လာခွင့် မရရှိခဲ့တာ သေချာတယ်။ အဲဒီအတွက် လွန်ခဲ့သော အနှစ် ၄၀ ကျော် တစ်ခေတ်တစ်ခါက ဆရာဆရာမကြီး သင်ယူလေ့လာခွင့် ရရှိခဲ့တဲ့ ပြည်သူ့နီတိ ဘာသာရပ်နဲ့ ပတ်သက်လို့ မနက်ဖြန်ခါ ပြန်လည်ပြောပြစေချင်ပါတယ်။ ဒီနေ့တော့ ဒီလောက်နဲ့ ရပ်နားကြရအောင်ပါ။ အားလုံး မင်္ဂလာပါ”

+++++

သင်တန်းနောက်တစ်ရက်တွင် သင်ရိုးညွှန်းတမ်းပညာ အချိန်စလျှင်စခြင်း ဆရာငယ်တစ်ဦးမှ စတင်ပြောဆိုလိုက်လေသည်။ ဤမြို့လေးတွင် သင်္ချာဆရာတစ်ဆူဖြစ်လေသူ ဆရာမောင်ခင်ဇော်ဖြစ်သည်။
“မနေ့က ဆရာခိုင်းလိုက်တဲ့ အိမ်စာကို စဉ်းစားလိုက်တာ အဖြေလည်းမရဘူး။ အိပ်လို့လည်း မပျော်ဘူး။ စာတွေသိပ်မသင်ခဲ့ရတော့ ကျနော်တို့ စာသိပ်မကျက်ခဲ့ရလို့ ကံအတော်ကောင်းခဲ့တယ်လို့တော့ စဉ်းစားမိ ပါတယ်။”

အားလုံး ပြုံးစိစိ ဖြစ်ကုန်ကြသည်။ မျက်နှာချင်းဆိုင်တွင်ထိုင်နေသော အစအနောက်သန်သည့် ဆရာမ မေကံ့ကော်မှ ဆရာမောင်ခင်ဇော် ဖက်သို့ လက်ညိုးထိုးပြီး ပြောလိုက်လေသည်။
“ဆရာခင်ဇော်ရဲ့ အဖိုး ပိဿာချိန်နဲ့ ရောင်းစားလိုက်တာ ပြည်သူ့နီတိစာအုပ်ကုန်သွားလို့ ကျမတို့ခေတ်မှာ ဆက်မသင်ရတာ ဖြစ်မယ်။ အခုလည်း သူ့အဖိုး အကျင့်အတိုင်းပဲ”
တစ်ခန်းလုံး တ၀ါးဝါး ပွဲကျသွားတော့၏။

အမြဲအတည်နေတတ်သူ ဆရာဦးလှဆောင်မှ မျက်မှန်တစ်ချက်ပင့်ပြီး တွေးတွေးဆဆပြော၏။ “ဒါဟာ ရက်စက်မှုတစ်ခုပဲလား ဆရာသိန်းနိုင်။ အမြဲလိုလို ကြားနေခဲ့ရတာကတော့ ဘက်စုံပညာရေးဆိုလားပဲ။ ကျနော်မနေ့ညက တစ်ညလုံးစဉ်းစားတယ်။ အခု အသက် ၅၀ နားနီးနေပြီ။ သို့ပေမယ့် အခြေခံပညာရေးကတည်းက မရလိုက်တဲ့ဟာ၊ မသင်ခဲ့ရတာနဲ့ အသိပညာ ချွတ်ယွင်းချက်တွေနဲ့ ရှင်သန်နေခဲ့တဲ့နှစ်တွေကို နှမျောသလိုပဲဗျာ”

စိတ်ဆတ်သည့် ကျောင်းဆရာဦးတိတ်က လက်သီးလက်မောင်းတန်းလျက် ဒေါသတကြီး ၀င်ရောက် ဆွေးနွေးပြန်သည်။ “ဘာသာရပ်ကြီး တစ်ခုလုံးကို ဖြုတ်ပစ်လိုက်ကြတာနော်။ မျိုးဆက် ၄ ခုလောက်တောင်ရှိနေပြီ။ နောက်ပိုင်းနှစ်တွေမှာလည်း ပြန်ထည့်ဖို့ကို မစဉ်းစားခဲ့ကြဘူး။ အခုထက်ထိ ဖြုတ်ထားကြတုန်း။ ဒါဟာ ပညာရေးဆိုင်ရာ ရက်စက်မှုပါ။ တာဝန်မဲ့မှုလည်းဖြစ်တယ်။ အခုတော့ ကျနော်တို့က ကျောင်းဆရာ ပြန်လုပ်ကြပေမယ့်လည်း ကိုယ်ကမသင်ခဲ့ရတဲ့အတွက် ဘယ်လိုပြန်သင်ပေးနိုင်မှာလဲ။”
အားလုံးပြန်ငြိမ်ကျသွားပြန်လေသည်။ နည်းပြဆရာဖြစ်သူမှ ၀ါရင့်ဆရာဆရာမကြီးများဖက်သို့လှည့်ပြီး ဆွေးနွေးပေးရန် မေတ္တာရပ်ခံခဲ့သည်။

“အခုလို အမြင်တွေကို တင်ပြပေးတာ ကျေးဇူးတင်ပါတယ်။ အခြေခံပညာရေးမှာကတည်းက ပြည်သူ့နီတိ ဘာသာရပ်ကို သင်ယူခွင့်ရရှိ ခဲ့ကြတဲ့ ဆရာဆရာမကြီးများမှ အတွေ့အကြုံတွေကို ဝေမျှပေးစေချင်ပါတယ်။ ဆရာဆရာမကြီးတို့ ငယ်စဉ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား ဘ၀တုန်းက ပညာရေး အခြေအနေကို အားလုံးလည်း သိချင်နေကြပါတယ်”

ပြည်နယ်အဆင့်မှာ ပညာရေးမှူးလုပ်ခဲ့ဖူးသူ အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ ဆရာကြီး နိုင်ပညာမွန်မှ မတ်တပ်ရပ်ပြီး အားလုံးမြင်နိုင်စေရန် စာအုပ်ငယ်တစ်အုပ်ကို မြှောက်ပြလိုက်သည်။ သင်တန်းသူသင်တန်းသားများနှင့် နည်းပြဆရာများမှာ ဆရာကြီးကိုင်ထားသည့် စာအုပ်ငယ်ကို စိတ်ဝင်တစား မော့ကြည့်နေကြသည်။ ပိန်ပိန်ပါးပါး အငြိမ်းစား မြန်မာ့ပညာရေးသမားကြီးဆီမှာ ရင်ဖွင့်ပြောပြစရာ တစ်ခုမဟုတ် တစ်ခု အမြဲပင် ရှိနေတတ်လေသည်။

“အဟမ်း... အားလုံးကို လေးစားပါတယ်။ ကျနော်ပြည်နယ်ပညာရေးမှူး လုပ်ခဲ့တဲ့နှစ်တွေတလျှောက်လုံးမှာ မြိုသိပ်ထားခဲ့ရတဲ့ အရာတစ်ခုကို ဒီကနေ့တော့ ပြောပြပါမယ်။ ဒါဟာ အခြေခံပညာဦးစီးမှာ ဆွေးနွေးခဲ့ဖူးတာလည်း ဖြစ်ပါတယ်။ စာသင်ခန်းတွေအထိ ပြန်မရောက်ခဲ့ တာကတော့ အင်မတန်မှ ၀မ်းနည်းစရာပါ။ အခုကျနော်ကိုင်ထားတဲ့ စာအုပ်လေးရဲ့နာမည်က - ပြည်သူ့နီတိ - ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ကျနော့်ရဲ့ အိမ်က စာအုပ်သေတ္တာလေးမှာ သိမ်းဆည်းထားခဲ့တာပါ။ အနှစ် ၅၀ နီးပါးရှိနေပြီ။ ကျနော် အခြေခံပညာကျောင်းသားဘ၀က သင်ယူခဲ့ရတဲ့ ပြဌာန်းစာအုပ်လေးလည်းဖြစ်တယ်။ စာပေဗိမာန် ပုံနှိပ်တိုက်က ၁၉၅၆ ခုနှစ်မှာ ဒုတိယအကြိမ် ထုတ်ထားတဲ့ဟာပါ။ နောက်ဆုံးထုတ်ဝေခဲ့တာလည်း ဖြစ်မယ်။ ကျနော်တို့ ခေတ်တုန်းက သတ္တမတန်းကနေ ဧကာဒသမတန်းအထိ လေ့လာခဲ့ရတယ်။”

ထိုင်ပြီး ငေးမော နားထောင်နေသူတို့အကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ကျွတ်စီကျွတ်စီဖြင့် ဆွေးနွေးသံအချို့ ပေါ်ထွက်လာပြန်သည်။

“ကျောင်းဆရာလုပ်လာတာ အနှစ် ၂၀ နီးပါးတောင်ရှိနေပါပြီ။ တစ်ခါမှ ဒီစာအုပ်ကို မတွေ့ခဲ့ဖူးဘူး။” နယ်မြေတွင်းရှိ ကျောင်းအားလုံး၏ လူမှုရေး ဘာသာရပ်မှူးဖြစ်သူ ဆရာမြေမှ ပြောလိုက်ခြင်းဖြစ်သည်။
“အဲဒီ ပြည်သူ့နီတိစာအုပ်မှာ ဘာတွေရေးထားသလဲ သိချင်ပါတယ်။” တစ်ခုခုကို သိချင်တိုင်း မျိုသိပ်မထားတတ်ပဲ ချက်ခြင်းမေးတတ်သူ သမိုင်းဆရာမဒေါ် မိုးသီတာပြည့်မှ သိချင်ဇောကြီးစွာနှင့် မေးမြန်းလေတော့သည်။ အားလုံးမှာလည်း သိချင်နေကြသည်မဟုတ်လား။

ဆရာကြီးနိုင်ပညာမွန်မှ ဆက်ပြောပြနေခဲ့လေသည်။
“စာမျက်နှာ ၁၄၀ နီးပါးရှိတဲ့ ဒီစာအုပ်ဟာ အခြေခံပညာအထက်တန်းဆင့်အတွက် ပြဌာန်းခဲ့တာပါ။ အခန်း ၁၃ ခန်း ပါရှိပါတယ်။ အဲဒီအခန်းခေါင်းစဉ်တွေကို ပြောပြပေးပါမယ်။
အခန်း (၁) ပြည်သူ့နီတိ အဓိပ္ပါယ်နှင့် အခြေခံသဘော
အခန်း(၂) ပေါင်းသင်းဆက်ဆံမှုနှင့် လူ့အစည်းအရုံး
အခန်း (၃) နိုင်ငံသားနှင့် သူ၏ အရည်အချင်းများ
အခန်း (၄) နိုင်ငံသားနှင့် ဆန့်ကျင်သော သဘောတရားများ
အခန်း (၅) နိုင်ငံသား၏တာဝန် ၀တ္တရားများ
အခန်း (၆) နိုင်ငံသား၏ အခွင့်အရေးများ
အခန်း (၇) နိုင်ငံတော်နှင့် အစိုးရ
အခန်း (၈) နိုင်ငံအစိုးရတို့ တာဝန်များ
အခန်း (၉) နိုင်ငံတော်၏ အခြေခံမူများ
အခန်း (၁၀) နိုင်ငံတော် ဖွဲ့စည်းပုံ
အခန်း (၁၁) နိုင်ငံတော်သမတနှင့် ပါလီမန်
အခန်း (၁၂) ပြည်ထောင်စု အစိုးရ
အခန်း (၁၃)လွတ်လပ်ရေး ကျေညာစာတမ်း

ဒီခေါင်းစဉ်တွေကို ကျနော်တို့ အသေအချာဖတ်ရှုလေ့လာပြီး စာသင်ခန်းတွေမှာ ဆွေးနွေးခွင့်လည်း ရရှိပါတယ်။ အဲဒီခေတ်က နိုင်ငံရေးနဲ့လည်း ဆက်စပ်ပြီးတော့ စာသင်ခန်းတွင်းမှာ ဆွေးနွေးကြသေးတယ်။ ဥပမာ ဖွဲ့စည်းပုံက မမျှတသေးတာတွေ၊ ဘက်လိုက်ထားတာတွေ။ နောက်ပြီးတော့ တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေ၊ ဒါတွေကို အထက်တန်းအဆင့် စာသင်ခန်းတွေမှာ ဆွေးနွေးဖလှယ်ကြတယ်။ မတူတဲ့အမြင်တွေကိုလည်း တလေးတစား နားထောင်ကြရတယ်။”

“ဟင်.. အဲဒီခေါင်းစဉ်တွေ နိုင်ငံရေးခေါင်းစဉ်တွေလိုပဲ။ ကျောင်းသူကျောင်းသားတွေနဲ့ ဘာဆိုင်လို့လဲ။ ပျင်းစရာကြီးတွေ။ ဘာဖြစ်လို့ သင်ခဲ့ရတာလဲဆရာကြီး။ ပညာရေးနှင့် နိုင်ငံရေးဘာဆိုင်လို့တုန်း”
ပညာရေးနှင့် မသက်ဆိုင်သည်များကို အချိန်ကုန်ခံပြီး ဆွေးနွေးနေသည်ဟု ထင်မြင်ယူထားသော ဆရာမ ဒေါ်နီနီမှ သည်းမခံနိုင်သည့် မျက်နှာထားနှင့် မေးမြန်းလိုက်သည်။ ခန်းမထဲမှ အချို့ မှာ ဇဝေဇ၀ါမျက်နှာများနှင့်။ သူတို့ဖြတ်သန်း လာခဲ့သည့် ပညာရေးခရီးလမ်းတွင် တစ်ခါမှ မကြားခဲ့ဘူးသော ခေါင်းစဉ်များဖြစ်နေ၍လည်း သံသယစိတ်တို့ ရှိသည်မှာ ပေါ်လွင်နေသည်။ အချို့မှာ စိုးရိမ်ကြောင့်ကြသော မျက်နှာများကို ဖုံးဖိမရ။ အချို့လည်း နည်းပြဆရာဖက်သို့ ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသည်။

အငြိမ်းစား အထက်တန်းကျောင်းအုပ်ဆရာကြီးတစ်ဦးဖြစ်သူ ဦးဘအောင်မှ မတ်တပ်ရပ်လိုက်ပြီး ဆရာကြီး နိုင်ပညာမွန်ထံမှ ရှင်းပြခွင့် တောင်းခံလိုက်သည်။
“ဆရာကြီး ခေတ္တနားပါခင်ဗျား၊ ကျနော့်ကို ဆက်ရှင်းပြခွင့်ပြုစေလိုပါတယ်။ ကျနော်လည်းပဲ တစ်သက်လုံးမြိုသိပ် ခံစားခဲ့ရသူပါ။ တရားဝင်ဖွင့်ပြောပြခွင့်လည်း မရှိခဲ့ဘူး။ အခုတော့ ဒီနေရာလေးမှာ ကျနော်တို့ ဘ၀ရဲ့ ဆည်းဆာချိန်မှာ ကံကြုံလို့ဆုံဆည်းကြရတဲ့ လုပ်ဖော်ကိုင်ဖက် ပညာရေးသမားငယ်များကို အမြင် ရှင်းပြခွင့်ပြုစေချင်တယ်။”

အားလုံးမှ ဆရာကြီး ဦးဘအောင် ဆက်ပြောမည့်စကားတို့ကို စောင့်မျှော်နေကြသည်။ ဖြည်းညှင်းချိုသာစွာ ပြောဆိုတတ်သည့် ဆရာကြီးမှာ တစ်မြို့လုံးက လေးစားရသူတစ်ဦးလည်းဖြစ်သည်။ နှစ်ပေါင်း ၄၀ နီးပါး ပညာရေးဝန်ထမ်းဘ၀ကို ဖြတ်သန်းခဲ့သူပီသစွာ ပညာရေးအပေါ် သံယောဇဉ်ကြီးလွန်းလှသည်။
“တကယ်တော့ ပြည်သူ့နီတိဘာသာရပ်နဲ့ ဒီခေါင်းစဉ်တွေဟာ သိပ်ကို အရေးကြီးလွန်းပါတယ်။ ပညာရေးနဲ့ နိုင်ငံရေးဟာ ခွဲခြားဖယ်ထုတ် ထားလို့မရပါဘူး။ ပညာရေးသည်ပင်လျှင် နိုင်ငံရေးဖြစ်သလို၊ နိုင်ငံရေးဟာလည်း ပညာရေးနှင့် တန်ဆာဆင်နိုင်မှသာလျှင် တင့်တယ်ပါ တယ်။ လေးနက်မှုကို ရရှိနိုင်ပါတယ်။ သိသင့်သိအပ်သော ခေါင်းစဉ်များဖြစ်လို့ ပြည်သူ့နီတိဘာသာရပ်ကို သင်ယူဖူးမှသာလျှင် နိုင်ငံသား ဖြစ်ရကျိုးနပ်ပါမယ်။ အသက်ရှင် နေထိုင်ရကျိုးနပ်ပါတယ်။ သာမန်သိရုံမျှနဲ့လည်း မလုံလောက်သေးပြန်ဘူး။ လက်တွေ့ဘ၀ထဲမှာ ပြန်လည် အသုံးချဖို့လည်း လေ့လာခဲ့ကြတယ်။ ပညာရှိကြီးတွေမိန့်ဆိုခဲ့တယ်။ သူ့အလိုအလျှောက်တော့ လူငယ်တွေဟာ နိုင်ငံ့သားကောင်းတွေ ဖြစ်မလာနိုင်ဘူးတဲ့။ လေ့ကျင့် သင်ကြားပေးမှသာ၊ အသိပညာနှင့် အကျင့်အကြံတို့ကို ရရှိမယ်။ တာဝန်သိမယ်။ အခွင့်အရေးတို့၊ ရပိုင်ခွင့်တို့ကို လေးစားလိုက်နာမယ်။ မိမိနဲ့ သူတစ်ပါး အကျိုးကို မျှတစွာ သယ်ပိုးလိုမယ်။ ရပ်ကျိုးရွာကျိုး၊ တိုင်းကျိုးပြည်ပြု လုပ်ရပ်တွေအပေါ်မှာ တန်ဖိုးထားနိုင်မယ်။ ပါဝင်ဆောင် ရွက်လိုစိတ်ဖြစ်ပေါ်မယ်။ တနည်းအားဖြင့်လည်း နိုင်ငံသား ပညာရေးလို့ ခေါ်ဆိုကြတဲ့ ဒီပညာရပ်ကို သင်ကြားထားမှသာလျှင် လေးနက်တဲ့ တန်ဖိုးရှိတဲ့၊ အသိပညာရှိတဲ့ နိုင်ငံသားတွေဖြစ်လာကြမယ်။ ”

“ဘာဖြစ်လို့ အခြေခံပညာရေးမှာကတည်းက လေ့ကျင့်သင်ကြားပေးရမှာလဲ။ အခြားသင်ယူစရာတွေက တပုံတပင်ကြီး။ လက်ရှိသင်ရိုးကိုတင် မနည်းကုန်အောင်သင်ပေးနေရတယ်။” ဆရာသီဟမှ အထွန့်တက် မေးမြန်းလာသည်။

မြန်မာနိုင်ငံစာစစ်အဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အငြိမ်းစားဆရာမကြီး ဒေါ်တင်တင်ဝင်းက ဖြေကြားပေးရန် သင်တန်းနည်းပြ ဆရာလေးမှ မေတ္တာရပ်ခံလိုက်သည်။ မဆိုင်းမတွပင် ဆရာမကြီးမှ ထရပ်လိုက်ပြီး ကြည်လင်ခန့်ငြားသော မျက်နှာတွင် အပြုံးပန်းဆင်၍ ဖြေကြားပေးခဲ့သည်။

“ငယ်ရွယ်နုပျိုတဲ့ စိတ်နှလုံးတွေကိုသာလျှင် ပုံဖော်ထုဆစ်ရတာ လွယ်ကူပါတယ်။ ဖယောင်သားလေးတွေလို လိုလားအပ်တဲ့ စိတ်အခြေခံ ယဉ်ကျေးမှုကို လေ့ကျင့်ပေးရလွယ်တယ်။ ကြီးမှဆို သိပ်ခက်သွားပြီ။ ပြည်သူ့နီတိပညာရပ်ဟာ ဘ၀ထဲကို ရောက်ဖို့လိုအပ်တယ်။ ကလေးတိုင်း၊ လူကြီးတိုင်း၊ နိုင်ငံသားတိုင်းရဲ့ ရင်ဘတ်ထဲမှာ ပါသွားဖို့လိုအပ်တယ်။ ဒီမိုကရေစီယဉ်ကျေးမှုပေါ်ထွန်းဖို့၊ ဒီမိုကရေစီစနစ် တည်ဆောက်ဖို့ဆိုတာ အဲဒီနီတိတွေပြည့်နေတဲ့ ရင်ဘတ်တွေနဲ့ တည်ဆောက်ရမှာဖြစ်လို့ပါပဲ။”

“ဆရာမကြီး ဥပမာလေး တစ်ခုလောက်ပေးပါ” ဆရာမကြီးမှာ ဥပမာ၊ ဥပမေယျတို့ဖြင့် စကားပြောကောင်းသူ ဖြစ်သည်ကို သိထားသည့် တပည့်ဟောင်းတစ်ဦးဖြစ်သူ ဆရာမဒေါ်လင်းလင်းဖြူမှ တောင်းဆိုလိုက်သည်။

“ဟုတ်ကဲ့ပါ။ ပြောပြပါမယ်။ နိုင်ငံရဲ့ မှန်ကန်တဲ့ ဖွဲ့စည်းမှုကို သိဖို့လိုအပ်တယ်။ ပကတိအရှိတရားတွေကို နားလည်ထားကြရမယ်။ အဲဒါနဲ့လည်းမပြီးသေးဘူး။ ဆွေးနွေးပြောဆိုနိုင်တဲ့ နိုင်ငံသားတွေဖြစ်လာဖို့၊ လေးစားစွာ နားထောင်တတ်တဲ့သူတွေဖြစ်လာဖို့က လိုအပ်ပြန်တယ်။ အဲဒါမှသာ အကျိုးရှိတဲ့ ဆွေးနွေးဝိုင်းဖြစ်မယ်။ အကျိုးရှိတဲ့ လုပ်ရပ်ရလာမယ်။ စုပေါင်းလုပ်ဆောင်နိုင်မယ်။”
“ဒီပညာရပ်ကို မသင်ယူခဲ့ရပေမယ့်လည်း ကျမတို့ အခုလိုစုပေါင်းပြီး လုပ်ဆောင်နိုင်ကြတာပဲ မဟုတ်ဘူးလား ဆရာမကြီး” သင်တန်းသူတစ်ဦးဖြစ်သူ ဆရာမ နုဝါအောင်မှ မေးမြန်းပြန်သည်။ အသံအချို့ ပေါ်ထွက်လာပြန်သည်။ မျက်နှာအချို့မှာ ပြုံးစစနှင့်။

သင်တန်းနည်းပြဆရာလေးမှာ နယ်မြေနောက်ခံကို ကြိုတင်လေ့လာထားသဖြင့် သိထားနှင့်သည်။ ကျောင်းစုစုပေါင်း ဆယ်ဂဏန်းမျှ သာရှိသည့် ဤမြို့လေးတွင် ကျောင်းတို့ကို အားလုံး မစုစည်းနိုင်သေး။ ပညာရေးခေါင်းဆောင် ဆရာဆရာမများ အချင်းချင်းပင်လျှင် မျက်နှာချင်းဆိုင်ပြီး ဆွေးနွေးပြောဆိုရန် ၀န်လေးနေကြဆဲ။ စည်းလုံးညီညွတ်မှုဆိုသည်ကို မတည်ဆောက်တတ်ကြသေး။ ထို့အတွက် စုပေါင်းပြီးလုပ်ဆောင်နိုင်ကြသည်ဟု ဒေါ်နုဝါအောင်မှ ပြောသည်ကို အားလုံးမှ လက်မခံသည့် သဘောဖြင့် ပြုံးစစ ဖြစ်ကြခြင်းပင်။ သူမကိုယ်တိုင်လည်း ကျန်သူများကို ကြည့်ပြီး ခစ်ကနဲ အသံထွက်အောင် ရယ်မောမိလိုက်သည်။ သူမ ပြောတာ လောကြီးသွားသည်ကို နောင်တရချင်ချင်။ ဆရာဆရာမအများစုမှာ ပြည်သူနီတိကို မသင်ယူခဲ့ကြရသဖြင့် သူမတို့နယ်မြေတွင်း စည်းလုံးညီညွတ်မှုကို မတည်ဆောက်နိုင်ခြင်း ဖြစ်တန်ရာသည်ဟူ၍လည်း ဆက်လက်တွေးတောနေတော့သည်။

အငြိမ်းစားပြည်နယ် ပညာရေးမှူးဆရာကြီး နိုင်ပညာမွန်မှ အတွင်းစာမျက်နှာအချို့ကို လှန်ပြရင်း ထပ်မံဝင်ရောက် ဆွေးနွေးသည်။

“ပြည်သူ့နီတိ ဘာသာရပ်ဟာ တိုင်းသူပြည်သား တစ်ဦးအနေနဲ့ တိုင်းသူပြည်သားကောင်းဖြစ်လာဖို့ရာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးစနစ် စတဲ့ဟာတွေမှာ တတ်သိလိမ္မာအောင် အုတ်မြစ်ချပေးသော အဓိပ္ပါယ်ရှိပါတယ်။ မတူညီတဲ့နိုင်ငံရေးစနစ်တွေအကြောင်း - ဥပမာ အရင်းရှင်စနစ်၊ ကွန်မြူနစ်စနစ်၊ ဆိုရှယ်လစ်စနစ်နဲ့ မူဝါဒတွေကို သိနားလည်လာမယ်။ အုပ်ချုပ်ရေးစနစ်အမျိုးမျိုးအကြောင်း၊ ဒေသန္တရအုပ်ချုပ်ရေးတို့ကို သိမြင်လာမယ်။ ဟောဒီမှာ စာမျက်နှာ ၁၃ မှာ စာသင်ခန်းတွင်း လေ့ကျင့်ရန် မေးခွန်းတွေထဲက နံပါတ် ၈ မေးခွန်းကို ဖတ်ပြပါမယ်။ - ဒီမိုကရေစီ၏ လုပ်ငန်းအောင်မြင်မှုသည် ပြည်သူ၊ ပြည်သားများ၏ အသိတရားနှင့် အလုပ်တရားများအပေါ်တွင် တည်ရှိ၏-ဆိုသော စကား၏ အမှားအမှန်ကို ဝေဖန်ပြပါ-ဆိုပြီးပါတယ်။ အဲဒီလိုမေးခွန်းမျိုးကို ၀ိုင်းဝန်းဆွေးနွေး ကြရတယ်။”

“မူလတန်းကတည်းက သင်ပေးလို့ မရဘူးလားဆရာကြီး” သင်္ချာဆရာဦးခင်ဇော်မှ မေးမြန်းပြန်သည်။
ဆရာကြီးမှ ကိုယ်ကို ကိုင်းညွတ်လိုက်ပြီး “သိပ်ကို ကောင်းတဲ့မေးခွန်းပါ။ ပညာရေးရဲ့ အဆင့်တိုင်းမှာကို သင့်တော်ကိုက်ညီတဲ့ပုံစံနဲ့ လေ့ကျင့်ပေးကြရတယ်။ မူလတန်းမှာကတည်းကကို ပြည်သူ့နီတိ ဘာသာရပ်ဟာ စတင်ပါတယ်။ ကလေးငယ်တွေကို ဆက်ဆံရေး၊ အပြောအဆို၊ အမူအယာ လေ့ကျင့်သင်ကြားပေးတာကနေ စတင်ရပါတယ်။” ဟုရှင်းပြ၏။

သင်တန်းကို စီစဉ်သူတစ်ဦးဖြစ်သူ အာကျန်ဆွန်မှ သူ၏ထိုင်းနိုင်ငံပညာရေး အတွေ့အကြုံတို့ကို ဝေမျှပေးသည်။ “ယဉ်ကျေးမှု၊ စာရိတ္တနဲ့ အုပ်ချုပ်ရေးကိုသိဖို့ရယ်၊ စီးပွားရေးအခြေခံကိုသိဖို့အတွက်ကို မူလတန်းကတည်းက သင်ရိုးညွှန်းတမ်းနဲ့ စနစ်တကျ တည်ဆောက် ထားတယ်။ ၄ နှစ်တကြိမ် သင်ရိုးညွှန်းတမ်းကို ပြောင်းတိုင်းလည်း မွမ်းမံတယ်။ ပြင်ဆင်ဖြည့်စွက်ကြတယ်။ စနစ်တွေကို လေ့လာခွင့်ရရှိတယ်။”

အိန်္ဒိယနိုင်ငံနှင့် အခြားသော ဒီမိုကရေစီတိုင်းပြည်များ၏ သင်ရိုးညွှန်းတမ်းတို့ကို လေ့လာထားသူ ဆရာကြီးဦး ဇော်မင်းမှ ၀င်ဆွေးနွေးပြန်သည်။

“ဒီမိုကရေစီတိုင်းပြည်တိုင်းမှာ တူညီတဲ့အချက်တစ်ခုရှိတယ်။ သူတို့ပညာရေးဟာ ဒီမိုကရေစီစနစ် ရှင်သန်နိုင်ဖို့ကို အဓိကထား ပြင်ဆင်ပေးတာပါ။ နိုးကြားတက်ကြွတဲ့နိုင်ငံသားဖြစ်လာဖို့ကို မျှော်လင့်ကြတယ်။ ဒါမှလည်း ရပ်ရွာအကျိုးကို တာဝန်ယူလိုစိတ်နဲ့ တက်တက်ကြွကြွ သယ်ပိုးကြမယ်လေ။ နောက်ပြီးတော့ အခွင့်အရေးကို သိနားလည်ပြီး ကိုယ်ချင်းစာတရားထားတတ်ဖို့ သင်ပေးကြတယ်။ အတန်းကြီးလာတဲ့အခါမှာတော့ လွန်ခဲ့တဲ့ အနှစ် ၅၀ က မြန်မာပြည်မှာ သုံးခဲ့ဖူးတဲ့ ပြည်သူနီတိ (အထက်တန်းဆင့်) ဘာသာရပ်မှာပါတဲ့ အကြောင်းအရာတွေကို ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပေးကြတာပေါ့။”

အတွေ့အကြုံရှိသူ ၀ါရင့်ဆရာဆရာမကြီး၏ ဖြတ်သန်းမှုကို လေ့လာခွင့်ရရှိသည်မှာ တန်ဖိုးမဖြတ်နိုင်ပါ။ သို့သော် နေ့လည်စာသုံးဆောင်ရန် အချိန်ကျလေပြီ။ နည်းပြဆရာမှ နှုတ်ဆက်ပြီးတန်းဖြုတ်သော်ငြားလည်း ဆွေးနွေးပွဲက မရပ်တန့်နိုင်သေး။ နေ့လည်စာ စားသုံးရင်း အုပ်စုငယ်များအလိုက် ဆက်လက်ဆွေးနွေးလို့ နေကြပြန်ပါသည်။

ပညာရေးသမားများ၏ ဤကဲ့သို့ ဆွေးနွေးပြောဆိုမှုများ၊ စုပေါင်းလေ့လာမှုများ၊ ပွင့်လင်းလွတ်လပ်သော စိတ်ထားများဖြင့် စုစည်း ညီညာမှုများမှတဆင့် မြန်မာ့ပညာရေးရှုခင်းမှ ပျောက်ကွယ်ခဲ့ရလေသော “ပြည်သူ့နီတိ၊ နိုင်ငံသားပညာရေး” ဘာသာရပ်ကြီးကို စာသင်ခန်းများအတွင်း ပြန်လည် အသက်သွင်းပေးနိုင်မည်ဟု ယုံကြည် မျှော်လင့်လျက်လည်း ရှိနေကြလေသည်။

သိန်းနိုင်
(မောက္ခပညာရေး မဂ္ဂဇင်းအမှတ် ၃ သြဂုတ်လ၊ ၂၀၁၀)

3 comments:

ဟန်ကြည် said...

ကိုသိန်းနိုင်ရေ...
အဲဒီစာအုပ်လေးရှိရင် တင်ပေးစေချင်ပါတယ်...ကြားဖူးရုံပဲရှိတာမို့ ဖတ်ကြည့်ပြီး အသုံးချချင်စိတ်ဝင်လာတာကြောင့်ပါ..

လေးစားလျက်ပါ...

မြန်မာကျောင်းဆရာ said...

ကိုဟန်ကြည်ရေ၊
စာအုပ်မူရင်းတော့ရှိပါတယ်။
pdf အနေနဲ့ တင်ဖို့ကြိုးစားနေပါတယ်။
အခြားသောနေရာတွေမှာ pdf. ဖိုင်ရှိရင် အသံပြုကြပါဦး။
သြဂုတ်လ မောက္ခပညာရေးမဂ္ဂဇင်း အမှတ် (၃) မှာ နိုင်ငံသားပညာရေး citizenship education ကို အထူးကဏ္ဍအနေနဲ့ တင်ဆက်ထားပါတယ်။ ဆောင်းပါး ၆ ပုဒ် စုစည်းမှုပါ။

ခင်မင်လျက်

သိန်းနိုင်
တာဝန်ခံအယ်ဒီတာ
www.maukkha.org

ကိုတင့် said...

တိုးတက်တဲ့နိုင်ငံ၊ ဒီမိုကရေစီနိုင်ငံတွေမှာ ဒါမျိုးတွေ ငယ်ငယ်ကတည်းကသင်ပါတယ်။ ဆွေးနွေးတာတွေလဲလုပ်ပါတယ်။

 

© 2007 IngridGrey By Arephyz