Saturday, August 29, 2009

ကလေးသူငယ် ပြုစုပျိုးထောင်ခြင်း - ကိုယ်ကာယစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး

ကလေးသူငယ်များရဲ့ ကိုယ်ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုဟာ တခြားစွမ်းရည်တွေဖြစ်တဲ့ နားလည်မှု စွမ်းရည်၊ မိမိကိုယ်ကို ယုံကြည်မှုနဲ့ လူမှုဆက်ဆံရေး စွမ်းရည်တွေအပေါ်မှာ အကျိုးသက်ရောက်မှု ရှိပါတယ်။ ကလေးငယ်လေးတွေ စပြီး တွားသွားလာတာ၊ တတောက်တောက်လျှောက်လာတာလေးတွေဟာ သူတို့ရဲ့ အမှီအခိုကင်းကင်းနဲ့ ရပ်တည်လာနိုင်မှုအတွက် ပထမဆုံး ကြိုးပမ်းအားထုတ်တာလေးတွေပါ။ ကလေးငယ်လေး စပြီး တွားသွားလာတာနဲ့ မိဘဆွေမျိုးတွေက ကလေးငယ် ရွေ့လျားနိုင်မယ့် ပတ်ဝန်းကျင်သစ်လေးကို ဖန်တီးပေးရပါမယ်။ အန္တရာယ်ဖြစ်စေနိုင်မယ့် ပစ္စည်းတွေကို ဖယ်ရှားပေးတာ၊ သူ့အတွက် ကစားစရာ နေရာ သတ်မှတ်ပေးတာလေးတွေ ပြုလုပ်ပေးရပါမယ်။ ဒါမှလဲ ကလေးငယ်လေးရဲ့ ကိုယ်ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။



ကလေးငယ်ရဲ့ ကိုယ်ကာယကြီးထွားမှုနှုံးဆိုတာ ကိုယ်ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကွာခြားပါတယ်။ ကိုယ်ကာယကြီးထွားနှုန်းဆိုတာက ကလေးရဲ့ အရပ်နဲ့ အလေးချိန်ကြီးထွားမှုနဲ့ ဆက်စပ်တာဖြစ်ပြီး၊ ကိုယ်ကာယဖွံ့ဖြိုးတိုးတက်ရေးကတော့ ကိုယ်ခန္ဓာကို ထိန်းချုပ်ရွေ့လျားနိုင်မယ့် စွမ်းရည်နဲ့ ဆိုင်ပါတယ်။ ကလေးငယ်ရဲ့ ကိုယ်ကာယစွမ်းရည် တိုးတက်မှုကို ပညာရှင်တွေက တိုးတက်မှုပုံသဏ္ဍာန်တွေ ခွဲခြားသတ်မှတ်ခဲ့ကြပါတယ်။ ဒီသဏ္ဍာန်တွေကတော့

(၁) ရိုးရှင်းမှုမှသည် ရှုပ်ထွေးမှုဆီသို့
ကလေးငယ်လေးဟာ လမ်းမလျှောက်နိုင်ခင်မှာ မတ်တပ်အရင်ရပ်တာ၊ ခုန်ပေါက်ပြေးလွှားတာတွေ မလုပ်နိုင်ခင်မှာ လမ်းအရင်လျှောက်တာတွေကို ဆိုလိုတာ ဖြစ်ပါတယ်။

(၂) ဦးခေါင်းမှ သည် ခြေဖျားဆီသို့
ကလေးငယ်လေးရဲ့ တိုးတက်မှုက ခေါင်းကနေ စတင်ပါတယ်။ ဦးခေါင်းကို ဘယ်ညာ လှည့်လာတာကနေ လက်ကလေးတွေ လှုပ်တာ၊ ခြေထောက်လေးတွေ လှုပ်လာတာလေးတွေနဲ့ အဆင့်ဆင့် တိုးတက်လာပါတယ်။

(၃) အတွင်းမှ အပြင်သို့
ကလေးငယ်လေးဟာ သူ့လက်လေးတွေကို အသုံးပြုတဲ့အခါမှာ အရာဝတ္ထုပစ္စည်း (ဥပမာ- အရုပ်၊ သော့တွဲ) တခုကို လိုချင်တဲ့အခါ ဒီပစ္စည်းဆီ ရောက်အောင် အရင် လက်က လှမ်းပါတယ်။ နောက်မှ ကောက်ယူနိုင်တဲ့အထိ အဆင့်ဆင့် တိုးတက်သွားပါတယ်။

(၄) ယေဘုယျမှသည် သီးခြားဆီသို့
အရမ်းငယ်တဲ့ ကလေးငယ်လေးတွေဟာ သူတို့ရဲ့ ကျေနပ်ပျော်ရွှင်မှုကို ယေဘုယျတုန့်ပြန် တာလေးတွေဖြစ်တဲ့ မျက်လုံးလေးကျယ်လာတာ၊ လက်ကလေးနဲ့ ခြေထောက်ကလေးတွေကို ဝှေ့ယမ်းတာနဲ့ ပြသပါတယ်။ အရွယ်နည်းနည်း ရလာတဲ့ အခါကျတော့ သူတို့ရဲ့ ပျော်ရွင်မှုကို ပြုံးပြတာ၊ လက်ခုပ်တီးပြတာလေးတွေနဲ့ အခြေအနေ၊ အချိန်အခါအလိုက် ပြုလုပ်တတ်လာပါတယ်။

ဒီလို သဏ္ဍာန်အမျိုးမျိုးနဲ့ ကိုယ်ကာယစွမ်းရည်တိုးတက်မှုမှာ စွမ်းရည်အမျိုးအစားနှစ်မျိုးရှိပါတယ်။ တမျိုးကတော့ အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားမှုစွမ်းရည် (gross motor skills) ဖြစ်ပြီး၊ နောက်တမျိုးကတော့ တိုးမြင့်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည် (fine motor skills) ဖြစ်ပါတယ်။ အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်က ကိုယ်ခန္ဓာရဲ့ ကြီးမားတဲ့ ကြွက်သားတွေကို အသုံးပြုရတဲ့ စွမ်းရည်တွေဖြစ်ပြီး၊ လမ်းလျှောက်တာ၊ ပြေးလွှားတာ၊ အမြင့်ကို တွယ်တက်တာ တွေနဲ့ စပ်ဆိုင်ပါတယ်။ တိုးမြင့်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်ကတော့ လက်လှုပ်ရှားမှုစွမ်းရည် (အရာဝတ္ထု၊ ဘောလုံးစတာတွေကို လွှင့်ပစ်တာ၊ ဖမ်းယူတာ) တွေနဲ့ လက်ချောင်းလေးတွေရဲ့ လှုပ်ရှားမှုစွမ်းရည် (လက်ညှိုးညွှန်တာ၊ ပုံဆွဲတာ၊ ခရင်းနဲ့ဇွန်းတွေ အသုံးပြုတတ်တာ၊ စာရေးတာ၊ ဖိနပ်ကြိုးချည်တာ) စတာတွေ နဲ့ ဆက်စပ်ပါတယ်။

အခုဆက်လက်ပြီး ကလေးသူငယ်တွေရဲ့ အသက်အရွယ်အလိုက် ကိုယ်ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုတွေကို တင်ပြပါမယ်။

အသက် (၁၂) လ
အကြမ်းဖျင်းထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ လဲလျောင်းရာကနေ ငုတ်တုတ်ထိုင်နိုင်တာ၊ လူတွေနဲ့ အိမ်သုံးပရိဘောဂတွေရဲ့ အကူအညီမပါပဲ မတ်တပ်ရပ်နိုင်တာ၊ လက်နဲ့ ဒူးကို အသုံးပြုပြီး တွားသွားနိုင်တာ၊ ကြမ်းပြင်ပေါ်မှာ ၀က်ဝံသွားသွားနိုင်တာ၊ တယောက်တည်း အကြာကြီး မတ်တပ်ရပ်နေနိုင်တာ၊ လူတယောက်ရဲ့ လက်တဘက်ကို ကိုင်ပြီး လမ်းစလျှောက်နိုင်လာတာတွေ ဖြစ်ပါတယ်။ အသက် ၁၃ လရှိတဲ့ ကလေးငယ်တ၀က်ကျော်က လမ်းလျှောက်လာနိုင်ပါတယ်။

တိုးမြင့်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ စာအုပ်ရဲ့ စာမျက်နှာတွေကို လှန်လှောနိုင်တာ၊ အရုပ်နဲ့ ပစ္စည်းတွေကို တမင်ပစ်ချတာ၊ လွှင့်ပစ်တာ၊ ကျသွားတဲ့ နေရာကို လိုက်ကြည့်တာ၊ ပစ္စည်းသေးသေးလေးတွေကို လက်မနဲ့ လက်ညှိုးထိပ်လေးကို အသုံးပြုပြီး ကောက်ယူဖို့ ကြိုးစားတာ၊ သူနှစ်သက်တဲ့ ပစ္စည်းလေးတွေကို လက်ညှိုးညွှန်ပြတာ ဖြစ်ပါတယ်။ ဒီအရွယ်လေးတွေမှာ ကလေးတွေက ပစ္စည်းတွေပစ်ချရင် မိဘတွေက ခဏခဏကောက်ပေးရတာကို စိတ်မရှည်ဖြစ်တတ်ကြပါတယ်။ ဒါဟာ ကလေးရဲ့ တိုးတက်မှုဖြစ်ပါတယ်။ ပစ်ချလိုက်၊ ကောက်ပေးလိုက်နဲ့ ကလေးနဲ့ ကိုယ်နဲ့ ကစားနေတဲ့ ကစားပွဲလေးတခုအနေနဲ့ သတ်မှတ်လိုက်ရင် ပျော်စရာကောင်းသွားပါမယ်။

ဆယ့်နှစ်လသားအရွယ်ကလေးငယ်ရဲ့ ကိုယ်ကာယစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူကြီးမိဘတွေက လုပ်ပေးသင့်တာတွေကတော့ ကလေးငယ်လေး လမ်းလျှောက်တဲ့အချိန်မှာ မိမိကိုယ်မိမိ ယုံကြည်မှုတိုးတက်စေဖို့ ဘီးနဲ့တွန်းလို့ရတဲ့ အရုပ်လေးတွေ ၀ယ်ပေးသင့်ပါတယ်။ သံစုံမြည်တဲ့ ရုပ်ပုံစာအုပ်လေးတွေ ဖတ်ပြသင့်ပါတယ်။ ကလေးရဲ့ လက်ချောင်းလှုပ်ရှားမှု တိုးတက်ဖို့ သစ်သားတုံးလေးတွေ၊ တခုနဲ့ တခု အဆင့်ဆင့် ထပ်လို့ရတဲ့ အရုပ်လေးတွေ ပံ့ပိုးပေးသင့်ပါတယ်။ အရုပ်လေးတွေ မရှိဘူးဆိုရင်လဲ ကတ်ထူစက္ကူပုံးလေးတွေနဲ့ ကိုယ်တိုင်လုပ်ပေးလို့ရပါတယ်။ ကလေးငယ်လေးကို နေ့စဉ်နဲ့အမျှ လုပ်ငန်းဆောင်တာလေးတွေကို ပြောပြရပါမယ်။ ကလေးငယ်လေးက နားမလည်ဘူးဆိုပေမယ့် ဒါဟာ စကားပြောစွမ်းရည်တိုးတက်ဖို့အတွက် အရေးကြီးတာကြောင့် ကလေးကို အချိန်ပေးပြီး စကားပြောရပါမယ်။ သီချင်းလေးတွေ ဖွင့်ပေးရပါမယ်။

အသက် (၁၈) လ
အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ ပုံမှန် လမ်းလျှောက်ပြီး၊ ထိုင်ချလိုက်တာ မဟုတ်ပဲ အန္တရာယ်ကင်းကင်းနဲ့ ရပ်တန့်တာ၊ လူကြီးတွေထိုင်တဲ့ ကုလားထိုင်ပေါ်တွယ်တက်ပြီး တက်ထိုင်တာ၊ ငုတ်တုတ်ထိုင်ရာကနေ သူ့ဘာသာသူ မတ်တပ်ရပ်နိုင်တာ၊ လှေကားတွေကို လက်တန်းကိုင်ပြီး တက်နိုင်၊ ဆင်းနိုင်တာ၊ ဒူးထောက်နိုင်တာ၊ ပြေးလွှားနိုင်တာဖြစ်ပါတယ်။

တိုးမြင့်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ ကလေးငယ်လေးရဲ့ အရာဝတ္ထုတွေကို လက်ညှိုးညွှန်ပြတာ၊ သေးငယ်တဲ့ သစ်သားတုံးလေးတွေကို သုံးဆင့်အထိ ထပ်တင်နိုင်တာ၊ အစားအစာကို သူ့ဘာသာသူဇွန်းနဲ့စားတာ၊ တံခါးဘု၊ လက်ကိုင်တွေကို လှည့်တာ၊ ခဲတံကို ဆုပ်ကိုင်နိုင်တာတွေ ဖြစ်ပါတယ်။

ဒီအရွယ်ကလေးငယ်လေးတွေရဲ့ ကိုယ်ကာယစွမ်းရည်တိုးတက်ဖို့အတွက် လူကြီးမိဘတွေ လုပ်ပေးသင့်တာတွေကတော့ သဲတွေ၊ ရေတွေနဲ့ ကစားဖို့ တွန်းအားပေးတာ၊ တွယ်တက်ဖို့အတွက် ခိုင်ခံ့ပြီး နိမ့်တဲ့ ပရိဘောဂတွေ တပ်ဆင်ထားပေးတာ၊ ဘောလုံးလေးတွေ ၀ယ်ပေးပြီး ကန်ဖို့၊ မြှောက်ပင့်ကစားဖို့ လုပ်ပေးတာတွေ ဖြစ်ပါတယ်။ နီးစပ်ရာ အိမ်နီးနားချင်း အရွယ်တူ ကလေးငယ်လေးတွေနဲ့လဲ မိတ်ဆက်ပေးရပါမယ်။ ပွဲတွေ၊ ဈေးတွေလဲ ခေါ်သွားရပါမယ်။ ဒါမှလဲ လူမှုဆက်ဆံရေးစွမ်းရည်ပါတိုးတက်လာပြီး၊ လူအများကြားမှာ အကြောက်အလန့်မရှိ နေတတ်မှာ ဖြစ်ပါတယ်။

နောက်တခုက ဒီအရွယ်မှာ ကလေးငယ်လေးဟာ ပြေးလွှားနိုင်ပေမယ့် သူ့ပြေးလမ်းက အတားအဆီးတွေကို မရှောင်နိုင်ပါဘူး။ တခါတရံ လူကြီးတွေက ထိမိခိုက်မိမှာ စိုးရိမ်ပြီး မပြေးဖို့ ဟန့်တားတတ်ပါတယ်။ အဲဒီလိုဆိုရင်လဲ ကလေးရဲ့ ကိုယ်ကာယစွမ်းရည်တိုးတက်မှုကို ထိခိုက်နိုင်တာကြောင့် ပန်းခြံ၊ ကွင်းပြင်၊ ဘောလုံးကွင်း၊ ကစားကွင်းစတာတွေဆီ ခေါ်သွားပြီး ကလေးငယ်လေး အန္တရာယ်ကင်းကင်းနဲ့ ပြေးလွှားနိုင်မယ့် ပတ်ဝန်းကျင်လေး ဖန်တီးပေးရပါမယ်။

အသက် နှစ်နှစ်
အကြမ်းဖျင်းထိန်းချုပ်ရွေ့လျားစွမ်းရည်တွေကတော့ အန္တရာယ်ကင်းကင်းနဲ့ ပြေးလွှားနိုင်တာ၊ အမြဲတမ်းလှုပ်ရှားတက်ကြွဆော့ကစားနေတာ၊ လက်နဲ့ ဘောလုံးကို ကိုင်ပြီး ပစ်နိုင်တာ၊ ဘီးပါတဲ့ ပစ္စည်းတွေကို တွန်းနိုင်တာ၊ ဆွဲနိုင်တာ၊ လှေကားအတက်အဆင်းကို အကူအညီမလိုပဲ လုပ်နိုင်တာတွေ ဖြစ်ပါတယ်။ တိုးမြင့်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လားစွမ်းရည်တွေကတော့ စက်ဝိုင်းလေးတွေနဲ့ လိုင်းလေးတွေ ဆွဲတတ်တာ၊ ပစ္စည်းလေးတွေကို ကောက်ယူနိုင်တာ၊ သစ်သားတုံးလေးတွေကို ခြောက်ဆင့်အထိ တာဝါဆောက်နိုင်တာ၊ စာအုပ်တွေကို နှစ်သက်ပြီး တရွက်ချင်းလှန်ကြည့်လာတာတွေ ဖြစ်ပါတယ်။
ဒီအရွယ်မှာ လူကြီး မိဘတွေက သုံးဘီးစက်ဘီးလေးတွေဝယ်ပေးတာ၊ တွယ်တက်စရာ ပရိဘောဂတွေ ထားပေးတာ၊ ပြေးလွှားဆော့ကစားဖို့ နေရာသတ်မှတ်ပေးတာတွေ လုပ်သင့်ပါတယ်။ အလုပ်နားရက်တွေမှာ ကလေးငယ်လေးကို ပန်းခြံ၊ မြို့ပြနဲ့ ဝေးတဲ့ နေရာတွေခေါ်သွားပြီး သဘာဝပတ်ဝန်းကျင်ကို လေ့လာစေသင့်ပါတယ်။ ပလပ်စတတ်တူ၊ သစ်သားယောင်းမစတာတွေပေးပြီး ဒန်အိုး၊ ဒန်ခွက်စတဲ့ အသံမြည်စေတဲ့ အရာဝတ္ထုတွေကို ခေါက်ခိုင်း၊ တီးခိုင်းရပါမယ်။ ဒါမှလဲ ကလေးငယ်ရဲ့ လက်အသုံးပြုတဲ့ စွမ်းရည် တက်လာမှာဖြစ်သလို၊ အသံလာရာကို လေ့လာစူးစမ်းမှာဖြစ်တဲ့အတွက် ဥာဏ်ရည်ဥာဏ်သွေးကိုလဲ တိုးမြင့်ပေးရာ ရောက်ပါတယ်။
သုံးနှစ်
အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ နိမ့်တဲ့အရာဝတ္ထုတွေပေါ်ကနေ မျက်နှာပြင်ပေါ် ခုန်ချနိုင်တာ၊ ခြေဖျားထောက်ပြီးရပ်နိုင်တာ၊ လမ်းလျှောက်နိုင်တာ၊ ခြေထောက်တဘက်တည်းပေါ်မှာ ရပ်နိုင်တာ၊ လှေကားကို လှေကားတထစ်ကို ခြေတလှမ်းနှုန်းနဲ့ တက်နိုင်တာ၊ ဘောလုံးကို မြှောက်ပေးနိုင်တာ၊ ဖမ်းယူနိုင်တာ၊ ဘောလုံးကို အားနဲ့ ကန်နိုင်တာတွေ ဖြစ်ပါတယ်။ တိုးမြင့်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ ခဲတံကို ဆုပ်ကိုင်နိုင်တာ၊ စာရွက်တွေကို ကတ်ကြေးနဲ့ ကိုက်ပြီး ဖြတ်နိုင်တာတွေ ဖြစ်ပါတယ်။

လူကြီး မိဘတွေအနေနဲ့က ဒီအရွယ်မှာ ကလေးနဲ့ ဘောလုံးကစားတာတွေ လုပ်ပေးသင့်ပါတယ်။ တချို့က ဘောလုံးကစားတာ မိန်းကလေးနဲ့ မဆိုင်ဘူးထင်တတ်ပါတယ်။ ဒီလို မဟုတ်ပါဘူး။ ဒီအရွယ်မှာ ခြေ၊လက်အသုံးပြုနိုင်တဲ့ စွမ်းရည်၊ လက်နဲ့ မျက်လုံးတွဲစပ်အသုံးပြုနိုင်မှုစွမ်းရည်တွေအတွက် ဘောလုံး မြှောက်တာ၊ ဘောလုံးကန်တာ၊ ဖမ်းယူတာတွေက အရေးကြီးလှပါတယ်။ ဒီအရွယ်ကစပြီး ကလေးငယ်လေးတွေကို တခြားကလေးတွေနဲ့ ဆော့တတ်အောင် လေ့ကျင့်သင်ကြားပေးရပါမယ်။ တချို့က ကလေးတွေကို အိမ်ထဲမှာပဲ ထားပြီး တခြားကလေးတွေနဲ့ မရောထားချင်ကြပါဘူး။ အဲဒီအခါမှာ ဒီကလေးရဲ့ လူအများနဲ့ ပေါင်းသင်းဆက်ဆံနေထိုင်တတ်မှုစွမ်းရည်လျော့ကျသွားနိုင်ပါတယ်။ ဒီလိုကလေးမျိုးတွေဟာ ကြီးလာတဲ့အခါမှာ တကိုယ်ကောင်းဆန်ပြီး ကိုယ်ကျိုးပဲကြည့်တတ်တဲ့ ကလေးတွေ ဖြစ်လာတတ်ပါတယ်။

ဒီအရွယ်ကလေးလေးတွေဟာ စူးစမ်းလေ့လာတဲ့ အလေ့အထတွေ ရှင်သန်နေတာမို့ ဒါကို မပိတ်ပင်ပဲ အားပေးအားမြှောက်လုပ်ရပါမယ်။ ရေကူးတာ၊ ပန်းခြံခေါ်သွားတာ၊ လမ်းလျှောက်တာတွေ လုပ်စေရပါမယ်။ ရောင်စုံခဲတံတွေ၊ စာရွက်တွေတွေ ၀ယ်ပေးပြီး ကလေးရဲ့ ဆန်းစစ်တီထွင်တတ်တဲ့ စွမ်းရည်ကို မြှင့်တင်ပေးရပါမယ်။ အရုပ်တွေကို ကစားပြီးရင် ပြန်သိမ်းဖို့ သင်ကြားပေးရပါမယ်။ မိမိ အ၀တ်တွေကို ကောင်းကောင်းသိမ်းဆည်းတတ်အောင် လေ့ကျင့်ပေးရမယ်။ ကလေးရဲ့ အမှီအခိုကင်းကင်းနဲ့ ရပ်တည်နိုင်တဲ့ အရည်အချင်းကို တိုးမြင့်လာအောင် နည်းမျိုးစုံနဲ့ သင်ကြားလေ့ကျင့်ပေးရပါမယ်။
လေးနှစ်
အကြမ်းဖျင်းထိန်းချုပ်ရွေ့လျားစွမ်းရည်တွေကတော့ လမ်းလျှောက်တာမှာ ဖြောင့်ဖြောင့် လျှောက်တာ၊ ဘောလုံးကိုဖမ်းယူနိုင်တာ၊ မြှောက်နိုင်တာ၊ ကန်နိုင်တာ၊ ကြမ်းပြင်ပေါ်က ပစ္စည်းတွေကို ခါးကုန်းပြီး ကောက်နိုင်တာ၊ သုံးဘီးတပ်စက်ဘီးကို ကျွမ်းကျွမ်းကျင်ကျင်မောင်းနိုင်တာဖြစ်ပါတယ်။ တိုးတက်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားစွမ်းရည်တွေကတော့ ခဲတံကို လူကြီးတွေကို ကိုင်နိုင်လာတာ၊ သစ်သားတုံးလေးတွေကို ၁၀ ဆင့်အထိ ထပ်နိုင်လာတာတွေဖြစ်ပါတယ်။

ဒီအရွယ်မှာ လူကြီးမိဘတွေက ကလေးငယ်ရဲ့ ကိုယ်ကာယလှုပ်ရှားမှု လုပ်နိုင်ခွင့်အခွင့်အလမ်းတွေ ဖန်တီးပေးရပါမယ်။ ကလေးရဲ့ အမြင့်တက်နိုင်တဲ့ စွမ်းရည်တိုးတက်အောင် လုပ်ပေးရပါမယ်။ ဆောက်လုပ်ရေးအရုပ်တွေ၊ သစ်သား အပိုင်းအစတွေနဲ့ ဆော့စေရပါမယ်။ သဲတွေ၊ ရေတွေနဲ့ ဆော့ခိုင်းရပါမယ်။ အ၀တ်အစားကို သူ့ဘာသာသူ ၀တ်တတ်အောင် သင်ပေးရပါမယ်။ ရေအိမ်သွားတဲ့အခါမှာ သူ့ဘာသာသူ သွားတတ်အောင် တွန်းအားပေးရပါမယ်။ တချို့ကလေးတွေက ရေအိမ်သွားတိုင်း မိဘကို ခေါ်တတ်ပါတယ်။ ကိုယ့်ဘာသာကိုယ်သွားဖို့ တိုက်တွန်းပြီး သူ့ရဲ့ ကိုယ့်ဘာသာ ကိုယ်အမှီအခိုကင်းကင်း ရပ်တည်နိုင်မှုစွမ်းရည်မြင့်လာအောင် လုပ်ပေးရပါမယ်။ ပန်းချီဆွဲတာ၊ ရောင်စုံခြယ်တာ၊ ကော်ကပ်တာတွေအတွက် လုံလောက်မယ့် ပစ္စည်းပစ္စယလေးတွေ ၀ယ်ပေးထားရပါမယ်။

ငါးနှစ်
အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ ကြိုးခုန်တာ၊ ပြေးလွှားတာ၊ အမြင့်တက်နိုင်တာ၊ ခြေဖျားသုံးပြီး ပြေးတာ၊ ဘောလုံးကို ကျွမ်းကျွမ်းကျင်ကျင်ကစားနိုင်တာ၊ ဂီတသံနဲ့ ဟန်ချက်ညီ ကနိုင်တာ၊ ခါးညွှတ်ပြီး ဒူးမကွေးပဲခြေဖျားကို ထိနိုင်တာ၊ ကစားစရာ အမျိုးမျိုး (စီးလျှော၊ ဒန်း၊ climbing frames) တွေကို သူ့ဘာသာ ကစားနိုင်တာတွေ ဖြစ်ပါတယ်။ တိုးတက်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်ကတော့ ခေါင်း၊ ကိုယ်၊ ခြေ၊ လက်အဂါင်္စုံတဲ့ လူပုံဆွဲနိုင်တာ၊ ခဲတံကို ကောင်းကောင်း ကိုင်နိုင်တာ၊ လက်ချောင်းလေးတွေကို အသုံးပြုပြီး ရေတွက်နိုင်တာတွေ ဖြစ်ပါတယ်။
ဒီအရွယ်မှာ လူကြီးမိဘတွေက အိမ်ပြင်ပမှာ ကလေးတွေ ကစားလို့ရအောင် ဖန်တီးပေးရပါမယ်။ မြို့လယ်တိုက်ခန်းတွေမှာ နေတာဆိုရင် ဘောလုံးကွင်း၊ ပန်းခြံ၊ ကွင်းပြင်တွေ ခေါ်သွားပေးရပါမယ်။ ကလေးကို စက်ဘီးစီးတတ်အောင် သင်ကြားပေးရပါမယ်။ ကလေးငယ်ရဲ့ ကျား၊ မခွဲခြားတဲ့ စိတ်မျိုး မရှိအောင် ယောက်ျားလေးတွေကို ကြိုးခုန်ခိုင်းတာမျိုး၊ မိန်းကလေးတွေကို ဘောလုံးကွင်းမှာ ဘောလုံးကန်ခိုင်းတာမျိုးတွေ လုပ်ပေးရပါမယ်။ ပုံဆွဲတာနဲ့ ပန်းချီဆွဲတာတွေကို အားပေးရပါမယ်။

ခြောက်နှစ်
အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားစွမ်းရည်တွေကတော့ ခုန်ပေါက်ပြေးလွှားဆော့ကစားတာ၊ ဘောလုံးကို ခြောက်မီတာအကွာအဝေးရောက်အောင် ကန်နိုင်တာ၊ စက်ဘီးကို ကျွမ်းကျွမ်းကျင်ကျင်စီးတတ်တာတွေ ဖြစ်ပါတယ်။ တိုးတက်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားစွမ်းရည်တွေကတော့ ကလေးငယ်ဟာ အက္ခရာစာလုံးတွေ၊ ကိန်းဂဏာန်းတွေကို အရွယ်တူ ရေးတတ်တာ၊ နာမည်ကို ရေးတတ်တာတွေ ဖြစ်ပါတယ်။

လူကြီးမိဘတွေအနဲ့က ဒီအရွယ်ကလေးငယ်တွေကို အားကစားတမျိုးမျိုး ပြုလုပ်အောင် အားပေးရပါမယ်။ ဘောလုံးကန်တာ၊ ဂျုဒိုကစားတာ၊ ရေကူးတာ စတာတွေ လုပ်ခိုင်းရပါမယ်။ ကလေးငယ်လေးရဲ့ စာအရေးအသားစွမ်းရည် တိုးတက်လာအောင် ဈေးဝယ်စာရင်းရွတ်ပြပြီး လိုက်ရေးခိုင်းတာ၊ ဆွေမျိုးမိတ်ဆွေတွေဆီ စာရေးခိုင်းတာ၊ ဟင်းချက်အညွှန်းတွေ လိုက်ကူးရေးခိုင်းတာတွေ လုပ်ခိုင်းလို့ရပါတယ်။

ခုနစ်နှစ်
အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားမှု စွမ်းရည်တွေကတော့ စက်ဘီးကို ကျွမ်းကျွမ်းကျင်ကျင် စီးတတ်တာ၊ ကိုယ်ခံပညာကစားခြင်း၊ ရေကူးခြင်း၊ စကိတ်စီးခြင်း စတာတွေမှာ သက်လုံကောင်းလာတာ၊ ပြေးလွှားရာမှ အရှိန်ထိန်းတတ်တာ၊ ဘောလုံးဖမ်းတာ၊ ပစ်တာတွေကို လက်တဘက်တည်းနဲ့ လုပ်နိုင်တာတွေ ဖြစ်ပါတယ်။ တိုးတက်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ စာရေးသားတဲ့ စွမ်းရည်မြင့်တက်လာတာ၊ အပ်အကြီးကို သုံးပြီး ချုပ်လုပ်တတ်တာတွေ ဖြစ်ပါတယ်။

လူကြီးမိဘတွေက ဒီအရွယ်တွေကလေးတွေကို ပြင်ပမှာ ကစားတာကို အားပေးတာ၊ ရေကူး၊ စကိတ်စီး၊ စက်ဘီးစီး၊ ကခုန်တာတွေကို အားပေးတာနဲ့ ကိုယ်ခံပညာတွေ သင်ကြားပေးတာ ဖြစ်ပါတယ်။

နိဂုံးချုပ်ဆိုရရင် ကလေးသူငယ်လေးတွေရဲ့ ကိုယ်ကာယစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးဟာ ကျန်းမာပျော်ရွှင်တဲ့ ကလေးလေးတယောက်ဖြစ်စေဖို့အတွက် အလွန်ပဲ အရေးကြီးပါတယ်။ ကိုယ်ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးဟာ လူမှုဆက်ဆံရေးစွမ်းရည်၊ ဥာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေး၊ စဉ်းစားတွေးခေါ်ဥာဏ် မြင့်မားရေး၊ မိမိကိုယ်ကို ယုံကြည်မှု မြင့်မားရေးနဲ့ အမှီအခိုကင်းကင်းနဲ့ ရပ်တည်နိုင်ရေး တွေအပေါ် အကျိုးသက်ရောက် ဆက်စပ်မှုရှိတာကြောင့် မိဘလူကြီးတွေအနေနဲ့ ကလေးငယ်လေးရဲ့ ကိုယ်ကာယစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးကူညီရင်း၊ ကလေးရဲ့ တိုးတက်မှုတွေကိုလဲ တိုင်းတာ မှတ်တမ်းပြုစုထားသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်ရှင်။

ခင်မမမျိုး (၂၄၊ ၈၊ ၂၀၀၉)

ရည်ညွှန်းကိုးကား။ ။

Meggitt, C. & Walker, J. (2004) An Introduction to Child Care and Education, 2nd edition, Hodder, Oxon

Stoppard, M. (2005) New baby care book: a practical guide to the first three years, Penguin, London
မှတ်ချက်။ ။ အရှေ့မိုးကောင်းကင် စာစောင် (www.crystalthinktank.com) တွင် ရေးသားဖော်ပြထားသည့် ဆောင်းပါးဖြစ်ပါသည်။

Thursday, August 13, 2009

သင်ရိုးညွှန်းတမ်းပုံပြင်

သင်ရိုးညွန်းတမ်းပုံပြင်

သိန်းနိုင်

ကလေးတို့ရေ

မင်္ဂလာပါ။ ဒီနေ့တော့ ဆရာ စာမသင်တော့ဘဲ ပုံပြင်လေးတစ်ပုဒ် ပြောပြဖို့ စိတ်ကူးထားပါတယ်။

ဟိုရှေးရှေးတုန်းကပေါ့ကွယ် ……..

တောအုပ်ကြီးတစ်ခုမှာ မှီတင်း နေထိုင်လာခဲ့ကြတဲ့ တိရစ္ဆာန် မျိုးနွယ်စုတွေဟာ ပိုမို ရှုပ်ထွေး လို့လာနေတဲ့ သူတို့ရဲ့ တိရစ္ဆာန် အသိုင်းအ၀ိုင်း ရှင်သန်မှုအတွက် တစ်ခုခုကို လုပ်မှ ဖြစ်တော့ မယ်လို့ စဉ်းစား တွေးတောမိကြပါသတဲ့။ တောအုပ်အစပ် မြေလွတ်တစ်နေရာမှာ တိရစ္ဆာန် မျိုးနွယ်စု ကိုယ်စားလှယ်တွေ အသီးသီး အကြိတ်အနယ် ဆွေးနွေးပွဲတွေကို နေ့ရောညပါ ကျင်းပ ကြရ တော့တာပေါ့။ တိရစ္ဆာန်မျိုးနွယ်စု အသီးသီးရဲ့ ရှင်သန်မှုနဲ့ အခွင့်အရေး အတွက်ဆိုတော့ မျိုးနွယ်စု ကိုယ်စားလှယ်တွေ စုံစုံညီညီ တက်ရောက်လာကြတယ်။ သိပ်ကို အရေးကြီးနေပြီဖြစ်တဲ့ တိရစ္ဆာန် အသိုင်းအ၀ိုင်းအတွက် ဆွေးနွေးလိုက်ကြတာ နောက်ဆုံးမှာတော့ အနာဂတ် ရှင်သန်မှုအတွက် အင်မတန်မှ ထူးခြားတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ် လိုက်ကြရပါတယ်။

တိရစ္ဆာန်ထု အစည်းအဝေးကြီးရဲ့ တစ်ခုတည်းသော အဲဒီ ဆုံးဖြတ်ချက်ကတော့ စာသင်ကျောင်း တစ်ကျောင်းကို တည်ထောင် ဖွင့်လှစ်ဖို့ပဲ ဖြစ်ပါသတဲ့။ သိပ်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ဆိုရင် ကလေးတို့ သဘောတူမယ် ထင်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက် နောက်ဆက်တွဲ အနေနဲ့ လုပ်စရာတွေ အများကြီး ပေါ်လာတော့တာပေါ့။

ကလေးတို့ရေ …..
ကျောင်းတစ်ကျောင်းအတွက် အဓိကအားဖြင့် ဘာတွေ လိုအပ်တယ်လို့ ကလေးတို့ ထင်သလဲဟင်။ လိုအပ်ချက်တွေ အများကြီး ရှိနိုင်တာပေါ့နော်။

အစည်းအဝေးကြီးရဲ့ ပထမဆုံး အာဂျင်ဒါကို ပြောပြပါရစေနော်။
ပထမဆုံး လုပ်ရမဲ့ အချက်ကတော့ အဲဒီကျောင်းမှာ ဘယ်ဘာသာရပ်တွေ ဘယ်ပညာတွေကို ဘယ်လို သင်ကြား ကြမှာလဲ ဆိုတာပါပဲတဲ့။ တိရစ္ဆာန်လေးတွေရဲ့ စာသင်ကျောင်းအတွက် သင်ရိုးညွန်းတမ်း ပြဿနာ ပေါ်လာတယ်လေ။ စိုးရိမ်စိတ်တွေ၊ မျှော်လင့်ချက်တွေ၊ နစ်နာချက်တွေ အသိုင်းအ၀ိုင်းရဲ့ လိုအပ်ချက်တွေ၊ တောင်းဆိုချက်တွေ၊ ခံစားချက်တွေကို ဖွင့်ချကြရင်း ဆွေးနွေးကြရ တော့တာပေါ့။ နောက်ဆုံးမှာတော့ (၁) အပြေးဘာသာရပ် (၂) သစ်ပင်တက်ဘာသာရပ် (၃) ရေကူးဘာသာရပ်နဲ့ (၄) ပျံသန်းခြင်း ဘာသာရပ်တွေကို သင်ရိုးညွှန်းတမ်းဝင် ဘာသာရပ်တွေ အနေနဲ့ ထည့်သွင်း သင်ကြားဖို့ သဘောတူညီမှု ရရှိခဲ့ကြတယ်။ သူတို့ဖာသာ သူတို့ လုပ်ကိုင် တတ်စေဖို့ရယ်၊ ဝေဖန်ပိုင်းခြား စဉ်းစားတွေးတော တတ်စေဖို့ရယ် အတွက် တိရစ္ဆာန်ငယ်ဗဟိုပြု ချဉ်းကပ် သင်နည်းကို အသုံးပြု သင့်တယ်လို့လည်း အစည်းအဝေး သဘာပတိ ပညာရှိ ဇီးကွက်ကြီးက လမ်းညွှန် ဆုံးမခဲ့သတဲ့။

ဘာကြောင့် ဒီပညာရပ်တွေကို သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းရတယ်လို့ ကလေးတို့ ထင်သလဲဟင်၊ သဘောတူရဲ့လား။ ကလေးတို့ အမြင်ကို ပြောပြစမ်းပါအုံး။

ဒီပညာရပ်တွေကတော့ တိရစ္ဆာန် အသိုင်းအ၀ိုင်းရဲ့ ပစ္စုပ္ပုန်နဲ့ အနာဂတ် ဘ၀တွေ ရှင်သန်မှု အတွက် အရေးကြီးတာကို အထင်အရှား မြင်တွေ့ နိုင်တာရယ်၊ ရိုးရာ ယဉ်ကျေးမှုတွေလည်း ထိန်းသိမ်းဖို့ လိုအပ်တာတွေရယ်၊ အပြုအမူပိုင်းဆိုင်ရာ အခြေခံအချက် စံနှုန်းတွေ ဖြစ်တာရယ်၊ ခေတ်နှင့်အညီလည်း ဖြစ်တာတွေကြောင့်လို့ ဆုံးဖြတ်ကြပါသတဲ့။ ကျောင်းသူ၊ ကျောင်းသား တိရစ္ဆာန် ငယ်လေးတွေအားလုံး မသင်မနေရ တပြေးညီ သင်ကြား ကြရမယ်လို့လည်း သက်ဆိုင်ရာက ညွန်ကြားချက်တွေ ထုတ်ပြန်တော့တာပေါ့။

တိရစ္ဆာန်ငယ်လေးတွေအားလုံး တက်တက်ကြွကြွ။ မိဘတွေလည်း တစ်ပြုံးပြုံးနဲ့ ကျောင်းကို လာအပ်ကြပါသတဲ့။ ကျောင်းအုပ်ကြီးနဲ့ ဆရာဆရာမတွေကလည်း စတိုင်အပြည့်နဲ့ပေါ့။

အဲ---- အားလုံး အဆင်ပြေသွားပြီ။ တိရစ္ဆာန်အသိုင်းအ၀ိုင်းရဲ့ အနာဂတ် ရှင်သန်ရေး အတွက်လည်း မစိုးရိမ် ရတော့ဘူးရယ်လို့ ပီတိတွေ ဖြစ်နေကြတုန်းမှာပဲ ပြဿနာတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ပေါ်လာတော့တယ်။ ဘာပြဿနာတွေလို့ ကလေးတို့ ထင်သလဲဟင်၊ ကလေးတို့ရဲ့ ကျောင်းတွေမှာ ဘာပြဿနာတွေ တက်လေ့ရှိပါသလဲ။

ကလေးတို့ရေ …..
ပထမဆုံး ပြဿနာကတော့ မြေပြန့်ရေအစပ်မှာ နေထိုင်ကြတဲ့ ဘဲကလေးတွေဟာ အင်မတန်မှ ရေကူး ကျွမ်းကျင်သူတွေ ဖြစ်ကြပါတယ်။ သူတို့ရဲ့ ဆရာထက်တောင်မှ ပိုပြီး ရေကူး အရာမှာ တော်ကြတယ်ဆိုပဲ။ ပျံသန်းခြင်း ဘာသာရပ်မှာလည်း တော်ကြပါတယ်။ ဒါပေမဲ့ သင်ရိုးဝင် အပြေး ဘာသာရပ်မှာတော့ အင်မတန်မှ အခက်အခဲ တွေ့နေကြရတယ်။ သင်ရိုးအတိုင်း လုံးဝ မလိုက်နိုင် ကြဘူးတဲ့။ အဲဒါကြောင့် ကျောင်းဆင်းပေမဲ့ သူတို့ကို အချိန်ပိုတွေ ခေါ်သင်ရတယ်။ ဘဲကလေးတွေ အင်မတန်မှ ကျွမ်းကျင်တဲ့ ရေကူးဘာသာရပ်မှာ သင်ကြားချိန် လျော့ချပြီး အပြေး ဘာသာရပ်အတွက်ကို အချိန်ပိုပေးကြရတယ်။ လူကြီးတွေ၊ ဆရာဆရာမတွေက အပြေးသင် ဘာသာရပ်အတွက် လေ့ကျင့်ချိန် များများရအောင်လည်း ဖန်တီးကြသတဲ့။ အိမ်မှာ မိဘ၊ ညီအကို၊ မောင်နှမတွေနဲ့နေဖို့ အချိန်တွေ မရှိတော့လောက်အောင်ကို၊ ကစားချိန်တွေ မရှိတော့လောက်အောင်ကို အချိန်ပိုတွေ တက်ကြရ၊ ကျူရှင်ယူကြရနဲ့။ ကလေးဘ၀ ပျောက်ဆုံးကြရတော့တာ၊ သိပ်သနားစရာနော်။

ဒီလိုနဲ့ ဘဲကလေးတွေဟာ အပြေး လေ့ကျင့်တဲ့အချိန် များလာတဲ့အခါမှာတော့ ရေကူးတဲ့အခါ ယက်ဖို့ ခြေထောက်က ပင့်ကူအိမ် ပုံစံ ခြေဖ၀ါးပြင်တွေဟာ ပျက်စီး လာတော့တာပဲ။ အပြေး ဘာသာရပ်မှာလည်း ပိုပြီးထူးချွန် မလာတဲ့အပြင် အရင်တုန်းက ချန်ပီယံအဆင့် ရထားတဲ့ ရေကူး ဘာသာရပ်မှာလည်း သာမန် အဆင့်ပဲ ရှိတော့တယ်တဲ့။ ဒါပေမဲ့ တိရစ္ဆာန်တို့ရဲ့ ကျောင်း ပညာရေး စနစ်သစ်မှာ သာမန်အောင်တာဟာလည်း စာမေးပွဲတော့ အောင်တာပါပဲဆိုပြီး လူကြီးတွေက ဆရာဆရာမတွေကတော့ မစိုးရိမ်ကြဘူးလေ။ လူကြီးတွေက သာမန်အဆင့်ကို ပုံမှန်လို့ သဘောထား ကြပေမဲ့ ရေကူးပညာမှာ အရင်ကလောက် အဆင်မပြေ တော့တာ ကိုယ်တိုင် ခံစားနေကြရတဲ့ ဘဲကလေးတွေက ကြိတ်ပြီး ပူဆွေးသောက ရောက်နေကြတာပေါ့။ ဘဲကလေးတွေရဲ့ မွေးရာပါ ရေကူးကျွမ်းကျင်တာ ပျက်စီးရတာနော်။ သူတို့ခမျာ ဘယ်သူ့ကိုမှလည်း ဖွင့်ဟ မပြောရဲဘူးတဲ့။ သူတို့နေရာ ကနေ ကလေးတို့ ၀င်ရောက် ခံစားကြည့်ပါလားကွယ်။ ကလေးတို့ရော တစ်ခုခုကို ခံစားရပြီဆိုရင် ဘယ်သူတွေကို ဖွင့်ဟ ပြောပြ ဖြစ်သလဲဟင်။ အင်းပေါ့… မိဘတွေနဲ့ သူငယ်ချင်းတွေကို ဖွင့်ပြောပြ ရမှာပေါ့ကွယ်။

ကလေးတို့ရေ…..
ယုန်ကလေးတွေကြပြန်တော့ အပြေးက သိပ်သန်တာပေါ့။ ရေလုံးဝမကူး တတ်တော့ ရေကူးချိန်တွေ ပိုပြီးပေးရတာ၊ ရေထဲမှာပဲ နေနေရတာတွေကြောင့် စိတ်ဓါတ် အကြီးအကျယ် ကျဆင်း နေရှာကြတယ်တဲ့။ ရေကူး သင်ရတာကို မုန်းတီးတဲ့စိတ်နဲ့ မကြိုက်တဲ့စိတ်နဲ့ လုပ်ရတာဆိုတော့ လုပ်နေရပေမဲ့ မတိုးတက်ရှာဘူးတဲ့ကွယ်။ ဘယ်လောက်သင်သင် သိပ်မတတ်ဘဲ ဖြစ်နေတယ်တဲ့။ ကလေးတို့ရော အဲဒီလို အဖြစ်မျိုး ကြုံဖူးကြသလားဟင်။ မကြိုက်တဲ့ ဘာသာရပ်တွေ သင်နေရတာမျိုး၊ မလုပ်ချင်တဲ့ အလုပ်တွေ လုပ်နေရတာမျိုး၊ ဘယ်ဘာသာရပ်တွေလဲဟင်။

သစ်ပင်တက်ခြင်း ဘာသာရပ်မှာ အမြဲတမ်း ပထမရတဲ့ ချစ်စရာကောင်းတဲ့ ရှဥ့်ကလေး တွေကတော့ ပျံသန်းခြင်း ဘာသာရပ်ကို ဘယ်လိုသင်သင် မတတ်မြောက်နိုင်ဘူးတဲ့။ စာမေးပွဲ အောင်ချင်လွန်းလို့ ခိုးချတဲ့အနေနဲ. သစ်ပင်ထိပ်ကနေ အောက်ကို ခုန်ခုန်ချပြီး ပျံသန်းတတ်တယ် ဆိုတာကို လုပ်ပြပေမဲ့ ဆရာဆရာမတွေ ကတော့ လက်မခံကြဘူးတဲ့။ သစ်ပင်အောက်ကနေ အပေါ်ကို ပျံသန်းပြမှ အမှတ်ရမယ်လို့ ဆူပူ ကြိမ်းမောင်း ခံရတာပေါ့ကွယ်။ အပြင်းအထန် လေ့ကျင့် ခိုင်းတော့ ရှဥ့်ကလေးတွေဟာ ကြွက်သား ဖုထစ်တွေ တက်လာပြီး ပျံသန်းခြင်း ဘာသာရပ်လည်း ထူးမခြားလာတဲ့အပြင် သစ်ပင်တက်ခြင်း ဘာသာရပ်နဲ့ အပြေးဘာသာရပ်တွေမှာလည်း အများကြီး အဆင့်နိမ့် ကျသွားတော့တယ်။ သနားဖို့ မကောင်းဘူးလားဟင်။

တောအုပ်ရဲ့ အရှေ့ဘက်မှာနေပြီး အမြဲတမ်းကျောင်းစည်းကမ်း ဖေါက်ဖျက်တတ်တဲ့ သိမ်းငှက် ကလေးတွေက သစ်ပင်တက်ခြင်း ဘာသာရပ်နဲ့ ပတ်သက်ပြီး အချိန်တိုင်း အငြင်းပွါးကြသတဲ့။ ဘယ်လိုနည်းနဲ့ တက်တက် ထိပ်ဆုံးရောက်ဖို့ပဲ ဆိုပြီးတော့ အားလုံးထက် အမြန်ဆုံး သစ်ပင်ထိပ်ကို ရောက်သတဲ့။ ဘာသာရပ်စည်းကမ်းအတိုင်း၊ စာမေးပွဲ စည်းကမ်းအတိုင်း သစ်ပင် ပုံမှန်မတက်ဘဲ အမြဲတမ်း ထိပ်ဆုံးကို ရောက်ရောက် နေလေတော့ ဆရာဆရာမတွေလည်း သိပ်ကို စိတ်ညစ် ကြရတယ်တဲ့။ ဒါပေမဲ့ အငြင်းသန်တဲ့ သိမ်းငှက်လေးတွေကတော့ သူတို့နည်းနဲ့ သူတို့ လုပ်မှာဘဲတဲ့ကွယ်။ သူတို့ဘယ် လို သစ်ပင်တက် ကြတယ်လို့ ကလေးတို့ ထင်သလဲဟင်။ ကလေးတို့ကော သဘောတူ လက်ခံမှာလား။

ကလေးတို့ရေ…..
မြောက်ဘက်ပိုင်းတောအုပ်ရဲ့ တောတန်းတွေပေါ်နဲ့ တောင်ဘက်စွန်းက ကျွန်းတွေပေါ်မှာ နေထိုင်ကြတဲ့ နှာခေါင်းတိုတိုနဲ့ ပွေးကလေးနဲ့ မြွေကလေးတွေကတော့ ကျောင်း လုံးဝ မတက် ကြတော့ဘူးတဲ့။ ကျောင်းလခ ဈေးကြီးကြောင်း၊ သွားရေးလာရေး မလွယ်ကူကြောင်းနဲ့ သူတို့အတွက် အင်မတန် အရေးကြီးတဲ့ မြေတွင်းတူးခြင်းပညာ ဘာသာရပ်ကို မထည့်ထားတဲ့အတွက် အဲဒီ သင်ရိုးညွန်းတမ်းကို ကန့်ကွက်ကြောင်းနဲ့ အခြားသော ဆင်ခြေတွေ၊ ဆင်လက်တွေ၊ ဆင်နားရွက်တွေ အများကြီး ပေးတာပေါ့ကွယ်။ ခက်ခက်ခဲခဲ စုပေါင်းပြီး ကြိုးစားတားတဲ့ ဒီသင်ရိုးညွန်းတမ်းကို ဝေဖန် ကန့်ကွက်ကြတော့ အခြားသော တိရစ္ဆာန် မျိုးနွယ်စုတွေဟာ သူတို့ကို အင်မတန် စိတ်ပျက် နေကြ တယ်တဲ့။ ပိုပြီး ဆိုးဝါးတာကတော့ အစွယ်တဖွေးဖွေးနဲ့ အစိမ်းရောင် မြေခွေးတွေက သူတို့ကို မြှောက်ပင့် ပေးနေတာရယ် အခြားသော အနီးအနား တောအုပ်က ပင်ဒါဝက်ဝံတွေရယ်၊ နှာခေါင်းရှည်ရှည်နဲ့ မျောက်ဖြူတွေကလည်း သူတို့ကို သင်ပေးမယ် ဆိုတာရယ်ကြောင့် သင်ရိုးအသစ်နဲ့ သီးခြား ကျောင်းတစ် ကျောင်းကို တည်ထောင်ဖို့ စဉ်းစားနေကြတယ်တဲ့။ အစိမ်းရောင်မြေခွေးတွေရယ်၊ ပင်ဒါဝက်ဝံတွေရယ်နဲ့ မျောက်ဖြူတွေဟာ ပိုကောင်းတဲ့ ကျောင်းတစ်ကျောင်းကို လုပ်ပေးနိုင်လိမ့်မယ်လို့ ကလေးတို့ ထင်သလားဟင်။

ဒီနေ့အဖို့ ပုံပြင်လေးကတော့ ဒီမျှပါဘဲကွယ်။

ကလေးတို့လည်း အတူနေကြရတဲ့သူတွေနဲ့ ဆက်ဆံရေးရယ်၊ မိမိခံစားချက်တွေရယ်၊ သင်ကြားနေရတဲ့ ဘာသာရပ်တွေ ပညာရပ်တွေနဲ့ မိမိသင်ကြားတတ်မြောက်လိုတဲ့ ပညာရပ်တွေကို ချင့်ချိန် စဉ်းစားကြပါလို့ မှာကြားရင်း……..

ရွှင်လန်းချမ်းမြေ့ကြပါစေ။ အသိဥာဏ် ပညာခွန်အား တိုးတက်ကြပါစေ။

တောအစပ်တစ်နေရာက
ကလေးတို့ရဲ့ဆရာ

သိန်းနိုင်

Sunday, August 9, 2009

ရှင်သန်ခြင်း၊ ဘာသာစကားနှင့် ကျောင်းပညာရေး

ထောင်စုနှစ်ဖွံ့ဖြိုးရေးရည်မှန်းချက်များသည် ထိရောက်သော ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးအပေါ်တည်မှီနေလေသည်။

သိန်းနိုင်

ဘာသာစကားများရှင်သန်မှုမှာ စိုးရိမ်ဖွယ်ရာဖြစ်နေပေပြီ။ ကမ္ဘာ့ဘာသာစကားပေါင်း ၆၀၀၀ (ခြောက်ထောင်) ကျော်အနက် တ၀က်ခန့် (၅၀ ရာခိုင်နှုန်း)မှာ ပျောက်ကွယ်လုနီးပါးရှိနေပြီး ၄၀ ရာခိုင်နှုန်းမှာ ခြိမ်းခြောက်ခြင်းခံနေရသည်။ ၁၀ ရာခိုင်နှုန်းသာလျှင် ရှင်သန်နိုင်စွမ်းရှိနေ၏။

ဘာသာစကား ခြောက်ထောင်အနက် ၉၆ ရာခိုင်နှုန်းကို ကမ္ဘာ့လူဦးရေ ၄ ရာခိုင်နှုန်းသာပြောဆိုကြလေသည်။ ရာဂဏန်း အနည်းငယ်မျှသော ဘာသာစကားတို့ကို ပညာရေးစနစ်များအတွင်းနှင့် ရုံးသုံးအနေဖြင့် ဂုဏ်သိက္ခာရှိစွာ နေရာပေးထားကြပြီး ဒီဂျစ်တယ် ကမ္ဘာတွင်အသုံးပြုမှုတွင်မူ တစ်ရာအောက်လျော့နည်းလေသည်။

ပျောက်ကွယ်လုနီးပါး ခြိမ်းခြောက်ခံနေရသော ဘာသာစကားအများစုကို လူနည်းစု တိုင်းရင်းသားမျိုးနွယ်စုများမှ ပြောဆိုကြသည်။ တစ်စုံတရာ လုပ်ဆောင်ခြင်းမရှိပါမူ များမကြာမီကာလတွင် ဤဘာသာစကားများနှင့် ယဉ်ကျေးမှုများမှာ ပျောက်ကွယ်ရပါတော့မည်။

သို့ဖြစ်ပါ၍ ယူနက်စကို အထွေထွေ ညီလာခံကြီးမှ “နိုင်ငံတကာ မိခင်ဘာသာစကားများနေ့”ကို သတ်မှတ်ထားရှိပြီး ၂၀၀၁ ခုနှစ်မှစတင်၍ နှစ်စဉ် ဖေဖော်ဝါရီလ ၂၁ ရက်တွေ ကျင်းပပြုလုပ်ပါသည်။ ဘာသာဗေဒ၊ ယဉ်ကျေးမှု မတူကွဲပြားခြားနားမှုနှင့် ဘာသာစကား မျိုးနွယ်စုံကမ္ဘာကြီး ဖြစ်နေစေရေးအတွက် ရည်ရွယ်ရင်းဖြစ်သည်။

တိမ်ကောကွယ်ပျောက်လာနေသော ဘာသာစကားများ

ဘာသာစကားတစ်ခု ကွယ်ပျောက်၊ ဆုံးရှုံးခြင်းနှင့်အတူ ကျွန်ုပ်တို့လူသားမျိုးနွယ်၏ အသိဗဟုသုတ၊ တွေးမြင်သိတတ်မှုနှင့် ရှုမြင်သုံးသပ်မှု တစ်စိတ်တစ်ပိုင်းတို့ကိုလည်း အစားမထိုးနိုင်ဘဲ ဆုံးရှုံးရတော့သည်။

ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘာသာစကားမှာ အရေးပါလှပေသည်။ ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များကို အောင်မြင်နိုင်ရေးအတွက် ဘာသာစကားဆိုင်ရာကဏ္ဍမှာ ဗျူဟာမြောက်တည်ရှိနေသည်။

ဤရည်မှန်းချက်များတွင် - ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်ခေါင်းပါးမှု ကင်းစင်နိုင်ရေး၊ မူလတန်း ပညာရေး ဆုံးခန်းတိုင်အောင် ကျောင်းနေခွင့်ရရှိရေး၊ လိင်ပိုင်းဆိုင်ရာ တန်းတူညီမျှမှုနှင့် အမျိုးသမီးစွမ်းဆောင်ရည်တိုးတက်ရေး၊ ကလေးသေဆုံးမှုလျော့ပါးရေး၊ မိခင်ကျန်းမာရေးတိုးတက်ရေး၊ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါ၊ ငှက်ဖျားရောဂါနှင့် အခြားရောဂါတို့ကို တိုက်ဖျက်ရေး၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာ့လုံးဆိုင်ရာ ဆက်စပ်လုပ်ဆောင်နိုင်ရေး တို့ ပါဝင်သည်။

ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ရှစ်ရပ်ကို ဒေသကြီး ၁၀ ဒေသမှ နိုင်ငံ ၁၉၀ ပါဝင်သည့် နိုင်ငံတကာ အသိုင်းအ၀ိုင်း များမှ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ချက်များအတွက် အညွှန်းဘောင်အနေဖြင့်လည်း လက်ခံကျင့်သုံးလျှက်ရှိနေသည်။

ထောင်စုနှစ် ရည်မှန်းချက်များမှ အလွန်အမင်း ဆင်းရဲခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းဘေးဒဏ်တို့အတွက် ဘာသာစကားသည် ရှင်သန် နေထိုင်နိုင်ရန် အလုပ်အကိုင်ရပိုင်ခွင့်၊ လူမှုရေးနှင့် နိုင်ငံရေးဘ၀တို့တွင် ပါဝင်ဆောင်ရွက်ခွင့်၊ အပြန်အလှန်ဆွေးနွေး ပြောဆို ဆက်ဆံနိုင်ရေး တို့နှင့် နီးကပ်စွာ ဆက်စပ်လျက်ရှိနေလေသည်။

ဗဟုသုတ အသိတရားတို့ကို လက်ဆင့်ကမ်းဖြန့်ဖြူးရာဝယ်တွင်လည်း ဘာသာစကားမှာ အဓိကကြားခံဖြစ်နေပြန်သည်။ ထောင်စုနှစ် ရည်မှန်းချက်များဖြစ်သည့် ကလေးအားလုံးမူလတန်းပညာရေးဆုံးခန်းတိုင်ရေး၊ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်ရောဂါ၊ ငှက်ဖျားရောဂါ တို့ကို တုန့်ပြန်လုပ်ဆောင်ရာတွင်လည်း မရှိမဖြစ်လိုအပ်ပါသည်။

ဘာသာစကားမှာ အခြေခံရပိုင်ခွင့်များဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်၊ ပညာရေးအခွင့်အရေး၊ ယဉ်ကျေးမှုဆိုင်ရာ ပါဝင် ဆောင်ရွက်နိုင်ခွင့်နှင့် သိပ္ပံနှင့် နည်းပညာတိုးတက်မှုအကျိုးတရားများကို ပိုင်ဆိုင်ရရှိရေးတို့ကို ခံစားနိုင်စေရန်အတွက်လည်း အဓိက ကျနေသည်။ ဤအချက်များအားလုံးမှာ ဘာသာဗေဒဆိုင်ရာအချက်အလက်များနှင့် ဆက်စပ်လျက်ရှိနေ၏။

ဘာသာစကားများကို ထိန်းသိမ်းခြင်း

ခြိမ်းခြောက်ခံနေရသော ဘာသာစကားတစ်မျိုးသည် အထင်ကရဖြစ်သော လူမှုအသိုင်းအ၀ိုင်းအတွင်း ပြောဆိုသူတို့၏ လူ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်ခြင်း၊ တရားဥပဒေဆိုင်ရာ ရပိုင်ခွင့်များကို တိုးမြှင့်နိုင်ခြင်း၊ ရေးသားမှတ်တမ်းတင်နိုင်ခြင်းနှင့် အီလက်ထရောနစ် နည်းပညာတို့ကိုအသုံးပြုနိုင်ခြင်းတို့ ပြုလုပ်နိုင်ပါမူ ရှင်သန်နိုင်စွမ်းရှိမည်။ ပညာရေးစနစ်အတွင်း ခိုင်ခိုင်မာမာ တည်ရှိနေပါက ရှင်သန်မှုအတွက် များစွာ အထောက်အပံ့ဖြစ်စေသည်။

ဘာသာစကားများ ရပ်တည်ရှင်သန်နိုင်စွမ်း (သို့မဟုတ်) တိမ်ကောပျောက်ကွယ်ခြင်းတို့အတွက် ပညာရေးစနစ်မှာ အရေးကြီးသည့် အပိုင်းတွင် ပါဝင်လျက်ရှိနေသည်။ ပညာရေးစနစ်များစွာမှာမူ တိုင်းရင်းသားလူနည်းစုမျိုးနွယ်များနှင့် သူတို့၏ ဘာသာစကားများ အတွက် သင့်တော်ကိုက်ညီမှုမရှိခြင်း ဖြစ်သည်သာမကဘဲ အန္တရာယ်ပင်ရှိနေလေသည်။

ပညာရေးဆိုင်ရာ အောင်မြင်မှုရရှိနိုင်ရန်အတွက်နှင့် ယဉ်ကျေးမှုနှင့် ဘာသာစကားစည်ပင် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက်ပါ မူကြို၊ မူလတန်းပညာရေးနှင့် အရေးအဖတ်အတွက် အသုံးလုံးပညာရေးတို့မှာ မိခင်ဘာသာစကားဖြင့် လေ့ကျင့်သင်ယူခွင့်ရရှိရန် ကလေးများနှင့် လူကြီးများအတွက်ပါ အရေးကြီးသည်။

အရေးအဖတ်ကို သူတို့နားမလည်သော ဘာသာစကားဖြင့် လေ့ကျင့်သင်ကြားရန်မှာ လူအများစုအတွက် မဖြစ်နိုင်ပါချေ။

ဘာသာစကား ၂ မျိုးသင်ကြားရေးနည်းဗျူဟာမှာ ထိရောက်မှုရှိပြီးလျှင် သင်ယူလေ့လာမှုရလဒ်ကောင်းများကို ရရှိစေသည်။ ဒုတိယဘာသာစကားကို မသင်ကြားသေးမီ ပထမ ဘာသာစကားတစ်မျိုးကို ကျွမ်းကျင်တက်မြောက်သင့်ပါသည်။

အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှုတို့အတွက် လူနည်းစုတိုင်းရင်းသားများမှ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိစေရန်မှာ ကမ္ဘာ့လူ့မှုအသိုင်းအ၀ိုင်းတစ်ရပ်လုံးအနေဖြင့် အားလုံးပါဝင်ဆောင်ရွက်နိုင်ခွင့်ကို လမ်းဖွင့် ထားရှိပေးရပေမည်။

ပညာရေးစနစ်မှ အကျိုးဖြစ်ထွန်းစေရန်အတွက် ရပ်ရွာဒေသလူ့မှုအသိုင်းအ၀ိုင်းများအနေဖြင့် ပညာရေးအစီအစဉ်များကို စီမံ အုပ်ချုပ် ကွပ်ကဲရာနှင့် သင်ကြားသည့် အကြောင်းအရာ၊ သင်ကြားနည်းများတွင် ပါဝင်ဆောင်ရွက်ခွင့်နှင့် ဆုံးဖြတ်ပိုင်ခွင့်တို့ကို ရရှိသင့်သည်။

ဘန်ကောက်အခြေစိုက် ယူနက်စကို အာရှနှင့် ပစိဖိတ်ပညာရေးအစီအစဉ်တွင် မူဝါဒချမှတ်သူများ၊ စီမံကိန်းရေးဆွဲသူများ၊ ဆရာဆရာမများ၊ ရပ်ရွာလူ့အဖွဲ့အစည်း ခေါင်းဆောင်များအနေဖြင့် ငယ်ရွယ်စဉ်ကာလများတွင် မိခင်ဘာသာစကားဖြင့် သင်ယူခြင်းနှင့် ဘာသာစကား ၂ မျိုးသင်ကြားခြင်းတို့အတွက် ပညာပေးစည်းရုံးလှုံဆော်လျက်ရှိသည်။

မြန်မာနိုင်ငံ ကျောင်းပညာရေး၊ မိခင်ဘာသာစကားနှင့် သင်ရိုးညွှန်းတမ်း

တိုင်းရင်းသားမျိုးနွယ်စုများ အသွေးအရောင်စုံလင်စွာ ထွေပြားလျက်တည်ရှိနေခြင်းကြောင့် ကျောင်းပညာရေးတွင် မိခင်ဘာသာစကား၊ တိုင်းရင်းသားဘာသာစကားတို့ကို ထည့်သွင်းသင်ကြားရေးမှာ များစွာ အရေးကြီးလှပါသည်။ လွတ်လပ်ရေးရယူခဲ့စဉ်က အသွေးအရောင်စုံယဉ်ကျေးမှု လူ့အသိုင်းအ၀ိုင်း Multiculturalism နှင့် အသွေးအရောင်စုံ ယဉ်ကျေးမှု ပညာရေးစနစ် Multicultural Education system တို့ကို အမျိုးသားခေါင်းဆောင်ကြီးများမှ တည်ဆောက်ရန် မျှော်မှန်းထားရှိခဲ့ကြသည်။ သို့ရာတွင် ဆယ်စုနှစ်များစွာကြာမြင့်ခဲ့ပြီဖြစ်သည့် မျက်မှောက် ၂၁ ရာစု ပထမဆယ်စုနှစ် ကုန်ဆုံးတော့မည့် အချိန်အထိ တိုင်းရင်းသားဘာသာစကားများ၊ ရိုးရာယဉ်ကျေးမှုများ၊ သမိုင်းအစဉ်အလာများကို ကျောင်းပညာရေး ပင်မစနစ်အတွင်းနှင့် သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းခြင်း၊ လက်တွေ့ သင်ကြားခြင်းများကို လုပ်ဆောင်နိုင်ခွင့် မရရှိကြသေးပါ။ ဤသည်မှာ တိုင်းရင်းသားအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးနှင့် ပညာရေးအခွင့်အရေးများ ဆုံးရှုံး နစ်နာနေသည့် အခြေအနေဆိုးလည်းဖြစ်သည်။ အခြေခံပညာရေးအဆင့်တိုင်းတွင် (မူလတန်း၊ အလယ်တန်း၊ အထက်တန်း) ၃ ဘာသာ သင်ကြားရေးမူဝါဒကို တစ်နိုင်လုံးတွင် အကောင်အထည် ဖော်ဆောင်သင့်ပါသည်။ မိခင်ဘာသာစကား၊ (တိုင်းရင်းသားဘာသာစကား)၊ မြန်မာစာ၊ အင်္ဂလိပ်စာတို့ကို အတန်းအဆင့်၊ အသက်အရွယ်နှင့် နယ်မြေဒေသအလိုက် အချိုးညီမျှစွာ ထည့်သွင်းသင်ကြားနိုင်ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံနှင့် အခြားသော ယဉ်ကျေးမှုစုံလူ့အဖွဲ့အစည်းများအတွင်း ကျင့်သုံးသည့် ဒီမိုကရေစီပညာရေးစနစ်တို့မှာ များစွာ အားကျ အတုယူဖွယ်ရာဖြစ်ပါ၏။ ယဉ်ကျေးမှုများ သဟဇာတဖြစ်စေရေး၊ သိမြင်ခံစားနိုင်ရေး၊ ကလေးသူငယ်အခွင့်အရေးများရရှိစေရေးနှင့် အရည်အသွေးမြင့်မားသော ပညာရေးစနစ် တည်ဆောက်နိုင်ရေး တို့အတွက် ဘာသာစကားများသင်ကြားရေးဆိုင်ရာ မူဝါဒအသစ်များနှင့် လက်တွေ့လုပ်ဆောင်ချက်များ လိုအပ်နေပါသည်။

သိန်းနိုင် (မြန်မာကျောင်းဆရာ)

ပညာရေးနှင့် အချစ်စစ်၊ အချစ်မှန်

ပညာရေးနှင့် အချစ်စစ်၊ အချစ်မှန်
(ခရစ်ရှနားမူတီး၏ “ပညာရေးအပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်” On Education by Krichnamurti)
ဆရာကြီးပါရဂူ ဘာသာပြန် “ဘ၀ မီးတိုင်” စာအုပ်မှ ကောက်နုတ်ချက်

--- ဒါပေမဲ့ အချစ်စစ်၊ အချစ်မှန် မရှိဘူးဆိုရင် အချစ်စစ် အချစ်မှန် မရှိတဲ့ ဘ၀ဟာ ရနံ့မရှိတဲ့ပန်းနဲ့ ဘာမှခြားနားမှာ မဟုတ်ဘူး။ အချစ်စစ် အချစ်မှန်အဆင့် ရောက်ရှိလာတာဟာ ပညာရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ တကယ့်တကယ် ပီတိဆိုတာလဲ အချစ်စစ် အချစ်မှန်ကလာတာဖြစ်တယ်။ -----

---
အပြုအမူ

လူ့ဘ၀မှာ ပတ်ဝန်းကျင်က လှုံ့ဆော်မှု မပြုလုပ်တဲ့ အပြုအမူကို ရှာရခြင်းသည် အကြီးမားဆုံး အခက်အခဲတစ်ခုဖြစ်တယ်။ မည်သည့် နည်းနှင့်မဆို ပြုလုပ်တဲ့ အပြုအမူတစ်ခုကို လှုံ့ဆော်တဲ့ ဖိအားပေးတဲ့အရာဟာ လူနှင့် ပတ်ဝန်းကျင်ဖြစ်တယ်။ မိမိလှုပ်ရှားပုံ လှုပ်ရှားနည်း၊ မိမိ စားပုံစားနည်း၊ မိမိစကားပြောပုံပြောနည်း၊ မိမိစာရိတ္တ၊ မိမိ၏ ကျင့်ဝတ်ဆိုင်ရာ အပြုအမူသည် မိမိကိုယ်ကို တွေ့တဲ့နေရာမှာ အခြေတည် နေကြတာဖြစ်တဲ့အတွက် မိမိ၏ အပြုအမူဟာ အမြဲတစေ ပြောင်းလဲနေတယ်။ အပြောင်းအလဲ ဖြစ်နေတယ်။ တစ်ကြိမ်နှင့် တစ်ကြိမ် တူတာမဟုတ်ဘူး။

ကိုယ့်အဖေကိုပြောတဲ့ စကားနှင့် အသံ၊ ကိုယ့်အမေကို ပြောတဲ့စကားနှင့် အသံ၊ ကိုယ့်အိမ်ဖော်ကို ပြောတဲ့ စကားနှင့် အသံ တစ်ခုနှင့် တစ်ခု မတူကြဘူး။ ကွဲပြားခြားနားနေတယ်။ ပြုမူပုံ ပြုမူနည်းအပေါ်မှာ ပတ်ဝန်းကျင်သြဇာ အရှိန်အ၀ါ လွှမ်းမိုးတဲ့ အတွက် အပြုအမူကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီး လူတွေဘာလုပ်မယ်၊ ဘာမလုပ်ဘူးဆိုတာ မှန်းဆကြရင် မှန်းဆကြည့်လို့ ရသလောက်နီးပါး ဖြစ်တယ်။

ဘယ်လိုပတ်ဝန်းကျင်မျိုးကြောင့်ဖြစ်ဖြစ် မိမိ တစ်မျိုးတည်းသော အပြုအမူကို မိမိပြုမူနိုင်ရဲ့လားလို့ မိမိကိုယ်ကို မေးကြည့်နိုင်ပါ့ မလား၊ မိမိ၏ အပြုအမူသည် မိမိကိုယ်တွင်းမှ ဖြစ်ပေါ်လာပြီး မိမိနှင့် ပတ်သက်ပြီး လူတွေထင်ကြတာတွေ၊ မြင်ကြတာတွေ အပေါ်မှာ အခြေမခံဘူးလို့ ထင်သလား။ မိမိကိုယ်တွင်းမှာလည်း အမြဲတစေ ပြောင်းလဲမှု ရှိနေတယ်။ ယနေ့ မိမိသည် မနေ့က မိမိမဟုတ်တော့ဘူး။ မိမိ၏ ပြုမူပုံပြုမူနည်းဟာ တခြားလူတွေ၏ လှုံ့ဆော်ချက် သို့မဟုတ် လူ့အဖွဲ့အစည်း သို့မဟုတ် ဘာသာရေး ခံယူချက်များ၏ လှုံ့ဆော်ချက်ကြောင့် မဟုတ်ဘူးဆိုတဲ့ အကြောင်းကိုကော ပတ်ဝန်းကျင်အပေါ်မှာ အခြေမခံဘူးဆိုတဲ့ အကြောင်းကိုကော ရှာကြည့်နိုင်ပါ့မလား။ ချစ်ခြင်းဆိုတာ ဘယ်လိုဟာမျိုးလဲလို့ သိရင်ရှာကြည့်နိုင်ကောင်း ရှာကြည့်နိုင်ပါလိမ့်မယ်။

ချစ်ခြင်းဆိုတာ ဘယ်လိုဟာမျိုးလဲဆို သိကြရဲ့လား။ လူတွေကို ဘယ်လိုချစ်ရသလဲဆိုတာ သိကြရဲ့လား။ သစ်ပင်ကလေးကို ရှင်သန်အောင်လုပ်တာ၊ ခွေးကို သန်းမတွယ်အောင် ၀ှက်မှင်ဘီးနဲ့ ဖီးပေးပြီး အစာကျွေးတာတွေဟာ သစ်ပင်ကို သံယောဇဉ် တွယ်နေတာ မဟုတ်လား၊ ခွေးကို သံယောဇဉ်တွယ်နေတာ မဟုတ်လား။ လမ်းသွားရင် လမ်းမှာ ဘယ်သူမှ သတိမပြုမိတဲ့ သစ်ပင်ကို သတိပြုမိတဲ့လူ ရှိရဲ့လား။ ဘယ်သူမှ အဲဒီသစ်ပင်ကို ရေးကြီးခွင်းကျယ် လုပ်မနေဘဲ ဖြတ်သွား၊ ဖြတ်လာ လုပ်ကြတာသာများတယ်။ အဲဒီသစ်ပင်ဟာ ဥယျာဉ်ထဲမှာ အရိပ်တကြည့်ကြည့် ကြည့်နေတဲ့သစ်ပင်နဲ့ မတူဘူးလား။ အကြီးအကျယ် ခြားနားနေတယ်။ နေပူတဲ့အခါ အရိပ်သွားခိုနေရတဲ့ သစ်ပင်နဲ့လည်း မတူဘူး။ မိမိရေလောင်းတဲ့၊ မြေသြဇာကျွေးတဲ့၊ အကိုင်းနှင့် အရွက်များကို ကြည့်လိုလှအောင် ကတ်ကြေးနဲ့ ကိုက်ပေးတဲ့၊ ညှပ်ပေးတဲ့၊ မိမိခြံထဲက သစ်ပင်နဲ့လမ်းဘေးမှာ ပေါက်နေတဲ့ သစ်ပင်ယှဉ်လို့ဘယ်ဖြစ်မလဲ။ ဆွမ်းဆန်နဲ့ ကြွက်ချေးကွာဝေးသလို ကွာဝေးတယ်။

အရေးတယူ အလေးမူခြင်းဟာ ချစ်ခြင်းရဲ့ အစဖြစ်တယ်။ အရေးတယူ အလေးမူလေလေ စိတ်ပါဝင်စားမှု ရှိလာလေလေဖြစ်တယ်။ ချစ်ခင်ခြင်း၊ ငဲ့ညှာခြင်း၊ စာနာခြင်း၊ ထောက်ထားခြင်းများလည်း ဖြစ်လာတယ်။ အဲဒီလိုချစ်ခြင်းမျိုး ပေါ်လာတဲ့အခါ အပြုအမူဟာ ချစ်ခြင်းရဲ့ စေစားခြင်းကိုခံရပြီး လူနှင့် ပတ်ဝန်းကျင်ကို အမှီသဟဲ မပြုတော့ဘူး။ အဲဒီချစ်ခြင်းမျိုးကို ရှာဖို့ဆိုတာ မလွယ်ကူဘူး။ မိမိအပေါ် လူတွေ ကိုယ်ချင်းစာနာ၊ ငဲ့ညှာထောက်ထားသလား။ မိမိနှင့် စကားပြောဆိုတဲ့အခါ မာရေကြောရေနဲ့ ပြောသလား၊ မချေမငံ ပြောသလား ဆိုတာတွေကို လေ့လာပြီး တကယ့်ချစ်စိတ်နှင့် ချစ်ခြင်းမျိုးကို ရှာဖို့ဆိုတာ အလွန်ခက်တယ်။

ကလေးတွေမှာ အဲဒီသဘောမျိုးရှိတာကို တွေ့ရတယ်။ ကလေးသူငယ်များဟာ ကလေးချင်းလည်း တည့်ကြတယ်။ လူကြီးများနှင့် ရန်ဖြစ်တာမျိုးလည်း မရှိဘူး။ ခွေးကလေးများကို ချစ်တယ်။ ဘယ်သူ့ကိုမဆို တွေ့ရင် ပြုံးပြတာက များတယ်။ ဒါပေမဲ့ ကြီးလာတဲ့အခါကျတော့ အဲဒီအကျင့်တွေ ပျောက်သွားတယ်။ အဲဒါကြောင့် ဘ၀တစ်လျှောက်လုံးမှာ အချစ်စစ် အချစ်မှန်ရှိဖို့ဆိုတာ အခက်အခဲဆုံး တစ်ခုဖြစ်တယ်။ အချစ်စစ် အချစ်မှန်မရှိရင်လည်း ဘ၀ဆိုတာ အနှစ်သာရ လုံးဝမရှိတော့ဘူး။ သားသမီးတွေ ရှိချင်ရှိမယ်။ အိမ်ကြီးရခိုင်နဲ့ နေချင်နေရမယ်။ ကားပိုင်ရှင်ပုဂ္ဂိုလ် ဖြစ်ချင်ဖြစ်မယ်။ အခြားအဆင်ပြေစရာတွေ ဇိမ်ခံပစ္စည်းတွေ ရှိချင်ရှိမယ်။ ဒါပေမဲ့ အချစ်စစ်၊ အချစ်မှန် မရှိဘူးဆိုရင် အချစ်စစ် အချစ်မှန် မရှိတဲ့ ဘ၀ဟာ ရနံ့မရှိတဲ့ပန်းနဲ့ ဘာမှခြားနားမှာ မဟုတ်ဘူး။ အချစ်စစ် အချစ်မှန်အဆင့် ရောက်ရှိလာတာဟာ ပညာရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ တကယ့်တကယ် ပီတိဆိုတာလဲ အချစ်စစ် အချစ်မှန်ကလာတာဖြစ်တယ်။

ဣသာမစ္ဆရိယ ရှိတဲ့နေရာမှာ ရက်စက်ကြမ်းကြုတ်မှုတို့ အမျက်ဒေါသတို့ ပေါက်ဖွားလာတယ်။ အမျက်ဒေါသမရှိမှ ဣသာမစ္ဆရိယ မရှိမှ မျှော်မှန်းချက် ကြီးကြီးကျယ်ကျယ်မရှိမှ အချစ်ပန်းပွင့်လန်းလာနိုင်တယ်၊ တည်ရှိလာနိုင်တယ်။ အချစ်မရှိတဲ့ ဘ၀ဟာ ကြပ်တီးမြေဖြစ်တယ်။ လွင်တီးခေါင်ဖြစ်တယ်။ ဒါပေမဲ့ အချစ်ရှိလာတဲ့ အခါကျတော့ စိမ်းလန်းစိုပြေတဲ့ အလှပန်းများပွင့်နေတဲ့မြေ ဖြစ်လာတယ်။ အဲဒီအခြေအနေများကို လုလင်ငယ်သွေး အချိန်မှာသာ လေ့လာလို့ရတယ်။ အသက်အတော်ကလေး ရလာတဲ့အခါကျတော့ အချိန်နှောင်းသွားပြီ။ လူ့ဘောင်အဖွဲ့အစည်း၊ သားမယား၊ အလုပ်တာဝန်များ၏ အကျဉ်းသား ဖြစ်သွားပြီ။ လူတွေ စောင့်ဆိုင်းနေတာ၊ မဖြစ်စေလိုတဲ့အတွက် မိမိအတန်းကို အချိန်မှန်မှန် တက်နိုင်ရဲ့လား။ မိမိကို စောင့်ကြည့်နေတဲ့လူတွေနဲ့ အတူ နေရတဲ့အချိန်မှာ အော်ကျယ်ဟစ်ကျယ် ပြောနေတာကို ရပ်ပစ်လို့ ရပါ့မလား။

အချစ်စစ် အချစ်မှန် ဆိတ်သုဉ်းသွားတဲ့ အပြုအမူတွေဟာ၊ အပေါ်အပယိကများသာဖြစ်ပြိး အဓိပ္ပါယ် ဘာမှရှိမှာ မဟုတ်ဘူး။ အချစ်စစ် အချစ်မှန်နှင့် စာနာမှု ရှိလာလျှင်တော့ အဲဒီ စိတ်သဘောတရားများကတစ်ဆင့် သူတစ်ပါးအတွက် ယဉ်ကျေးသိမ်မွေ့တဲ့ အပြုအမူတွေ ပေါက်ဖွားဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီအပြုအမူတွေဟာ မိမိကိုယ်ကျိုးကြည့်တာက နည်းတယ်။ ဘ၀မှာ ပြုလုပ်ဖို့ အခက်ခဲဆုံးတစ်ခုလည်းဖြစ်တယ်။ မိမိကိုယ်ကျိုး မကြည့်တဲ့လူဟာ အမှန်တကယ် လွတ်လပ်မှုရှိတဲ့လူ ဖြစ်တယ်။ ကောင်းကင်ကို၊ တောင်တွေကို၊ ရေကို၊ ငှက်တွေကို၊ ပန်းပွင့်တွေကို သစ်လွင်လန်းဆန်းတဲ့ စိတ်နှလုံးသားနှင့် အချစ်စစ် အချစ်မှန် အနက်အဓိပ္ပါယ် နှင့် ကြည့်လို့ရတယ်။

 

© 2007 IngridGrey By Arephyz