Thursday, August 13, 2009

သင်ရိုးညွှန်းတမ်းပုံပြင်

သင်ရိုးညွန်းတမ်းပုံပြင်

သိန်းနိုင်

ကလေးတို့ရေ

မင်္ဂလာပါ။ ဒီနေ့တော့ ဆရာ စာမသင်တော့ဘဲ ပုံပြင်လေးတစ်ပုဒ် ပြောပြဖို့ စိတ်ကူးထားပါတယ်။

ဟိုရှေးရှေးတုန်းကပေါ့ကွယ် ……..

တောအုပ်ကြီးတစ်ခုမှာ မှီတင်း နေထိုင်လာခဲ့ကြတဲ့ တိရစ္ဆာန် မျိုးနွယ်စုတွေဟာ ပိုမို ရှုပ်ထွေး လို့လာနေတဲ့ သူတို့ရဲ့ တိရစ္ဆာန် အသိုင်းအ၀ိုင်း ရှင်သန်မှုအတွက် တစ်ခုခုကို လုပ်မှ ဖြစ်တော့ မယ်လို့ စဉ်းစား တွေးတောမိကြပါသတဲ့။ တောအုပ်အစပ် မြေလွတ်တစ်နေရာမှာ တိရစ္ဆာန် မျိုးနွယ်စု ကိုယ်စားလှယ်တွေ အသီးသီး အကြိတ်အနယ် ဆွေးနွေးပွဲတွေကို နေ့ရောညပါ ကျင်းပ ကြရ တော့တာပေါ့။ တိရစ္ဆာန်မျိုးနွယ်စု အသီးသီးရဲ့ ရှင်သန်မှုနဲ့ အခွင့်အရေး အတွက်ဆိုတော့ မျိုးနွယ်စု ကိုယ်စားလှယ်တွေ စုံစုံညီညီ တက်ရောက်လာကြတယ်။ သိပ်ကို အရေးကြီးနေပြီဖြစ်တဲ့ တိရစ္ဆာန် အသိုင်းအ၀ိုင်းအတွက် ဆွေးနွေးလိုက်ကြတာ နောက်ဆုံးမှာတော့ အနာဂတ် ရှင်သန်မှုအတွက် အင်မတန်မှ ထူးခြားတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ် လိုက်ကြရပါတယ်။

တိရစ္ဆာန်ထု အစည်းအဝေးကြီးရဲ့ တစ်ခုတည်းသော အဲဒီ ဆုံးဖြတ်ချက်ကတော့ စာသင်ကျောင်း တစ်ကျောင်းကို တည်ထောင် ဖွင့်လှစ်ဖို့ပဲ ဖြစ်ပါသတဲ့။ သိပ်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ဆိုရင် ကလေးတို့ သဘောတူမယ် ထင်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက် နောက်ဆက်တွဲ အနေနဲ့ လုပ်စရာတွေ အများကြီး ပေါ်လာတော့တာပေါ့။

ကလေးတို့ရေ …..
ကျောင်းတစ်ကျောင်းအတွက် အဓိကအားဖြင့် ဘာတွေ လိုအပ်တယ်လို့ ကလေးတို့ ထင်သလဲဟင်။ လိုအပ်ချက်တွေ အများကြီး ရှိနိုင်တာပေါ့နော်။

အစည်းအဝေးကြီးရဲ့ ပထမဆုံး အာဂျင်ဒါကို ပြောပြပါရစေနော်။
ပထမဆုံး လုပ်ရမဲ့ အချက်ကတော့ အဲဒီကျောင်းမှာ ဘယ်ဘာသာရပ်တွေ ဘယ်ပညာတွေကို ဘယ်လို သင်ကြား ကြမှာလဲ ဆိုတာပါပဲတဲ့။ တိရစ္ဆာန်လေးတွေရဲ့ စာသင်ကျောင်းအတွက် သင်ရိုးညွန်းတမ်း ပြဿနာ ပေါ်လာတယ်လေ။ စိုးရိမ်စိတ်တွေ၊ မျှော်လင့်ချက်တွေ၊ နစ်နာချက်တွေ အသိုင်းအ၀ိုင်းရဲ့ လိုအပ်ချက်တွေ၊ တောင်းဆိုချက်တွေ၊ ခံစားချက်တွေကို ဖွင့်ချကြရင်း ဆွေးနွေးကြရ တော့တာပေါ့။ နောက်ဆုံးမှာတော့ (၁) အပြေးဘာသာရပ် (၂) သစ်ပင်တက်ဘာသာရပ် (၃) ရေကူးဘာသာရပ်နဲ့ (၄) ပျံသန်းခြင်း ဘာသာရပ်တွေကို သင်ရိုးညွှန်းတမ်းဝင် ဘာသာရပ်တွေ အနေနဲ့ ထည့်သွင်း သင်ကြားဖို့ သဘောတူညီမှု ရရှိခဲ့ကြတယ်။ သူတို့ဖာသာ သူတို့ လုပ်ကိုင် တတ်စေဖို့ရယ်၊ ဝေဖန်ပိုင်းခြား စဉ်းစားတွေးတော တတ်စေဖို့ရယ် အတွက် တိရစ္ဆာန်ငယ်ဗဟိုပြု ချဉ်းကပ် သင်နည်းကို အသုံးပြု သင့်တယ်လို့လည်း အစည်းအဝေး သဘာပတိ ပညာရှိ ဇီးကွက်ကြီးက လမ်းညွှန် ဆုံးမခဲ့သတဲ့။

ဘာကြောင့် ဒီပညာရပ်တွေကို သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းရတယ်လို့ ကလေးတို့ ထင်သလဲဟင်၊ သဘောတူရဲ့လား။ ကလေးတို့ အမြင်ကို ပြောပြစမ်းပါအုံး။

ဒီပညာရပ်တွေကတော့ တိရစ္ဆာန် အသိုင်းအ၀ိုင်းရဲ့ ပစ္စုပ္ပုန်နဲ့ အနာဂတ် ဘ၀တွေ ရှင်သန်မှု အတွက် အရေးကြီးတာကို အထင်အရှား မြင်တွေ့ နိုင်တာရယ်၊ ရိုးရာ ယဉ်ကျေးမှုတွေလည်း ထိန်းသိမ်းဖို့ လိုအပ်တာတွေရယ်၊ အပြုအမူပိုင်းဆိုင်ရာ အခြေခံအချက် စံနှုန်းတွေ ဖြစ်တာရယ်၊ ခေတ်နှင့်အညီလည်း ဖြစ်တာတွေကြောင့်လို့ ဆုံးဖြတ်ကြပါသတဲ့။ ကျောင်းသူ၊ ကျောင်းသား တိရစ္ဆာန် ငယ်လေးတွေအားလုံး မသင်မနေရ တပြေးညီ သင်ကြား ကြရမယ်လို့လည်း သက်ဆိုင်ရာက ညွန်ကြားချက်တွေ ထုတ်ပြန်တော့တာပေါ့။

တိရစ္ဆာန်ငယ်လေးတွေအားလုံး တက်တက်ကြွကြွ။ မိဘတွေလည်း တစ်ပြုံးပြုံးနဲ့ ကျောင်းကို လာအပ်ကြပါသတဲ့။ ကျောင်းအုပ်ကြီးနဲ့ ဆရာဆရာမတွေကလည်း စတိုင်အပြည့်နဲ့ပေါ့။

အဲ---- အားလုံး အဆင်ပြေသွားပြီ။ တိရစ္ဆာန်အသိုင်းအ၀ိုင်းရဲ့ အနာဂတ် ရှင်သန်ရေး အတွက်လည်း မစိုးရိမ် ရတော့ဘူးရယ်လို့ ပီတိတွေ ဖြစ်နေကြတုန်းမှာပဲ ပြဿနာတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ပေါ်လာတော့တယ်။ ဘာပြဿနာတွေလို့ ကလေးတို့ ထင်သလဲဟင်၊ ကလေးတို့ရဲ့ ကျောင်းတွေမှာ ဘာပြဿနာတွေ တက်လေ့ရှိပါသလဲ။

ကလေးတို့ရေ …..
ပထမဆုံး ပြဿနာကတော့ မြေပြန့်ရေအစပ်မှာ နေထိုင်ကြတဲ့ ဘဲကလေးတွေဟာ အင်မတန်မှ ရေကူး ကျွမ်းကျင်သူတွေ ဖြစ်ကြပါတယ်။ သူတို့ရဲ့ ဆရာထက်တောင်မှ ပိုပြီး ရေကူး အရာမှာ တော်ကြတယ်ဆိုပဲ။ ပျံသန်းခြင်း ဘာသာရပ်မှာလည်း တော်ကြပါတယ်။ ဒါပေမဲ့ သင်ရိုးဝင် အပြေး ဘာသာရပ်မှာတော့ အင်မတန်မှ အခက်အခဲ တွေ့နေကြရတယ်။ သင်ရိုးအတိုင်း လုံးဝ မလိုက်နိုင် ကြဘူးတဲ့။ အဲဒါကြောင့် ကျောင်းဆင်းပေမဲ့ သူတို့ကို အချိန်ပိုတွေ ခေါ်သင်ရတယ်။ ဘဲကလေးတွေ အင်မတန်မှ ကျွမ်းကျင်တဲ့ ရေကူးဘာသာရပ်မှာ သင်ကြားချိန် လျော့ချပြီး အပြေး ဘာသာရပ်အတွက်ကို အချိန်ပိုပေးကြရတယ်။ လူကြီးတွေ၊ ဆရာဆရာမတွေက အပြေးသင် ဘာသာရပ်အတွက် လေ့ကျင့်ချိန် များများရအောင်လည်း ဖန်တီးကြသတဲ့။ အိမ်မှာ မိဘ၊ ညီအကို၊ မောင်နှမတွေနဲ့နေဖို့ အချိန်တွေ မရှိတော့လောက်အောင်ကို၊ ကစားချိန်တွေ မရှိတော့လောက်အောင်ကို အချိန်ပိုတွေ တက်ကြရ၊ ကျူရှင်ယူကြရနဲ့။ ကလေးဘ၀ ပျောက်ဆုံးကြရတော့တာ၊ သိပ်သနားစရာနော်။

ဒီလိုနဲ့ ဘဲကလေးတွေဟာ အပြေး လေ့ကျင့်တဲ့အချိန် များလာတဲ့အခါမှာတော့ ရေကူးတဲ့အခါ ယက်ဖို့ ခြေထောက်က ပင့်ကူအိမ် ပုံစံ ခြေဖ၀ါးပြင်တွေဟာ ပျက်စီး လာတော့တာပဲ။ အပြေး ဘာသာရပ်မှာလည်း ပိုပြီးထူးချွန် မလာတဲ့အပြင် အရင်တုန်းက ချန်ပီယံအဆင့် ရထားတဲ့ ရေကူး ဘာသာရပ်မှာလည်း သာမန် အဆင့်ပဲ ရှိတော့တယ်တဲ့။ ဒါပေမဲ့ တိရစ္ဆာန်တို့ရဲ့ ကျောင်း ပညာရေး စနစ်သစ်မှာ သာမန်အောင်တာဟာလည်း စာမေးပွဲတော့ အောင်တာပါပဲဆိုပြီး လူကြီးတွေက ဆရာဆရာမတွေကတော့ မစိုးရိမ်ကြဘူးလေ။ လူကြီးတွေက သာမန်အဆင့်ကို ပုံမှန်လို့ သဘောထား ကြပေမဲ့ ရေကူးပညာမှာ အရင်ကလောက် အဆင်မပြေ တော့တာ ကိုယ်တိုင် ခံစားနေကြရတဲ့ ဘဲကလေးတွေက ကြိတ်ပြီး ပူဆွေးသောက ရောက်နေကြတာပေါ့။ ဘဲကလေးတွေရဲ့ မွေးရာပါ ရေကူးကျွမ်းကျင်တာ ပျက်စီးရတာနော်။ သူတို့ခမျာ ဘယ်သူ့ကိုမှလည်း ဖွင့်ဟ မပြောရဲဘူးတဲ့။ သူတို့နေရာ ကနေ ကလေးတို့ ၀င်ရောက် ခံစားကြည့်ပါလားကွယ်။ ကလေးတို့ရော တစ်ခုခုကို ခံစားရပြီဆိုရင် ဘယ်သူတွေကို ဖွင့်ဟ ပြောပြ ဖြစ်သလဲဟင်။ အင်းပေါ့… မိဘတွေနဲ့ သူငယ်ချင်းတွေကို ဖွင့်ပြောပြ ရမှာပေါ့ကွယ်။

ကလေးတို့ရေ…..
ယုန်ကလေးတွေကြပြန်တော့ အပြေးက သိပ်သန်တာပေါ့။ ရေလုံးဝမကူး တတ်တော့ ရေကူးချိန်တွေ ပိုပြီးပေးရတာ၊ ရေထဲမှာပဲ နေနေရတာတွေကြောင့် စိတ်ဓါတ် အကြီးအကျယ် ကျဆင်း နေရှာကြတယ်တဲ့။ ရေကူး သင်ရတာကို မုန်းတီးတဲ့စိတ်နဲ့ မကြိုက်တဲ့စိတ်နဲ့ လုပ်ရတာဆိုတော့ လုပ်နေရပေမဲ့ မတိုးတက်ရှာဘူးတဲ့ကွယ်။ ဘယ်လောက်သင်သင် သိပ်မတတ်ဘဲ ဖြစ်နေတယ်တဲ့။ ကလေးတို့ရော အဲဒီလို အဖြစ်မျိုး ကြုံဖူးကြသလားဟင်။ မကြိုက်တဲ့ ဘာသာရပ်တွေ သင်နေရတာမျိုး၊ မလုပ်ချင်တဲ့ အလုပ်တွေ လုပ်နေရတာမျိုး၊ ဘယ်ဘာသာရပ်တွေလဲဟင်။

သစ်ပင်တက်ခြင်း ဘာသာရပ်မှာ အမြဲတမ်း ပထမရတဲ့ ချစ်စရာကောင်းတဲ့ ရှဥ့်ကလေး တွေကတော့ ပျံသန်းခြင်း ဘာသာရပ်ကို ဘယ်လိုသင်သင် မတတ်မြောက်နိုင်ဘူးတဲ့။ စာမေးပွဲ အောင်ချင်လွန်းလို့ ခိုးချတဲ့အနေနဲ. သစ်ပင်ထိပ်ကနေ အောက်ကို ခုန်ခုန်ချပြီး ပျံသန်းတတ်တယ် ဆိုတာကို လုပ်ပြပေမဲ့ ဆရာဆရာမတွေ ကတော့ လက်မခံကြဘူးတဲ့။ သစ်ပင်အောက်ကနေ အပေါ်ကို ပျံသန်းပြမှ အမှတ်ရမယ်လို့ ဆူပူ ကြိမ်းမောင်း ခံရတာပေါ့ကွယ်။ အပြင်းအထန် လေ့ကျင့် ခိုင်းတော့ ရှဥ့်ကလေးတွေဟာ ကြွက်သား ဖုထစ်တွေ တက်လာပြီး ပျံသန်းခြင်း ဘာသာရပ်လည်း ထူးမခြားလာတဲ့အပြင် သစ်ပင်တက်ခြင်း ဘာသာရပ်နဲ့ အပြေးဘာသာရပ်တွေမှာလည်း အများကြီး အဆင့်နိမ့် ကျသွားတော့တယ်။ သနားဖို့ မကောင်းဘူးလားဟင်။

တောအုပ်ရဲ့ အရှေ့ဘက်မှာနေပြီး အမြဲတမ်းကျောင်းစည်းကမ်း ဖေါက်ဖျက်တတ်တဲ့ သိမ်းငှက် ကလေးတွေက သစ်ပင်တက်ခြင်း ဘာသာရပ်နဲ့ ပတ်သက်ပြီး အချိန်တိုင်း အငြင်းပွါးကြသတဲ့။ ဘယ်လိုနည်းနဲ့ တက်တက် ထိပ်ဆုံးရောက်ဖို့ပဲ ဆိုပြီးတော့ အားလုံးထက် အမြန်ဆုံး သစ်ပင်ထိပ်ကို ရောက်သတဲ့။ ဘာသာရပ်စည်းကမ်းအတိုင်း၊ စာမေးပွဲ စည်းကမ်းအတိုင်း သစ်ပင် ပုံမှန်မတက်ဘဲ အမြဲတမ်း ထိပ်ဆုံးကို ရောက်ရောက် နေလေတော့ ဆရာဆရာမတွေလည်း သိပ်ကို စိတ်ညစ် ကြရတယ်တဲ့။ ဒါပေမဲ့ အငြင်းသန်တဲ့ သိမ်းငှက်လေးတွေကတော့ သူတို့နည်းနဲ့ သူတို့ လုပ်မှာဘဲတဲ့ကွယ်။ သူတို့ဘယ် လို သစ်ပင်တက် ကြတယ်လို့ ကလေးတို့ ထင်သလဲဟင်။ ကလေးတို့ကော သဘောတူ လက်ခံမှာလား။

ကလေးတို့ရေ…..
မြောက်ဘက်ပိုင်းတောအုပ်ရဲ့ တောတန်းတွေပေါ်နဲ့ တောင်ဘက်စွန်းက ကျွန်းတွေပေါ်မှာ နေထိုင်ကြတဲ့ နှာခေါင်းတိုတိုနဲ့ ပွေးကလေးနဲ့ မြွေကလေးတွေကတော့ ကျောင်း လုံးဝ မတက် ကြတော့ဘူးတဲ့။ ကျောင်းလခ ဈေးကြီးကြောင်း၊ သွားရေးလာရေး မလွယ်ကူကြောင်းနဲ့ သူတို့အတွက် အင်မတန် အရေးကြီးတဲ့ မြေတွင်းတူးခြင်းပညာ ဘာသာရပ်ကို မထည့်ထားတဲ့အတွက် အဲဒီ သင်ရိုးညွန်းတမ်းကို ကန့်ကွက်ကြောင်းနဲ့ အခြားသော ဆင်ခြေတွေ၊ ဆင်လက်တွေ၊ ဆင်နားရွက်တွေ အများကြီး ပေးတာပေါ့ကွယ်။ ခက်ခက်ခဲခဲ စုပေါင်းပြီး ကြိုးစားတားတဲ့ ဒီသင်ရိုးညွန်းတမ်းကို ဝေဖန် ကန့်ကွက်ကြတော့ အခြားသော တိရစ္ဆာန် မျိုးနွယ်စုတွေဟာ သူတို့ကို အင်မတန် စိတ်ပျက် နေကြ တယ်တဲ့။ ပိုပြီး ဆိုးဝါးတာကတော့ အစွယ်တဖွေးဖွေးနဲ့ အစိမ်းရောင် မြေခွေးတွေက သူတို့ကို မြှောက်ပင့် ပေးနေတာရယ် အခြားသော အနီးအနား တောအုပ်က ပင်ဒါဝက်ဝံတွေရယ်၊ နှာခေါင်းရှည်ရှည်နဲ့ မျောက်ဖြူတွေကလည်း သူတို့ကို သင်ပေးမယ် ဆိုတာရယ်ကြောင့် သင်ရိုးအသစ်နဲ့ သီးခြား ကျောင်းတစ် ကျောင်းကို တည်ထောင်ဖို့ စဉ်းစားနေကြတယ်တဲ့။ အစိမ်းရောင်မြေခွေးတွေရယ်၊ ပင်ဒါဝက်ဝံတွေရယ်နဲ့ မျောက်ဖြူတွေဟာ ပိုကောင်းတဲ့ ကျောင်းတစ်ကျောင်းကို လုပ်ပေးနိုင်လိမ့်မယ်လို့ ကလေးတို့ ထင်သလားဟင်။

ဒီနေ့အဖို့ ပုံပြင်လေးကတော့ ဒီမျှပါဘဲကွယ်။

ကလေးတို့လည်း အတူနေကြရတဲ့သူတွေနဲ့ ဆက်ဆံရေးရယ်၊ မိမိခံစားချက်တွေရယ်၊ သင်ကြားနေရတဲ့ ဘာသာရပ်တွေ ပညာရပ်တွေနဲ့ မိမိသင်ကြားတတ်မြောက်လိုတဲ့ ပညာရပ်တွေကို ချင့်ချိန် စဉ်းစားကြပါလို့ မှာကြားရင်း……..

ရွှင်လန်းချမ်းမြေ့ကြပါစေ။ အသိဥာဏ် ပညာခွန်အား တိုးတက်ကြပါစေ။

တောအစပ်တစ်နေရာက
ကလေးတို့ရဲ့ဆရာ

သိန်းနိုင်

2 comments:

ဖြိုးဝေ-mmp said...

လေ့လာမှတ်သား သွားပါသည်။
လေးစားလျက်ပါခင်ဗျာ

cyberPunk said...

ကလေးတို့ရေ ဆိုတာကို သည်းခံပြီး ကျော်ဖတ်လိုက်တာ .. ဖတ်လို့ကောင်းပါတယ်ခင်ဗျာ ..

 

© 2007 IngridGrey By Arephyz