Monday, May 25, 2009

E-Learning အကြောင်းသိကောင်းစရာ (အပိုင်း - ၁)

(ရေးသားသူ - S.S.)

E-Learning ဆိုတာမှာ "E" ဆိုတဲ့စကားလုံးဟာ "Electronic" ကိုရည်ညွန်းပါတယ် ။ e-learning နဲ့ပတ်သက်ပြီး အဓိပ္ပါယ်ဖွင့်ဆိုထားတဲ့ အမြောက်အမြားထဲက European e-learning Action Plan မှ e-learning ကို အောက်ပါအတိုင်းအဓိပ္ပါယ်ဖွင့်ဆိုထားပါတယ် ။

.. the use of new multimedia technologies and the internet to improve the quality of learning by facilitating access to resources and services as well as remote exchanges and collaboration (COM, 2001: 2)

လူတော်တော်များများက e-learning ကို online-learning နဲ့ထူးမခြားနားလို့ ကောက်ချက်ချတတ်ကြပါတယ်။ သူတို့ကောက်ချက်ချသလို အဲဒီသင်ကြားရေးပိုင်းနှစ်ခုဟာ အတော်လေးတူညီတာတွေရှိပါတယ်။ ဒါပေမယ့် သေချာခွဲခြားကြည့်မယ်ဆိုရင်တော့ ...

online-learning ဆိုတာ
- သင်ကြားသူနဲ့သင်ယူသူကြား မျက်နှာချင်းဆိုင်တွေ့ဆုံမှုမျိုးမရှိဘဲ ...(အဝေးရောက်သင်တန်း - distance learning - ဆန်ဆန်)
- အင်တာနက်တခုတည်းကိုသာကြားခံပြီး ...
- သင်ကြားရေးပိုင်းမှာအထောက်အကူဖြစ်စေမယ့် အီလက်ထရွန်းနစ်ပိုင်းဆိုင်ရာကိရိယာများ (electronic tools) ကိုအသုံးပြုပြီး ...
သင်ကြားပို့ချတာဖြစ်ပါတယ်။

e-learning ဆိုတာကတော့
- သင်ကြားသူနဲ့သင်ယူသူကြား မျက်နှာချင်းဆိုင်တွေ့ဆုံမှုမျိုးလည်း ရှိနိုင်သလို
- သင်ကြားရေးပိုင်းမှာအထောက်အကူဖြစ်စေမယ့် အီလက်ထရွန်းနစ်ပိုင်းဆိုင်ရာကိရိယာများ (electronic tools) နဲ့
- အင်တာနက်ကို သင်ကြားရေးပိုင်းအတွက် လိုအပ်သလိုအသုံးချပြီး ...
သင်ကြားပို့ချတာဖြစ်ပါတယ်။

ဒါကြောင့် e-learning မှာအဓိကပါဝင်တဲ့အရာတွေကတော့ အီလက်ထရွန်းနစ်ပိုင်းဆိုင်ရာကိရိယာတွေနဲ့ပတ်သက်တဲ့နည်းပညာ (technology) နဲ့ အင်တာနက် တို့ဖြစ်ပါတယ်။ (Technology လို့ဆိုရာမှာ hardware နဲ့ software ကို ဆိုလိုပါတယ်)

... အီလက်ထရွန်းနစ်ပိုင်းဆိုင်ရာကိရိယာတွေနဲ့ပတ်သက်တဲ့နည်းပညာ (technology) ဆိုတာ ဘာတွေပါဝင်ပါသလဲ ...

အင်တာနက်ပေါ်မှာသုံးတဲ့ အီလက်ထရွန်းနစ်ပိုင်းဆိုင်ရာကိရိယာများ (electronic tools) များကို web1.0 and web2.0 ဆိုပြီး ခွဲခြားနိုင်ပါတယ်။ e-learning အတွက် အဲဒီကိရိယာများကိုအသုံးချနိုင်ပါတယ်။ web1.0 ကို information web လို့ဆိုစမှတ်ပြုပါတယ်။ ဘာလို့လဲဆိုတော့ web1.0 tools တွေကို အဓိကအားဖြင့် အင်ဖော်မေးရှင်း (information) ဖြန့်ဝေဖို့အတွက် အသုံးပြုတာဖြစ်ပါတယ်။ ဥပမာ ... အွန်လိုင်းက ဆိုဒ်တခုမှာ အထောက်အကူပြုစာအုပ်စာတမ်းတွေကို ကျောင်းသားတွေအတွက်ထားတာမျိုး။ web2.0 ကိုတော့ social web လို့ ဆိုစမှတ်ပြုပါတယ်။ ဘာလို့လဲဆိုတော့ web2.0 tools တွေကိုအသုံးပြုကြသူတွေကြား နှီးနှောဖလှယ်တာမျိုးတွေ (interaction)၊ လူမှုဆက်ဆံရေးတွေ အများကြီး ပါဝင်နေလို့ဖြစ်ပါတယ်။ ဥပမာအဖြစ် ... ဘလောဂ့်တွေ၊ လူမှုဆက်ဆံရေးချိတ်ဆက်ခြင်း (social networking) အတွက်တည်ဆောက်ထားတဲ့ facebook လိုအရာတွေပါ။ e-learning အတွက် web1.0 & web2.0 tools ကို သုံးနိုင်ပေမယ့်၊ ခုခေတ်နောက်ပိုင်းမှာတော့ web2.0 tools တွေကိုပဲ သုံးလာကြပါတယ်။ ဒါကလည်း နည်းပညာပိုင်းအရတိုးတက်လာတဲ့အခါ လူတွေဟာ အင်တာနက်ပေါ်မှာ ပိုပြီးနှီးနှောဖလှယ်လာကြတာပေါ်မူတည်ပြီး ပြောင်းလဲလာတဲ့ ပြောင်းလဲမှုတခုပါ။ (e-learning မှာသုံးတဲ့ web2.0 tools တွေအကြောင်း နောက်ပိုင်းမှာ အသေးစိတ်ဖော်ပြပါမယ်)


... e-learning ကို ဘယ်နေရာတွေမှာ သုံးနိုင်ပါသလဲ ...

e-learning ကို ပညာရေးပိုင်းမှာသာမက၊ ပရောဖက်ရှင်နယ်ထရိန်နင် (professional training) ပိုင်းမှာလည်း အရင်တည်းက အသုံးပြုခဲ့ကြပါတယ်။ ပညာရေးပိုင်းမှာတော့ မျက်နှာချင်းဆိုင်တွေ့ဆုံတာမျိုးမရှိတဲ့ အဝေးရောက်သင်ကြားရေးပိုင်းမှာ ပိုပြီးအသုံးပြုခဲ့ကြတာကို တွေ့ရပါတယ်။ ခုချိန်မှာတော့ e-learning ကို ပညာရေးပိုင်းမှာ တွင်ကျယ်စွာအသုံးချလာကြပေမယ့် တချို့သောဘာသာရပ်များဖြစ်ကြတဲ့ ဘာသာစကားပိုင်း၊ စာပေနဲ့ပတ်သက်တဲ့ဘာသာရပ်တွေမှာ ပိုပြီးအသုံးပြုကြပါတယ်။


... e-learning ဟာ ပညာရေးပိုင်းမှာ အဘယ်ကြောင့် တွင်ကျယ်လာပါသလဲ ...

ကမ္ဘာကြီးမှာခေတ်သစ်နည်းပညာတွေထွန်းကားလာတာနဲ့အမျှ အီလက်ထရွန်းနစ်ပိုင်းဆိုင်ရာကိရိယာတွေလည်း ပိုမိုထွန်းကားလာပါတယ်။ အဲဒီကိရိယာတွေကိုအသုံးပြုပြီးလုပ်နိုင်တဲ့အရာတွေလည်း များပြားလာပါတယ်။ အလားတူပဲ kilobits per second လိုနှုန်းမျိုးနဲ့စတင်ခဲ့တဲ့အင်တာနက်ဟာလည်း ခုဆိုရင် အရမ်းပိုမြန်ဆန်တဲ့ megabits per second နှုန်းမျိုးကိုရောက်နေပါပြီ။ အဲလိုတိုးတက်လာတဲ့နည်းပညာတွေကိုသုံးပြီး တီထွင်ထားတဲ့အီလက်ထရွန်းနစ်ကိရိယာတွေကိုသုံးပြီး စာလုံး (text) တွေသာမက၊ အသံ (audio)၊ ရုပ် (video)၊ ဓါတ်ပုံ (image) စတာတွေနဲ့ မြန်ဆန်တဲ့အင်တာနက်ကိုသုံးပြီး ဆက်သွယ်နိုင်ကြ၊ အင်ဖော်မေးရှင်းကို ဖြန့်ဝေဖလှယ်နိုင်ကြပါတယ်။ အဲဒီအခါ technology နဲ့ internet ဆိုတာဟာ လူတွေရဲ့ဘ၀တွေထဲမှာ မရှိမဖြစ်ဆိုသလိုဖြစ်လာပါတယ်။

ထိုသို့ ဒီဂျစ်တယ်လ် (digital) ခေတ်ကိုဦးတည်သွားတဲ့အခြေအနေတွေကိုသုံးသပ်ပြီး Prensky (2001) ဆိုသူက ...

ခုခေတ်လူငယ်တွေကို "Digital Natives - native speakers of the digital language of the computer, video games and internet"

သင်ကြားသူ ဆရာဆရာမများကိုတော့ "Digital Immigrants - those of us who were not born into the digital world but have, at some later point in our lives, become fascinated by and adopted many or most aspects of the new technology" လို့ခေါ်ဝေါ်ခဲ့ပါတယ်။

Prensky (2001) ဆိုလိုတာကတော့ ခုခေတ်လူငယ်တွေဟာ ဒီဂျစ်တယ်လ်ခေတ်မှာမွေးဖွားကြီးပြင်းလာပြီး၊ ဒီဂျစ်တယ်လ်ပိုင်းဆိုင်ရာ technology တွေ၊ အင်တာနက်တွေနဲ့ နဂိုတည်းက အရောတ၀င်ယဉ်ပါးပြီးသားဖြစ်နေသူတွေပါ။ သင်ကြားသူဆရာဆရာမများကတော့ ဒီဂျစ်တယ်လ်ခေတ်မရောက်ခင်မှာ မွေးဖွားခဲ့ကြသူတွေဖြစ်တဲ့အတွက်၊ ဒီဂျစ်တယ်လ်ပိုင်းဆိုင်ရာကိရိယာတွေနဲ့ ထိတွေ့မှုများလာတဲ့အခါ အဲဒီအရာတွေကို တဖြည်းဖြည်းယဉ်ပါးလာပြီး သုံးတတ်လာတာဖြစ်ပါတယ်။

digital natives တွေဖြစ်တဲ့ ခုခေတ်လူငယ်တွေကို သူတို့နဲ့ရင်းနီးကျွမ်းဝင်တဲ့ technology and internet ကိုသုံးပြီးတော့ သင်ကြားရေးပိုင်းမှာအသုံးချမယ်ဆိုရင် ထိရောက်နိုင်မယ်လို့ ပညာရေးသုတေသီတွေက တွေ့ရှိလာကြပါတယ်။ အဲဒီတွေ့ရှိချက်နဲ့အတူ technology and internet ကို အသုံးချတဲ့ e-learning ဆိုတာဟာလည်း ပညာရေးနယ်ပယ်မှာ ပိုမိုတွင်ကျယ်လာပါတယ်။

... e-learning နဲ့ပတ်သက်၍အထင်မှားကြသောအချက်များ ...(E-language wiki)

e-learning ဆိုတာ စာသင်ကြားနည်းစနစ်တခုလို့ အထင်မှားတတ်ကြပါတယ်။ တကယ်ကတော့ e-learning ဆိုတာ နည်းပညာ (technology) နဲ့ပဲသက်ဆိုင်ပါတယ်။ ပညာရေးသုတေသီတွေက စာသင်နည်းစနစ် (pedagogy) ဆိုတာဟာ နည်းပညာပိုင်း (technology) ထက်အမြဲဦးစားပေးသင့်တယ်လို့ ဆိုစမှတ်ပြုကြပါတယ်။ အဲဒီအချက်နဲ့ပတ်သက်ပြီး ဥပမာတခုပေးရရင် ...

တချို့ကျောင်းတွေမှာ e-learning ကိုအသုံးပြုကြတဲ့အခါ၊ နည်းပညာပိုင်းကိုဦးစားပေးထားတဲ့ electronic tools တွေကိုသုံးဖို့ ဆရာဆရာမများက သူတို့ရဲ့သင်ခန်းစာတွေကို လိုက်ရောညီထွေဖြစ်အောင် ပြုပြင်ရပါတယ်။ အဲဒီအခါ စာသင်နည်းစနစ်ဟာ နည်းပညာပိုင်း (technology) ကိုလိုက်ပြီး ပြုပြင်ပြောင်းလဲပေးရတာမျိုး ဖြစ်သွားပါတယ်။ အဲလိုနည်းပညာပိုင်းကိုပဲဦးစားပေးတဲ့အခါ ကျောင်းသားတွေတတ်ကျွမ်းအောင်သင်လေ့ရှိတဲ့ စာသင်နည်းစနစ်တွေကို အသုံးပြုခွင့်မရတော့ပဲ ၊ ရှိနေတဲ့ electronic tools တွေကိုအဆင်ပြေအောင်သုံးဖို့ပဲ ဦးစားပေးလိုက်ရတဲ့အခါ စာသင်နည်းစနစ်တွေက ထိရောက်မှုသိပ်မရှိတော့ပါဖူး။

ဒါကြောင့် e-learning ကို အသုံးပြုတဲ့အခါမှာ အဓိက သတိထားရမယ့်အချက်က ဘယ် electronic tools ကို သုံးမယ်လို့ အရင်မဆုံးဖြတ်ပဲ၊ စာသင်နည်းစနစ် (pedagogy) ကိုအရင်ဆုံးဖြတ်ပြီးမှ အဲလိုစာသင်နည်းမျိုးရအောင် ဘယ်လို electronics tools ကို သုံးပြီးသင်ရင် ထိရောက်နိုင်မလဲလို့ တွေးရပါမယ်။

ဒုတိယ အများဆုံးအထင်မှားကြတဲ့အချက်ကတော့ e-learning ဆိုတာ “လူတိုင်းအတွက် ၊ နေရာတိုင်း ၊ အချိန်တိုင်း” မှာလုပ်ဆောင်နိုင်မယ်လို့ အထင်မှားတာပါ။ e-learning ကိုအသုံးပြုမယ်ဆိုရင် အဓိကလိုအပ်တာကတော့ အပေါ်မှာဖော်ပြထားတဲ့ နည်းပညာပိုင်း (technology) ဖြစ်တဲ့ ကွန်ပြူတာလိုအီလက်ထရွန်နစ်ကိရိယာနဲ့ အင်တာနက်ပါ။ အဲဒါတွေကိုမရရှိနိုင်တဲ့ (သို့မဟုတ်) အတိုင်းအတာတခုအထိလုံလောက်စွာအသုံးပြုခွင့်မရှိတဲ့နေရာတွေမှာ (အထူးသဖြင့် တိုးတက်ဖွံ့ဖြိုးမှုနည်းပါးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ ဆင်းရဲနွမ်းပါးတဲ့ပတ်ဝန်းကျင်မှာကျင်လည်နေသူတွေမှာ) e-learning အတွက် အခက်အခဲဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အင်တာနက်ဆိုတာ၊ နည်းပညာပိုင်းဆိုင်ရာတွေနဲ့ ရင်းနီးကျွမ်းဝင်မှုမရှိသူတွေအတွက်လည်း အခက်အခဲဖြစ်နိုင်ပါတယ်။ နောက်ပြီး အင်တာနက်နဲ့ နည်းပညာတွေဟာ အနောက်နိုင်ငံကဆင်းသက်လာတာဖြစ်တဲ့အတွက် အများအားဖြင့် အင်္ဂလိပ်လိုသာအသုံးအနှုံးတွေများပြီး အင်္ဂလိပ်ဘာသာစကားကို မကျွမ်းဝင်သူတွေအတွက်လည်း ကသိကအောက်ဖြစ်နိုင်ပါတယ်။ အဲလို အင်တာနက်နဲ့ နည်းပညာပိုင်းသုံးစွဲမှု မတူညီမှုတွေကို digital divide လို့ ခေါ်ဝေါ်ပါတယ်။

တတိယအများဆုံးအထင်မှားကြတဲ့အချက်ကတော့ e-learning ဆိုတာ ဆရာ ဆရာမတွေကို မလိုအပ်ဖူးဆိုတာပါပဲ။ အထောက်အကူစာအုပ်တွေ သင်ခန်းစာဖတ်စာအုပ်တွေကို ကိုယ့်ဘာသာဖတ်ပြီး “ဒါဆိုရင် ဒါလုပ်” ဆိုပြီး သင်ယူရတဲ့နေရာမျိုးမှာတော့ e-learning ကိုသုံးရင် ဆရာဆရာမတွေမလိုတော့တာ မှန်ကန်နိုင်ပါတယ်။ ဒါပေမယ့် ဆရာဆရာမတွေနဲ့ ကျောင်းသားတွေကြား သင်ခန်းစာတွေကိုပို့ချရာမှာ “ဒါဆိုရင် ဒါလုပ်” ဆိုတဲ့ တစ်လမ်းသွားမျိုးမဟုတ်ဘဲ ၊ အပြန်အလှန်ဆွေးနွေးတာမျိုးလုပ်တဲ့သင်ကြားနည်းစနစ်မျိုးမှာတော့၊ e-learning ဟာ အတန်းထဲမှာသင်နေတာအစား၊ အင်တာနက်ပေါ်မှာသင်တာမျိုးပဲ ပြောင်းလဲသွားတာပါ။ ဒါပေမယ့် သင်ကြားပေးနေတဲ့ (သို့မဟုတ်) ဂိုက် (guide) လုပ်ပေးနေတဲ့ ဆရာဆရာမတွေရှိနေမှ ကျောင်းသားတွေဟာ electronic tools တွေကို တန်ဖိုးရှိရှိ သူတို့စာသင်ယူရေးမှာ အသုံးချနိုင်မှာဖြစ်ပါတယ်။ နို့မဟုတ်ရင်တော့ ဘလောဂ့်တွေကို လူအများစုအသုံးပြုကြသလို လူမှုဆက်ဆံရေးချိတ်ဆက်ခြင်း (social networking) အတွက်ပဲ အများဆုံးသုံးတာမျိုးဖြစ်သွားနိုင်ပါတယ်။

နောက်ဆုံးအများဆုံးအထင်မှားကြတဲ့အချက်ကတော့ e-learning ရှိလာတဲ့အခါ မျက်နှာချင်းဆိုင်ပြီး စာသင်တာမျိုး (face-to-face learning) မလိုအပ်တော့ဖူး ဆိုတာပါပဲ။ e-learning ရော မျက်နှာချင်းဆိုင်စာသင်တာရော သူ့ဘာသာသူကောင်းတဲ့အချက်တွေရှိတဲ့အတွက် ခုနောက်ပိုင်းမှာ ပညာရေးသုတေသီတွေက အဲဒီနှစ်မျိုးလုံးကိုတချိန်တည်းအသုံးချနိုင်မယ့် blended learning ဆိုတာကို အားသန်လာကြပါတယ်။ Blended learning မှာ မျက်နှာချင်းဆိုင်သင်ကြားရေးမှာ မလုပ်နိုင်တဲ့အရာတွေကို e-learning အနေနဲ့ electronic tools တွေကိုသုံးပြီး သင်ပါတယ်။ အဲဒီအခါ နှစ်ခုလုံးကကောင်းကျိုးတွေကို ရရှိနိုင်ပါတယ်။


(အပိုင်း -၂ ကို ထပ်မံဖော်ပြပါမည်)

References:

Holme, B., & Gardner, J. (2006). E-learning: concepts and practice. London: Sage

E-Language. (n.d.) Retrieved April 19, 2009 from E-Language Wiki:
http://e-language.wikispaces.com/myths

Prensky, M. (2001). Digital natives, digital immigrants. On the Horizon, 9(5). http://www.marcprensky.com/writing/Prensky%20-%20Digital%20Natives,%20Digital%20Immigrants%20-%20Part1.pdf

Gibbs, D., & Gosper, M. (2006). The upside-down world of e-learning. Journal of Learning Design, 1(2), 46-54. http://oltfile.qut.edu.au/download.asp? rNum=3055019&pNum=3012689&fac=udf&OLTWebSiteID=JLD&CFID=5871481&CFTOKEN=10386806

3 comments:

(တေးမွန်) said...

yep.. waiting for the part II. :)

After reading ur post, S.S., I feel like I am still living in Web 1.0. I still use the Internet for searching required information, but not for communicating, discussing and interacting effectively. (I know what is Web 2.0 from Technical point of view :D)

I don't know how much it has been benefited to the students in Westerns and other developed countries, to me, I don't feel that I've got anything advantages.

If e-learning is a technology, the only benefit I have enjoyed - is the classic plentiful resources of information. So, still happily living in Web 1.0's "Do this, Do that" life-cycle. :P

Anyway, this is interesting - a very short, good and suitable introduction to most of the Burmese - and also an alarm for the review of our internet and related technologies using.

I think this post is giving a productive message to the internet users - the readers, at least.

:)

P.S (not S.S.)
u have had a good run in learning about education, haven't u?.

Anonymous said...

Actually, many of us are already using web2.0 tools. Just that we are not optimizing the full capability of such tools by not applying them for educational purpose.

Part (II) is coming soon. I have been very busy lately. So, it will take a bit of time.

Yes, I am enjoying thoroughly to learning about the stuff in education.

----
S.S.
-----

Nge Naing said...

E-learining နဲ့ ပတ်သက်ပြီးတော့ ဘာကိုဆိုလိုလဲဆိုတာ အတိအကျတော့ အဓိပ္ပါယ်မသိပါဘူး။ ကျွန်မအခုတက်နေတဲ့ တက္ကသိုလ်မှာ Health Care နဲ့ ဆိုင်တဲ့ Course တော်တော်များများမှာ ဥဒေတွေ ကျင့်ဝတ်သိက္ခာတွေနဲ့ ဆိုင်တဲ့ ဘာသာတွေကို အွန်လိုင်းဘာသာ အဖြစ်ပဲ ထားတယ်။ Semester တခုလုံးမှာ ဆရာနဲ့ တွေ့တာ ပထမဦးမိတ်ဆက်တာနဲ့ Semester တ၀က်လောက်မှာ တခါလောက်ပဲ မျက်နှာချင်းဆိုင် တွေ့ချိန်ထားတယ်။ lecture, Tutorial တွေ၊ မရှင်းလို့ မေးတဲ့ အမေးအဖြေတွေ အားလုံးကို အွန်လိုင်းမှာပဲ ထားတယ်။ ကျွန်မအတွေ့အကြုံအရတော့ Face to Face tutorial ထက် အွန်လိုင်း Toturial က ပိုပြီးထိရောက်တယ်။ ပါဝင်သူတွေအတွက် ကိုယ်ပေးချင်တဲ့ message ကို အတိအကျ ပေးလို့ရပြီး သူများပေးတဲ့ message ကိုလည်း ကိုယ့်ခေါင်းထဲမှာ အပြည့်အဝေ မှတ်မိကျန်နေခဲ့တယ်။ အဲဒီလို ဆွေးနွေးရတဲ့ ဘာသာမဟုတ်ပဲ လက်တွေ့ ဓါတ်ခွဲခန်းမှာ လုပ်ရတဲ့ ဘာသာတွေတောင် ကျွန်မတို့က လူနာတွေဆီမသွားခင် ဗွီဒယိုနဲ့ ကြည့်ပြီး အရုပ်တွေကို လူနာအဖြစ် အသုံးပြု ပြီး အရုပ်တွေနဲ့ ကိုယ့်ဖါသာကိုယ် လေ့ကျင့်ရတယ်ဆိုတော့ သဘောတရားရေးရာ မဟုတ်ပဲ လက်တွေ့ဘာသာတွေကိုတောင် Practical လေ့ကျင့်ချိန်နဲ့ clinical ဆင်းချိန်ကလွဲရင် သီအိုရီကို အွန်လိုင်း ကဏ္ဍမှာ လုံးဝ ထားလိုက်မယ်ဆိုရင်တောင် ရနိုင်တယ်လို့ ကျွန်မထင်တယ်။ လက်တွေ့သိပ်များပြီး လူနာတွေနဲ့ အတိအကျ ကိုင်တွယ်လုပ်ရတဲ့ Health Care နဲ့ ဆိုင်တဲ့ ဘာသာတွေကိုတောင် အွန်လိုင်းမှာ ဒီနည်းနဲ့ လေ့လာလို့ ရသေးရင် တခြား ဘာသာတွေဆို ပိုတောင် ရနိုင်သေးတယ်လို့ ကျွန်မထင်တယ်။ ကျွန်မဆိုလိုချင်တာက အပေါ်မှာ တေးမွန်ပြောထားတာကို အခြေခံပြီး ကျွန်မကတော့ ကျွန်မအတွေ့အကြုံအရ အွန်လိုင်းမှာ လေ့လာရတာ တကယ်ကို ထိရောက်မှုရှိပါတယ် ဆိုတဲ့အကြောင်း မျှဝေတာ ဖြစ်တယ်။ Post တင်တဲ့ S S ကို ကျေးဇူးတင်ပါတယ်။

 

© 2007 IngridGrey By Arephyz