သိန်းနိုင်
အသိပညာခေတ်မှာ လူဖြစ်လာကြတဲ့အထဲမှာ ငါသိပ်ကံကောင်းတာဘဲကွလို့ သူငယ်ချင်းတွေစုမိတိုင်း ကိုမောင်ကြီး ပြော ပြောလေ့ရှိတယ်။ တကယ်တော့ ကိုမောင်ကြီးဟာ အတော်ကလေး မှတ်ဥာဏ်ကောင်းသူ ဖြစ်တယ်။ အချက်အလက်တွေ အများကြီး မှတ်ထားနိုင်တယ်။ စေတနာကောင်းသူလည်း ဖြစ်လေတော့ သိသမျှကို ကြိတ်မှိတ်ပြီး မြိုသိပ် သိမ်းဆည်း မထားဘဲ ပေါပေါများများ ပြန်ဝေငှတယ်ဆိုပါတော့။ ပညာကို အစဉ်ရှာဖွေနေသူ ဖြစ်လေတော့ တွေ့သမျှမှတ်၊ ရသမျှဖတ်၊ ပေးသမျှသင်တန်းတက်၊ မမောနိုင် မပန်းနိုင်။ အခု ပြောပြချင်တာက ကိုမောင်ကြီးနဲ့ သင်တန်းအထွေထွေ အကြောင်းပါ။ ဒီမြို့လေးမှာ ရရှိနိုင်သမျှသင်တန်း သူ မတက်ဘူးတာ မရှိတော့ဘူး။ ဒါတင်မကသေး။ အခြားနယ်တွေ၊ အနီးအဝေး မြို့တွေမှာရှိတဲ့ သင်တန်းတွေ၊ ၀ါ့ရှော့ပ်တွေ၊ ဆွေးနွေးပွဲတွေကိုလည်း အလွတ်မပေး။ တကူးတကန့်ကို စုံစမ်းပြီးတောင်မှ လိုက်တက်သေးတာ။ အိမ်သူဇနီးကိုလည်း အအားမထား။ သဘောတရားတွေပေး သင်တန်းတွေ တက်ခိုင်း။
“မလေး အခုဟာက ပညာခေတ်ကွ၊ အေ့ဂ်ျအော့ဖ်နော့်လေ့ကွ၊ အိမ်လည်၊ သန်းရှာ၊ အတင်းပြော၊ ရန်ဖြစ်၊ ရှော့ပင်ထွက် အချိန်မကုန် သင့်တော့ဘူး။ နေရာတကာမှာ ပညာတွေရနိုင်တယ်။ နည်းလမ်းတွေလည်း အမျိုးမျိုးရှိပြီ၊ အသက်အရွယ် ကန့်သတ်ချက်တွေ ဘာတွေလည်း မရှိတော့ဘူးကွ၊ လူဖြစ်ရကျိုး သိပ်နပ်နေ ပြီနော်။ အလဟဿ မနေစမ်းနဲ့။ သင်တန်းတွေ တက်သာတက်၊ တစ်ချိန်မဟုတ် တစ်ချိန်၊ တစ်နေရာမဟုတ် တစ်နေရာ အသုံးဝင်မှာကွ”။ အစပိုင်းတော့ လေးဆယ်ကျော် အရွယ်ရောက်မှ သင်တန်းတွေ ဘာတွေ ပြန်တက်ရမှာ မဒမ်မောင်ကြီးမှာ သိပ်စိတ်မပါ။ “ကလေးတွေ တောင် ၉ တန်း ၁၀ တန်းရောက်တော့မယ်။ တော်... မရှက်ပေမဲ့၊ ကျမရှက်တယ်။ အားအားယားယား။ တော့်သင်တန်း ဘာလုပ်ရမှာတုန်း” ဆိုတော့ လင်မယား စကားများခဲ့ရသေးတာ။ ကိုမောင်ကြီးက ပညာရေးနဲ့ ပတ်သက်လာလို့ကတော့ လုံးဝမရှော့။ တိုက်တိုက်တွန်းတွန်း။ “တွမ်တီဖတ်စ် ဆန်ကျူရီမှာ နော်လေ့မရှိယင် ခံသွားရမယ်။ လာမယ့်အပတ် ဟိုဖက်ရပ်ကွက်ထဲမှာ အမျိုးသမီးရေးရာအဖွဲ့က ကျန်တာလား ဂျန်ဒါလား သင်တန်းတစ်ခု ပေးမလို့တဲ့.. သွား… တက်ချေ။ တောဇီးကွက်မတို့ အုပ်စုနဲ့ အကြော်ရောင်းတဲ့ ဒေါ်ကြီးပန်းကိုလည်း ရအောင်ခေါ်သွား..” တွန့်ဆုတ်တန့်ဆုတ်နဲ့ ဘာသင်တန်းမှန်း ရေရေရာရာ မသိရသေးဘဲ မလေးခမျာ စပြီး သွားတက်ခဲ့ရရှာတာ။ ဒါပေမဲ့ အခုတော့ မလေးလည်း အတော်ကလေး အသားကျ သွားပြီ။ “သင်တန်းလား... အခုဘဲလာခဲ့မယ်။” အသိပညာဗဟုသုတ တိုးပွား စေတာအမှန်ပါ။ နတ်ဝါ့က်လည်း လုပ်လို့ရသေးတယ်။ တစ်ခါတစ်ခါ လင်မယားနှစ်ယောက် အချို့သောသင်တန်းတွေ အတူတူသွား... အတူတူတက်လို့။
သိတဲ့အတိုင်း အခုခေတ်မှာ သင်တန်းတွေက အမျိုးမျိုးအဖုံဖုံ။ လွန်ခဲ့တဲ့အနှစ် ၂၀-၃၀ ကာလများနှင့် ဘာမှ မဆိုင်။ နုပျိုစဉ် ရောင်ပေစူးဘ၀ အဲဒီတုန်းကတည်းကလည်း သင်တန်း`ဇ´ကရှိထားတာ။ ဟိုး... လမ်းစဉ် ခေတ်က ရှားရှားပါးပါး “နွေရာသီ လူငယ် သင်တန်းတွေ၊ ဘင်ခရာသင်တန်း၊ ဗနတ ၂ ကြိမ်ဆင်း၊ ယူတီစီ နှစ်စဉ်တက်” လုပ်ခဲ့သေးတာ။ ဒီတော့ မျက်မှောက် ၂၁ ရာစုအစပိုင်း ကာလမှာ ကိုမောင်ကြီးတို့ လူဖြစ်ရကျိုး နပ်တယ်လို့ပြောတာ မလွန်ပါဘူး။ သူတက်ပြီးထားတဲ့ သင်တန်း တွေကိုဘဲ ကြည့်ပါအုံး။ အိမ်နီးချင်း တိုင်းပြည် တွေက ဘာသာစကားပြောသင်တန်း ၂ ခုလည်းပါရဲ့။ ကွန်ပြူတာ သင်တန်းဆို အမျိုးမျိုးပေါ့။ လူ့အခွင့်အရေး သင်တန်းတွေဆိုလည်း အလီလီအခါခါ။ ကျန်းမာရေး စောင့်ရှောက်မှုသင်တန်း၊ ကလေးသူငယ် ပြုစုနည်း သင်တန်း၊ ရုံးအုပ်ကြီး လုပ်နည်းသင်တန်း၊ ပျော်စရာမိသားစု ဘ၀တည်ဆောက်နည်းသင်တန်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသင်တန်း၊ အမျိုးသားကျန်းမာရေးသင်တန်း၊ နိုင်ငံရေးသဘောတရားသင်တန်း၊ လူမှုဝန်ထမ်း လုပ်ငန်းသင်တန်း။ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်မှု သင်တန်း။ ၄၀ ကျော် ကျန်းမာရေးသင်တန်း၊ အရှေ့အလယ်ပိုင်းဒေသ သိကောင်းစရာသင်တန်း၊ ပန်းအလှပြင်နည်းသင်တန်း၊ ဇနီးခင်ပွန်းစကားမများ ရန် မဖြစ်တဲ့ နည်းလမ်းသင်တန်း၊ ခြင်းလုံးနည်းပြသင်တန်း၊ ဘာမဆိုစီမံခန့်ခွဲမှုသင်တန်း၊ ဂျန်ဒါသင်တန်း၊ ပန်ဒါသင်တန်း၊ ကျောင်းဆရာသင်တန်း၊ တိုင်းရင်းသား ရိုးရာဂီတသင်တန်း၊ ဆံပင်ညှပ်နည်း သင်တန်း၊ ဗန်တို သိုင်းသင်တန်း၊ တရုတ်-အိန္ဒိယအစားအစာရောချက်နည်းသင်တန်း၊ မဟာဗျူဟာ ရေးဆွဲနည်းသင်တန်း၊ ဒီမိုကရေစီ ရအောင် လုပ်နည်းသင်တန်း၊ သီးနှံအထွက်တိုး စိုက်ပျိုးနည်း သင်တန်း၊ အတ္တထိန်းချုပ်နည်း သင်တန်း၊ မော်တော်ဆိုင်ကယ် ပြင်နည်းသင်တန်း၊ မဟာဘုတ်ထူနည်းသင်တန်း၊ နိုင်ငံတကာငွေကြေး အကျပ်အတည်း ဖြေရှင်းနည်းသင်တန်း၊ တရုတ်ရိုးရာ အပ်စိုက်ကု သင်တန်း၊ လူကြီးလုပ်နည်းသင်တန်း၊ ရန်ပွဲဖြေရှင်းနည်း သင်တန်း၊ အဲ.. အခုနောက်ဆုံးတစ်ခုက ဘလော့ဂါ တည်ဆောက်နည်းသင်တန်း၊ မှတ်မိ သလောက် ပြောပြတာပါ။ တတ်တဲ့ပညာ မနေသာဆိုသလို ပြန်ပြီးလည်း ဆင့်ပွား သင်တန်းတွေကို လူစုစုရှိတိုင်းပေးနေသေးရဲ့။
တက်ခဲ့တဲ့ ခေါင်းစဉ်တွေကို အားလုံးတောင်မမှတ်မိတော့ဘူး။ သင်တန်းပေးချင်နေသူတွေကလည်း များမှများ၊ သင်တန်း အတွက် ပရောဂျက်တွေကလည်း မရှား။ အချို့သင်တန်းက ကိုယ်ပိုက်ဆံနဲ့ကိုယ်တက်ရတာ၊ အချို့ သင်တန်းများဆို ခရီးသွားလာစရိတ်ငြိမ်းတဲ့အပြင် ပါဒီယန်ပါရသေး။ သင်တန်းလုပ်စားသူတွေနဲ့ သင်တန်း တက်စားနေသူတွေလို့တောင် ရပ်ကွက်ထဲမှာ ဟိုးလေးတကျော်။ ပေးသမျှသင်တန်းတွေကို တက်နေလေတော့ အချို့သင်တန်းတွေဆို ပြီးလို့သာ သွားတယ် အမောင်တောင်မှန်းမြောက်မှန်း ဘာမှန်းမသိလိုက်တာမျိုးလည်း ရှိရဲ့။ သင်တန်းပေးတဲ့လူတွေကလည်း အိမ်ပြည့်ဖို့ လိုတာကိုး။ ကိစ္စမရှိပါဘူး။ ပညာရှာတယ်ဆိုတာကောင်းတဲ့ အလုပ်မဟုတ်လား။ နိုင်ငံခြားသားဘဲ သင်တန်း ပေးပေး၊ မြန်မာဘဲပေးပေး ပေးသမျှယူတယ်။ အဲ... နိုင်ငံခြားသားဆိုလို့၊ ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် ဘာ သင်တန်းဘဲဖြစ်ဖြစ် အနည်းဆုံးတော့ အင်္ဂလိပ်စာ တိုးတက်သေး။ လစ်ဆင်းနင်းလောက်ရ နည်းလား။
အားတဲ့အခါတွေမှာ ကိုယ်တက်ခဲ့ဘူးတဲ့သင်တန်းတွေကို ပြန်စဉ်းစားနေရတာကိုက အရသာတစ်ခု။ ဆာတီဖီ ကိတ်တွေ၊ ဂုဏ်ပြုလက်မှတ်တွေကို ဖုန်မတက်အောင် သုတ်သင်ရှင်းလင်းပေးလိုက်။ ထုတ်ကြည့်လိုက်။ ကျေနပ် နေလိုက်။ “အင်း... အတော်လေးကို ပညာစုံလာပြီပဲ။ ငါနှင့် ငါ့မယား တယ်ဟုတ်ပါလား။” ဗာဟုဿစ္စဉ္စ၊ သိပ္ပဉ္စ၊ ၀ိနယော စ သုသိက္ခိတော… လို့ဆိုထားတယ်မဟုတ်လား။ မင်္ဂလာရှိလေစွ…။
ဒီလိုနဲ့ သိပ်မကြာသေးခင်က ရပ်ကွက်ထဲမှာ အင်တာနက်ချိတ်လို့ ရပြီဆိုတာနဲ့ ဦးမောင်ကြီးတို့ ဘယ်နှေးလိမ့် မတုံး။ နိုင်ငံခြားရောက် သူငယ်ချင်းတွေဆီ ကမန်းကတန်း စာလှမ်းရေးတော့တယ်။ “ကိုယ်တို့ရပ်ကွက်မှာ အင်တာနက် ချိတ်ဆက်နိုင်ပြီ။ မင်းတို့တွေစုပြီး လက်တော့ တစ်လုံးလောက် လုပ်စမ်းပါ။ ဆိုက်ဘာစပေ့ အွန်လိုင်းထဲမှာ ပညာရှာချင်တယ်။ မင်းတို့လို ဖောရိန်းမသွားဘဲ ရပ်ကျိုးရွာကျိုး သယ်ပိုးနေတာ နားလည်သင့် တယ်။ အပူတပြင်းလိုအပ်နေပြီ။ မြန်မြန် လုပ်ကြစမ်းပါအုံး။ မင်းတို့နဲ့လည်း ပုံမှန် ဆက်သွယ်နိုင်တော့မယ်။ ချက်တင်တွေ၊ ဂျီတော့တွေလည်း လုပ်ကြတာပေါ့။” နားမခံသာတဲ့ အဝေးရောက် ငယ်သူငယ်ချင်းတွေကလည်း လုပ်ပေးရှာပါတယ်။ တောမှာ ဂျင်ပေါက်တန်းကစားခဲ့ကြတဲ့ သံယောဇဉ်က မသေးဘူးမဟုတ်လား။ ဒီလိုနဲ့ အွန်လိုင်းပေါ်က ဆာတီဖီကိတ် ၂ ခုလောက်ကို ယူထားလိုက်သေးတယ်။ “ပြီးခဲ့တဲ့ နှစ်တွေက တက်ခဲ့ဘူးတဲ့ ကွန်ပြူတာ သင်တန်းလေးရဲ့ ဒိဋ္ဌအကျိုးပေါ့ကွ၊ မြင်လား” မလေးကို လှည့်ပြော လိုက်သေးတယ်။ ဒီလိုနဲ့ ကိုမောင်ကြီးမှာ ဆာတီဖီကိတ် အောင်လက်မှတ် ၂၅ ခု စုဆောင်းမိခဲ့တယ်ဆိုပါတော့။ သူ့နောက်မှ လိုက် တက်တဲ့ မဟေသီမလေးလည်း ၁၅ ခုလောက်ရထားပြီးပြီ။ လင်မယားနှစ်ယောက်ပေါင်း ဆာတီဖီကိတ် ၄၀ ဟာ မြန်မာ့စံချိန်တင်မက ကမ္ဘာ့စံချိန်ပါ တင်နိုင်လောက်ပါရဲ့။
ကိုယ်တစ်ယောက်တည်းအတွက် လေ့လာထားတာမဟုတ်ဘူးလေ၊ အများအတွက် ဝေမျှနေသူလည်း ဖြစ်တယ်။ ပြီးတော့ ရပ်ရေးရွာရေးဆိုလည်းမနှေးတက်ကြွ ရှေ့ကပါစမြဲမို့ လူချစ်လူခင်၊ လူအမြင်ကတ် အစုံအလင်ပေါများပါတယ်။ တွေ့သမျှ လူတွေကိုလည်း သင်တန်းတွေတက်ဖို့ကို တိုက်တွန်းနေလေရဲ့။ မြန်မာမှုမှာ ကြီးသူ့စကားကိုနားထောင်ရတယ် မဟုတ်လား။ ရပ်ကွက်ထဲက လူကြီးဖြစ်တဲ့ ရပ်ကွက်ပေါင်းစုံ ခြင်းလုံးအသင်းအဖွဲ့များ မူဝါဒရေးရာအဖွဲ့ဝင်၊ ကျောင်း မိဘဆရာအသင်းကော်မီတီဝင်၊ စစ်ပြန်၊ ဆယ်အိမ်ခေါင်း ကိုမောင်ကြီး ကိုယ်တိုင်က စံပြတက်ပြနေတော့ လူငယ်တွေ မှာလည်း သူပြောသမျှနားထောင်၊ သူ့နောက်ကို သူလိုဆက်တောက်ဆက်တောက်လျှောက်လိုက်၊ သူ့လို သင်တန်းတွေ တက်၊ ဟိုဘွဲ့ပြီးရင် နောက်ထပ်ဘာမှ မဆိုင်တဲ့ ဒီဘွဲ့တစ်ခုကို ထပ်ယူ။ နောက်ထပ်ဆက်တက်၊ သူ့လို ဆာတီဖီကိတ်တွေစု၊ ထပ်စု၊ သူ့လို သင်တန်းတွေ ပြန်ပေး။ ပညာခေတ်လေ…။
* * * * *
အရှိန်အဟုန်ပြင်းထန်တဲ့ ပညာခေတ်ဟာ မြန်မာနိုင်ငံကို တအိအိနဲ့ ၀င်ရောက်ခဲ့ပါပြီ။ မည်သို့ပင်ဆိုစေကာမူ ဒါဟာ ၀မ်းသာစရာပါ။ တကယ်တော့လည်း ပညာကို မြန်မာတို့တန်ဖိုးထားခဲ့ကြတာ ဟိုး ... ရှေးပဝေသဏီ ကာလများကတည်း မဟုတ်လား။ ဘိုးဘွားအမွေတွေကိုဘဲကြည့်ပါလား။ ပညာရွှေအိုးလူမခိုး၊ ပညာရဲရင့် ပွဲလယ်တင့်၊ ပညာနှင့် တူသော အားသည်မရှိ၊ ပညာရှာပမာ သူဖုန်းစား၊ ပညာလို အိုသည်မရှိ၊ အတတ်ပညာနှင့် တူသော မိတ်ဆွေဟူသည်မရှိ၊ ပညာမရှိ သူ၏၀န်ထမ်း၊ ပညာဂုဏ်ရောင်ထွန်းလင်းပြောင်၊ ပညာမြင့်မှ လူမျိုးတင့်မည်၊ ….။
ဒီတော့ကာ ပညာခေတ်အတွက် မြန်မာတွေ ရယ်ဒီရှိတယ်လို့ဆိုရင် မမှားတန်ပါဘူး။ ဒီအမွေတလှေကြီးကို ပိုင်ဆိုင်ထားတဲ့ ကိုမောင်ကြီးနဲ့ ရပ်ကွက်ထဲက လူငယ်လူရွယ်တွေကို အပြစ်ရယ်လို့လည်း မဆိုသာပြန်ဘူး။ ဒါပေမယ့် စဉ်းစားစရာတွေ ရှိပါတယ်။ မိမိရဲ့လက်ရှိအလုပ်အကိုင်၊ ရှင်သန်ရပ်တည်မှုအတွက် လိုအပ်ချက် ဖြစ်မဖြစ်၊ ၀ါသနာ၊ ဗီဇသဘော၊ ကိုယ်တိုင်စိတ်ပါဝင်စားမှုနဲ့ အနာဂတ်အလုပ်အကိုင် တန်ဖိုးတွေအပေါ်မှာ စံထားပြီး သင်တန်းတွေကို ရွေးချယ်သင့်ပါတယ်။ ဒီထက်နည်းနည်း ပိုစဉ်းစားမယ်ဆိုရင် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး Human Resource Development နှင့် ရေရှည်တည်တံ့မည့် နယ်မြေ ဒေသဖွံ့ဖြိုးမှု sustainable development...။
အဓိကပြဿနာရင်းမြစ်တွေကို လေ့လာဆန်းစစ်ကြည့်သင့်နေပါပြီ။ အချက် (၃) ချက်ကို တွေ့မြင်နိုင်ပါတယ်။
ပထမတစ်ချက်ကတော့ လူငယ်တွေအနေနဲ့က ကျောင်းပြီးတဲ့အခါ ပညာကို ဆက်ရှာနေတာ သာမန်အားဖြင့် တော့ ၂၁ ရာစုပညာရေးအတွေးအခေါ်တစ်ခုဖြစ်တဲ့ ဘ၀တစ်သက်တာစဉ်ဆက်မပြတ်ပညာရေး Lifelong Learning ကို ကိုယ်တိုင် ကျင့်သုံးနေပြီလို့ ယူဆကောင်း ယူဆမိကြမယ်။ ဒါပေမယ့် တက်ရောက်နေရတဲ့ သင်တန်းအများစုဟာ ကျောင်းပညာရေး (မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ဘွဲ့ဒီဂရီတန်း) တွေမှာ ကျွဲကူးရေပါ မဖြစ်ခဲ့တဲ့အတွက် ကျောင်းမှာ သင်ခဲ့ရပေမယ့် ပြန်လို့ လေ့လာနေကြရတယ်။ ဥပမာ - အင်္ဂလိပ်စာ သင်တန်း၊ ကွန်ပြူတာသင်တန်း၊ ရုံးလုပ်ငန်း၊ အခြေခံစီမံခန့်ခွဲမှု၊ အခြေခံ ကျန်းမာရေးအသိပညာသင်တန်း၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ၊ လူမှုဆက်ဆံရေးသင်တန်း၊ အထွေထွေဗဟုသုတ စသည်အားဖြင့်။ ဒီပညာရပ် တွေရဲ့အခြေခံတင်မကဘဲ လက်တွေ့လုပ်ငန်းခွင်နယ်ပယ်နဲ့ မိမိဘ၀နှင့် လူ့အဖွဲ့အစည်းမှာ အသုံးချနိုင်လောက် တဲ့ အဆင့်ကို ကျောင်းနဲ့ တက္ကသိုလ်ပညာရေးက ဖြည့်ဆည်းပေး နိုင်ခဲ့သင့်ပါတယ်။ တာဝန်လည်း ရှိနေတယ်။ ပင်မမေဂျာပညာရပ်အပြင် ဒါတွေဟာ တွဲဖက်ပြီး ရလာသင့်တာပါ။ အချို့သောအရာများဟာ ငယ်ရွယ်စဉ် ကာလများကတည်းက ကျောင်းပညာရေးမှာ ထည့်သွင်းပြီး အလေ့အကျင့် လုပ်ပေးရမှာဖြစ်တယ်။ ကြီးမှဆို သိပ်ခက်သွားပြီ။ ဥပမာ ဒီမိုကရေစီကျင့်စဉ်၊ ကွန်ဖလစ် ရီဆော်လူးရှင်း… စသည်။ ပညာရေးစိတ်ပညာမှာ ပါရှိတာက ပညာရေးဟာ အပြုအမူ၊ အမြင်သဘောထား၊ ကျွမ်းကျင်မှုစွမ်းရည်တစ်ရပ်ရပ် (သို့မဟုတ်) အားလုံးကို လေ့ကျင့် ပျိုးထောင်ပေးခြင်းလို့ ဆိုထားတယ်မဟုတ်လား။ ငယ်နုစဉ်ကတည်းက လေ့ကျင့်ပေးကာမှ ကြီးလာတဲ့အခါ လူ့ အဖွဲ့အစည်းမှာ တော်ကာကျမယ့် အကြောင်းအရာတွေများစွာ ရှိနေပါတယ်။ ကျောင်းလုံးဝ မနေဘူးတဲ့ လူတစ်ယောက်ဟာ အသက်အတော်ကလေးကြီးမှ အသုံးလုံးပြန်သင်ရတယ်၊ သင်္ချာကို အစကပြန်လေ့လာရမယ်ဆိုရင် ဒီလူဒီဘ၀မှာ တတ်မြောက်နိုင်တဲ့ အရေးအဖတ် အဆင့်၊ ကျွမ်းကျင်မှု အဆင့်ဆိုတာ၊။ ဒီလိုပါဘဲ တတ်သိနားလည်ပြီး လက်တွေ့ ကျင့်သုံးတတ်တဲ့ သူတွေ ဖြစ်လာဖို့ဆိုတာ ငယ်စဉ်ကစလို့ လေ့ကျင့်ပေးရမှာပါ။ ဘ၀ထဲကိုရောက်ဖို့အတွက် ငယ်နုစဉ်မှာ ကတည်းက လေ့ကျင့်ပေးရမှာပါ။ ကျောင်းပြီးမှ ဒီသင်တန်းတွေနဲ့ အခြားသော သင်တန်းပေါင်းမြောက်များစွာကို ပြန်တက်နေကြရတာဟာ တစ်ဦးချင်းရဲ့ အသိပညာနက်ရှိုင်းမှု၊ ဘ၀တိုးတက်မှုအတွက် အထောက်အကူပြုမှု၊ အလုပ်အကိုင်ဖွံ့ဖြိုးမှုနှင့် ၀င်ငွေတွေအတွက်သာမကဘဲ ဒေသတွင်းနဲ့ တိုင်းပြည်ရဲ့ လူမှုစီးပွား၊ ကုန်ထုတ်စွမ်းအား၊ ၀န်ဆောင်မှု လုပ်ငန်းတွေအတွက် တန်ဖိုးရှိတဲ့အချိန်တွေကို အင်မတန် နှမြောစရာကောင်းနေပါတယ်။
ဒုတိယအချက်ကတော့ ဟိုအလုပ်ရနိုးနိုး၊ ဒီအလုပ်ရနိုးနိုးနဲ့ ရှိသမျှသင်တန်းတွေကို လိုက်တက်နေကြရတာပါ။ မျှော် တလင့်လင့်နဲ့ပါ။ ဆက်ကျော်သက်အရွယ်ရဲ့ စောစောပိုင်းနှစ်တွေကတည်းက (၁၃၊ ၁၄ နှစ်ဝန်းကျင် လောက်မှာ) မိမိ၏၀ါသနာ၊ ဗီဇနှင့် စွမ်းရည်တွေကို သိမြင်နားလည်ခံစားနိုင်စွမ်းကို ဖန်တီးပေးရမှာပါ။ မတူညီတဲ့ စွမ်းရည်အမျိုးမျိုး၊ ဥာဏ်ရည်အထွေအထွေသဘော Multiple intelligences ကို သိမြင်နားလည် စေသင့် တယ်။ ကိုယ်စီမှာ မတူညီတဲ့ စွမ်းရည်တွေ၊ ဥာဏ်ရည်တွေ ရှိနေတယ်ဆိုတာကို သိရှိစေသင့်တယ်။ စုစုပေါင်း ဥာဏ်ရည်နိမ့်ခြင်း၊ မြင့်ခြင်းသဘောများ မပာုတ်တာကို ဆယ်ကျော်သက်လူငယ်တွေ နားလည်အောင် ကူညီ ပေးရမယ်။ ကျောင်းသားလူငယ်တွေကို ဥာဏ်ရည်ပိုင်း ဆိုင်ရာမှာ အချင်းချင်း နှိုင်းယှဉ်တာမျိုး မလုပ်သင့် ပါ။ သူများလုပ်လို့၊ သူများတက်လို့လိုက် လုပ်တာ၊ လိုက်တက်တာ မဟုတ်ဘဲ မိမိရဲ့ကိုယ်ပိုင် ခံစားချက်တွေ၊ အတွေးအမြင်တွေနဲ့ ရွေးချယ်နိုင်စွမ်း ရှိကြရပါမယ်။ တဆက်တည်းမှာဘဲ သင်တန်းတွေကို ရွေးချယ် ၀င်ရောက် ခွင့် ရနိုင်ဖို့ လိုအပ်တယ်။ အလုပ်အကိုင်နဲ့ ဆက်နွယ်မှု ရှိနိုင်ဖို့ကိုလည်း ဆွေးနွေးအကြံပြုပေး သင့်ပါတယ်။ မိမိလမ်းကြောင်းအတွက် မိမိကိုယ်တိုင် ရွေးချယ်၊ ဖန်တီး တည်ဆောက်နိုင်ဖို့ကို ကူညီပေး သင့်တယ်။
တတိယအချက်က အလုပ်အကိုင်ရှားပါးနေမှု၊ အဆင့်အတန်းခွဲခြားလွန်းမှုနှင့် ဘ၀ရှင်သန်ရပ်တည်ရေး လိုအပ်ချက်တွေ အတွက်ကြောင့်ြ့ဖစ်တယ်။ လုပ်ချင်တာကို မလုပ်ကြရ။ မလုပ်ချင်တာကို လုပ်နေကြရနဲ့ လမ်းကြောင်းလွဲနေကြတယ်။ ပျောက်နေကြရတာ။ တန်းတူအခွင့်အရေးတွေမရှိ။ အခွင့်ထူးခံ လူတန်းစား အနည်းစုအတွက် ပညာရေးနှင့် အလုပ်အကိုင် ကောင်းရပိုင်ခွင့်တွေကို (သီးသန့်) ဖန်တီးထားကြတယ်။ ဌာနဆိုင်ရာမှာဘဲဖြစ်ဖြစ်၊ ကိုယ်ပိုင်လုပ်ငန်းတွေမှာဘဲဖြစ်ဖြစ် လူငယ်အများစုအတွက် မျှော်လင့်ချက် များများ မရှိသေး။ မျှမျှတတမဖြစ်သေး။ ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်မှုတွေအတွက် တနိုင်တပိုင် လုပ်ကိုင်လိုတဲ့ လူငယ် အများစုမှာလည်း ကိုယ်ထူကိုယ်ထ။ ကိုယ့်ကိုယ်ကိုတောင် မနည်း ထူမ နေရတဲ့လူငယ်တွေခမျာ…။ ကျောင်းပြီးရင် ဘာလုပ်မလဲလို့မေးကြည်တော့ ဟိုတိုး၊ ဒီတိုးပေါ့လို့ဖြေကြတယ်။ နိုင်ငံခြား တိုင်းပြည်တစ်ခုမှာ ကျောင်းတတ်နေတဲ့ လူငယ်တွေကျပြန်တော့လည်း ကျောင်းပြီးလို့ရှိရင် မြန်မာပြည်ခဏပြန်လည်ပြီး အခြား နိုင်ငံတစ်ခုခုမှာ အလုပ်ထွက် လုပ်မယ်တဲ့။ လုပ်အားတန်ဖိုး၊ ပညာတန်ဖိုးနှင့် ၀င်ငွေညီမျှတဲ့ အခြေအနေမှ မရှိတာ။ မြန်မာ့ကြွက်သားနဲ့ မြန်မာ့ဦးနှောက်တွေဟာ အဝေးအဝေးသို့ အတားအဆီးမဲ့ လွင့်စင်နေလေရဲ့။ စိမ့်ယို စီးဆင်းနေဆဲ။ ပြည်တွင်း လူငယ်တွေမှာ ဟိုတိုး၊ ဒီတိုးနဲ့။ စိုးရိမ်စိတ်၊ မရေမရာစိတ်၊ အခွင့်အလမ်းမဲ့ အခြေအနေ တွေနဲ့ အများစုဟာ အလုပ်အကိုင်ရှားပါးမှုကို ရင်ဆိုင်နေကြရပါတယ်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ဘွဲ့ဒီဂရီတန်း ပညာရေးအဆင့်ဆင့်မှာ တာဝန် ထမ်းဆောင်နေကြတဲ့ ဆရာတွေ၊ နည်းပြတွေရဲ့ တာဝန် ဆောင်ပုဒ်ထဲက နောက်ဆုံး အပိုဒ်ရဲ့ အဓိပ္ပါယ် ပျောက်ဆုံး နေခဲ့တာကြာပါပြီ။ သင့်ရာအပ်ပို့ ဆရာတို့...ကျင့်ဖို့ဝတ်ငါးဖြာ ဆိုတာပါ...။
အများကြီးဆုံးရှုံးခဲ့ကြပြီးပြီ။ ခံစားခဲ့ကြရတယ်။ အဲဒီအထဲမှာ အဆိုးဝါးဆုံးကတော့ မွေးဖွားကြီး ပြင်းလာတဲ့ တိုင်းပြည်အပေါ် ယုံကြည်ချက်တွေ လျော့ပါးလို့လာနေတယ်။ (ဘွဲ့သင်တန်းတွေအပါအ၀င်) ပညာရေးကို မယုံ့ တယုံနဲ့ရှိနေတယ်။ တက်နေရဆဲပါ။ ၀ါသနာ၊ ဗီဇစွမ်းရည်၊ တက်ရောက်နေဆဲ (သို့မဟုတ်) ရရှိထားတဲ့ ဘွဲ့ သင်တန်းနဲ့ ကိုယ်လုပ် နေတဲ့အလုပ်အကိုင် ထပ်တူကျတဲ့လူငယ် ဘယ်နှစ်ယောက်ရှိနိုင်ပါသလဲ။ ဘာကို ၀ါသနာ ပါပြီး ဘာအလုပ်လုပ်မလို့ ဘာကျောင်းတတ်နေတယ် ဆိုတာမျိုး ဘယ်လူငယ်ထံမှ မကြားရတော့ပါ။ လက်မှတ်တစ်ခုခုရရင်ပြီးရော သဘောမျိုးနဲ့ ဘွဲ့ဒီဂရီသင်တန်းတွေကိုလည်း တက်နေကြလေရဲ့။
မှတ်ရန်တစ်ခု
နှုတ်မှုလက်မှု၊ အတတ်စုကို
ငယ်နုသောအား၊ မမေ့ငြားနှင့်။
ရင်းဖျားကုန်စင်၊ တတ်မြော်မြင်က
တစ်ခုမျှလျက်၊
အသက်မွေးကြောင်း၊ ဖြစ်တုံရှောင်း၏။ ။(ဆားတုံ ဆရာတော်)
ဘယ်နိုင်ငံမှာမှ မရှိတဲ့ “ဘွဲ့ရမှ လူဖြစ်တာ” ဆိုတဲ့ ပညာရေးအဟောသိကံဖြစ်စေတဲ့ ဆိုရိုးစကားကို လူငယ်တွေ ကြားမှာ ရှင်းလင်းချိန်တန်ပါပြီ။ လွဲမှားနေတဲ့ ပညာရေးအယူအဆတွေများကြီးရှိနေသေးတယ်။ ဖွံ့ဖြိုးတိုးတက်မှု အတွက် အကြမ်းဖျင်း လေ့လာချက်အရ လိုင်းပေါင်းစုံက အရည်အသွေးပြည့်မီတဲ့ ဘွဲ့ရ ၂၀ ရာခိုင်နှုန်းလောက် ဘဲ တိုင်းပြည်က လိုအပ်ပါတယ်။ ထိုက်တန်တဲ့ အလုပ်ပေးနိုင်တယ်။ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းဘာလုပ်မှာလဲ။ မိမိထက်ပိုပြီးဖွံ့ဖြိုးနေတဲ့ အိမ်နီးချင်း တိုင်းပြည်တွေမှာတောင် ၃၀ ရာခိုင်နှုန်းလောက်သာရှိတာပါ။ ကျွမ်းကျင်စွာ တတ်မြောက်ထားတဲ့ အသက်မွေးမှု တစ်ခုခုဟာ ဘ၀ရပ်တည်ရေးနှင့် မိမိရဲ့အနီးစပ်ဆုံး လူ့အဖွဲ့အစည်း အတွက် လည်း များစွာ အရေးပါတယ်၊ တန်ဖိုးရှိတယ် ဆိုတာကို ကျောင်းသားလူငယ်များကို သတိပေး သင့်တာပါ။ ရပ်ရွာလူ့အဖွဲ့အစည်းရဲ့ အဝေးသို့ လူငယ်တွေဟာ လွှင့်ပစ်ခြင်း ထပ်မခံရမီ ဒေသတွင်း စက်မှု၊ လယ်ယာနဲ့ ကုန်ထုတ်စွမ်းအား၊ စီးပွားလုပ်ငန်းတွေ တိုးပွားစေမယ့်အပြင် လူ့ဂုဏ်သိက္ခာ နှင့်အညီ ရှင်သန်နိုင်စွမ်း ရှိစေမယ့်၊ အလုပ်အကိုင် ရရှိစေမယ့် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ သင်တန်းတွေ ဒေသအနှံ့အပြားမှာ ရာ ထောင်ချီ ဖွင့်လှစ်ချိန်လည်း တန်ပါပြီ။ စနစ်တကျ ပြင်ဆင်ရလိမ့်မယ်။ နေရာဒေသတိုင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးခွင့်၊ ထားရှိခွင့်ပေးရပါလိမ့်မယ်။ ပံပိုးပေးကြရပါလိမ့်မယ်။
သိန်းနိုင်
၅ ဖေဖော်ဝါရီ ၂၀၀၉။
Thursday, February 5, 2009
ဆာတီဖီကိတ် ၂၅ ခုနဲ့လူ
* * * * * *
တကယ်လို့များပေါ့လေ နောက်ထပ် သင်တန်းလေးဘာလေးရှိတယ်ဆိုရင် ကိုမောင်ကြီးရဲ့ ၂၀၀၉ ခုနှစ် ရည်မှန်းချက်ဖြစ်တဲ့ အောင်လက်မှတ် ၃၀ ကျော် ပိုင်ဆိုင်ရေးအတွက် ကူညီပေးကြပါ။ ဆာတီဖိတ်ကိတ် ၂၆ ခုမြောက်အတွက် သင်တန်းလေးများရှိယင် အဲဒီမြို့လေးက အစွန်ဆုံးရပ်ကွက်၊ အစွန်ဆုံးလမ်းက၊ အစွန်ဆုံးအိမ် မှာနေတဲ့ ကိုမောင်ကြီးကို အကြောင်းကြားပါ။ သင်တန်းတက်၊ ခရီးထွက်ဖို့ကို အထုပ်အပိုး အဆင့်သင့်ပြင်ပြီး စောင့်နေလေရဲ့။Posted by မြန်မာကျောင်းဆရာ at 11:55 PM
Subscribe to:
Post Comments (Atom)
2 comments:
တွေးစရာကောင်းတယ်။ ဒီတော့ တွေးမိတယ်။
အခြေအနေ၊ ပတ်ဝန်းကျင် တွေက ဒီလိုဖြစ်အောင် အဓိကပံပိုးပေးခဲ့တယ်။ ဒီလိုပတ်ဝန်းကျင်၊ ဒီလို အခြေအနေတွေကနေ ဖောက်ထွက်ပီး လုပ်နိုင်၊ တွေးနိုင်ဖို့ ဆိုတာ လူအနည်းငယ် လေးပဲလုပ်နိုင်တယ်။ လူအများစု က ကိုယ်စိတ်ထက်သန်ရာပညာကို လိုက်စားဖို့၊ သင်ယူတဲ့နေရာမှာ ဘာအတွက် သင်လို့ သင်မှန်းမသိပဲ ဝေလေလေ ဖြစ်မနေဖို့၊ ပညာဆိုတာကို နားလည်ဖို့  အဲဒါတွေဖြစ်ချင်တယ်ဆိုရင် လက်ရှိအခြေအနေကို ပြောင်းလည်းပစ်ဖို့ လည်းလိုမယ်။ လုံလောက်တဲ့ ပံပိုးမှုရှိရမယ်။ ပတ်ဝန်းကျင်ကောင်းကို တည်ဆောက်ပေးဖို့ လိုအပ်မယ်။ အဲလိုမဟုတ်ရင် နှိမ်ကျတဲ့ ပတ်ဝန်းကျင်ကနေ လူတော်တွေ များများ မထွက်နိုင်တဲ့တာဟာ သဘာဝတစ်ခုပဲ။
ဒီမှာတင် နားလည်ပီး၊ ဖြစ်မြှောက်ပီးလူတွေက ကျန်သူတွေအတွက် လုပ်ပေးရမယ်။ အခြေအနေတွေ ဖန်းတီးပေးရမယ်။ လမ်းညွန် ပေးရမယ်။ (ဒီပိုစ်ကို လုံးဝ မရည်ရွယ်ပေမယ့်) အပြစ်တင်ပြောဆိုတာမျိုး၊ (အကျိုးမရှိတာတွေပြောဆိုနေတာမျိုး၊ လုပ်ကိုင်နေတာမျိုး) ထက် ဘယ်လိုလုပ်လို့ ရနိုင်မလဲဆိုတာမျိုးတွေ ရှိရမယ်။ အကျိုးရှိမှုအတွက် သဘောထားမတူရင်တောင် ပူးပေါင်းဆောင်ရွက်မှု ရှိကို ရှိရမယ်။ လုပ်ရမယ်။
ဒါမျိုးတွေမရှိဘူးဆိုရင်တော့ ဒီလိုကိစ္စတွေက ဆက်ပီးဖြစ်နေဦးမယ်။ ၀မ်းနည်းစရာတွေ ဆက်မြင်နေရဦးမယ်။ တခြားရွှေးစရာ မရှိဘူး။
မှန်တယ်ဗျာ။ ဘွဲ့မရရင် မိန်းမယူဖို့ ဖိတ်စာရိုက်တာတောင် မျက်နှာငယ်သတဲ့။ သတို့သားက သတို့သမီးထက် ဘွဲ့တွေ ဘာတွေ ပိုများနေရင် သတို့သမီးက ရှက်ရသတဲ့။ ဟွီး ... ။
Post a Comment