ဆရာတိုက်စိုး၏ စာကြည့်တိုက်ဆိုင်ရာ ဆောင်းပါးများကို စုစည်း ထုတ်ဝေလိုက်သော စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။ စာအုပ်တွင် ခေတ်အဆက်ဆက်ပေါ်ပေါက်ခဲ့သော စာကြည့်တိုက် သမိုင်းကြောင်းများ၊ မြန်မာ့စာကြည့်တိုက် ဖြစ်စဉ်သမိုင်းစုံကို တင်ပြရှင်းလင်းထားပါသည်။ နိုင်ငံတစ်နိုင်ငံအတွက် စာစုံရှိသော စာကြည့်တိုက်တို့၏ ဂုဏ်ဝင့်ထည်ပုံကို ထင်သာမြင်သာအောင်ဖော်ပြထားသည်။ ဆရာကြီးဇေယျသည် လမ်းဘေးစာအုပ်ဆိုင်လေးများကို လမ်းဘေးတက္ကသိုလ်ဟု သုံးနှုန်းခဲ့ဖူးသည်။ သို့ဆိုလျှင် စာကြည့်တိုက်ဟူသည် ပြည်သူပြည်သားတို့အတွက် ကျောင်းပြင်ပတက္ကသိုလ်ပင် ဖြစ်လိမ့်မည်။ နိုင်ငံတစ်နိုင်ငံအတွက် ပညာအလင်းသည် အလွန်ပင်အရေးကြီးပါသည်။ အတွေးအခေါ် အမြော်အမြင်ရှိ၍ နိုင်ငံအကျိုးအမှန်ပင်လိုလားသော ခေါင်းဆောင်တိုင်းသည် ပြည့်မျက်လုံးကို ဖွင့်ပေးရာ၏။ ပြည့်မျက်လုံးဟူသည် ပညာပင်ဖြစ်သည်။ ထို ထိုသော ပညာရပ်များစုစည်းရာ ဌာနသည် စာကြည့်တိုက်ပင်ဖြစ်ပါသည်။
မြန်မာ့စာကြည့်တိုက် သမိုင်းကို ပြန်ကြည့်သော် ပုဂံခေတ်ကိုပင် ညွှန်းရမည်ဖြစ်သည်။ အနော်ရထာမင်းစောသည် သထုံကို တိုက်ခိုက်သိမ်းသွင်း၍ ပိဋကတ်အစုံသုံးဆယ်ကို ပုဂံပြည်သို့ ပင့်ဆောင်ခဲ့သည်။ ထိုပင့်ဆောင်ခဲ့သော ပိဋကတ်အစုံကို ရတနာအတိဖြစ်သော ပြသာဒ်ဝယ်ထား၍ အရိယာသံဃာတို့အား သင်ကြားပို့ချရ၏ဟု ရာဇ၀င်၌ လာလေသည်။ ပိဋကတ်တို့ထားရှိရာ ထိုအုတ်တိုက်ကို အနော်ရထာမင်းစော၏ ကောင်းမှုတော်ဟူ၍လည်းကောင်း၊ ပိဋကတ်တိုက်ဟူ၍လည်းကောင်း ခေါ်ခဲ့ကြသည်။ တဖန် ကျန်စစ်သားမင်းလက်ထက်၌ မြကန်သာအနီး တူရွင်းတောင်ခြေတွင် ပိဋကတ်တိုက်တော်ရှိခဲ့သည်ကို သမိုင်းအထောက်ထားများအရ သိရပြန်သည်။ ၁၄၄၂ ခုနှစ်၌ တောင်တွင်းမင်း မင်းသီရိဇေယျသူရမောင်နှံသည် ပုဂံ၌ ကျောင်းဆောက်၍ ကျမ်းပေါင်းလေးရာခန့် လှူဒါန်းခဲ့ကြောင်း သိမှတ်ရသည်။ ပိဋကတ်စာလှူဒါန်းသော၊ ပိဋကတ်တိုက်ထူထောင်သော အစဉ်အလာသည် အင်းဝ၊ ကုန်းဘောင်ခေတ်ဆက်ဆက်တိုင် တည်တံ့ခဲ့လေသည်။
၁၉ ရာစုအကုန်တွင် အင်္ဂလိပ်နှင့်ဒုတိယအကြိမ်စစ်ဖြစ်၍ အထက်မြန်မာနိုင်ငံနှင့် အောက်မြန်မာနိုင်ငံ ဟူ၍နှစ်ခြမ်းကွဲလေသည်။ ၁၈၈၃ ခု၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ ကော်မရှင်နာလမ်း၊ အစိုးရကျောင်း၌ အမိုးချွန်ချွန်နှင့် သစ်သားအဆောက်အအုံလေးတစ်ခု ပေါ်ပေါက်လာသည်။ ဗားနတ် အခလွတ် ပိဋကတ်တိုက်ဟု ခေါ်တွင်လေသည်။ မဟာဝန်ရှင်တော်မင်းကြီး ချားလ်ဗားနတ်ကို ဂုဏ်ပြုချင်သောကြောင့် ဖြစ်ပေသည်။ အခလွတ်ဟုဆိုခဲ့ခြင်းမှာ ဆင်းရဲချမ်းသာမရွေး ငှားရမ်းသုံးစွဲနိုင်ခြင်းကြောင့်ဖြစ်လေသည်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် မန္တလေးနန်းတော်ကို သိမ်းပိုက်ခဲ့လေသည်။ ထိုမှရရှိသော ပေပုရပိုက်စာစုတို့ကို သုံးစုခွဲ၍ ယိုးဒယားဘုရင်ထံသို့လည်းကောင်း၊ လန်ဒန်မြို့ရှိ အိန္ဒိယပြည်ဆိုင်ရာ အတွင်းဝန်ရုံး ပိဋကတ်တိုက်သို့ လည်းကောင်း၊ ကျန်တစ်စုသည် ရန်ကုန်မြို့ မဟာဝန်ရှင်တော်မင်းကြီးမှတဆင့် ဗားနတ်ပိဋကတ်တိုက်သို့ လည်းကောင်း ရောက်ရလေသည်။
ဗားနတ်တိုက်သည် ခေတ်ကာလအရ ဦးပေါ်ဦးလျှောက်ထုံးကျမ်းပြု ဆရာအောင်၊ သဘင်ပညာသုတေသီ ဦးနု၊ လေးချိုးကြီး ဆရာလွန်း၊ စာရေးဆရာ ဇေယျ၊ စာရေးဆရာ သိပ္ပံမောင်ဝ စသော မြန်မာမှုလိုက်စားသူများအဖို့ မှီခိုလဲလျောင်းရာဌာနဖြစ်ခဲ့သည်။ သို့သော် ထိုစာကြည့်တိုက် ပိဋကတ်တိုက်မျိုးသည် ၁၉၃၀ ခုနှစ်အထိ ရန်ကုန်တွင် တစ်ခုတည်းသည်ရှိခဲ့သည်။ ၁၉၁၈ ခုနှစ်တစ်ဝိုက်တွင် မြန်မာအများစု၌ ၀ံသာနုရက္ခိတစိတ်များ တိုးပွားလာခဲ့သည်။ အမျိုးဘာသာ၊ သာသနာ၊ ပညာမြှင့်တင်ရန် ၀ိုင်အမ်ဘီအေအသင်းကြီးကို ထူထောင်ခဲ့ကြသည်။ ၁၉၂၈ ခုနှစ်၌ ဒေါက်တာဘခက်၊ ဦးဖာနိဗယ် စသောပုဂ္ဂိုလ်များက မြန်မာပြည် ပညာပြန့်ပွားရေးအသင်း တည်ထောင်၍ မြန်မာဘာသာစာအုပ်များကို လည်းကောင်း၊ အင်္ဂလိပ်ဘာသာနှင့် အခြားဘာသာစာအုပ်များကို လည်းကောင်း လူအများဖတ်ရှုနိုင်စေရန် အမြို့မြို့၌ အများပြည်သူတို့နှင့်ဆိုင်သော ပိဋကတ်စာတိုက်များကို ဖွင့်လှစ်ပေးခဲ့သည်။
စစ်ကြီးအပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရလာသည့်အခါ စာကြည့်တိုက်များ ပေါများလာခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ယဉ်ကျေးမှုဌာနသစ်တစ်ခု တိုးလာသည်။ ထိုဌာနသည် ဗားနတ်ပိဋကတ်တိုက် အကြွင်းအကျန်ကို သိမ်းယူ၍ အမျိုးသား စာကြည့်တိုက် ထူထောင်ရန် စတင်စီမံလေသည်။ ယဉ်ကျေးမှုဌာနကပင် ယဉ်ကျေးမှု စာကြည့်တိုက်၊ ပြတိုက်များဟူ၍ မော်လမြိုင်၊ ကျောက်ဖြူ၊ ပုသိမ်၊ မန္တလေးမြို့တို့တွင် ထပ်မံဖွင့်လှစ်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် မြို့ရွာ ၇၄ ခုတွင် ပြန်ကြားရေး စာကြည့်တိုက်ငယ်များ ထူထောင်နိုင်ခဲ့သည်။ ထို့အတူ စာကြည့်တိုက်ကြီးများ အဖြစ်ဖြင့် ၁၉၅၄ ခုနှစ်တွင် စက်မှုပညာ ဗဟိုပြန်ကြားရေးဌာနစာကြည့်တိုက်၊ ၁၉၅၅ ခုနှစ်တွင် တပ်မတော်မော်ကွန်း စာကြည့်တိုက်နှင့် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်စာကြည့်တိုက်၊ ၁၉၅၆ ခုနှစ်တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်စသည်ဖြင့် သူ့ဌာနနှင့်သူ ထူထောင်ခဲ့ကြပြန်လေသည်။ တက္ကသိုက်အသီးသီးနှင့်အတူ စာကြည့်တိုက်များလည်း ယှဉ်တွဲပေါ်ပေါက်လာခဲ့သည်။ ထို့အတူ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကို တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် ဟူ၍ ပြန်လည်ဖွဲ့စည်းခဲ့လေသည်။ ၁၉၇၁ ခုနှစ်တွင် ရန်ကုန် ၀ိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်သည် စာကြည့်တိုက်ဌာနသစ်တစ်ခုကို ဖွင့်လှစ်ခဲ့လေသည်။
ယခုအခါ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်များလည်း ကျေးရွာ အနှံ့အပြား ပေါ်ပေါက်လာကြသည်။ စာကြည့်တိုက်များပေါများလာခြင်းနှင့်အတူ စာအုပ်လိုအပ်ချက်နှင့် ထောက်ပံ့နိုင်မှုလည်း အားနည်းလာသည်။ ပြန်ကြားရေးစာကြည့်တိုက်များတွင်လည်း ဆွဲခန့်စာကြည့်တိုက်မှူးများကြောင့် စာစု၊ စာပြု၊ စာဖြန့် လုပ်ငန်းများ အားနည်းလာသည်။ မငှားရမ်းသည့်စာအုပ်များ၊ ဖတ်ခွင့်လုံးဝမရသည့် စာအုပ်များပင်ရှိလာသည်။ စာအုပ်ငှားရမ်းချင်သည့်အခါ စာကြည့်တိုက်မှူး လိုက်ရှာနေရသည်ကပင် အလုပ်ကြီးတစ်ခုဖြစ်နေသည်။ ဆိုင်ရာမှလည်း စာကြည့်တိုက်တို့၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုတို့ကို အရေးယူ စုံစမ်းခြင်း မရှိ။ အချင်းချင်း လက်ဝါးရိုက်၍ ပြီးနေခြင်းသည် ပြည်သူတို့အား မျက်လုံးပိတ်ထားခြင်းနှင့်တူပေသည်။ စာကြည့်တိုက်များ ပေါများလာခြင်းသည် ကောင်းသောလက္ခဏာဖြစ်၍ စာကြည့်တိုက်စည်းကမ်း လျော့ရဲလာခြင်းနှင့် စာကြည့်တိုက်လုပ်ငန်းများ စနစ်တကျ မဆောင်ရွက်နိုင်ခြင်းသည် အနုတ်လက္ခဏာပင်ဖြစ်သည်။
ဟိုးယခင် ပုဂံမင်းဆက်မှသည် လွတ်လပ်ရေးရပြီး ခေတ်နောက်ပိုင်းတိုင်အောင် စာကြည့်တိုက်သမိုင်းသည် အစဉ်လာကောင်းခဲ့ပါသည်။ သူ့ကျွန်ဘ၀မှ လွတ်မြောက်၍ သခင်ဘ၀ရောက်အောင် စာကြည့်တိုက်များသည် အလင်းရောင်ပေးခဲ့ပေသည်။ ထိုအလင်းရောင်သည် ကမ္ဘာ့နိုင်ငံများနှင့် တန်းတူရည်တူဖြစ်အောင်လည်း ပေးစွမ်းနိုင်ပါသည်။ ထိုအလင်းရောင်မီးမှိန်ရခြင်း၊ အားနည်းရခြင်းသည် နိုင်ငံနိမ့်ကျရခြင်း အကြောင်းရင်းပေတည်း။ ထိုသို့ဖြစ်အောင် မည်သူတို့ဖန်တီးသနည်း။ ဘာကြောင့်ထိုသို့ဖန်တီးသနည်း။ စာကြည့်တိုက်သည် ပညာသိုက်ကြီးဖြစ်ပေသည်။ ပညာဟူသည် အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းသည်။ ထိုးထွင်းကြံဆနိုင်သည်။ ပညာမျက်လုံး ဖောက်ထုတ်ခြင်းသည် ကိုယ်ပြောသမျှ အမှန်ဖြစ်နေစေလိုခြင်းပင်ဖြစ်သည်။
ဗုဒ္ဓအဆုံးအမအရ အရာရာကို ဝေဖန်ပိုင်းခြားနိုင်ခွင့် ရှိရမည်။ ပြည်သူတို့၏ ဆန္ဒကို အမှန်တိုင်းထုတ်ဖော်ခွင့်ရှိရမည်။ အမှား၊ အမှန်ကို ဝေဖန်နိုင်ခြင်းသည် ပညာအရာဖြစ်ပါသည်။ ယခုလို ပိတ်ဆို့နေသော ခေတ်ကြီး၌ အွန်လိုင်း ပညာသိုက်များ ဟိုဟိုဒီဒီမှ ထွက်ပေါ်လာခြင်းသည် ၀မ်းသာစရာပင်။ ရှိပြီးသော အွန်လိုင်းပညာသိုက်များ ဆက်လက်တည်တံ့နိုင်စေရန်နှင့် အသစ်သစ်သော ပညာသိုက်လေးများ ပေါ်ထွန်းလာစေကြောင်းလည်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
မှီငြမ်း။ ။
ဆရာတိုက်စိုး၏ ပညာသိုက်။
ဆရာချစ်ဦးညို၏ ရာဇကုမာရ။
Friday, November 30, 2007
ပညာသိုက်
Posted by ရွက်ဝါ at 8:39 AM
Subscribe to:
Post Comments (Atom)
2 comments:
ခုလို စာကြည့်တိုက်အကြောင်းကို ပြည့်၂စုံ၂ ရေးပေးထားတာ ကျေးဇူးပဲ ရွက်ဝါရေ ။ ခုမှပဲ မြန်မာပြည်မှာ စာကြည့်တိုက် ဘယ်လိုပေါ်တယ်ဆိုတာ အမ သိတော့တယ် ။ သိပ်စိတ်ဝင်စားစရာ ကောင်းပါတယ် ။
မဂျစ် ..ကျွန်တော် ရေးထားတာလေးကို ဖတ်ပေးတာ ကျေးဇူးပါ။ ကျွန်တော်က လောလောဆယ် ကျောင်းသွားရတာ များနေလို့ ဘယ်မှ သိပ်မရောက်ဖြစ်ဖူး။ ကိုယ့် ဘလော့ မှာကိုယ် ပုံမှန် ပို့စ် တင်နိုင်အောင် တော်တော် ကြိုးစားနေရတယ်။
Post a Comment