Monday, December 3, 2007

အက်ကွဲနေသော ပညာရေး (သို့) အက်ducation (သို့) Crackဂျူကေးရှင်း

ဘလောဂါ့မင်းတစေ၏ ပို့စ်ကို ကူးယူဖော်ပြသည် ။

သူငယ်တန်းမှ ဆယ်တန်းထိ၊ ထို့နောက် တက္ကသိုလ်ပထမနှစ်မှ နောက်ဆုံးနှစ်အထိ နှစ်ပေါင်းအတော်များများကို ဘ၀၏အနုပျိုဆုံးအချိန်များအတွင်း မြုပ်နှံခဲ့ရပြီးနောက် အကျိုးဆက်အနေဖြင့် ကျွန်ုပ်တို့ရရှိခဲ့သော ဘွဲ့လက်မှတ်တစ်ခုသည် ကွမ်းယာသည်၏လည်ပင်း၌ ချိတ်ဆွဲထားသော သစ်သားဗန်းတစ်ဗန်းလောက်မျှပင် ဘ၀ကို အာမခံချက်မပေးနိုင်ကြောင်း ကျွန်ုပ်တို့ သိရှိခဲ့ရပြီ။

ဝလုံးကိုဝိုင်းအောင် အကြိမ်ကြိမ်ရေးကျင့်ခဲ့ကြသော ကျောက်သင်ပုန်းတစ်ချပ်၏ရာဇ၀င် ကွဲရှခဲ့ရလေပြီ။

လျှောက်နေရင်း ပျောက်ဆုံးခဲ့သော ခြေထောက်တစ်စုံအတွက် မည်သူ့ထံ အလျှော်တောင်းရမည်နည်း။
တန်ဖိုးကြီးမားစွာရင်းနှီး၍ ၀ယ်ယူခဲ့ရသော်လည်း အချိန်ရောက်၍ အသုံးချကြည့်မိသောအခါတွင်မှ မည်သို့မျှ အသုံးမ၀င်သော ပစ္စည်းအတုတစ်ခုဖြစ်နေမှန်း ခြောက်ခြားစွာသိရှိခဲ့ရသည်။ သုညတစ်လုံးနီးပါးမျှ တန်ဖိုးမဲ့နေသော ထိုသစ်သီးပုပ်တစ်လုံးကို မည့်သူ့ထံ၌ မျက်ရည်ခံထိုး၍ ပြန်လည်ရောင်းချရမည်နည်း။

နောက်ဆုံးတွင်တော့ မြန်မာလိုရေးတတ်ဖတ်တတ်ခြင်းနှင့် အင်္ဂလိပ်လိုအနည်းငယ်တီးမိခေါက်မိရှိခြင်း တို့ကိုသာ အကျိုးအမြတ်တစ်ခုအနေနှင့် ကျိတ်မှိတ်၍ယူခဲ့ရသည်။ သို့သော် ထို့ထက်ပို၍ အသုံးချခြင်လျှင်တော့ မင်္ဂလာဆောင်ဖိတ်စာတို့၌ ဂုဏ်ပုဒ်တစ်ခုအနေနှင့်လည်း ထည့်သွင်းနိုင်ပါသေးသည်။

"သားတို့၊ သမီးတို့ မျက်နှာမငယ်ခြင်ရင် ပညာတတ်ကြီးတွေ ဖြစ်အောင်ကြိုးစားနော်" ဟူသည့် မိဘတို့၏စကားသံများသည်လည်း ထိုအနှစ်မဲ့နေသော ကြက်ဥခွံဆန်ဆန် ဘွဲ့လက်မှတ်တို့၏နောက်ကွယ်တွင် ဆွံ့အခဲ့ရပြီ။ အကယ်၍ မြင်တတ်မည်ဆိုပါက ဘွဲ့ဝတ်စုံထူထူကြီးအောက်မှ ပိန်းပိတ်အောင်မှောင်နေသော အမှောင်ထုကြီးကိုလည်းကောင်း၊ လှောင်အိုက်နေလွန်းသောကြောင့် ၎င်းအမှောင်ထုအား ဖြတ်သန်းစီးဆင်းနေသော ချွေးစေးချွေးပေါက်များကိုလည်းကောင်း ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ ၎င်းတို့ကား အမှောင်ချထားခြင်းခံရ၍ ပူလောင်အိုက်စပ်နေသော ကျွန်ူပ်တို့၏ ပညာရေးပင်ဖြစ်တော့သည်။

အကယ်၍ ဘွဲ့ဝတ်စုံနှင့် ရိုက်ထားခဲ့သော အသင်၏ဓါတ်ပုံများ တစ်ရိုတသေသိမ်းဆည်းထားဆဲဆိုပါက နောက်တကြိမ်ပြန်လည်၍ ထုတ်ကြည့်စေချင်သည်။ ထိုဓါတ်ပုံများထဲတွင် အသင်၏နုတ်ခမ်းများအပေါ်ယံ ပြုံးရီနေကြသော်လည်း သေချာစွာကြည့်မည်ဆိုပါက အသင်၏နှလုံးသားများ မဲ့ရွဲ့တွန့်လိမ်နေသည်ကို ခြောက်ခြားစွာတွေ့ရှိရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အသင်သည် ဘွဲ့ရပညာမတတ်တစ်ယောက်အနေဖြင့် ဥာဏ်နီဥာဏ်နက်များသော လောကအတွင်းသို့ အကာအကွယ်မဲ့စွာ ၀င်ရောက်ရင်ဆိုင်ရတော့မည် ဖြစ်သောကြောင့်ဖြစ်ပါသည်။

ဘွဲ့ရပညာမတတ်များ ဖောင်းပွနေသော နိုင်ငံတစ်နိုင်ငံသည် ဆေးအလှသုတ်ထားသော်လည်း အင်ဂျင်မပါသည့် မော်တော်ကားတစ်စီးနှင့် အလားသဏ္ဌန်တူနေသည်။ တစ်ခါတစ်ရံ ကုန်းအဆင်းတို့၌ ဟန်ဆောင်၍ လှိမ့်ချနိုင်ခဲ့သော်လည်း ကုန်းအတက်များပြန်ရောက်သော အခါတွင်မှု ဆက်လက်မမောင်းနှင်နိုင်ပဲ အရှုက်တကွဲ အကျိုးနည်းမျှသာဖြစ်ခဲ့ရသည်။ ထိုအင်ဂျင်မဲ့ ကားများဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဟူသော ပန်းတိုင်ကို အရောက်မောင်းနှင်ရန် ကြိုးစားနေသောသူများသည် ဦးနှောက်မဲ့နေသော သူရူးတို့မျှသာလျှင်ဖြစ်ပေလိမ့်မည်။ အလွန်ပြေပြစ်သော ကုန်းတက်တစ်ခု၌ မိမိတို့ အသည်းအသန် ဆင်းတွန်းနေချိန်တွင် အခြားနိုင်ငံမှကားတို့ကား နံပတ်(1) ဂီယာထိုး၍့် အလွယ်တကူကျော်တက်သွားကြလေပြီ။ ထို့ကြောင့်လည်း ကျွန်တော်တို့ခန္ဓာကိုယ်တွင် မွမ်းမံချယ်သထားသော အရေပြားတစ်ထောက်အလှထက် တန်ဖိုးဖြတ်၍ မရနိုင်သော နှလုံးသားတစ်စုံကိုပို၍ အလိုရှိခဲ့ကြခြင်းဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ အနာဂါတ်တောင့်တင်းခိုင်မာမှုအတွက် ပညာရေးရင်းနှီးမြုပ်နှံမှုသည် လူတို့အလွယ်တကူနားမလည်နိုင်သော ရင်းနှီးမြုပ်နှံမှုတစ်ခုလည်းဖြစ်သည်။ ထိုသို့ရင်းနှီးမြုပ်နှံရာတွင် ပညာခံယူသူ၊ ပညာသင်ကြားပေးသူ နှင့် ၄င်းတို့ကိုထောက်ပံ့သော နိုင်ငံတော်အစိုးရဟူ၍ အဓိကကျသော အချက်သုံးချက်စလုံးပြည့်စုံကြွယ်ဝမှသာလျှင် အောင်မြင်သောပညာရေးတစ်ခု ဖြစ်လာနိုင်ပေမည်။

ပြည့်စုံကောင်းမွန်သော ထမင်းအိုးတစ်လုံးကျက်ရန် ဆန်၊ ရေနှင့် မီးဟူသော အရာတို့မရှိမဖြစ်လိုအပ်သကဲ့သို့ပင်ဖြစ်သည် ( ခပ်ညံ့ညံ့ ဥပမာတစ်ခုဖြစ်သော်လည်း ခပ်ညံ့ညံ့ပညာရေးတစ်ခု၏ သားကောင်ဖြစ်ခဲ့သော ကျွန်တော်၏ ခပ်ညံ့ညံ့ဦးနှောက်မှ ထိုထက်သာလွန်ကောင်းမွန်သော ဥပမာတစ်ခုထပ်၍ ထွက်မလာနိုင်တော့) ။

ဆန်နှင့်တူသော ပညာလိုလားသူများနှင့် ရေနှင့်တူသော ဦးနှောက်ကိုဖွပေးနိုင်သည့် ပညာဝေငှသူ အမြောက်အများရှိနေပါလျှက်နှင့် အဟာရပြည့်စုံသော ပညာရေးထမင်းအိုးကြီး မကျက်ခဲ့သည်မှာ အဘယ့်ကြောင့်နည်း။ ရှင်းနေပါသည်။ မီးနှင့်တူသော အုပ်ချုပ်သူလူတန်းစားက လိုလိုလားလား မီးပြင်းမတိုက်ပေးခဲ့သောကြောင့်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ရေစိမ်ထားသော ဆန်ကိုသာစားနေရသည့် လူတစ်ယောက် ၀မ်းဖောဝမ်းရောင်ဖြစ်လာသကဲ့သို့ ကျွန်ူပ်တို့၏ နိုင်ငံသည်လည်း နည်းစနစ်မမှန်သော ပညာရေးတစ်ခုကြောင့် ၀မ်းဖောဝမ်းယောင်ဖြစ်ခဲ့ရပြီ။ ပညာရေးအဟာရမပြည့်ဝသော နိုင်ငံတစ်နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံမှ ဆုတ်ယုတ်ကျဆင်းကာ လူမမာတစ်ယောက်လို အိပ်ယာထဲလဲလျှောင်းနေခဲ့ရသည်မှာ နှစ်ပေါင်းအတော် ကြာမြင့်ခဲ့ပြီဖြစ်သည်။

ထို့ကြောင့်လည်း ထိုထက်ပို၍ကြီးထွားခြင်းလမ်းစကို ရှာဖွေနေကြသော ဦးနှောက်အချို့ မိမိတို့နေထိုင်ရာ မွန်းကျပ်သည့် ဦးခေါင်းခွံအား စွန့်ခွါချန်ရစ်ခြင်းအားဖြင့် ဦးနှောက်ယိုစီးခြင်း (Brain Drain) အစရှိသော ဘေးထွက်ဆိုးကြိုးများဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ထိုသူတို့ကလည်း မိမိတို့နေထိုင်ရာ မူလဦးခေါင်းခွံအတွင်း၌သာ သင့်လျှော်လုံလောက်သော နေရာနှင့် လွတ်လပ်သော အနေအထားတို့သာ ရှိခဲ့မည်ဆိုပါက မည်သူမျှ ထိုဦးခေါင်းခွံကို စွန့်ခွါကြမည်ဟုမထင်ပါ။ ယ္ခုတော့လည်း ကမ္ဘာမြေ၏ ကြမ်းပြင်တစ်ခုလုံး ထိုဦးနှောက်အပိုင်းအစများဖြင့် ဟိုတစ်စဒီတစ်စ စွန်းထင်း၍ပေကျံနေခဲ့ပြီ။

၎င်းဦးခေါင်းခွံတို့ကို ရိုက်ခွဲခဲ့ကြသော ၀ါးရင်းတုတ်ကိုင် လူရမ်းကားတို့ကလည်း ၎င်းဦးနှောက်ယိုစီးမှု ပြဿနာသည် ၎င်းတို့ကြောင့်မဟုတ်ပဲ အပြင်သို့မနေနိုင်မထိုင်နိုင် ခုန်ပေါက်၍ထွက်သွားကြသော ဦးနှောက်အပိုင်းအစတို့၏ အပြစ်သာဖြစ်ကြောင်း ကြေငြာချက်များထုတ်ပြန်၍ ၎င်းတို့၏ လူမဆန်သော လုပ်ရပ်များကိုတတ်နိုင်သလောက်ဖုံးကွယ်ရန် ကြိုးစားနေကြသည်။ ထို့အပြင် ၎င်းတို့၏လုပ်ရပ်ကြောင့် အက်ကွဲကာ အင်္ဂါမစုံလင်တော့သော ဦးခေါင်းခွံကြီးအား ဂလောင်ဂလင်အသံမမြည်စေရန် တွေ့ကရာများဖြင့်ထိုးသိပ်ဖိထည့်၍ နိုင်ငံတော်အားဆက်လက် မောင်းနှင်ရန် အမိန့်ပေးနေကြဆဲဖြစ်သည်။ သို့သော်၎င်းတို့ မျှော်လင့်ထားသလို နိုင်ငံတော်၏ခန္ဓာကိုယ်ကြီးကား ရှေ့ဆက်ဖို့နေနေသာ ထိုနေရာ၌ လဲပြိုမကျသွားစေရန်ပင် ကိုယ့်ကိုကိုယ်မနည်းနိုင်အောင် ထိန်းနေရပြီဖြစ်သည်။

ထိုဖြစ်ရပ်ကား စိတ်မနှံ့သော အရူးတစ်ယောက် ဆရာဝန်ထံမှ ခွဲစိတ်ခန်းဝတ်စုံကိုလုယူ၍ ဦးနှောက်အမှေးယောင်နေသော လူနာအားဝင်ရောက်ခွဲစိတ်သည့် ဖြစ်ရပ်တစ်ခုနှင့် အလားသဏ္ဌန် တူနေပါတော့သည်။ ဆံချည်မျှင်တစ်ပင်မျှအလွဲမခံပဲ ကျွမ်းကျင်တိကျသည့် ခွဲစိတ်မှုဖြင့်သာ အသက်ရှင်နိုင်သော ရောဂါသည်နိုင်ငံတော်ကား ထိုသူရူး၏ ရက်စက်ကြမ်းကျုတ်သော ခွဲစိတ်ဓါးရာတို့၏ အောက်တွင်သွေးချင်းချင်း နီခဲ့ရပြီ။

လူနာ၏ အသက်ကိုစိုးရိမ်၍ ယူကြုံးမရဖြစ်နေသော ဆရာဝန်ကတော့ လူမသိသူမသိ အမှောင်ခန်းထဲ၌ ဆက်လက်အချုပ်အနှောင်ခံနေရဆဲပင်ဖြစ့်သည်။

ထိုခွဲစိတ်ခန်းအတွင်းသို့ ဆရာဝန်နောက်ဆုံးဝင်ခွင့်ရခဲ့သည်မှာ အဘယ်တုန်းကနည်း။ ဗိုလ်ချုပ်အောင်ဆန်း၏ အမည်ကို ကျောင်းသုံးစာအုပ်များထဲ၌ နောက်ဆုံးတွေ့ခဲ့ကြသည်မှာ အဘယ်တုန်းကနည်း။ အနံ့အရသာနှင့်ပြည့်စုံသော ပညာရေးဟင်းလျှာတစ်ခွက်ကို စားသုံးခဲ့ရသည်မှာ အဘယ်တုန်းကနည်း။ ကျွန်တော်ကတော့ မေ့လျှော့၍ နေခဲ့ပြီ။

< မင်းတစေ >

0 comments:

 

© 2007 IngridGrey By Arephyz