ဆရာတိုက်စိုး၏ စာကြည့်တိုက်ဆိုင်ရာ ဆောင်းပါးများကို စုစည်း ထုတ်ဝေလိုက်သော စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။ စာအုပ်တွင် ခေတ်အဆက်ဆက်ပေါ်ပေါက်ခဲ့သော စာကြည့်တိုက် သမိုင်းကြောင်းများ၊ မြန်မာ့စာကြည့်တိုက် ဖြစ်စဉ်သမိုင်းစုံကို တင်ပြရှင်းလင်းထားပါသည်။ နိုင်ငံတစ်နိုင်ငံအတွက် စာစုံရှိသော စာကြည့်တိုက်တို့၏ ဂုဏ်ဝင့်ထည်ပုံကို ထင်သာမြင်သာအောင်ဖော်ပြထားသည်။ ဆရာကြီးဇေယျသည် လမ်းဘေးစာအုပ်ဆိုင်လေးများကို လမ်းဘေးတက္ကသိုလ်ဟု သုံးနှုန်းခဲ့ဖူးသည်။ သို့ဆိုလျှင် စာကြည့်တိုက်ဟူသည် ပြည်သူပြည်သားတို့အတွက် ကျောင်းပြင်ပတက္ကသိုလ်ပင် ဖြစ်လိမ့်မည်။ နိုင်ငံတစ်နိုင်ငံအတွက် ပညာအလင်းသည် အလွန်ပင်အရေးကြီးပါသည်။ အတွေးအခေါ် အမြော်အမြင်ရှိ၍ နိုင်ငံအကျိုးအမှန်ပင်လိုလားသော ခေါင်းဆောင်တိုင်းသည် ပြည့်မျက်လုံးကို ဖွင့်ပေးရာ၏။ ပြည့်မျက်လုံးဟူသည် ပညာပင်ဖြစ်သည်။ ထို ထိုသော ပညာရပ်များစုစည်းရာ ဌာနသည် စာကြည့်တိုက်ပင်ဖြစ်ပါသည်။
မြန်မာ့စာကြည့်တိုက် သမိုင်းကို ပြန်ကြည့်သော် ပုဂံခေတ်ကိုပင် ညွှန်းရမည်ဖြစ်သည်။ အနော်ရထာမင်းစောသည် သထုံကို တိုက်ခိုက်သိမ်းသွင်း၍ ပိဋကတ်အစုံသုံးဆယ်ကို ပုဂံပြည်သို့ ပင့်ဆောင်ခဲ့သည်။ ထိုပင့်ဆောင်ခဲ့သော ပိဋကတ်အစုံကို ရတနာအတိဖြစ်သော ပြသာဒ်ဝယ်ထား၍ အရိယာသံဃာတို့အား သင်ကြားပို့ချရ၏ဟု ရာဇ၀င်၌ လာလေသည်။ ပိဋကတ်တို့ထားရှိရာ ထိုအုတ်တိုက်ကို အနော်ရထာမင်းစော၏ ကောင်းမှုတော်ဟူ၍လည်းကောင်း၊ ပိဋကတ်တိုက်ဟူ၍လည်းကောင်း ခေါ်ခဲ့ကြသည်။ တဖန် ကျန်စစ်သားမင်းလက်ထက်၌ မြကန်သာအနီး တူရွင်းတောင်ခြေတွင် ပိဋကတ်တိုက်တော်ရှိခဲ့သည်ကို သမိုင်းအထောက်ထားများအရ သိရပြန်သည်။ ၁၄၄၂ ခုနှစ်၌ တောင်တွင်းမင်း မင်းသီရိဇေယျသူရမောင်နှံသည် ပုဂံ၌ ကျောင်းဆောက်၍ ကျမ်းပေါင်းလေးရာခန့် လှူဒါန်းခဲ့ကြောင်း သိမှတ်ရသည်။ ပိဋကတ်စာလှူဒါန်းသော၊ ပိဋကတ်တိုက်ထူထောင်သော အစဉ်အလာသည် အင်းဝ၊ ကုန်းဘောင်ခေတ်ဆက်ဆက်တိုင် တည်တံ့ခဲ့လေသည်။
၁၉ ရာစုအကုန်တွင် အင်္ဂလိပ်နှင့်ဒုတိယအကြိမ်စစ်ဖြစ်၍ အထက်မြန်မာနိုင်ငံနှင့် အောက်မြန်မာနိုင်ငံ ဟူ၍နှစ်ခြမ်းကွဲလေသည်။ ၁၈၈၃ ခု၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ ကော်မရှင်နာလမ်း၊ အစိုးရကျောင်း၌ အမိုးချွန်ချွန်နှင့် သစ်သားအဆောက်အအုံလေးတစ်ခု ပေါ်ပေါက်လာသည်။ ဗားနတ် အခလွတ် ပိဋကတ်တိုက်ဟု ခေါ်တွင်လေသည်။ မဟာဝန်ရှင်တော်မင်းကြီး ချားလ်ဗားနတ်ကို ဂုဏ်ပြုချင်သောကြောင့် ဖြစ်ပေသည်။ အခလွတ်ဟုဆိုခဲ့ခြင်းမှာ ဆင်းရဲချမ်းသာမရွေး ငှားရမ်းသုံးစွဲနိုင်ခြင်းကြောင့်ဖြစ်လေသည်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် မန္တလေးနန်းတော်ကို သိမ်းပိုက်ခဲ့လေသည်။ ထိုမှရရှိသော ပေပုရပိုက်စာစုတို့ကို သုံးစုခွဲ၍ ယိုးဒယားဘုရင်ထံသို့လည်းကောင်း၊ လန်ဒန်မြို့ရှိ အိန္ဒိယပြည်ဆိုင်ရာ အတွင်းဝန်ရုံး ပိဋကတ်တိုက်သို့ လည်းကောင်း၊ ကျန်တစ်စုသည် ရန်ကုန်မြို့ မဟာဝန်ရှင်တော်မင်းကြီးမှတဆင့် ဗားနတ်ပိဋကတ်တိုက်သို့ လည်းကောင်း ရောက်ရလေသည်။
ဗားနတ်တိုက်သည် ခေတ်ကာလအရ ဦးပေါ်ဦးလျှောက်ထုံးကျမ်းပြု ဆရာအောင်၊ သဘင်ပညာသုတေသီ ဦးနု၊ လေးချိုးကြီး ဆရာလွန်း၊ စာရေးဆရာ ဇေယျ၊ စာရေးဆရာ သိပ္ပံမောင်ဝ စသော မြန်မာမှုလိုက်စားသူများအဖို့ မှီခိုလဲလျောင်းရာဌာနဖြစ်ခဲ့သည်။ သို့သော် ထိုစာကြည့်တိုက် ပိဋကတ်တိုက်မျိုးသည် ၁၉၃၀ ခုနှစ်အထိ ရန်ကုန်တွင် တစ်ခုတည်းသည်ရှိခဲ့သည်။ ၁၉၁၈ ခုနှစ်တစ်ဝိုက်တွင် မြန်မာအများစု၌ ၀ံသာနုရက္ခိတစိတ်များ တိုးပွားလာခဲ့သည်။ အမျိုးဘာသာ၊ သာသနာ၊ ပညာမြှင့်တင်ရန် ၀ိုင်အမ်ဘီအေအသင်းကြီးကို ထူထောင်ခဲ့ကြသည်။ ၁၉၂၈ ခုနှစ်၌ ဒေါက်တာဘခက်၊ ဦးဖာနိဗယ် စသောပုဂ္ဂိုလ်များက မြန်မာပြည် ပညာပြန့်ပွားရေးအသင်း တည်ထောင်၍ မြန်မာဘာသာစာအုပ်များကို လည်းကောင်း၊ အင်္ဂလိပ်ဘာသာနှင့် အခြားဘာသာစာအုပ်များကို လည်းကောင်း လူအများဖတ်ရှုနိုင်စေရန် အမြို့မြို့၌ အများပြည်သူတို့နှင့်ဆိုင်သော ပိဋကတ်စာတိုက်များကို ဖွင့်လှစ်ပေးခဲ့သည်။
စစ်ကြီးအပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရလာသည့်အခါ စာကြည့်တိုက်များ ပေါများလာခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ယဉ်ကျေးမှုဌာနသစ်တစ်ခု တိုးလာသည်။ ထိုဌာနသည် ဗားနတ်ပိဋကတ်တိုက် အကြွင်းအကျန်ကို သိမ်းယူ၍ အမျိုးသား စာကြည့်တိုက် ထူထောင်ရန် စတင်စီမံလေသည်။ ယဉ်ကျေးမှုဌာနကပင် ယဉ်ကျေးမှု စာကြည့်တိုက်၊ ပြတိုက်များဟူ၍ မော်လမြိုင်၊ ကျောက်ဖြူ၊ ပုသိမ်၊ မန္တလေးမြို့တို့တွင် ထပ်မံဖွင့်လှစ်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် မြို့ရွာ ၇၄ ခုတွင် ပြန်ကြားရေး စာကြည့်တိုက်ငယ်များ ထူထောင်နိုင်ခဲ့သည်။ ထို့အတူ စာကြည့်တိုက်ကြီးများ အဖြစ်ဖြင့် ၁၉၅၄ ခုနှစ်တွင် စက်မှုပညာ ဗဟိုပြန်ကြားရေးဌာနစာကြည့်တိုက်၊ ၁၉၅၅ ခုနှစ်တွင် တပ်မတော်မော်ကွန်း စာကြည့်တိုက်နှင့် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်စာကြည့်တိုက်၊ ၁၉၅၆ ခုနှစ်တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်စသည်ဖြင့် သူ့ဌာနနှင့်သူ ထူထောင်ခဲ့ကြပြန်လေသည်။ တက္ကသိုက်အသီးသီးနှင့်အတူ စာကြည့်တိုက်များလည်း ယှဉ်တွဲပေါ်ပေါက်လာခဲ့သည်။ ထို့အတူ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကို တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် ဟူ၍ ပြန်လည်ဖွဲ့စည်းခဲ့လေသည်။ ၁၉၇၁ ခုနှစ်တွင် ရန်ကုန် ၀ိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်သည် စာကြည့်တိုက်ဌာနသစ်တစ်ခုကို ဖွင့်လှစ်ခဲ့လေသည်။
ယခုအခါ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်များလည်း ကျေးရွာ အနှံ့အပြား ပေါ်ပေါက်လာကြသည်။ စာကြည့်တိုက်များပေါများလာခြင်းနှင့်အတူ စာအုပ်လိုအပ်ချက်နှင့် ထောက်ပံ့နိုင်မှုလည်း အားနည်းလာသည်။ ပြန်ကြားရေးစာကြည့်တိုက်များတွင်လည်း ဆွဲခန့်စာကြည့်တိုက်မှူးများကြောင့် စာစု၊ စာပြု၊ စာဖြန့် လုပ်ငန်းများ အားနည်းလာသည်။ မငှားရမ်းသည့်စာအုပ်များ၊ ဖတ်ခွင့်လုံးဝမရသည့် စာအုပ်များပင်ရှိလာသည်။ စာအုပ်ငှားရမ်းချင်သည့်အခါ စာကြည့်တိုက်မှူး လိုက်ရှာနေရသည်ကပင် အလုပ်ကြီးတစ်ခုဖြစ်နေသည်။ ဆိုင်ရာမှလည်း စာကြည့်တိုက်တို့၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုတို့ကို အရေးယူ စုံစမ်းခြင်း မရှိ။ အချင်းချင်း လက်ဝါးရိုက်၍ ပြီးနေခြင်းသည် ပြည်သူတို့အား မျက်လုံးပိတ်ထားခြင်းနှင့်တူပေသည်။ စာကြည့်တိုက်များ ပေါများလာခြင်းသည် ကောင်းသောလက္ခဏာဖြစ်၍ စာကြည့်တိုက်စည်းကမ်း လျော့ရဲလာခြင်းနှင့် စာကြည့်တိုက်လုပ်ငန်းများ စနစ်တကျ မဆောင်ရွက်နိုင်ခြင်းသည် အနုတ်လက္ခဏာပင်ဖြစ်သည်။
ဟိုးယခင် ပုဂံမင်းဆက်မှသည် လွတ်လပ်ရေးရပြီး ခေတ်နောက်ပိုင်းတိုင်အောင် စာကြည့်တိုက်သမိုင်းသည် အစဉ်လာကောင်းခဲ့ပါသည်။ သူ့ကျွန်ဘ၀မှ လွတ်မြောက်၍ သခင်ဘ၀ရောက်အောင် စာကြည့်တိုက်များသည် အလင်းရောင်ပေးခဲ့ပေသည်။ ထိုအလင်းရောင်သည် ကမ္ဘာ့နိုင်ငံများနှင့် တန်းတူရည်တူဖြစ်အောင်လည်း ပေးစွမ်းနိုင်ပါသည်။ ထိုအလင်းရောင်မီးမှိန်ရခြင်း၊ အားနည်းရခြင်းသည် နိုင်ငံနိမ့်ကျရခြင်း အကြောင်းရင်းပေတည်း။ ထိုသို့ဖြစ်အောင် မည်သူတို့ဖန်တီးသနည်း။ ဘာကြောင့်ထိုသို့ဖန်တီးသနည်း။ စာကြည့်တိုက်သည် ပညာသိုက်ကြီးဖြစ်ပေသည်။ ပညာဟူသည် အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းသည်။ ထိုးထွင်းကြံဆနိုင်သည်။ ပညာမျက်လုံး ဖောက်ထုတ်ခြင်းသည် ကိုယ်ပြောသမျှ အမှန်ဖြစ်နေစေလိုခြင်းပင်ဖြစ်သည်။
ဗုဒ္ဓအဆုံးအမအရ အရာရာကို ဝေဖန်ပိုင်းခြားနိုင်ခွင့် ရှိရမည်။ ပြည်သူတို့၏ ဆန္ဒကို အမှန်တိုင်းထုတ်ဖော်ခွင့်ရှိရမည်။ အမှား၊ အမှန်ကို ဝေဖန်နိုင်ခြင်းသည် ပညာအရာဖြစ်ပါသည်။ ယခုလို ပိတ်ဆို့နေသော ခေတ်ကြီး၌ အွန်လိုင်း ပညာသိုက်များ ဟိုဟိုဒီဒီမှ ထွက်ပေါ်လာခြင်းသည် ၀မ်းသာစရာပင်။ ရှိပြီးသော အွန်လိုင်းပညာသိုက်များ ဆက်လက်တည်တံ့နိုင်စေရန်နှင့် အသစ်သစ်သော ပညာသိုက်လေးများ ပေါ်ထွန်းလာစေကြောင်းလည်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
မှီငြမ်း။ ။
ဆရာတိုက်စိုး၏ ပညာသိုက်။
ဆရာချစ်ဦးညို၏ ရာဇကုမာရ။
Friday, November 30, 2007
ပညာသိုက် |
Saturday, November 17, 2007
အက်ဆေးများရေးသားခြင်း (အပိုင်း-၂) |
မေးခွန်းများ၏သဘောသဘာဝ ဒီစကားလုံးလေးတွေက အက်ဆေးမေးခွန်းတွေမှာ ပါလေ့ပါထရှိတာလေးတွေပါ။ ဒါလေးတွေကိုကြည့်လိုက်တာနဲ့ စာစစ်သူ ဘာကို လိုချင်တယ်၊ မျှော်မှန်းတယ်ဆိုတာ မှန်းဆနိုင်ပါတယ်။ နောက်တချက်က question ရဲ့ scope ပါ။ မေးခွန်းကို ဖြေဖို့ အစိတ်အပိုင်း ဘယ်နှစ်ခုလိုတယ်၊ ဘယ်အပိုင်းကို ပိုအလေးထားရမယ်ဆိုတာသိမှ လိုအပ်တဲ့ references တွေစုဆောင်းဖို့နဲ့ ရေးဖို့ အချိန်မှီတတ်ပါတယ်။ တခါတရံမှာ အကြောင်းအရာတခုနောက်လိုက်ရင်း မျောပါသွားတတ်ပါတယ်။ အချိန်မှီ အနားပြန်သတ်ဖို့ လိုအပ်ပါတယ်။ ကျွန်မကိုယ်တိုင်မျောသွားဖူးလို့ပါ။ ရေးရမယ့် အကြောင်းအရာက economic development နဲ့ Democratization ဆက်စပ်မှုအကြောင်း၊ reference တွေရှာရင်း မျောပါသွားတာက Democratization ရဲ့ တခြားလိုအပ်ချက်တွေဖြစ်တဲ့ CivilှSociety တို့၊ State & Political institutions တို့၊ political culture & ideas တို့ဆီကိုပါ။ ဖတ်ကောင်းကောင်းနဲ့ article တခုဖတ်လိုက်၊ သူက ညွှန်းတဲ့ article တခုဆက်ဖတ်လိုက်နဲ့ ဘယ်တော့မှ အရှိန်သတ်သွားလဲဆိုရင် အက်ဆေးတင်ခါနီး တရက်အလိုမှပါ။ နောက်ကျတယ်ဆိုတာကိုလဲ ကိုယ့်ရာဇ၀င်မှာ မပါချင်လေတော့ မိုးလင်းပေါက်ထိုင်လိုက်ရတော့တာပါပဲ။ scope ကို တခါတည်းပိုင်းဖြတ်၊ ဖတ်ရမယ့် reference list ကို တခါတည်း ချရေးလုပ်ထားတာအကောင်းဆုံးပါပဲ။ လိုအပ်တဲ့ materials တွေ collection လုပ်တာနဲ့၊ အက်ဆေး outline ဆွဲတာတွေဆိုင်ရာများကို နောက်ပိုင်းဆောင်းပါးများမှာ ဆက်လက်ဖော်ပြသွားပါမယ်။ (ဆက်လက်ဖော်ပြပါမည်) ခင်မမမျိုး
အက်ဆေးတပုဒ်ရေးသားရာမှာ မေးခွန်းရဲ့ ဆိုလိုရင်းကို နားလည်ဖို့ အလွန်ကို အရေးကြည့်ပါတယ်။ ဘာမေးလဲဆိုတာကို သေသေချာချာသိနိုင်ဖို့ မေးခွန်းထဲက စကားလုံးတွေကို တိတိကျကျစစ်ဆေးဖို့ လိုပါတယ်။ ဒါမှလဲ ဆီလျော်တဲ့ အဖြေကို အလွယ်တကူ ပြင်ဆင်လေ့လာနိုင်မှာပါ။ မေးခွန်းရဲ့နောက်ကွယ်က သဘောတရားတွေကိုလဲ သေချာ ဖော်ထုတ်နိုင်ဖို့ လိုအပ်လှပါတယ်။ မေးခွန်းနဲ့ဆက်စပ်တဲ့ အကြောင်းအရာဟာ ယေဘုယျပြောရင်လုံလောက်သလား၊ သုတေသနပြုချက်တွေပါ ထည့်ဖို့လိုလားဆိုတာ သေချာစဉ်းစားရပါမယ်။ ကိုယ်ပိုင်အတွေးအခေါ်တွေ၊ အတွေ့အကြုံတွေ ထည့်ရင် အကျိုးရှိမှာလား၊ ဒါမှမဟုတ် တခြားလူတွေရဲ့ သုတေသနပြုချက်တွေကို ထည့်သွင်းရမှာလား ဆိုတာကိုရင် ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ ဘာသာရပ်တခုချင်းစီအလိုက် ဌာနဆိုင်ရာ သတ်မှတ်ချက်တွေကို လိုက်နာဖို့လဲလိုအပ်ပါတယ်။
အခုဒီစာကို မရေးမီအချိန်က ကျွန်မလက်ထဲမှာ ပထမနှစ်ကျောင်းသားတယောက်ရဲ့ အက်ဆေးလေးတပုဒ်ရောက်နေပါတယ်။ ဘယ်လိုအမှတ်ပေးရမှန်း မသိတော့လို့ အိမ်ယူလာပြီး ထပ်ဖတ်ဖြစ်နေတာပါ။ အက်ဆေးက microeconomics နဲ့ ဆိုင်ပါတယ်။ အက်ဆေးမေးခွန်းက လူတွေဟာ ဘယ်လိုအခြေအနေမျိုးမှာ အာမခံထားတယ်၊ ဘယ်လိုအာမခံမျိုးကို ၀ယ်ယူသုံးစွဲလေ့ရှိတယ်ဆိုတာကို မေးထားတာပါ။ ဒီနေရာမှာ ဘာသာရပ်ဆိုင်ရာလိုအပ်ချက်အရ equation တွေ၊ model တွေ ပါရပါမယ်။ များသောအားဖြင့် စီးပွားရေးပညာအက်ဆေးတပုဒ်မှာ equation, model or diagram, application သုံးမျိုးကို လျော်ညီအောင် ထည့်သွင်းနိုင်မှု လိုအပ်လှပါတယ်။ အခုသူရေးထားတာက အာမခံဘယ်နှစ်မျိုးရှိတယ်၊ သူက ဘယ်လိုအာမခံတွေကို ၀ယ်တယ်၊ သူ့မိဘဆွေမျိုးတွေက ဘာတွေဝယ်တယ်၊ ဘယ်လိုစဉ်းစားဆုံးဖြတ်ကြတယ် ဆိုတာတွေကို ပုံပြင်လေးတပုဒ်လို ပြန်ရေးထားတာပါ။ ဖတ်လို့ကောင်းပါတယ်။ အဲ-ဒါပေမယ့်------။ ဘာပဲဖြစ်ဖြစ် ကျောင်းမှာအက်ဆေးတွေရေးရရင် ကျောင်းကချမှတ်ထားတဲ့ Guideline, ဌာနဆိုင်ရာ Guideline တွေ ဖတ်ပြီးမှ မေးခွန်းတခုရဲ့ ဖြေဆိုပုံ ဖြေဆိုနည်းကို စဉ်းစားဖို့ အကြံပေးလိုပါတယ်။
မေးခွန်းထဲက အရေးအပါဆုံး စာလုံးလေးတွေအကြောင်း ဆက်ကြရအောင်ပါ။ အက်ဆေးတပုဒ်ကို စမရေးခင် မေးခွန်းထဲမှာပါတဲ့ ဒီစာလုံးလေးတွေကို အရင်ရှာပြီးရေးတာဟာ အဖြေရဲ့ style & structure ကို ထိထိမိမိ အကျိုးသက်ရောက်မှု ရှိစေပါတယ်။
University of North London က Sandra Ashman & Phyllis Creme တို့က အက်ဆေးမေးခွန်းတွေမှာ ပါလေ့ရှိတဲ့ အရေးအကြီးဆုံး စာလုံးလေးတွေကို အခုလို ထုတ်နှုတ်ပြထားပါတယ်။
Wednesday, November 14, 2007
What International Education is... |
နိုင်ငံတကာ ပညာရေး ဆိုရာဝယ်...
“ Casino ဒီပလိုမာက Hospitality Management အောက်မှာ ခုမှ စ ပေးတာပါ...အချိန်ကလည်း တို တယ်လေ..၁၄ လပဲ တက်ရ မယ်...ခရီး သွားလုပ်ငန်းတွေနဲ့ အပန်း ဖြေ လုပ် ငန်းတွေ အရမ်း ခောတ်စား လာနေတာဆိုတော့ အလုပ်အကိုင် အခွင့်အလမ်း အတွက် အကောင်းဆုံးရွေးချယ်မူ တခု ဖြစ်ပါလိမ့်မယ်... ”
အဆင့်မြင့်ဟိုတယ် ကြီးတခု ၏.. အနီရောင်ခန်းမဆောင်တခုအတွင်းရှိ အစီအစဉ်တကျ ခင်းကျင်းထားသော စားပွဲခုံများ.. ၀င်ထွက် နေသော လူများအကြား.. အစွန်ဖက်ခုံမှ တာဝန်ရှိသူတဦးက ဧည့်သည်တယောက်ကို အားတက်သရော ရှင်းပြ နေသည်။ စားပွဲတိုင်း ရဲ့ အပေါ်မှာ သေသပ်ကျနသော ရောင်စုံလက်ကမ်းစာအုပ်ကလေးများ.. လျှောက်လွှာ စာရွက် ငယ်များ သက်ဆိုင်ရာ နံမယ်ဌါန တို့ကို ရေးထိုးထားသော ဆိုင်းဘုတ်ငယ်များအသီးသီးရှိနေကြသည်။
“...ကျနော် တို့ဆီက Management Program တွေက လုံးဝ အသိ အမှတ် ပြုပါတယ်... အင်္ဂလန် ကျောင်းက တိုက်ရိုက်ပေးတဲ့ လက် မှတ် တွေ ပါ...”
လမ်းဘေး ဈေး တန်း တခုလို အလုအယက် အော်ဟစ် ဆူညံနေခြင်းမရှိပေမဲ့ ပညာရေးပြပွဲလေးသည်လည်း တူညီသော အခြေခံတခုပေါ်မှာ ရောင်းသူ နှင့်ဝယ်သူ တို့ သက်ဝင် လှုပ်ရှား နေကြသည်။
+++++++++++++++++++++++++++++++++
တန်းမြင့် တက္ကသိုလ် ပညာရေးသည် ဘ၀အာမခံစာရွက်များအဖြစ် ဈေးကွက် တခု၏ ရောင်းကုန်ဖြစ် လာခဲ့ ပေပြီ။
အဲဒီမှာ ပညာဆိုသော ပါဌိစကားသည်ပင် ဘယ်သို့ဘယ်ပုံအဓိပ္ပယ် ဖွင့်ဆို ချက်တွေ ပြောင်းလဲခဲ့ပီလဲ... ဓါးခုတ်လှံထိုး အဌါရသ ကျွမ်းကျင်ခြင်း... ဘာသာရေး စာပေ ကျမ်းဂန်များ လေ့ကျက်ခြင်း... အနုစာပေ ဒသနတွေ လိုက်စားခြင်းဆိုတဲ့ ဘ၀ နေနည်း ထိုင်နည်း ပညာရပ်များ မှသည် ကုန်ပစ္စည်း တွေကိုဘယ်လို ပြိုင်ဆိုင် ရောင်းချ ရမလဲ... ဟိုတယ်တခုရဲ့ စားသောက်ပွဲ ဟင်းလျာ တွေကို ဘယ်လို စီစဉ် ချက်ပြုတ်မလဲ ဆိုတဲ့ ဘ၀နေဖို့ ထိုင်ဖို့ အသက် မွေးဝမ်း ကြောင်း ပညာများ ထိ ခောတ် တွေ များစွာ ဖြတ်သန်း လာ ခဲ့ပြီ။
အရင်းရှင်စနစ်ရဲ့ ခေါင်းကိုင်ဖခင်ကြီး ဒါမှမဟုတ် ပွင်းလင်း သော ဈေးကွက် ၀ါဒ ကို ဖော် ထုတ်ခဲ့ သော စကော့လူမျိုးသုခမိန် Adam Smit ရဲ့ Human Capital Theory က ၁၈ ရာစု နှောင်း ပိုင်း ပညာ သင်ကြားရေး နယ် ပယ် ကို အကြီး အကျယ် ရိုက်ခတ် ပစ် လိုက်သည်၊ သူထောက်ပြ သည် က စက်ပစ္စည်း ခြံမြေ များ လိုပင် လူသည် လည်း ရင်းနှီး မြုပ်နှံ သင့် သည့် အရာဖြစ်သည်... လူ၏ အသုံး ၀င်မူ တနည်းအားဖြင့် သင်ကြား တတ်မြောက် မူ ကို အကုန် အကျ တခုဖြင့် ရင်းနှီးကာ ပြန်လည် ရရှိ လာ မည့် အကျိုး ကိုညီမျှ ခြင်း ချ ကာ အမြတ် ကိုရယူနိုင် သည် ဆိုသော လူသားအရင်းမြစ်ဝါဒ ပေါ်ထွက်လာခဲ့သည်။ ဒီဝါဒ ကို ဖော်ဆောင် အသက်သွင်းဖြစ်ခဲ့တာက ဒုတိယ ကမ္ဘာစစ်ကြီး ပီးမှ ဖွဲ့စည်း လိုက်သော OECD ( Organization for Economic Cooperation Development ) ခေါ် ..လွတ်လပ်သော ဈေးကွက် စနစ် ကျင့်သုံး သော နိုင်ငံ စုံ အဖွဲ့ကြီး၏ စီးပွားရေး နှင့် ပညာရေး ဆိုင်ရာ မူဝါဒ များဖြစ် သည်။
OECD ရဲ့ မူ ၀ါဒတွေ ကို တွင်တွင် ကျယ်ကျယ် အသုံး ချနိုင်ဖို့ က ထိုအဖွဲ့ဝင် နိုင်ငံများ ကပင် ဦးဆောင်စည်းရုံး ဖွဲ့စည်း ထား WTO ( World Trade Organization )ခေါ် ကမ္ဘာ့ကုန်သွယ်မူ အဖွဲ့အစည်း ကြီးရဲ့ အရှိန် အ၀ါ ကို အသုံးချဖို့ လိုအပ် လာပြန်သည်။ အခြားသော အခြေခံ ၀န်ဆောင်မူ ၁၂ မျိုးနဲ့အတူ ပညာရေး သည် လည်း လွတ်လပ်စွာ ကူးသန်း ရောင်းဝယ် နိုင်သည်ဆိုသော ၀န်ဆောင်မူ ကုန်သွယ်ရေးသဘောတူညီချက် GATS( General Agreement on Trade in Services) ကို ၁၉၉၅ ခုနှစ် မှာ WTO က ချမှတ် လိုက်တော့ ပညာရေး လောက မှာ အသံဗလံတွေ ဆူပွက်သွားသည်။ အစဉ်အလာ တက္ကသိုလ် ကြီးအချို့ နှင့် ဆရာ သမဂ္ဂ..ကျောင်းသား သမဂ္ဂ များက ပညာရေး ရောင်းကုန် ပြုခြင်းကို ရှုတ်ချ ကန့်ကွက် ကြသည်။ တချို့က လည်း ဒါဟာ နဂိုတည်းကဖြစ်နေ ပီး သားမို့ တိကျတဲ့ လုပ်ထုံး လုပ်နည်း တွေနဲ့ ချမှတ်လုပ်ဆောင် နိုင် မယ်ဆိုရင် အကျိုးအမြတ် တွေ အခွင့်အလမ်း တွေ ရှင်းရှင်း လင်းလင်း ဖြစ်လာမှာကောင်းတာပေါ့လို့ ယူဆကြ သည်။ ဒါပေမဲ့ ဘယ်သူ တွေက အကျိုး အမြတ် ရပီး... ဘယ်သူက လုပ်ထုံး လုပ်နည်းတွေကို သမာသမတ် ကျကျ ကိုင်တွယ် ဖြေရှင်း ပေးမလဲဆိုတာက မေးခွန်းကြီး တခု ဖြစ် နေသည်။
ဒီနေရာမှာ နိုင်ငံရေး မတည် ငြိမ် တဲ့ အုပ်ချူပ်ရေး ညံ့ဖျင်း တဲ့ ဆင်းရဲ မွဲတေတဲ့ ထုံးနည်း ဥပဒေ ယိုယွင်းတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံ များသည် GATS ၏ အလွယ်ကူ ဆုံး သားကောင် များ ဖြစ်လာ တော့ သည်။
++++++++++++++++++++++++++++++
“ ဟုတ်ကဲ့...ကျနော်တို့ နိုင်ငံက.. ကုန်စည်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌါနရဲ့ ဦးဆောင်မူနဲ့ ဒီလို တနေရာ တည်း မှာ တစု တစည်းထဲ ပြသ နိုင်တာပါ...ဒီနိုင်ငံက ကျောင်းသား လူငယ်လေး တွေအနေ နဲ့ နိုင်ငံတကာ ပညာရေးရဲ့ သတင်း အချက် အလက် တွေကို တနေရာတည်းမှာ နှိုင်းယှဉ် လေ့လာ နိုင်တယ် လေ...အခု ဒီမှာ အစိုးရပိုင်တက္ကသိုလ် ကြီး ၂ ခုအပြင် ပုဂ္ဂလိကပိုင် အဖွဲ့အစည်း ပေါင်း ၆ ခုနဲ့စုစု ပေါင်း ၈ ဖွဲ့ပါပါ တယ်... ”
“သတင်းအချက်အလက်တွေ ရယူပီး နောက်မှ လှမ်းလျှောက် ရင်ကော ရပါ သလား ... ”
“ ဟုတ်ကဲ့...ရပါတယ်၊ ခု ဒီမှာ ကျောင်းပြပွဲ လုပ်ရ ခြင်း ရဲ့ အထူးအခွင့်အရေးအနေနဲ့ တခါတည်း မှတ်ပုံတင်ငွေသွင်းမယ် ဆိုရင် တော့ လိုအပ် တဲ့ အင်္ဂလိပ်စာ အရည်အချင်း စစ်စာမေးပွဲ ကို ချက်ချင်း အခမဲ့ စစ်ဆေးပေးပါတယ်... နောင်မှလျှောက်မယ်ဆိုရင်တော့ TOEFL သို့မဟုတ် IELTS ကို ကိုယ့် အစီအစဉ် နဲ့ကို ဖြေဆိုရ ပါ လိမ့်မယ်... ”
ကျောင်း ပွဲပြသရာ အနီရောင်ခန်းမဆောင်၏ အပြင်ဖက် ၀င်ပေါက် အနီးတွင် တာဝန်ခံမန်နေဂျာ နှင့် ပြည်တွင်း သတင်း သမားတဦးတို့ အပြန်အလှန် မေးဖြေ နေကြခြင်း ဖြစ် သည်။
++++++++++++++++++++++++++++++++++
အလျင်းသင့်ရင်ဖြင့် လျှော့ဈေး နှင့် ရနိုင်သော International Education ကို ဘယ် လိုအဓိပ္ပယ် ဖွင့်နိုင် မည်လဲ... ဖွင့်ချင် သည်လဲ ဆိုရင် ပိုသင့်တော် လိမ့်မည်။ ဘာကြောင့်လဲဆိုတော့ အဖွဲ့အစည်း များ ခောတ်သစ် အဘိဓါန် များက နိုင်ငံတကာ နှင့် အကျူံး ၀င်သော... ဘာသာစကားများ အပြန် အလှန် လေ့လာ လက်ခံ သောလို့... အဓိပ္ပယ် ဖွင့်ဆို သော်လည်း တကယ့် လက်တွေ့ ဈေးကွက် မှာတော့ အင်္ဂလိပ်လိုသင်ယူရသော... အင်္ဂလိပ်စကား ပြော နိုင်ငံကြီးများမှသင်ကြား ပို့ချသော လို့... သဘော သက်ရောက် နေသောကြောင့်ဖြစ်သည်။
ကမ္ဘာ ကြီး နှင့်ဆက်သွယ် နိုင်ဖို့ တ ကမ္ဘာ လုံး က နားလည် လက်ခံသော ဘုံဘာသာ စကား တခု လိုအပ် လာခြင်း နှင့် လွန်လေ ပြီးသော ရာစု နှစ် များစွာက လက်ဦးမူ ရယူကာ ကမ္ဘာ့နယ်မြေ တော်တော် များများ ကို နယ်ချဲ့ အုပ်ချူပ် ခဲ့သော အင်္ဂလိပ်တို့၏ ဘာသာ စကား တွင်ကျယ် လာခြင်းကို အခုမှ ပြသာနာ ရှာနေလို့ တော့ မဖြစ်နိုင်ပါ။ သို့သော်လည်း Globalization လှိုင်း တချက် ရိုက်ခတ်ယုံ မျှဖြင့် အနှစ်နှစ် အလလ က အုတ်မြစ်တည် စိုက်ထူခဲ့ ကြသော ကိုယ်ပိုင် အမျိုးသား ပညာရေး အဆောက်အဦ ကြီးတွေ ခဏတွင်း မှာ တိုက်စား ပြိုကျ ကုန်မည် ဆိုရင် ဖြင့် ၀မ်းနည်း စရာ ကောင်းလှပေသည်။
ရောင်းသူနှင့် ၀ယ် သူကွဲကွဲ ပြားပြား ဖြစ်လာနေသော ပညာရေး ဈေးကွက် အတွင်းမှာ အရောင်း အ၀ယ် သဘော သည် လည်း ပိုမို တဘက် သတ် ဆန်လာသည်။ ၀ယ်သူ နိုင်ငံများ အနေနှင့် ရှိသမျှ ငွေကြေးတွေ ခြစ်ခြုပ် စစ်ထုတ် ပီး ၀ယ်လိုက် ရပေမဲ့ Adam Smit တွက်ပြတဲ့ ပြန်လည် ရရှိမည့် အကျိုး အမြတ် ကတော့ လူပုဂ္ဂိုလ် တဦးချင်း၏ ရေကြည်ရာ မျက်နုရာ ရှာဖွေခြင်း (Educational Migration ) နှင့် အတူမျောပါဆုံးရှုံး သွား ပြန်သည်။ ထိန်းချူပ်ရန် ခက်ခဲ လှသော လမ်းလျှောက် စွမ်းအား ရင်းမြစ်တို့၏ ရွေ့လျားမူ ကြောင့် ဟောင်းလောင်း ဖြစ်ကျန် ခဲ့မည့် နိုင်ငံများ အနေနှင့် ရည်ရှည် တိုးတက်တည်မြဲမူ (Sustainable Development) အတွက် နည်းလမ်း မရှာ နိုင်ရင်ဖြင့် ရင်လေး စရာ ကောင်းလှတော့၏၊
ဘယ်သူ သာလို့ ဘယ်သူ နာ တယ် ဆိုတာထက် လူမူရေး ရိုက်ခတ်မူ မညီမမျှ မူ တွေ ရှိ လာခြင်းကိုက ကမ္ဘာနဲ့အ၀ှမ်း ခြုံကြည့် လျှင် ကောင်းသော လားရာ တော့ မဟုတ်ပေ။ International Education ကို မူပိုင်ပြုထား သော နိုင်ငံကြီး တွေ နှင့် လက်ဝေခံ နိုင်ငံ တွေမှာ လည်း ရိုက်ခတ် ပြောင်းလဲမူ တွေ ရှိလာနေသည်။ အထူး သဖြင့် အဆီးအတားမရှိ ကြီးထွား လာ နေသော ပညာရေး ဈေးကွက် ကြီးနှင့်အတူ ပုဂ္ဂလိကအခန်းကဏ္ဍ တို့ မြင့် တက် လာသည်။ အဲဒီတော့ သက်ဆိုင်ရာ အစိုးရကြီး တွေ အနေနဲ့ သမရိုးကျ ဆုပ်ကိုင် ကျင့်သုံး လာ သော ပြည်သူပိုင် ပညာရေး စနစ် တွေကို ဖြေလျော့ကာ ချူပ်ကိုင်မူ တွေ တရစ် ပီး တရစ် လျော့ လိုက် လာ သည်။ ချူပ်ကိုင်မူ လျှော့တာ ကအရေးမကြီး၊ အသုံးစရိတ် တွေ လျှော့ချ လိုက်တာ ကတော့ အတော် ဆိုးသည်။ နိုင်ငံပိုင်တက္ကသိုလ် ကြီးတွေ လည်း အရင်တုံးကလို ဣဒြေ္ဒကြီး တခွဲသား နှင့် နေလို့ မဖြစ်တော့။ ခါးထောင်း ကျိုက် လက်မောင်း ပင့်တင် ကာ ဈေးကွက် ရှာဖွေရေးဌါန တွေ အရောင်း မြှင့်တင် ရေးတွေ လုပ်ကာ ကိုယ့် ၀င်ငွေ ကိုယ် ရှာရတော့သည်။ ကိုယ်စားလှယ် များ ဖြန့်ကျက် အင်အား သုံး လာရသည်။ ဣဒြေ္ဒ မပျက်အောင် ပုဂ္ဂလိက တခုခု ကို လက္ကား ပေး ဖြန့်သင့်ဖြန့်ရသည်။ Off-Shore Campus များဖြင့် ဈေးကွက် ကောင်းကောင်း နိုင်ငံ များ ထိ ကိုယ်ပွား တွေ ထပ်ခွဲ ကာ စားကျက် ချဲ့ထွင် ရသည်။ Virtual Learning တို့ E-Learning တို့လို ကိုယ်ပျောက် သင်နည်း တွေ ပေါ်လာသည်။ တက္ကသိုလ် ဆိုသော သဘော သဘာဝတွေ တည်ကြည်မူ တွေ ဖြည်းဖြည်း ချင်း ပျောက်ကွယ် သွားနိုင် သည်ဟုပင် ခန့်မှန်း ကုန် ကြသည်။
အရာရာ စီးပွားရေး ဆန်လာသော အခြေအနေသစ်မှာ တက္ကသိုလ်တို့၏ အသဲ နှလုံး သုတေသန လုပ်ငန်း များ လည်း လွတ်ကင်းမရပါ။ အကျိုး အမြတ် မဖော်ပြ နိုင်သော ရှေးဟောင်း သမိုင်း ပညာလို လူမူရေး ဗေဒ တို့ ဒဿန ဗေဒတို့လိုဘာသာ ရပ်များကို သိပ် အားမပေး တော့ပဲ ရလဒ်ကို မူပိုင်ခွင့် ပြုကာ စီးပွါးဖြစ် ရောင်းချ နိုင်သော ချက်ချင်း လက်ငင်း လိုအပ် နေသော သုတေသန များကိုသာ စိုက်ထုတ် လုပ်ကိုင်ဖို့ အားသန် ကြ တော့သည်။ ရေရှည် ကို မျှော်ကိုး ရမည့် Social Rate of Return ခေါ် လူမူရေး အကျိုး အမြတ် တွေကို မသိ ကျိုးကျွံ ပြု လာရသည့် အတွက် သူတို့မှာ လည်း ရည်ရှည် တိုးတက် တည်မြဲမူ (Sustainable Development) တွေ ထိခိုက် လာရသည်။
+++++++++++++++++++++++++++++++++
“ကျမ ကတော့ နံမယ်ကြီး အစိုးရ ကျောင်းကြီး တွေမှာ တက်ချင်ပေမဲ့ ကျောင်း လခ ကလဲ သိပ်မကွာ တဲ့ အတူတူ အချိန်တိုတွင်း မှာဘွဲ့တခု ရနိုင်မဲ့ ၀င်ခွင့်လည်းလွယ်ကူတဲ့ ပုဂ္ဂလိက ကျောင်းမှာပဲ မှတ်ပုံတင် လိုက်တယ်လေ... သူတို့က လည်း နိုင်ငံတကာ တက္ကသိုလ် ကြီးတွေနဲ့ ချိတ်ဆက် ထား တဲ့ အတွက် အဲဒီ နိုင်ငံကြီး တွေမှာဆက်ပီး ဘွဲ့လွန် တွေ ဘာတွေ တက်ရင် လည်း ဘာသာရပ် တော်တော် များများ ကင်းလွတ်ခွင့် ရနိုင်တယ်လို့ မိတ်ဆွေ တွေက အကြံပေးတယ်...”
မိန်းကလေး ငယ်တယောက်က သူ့ရွေးချယ်မူ အကြောင်း သတင်း သမားကို သွက်လက် ပေါ့ပါးစွာ ပြောပြ နေသည်။ခပ်လှမ်းလှမ်း စားပွဲ တခု တွင်တော့ လူငယ်လေး တယောက်သည်.. ကိုင်ထား သော လက်ကမ်း စာအုပ်ငယ်ကို ဟိုဖက်သည်ဖက် လှန်ကြည့်လိုက် ...စားပွဲ ဟိုဖက်မှ လူရဲ့ ပြောစကား ကို မော့နားထောင် လိုက်နှင့် စိတ်လှုပ်ရှား နေဟန်ရှိ သည်။
“အင်း...Computer ဘာသာ ရပ် တွေက တော့ ခောတ်အစားဆုံးနဲ့ အလုပ်အဖြစ်ဆုံးမို့ ရွေးချယ်မယ်ဆိုရင်တော့ မမှားဘူးပေါ့...ဒါပေမဲ့ တခြား အီလက်ထရောနစ် တို့ ဘာတို့ထက် စာရင် တော့ ကျောင်းလခ နဲနဲ ပိုမြင့်တယ်... One Semester ကို ဒေါ်လာ ၁၀၀၀၀ ကနေ ၁၆၀၀၀ အထိရှိတယ်...Semester ၂ခုပီးရင် ရိုးရိုးဒီပလိုမာ ၃ခုဆိဲုရင် အဆင့်မြင့်ဒီပလိုမာနဲ့ ၄ခုပီးရင်တော့ Bechlor ပေါ့... ”
ရိုးရှင်း သော ၀တ်စား ဆင်ယင်ဟန်နှင့် မှုန်မှိုင်း မှိုင်း မျက်လုံး တစုံက ဒေါ်လာ တရာပင် မနဲရှာဖွေရမည့် သာမန် လူငယ်လေး တယောက် ဖြစ်ကြောင်း ဖော်ပြနေ သလိုပင်။
++++++++++++++++++++++++++++++++
ပညာကိုရှာ သော သူသည် ပညာကို ရသင့်သည်--
လို့ ဥပဒေသ ပြဌါန်း မထားသော် ငှါး လည်း ဖြစ်သင့် သော ဖြစ်ထိုက် သော လောကပါလ တရား တခုမှန်း လူတိုင်း လက်ခံကြ ပါလိမ့်မည်။ သို့သော်လည်း လူတိုင်း မရနိုင် တာက နိုင်ငံ ကောင်းကောင်း မှာ အလုပ် ကောင်းကောင်း ၀င်ငွေ ကောင်းကောင်း ရနိုင် မည့် နိုင်ငံတကာ အဆင့်မှီဟု ပြော ကြသော ပညာရေးပင် ဖြစ်သည်။
အရှိန် အဟုန်နှင့် အဆီး အတား မရှိ ကြီးထွား လာသော ပညာရေး ဈေးကွက်ကြီး ထဲမှာ မိမိတို့ရဲ့ ခောတ် နောက်ကျနေ တဲ့ ထိရောက်မူ မရှိတဲ့ အရည် အသွေး လျော့နည်း လာတဲ့ ကိုယ်ပိုင် ပညာရေး စနစ်တွေကို အများနဲ့ တန်းတူ ရင်ဘောင် တန်းပီး သူများ လုပ်သလို လိုက်မလုပ် နိုင်ရင် တော့ ထို တိုင်းနိုင်ငံ တို့မှာ လိပ်နောက်က ခရုထက် ပင် ဝေးကျန် ခဲ့ပေ တော့ မည်။ ပိုပီး စိုးရိပ် စရာ ကောင်း တာ က နိုင်ငံသား တယောက် ချင်းရဲ့ ငွေကြေး သုံးစွဲ နိုင်မူ ပေါ်မှာ မူတည်ပီး အရည်အသွေး မတူညီတဲ့ လူ့အရင်းအမြစ် နှစ်မျိုး ခွဲဖြာသွား ခြင်းသည် နိုင်ငံတနိုင်ငံ၏ ညီညွတ်မူ (Socail Cohesion) ကို အက်ရာ ပေးလိုက်ခြင်း ပင်ဖြစ်တော့၏။
ဒီကြား ထဲ လွပ်လပ် လာ သော ကုန်သွယ်မူကို အခွင့်အရေး ယှူု ဈေးကွက်ထဲ အမှီ ပြေးဝင်လိုက် လာသော အသေးစား Education Service Provider လေး များ နှင့် ငါးပွက်ရာ ငါးစာ ချသော ကော်ပို ရေး ရှင်း များ၏ မဟားဒရား မက်လုံး ပေး ရောင်းချသည့် ဆူလွယ် နပ်လွယ် အောင်လက်မှတ်များအကြား စားသုံးသူ ကျောင်းသား လူငယ်များ အနေနှင့် လက်ငင်း နှင့် ရေရှည် အကျိုးကြည့် ကာ ခွဲခြားရွေးချယ်နိုင်ဖို့ က သိပ် လွယ်ကူသော ကိစ္စ မဟုတ်ပြန်....၊။ ဒီပလိုမာ စက်ရုံများက ထုတ်လုပ်လိုက်သော အရည် အချင်း မမှီ့တမှီ လူ့ အရင်း အမြစ်များ ဟိုမရောက် သည်မရောက် စုပုံ လာမည့် အရေးကိုလည်း ကြိုတင် အပြစ် မြင်သည်များ ရှိနေသည်။
တကယ့်တကယ်မှာ အရည်အသွေးနဲ့ ပတ်သတ်လို့ လက်ငင်းကြုံတွေ့နေရတဲ့ ပြသာနာက ဈေးကွက် ပြန့်နေခြင်း ဖြစ်သည်။ အချိန်တို အတွင်းမှာ ကျောင်းတွေ အဖွဲ့အစည်းတွေ အရည် အတွက် အားဖြင့် တဟုန်ထိုး များပြား လာပေမဲ့ အဲဒီနှုံးနဲ့အညီ လိုအပ် တဲ့ အရည် အချင်း မှီ ဆရာ အင်အား က ချက်ချင်းမဖြစ်လာနိုင်ပါ။ အဲဒီတော့ တိုးပွားလာ သော ဈေးကွက်ဝေစုများ ကြားမှာ ထိ ရောက် သော သင်ကြားပို့ချ နိုင်စွမ်းအားက ဟိုနဲနဲ သည်နဲနဲ ဖြစ်လာသည်။ တခြား အကျိုးအပစ် များ ကို ထားဦးတော့... အရည်အသွေး ထိန်းးချူပ် မူကို တော့ မဖြစ် မနေလုပ်ဆောင်ဖို့ လိုအပ် နေပီဆိုတာ အားလုံးက လက်ခံလာကြသည်။
ဘာလိုပဲဖြစ်ဖြစ် ဈေးကွက် ပြုခံ ရသော နိုင်ငံ အများ ထဲမှာပင် - ကိုယ့် လိုအပ် ချက်ကို ဖြည့် စွက်ပေးရာ ပင် ရောက်သည်ဟု အကောင်းမြင် သော နိုင်ငံများရှိသလို... အမျိုးသား အကျိုး စီးပွားနှင့် ဂလိုဘယ် ပညာရေးကို ကွဲကွဲ ခြားခြား တောင်းဆိုကာ GATS ကို ပြတ်ပြတ် သားသား ဆန့်ကျင်ကြသည့် နိုင်ငံများ လည်းရှိသည်။ တချို့လည်း ကမ္ဘာ့ပြောင်းလဲမူ ဖြစ်စဉ် တခုပဲမို့ အရှိ အတိုင်း ရင်ဆိုင်ဖို့သာ ရှိသည် ဟု ကံကိုပုံချ ကြသည်။ တချို့ ကတော့ အကြာင်း အရာ အတိမ်အနက် တွေကို သိကိုမသိ... နားတောင် မလည် အရေးပင် မလုပ်နိုင် သော နိုင်ငံများ လည်း ရှိသေးသည်။
+++++++++++++++++++++++++++++++++
အောင်မြင်စွာ ပြီးဆုံး သွားသော ပညာရေး ပြပွဲ ၏ ညနေခင်း မှာ တာဝန်ရှိ သူများ စည်းဝေးကာ ပြန်လည် သုံးသပ် ခြင်းကို အကျဉ်းရုံး လိုက်သည်။ ပြပွဲ တာဝန်ခံ မန်နေဂျာက အကြမ်း ရေးခြစ် ထားသော အစည်း အဝေး မှတ်တမ်း ကို ကျေနပ် ပေါ့ပါး စွာ အဆုံးသတ်လိုက် သည်။
xxxxxxxxxxxxxxxxx အလားအလာ အလွန် ကောင်း သော မဖော်ထုတ် ရသေး သော ဈေးကွက်ဖြစ်သည်။
Ref: http://www.unesco.org/education
ကေသွယ်
ဧပြီ ၂၀၀၇
( Weekly Eleven Journal မှ ဖော်ပြပီး)
Monday, November 5, 2007
နယ်စပ်ပညာရေးခရီး(၃) |
“ပညာ ရေကြည်တစ်ပေါက် သောက်ခွင့် ကြုံစေချင်”
မဲဆောက်မြို့ကနေ ကားနဲ့သွားရင်း သိပ်မဝေးတဲ့ ခရီးလေး တခုပါ။ ဒါပေမဲ့ အလုပ်သမား လက်မှတ်၊ နေထိုင်ခွင့် လက်မှတ်၊ ထောက်လှမ်းရေးလက်မှတ် ဘာမှ မရှိခဲ့ရင်တော့ ရောက်ဖို့မလွယ်တဲ့ ခရီးဝေး ဒေသလေးပါပဲ။ ဒါပေမဲ့ အဲဒီလက်မှတ်တွေ ဘာမှ မရှိပဲ အဲဒီဒေသလေးကို မထင်မှတ်စွာ ရောက်ရှိခဲ့တာကတော့ ကရင့် လက်နက်ကိုင်တော်လှန်ရေး အခမ်းအနား ကို တက်ရောက်ခွင့် ရရှိခဲ့တာကြောင့်ပါပဲ။ အဲဒီနေရာလေးကတော့ ထိုင်းနိုင်ငံဆိုပေမဲ့ ဗမာပြည်ဖွား တိုင်းရင်းသားတွေ လာရောက်နေထိုင်နေတဲ့ ကရင်လို ဘဲကလော့ ၊ ထိုင်းလို မယ်လ လို့ခေါ်တဲ့ ဒုက္ခသည်စခန်းတခုပါပဲ ။ ဒီဒုက္ခသည်စခန်း ဒီနေရာလေးမှာ တည်ရှိနေတာ နှစ်ပေါင်း သုံးဆယ် ကျော်နေပြီတဲ့။ ဗမာပြည်ရဲ့ ပြည်တွင်းစစ်တွေက ပေါက်ဖွားလာခဲ့တဲ့ ဒုက္ခသည်တွေနေတဲ့ စခန်းလေးမှာ နိုင်ငံပျောက်နေတဲ့ ပြည်သူတွေ၊ ဘယ်နိုင်ငံမှ မသွားချင်ဘူး၊ ကိုယ့်နိုင်ငံ ကိုယ့်မြေ ကိုယ့်ချက်မြှုပ်ရာပဲ ပြန်ချင်ပါတယ်ဆို တဲ့ ကရင်အဖွားအို တယောက်ရဲ့ စကားသံ ကိုတော့ နားနဲ့မဟုတ်ပဲ နှလုံးသားနဲ့ နားထောင်ခဲ့ရပါတယ်။
ရောက်လက်စနဲ့တော့ ခပ်ကြာကြာလေး နေပါရစေလို့ တာဝန်ခံ ခေါ်တဲ့သူတွေကို တောင်းပန်ပြီး သူများတွေ ပြန်ပေမဲ့ မပြန်သေးပဲ စခန်းထဲမှာ နေရစ်ခဲ့ဖြစ်တယ်။ တောင်ခြေလေးမှာ တည်ထားတဲ့ ရှည်မျောမျော စခန်းလေးဟာ ဆေးရုံ ၊ စာသင်ကျောင်း ၊ ဗုဒ္ဓဘုန်းကြီးကျောင်း၊ ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်း ၊ ဈေး၊ စခန်းရုံး တို့နဲ့ နေမယ်ဆိုရင် နေပျော်စရာလေးပါပဲ။ ဒုက္ခသည် ဆိုတော့ ဆန် ၊ ဆီ၊ ဆား၊ မီးသွေး၊ ပဲ စတဲ့ အခြေခံ စားသောက်ကုန်တွေကလည်း အချိန်တန် ရလာတာပါပဲ။ ရောက်နေတဲ့နေ့က ဆန်ထုတ်တဲ့နေ့နဲ့ ကြုံတော့ တပုံးစာ၊ နှစ်ပုံးစာ ဆန်အိတ်တွေကို ရွက်သွားကြတဲ့ မိန်းမတွေကို တွေ့ရပါတယ်။
အဲဒီအခါ ဗမာပြည်က လူထုအများစုကြီး ဆန်ကို အဲဒီလို ၀ယ်မစားနိုင်တော့တာကို ပြေးပြီး သတိရလိုက်မိတယ်။မိုးမလင်းခင် ဒါမှမဟုတ် မိုးလင်းတာနဲ့ မနေ့က ပိုချက်ထားတဲ့ ထမင်းကြမ်းကို ငါးပိရည်အကျန်နဲ့ နယ်ဖတ်စားပြီး တနေ့တာ ခရီးကို ရုန်းကန်ဖို့ အစပျိုးကြရတာပါပဲ။ တနေ့လုံး ပင်ပင်ပန်းပန်း လုပ်ကြရပြီး ညနေ အိမ်ပြန်ချိန်ကျမှ လက်ထဲက ပိုက်ဆံနဲ့ ဆန်အပါအ၀င် ဟင်းစား ငါးပိ တို့စရာ ၀ယ်ခဲ့ရတယ်။ သူတို့ တနေ့ရတဲ့ ပိုက်ဆံဟာ တနေ့ စားစရိတ်နဲ့ လောက်ငှရုံသာပါပဲ။ ကျောင်းတက်တဲ့ ကလေးရှိလို့ကတော့ ကြွေးတင်ပြီသာ မှတ်ပေတော့။ ကိုယ့် ကလေးကို စာမတော်စေချင်တဲ့ မိဘတွေ ရှိတယ်ဆိုရင် ယုံကြပါ့မလားတောင် မသိပါဘူး။ တကယ်တော့ ဒါအမှန်ပါ။ စာမတော်လို့ ကျောင်းထုတ်ပြီး အလုပ်လုပ် ခိုင်းရင် သူ့တ၀မ်းတော့ ၀အောင်ကျောင်းနိုင်မှာပေါ့။ လဖက်ရည်ဆိုင်တို့ ၊ ကုန်စုံဆိုင်တို့မှာ ဈေးကူရောင်းတဲ့ ကလေးတွေဟာ အဲလိုမျိုး ကလေးတွေပါ။ မနက်စာ ထမင်းကျေး တနေ့ ၁၀၀ ကျပ်၊ တချို့ ၁၅၀ ကျပ်နဲ့ လုပ်နေကြရတဲ့ ကလေးလုပ်သားလေးတွေ ပေါ့။ စာတော်တဲ့ ကလေးကျတော့ ကျောင်းထုတ်ဖို့ ခက်ပြီလေ။ ပတ်ဝန်းကျင်က ၀ိုင်းပြောမှာ၊ ဆရာမတွေ ၀ိုင်းပြောမှာထက် စာကို စိတ်ဝင်စားတဲ့ စာတော်တဲ့ ကိုယ့်ကလေးအတွက် ယူကြုံးမရတွေ ဖြစ်ပြီး မိဘတွေ ဆုံးဖြတ်ရ ခက်စေတယ်။
အဲဒီလိုနဲ့ ကျောင်းတက်တဲ့ကလေးတွေထဲက ၃၅ ရာခိုင်နှုန်းဟာ မူလတန်းကျောင်းကနေ အလယ်တန်းကို ပြောင်ရွှေ့ ပညာသင်ကြားဖို့ မပြောင်းနိုင်ပဲ ကျန်ခဲ့ရတယ်။ အလယ်တန်းကျောင်းကနေပြီးတော့ ၇၅ ရာခိုင်နှုန်းဟာ အထက်တန်း ပညာကို ပြောင်းရွှေ့ပညာသင်ကြားဖို့ မတတ်နိုင်ကြလို့ ပညာရေးကို ကျောခိုင်းကြရတော့တယ်။ စားဝတ်နေရေး ၀ဲဂယက်ထဲမှာ အရွယ်မတိုင်မီ မိဘတွေနဲ့ အတူရုန်းကန်နေရတဲ့ ကလေးအလုပ်သမားလေးတွေ တွေ့တိုင်း ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကုလသမဂ္ဂ ကထုတ်ပြန်ပြဌာန်းတဲ့ ကလေးအခွင့် အရေးဆိုင်ရာ သဘောတူညီချက်တွေကို အမှတ်ရလာစေပါတယ်။
အဓိက အခွင့်အရေး လေးချက်ဖြစ်တဲ့ အသက်ရှင်ရပ်တည်ခွင့်အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာအခွင့်အရေး၊ ကာကွယ်မှုဆိုင်ရာ အခွင့်အရေး၊ ပါဝင်ဆောင်ရွက်မှုဆိုင်ရာ အခွင့်အရေး တွေဖြစ်ပြီး အဲဒီထဲက ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အရေး ခေါင်းစဉ်အောက်မှာ ပညာသင်ကြားခွင့် ၊ အားကစားနှင့် အပန်းဖြေအနားယူခွင့်တွေ ပါဝင်ပါတယ်။
ဗမာပြည်ထဲက ကလေးများအနေနဲ့ ဒီကလေးအခွင့် အရေးတွေကို ဘယ်နှစ်ရာနှုန်းလောက် ရကြပါသလဲ။ ပညာသင်ကြားခွင့် မရကြတဲ့ ကလေးတွေရဲ့ အနာဂါတ်နဲ့ အဲဒီကလေးတွေ ကြီးပြင်းလာတဲ့အခါ ဗမာပြည်ကြီးရဲ့ အနာဂါတ်ကရော၊ အဲဒါတွေ စဉ်းစားရင်းနဲ့ တဆက်တည်း ဒုက္ခသည်စခန်းထဲက ပညာရေးကို လေ့လာကြည့်မိပြန်ပါတယ်။
မယ်လစခန်းထဲမှာ ၃ နှစ်ကနေ ၅ နှစ်ထိ တက်ရတဲ့ မူကြိုကျောင်းပေါင်း ၂၁ကျောင်း ရှိပါတယ်။ အခြေခံမူလတန်းကျောင်း အဖြစ် (၁၄) ကျောင်း၊ အလယ်တန်းကျောင်း (၄)ကျောင်း၊ အထက်တန်းကျောင်း (၅)ကျောင်းနဲ့ ကျမ်းစာသင်ကျောင်း (၁)ကျောင်း၊ စက်မှုအတတ်ပညာသင်တန်းကျောင်း E.S.P (Engineering study Program) (၁)ကျောင်း၊ ဆရာဖြစ်သင်တန်းကျောင်းT.P.C (Teacher Preparation Couse) (၁)ကျောင်း ရှိပြီး FSP(Funter Study Program)၊ LMC(:Leadership and Managent couse) စတဲ့ သင်တန်းကျောင်းတွေလည်း တစ်ကျောင်းစီ ရှိပါသေးတယ်။
အဲဒီကျောင်းတွေမှာ မြန်မာစာ၊ အင်္ဂလိပ်စာနဲ့ ကရင်စာတွေကို အများအားဖြင့် သင်ကြရပြီး တချို့ကျောင်းတွေကတော့ ထိုင်းစာကိုပါ ထည့်သွင်း သင်ကြားပေးပါတယ်။ တကယ်လို့ ကိုယ့်ကလေးက အင်္ဂလိပ်စာ တော်နေပြီဆိုရင် အင်္ဂလိပ်ကို အဓိက ထားသင်တဲ့ မစ်ရှင် ဘော်ဒါကျောင်းတွေကို ၀င်ခွင့် ဖြေပြီး ပြောင်းရွှေ့ထားမယ်ဆိုရင် နိုင်ငံခြားထိ ပညာတော်သင်သွားခွင့် ရှိပါတယ်။ အထက်က ကျောင်းတွေ အကုန်လုံးဟာ မယ်လ ဒုက္ခသည်စခန်းထဲမှာပဲ ရှိနေတာပါ။
စခန်းမှာ ရပ်ကွက် အေ၊ ဘီ၊ စီ ဆိုပြီး သုံးခုရှိပါတယ်။ စုစုပေါင်းကျောင်းသား ဦးရေ (၁၃၅၆၉)ဦးရှိပြီး ဆရာ ဆရာမပေါင်းက (၅၂၈)ဦး ရှိပါတယ်။ သင်ကြားရေး အထောက်အကူပြု ပစ္စည်းတွေ၊ ကျောင်းသုံး စာအုပ်၊ ခဲတံအားလုံးက နိုင်ငံခြား အထောက်အပံ့တွေ ချည်းပါပဲ။ စက်မှုသင်တဲ့ကျောင်းမှာဆိုရင် ကွန်ပျူတာတွေကို ဖြုတ်လိုက်၊ တပ်လိုက် နဲ့ အထဲက အစိတ်အပိုင်းတွေကို လက်တွေ့ကျကျ သင်ပေးနေတာတွေလည်း တွေ့ခဲ့ရပါသေးတယ်။ ကလေးတွေ အကုန်လုံးဟာ ဘယ်နေရာမှာရောက်နေနေ ပညာသင်ကြားခွင့် ရှိနေရမယ်ဆိုတဲ့ ကလေးအခွင့်အရေး ၊လူသားအခွင့်အရေးကို အပြည့်အ၀ ရနေကြပါတယ်။
ကျမတို့ရဲ့ မိခင် ဗမာပြည်ထဲမှာ ဒီအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးနေရတဲ့ ကလေးတွေအတွက် ၊သူတို့တွေရဲ့ အနာဂါတ်တွေ အတွက် အခုလက်ရှိ စစ်အာဏာရှင်တွေမှာ အကြွေးတွေ အများကြီးရှိနေပါတယ်။ ကမ္ဘာကို လိမ်လို့ရပေမယ့်လို့ ကိုယ့် တိုင်းပြည်ထဲက အခြေအနေကိုတော့ ပြည်သူတွေ မသိအောင် လိမ်ထားလို့ မရနိုင်ပါဘူး။
မယ်လစခန်းထဲထိ သွားပြီး အင်္ဂလိပ်စာနဲ့ စကားပြောသင်ပေးနေတဲ့ နိုင်ငံခြားသား စေတနာရှင်တွေလည်း တွေ့ခဲ့ရတဲ့အခါ ကိုယ်သာ တကယ်ပညာလိုချင်ရင် ဒုက္ခသည်စခန်းလို နေရာမှာတောင် အနာဂါတ်တွေ မျော်လင့်ချက်တွေက ရှငိသန်နေနိုင်ပါသေးလား လို့လည်း မြင်တွေ့ခံစားမိပါတယ်။
မယ်လစခန်းထဲက ပြန်လာခဲ့ပြီး တလျောက်လုံး စိတ်ထဲမှာ တော်တော်လေး ခံစားနေရပါတယ်။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကိုလည်း အမျိုးမျိုးနှိုင်းယှဉ် ကြည့်မိပြီး နိုင်ငံအတွက် ဘယ်လိုလုပ်မှ ဒီလိုအာဏာရှင်နွံထဲက ရုန်းထွက်နိုင်မှာလဲ။ ဗမာနိုင်ငံပညာရေးဟာ အခွံသက်သက်သာ ရှိပါတော့တယ် ဆိုတာကမ္ဘာကသိအောင် ဘယ်လိုလုပ်ရပါ့မလဲ။ ဆေးတက္ကသိုလ်ကို တောင်မှ စစ်တပ်ကဆေးတက္ကသိုလ်နဲ့ အရပ်သားရိုးရိုးတွေအတွက် ဆေးတက္ကသိုလ်ဆိုပြီး ခွဲခြားထားပြီး ပညာကိုလည်း ခွဲခြားပေးတတ် တယ်။ ပြည်သူတွေကို ကျောသား ရင်သား မခွဲခြားပဲ အုပ်ချုပ်ရမယ်ဆိုတဲ့ လောကပါလတရားကို မတရားအာဏာ ရယူထားတဲ့ စစ်အုပ်စုအနေနဲ့ မသိတာပဲလား။ မသိချင်ယောင်ဆောင်တာပဲလား၊ အတွေးပေါင်းစုံနဲ့ ပြန်လာခဲ့မိပါတယ်။
ဗမာနိုင်ငံထဲက ပြည်သူတွေဟာ စစ်အာဏာရူးတွေရဲ့ လက်အောက်မှာ စားဝတ်နေရေး ၊ ပညာရေး၊ ကျန်းမာရေး အာမခံချက် ဘာမှ မရှိဘဲ ကိုယ့်နိုင်ငံထဲမှာ ကိုယ်နေရင်း ဒုက္ခသည်တွေ ဖြစ်နေကြပါတယ်။ ဒီမိုကရေစီ အလင်းရောင်မဲ့နေတဲ့ ဘ၀တွေမှာ မျှော်လင့်ချက်တွေ ပျောက်ကွယ်နေကြရပါတယ်။ မိဘတွေအနေနဲ့ စီးပွားရေးက ကျဆင်းနေကြပြီး စားဝတ်နေရေးကိုပဲ အဓိကထား ရုန်းကန်နေရတဲ့ အတွက် သူတို့သားသမီးတွေရဲ့ အနာဂါတ်ကို ဒီလိုပဲ ပစ်ထားလိုက်ရတဲ့အခါ သူတို့ရင်ထဲက ခံစားချက်ကရော ဘယ်လိုရှိနေနိုင်မလဲ။
ကိုယ့်မြေ ကိုယ့်ပြည် မဟုတ်တဲ့ ၊ လူသားချင်း စာနာထောက်ထားမှုအရ အခြားနိုင်ငံတွေရဲ့ အထောက်အပံ့နဲ့ ရပ်တည် နေရတဲ့၊ နိုင်ငံပျောက်နေတဲ့ ဒုက္ခသည် စခန်းထဲမှာတောင် ကလေးတွေရဲ့ ပညာရေးကို အလေးအနက် ထားတာ၊ ပံ့ပိုးကူညီ နေတာတွေ တွေ့ရတဲ့အခါ ကိုယ့်တိုင်းပြည်အတွက်၊ ကိုယ့်တိုင်းပြည်ရဲ့ အနာဂါတ် မျိုးဆက်သစ်တွှေရဲ့ ဘ၀မျော်လင့်ချက်တွေ အတွက် ယူကြုံးမရ ဖြစ်မိတယ်။ ကျမတို့ တိုင်းပြည်မှာ တကယ်တော်တဲ့ ကလေးတွေ အများကြီး ရှိပေမဲ့ ပညာရေး ဌာနရဲ့ ခြစားမှုတွေကြားမှာ နစ်မြုပ် ပျောက်ကွယ် ခဲ့ရတယ်။ “ကိုယ် တော်ဖို့ အရေးအကြီးဆုံးပါ။ ကိုယ် တော်နေရင် ဘယ်လိုမှ ချန်ထားလို့မရဘူး” ဆိုတာ စကားအရာမှာပဲ ရှိနေပါတော့တယ်။ ဒီနေ့ခေတ် ဗမာပြည် ပညာရေးဟာ အတူတူချင်း တော်နေရင်တောင်မှ ငွေမလိုက်နိုင်တဲ့ မိဘရဲ့ သားသမီးဟာ ချန်ထားခံခဲ့ ကြပါတယ်။ ပီတိကိုစား အားရှိပါ၏ ဆိုတဲ့ ဆရာမျိုးဟာ လက်ချိုးရေတွက်ရင်တောင် လက်နှစ်ဖက် ရှိပါတော့ မလား။
E- education ဆိုပြီး ဦးခင်ညွန့် လက်ထက်က အထက်တန်း၊ အလယ်တန်းတင်မကပဲ မူလတန်းကျောင်းတွေပါ ကွန်ပျူတာ သင်ကြားရေး ခန်းမတွေနဲ့ အဆင့်မြင့် ပညာရေးအဖြစ် ဗမာပြည် တနံတလျား မြို့ကြီးက ကျောင်းတွေမှာ ကွန်ပျူတာ ခန်းမဖွင့်ပွဲတွေ ကျင်းပခဲ့တယ်။ ဒါပေမဲ့ အဲဒီမှာ သုံးဖို့ ကွန်ပျူတာ တွေကို နိုင်ငံတော်က မထောက်ပံ့နိုင်ပဲနဲ့ ဘယ်လိုရသလဲ ဆိုတာကို တာဝန်ရှိလူကြီးတွေက မသိဟန် ဆောင်ခဲ့ကြတယ်။ ကျောင်းသားမိဘတွေရဲ့ လှူဒါန်းငွေ ဆိုပြီး နာမည်တပ်ပေမဲ့ တကယ်တော့ ကျောင်းသားတယောက်ကို ကွန်ပျူတာကြေး ကျပ် သုံးထောင်ဆိုပြီး ကောက်ခံတာပါ။ လုံးဝ မထည့်နိုင်တဲ့ သူကိုသာ ငါးရာလောက် မနည်းပြောဆိုပြီး အလှူငွေထည့် ရပါတယ်။ ကျောင်းစအပ်ကတည်းက ထည့်ရတဲ့ အလှူငွေ စာရင်းမှာ အဲဒီလို ကွန်ပျူတာကြေး ထည့်ကောက်တာပါ။ ကွန်ပျူတာဝယ်ဖို့ ကောက်ခံငွေ ဘယ်လောက်ရရ ငွေကြေးတတ်နိုင်တဲ့ မိဘတွေကို တလုံးချင်းလှူဖို့ ထပ်ပြီး အလှူခံပါသေးတယ်။ အဲဒီလို ကောက်ခံပြီး ၀ယ်ထားတဲ့ ကွန်ပျူတာဟာ ကျောင်းသားဘယ်လောက် များများ ငါးလုံးထက် မပိုပါဘူး။ တချို့ကျောင်းတွေဆို နှစ်လုံးပဲ ၀ယ်ပါတယ်။ ပိုတဲ့ ပိုက်ဆံတွေ ဘယ်ရောက်သွားလဲ လို့ ဘယ်မှာမှ မေးမရပါဘူး။ တကယ်လို့ ပညာရေးမှုးထံ တိုင်စာပို့မယ်ဆိုရင် တိုင်ကြားသူ နာမည် အပြည့်အစုံ ထည့်ရတာမို့ ကိုယ့်ကလေးဟာ ကျောင်းမှာ အမျိုးမျိုး အပြစ်ရှာခံရပြီသာ မှတ်ပေတော့။
အဲဒီကွန်ပျူတာတွေကို ကျောင်းမှာ ရှိတဲ့ ကလေးတိုင်းရော သင်ရမယ်၊ ကိုင်ရမယ်ထင် ထင်ပါသလား။ ဖွင့်ပွဲနေ့မှာသာ ကွန်ပျူတာရှေ့ ထိုင်ပြကြရပြီး ကျောင်းချိန်တွေမှာ ဆိုရင် ပျက်မှာစိုးလို့ သွားကြည့်လို့တောင် မရပါဘူး။ ကွန်ပျူတာသင်တဲ့ ဆရာမကို လိုင်းဝင်ထားပါမှ မှန်လုံခန်းထဲက ကွန်ပျူတာကို ကိုင်ကြည့်ခွင့် ရပါမယ်။ ကျောင်းပိတ်ရက်တွေမှာ သင်ရဖို့ ကွန်ပျူတာ ကျူရှင်ခက သပ်သပ် ပေးရပါသေးတယ်။ ငွေကြေးမတတ်နိုင်တဲ့ မိဘတွေရဲ့ သားသမီးတွေဟာ အဲဒီအခွင့်အရေးတွေ ဘာမှ မရကြပါဘူး။
ဒီလို မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းတွေ မပြောပါနဲ့၊ ကွန်ပျူတာ တက္ကသိုလ်မှာတောင် ကျောင်းသားတယောက် ကွန်ပျူတာ တလုံးမကိုင်ရပါဘူး။ နယ်တွေက ကွန်ပျူတာ တက္ကသိုလ်တွေမှာဆိုရင် ဆယ်ယောက် တလုံးနှုန်းပဲ ရှိပါတယ်။ မီးပြတ်တဲ့ ရက်တွေက များတော့ ထိထိရောက်ရောက် မသင်နိုင်ပါဘူး။ တကယ်တတ်ချင်တဲ့ ကျောင်းသားတွေက ကျောင်းပိတ်ရက်တွေမှာ ရန်ကုန်မှာဖွင့်တဲ့ ပုဂ္ဂလိက သင်တန်းတွေကို သွားတက်ကြပါတယ်။
အရည်အချင်းရှိဖို့ထက် အရေအတွက်ကို ဦးစားပေးတဲ့ ဗမာနိုင်ငံရဲ့ ပညာခေတ်ကြီးမှာ ပိုက်ဆံနဲ့ကြိုးစားသွားနိုင်ရင် ပြည်တွင်းမှာ အခုပေးနေတဲ့ မဟာဘွဲ့ကိုတောင် လွယ်လွယ်နဲ့ရနိုင်ပါတယ်။ ဒါပေမဲ့ ဒါတွေဟာ စစ်မှန်တဲ့ ပညာရေးတိုးတက်မှု ဟုတ်ပါရဲ့လား။ နိုင်ငံတွင်းမှာ ပိုက်ဆံပေါတဲ့ လူနည်းစု အထက်တန်းစား မိဘတွေက သားသမီးတွေကို နိုင်ငံခြားပို့ ပညာသင်စေတယ်။ လူလတ်တန်းစား အပေါ်ပိုင်းက ကိုယ့်သားသမီးတွေ အတွက် နိုင်ငံတွင်းမှာ ပညာကို ငွေနဲ့ပေါက်ပြီး ယူတယ်။ အများစု လူလတ်တန်းစား အောက်ပိုင်းနဲ့ အခြေခံလူတန်းစား ကတော့ သေစာရှင်စာ တတ်ရင် တော်ပါပြီ လို့ပဲ ပြောနိုင်ပါတော့တယ်။
တနေ့ တရာယူပြီး အလုပ် လုပ်မလား ၊ တနေ့ တရာပေးပြီိး စာသင်မလားဆိုတဲ့ ပညာရေးခေတ်ကြီိး ဖြစ်နေတာလေ။ ကျူရှင်မယူနိုင်တဲ့ ကလေးဟာ အတန်းထဲမှာ အမြဲအပြစ်ရှာ ကြိမ်းမောင်းနေမှာ မလွဲပါဘူး၊၊ အတန်းပိုင်ဆရာမကဝေးလို့ အနီးအနားမှာ ရှိတဲ့ ဆရာမဆီမှာ ကျုရှင်တက်နေမှန်း သိသွားပြန်ရင်လည်း အကြိမ်းခံရတာပါပဲ၊၊ ပညာတတ်တဲ့ မိဘက ကိုယ့်ဖာသာ သင်ပေးပြန်ရင် လည်း လက်မခံပြန်ပါဘူး၊၊ တခါတလေ မြန်မာစာကို စာလုံးပေါင်း မှားနေတာမျိုးတွေ၊ အင်္ဂလိပ်စာမှာ ဘာသာပြန် မှားနေတာမျိုးတွေကို မိဘအနေနဲ့ ထောက်ပြတဲ့အခါ လွယ်လွယ်နဲ့ လက်မခံပဲ ဒါမဟုတ် လက်ခံလိုက်ရရင်လည်း မိဘကွယ်ရာမှာ အဲဒီကလေးကို ချိုးချိုးဖဲ့ဖဲ့ ပြောပြီး ဆက်ဆံတတ်ကြပါတယ်၊၊ နုနယ်တဲ့ မူလတန်းကလေးငယ်တွေ ရင်ထဲမှာတောင် ဆရာမကို ဖားထားရမယ်လို့ စွဲထင်သွား စေအောင်ကို ဖျက်ဆီးထားခံနေကြရပါတယ်။
ပညာရေးနဲ့ ပတ်သက်လို့ လူတန်းစား မခွဲခြားပဲ အားလုံးသော ကလေးတွေကို တန်းတူညီမျှ အခွင့်အရေး ရစေချင်တယ်။ အဲဒီလို အခွင့်အရေးမျိုးကို မျှော်လင့်နေကြတဲ့ မျိုးဆက်သစ်ကလေးတွေ အမိဗမာပြည်ကြီးမှာ အများကြီး အများကြီး ရှိနေကြပါတယ်။ ထက်မြက်တဲ့ ဉာဏ်ရည်တွေနဲ့ သူတို့ဝါသနာပါရာကို အပူအပင်မဲ့စွာ ဆည်းပူးခွင့် ရကြမယ်ဆိုရင် အနာဂါတ် ဗမာပြည်ကြီးဟာ ရွှေရောင်တောက်ပနေမှာ မလွဲပါဘူး။
သူ့ကျွန်ဘ၀မှာ လူတိုင်းမသင်ယူနိုင်တဲ့ ကျွန်ပညာရေးကို သပိတ်မှောက်ပြီိး အမျိုးသားကျောင်းတွေ ထူထောင်ပြခဲ့တဲ့ မျိုးချစ်ကျောင်းသားခေါင်းဆောင်တွေနဲ့ ပညာဝန် ဦိးဖိုးကျားတို့လို ပုဂ္ဂိုလ်ကြီးတွေ၊ နောက်ပြီး ဗမာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ၊ ပညာရေး ပြယုဂ် သခင်ကိုယ်တော်မှိုင်းလို ပုဂ္ဂိုလ်ကြီိးတွေသာ ရှိနေဦး မယ်ဆိုရင် ဒီနေ့ခေတ်ဗမာနိုင်ငံကို ဘယ်လို ပြုပြင် ပြောင်းလဲပြမလဲလို့ စဉ်းစား သတိရလိုက်မိပါတယ်။