ဟိုတလောက ဗမာပြည်က ဆရာဝန်မလေး၂ယောက်က မေးလာပါတယ်။ အင်္ဂလန်မှာ genetic engineering နဲ့မဟာသိပ္ပံတက်ချင်ပါတယ်။ ဘယ်လိုလုပ်ရမလဲတဲ့။
ကိုယ်ကတော့ ဒဲ့ဒိုးပဲပြောလိုက်တယ်။ မလွယ်ဘူးလို့။ ဘာကြောင့်မလွယ်လဲဆိုတာ အခုလိုရှင်းပြပါတယ်။ ဒီက genetic engineering နဲ့ပတ်သက်တဲ့ နာမည်အကြီးဆုံးကျောင်းတွေကို ကြည့်လိုက်ရင် engineering တို့ physics တို့နဲ့ သိပ္ပံဘွဲ့ရခဲ့တဲ့ ကျောင်းသားတွေကို ဦးစားပေးမယ်လို့ ရေးထားတာ တွေ့ပါလိမ့်မယ်။
ဆေးနဲ့ပြီးတဲ့လူတွေကို စဉ်းစားမယ်လို့ပြောပါတယ်။ engineering တို့ physics တို့နဲ့ပြီးရင်တော့ တပန်းသာတာပေါ့။
Genetic engineering ဘာသာက နည်းပညာကို ဦးစားပေးတဲ့ဘာသာပါ။ ဗမာပြည်က ဆေးကျောင်းမှာ မပြောနဲ့။ ဆေးသုတေသနမှာတောင် sequencing လုပ်တဲ့စက် မရှိပါဘူး။ အဲဒါကြောင့် မဟာဘွဲ့လာတက်ရင် နည်းပညာနဲ့ ရင်းနှီးအောင် လုပ်ရတာနဲ့ တနှစ်တာစာသင်နှစ် ကုန်သွားနိုင်ပါတယ်။
ဒီကကျောင်းကောင်းတွေမှာ မဟာဘွဲ့တက်ရင် အင်မတန်ပင်ပန်းပါတယ်။ တနှစ်ထဲနဲ့ course work ရော၊ စာမေးပွဲရော၊ dissertation ရောအပြီး ရေးရလို့ အခြေခံမကောင်းရင် တခါတည်း မအောင်တတ်ပါဘူး။ ကိုယ်က ဗမာပြည်မှာ စာတော်တဲ့ အတန်းထဲမှာ ၀င်ခဲ့ရင်တောင် နည်းပညာနဲ့ရင်းနှီးအောင် တခြားကျောင်းသားတွေထက် ကြိုးစားရမှာမို့ genetic engineering ကို အင်္ဂလန်မှာ မဟာသိပ္ပံလာမတက်သင့်ပါဘူး။
အင်္ဂလန်မှာ၊ မဟာသိပ္ပံလို့ ရေးပါတယ်။ ဥရောပနဲ့အမေရိကားမှာ မဟာသိပ္ပံကို ၂နှစ်သင်တဲ့ ကျောင်းတွေမှာ တက်နိုင်ရင် ပိုအချိန်ရပါမယ်။ နည်းပညာနဲ့ ကျွမ်းဝင်အောင်လုပ်ဖို့ ပိုအချိန်ရပါမယ်။
တခါ ရိုးရိုးသိပ္ပံဘွဲ့၊ ဒါမှမဟုတ် ပါရဂူဘွဲ့ တက်နိုင်ပါတယ်။ အချိန်ပိုများတဲ့အတွက် ထဲထဲဝင်ဝင် အချိန်ပေးပြီး သင်လို့ရလို့ပါ။
သင်ယူခြင်း learning ဆိုတာ ပျော်ရွှင်ဖွယ် ဖြစ်ရပါမယ်။ စာမလိုက်နိုင်လို့ တနှစ်လုံး စိတ်ညစ်နေရရင် learning ကို enjoy လုပ်နိုင်မှာ မဟုတ်ပါဘူး။
ဒီစာနဲ့တဆက်တည်း ဆရာဝန်ပေါက်စလေးတွေရဲ့ crisis ကိုရေးချင်ပါတယ်။ ဗမာပြည်မှာ ဆရာဝန်ဖြစ်ဖို့ ခက်ပါတယ်။ ၁၉၉၅၀န်းကျင်တုန်းက ဆရာဦးတင်မောင်သန်းတွက်ကြည့်တာတော့ ၁၀တန်းအောင်သူရဲ့ ၀.၀၅%ပဲ ဆေးကျောင်းဝင်ပါသတဲ့။
ဆေးကျောင်းမှာ ကျူရှင်ယူရတယ်။ guide ယူရတယ်ဆိုပေမယ့် စာသင်တာက တခြား ကျောင်းတွေထက်လဲသာ၊ ဆရာဝန်ဆိုတဲ့ ဂုဏ်ကလဲ မြတ်နိုးစရာဖြစ်လို့ ဆရာဝန်ဖြစ်ဖို့ကို မိဘတွေကလဲတိုက်တွန်း၊ စာတော်တဲ့ကျောင်းသားတော်တော်များများလဲ ဆရာဝန်ဖြစ်ချင်ပါတယ်။
ဆရာဝန်ဖြစ်ရေးဟာ ရန်ကုန်က လသာ၂ အေခန်း၊ ဒဂုံ ၁ S ခန်း၊ TTC၊ Augustine၊ နံရံ က ထိပ်ထိပ်ကြဲကျောင်းသားတွေ၊ မိဘတွေ၊ သူတို့ရဲ့ ကျောင်းနဲ့ကျူရှင်ကဆရာတွေရဲ့ ထုတ်ပြောစရာမလိုတဲ့ ရည်မှန်းချက်ပါ။ ထိပ်ပိုင်းကကျောင်းသားတွေဆို MC ၀င်ရေးလောက်ကို စကားထဲ ထည့်မပြောပါဘူး။ whole Burma ၀င်ဖို့ပဲပြောကြပါတယ်။
ပြောချင်တာက ဗမာပြည်က ဆရာဝန်တွေအပေါ်မှာ အထင်ကြီးမှုနဲ့လေးစားမှုကြောင့် တော်ရင်ဆရာဝန်ဖြစ်ရမယ်ဆိုတဲ့ အသိက ကျောင်းသားလေးတွေရဲ့ စိတ်ထဲအလိုလိုဝင်နေတာပါ။ ဆရာဝန်ဖြစ်တာ တော်လို့ဆိုပြီး လက်ခံတော့ ကိုယ်တော်ကြောင်း တခြားနည်းတွေနဲ့ ပြစရာ မလိုတော့ဘူးပေါ့။
စိတ်ဝင်စားလို့ အင်ဂျင်နီယာယူရင်၊ သင်္ချာယူရင်တောင် MC အမှတ်မမီလို့လို့ ထင်ခံရတာကလား။ ဒီတော့ တော်တဲ့ကလေးတွေ သိပ်မစဉ်းစားဘဲ ဆရာဝန်လုပ်ကြပါတယ်။ ဆရာဝန်ဖြစ်ရင် ဘာလုပ်မလဲလို့ သိပ်မတွေးကြတော့ပါ။
၆နှစ်လောက် အသည်းအသန်စာတွေကျက်၊ ကျူရှင်တွေတက်အပြီး၊ အ၀ါတလိုင်းပါတဲ့ ဘွဲ့ဝတ်ရုံကြီး ခြုံပြီးချိန်မှာတော့ ဒုက္ခရောက်ပါတော့တယ်။ posting ၀င်မှာလား။ အပြင်မှာ ၀င်လုပ်မှာလား။ နိုင်ငံခြားသွားမှာလား ဆိုတဲ့ လားပေါင်းစုံ။ လဲပေါင်းစုံနဲ့ရင်ဆိုင်ရပါတော့တယ်။
ကိုယ့်ပတ်ဝန်းကျင်က ဥပမာတခုပေးရရင် MC ရောက်တဲ့ သူငယ်ချင်း ၇ယောက်ထဲမှာ ၃ယောက်က ပထမနှစ်ကတည်းက နိုင်ငံခြားထွက်သွားပါတယ်။ အဲဒီထဲမှာ ၃ယောက်လုံး doctor ဖြစ်ပါတယ်။ ကျန်တဲ့၎ယောက်လုံး ကျောင်းပြီးအောင်တက်ပြီး ဆရာဝန်ဖြစ်လာပါတယ်။
၃ယောက်က posting ၀င်ပါတယ်။ ၂ယောက်က နယ်သွားပြီး ၃နှစ်ပြည့်တော့ ဆမ ယူပြီး ထွက်လိုက်ပါတယ်။ တယောက်က Masters ဆက်တက်ပြီး ဆေးတက္ကသိုလ်မှာ ဆရာမ လုပ်ပါတယ်။ တယောက်ကတော့ ဘားလမ်းဆေးရုံးမှာ လုပ်အားပေးဝင်လုပ်ပြီး နိုင်ငံခြား ထွက်သွားပါတယ်။
ဆမယူပြီးတဲ့၂ယောက်က နိုင်ငံခြားထွက်ဖို့လုပ်နေကြပါတယ်။ Masters ယူပြီးတဲ့တယောက်တောင် နိုင်ငံခြားထွက်ဖို့ လေသံစလာတာတွေ့ရပါတယ်။ ချုပ်လိုက်ရင် ၇ယောက်မှာ ၇ယောက်လုံးနိုင်ငံခြားလမ်းကြောင်းပေါ်ရောက်ကုန်ပါတယ်။ ၄ယောက်က ထွက်သွားပြီ။ ဗမာပြည်ထဲက၃ယောက်လဲ ထွက်ချင်နေကြတယ်။
ဒီ sample က ဗမာပြည်ကဆေးကျောင်းသားအများစု၊ ဆရာဝန်တွေကို ကိုယ်စားပြုတယ်လို့ မပြောချင်ပါ။ မပြောနိုင်ပါ။ ဒီဥပမာက ဘာပြလဲဆိုတော့ ဆရာဝန်တွေ နိုင်ငံခြားကို ထွက်ဖို့တော်တော်ကြီး ကြိုးစားနေကြတယ်ဆိုတာပါ။
ဒီတော့ ၁၀တန်းအောင်ပြီး ဆေးကျောင်းတက်မယ့် ကျောင်းသားလေးတွေရော မိဘတွေရော လေးလေးနက်နက်စဉ်းစားသင့်တာက ဆရာဝန်ဖြစ်ရင် ဘာဆက်လုပ်မလဲဆိုတာပါပဲ။
ဗမာပြည်က ဆေးကျောင်းက ကမ္ဘာပေါ်က ဈေးအပေါဆုံးတွေထဲမှာ ပါပါတယ်။ ရင်းနှီးမြှပ်နှံမှု အနည်းဆုံးနဲ့ ဆရာဝန်ဖြစ်ချင်ရင်တော့ ဗမာပြည်မှာဆေးကျောင်းတက်ရတာ အတန်ဆုံးပါပဲ။
ဆရာဝန်ဖြစ်ပြီး အမေရိကားမှာ USMLE သွားဖြေကြ။ အင်္ဂလန်မှာ PLAB အရင်က လာဖြေကြ။ အခုနောက်ပိုင်း သြစတြေးလျမှာ သွားဖြေကြပါတယ်။ ဒါက ကုသရေးပိုင်းပါ။
ပြည်သူ့ကျန်းမာရေးဘက် စိတ်ဝင်စားသူတွေတော့ NGO တွေမှာဝင်လုပ်ကြ။ မဟီဒေါတို့ Hopkins တို့စတဲ့ကျောင်းတွေမှာ ကျောင်းဆက်တက်ကြပါတယ်။
ဒါတွေမလုပ်ချင်တဲ့၊ လုပ်ဖို့အခွင့်မသာတဲ့လူတွေက အစိုးရအလုပ်ဝင်လုပ်ကြပါတယ်။ ဆေးကျောင်း၂ကျောင်းကမွေးထုတ်ပေးလိုက်တဲ့ ဆရာဝန်တွေကို အစိုးရက အခုနောက်ပိုင်း အကုန်မခန့်တော့ပါဘူး။ အလုပ်မရတဲ့ဆရာဝန်တွေ ဘယ်လောက်ရှိတယ်။ ဘာလုပ်ကြသလဲ ဆိုတာ စစ်တမ်းကောက်လို့ရရင် ကောင်းပါမယ်။
ဗမာပြည်မှာ BEd လက်ဖက်သုပ်၊ BArch ဆေးဆိုင်စသဖြင့်ရှိပေမယ့် ဆရာဝန်တွေ တခြား အလုပ်တွေ ၀င်လုပ်ရင်တော့ နှမြောစရာအဖြစ်မြင်ကြပါတယ်။
အမှန်တော့ ဆရာဝန်တွေလမ်းပျောက်ရင် သူများတွေလမ်းပျောက်တာထက် ဆိုးတယ်လို့ ထင်မိပါတယ်။
ဆရာဝန်အထိဖြစ်ခဲ့ပြီးရင် ဆေးပညာနဲ့မဆိုင်တဲ့ တခြားလမ်းကို ရွေးဖို့ခက်သွားပါပြီ။ ကိုယ်ကိုယ်တိုင်ရော ပတ်ဝန်းကျင်ကပါ တခြားရွေးချယ်ဖို့ကို ဆန့်ကျင်ဖို့များပါတယ်။ အနည်းဆုံးတော့ စာတွေဒီလောက်တောင် ဖတ်ခဲ့ပြီးမှ ဆရာဝန်မလုပ်တော့ဘူးလားလို့ မေးကြမယ်ထင်ပါတယ်။
ဒီတော့ ကလေးတွေ၊ မိဘတွေ ဆရာဝန်ဖြစ်ရေး ဒို့အရေးဆိုတဲ့ အတွေးတဖြည်းဖြည်းဖျောက်ပြီး ကလေးတွေ ဘာဝါသနာပါလဲဆိုတာကို မိဘက ၈တန်းလောက်ထဲက စောင့်ကြည့်၊ သိအောင်လဲ စာတွေပေးဖတ်ခိုင်း၊ အတွေ့အကြုံရအောင်ကူညီကြပြီး ကလေးဘာလုပ်ချင်သလဲဆိုတာ သိအောင် လုပ်သင့်ပါပြီ။ ၆နှစ်တာလျှောက်ရမယ့်ခရီးကို အစလောက်တင်မဟုတ်ပဲ ပန်းတိုင်ရဲ့ ဟိုဘက်ကိုပါ မျှော်ကြည့်ပြီး ဆုံးဖြတ်သင့်ပါတယ်။
(ဇီဇ၀ါ)
ဇီဇ၀ါ ဘလော့ မှ ပြန်လည်ဖော်ပြသည်။
Thursday, July 9, 2009
To be or Not to be ( ဆေးကျောင်းသား ပြသာနာ)
: General Discussions, Info - Various Professions
Posted by kay at 9:12 PM
Subscribe to:
Post Comments (Atom)
10 comments:
ရေးထားလေး ကောင်းတယ်။ ကျွန်တော့် အသိထဲမှာတောင် တစ်ယောက်က ဆရာဝန် ပြီးတော့ ပြည်တွင်းမှာမလုပ်ချင်တော့ ပြည်ပကိုထွက်လာ.. အလုပ်ကလည်းမရ... ပြန်လည်းမပြန်ချင်တော့ စာရင်းကိုင်သင်တန်းတက်ပါတယ်.. နှမျောစရာပါ
နောက်တစ်ယောက်ကတော့ ဆရာဝန်လိုင် မမှီခဲ့လို့ ကွန်ပျူတာတက်ပြီး အခုတော့ အဆင်ပြေနေပါတယ်။
ပြောသွားသလို ကျောင်းတက်တုန်းသာမက ကျောင်းပြီးရင် ဆိုတဲ့အတွေးကို ပန်းတိုင်အဖြစ်ထားသင့်ကြပါတယ်။
၁၀တန်းအောင်စမှာ ဘာလုပ်သင့်တယ်တိုတဲ့ ရှေ့အနာဂတ်ကြိုမြင်ဖို့ခက်တဲ့ တိုင်းပြည်ဖြစ်နေတာလည်း ပါတာပေါ့လေ။
ရေးထားတာတွေ တော်တော်မှန်တာဘဲ။ နိုင်ငံခြား ထွက်တာကတော့ မြန်မာပြည်ကဆရာဝံတွေတင် မဟုတ်ဘူး။ india တို့ pakistan တို့ bangladesh တို့က သူတွေလဲ တကမ္ဘာ လုံးသွားနေကြတာပါဘဲ။ england ပေါက်ဆရာဝံတွေလဲ newzealnd ကိုသွားလုပ်ကြတာတွေ့ရတယ်။
မြန်မာပြည်ကဘွဲ့ရပြီးရင် အနဲဆုံးတော့ 2-3 years အနောက်နိုင်ငံ experience ယူဖို့လိုမယ် ထင်တယ်။ ဒါပေမဲ့လဲ ထွက်ပြီးရင် မပြန်ကြတာတော့ ကြောင့်ပေါ့လေ။ အပြစ်တော့မပြောသာပါဘူး။
ဒါပေမဲ့ ထူးဆန်းတာက အခုနောက်ပိုင်း government scholar တွေကို passport အစိမ်း နဲ့သက်တမ်း သုံးနှစ်ပဲပေးပေမဲ့လဲ တော်တော်လည်ကြတယ်။ မြန်မာပြည်ခနပြန်ပြီး passport အနီနဲ့ပြန်ထွက်လာကြတယ်။
ကောင်းမွန်တဲ့ post ပါ။ cousin တွေထဲက အဲဒါတက်တဲ့လူတွေကို မေးမိပါတယ်။ ပြီးရင် ဘာလုပ်ကြမှာလဲ လို့။ မြန်မာပြည်ဟာ ဥခွံထဲက မထွက်သေးဘူး။
ဆရာဝန်ရောဂါကြောင့် အခြား ဘာသာရပ်တစ်ခုမှာ စိတ်ဝင်စားမှုနဲ့ ထူးချွန်တဲ့ မျိုးဆက် ခါးပြတ်ရခြင်းကို The Voice ဂျာနယ်မှာ ရေးထားတာ လွန်ခဲ့တဲ့ (၃) နှစ်ကျော်က ဖတ်ရပါတယ်။
ဆေးဝင်မှ လူတော်လို့ သတ်မှတ်ခဲ့ခြင်းအတွက် အလွဲလွဲအချော်အချော်ဖြစ်လာတဲ့ မျိုးဆက်အကြောင်း အခု ရှင်းပြသွားသလိုပဲ ပြောပြထားတဲ့ ဆောင်းပါးပါ။
မြန်မာပြည်မှာ ဆေးပညာနဲ့ ဘွဲ့ရပြီး ဆရာဝန်ဆက် မလုပ်ဘဲ တခြားစီးပွားရေးတွေမှာ လုပ်နေတာ အများကြီးပါ။
အေဂျေခရိုနင်ဟာ ကမ္ဘာကျော်စာရေးဆရာပါ။ ဒါပေမယ့် သူဟာ အထူးကုဆရာဝန်ကြီးလည်း ဖြစ်ပါတယ်။ မျှမျှတတလုပ်နိုင်ရင်တော့ သင်ထားတဲ့ပညာ၊ နိုင်ငံတော်စရိတ်နဲ့ လူမှုအရင်းအမြစ်တွေ နည်းနည်းတော့ ကာမိမယ် ထင်ပါတယ်။
စကားမစပ် မြန်မာပြည်က သိပ္ပံတွဲနဲ့ ဘွဲ့ရသူတွေ ဖိလစ်ပိုင်မှာ ဝင်ခွင့်ဖြေပြီး လေးနှစ် ထပ်တက်ရင် ဆရာဝန်ဘွဲ့ရနိုင်ပါတယ်။ စိတ်ဝင်စားရင် စုံစမ်းကြပါ။
ဆရာဝန်ဖြစ်ပြီးသား သူတွေအတွက် Genetic engineering က မခက်တော့ဘူးလို့ ကျွန်မတော့ထင်တယ်။ ဒါပေမယ့် မြန်မာပြည်က ဆေးကျောင်းတွေမှာ ဆဲလ်နဲ့ ပတ်သက်ပြီး ဘယ်လောက်သင်ခဲ့ရတယ်ဆိုတာတော့ ကျွန်မမသိဘူး။ ဒီမှာ ၁၂ တန်းပြီးရင် Biotechnology ဆိုတာ အမှတ်မီရင် တက်လို့ရတယ်။ ၁၂ တန်းက Biology မှာ Genetic engineering နဲ့ ပတ်သက်ပြီး တော်တော်များများ Research တွေလုပ်ရပြီး Assignment တွေတင်ရပါတယ်။ ၁၂ တန်းမှာတောင် Genetic engineering and mordern biotechnology ကို ကောင်းကောင်း သင်ရပါတယ်။ Recombinant DNA အကြောင်းကို အသေးစိတ်သင်ရပြီး Assignment အတွက် ဓါတ်ခွဲခန်းမှာ DNA ရအောင် လုပ်ပြီး Reseaerch လုပ်ရပါတယ်။ ကျွန်မထင်တယ် ဆေးကျောင်းတက်တဲ့သူတွေဟာ ဒီက ၁၂ တန်းလောက်တော့ Genetic engineering အကြောင်းကို နားလည်လိမ့်မယ်လို့ ထင်တယ်။
ကျွန်တော်က ကွန်ပျူတာနဲ့ကျောင်းပြီးထားတာပါ
တခုလောက်မေးချင်တယ်ဗျ
ဆေးကျောင်းကစာများတယ်ဆိုပြီးပြောပြောနေကြလို့
ကျွန်တော့်အမြင်ကတော့ဘယ်ပညာရပ်မဆိုဖိဖိစီးစီးတကယ်သာလေ့လာရင်အချိန်ပေးရတာချင်းမကွာကြပါဘူးဗျာ
ဒီနေရာလေးကိုအကြိုက်ဆုံးပါ
"
ဒီတော့ ကလေးတွေ၊ မိဘတွေ ဆရာဝန်ဖြစ်ရေး ဒို့အရေးဆိုတဲ့ အတွေးတဖြည်းဖြည်းဖျောက်ပြီး ကလေးတွေ ဘာဝါသနာပါလဲဆိုတာကို မိဘက ၈တန်းလောက်ထဲက စောင့်ကြည့်၊ သိအောင်လဲ စာတွေပေးဖတ်ခိုင်း၊ အတွေ့အကြုံရအောင်ကူညီကြပြီး ကလေးဘာလုပ်ချင်သလဲဆိုတာ သိအောင် လုပ်သင့်ပါပြီ။ ၆နှစ်တာလျှောက်ရမယ့်ခရီးကို အစလောက်တင်မဟုတ်ပဲ ပန်းတိုင်ရဲ့ ဟိုဘက်ကိုပါ မျှော်ကြည့်ပြီး ဆုံးဖြတ်သင့်ပါတယ်။
"
ကျွန်တော်လဲ Mgmg ပြောတာကိုထောက်ခံတယ်ဗျ
ဘယ်ကျောင်းကစာကဘယ်ကျောင်းထက်များတယ်၊
ဘယ်ကျောင်းကစာပိုလုပ်ရတယ်လို့ ရှိလို့လားဗျ(တကယ်သာလေ့လာရင်ပေါ့ဗျာ)
Mgmg နဲ့ ဒုတိယ anonymous ပြောသွားတာကို ကျနော်လည်း လက်ခံပါတယ် ။ ဘယ်ပညာမဆို တကယ် ဖိ၂စီး၂နဲ့သင်ယူမယ်ဆိုရင်တော့ တကယ်အချိန်ပေးရပါတယ် ။ နောက်ပြီး သင်ယူစရာတွေက မပြီးနိုင်တော့ပါဖူး ။
ကျနော့်အမြင်ကတော့ ဆေးကျောင်းက စာများတယ်လို့ ပြော၂နေကြတာက ဆေးကျောင်းကဘွဲ့ရဖို့က ၆ နှစ်တက်ရတာအတွက် ၊ တခြားဘွဲ့တွေနဲ့စာရင် ကျောင်းတက်ရတဲ့အချိန် ပိုများလို့ ပြောတာဖြစ်ပါမယ် ။
နောက်တချက်က ကွန်ပြူတာတို့ အင်ဂျင်နီယာပိုင်းတို့ဆိုရင် fundamental concepts တွေကို မှတ်ထားနိုင်ရင် နောက်ပိုင်းဟာတွေကို ကိုယ့်ဘာသာဆက်ပြီး apply လုပ်လို့ရတာမျိုးက ၊ ဆေးပညာပိုင်းထက် ပိုများတယ်လို့ မြင်ပါတယ် ။ ဆေးပညာမှာတော့ ဘယ်လို ရောဂါလက္ခဏာဆို ၊ ဘယ်လိုဆေးနည်းနဲ့ ကုရမယ် ဘာညာဆိုတာတွေကို အမြဲမှတ်ထားရတာမျိုးဖြစ်နေတော့ ပိုပြီး မှတ်ရတာများတဲ့အတွက် စာများတယ်လို့ ပြောကြတာလည်း ဖြစ်နိုင်ပါတယ် ။
(S.S.)
I am a junior doctor from MDY and I just got my degree on 3/2009
I have a plan to sit for USMLE
But you know I didn't have my grading certificate and only I had is Final medical diploma(MBBS)
How can I continue to make a submit for step 1 of MLE.
They say we need these two things and will verify with any way to approved our educational status. ကျေးဇူးပြုပြီး အကြံဥာဏ်လေးပေးပါ တစ်ခြားသူတွေကော အမှတ်စာရင်းမရှိဘဲနဲ့ ဘယ်လိုလျောက်သလဲ
Post a Comment