မြန်မာနိုင်ငံရဲ့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း နဲ့ ကရင်ပြည်နယ် မွန်ပြည်နယ်တွေမှာ ဘယ်တုန်းကမှ မျော်လင့်မထားခဲ့တဲ့ သဘာဝဘေးဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရတာမို့ ခုဆိုရင် ပြန်လည်ထူထောင်ရေးအတွက် ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ အထူးသဖြင့် တော့ မြန်မာပြည်သူတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေ တကိုယ်ရည် ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ပတ်သက်တဲ့ အသိပညာဗဟုသုတတွေ နည်းပါးခဲ့ကြရတာမို့ ခုလို အချိန်အခါမျိုးမှာ ပိုပြီး ဒုက္ခရောက်ကြရတယ်လို့ ဆိုနိုင်ပါတယ်။
မြန်မာနိုင်ငံက ပြည်သူလူထုအများစုဟာ ပညာရေးစနစ်က ဘ၀ရပ်တည်ရေး အသက်မွေး ၀မ်းကျောင်းဖို့အတွက် လုံလောက်တဲ့ အာမခံချက်မရှိတဲ့အပြင် စီးပွားရေးကျပ်တည်းမှုတွေ ကြောင့် ကျောင်းပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားခွင့်မရကြတဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီအပြင် မြန်မာနိုင်ငံက ပညာရေးဟာ တကယ့်လက်တွေ့ဘ၀အတွက် အသုံးဝင်တဲ့ ပညာရပ်တွေ ဗဟုသုတတွေ မပါတာကြောင့်လည်း ပြည်သူလူထုဟာ လက်တွေ့ဘ၀ထဲမှာ မကြုံသင့်တဲ့ အခက်အခဲတွေ.. ပြဿနာတွေ.. အဆုံးရှုံးတွေကို ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
ဥပမာအနေနဲ့ပြောရရင် ခုရင်ဆိုင်ခဲ့ရတဲ့ နာဂစ်မုန်တိုင်းပြဿနာမှာ မုန်တိုင်းလာနိုင်တယ် ဆိုတာကို ကြိုသိပေမဲ့ မုန်တိုင်းက ဘယ်လောက်ပြင်းထန်မလဲ.. မုန်တိုင်းကို ဘယ်လို ရင်ဆိုင်ရမလဲ.. မုန်တိုင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေအတွက် ဘာတွေပြင်ဆင် ထားရမလဲ.. ဆိုတာတွေကို မသိကြလို့ ပိုပြီး ဆိုးဆိုးဝါးဝါးရင်ဆိုင်ခဲ့ကြရတာလို့ ဆိုနိုင်ပါတယ်။ တကယ်တော့ ဒီနေရာမှာ ပြည်သူလူထုရဲ့ လိုအပ်ချက်ကိုလိုက်ပြီး ပညာပေးတာတွေ သတိပေး တာတွေလုပ်ရမှာက နိုင်ငံအုပ်ချုပ်သူတွေရဲ့ တာဝန်ပါ။
တကယ်ကတော့ နိုင်ငံတကာကျောင်းပညာရေးတွေထဲမှာက သူတို့နိုင်ငံတွေရဲ့ ရာသီသဘာဝ ပထ၀ီဝင်ရေမြေအနေအထားနဲ့ လိုအပ်ချက်တွေအလိုက် ကျောင်းသားတွေအတွက် သိသင့် သိထိုက်တဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေ၊ သဘာ၀၀န်းကျင်ဆိုင်ရာ ဗဟုသုတတွေ၊ ကျရောက်နိုင်တဲ့ ဘေးအန္တရာယ်အကြောင်းတွေနဲ့ ကာကွယ်ပုံ ရင်ဆိုင်ပုံတွေကို ပြဌာန်း သင်ကြားပေးထားတာပါ၊ ဥပမာ- မြစ်နား ချောင်းနား ပင်လယ်နားနီးဒေသ တွေမှာ နေတဲ့သူတွေအတွက် ကျန်းမာရေးအရလိုအပ်ချက်တွေက ဘာလဲ.. အဲဒီ လိုအပ်ချက်အရ ဘယ်လိုအစားအစာတွေကို စားမလဲ.. ဘယ်လိုနေထိုင်မလဲဆိုတာတွေ၊ တကယ်လို့ တောင်တန်းဒေသမှာ နေတဲ့သူတွေဆိုရင်လည်း အဲဒီ တောင်တန်းဒေသ၀န်းကျင်အရ လိုအပ်ချက်တွေကို အတန်းအလိုက် သင်ခန်းစာတွေအဖြစ် ပြဌာန်းသင်ကြား ပေးတာမျိုးပါ။ အဲဒီအပြင် ကလေးတိုင်းအတွက် လိုအပ်ချက်အဖြစ် ရေကူးတတ်အောင် သင်ရတာမျိုးတွေ၊ ကိုယ်လက်လှုပ်ရှားအားကစားနည်းတခုခု သင်ရတာမျိုးတွေ၊ အများဆုံး စားသောက်နေရတဲ့ အစားအစာတွေထဲမှာ ပါဝင်တဲ့ ကယ်လိုရီနဲ့ ဓါတ်သဘာဝ အကြောင်းတွေ၊ အခြေခံ သူနာပြုစုနည်းသင်ရတာမျိုးတွေလည်း ရှိပါတယ်။
တကယ်တော့လည်း ပညာရေးဆိုတာကိုက စာသင်သားတွေ လက်တွေ့ဘ၀ထဲမှာ အသုံးချနိုင်တဲ့ ပညာရပ်မျိုးတွေကိုသာ ပေးရမှာပါ။ ဒါနဲ့ပတ်သက်လို့ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက ပညာရေးပညာရှင် K.G. Sai Yi Dane က "ပညာရေးဆိုတာဟာ ဒီမိုကရေစီလူမှုဘ၀အတွက် လိုအပ်တဲ့ အရည်အသွေးတွေကို စာသင်သားတွေရနိုင်စေဖို့ ပြင်ဆင်ရေးဆွဲထားတာပဲ ဖြစ်ရမယ်"လို့ ပြောခဲ့တာလည်း ရှိပါတယ်။
ခု မြန်မာနိုင်ငံမှာကတော့ အဲသလို ဘ၀တသက်တာလုံးအတွက် ရည်ရွယ်တဲ့ ပညာရေး မျိုးမှာ တကယ်အသုံးဝင်စနစ်ကျတဲ့ သင်ခန်းစာတွေ မပါဝင်ရုံသာ မကတော့ပါဘူး။ လက်ရှိ အချိန်အခါမှာ ပြည်သူလူထုအတွက် တကယ်အရေးတကြီး လိုအပ်လာတဲ့ ပညာ ပေးဖို့ကို တောင် အာဏာပိုင်တွေဘက်က တာဝန်မကျေခဲ့ပါဘူး။ တကယ်တော့ မြန်မာနိုင်ငံမှာ ပြည်သူလူထုအများစုက ပညာဗဟုသုတအရာမှာ အားနည်းကြတဲ့အတွက် လိုအပ်တဲ့ ပညာပေးမှုတွေကို အစိုးရပိုင်းက သေချာလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းဝင်ရောက်နိုင်တယ်ဆိုတာကို ကြိုတင်သတိပေးခဲ့တယ်လို့ မြန်မာနိုင်ငံ မိုးလေ၀သနဲ့ဇလဗေဒဦးစီးဌာနက ပြောပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာက မုန်တိုင်းက အားမကြီးလှဘဲ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးမယ်၊ လေတိုက်နှုန်းက တနာရီမိုင်၄၀-၄၅ လောက်ပဲ ရှိမယ်ဆိုတာလောက်ပဲ ကြေငြာထားခဲ့တာပါ။
တကယ်တော့ ဒီနေရာမှာ မုန်တိုင်းက ဘယ်လောက်အားကြီးမလဲ..၊ ဘယ်လိုနေရာကို အဓိက ၀င်ရောက်နိုင်သလဲ.. မုန်တိုင်းအများဆုံး ထိနိုင်တာ ဘယ်ဒေသလဲ.. မုန်တိုင်းကို ကာကွယ်လို့ မရနိုင်တဲ့အတွက် ရှောင်ရှားဖို့ ဘယ်လိုပြင်ဆင်သင့်သလဲ.. မုန်တိုင်းကျပြီး နောက်ပိုင်းမှာ ဖြစ်တတ်တဲ့ အခက်အခဲပြဿနာတွေက ဘာတွေလဲ.. အဲဒီအခက်အခဲ တွေကို ကျော်လွှားဖို့ ဘာတွေ ပြင်ဆင်ထားမလဲ.. ဆိုတာတွေကို ပြည်သူလူထုသိအောင် အချိန်တိုင်းမှာ ပညာပေးလှုံ့ဆော်နေရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ရေဒီယို ရုပ်မြင်သံကြားတွေအပြင် နယ်မြေအလိုက် အုပ်ချုပ်သူအာဏာပိုင်တွေက အသီးသီး တာဝန်ယူပြီး အကြိမ်ကြိမ် သတိပေးနေရမှာဖြစ်ပါတယ်။ ခုတော့ မြန်မာပြည်သူလူထုဟာ မုန်တိုင်းဒဏ်ကို ဒီအတိုင်းပဲ ခေါင်းငုံ့ခံလိုက်ရသလို ဖြစ်သွားပါတယ်။ ဒါကြောင့်ပဲ မလိုအပ်ဘဲ အသေအပျောက် များခဲ့ရတာလို့ ဆိုနိုင်ပါတယ်။
တကယ်တော့ ဧရာဝတီတိုင်းဟိုင်းကြီးကျွန်းလို ပင်လယ်ပြင်နဲ့ထိစပ်နေတဲ့အတွက် သေချာ ပေါက် အန္တရာယ်ရှိနိုင်တဲ့ ဒေသမျိုးတွေမှာဆိုရင် မုန်တိုင်းမလာခင်ကတည်းက မုန်တိုင်းနဲ့ ဝေးနိုင်တဲ့ နေရာဒေသတွေဆီ ရှောင်နေသင့်ပါတယ်။ ပြီးတော့ မုန်တိုင်းထိနိုင်ချေရှိတဲ့ ဒေသတွေမှာ မုန်တိုင်းအပြီးမှာ ကြုံရတတ်တဲ့ သောက်သုံးရေနဲ့ စားသောက်ကုန် ပြဿနာအတွက် ကြိုတင်ပြီး စုဆောင်းထားတာမျိုး လုပ်ရပါမယ်။ အဲဒီအပြင် လိုအပ်နိုင်တဲ့ အ၀တ်အထည်ဆေးဝါးတွေကို ကြိုတင်ရှာဖွေစုဆောင်းထားရပါမယ်။ အဲဒီ လိုအပ်ချက်တွေကို အစိုးရတွေက ပညာပေးလှုံ့ဆော်ထားရမှာ ဖြစ်ပါတယ်။ ဒါမှပဲ ကျရောက်လာတဲ့ သဘာဝ ဘေးဒဏ်ကို ရင်ဆိုင်ရတဲ့အခါ အသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရတာတွေ၊ နောက်ဆက်တွဲ ဖြစ်တတ်တဲ့ ရောဂါဝေဒနာတွေကနေ သက်သာရာ ရ နိုင်မှာ ဖြစ်ပါတယ်။
လောလောဆယ် မြန်မာနိုင်ငံမှာ အင်မတန်ကြီးမားတဲ့ ဘေးဥပါဒ်မျိုး ကြုံတွေ့ထားရ ပေမဲ့လည်း လက်ရှိ မြန်မာအာဏာပိုင်တွေကတော့ သူတို့ရဲ့အုပ်ချုပ်မှုကို တရားဝင် အတည်ပြုပေးနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် လူထုဆန္ဒခံယူပွဲကို မေလ၁၀ရက် နေ့မှာ မဖြစ်မနေ ပြုလုပ်မှာပဲ ဖြစ်ပါတယ်။ သူတို့ဦးဆောင်ရေးဆွဲတဲ့ အခြေခံဥပဒေရဲ့ အခြေခံမူများအခန်းမှာတော့ နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေးနှင့်ကျန်းမာရေး တိုးတက်စေရေးအတွက် အလေးထားဆောင်ရွက်ရမည်.. လို့ ဖော်ပြထားတာပါပဲ။ ဒါပေမဲ့ တကယ့်လက်တွေ့မှာကတော့ ပြည်သူလူထုကို သဘာဝဘေးဒဏ်နဲ့ ပတ်သက်ပြီး ထိထိ ရောက်ရောက် အကာအကွယ်မပေးခဲ့တဲ့အပြင် လက်ရှိရင်ဆိုင်နေရပြီဖြစ်တဲ့ မုန်တိုင်း ဒဏ်ရဲ့ နောက်ဆက်တွဲ အခက်အခဲတွေ ဒုက္ခတွေကိုလည်း ခုချိန်ထိ ကူညီဖြေရှင်း မပေးသေးပါဘူး။
ဒါကြောင့်ပဲ အဲသလို ပြည်သူလူထုရဲ့ အသိပညာပေးရေးနဲ့ ကျန်းမာရေးကိစ္စတွေအပေါ် လျစ်လျူရှုထားတဲ့ အစိုးရမျိုးကို တည်မြဲအောင် လုပ်ပေးမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံမလား ကန့်ကွက်မလား ဆိုတာဟာ ပြည်သူလူထုကြီးအနေနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်ရတော့မယ့် အခြေအနေပဲ ဖြစ်ပါတယ်။
မေငြိမ်း
၆၊၅၊၀၈။
Sunday, May 11, 2008
ပညာရေးနဲ့ သဘာဝဘေး
Posted by မေငြိမ်း at 11:36 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment