Wednesday, February 13, 2008

Civic Education နဲ့ မြန်မာနိုင်ငံ

လတ်တလော ဖြစ်ပျက်သွားတဲ့ သံဃာတော်တွေ ဦးဆောင်တဲ့ မေတ္တာပို့ဆုတောင်းပွဲတွေကို အာဏာပိုင်တွေ ဘက်က ရက်ရက်စက်စက်နှိမ်နင်းတဲ့ ကိစ္စတွေကို ကြည့်မယ်ဆိုရင် ရုတ်တရက်တော့ အာဏာရှင်တွေရဲ့ မေတ္တာတရားခေါင်းပါးမှုနဲ့ အာဏာကို အလွန်အကျွံ မက်မော ဖက်တွယ်မှုတွေကြောင့် ဖြစ်ရတယ်လို့ပဲ အကြမ်းဖျဉ်း သုံးသပ်ရမှာဖြစ်ပါတယ်။ ။

ဒီအဖြစ်အပျက်တွေဟာ ကမ္ဘာမှာ မြန်မာရဲ့ နိမိတ်ပုံကို အကြီးအကျယ် အရုပ်ဆိုး အကျည်းတန်သွားစေခဲ့ ပါတယ်။ ဒီလို ဖြစ်ပျက်ခဲ့ရတဲ့ တကယ့် အခြေခံအကြောင်းရင်းကတော့ အာဏာရှင်တွေနဲ့ သူတို့ စေခိုင်းတာကို မမှိတ်မသုန် လိုက်နာခဲ့တဲ့ နောက်လိုက်တွေဟာ ဆင်ခြင်တုံတရားနဲ့ယှဉ်တဲ့ ပညာဥာဏ်ရှိသူတွေ မဟုတ်ကြလို့၊ ပညာတတ် မပီသကြလို့သာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ တနည်းအားဖြင့်တော့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း ထဲက နိုင်ငံကြီးသားတွေအဖြစ် နေထိုင်ကျင့်ကြံရတဲ့ ပညာမျိုးတွေက လိုက်နာရကောင်းမှန်း မသိကြလို့သာ ဖြစ်ပါ တယ်။

နိုင်ငံတနိုင်ငံအနေနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အုပ်ချုပ်သူ နိုင်ငံ့ဦးဆောင်တွေသာမက အုပ်ချုပ်ခံ နိုင်ငံသားတွေ ကိုယ်တိုင်၊ နိုင်ငံကြီးသားပီသတဲ့ အတွေ့အကြုံ အကြားအမြင် နဲ့ အသိဥာဏ်ပညာတွေ ရှိဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် နိုင်ငံသားတွေမှာ နိုင်ငံကြီးသားဆိုတာ ဘာလဲ... ၊ နိုင်ငံကြီးသားဖြစ်အောင် ဘယ်လို နေထိုင် ကျင့်ကြံရမှာလဲ... ဆိုတာတွေကို သိထား နားလည်ထားဖို့ လိုပါတယ်။ ဒါမှလည်း လူသားအချင်းချင်း စာနာငဲ့ညှာမှုတွေထားဖို့၊ ကိုယ့် မြို့ ကိုယ့်ရွာကို ကာကွယ်စောင့်ရှောက်ဖို့၊ ကိုယ့်အခွင့်အရေးကို တရား နည်းလမ်းကျ တောင်းဆိုယူတတ်ဖို့၊ သူတပါးအခွင့်အရေးတွေကို လေးစား လိုက်နာတတ်ဖို့ ဆိုတာတွေကို သိနားလည်ကြမှာဖြစ်ပါတယ်။ အဲလို သိမှ နားလည်မှလည်း ငြိမ်းချမ်းသာယာတဲ့ လူ့ဘောင်ကို ထူထောင်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လည်း ကမ္ဘာ့နိုင်ငံကြီးတွေဟာ သူတို့ရဲ့ နို်င်ငံသားတွေကို နိုင်ငံကြီးသား ပီသဖို့အတွက် ကလေးအရွယ် ငယ်စဉ်ကတည်းက ကျောင်းပညာရေးထဲမှာ နိုင်ငံ့အရေးအရာတွေ၊ နိုင်ငံသားတယောက်ရဲ့ တာဝန်နဲ့ ကိုယ်ကျင့်တရား ဆိုင်ရာတွေကို Civic and Moral ဆိုတဲ့ ဘာသာရပ်တခုအဖြစ် အတန်းအဆင့်ဆင့်မှာ စနစ်တကျပြဌာန်းပြီး သင်ကြား လေ့ကျင့်ပေးတာ တွေ့ရပါတယ်။ ဒါဟာ အနာဂတ် ကမ္ဘာမှာ ငြိမ်းချမ်းရေး ထွန်းကားစေဖို့ဆီကို ဦးတည်တဲ့ ပညာရေးပဲ ဖြစ်ပါ တယ်။

တကယ်တော့ မြန်မာနိုင်ငံမှာလည်း ဥာဏ်ပညာ အမြော်အမြင်ကြီးလှတဲ့အတွက်ကြောင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်လာတဲ့ ပန်းတနော် အမျိုးသား ကျောင်းအုပ် ဦးသန့်က လွတ်လပ်ရေးမရခင် ၁၉၄၀ကျော်လောက်ကတည်းက မြန်မာနိုင်ငံ ပညာရေးထဲမှာ ကျောင်းသားလူငယ်တွေကို ပြည်ရေးပြည်ရာ ဘာသာရပ် ဆိုပြီးတော့ Civic Education ကို ထည့်သင်ဖို့ အကြံပေးခဲ့တာ ရှိပါတယ်။ အဲဒီလို အကြံပေးရာမှာ ဦးသန့်က ပြည်ရေးပြည်ရာ သင်ကြားရတဲ့ ရည်ရွယ်ချက်က အစ၊ သင်ရိုးအဖြစ် ပါဝင်သင့်တဲ့ သင်ခန်းစာ တွေကိုပါ အသေးစိပ်ထည့်ပြီး ဆောင်းပါးအဖြစ် ရေးသားတင်ပြခဲ့ပါတယ်။ အဲဒီဆောင်းပါးပါ အချက်အလက် အကြောင်းအရာတွေကို ဒီ ပညာရေး ကဏ္ဍ ကနေ အပိုင်းလိုက်ခွဲပြီး တင်ပြသွားပါမယ်။

ဦးသန့်က ပြည်ရေးပြည်ရာ သင်ကြားခြင်းရဲ့ ရည်ရွယ်ချက်ကစပြီး ရှင်းလင်း တင်ပြခဲ့ပါတယ်။ 'တကယ်တော့ ပညာရေးဆိုတာဟာ ကလေးသူငယ်တွေကို အသိဥာဏ် ကျယ်ဝန်းလာစေပြီး ပြည်သူပြည်သား ကောင်း(Good citizen)တွေ ဖြစ်လာစေဖို့ပဲ လို့ နှစ်ဆယ်ရာစု ပညာရှင်ကြီးတွေက လက်ခံထား ကြောင်းကို ဦးသန့်က ကိုးကားခဲ့ပါတယ်။ ဒါကြောင့်ပဲ ကလေးတွေအတွက် ကျောင်းသင်ပညာရေးထဲမှာ ခေတ်နဲ့ လျော်ညီအောင် ပြည်ရေးပြည်ရာဘာသာရပ်တွေ ထည့်သင်ဖို့ လိုတယ်လို့ အကြံပေး ခဲ့ပါတယ်။

ပြည်ရေးပြည်ရာ ဆိုတာ ပြည်သူပြည်သားတို့ရဲ့ အရေးအရာ၊ ပြည်သူပြည်သားတို့ သိသင့်သိထိုက်တဲ့ ဆက်ဆံရေး၊ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေးတွေအပြင် ပြည်သူပြည်သားတွေရဲ့ ရပိုင်ခွင့် (ပိုင်ခွင့်ပိုင်ရေး) နဲ့ တာဝန်ဝတ္တရားတွေပဲ ဖြစ်တယ်လို့ ဦးသန့်ရဲ့ဆောင်းပါးမှာ တွေ့ရပါတယ်။ ပြည်ရေးပြည်ရာဆိုတာဟာလည်း ကိုယ့်နိုင်ငံ အရေးတင်မဟုတ်ဘဲ ကမ္ဘာ့အရေးကိစ္စတွေကိုပါ ပြည်ရေးပြည်ရာအဖြစ် သိနေ နားလည်နေရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ခုလို ကမ္ဘာတခုလုံး ထိစပ် ပတ်သက် လာပြီဖြစ်တဲ့ Globalization ကာလမှာဆိုရင် Civic Education ဟာ ပို အရေးကြီးလာပါပြီ။

အဓိက ကတော့ "ပြည်ရေးပြည်ရာ ဘာသာရပ် သင်ပေးရတာဟာ နိုင်ငံသားတွေကို အသိဥာဏ် ကျယ်ဝန်း မြင့်မားလာစေဖို့၊ အများကောင်းကျိုးကို မိမိတဦးတည်းရဲ့ ကောင်းကျိုးထက် ရှေးရှုတတ်စေဖို့၊ မျှတတဲ့ စိတ်မျိုး ရှိဖို့၊ ကိုယ်ချင်းစာတရားထားစေတတ်ဖို့၊ အမျိုးကို ချစ်တတ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေ ပါတာမို့လို့ ပြည်သူ့လမ်းညွှန်၊ ပြည်သူ့နီတိလို့လည်း ခေါ်နိုင်တယ်" လို့ ဦးသန့်က တင်ပြထားပါတယ်။ တနည်းအားဖြင့်တော့ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ သင်ခန်းစာတွေ သင်ကြားဖို့ပဲဖြစ်ပါတယ်။

ဦးသန့်ရဲ့ ဆိုလိုချက်အရတော့ အဲဒီ ပြည်ရေးပြည်ရာ Civic Education ကို သင်ကြားရာမှာ အနိမ့်ဆုံး အခြေခံအနေနဲ့ ကျောင်းသားတွေကို ကိုယ့် အိမ်မှာ အမိအဘမောင်နှမတွေနဲ့ ချစ်ချစ်ခင်ခင် နေထိုင်ရပုံတွေ၊ အဲဒီထက်ပိုပြီး ရပ်ကွက်ထဲ မြို့ရွာထဲ၊ နောက်ထပ်တဆင့် ပိုပြီး ကျယ်ပြောစွာ နိုင်ငံနီးချင်းများနှင့် ကမ္ဘာသူ ကမ္ဘာသားများ အချင်းချင်းထိ၊ မေတ္တာတရားအခြေခံနဲ့ ချစ်ချစ်ခင်ခင် နေထိုင်ကြရပုံတွေ၊ နောက်ဆုံး အမြင့်ဆုံးအဖြစ် ဒီမိုကရေစီနည်းကျကျ ကျင့်ကြံနေထိုင်နည်းအထိ ချဲ့ထွင်သင်ကြားပေးနိုင်တာမျိုးကို ကျောင်းဆရာကြီးတယောက်အနေနဲ့ သင်ရိုး အညွှန်းတွေနဲ့တကွ အကြံပေးဆွေးနွေးခဲ့တာ တွေ့ရပါတယ်။ ခုဆိုရင် ဦးသန့် လမ်းညွှန် ပေးခဲ့တာဟာ နှစ်ပေါင်း၆၅နှစ်ကျော် ကြာခဲ့ပါပြီ။

တကယ့်လက်တွေ့မှာတော့ မြန်မာနိုင်ငံပညာရေးထဲမှာ ၁၉၆၂နောက်ပိုင်းကစလို့ လောကနီတိ ဆိုတာက လည်း ပြဌာန်းချက်အနေနဲ့ပါပေမဲ့ စာသင်ချိန် သေသေချာချာ သတ်မှတ်ပေးထားတာမျိုး မရှိဘဲ ဖွံ့ဖြိုးရေး အချိန်တွေမှာ တခါတလေအဖြစ် သဘောလောက်သာ သင်တာကို တွေ့ရပါတယ်။ အထူးသဖြင့်တော့ ၁၉၈၈ခုနှစ် နောက်ပိုင်းမှာဆိုရင် ကျောင်းတွေမှာ စာသင်ခန်းတွေမှာ နိုင်ငံသားတယောက်ရဲ့ တာဝန် ဆိုတာမျိုးနဲ့ ဒီမိုကရေစီကျင့်စဉ်တွေကို ထုတ်ဖော်ပြောမိရင်တောင် ပြောသူကို နိုင်ငံရေးမှုလို့ အမည်တပ်ပြီး နှစ်ရှည် ထောင်ချပစ်တာပါ။ အဲလို ပညာရေးစနစ်ရဲ့ အကျိုးဆက်ကြောင့်ပဲ အလုအယက် အပြိုင်အဆိုင် တိုးတက်ဖွံ့ဖြိုးနေကြတဲ့ ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံရဲ့ ပြည်သူလူထုကတော့ ကမ္ဘာ့အဆင့်မီ နိုင်ငံရေး အသိအမြင် ဗဟုသုတအရာတွေမှာ အားနည်းနေခဲ့ကြရပါတယ်။ အဆိုးဆုံးကတော့ မြန်မာလူထုအပေါ် နှစ်ပေါင်းများစွာ ဗိုလ်ကျစိုးမိုး အုပ်ချုပ်လာခဲ့တဲ့ စစ်တပ်အဖွဲ့အစည်းထဲက အသိအမြင် ဆင်ခြင်တုံတရား ခေါင်းပါးနေမှုပဲ ဖြစ်ပါ တယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်နေပါတယ်လို့ ကမ္ဘာကို ကြေညာထားတဲ့ စစ်ခေါင်းဆောင်များကိုယ်တိုင်က အထွတ်အမြတ်ထားပါတယ်လို့ ကြွေးကြော်ခဲ့တဲ့ ရတနာသုံးပါးဝင် သံဃာတော်တွေကိုတောင် ရက်ရက်စက်စက် သတ်ဖြတ်တဲ့အထိ လုပ်ရဲလာတာဟာ ကောင်းမွန်မှန်ကန်တဲ့ ပညာရေးကို မရယူခဲ့ကြရတဲ့အပြင်၊ လွဲမှားတဲ့ အမိန့်နာခံရေးကိုသာ ဦးတည် သင်ယူခဲ့ကြရတဲ့ ပညာရေးစနစ်ရဲ့ ဆိုးကျိုးဆက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အနာဂတ်ငြိမ်းချမ်းဖို့ သာယာဝပြောဖို့နဲ့ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ဖို့ဆိုရင် ကျောင်းပညာရေးထဲမှာ ငြိမ်းချမ်းရေးကို ဦးတည်စေတဲ့ နိုင်ငံသား ဆိုင်ရာကျင့်ဝတ် Civic Education ကို သင်ကြားခွင့်ပေးမယ့် အစိုးရတရပ် အမြန်ဆုံး ပေါ်ပေါက်လာဖို့က ခုအချိန်မှာ အဓိက ကျလှတဲ့ လိုအပ်ချက်ပဲ ဖြစ်ပါတယ်ရှင်။

မေငြိမ်း

Monday, February 11, 2008

အက်ဆေးများရေးသားခြင်း (နိဂုံးပိုင်း)

အက်ဆေးများရေးသားရာမှာ နိဒါန်းပိုင်း၊ စာကိုယ်ပိုင်း၊ နိဂုံးပိုင်းတွေအပြင် တခြား အရေးကြီးတဲ့ အပိုင်းကတော့ ရည်ညွန်းကိုးကားအပိုင်းပဲ ဖြစ်ပါတယ်။ ဒီအပိုင်းက ဘာနဲ့တူသလဲဆိုရင် ကားတစီးရဲ့ နံပါတ်ပြားလိုပဲပေါ့။ နံပါတ်ပြားမပါပဲ ကားမောင်းလို့ ရတာမှန်ပေမယ့် သက်ဆိုင်ရာက အရေးယူခံရနိုင်သလိုပဲ၊ ရည်ညွန်းမပါပဲ တင်တဲ့ အက်ဆေးဆိုရင်လဲ အမှတ်တမှတ်အနည်းဆုံးကို တရားဝင် အလျှော့ခံရနိုင်ပါတယ်

ဘာလို့ ရည်ညွန်းကိုးကားဟာ ဒီလောက်အရေးကြီးရလဲဆိုတော့-

(၁) တခြားရေးသားသူတွေရဲ့ အချက်အလက်များရယူခြင်းကို ကျေးဇူးပြုဖို့လိုအပ်တာကြောင့်ရယ်

(၂)ကိုယ်ရေးသားတဲ့ အကြောင်းအရာအခြေခံဟာ ဘာလဲဆိုတာကို ပြဆိုဖို့ရယ်

(၃) စာဖတ်သူတွေ ကိယ့်အက်ဆေးဖတ်ပြီးတဲ့နောက်ပိုင်း ဒီအကြောင်းအရာကို အသေးစိတ်လေ့လာတဲ့အခါ sources တွေကို အလွယ်တကူ ရှာနိုင်ဖို့ အတွက်ရယ် ဖြစ်ပါတယ်။

အက်ဆေးတပုဒ်အတွက် ရည်ညွန်းကိုးကားရာမှာ အပိုင်း (၂)ပိုင်း ပါဝင်ပါတယ်။ ပထမပိုင်းက ကိုယ်ကိုးကားထားတဲ့ အချက်အလက်ရဲ့ ဘေးမှာ မူရင်းရေးသားသူကို ဖော်ပြခြင်း ဖြစ်ပြီး၊ နောက်တပိုင်းကတော့ အက်ဆေးတပုဒ်လုံး ပြီးသွားတဲ့အခါကျမှ အနောက်မှာ References ကဏ္ဍကို သီးသန့်ကဏ္ဍတခုအနေနဲ့ ထည့်သွင်းခြင်းပါ။

ဒီလို ရည်ညွန်းကိုးကားများ ထည့်သွင်းခြင်းနဲ့ ပတ်သက်ရာမှာ အသုံးများတဲ့ စနစ်နှစ်မျိုး ရှိပါတယ်။ ပထမစနစ်က Harvard system ဖြစ်ပြီး၊ နောက်တခုကတော့ Numeric system ပါ။

Harvard System

ဟားဗတ်စနစ်ကို အရင်ကြည့်ကြရအောင်ပါ။ ပထမဆုံးအနေနဲ့ အက်ဆေးရဲ့ စာကိုယ်အတွင်းက မိမိကိုးကားထားတဲ့အချက်ရဲ့ဘေးမှာ ထည့်တဲ့ ပုံစံတွေကို ဖော်ပြမယ်ဆိုရင်

It has been argued (Ray, 1998) that the essential ------------

The work of Sen (1983) and Bruton (1998) concluded

ဆိုတာမျိုးတွေ ဖြစ်ပါတယ်။ အသေးစိတ် စာအုပ်နာမည်တွေ၊ ထုတ်ဝေသူတွေကို ဒီနေရာမှာ မဖော်ပြရပါဘူး။

နောက်ပိုင်း References ကဏ္ဍရောက်မှ ကိုယ်ရှေ့ပိုင်းမှာ ရည်ညွန်းကိုးကားထားတဲ့ စာအုပ်တွေ၊ ဂျာနယ်တွေကို အသေးစိတ်ဖော်ပြရပါမယ်။

စာအုပ်ကို ဖော်ပြမယ်ဆိုရင် ရေးသူရဲ့ surname, first name, ထုတ်ဝေတဲ့နှစ်၊ စာအုပ်နာမည်၊ ထုတ်ဝေသူနဲ့ ထုတ်ဝေတဲ့နေရာကို အောက်မှာ ပြထားသလိုဖော်ပြရပါတယ်။

Ray, Debraj (1998) Development Economics, Princeton University Press, Princeton

ဂျာနယ် articleကို ဖော်ပြမယ်ဆိုရင် surname, first name, ထုတ်ဝေနှစ်၊ article ခေါင်းစဉ်၊ ဂျာနယ်ခေါင်းစဉ်၊ ဂျာနယ်ရဲ့ volume၊ နံပါတ်နဲ့ စာမျက်နှာနံပါတ်တွေကို အောက်မှာ ဖော်ပြထားတဲ့ ဥပမာများအတိုင်း ဖော်ပြပေးရပါတယ်။

Sen, Amartya (1983) Development: Which way now?, Economic Journal, vol.93, No.372, pp.745-762

Bruton, H. (1998) A reconsideration of income substitution, Journal of Economic Literature, pp.903-936

Conference paper ဆိုရင် အယ်ဒီတာနာမည်၊ ထုတ်ဝေနှစ်၊ ကွန်ဖရင့် အမည်၊ ကျင်းပခဲ့တဲ့နေရာ၊ ကျင်းပတဲ့နေ့ရက်၊ ကွန်ဖရင့်မှာ တင်သွင်းတဲ့ စာတမ်းတွေကို ပြန်လည်စုစည်းထုတ်ဝေတဲ့နေရာနဲ့ အဖွဲ့ကို အခုလို ဖော်ပြပေးရပါမယ်။

Peepcke, A.,ed. (1992) OOPSLA ’92 conference on object-oriented programming systems, languages, and applications, Vancouver, 18-22 October, 1992, New York: The Association for Computing Machinery

တခြားအသေးစိတ်ပုံစံတွေ ရှိပါသေးတယ်။ ဒါပေမယ့် ဒီလောက်ဆိုရင် အခြေခံ ပုံစံကို ကျွမ်းဝင်သွားနိုင်ပြီ ထင်ပါတယ်။ နောက်တမျိုးဖြစ်တဲ့ Numeric system အကြောင်း ပြောကြရအောင်ပါ။

Numeric system

နံပါတ်စနစ်ဖြစ်တဲ့အတိုင်း နံပါတ်တွေကို အခြေခံပါတယ်။ အက်ဆေးထဲက ရည်ညွန်းကိုးကားထားတဲ့ အချက်ရဲ့ဘေးမှာ နံပါတ်များ အစဉ်လိုက် ထည့်သွင်းသွားရတာပါ။

ဥပမာ-

Ray 3 mentioned that

It can be argued 4 that

ဆိုတာမျိုးတွေပါ။ uppercase နဲ့မဖော်ပြပဲ လက်သည်းကွင်းနဲ့ (3) ဖော်ပြတာမျိုးလဲ လုပ်လို့ရပါတယ်။<

နောက်ပိုင်း ရည်ညွန်းကိုးကားကဏ္ဍရောက်တဲ့အခါကျတော့

3. Ray, Debraj, Development Economics, Princeton University Press, Princeton, 1998

ဆိုပြီး ဖော်ပြရပါတယ်။ သိပ်တော့ မကွာလှပါ။ ရှေ့မှာ နံပါတ်စဉ်ပါလာတာရယ်၊ ခုနှစ်ကို နောက်မှာ ထည့်ရတာတွေရယ်ပါ။

ဂျာနယ်ကျတော့

4. Sen, Amartya, Development: Which way now?, Economic Journal, 1983, 93(372), 745-762

ဆိုပြီး ဖော်ပြရပါတယ်။

ဒီစနစ်နှစ်မျိုးများဟားဗတ်စနစ်ကို တက္ကသိုလ်တွေမှာ ပိုအသုံးများပါတယ်။ သက်ဆိုင်ရာ တက္ကသိုလ်တွေရဲ့ ညွန်ကြားချက်ပုံစံအတိုင်း လိုက်နာဖို့ အကြံပေးရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်ပါရစေ။ ကျောင်းစာများဖတ်ရှူလေ့လာခြင်းနဲ့ပတ်သက်တဲ့ ဆောင်းပါးများကို ဆက်လက်ဖော်ပြပေးပါမယ်။

ခင်မမမျိုး (၁၁၊ ၂၊၂၀၀၈)

Wednesday, February 6, 2008

တူညီဝတ်စုံ

မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ပညာရေး အရည်အသွေး ကျဆင်းလာရတဲ့ အကြောင်းရင်းတွေထဲမှာ ကျောင်းသား တွေကို ကျောင်းစည်းကမ်းတွေ အမျိုးမျိုးထုတ်ပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာတာကြောင့် ကျောင်းသားတွေအနေနဲ့ ကျောင်းနေမပျော်လို့ စာမတော်ကြရခြင်းကလည်း အကြောင်းတရပ်ပဲ ဖြစ်ပါတယ်။

၂၀၀၆-၂၀၀၇ ပညာသင် နှစ်ကစပြီး တက္ကသိုလ်တွေမှာ တူညီဝတ်စုံ ယူနီဖောင်း ၀တ်ရမယ်လို့ သတ်မှတ်လိုက် ပါတယ်။ ကျောင်းသား အများစုက အဲဒီ သတ်မှတ်ချက်ကို အလွယ်တကူ နာခံချင်စိတ် မရှိခဲ့ကြပါဘူး။ အာဏာပိုင်တွေဘက်ကတော့ စည်းကမ်းပိုရှိဖို့ ရည်ရွယ်တာလို့ အကြောင်းပြခဲ့ပါတယ်။ ဒါပေမဲ့ “စစ်အစိုးရရဲ့ လက်အောက် မှာ ကျောင်းပညာရေး လောကကိုတောင် စစ်တပ်ဆန်ဆန် ယူနီဖောင်း သတ်မှတ်တာပဲ၊ အမိန့်သုံးတာပဲ” လို့ ပြောကြပါတယ်။

တကယ်တော့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း တက္ကသိုလ်တွေမှာ တူညီဝတ်စုံ ၀တ်သင့်တယ်လို့ အားပေးခဲ့ဖူးပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့် နဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ အပြန်အလှန်ဆောင်းပါး ရေးခဲ့ကြဖူးပါတယ်။ ဦးသန့်က တက္ကသိုလ် ကျောင်းသား ဆိုတာဟာ အရွယ်ရောက်ပြီးသားမို့ ဒီလိုနေရာမှာ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသင့်တာကြောင့် တူညီဝတ်စုံ မ၀တ်သင့်ဘူးလို့ ဆွေးနွေးတာပါ။ ဗိုလ်ချုပ်အောင်ဆန်းကတော့ ကျောင်းသားတွေ ဂုဏ်တုဂုဏ်ပြိုင် မရှိဘဲ အားလုံး တပြေးညီ စိတ်မျိုးရှိအောင်၊ စည်းလုံးညီညွတ်မှု ရှိအောင်၊ ပကာသန မရှိအောင် ဆိုတဲ့သဘောနဲ့ တူညီ ၀တ်စုံ ၀တ်သင့်တယ်လို့ ဆွေးနွေးတာပါ။ ဒီနေရာမှာ အယူအဆ နှစ်မျိုးစလုံးကတော့ စေတနာ ပါတဲ့ အယူအဆတွေပါပဲ။ ဒါပေမဲ့ စည်းကမ်းဟာ အမိန့်ဆန် မနေဖို့တော့ လိုပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ ဖြစ်နေရတဲ့ ပြဿနာတွေက အာဏာပိုင်တွေရဲ့ အမိန့်ဆန်တဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့်ပဲ ဖြစ်ပါတယ်။

တကယ်ကတော့ တက္ကသိုလ်ဆိုတာဟာ ကိုယ်ပိုင် ရွေးချယ်ခွင့်၊ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့်တွေကို သေသေချာချာ ခွင့်ပြု ပျိုးထောင်ပေးရမယ့် နေရာပါ။ ဒီနေရာမှာ မြန်မာနိုင်ငံက ကျောင်းသားတွေဟာ လိုအပ်နေတဲ့ ကျောင်းသား အခွင့်အရေးတွေ ကိုလည်း မခံစားကြရဘဲချုပ်ချယ်ဟန့်တားမှုတွေကိုသာ ခံယူနေကြရတာပါ။ ဒါကြောင့် ကျောင်းသားတွေရဲ့ ပညာအရည်အချင်းနဲ့ စာရိတ္တပိုင်းကို ပြောပ လောက် အောင် မထိခိုက်စေနိုင်တဲ့အပြင် ပြောပလောက်တဲ့ တိုးတက်မှုမျိုးလည်း မဖြစ်စေနိုင်တဲ့ စည်းကမ်းချက်မျိုး တွေကို အမိန့်ဆန်ဆန် သတ်မှတ်ဖို့ မသင့်ဘူးလို့ ကျောင်းသား အများစုကတော့ လက်ခံထားကြပါတယ်။ တက္ကသိုလ် ပညာရေးထဲမှာ စာသင်သား တွေအနေနဲ့ ကမ္ဘာကို ရင်ပေါင်တန်းနိုင်တဲ့ တန်ဖိုးရှိတဲ့ ပညာကောင်းတွေ သင်ယူခွင့် ရဖို့ကသာ အရေးအကြီးဆုံး ဆိုတာကိုပဲ ကျောင်းသားတိုင်းက ခြွင်းချက်မရှိ သဘောတူ လက်ခံ ထားကြပါတယ်။

ခုချိန်မှာ တူညီဝတ်စုံ သတ်မှတ်ရတာဟာ ကျောင်းတွေမှာ တပြေးညီ စည်းလုံး ညီညွတ်မှု ရှိစေဖို့လို့ အာဏာပိုင်တွေဘက်က ပြောပေမဲ့လည်း ဒါဟာ ခိုင်မာတဲ့ အကြောင်းပြချက် လို့တော့ မဆိုနိုင်ပါဘူး။ တကယ်တော့ စည်းလုံး ညီညွတ်တဲ့ စိတ်ဓါတ်မျိုးရှိဖို့ဟာ အခြေခံပညာရေးအဆင့်မှာကတည်းက ကျောင်းပညာရေးထဲမှာ ကျောင်းသားတွေ အနေနဲ့ စစ်မှန်တဲ့ ပညာရေးလွတ်လပ်ခွင့်နဲ့ အတူတကွနေထိုင် ပညာသင်ခွင့် ရဖို့သာ လိုတာပါ။ အထူးသဖြင့် ကျောင်းသားတွေ အတူတကွ ပူးပေါင်း လုပ်ဆောင်ရတဲ့ ကျောင်းတွင်း လှုပ်ရှားမှု (Activities) တွေနဲ့သာ အဓိက သက်ဆိုင်တာပါ။ မြန်မာနိုင်ငံမှာက အခြေခံပညာမှာရော တက္ကသိုလ်မှာပါ ကျောင်းသူ ကျောင်းသားတွေ အတူတကွ ယှဉ်တွဲ ပူးပေါင်း လုပ်ဆောင်ရတဲ့ လှုပ်ရှားမှုမျိုး မရှိပါဘူး၊ ပူးပေါင်း လုပ်ဆောင်မှုမျိုးကိုလည်း ခွင့်မပြုပါဘူး။

အဲဒီအပြင် တူညီဝတ်စုံ ၀တ်ရမယ်ဆိုတဲ့ စည်းကမ်းချက်ဟာ ပညာရည်တိုးတက်မှုနဲ့လည်း လုံးလုံး မသက်ဆိုင်တာကြောင့်မို့လို့ ကျောင်းသားတွေကတော့ သူတို့ကို သက်သက် ချုပ်ချယ်ကန့်သတ်ထားတဲ့ အမိန့် တခုလိုသာ ယူဆကြပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ပညာရေးအာဏာပိုင်တွေဟာ ကျောင်းသားတွေ အပေါ်မှာ ကျောင်းခေါ်ချိန်ကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်သလိုပဲ တူညီဝတ်စုံဝတ်ရမယ် ဆိုတဲ့ အမိန့်ကိုလည်း အာဏာစက် တခုလို ကိုင်တွယ်ထားတာကြောင့်သာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ယှဉ်ရင် ပညာရေးအရာမှာ ကမ္ဘာ့အဆင့်မီ ဖြစ်နေတဲ့ ထိုင်းနိုင်ငံရဲ့ တက္ကသိုလ်တွေမှာလည်း တက္ကသိုလ်ကျောင်းသားတွေဟာ တူညီဝတ်စုံ ယူနီဖောင်း ၀တ်ကြရပါတယ်။ ဒါပေမဲ့ ကျောင်းသားအခွင့်အရေးနဲ့ ပညာရေးလွတ်လပ်ခွင့် အပြည့်ရနေတဲ့ ကျောင်းသားတွေအတွက်တော့ ကျောင်းဝတ်စုံ (Uniform) ၀တ်ရခြင်းက စိတ် အနှောက်အယှက် မဖြစ်စေတော့ပါဘူး။ အဲဒီ စည်းကမ်း သတ်မှတ် ချက် ကို လိုက်နာဖို့လည်း ၀န်မလေးတော့ပါဘူး။ ကျောင်းဝတ်စုံ မ၀တ်ခဲ့ရင် တချို့ ဆရာတွေက စာသင်ခန်းထဲ ပေးမ၀င်တဲ့အတွက် ကျောင်းသားတွေဟာ သူတို့အတွက် အဖိုးတန်တဲ့ စာသင်ချိန်တွေကို လက်လွတ်မခံနိုင်တာမို့ ယူနီဖောင်းကို ဂရုစိုက်ဝတ်ကြ ရပါတယ်။ ပြီးတော့ ကျောင်းဝတ်စုံနဲ့ မဟုတ်ရင် စာကြည့်တိုက်ဝင်ခွင့်၊ ကွန်ပျူတာခန်းတွေလည်း ၀င်ခွင့်မရပါဘူး။


ဒါပေမဲ့ ထိုင်းနိုင်ငံမှာတော့ ကျောင်းသားတွေဟာ နှစ်ပေါင်းများစွာကတည်းက အစဉ်အလာ ရှိပြီးသား ဖြစ်တဲ့အတွက် တူညီဝတ်စုံ ၀တ်ရတာကို ဘာမှ ထူးထူးခြားခြား မခံစားရဘူးလို့ ပြောကြပါတယ်။ ကျောင်းသူတွေကတော့ တူညီဝတ်စုံ ၀တ်ရတာကြောင့် အ၀တ်အစားအတွက် အချိန်ပို မကုန်တော့ဘူး၊ အလုပ်မရှုပ်တော့တာမို့ ပိုကောင်းတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာကတော့ တူညီဝတ်စုံဟာ ကျောင်းသား တွေကို ကန့်သတ်ချုပ်နှောင်တဲ့ အမိန့်လို ဖြစ်နေပါတယ်။ ကျောင်းသားတွေအတွက် အဓိကလိုအပ်တဲ့ အဆင့်မြင့်ပညာရေး၊ အဆင့်မီ ပညာရေးကိုတော့ ဖြည့်ဆီး ဖန်တီး မပေးနိုင်ဘဲနဲ့ နေရာတိုင်းမှာ ချုပ်ချယ် ကန့်သတ် ထားတာသာ ရှိတာမို့ ကျောင်းသားတွေဟာ တူညီဝတ်စုံ သတ်မှတ်ချက်ကိုလည်း ချုပ်ချယ်မှု တခုလိုပဲ လက်ခံထားကြတာဖြစ်ပါတယ်။

ခု မြန်မာနိုင်ငံမှာက ကျောင်းဝတ်စုံ မ၀တ်ရင် ကျောင်းဝင်းထဲမ၀င်ရဘူး ဆိုတာအပြင် ကျောင်းအလိုက် ၀တ်စုံ အရောင်ကို ခွဲခြားသတ်မှတ်ထားပြီးတော့ တကျောင်းနဲ့ တကျောင်း လုံးဝ ကူးသန်း သွားလာ မလုပ်ရ ဆိုတာမျိုးအထိပါ ပိတ်ပင် တားဆီးထားပါတယ်။ အဲဒီ တားမြစ်ချက်ကို ချိုးဖောက်ရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ပါ ကြေငြာထားတာမျိုးဟာ ဘယ်နိုင်ငံရဲ့ ဘယ်တက္ကသိုလ်မှာမှ မရှိတဲ့ စည်းကမ်း ဥပဒေမျိုးပါ။ အထူးသဖြင့် ကွန်ပျူတာ တက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်လို လူနည်းစုသာရှိတဲ့ ကျောင်းတွေမှာဆိုရင် ကျောင်းသား ကျောင်းသူတွေကို လွန်လွန်ကဲကဲ တင်းတင်းမာမာ စည်းကမ်း ကိုင်တွယ်နေတာ တွေ့နေရ ပါတယ်။

ရန်ကုန် ရွာသာကြီးမှာရှိတဲ့ ကွန်ပျူတာတက္ကသိုလ်မှာဆိုရင် ကျောင်းအုပ်ဆရာမကြီးက တူညီဝတ်စုံကိစ္စကို အလွန်ကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်တယ်လို့ ဆိုပါတယ်။ ဖျားနာနေတဲ့ကြားက ကျောင်းခေါ်ချိန် မပြည့်မှာကြောက်လို့ အနွေးထည်ဝတ်ပြီး ကျောင်းလာတက်တဲ့ ကျောင်းသူတွေကိုတောင် ယူနီဖောင်းအပေါ်မှာ အနွေးထည် ထပ်ဝတ်ဖို့ ခွင့်မပြုတဲ့အတွက် ဒုက္ခရောက်ကြရတယ်လို့ ဆိုပါတယ်၊ တကြိမ်မှာဆိုရင် အနွေးထည် ၀တ်ထားတဲ့ ကျောင်းသူတယောက်ကို အနွေးထည်ကို သိမ်းယူသွားပြီးတော့ ပြန်မပေးတာမျိုးတောင် ရှိတယ်လို့ အဲဒီ ကွန်ပျူတာ တက္ကသိုလ်က ကျောင်းသူ တယောက်က ပြောပြပါတယ်။ ဒါဟာ ကျောင်းစည်းကမ်း အရ အရေးယူတာမျိုးနဲ့ မတူတဲ့အပြင် မိဘနဲ့ တဂိုဏ်းတည်း နေရာမှာရှိတဲ့ ဆရာ တယောက်အနေနဲ့ ကိုယ့် တပည့်တွေအပေါ် မလုပ်သင့်တဲ့ အလုပ်မျိုးပါ။ တကယ်တော့ ထိုင်းနိုင်ငံက တက္ကသိုလ်တွေမှာဆိုရင် စာသင်ခန်း စာကြည့်တိုက် နဲ့ ကွန်ပျူတာခန်းတွေ အားလုံး လေအေးပေးစက် သုံးတာမို့လို့ ကျောင်းသူတွေ ကျောင်းသားတွေဟာ အားလုံးလိုလို အနွေးထည်လို အပေါ်အင်္ကျီတွေ ၀တ်ကြရတာပါပဲ။ ဒါပေမဲ့ ခုန ကွန်ပျူတာ တက္ကသိုလ်မှာလို ပြဿနာ အလုပ်ခံရတာမျိုး မရှိပါဘူး။

တက္ကသိုလ်ကျောင်းသားတွေအတွက် တူညီဝတ်စုံ ၀တ်ခြင်း မ၀တ်ခြင်းက ပြဿနာမဟုတ်ပါဘူး။ တက္ကသိုလ် ကျောင်းသားတွေကို ဘက်ပေါင်းစုံကနေ ချုပ်ချယ်ကန့်သတ် ပိတ်ပင်တားဆီးပြီး ပညာရေးလိုအပ်ချက်တွေကို ကျတော့ အဓိက ပြဿနာတွေ ဖြစ်လာတာပါ။ ဒါကို စစ်အစိုးရက နားလည်နိုင်မှု မရှိတောင်မှပဲ ပညာရေး အာဏာပိုင်ဖြစ်တဲ့ ဆရာ ဆရာမတွေက ကိုယ် ထိတွေ့ကိုင်တွယ်နေရတဲ့ ကျောင်းသားတွေရဲ့ ပြဿနာ တွေအပေါ် နားလည် ငဲ့ညှာစွာနဲ့ ကူညီဖြေရှင်းပေးရမှာဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ပညာရေး ဆောင်ပုဒ်တခု ဖြစ်တဲ့ “မိဘဆရာ ပူးပေါင်း ကလေးပညာကောင်း” ဆိုတာနဲ့ တသဘောတည်းပါပဲ။ ဒါကြောင့် ဆရာဆရာမတွေ အနေနဲ့ ကျောင်းသားကျောင်းသူတွေအပေါ် စေတနာထားပြီး ကူညီဆောင်ရွက်ပေးသင့်တယ် လို့ ဆွေးနွေး တင်ပြလိုက်ရပါတယ်။

မေငြိမ်း
၁၈၊၉၊၀၇။

 

© 2007 IngridGrey By Arephyz