သမိုင်းကို သင်တာ မအ အောင်လို့လို့ သမိုင်းပါရဂူ ဒေါက်တာ သန်းထွန်းက ပြောခဲ့ပါတယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံ မှာ ကျွန်မတို့ တွေ သမိုင်း ဆိုတာကို တတိယတန်း ကျောင်းသူ ဘ၀က စပြီး သင်ကြားခဲ့ကြရပါတယ်။ ကျွန်မတို့ တွေ သမိုင်းကို မှန်မှန်ကန်ကန် သင်ကြားခံခဲ့ကြရရဲ့လား။ ကျောင်းများမှာ သမိုင်းကိုဖတ်ပြီး ကျောင်းသားများ ကိုယ့်အမြင်ကို ဆွေးနွေးတင်ပြ အတွေးဖလှယ်ခဲ့ကြရရဲ့လား။ စတုတ္တတန်း ဆရာမက လွဲလို့ တခြားဆရာများ ထံက တခါမှ မရခဲ့ ဖူးပါဘူး။ ဆရာမ ကျောက်သင်ပုန်းမှာ ရေးပေးတဲ့ မေး၊ ဖြေ သင်ခန်းစာများကိုလိုက်ကူးပြီး သမိုင်းကို သမိုင်း ကြောင်းလို မလေ့လာခဲ့ရဘဲ ကြောက်စရာ ကျက်စာတစ်ရပ် အနေနဲ့ အလွတ်ကျက်ပြီး ဖြေခဲ့ ကြရတဲ့ ကျောင်းသား တွေ ဒုနဲ့ဒေးပါ။
ကျွန်မရဲ့အဘွားကို အဘိုးက သမိုင်းပါမောက္ခလို့ နောက်ပြီးခေါ်ပါတယ်။ ကလေးပုံပြင် စာအုပ်ထဲက ပုံပြင် များကို ဘယ်တော့မှ မပြောဘဲ သူသိတတ်သမျှ သမိုင်းကြောင်းများဟာ ကျွန်မတို့လို မြေးများအတွက် အိပ်ရာဝင် ပုံပြင် များ ဖြစ်ခဲ့ရပါတယ်။ အဘွားဆိုတော့ ကျောင်းက ဆရာမလို ကြောက်စရာလဲ မလို၊ ကိုယ့် ကိုလဲ စကားသွက်တဲ့ မြေးဆိုပြီး သိပ်ချစ်တဲ့ အဘွားက မေးသမျှကို မငြီးမငြူ အတတ်နိုင်ဆုံး ဖြေပေးပါ တယ်။ ဒီလိုနဲ့ ကျွန်မဟာ သမိုင်းကို အိပ်ရာဝင် ပုံပြင်အဖြစ် လေ့လာနိုင်ပြီး အမှတ်ကောင်း ရခဲ့ပါတယ်။
ဒါပေမယ့် အထက်တန်းရောက်တော့ ပြဿနာ စပါရော.. ဆရာပေးတဲ့ မေး၊ ဖြေတွေကို အလွတ်မကျက် ဘဲ ပြန် ဝေဖန် ဆန်းစစ် မိတဲ့အတွက် တက်တဲ့ ပြဿနာပါ။ ဆရာနဲ့ ကျွန်မကြားက ပြဿနာ မဟုတ်ပါ ဘူး။ ဆရာနဲ့ ကျွန်မက တစ်ဘက် ပညာရေးစနစ်က တစ်ဖက် တက်ကြတဲ့ ပြဿနာ ပါ။ န၀မတန်းမှာ အတန်းထဲက မိနစ် ၂၀တွင်း အကြိုက်ဆုံး သီချင်းတစ်ပုဒ် ခေါင်းစဉ်နဲ့ စာစီစာကုံးပြိုင်ပွဲမှာ ကျွန်မကို အားရခဲ့တဲ့ မြန်မာစာ ဆရာ အတန်းမှူးနဲ့ ဒသမတန်းက မြန်မာစာ ဆရာတို့က ကျွန်မကို အတော် အားထားခဲ့ကြရှာပါတယ်။ ကျွန်မတို့ ကျောင်းက မြန်မာတပြည်လုံး ပထမ၊ ဒုတိယ၊ တတိယ စသဖြင့် ဗိုလ်စွဲနေကျမို့ သူတို့က ကျွန်မကို မြန်မာစာ နေရာမှာ တော်တော် အားကိုးခဲ့ကြတာပါ။
ပြဿနာ က မိဘုရားဖွားစော ကျောက်စာပါ။ မိဘုရားဖွားစော ကျောက်စာကို သင်ဖို့မှာ ဖွားစောကို အလှူဒါန အတွက် တော်တော် အမွှမ်းတင် ပေးရပါတယ်။ ကျွန်မက ဆရာများ ပေးတဲ့ ဒီလိုမေး၊ ဒီလိုဖြေ စနစ်ကို မလိုက်နာ ပါဘူး။ ကိုယ့်ဟာကိုယ် ကိုယ့်အတွေးနဲ့ကိုယ် ဖြေပါတယ်။ ကျွန်မကို ဒီလို မဖြေဖို့ ဆရာများက နားချရှာပါတယ်။ ၀န်ကြီးဌာနက ထုတ်ပေးတဲ့ ဆရာလက်ကိုင် သင်ရိုးကိုတောင် ဆရာများက ကျွန်မကို ငှားရှာပါတယ်။ သင်ရိုးနဲ့ အညီ ဖြေမှ အမှတ်ကောင်းမှာမို့ ကျွန်မကို မြန်မာစာ အမှတ် အကောင်း ဆုံးဆု ရစေချင်လို့ပါ။ တနိုင်ငံလုံးက ဆယ်တန်း ကျောင်းသားများ ရင်ခုန်တဲ့ အခြေခံပညာ အထက်တန်း စာမေးပွဲမှာ မြန်မာစာမှာ မိဘုရားဖွားစော ကျောက်စာမှ ရရှိသော ဖွားစောရဲ့ စိတ်နေစိတ်ထားကို မေးပါ တယ်။ ကျွန်မကလဲ ခေါင်းမာစွာနဲ့ ကျွန်မ ယုံကြည် လက်ခံတဲ့ အတိုင်း ဖြေပါတယ်။ စာမေးပွဲခန်းက ထွက်လာတဲ့ ကျွန်မကို ဆရာက သမီးဖြေနိုင်လားတဲ့ မေးရှာပါ တယ်။ ဟုတ်ကဲ့ ဆရာ သမီး သိပ်ဖြေနိုင် ပါတယ် ဆိုတော့ ဘယ်အပုဒ်ကိုဖြေလဲတဲ့။ ဖွားစောကျောက်စာကို ဒီလို ဖြေလိုက် တယ် ဆိုတော့ ဆရာက သက်ပြင်းချရင်း ခေါင်းယမ်းရှာပါတယ်။ ကျွန်မ မျှော်လင့်ထားတဲ့အတိုင်းပဲ မြန်မာစာကို ကျွန်မ ဂုဏ်ထူး ထွက်ခဲ့ပေမယ့် ဆရာတွေ မျှော်မှန်းတဲ့ အမြင့်ဆုံး အမှတ်နဲ့ လွဲခဲ့ပါတယ်။
ကျွန်မ ဘယ်လိုဖြေခဲ့လဲ ဆိုတော့ လှူချင်တန်းချင်၊ ဗုဒ္ဓဘာသာဝင်ပီပီ ဘာသာတရားကို သက်ဝင်ယုံကြည် ပြီး ကောင်းတဲ့ တခြား အချက်တွေ သူ့စိတ်ထဲမှာ အများကြီး ပါပေမယ့် ဆိုးတဲ့ စိတ်ထားအနေနဲ့
မိဘုရားဖွားစောဟာ သူ့ကျောက်စာတစ်မျက်နှာမှာ ငါ ဆယ့်ရှစ်လုံး ပါအောင် ငါချင်းထပ် ကျောက်စာ ရေးထိုး ခဲ့တဲ့အတွက် ငါစွဲ ငါမာန် ကြီးကြောင်း
အလှူကို ကျောက်ထက် အက္ခရာ တင်ရာမှာ ငါ့လင်မင်းကြီး၊ ငါ့သားမြေးကြီး၊ ငါ့မြေးမင်းကြီးလို့ မင်းမျိုး ဖြစ်ရ တာကို အမွှမ်းတင်နေခဲ့ပေမယ့် သူ့ဖခင် လယ်သမားကြီးကို ကျောက်စာမှာ မတွေ့ရတဲ့အတွက် မိဘကျေးဇူးနဲ့ ဘ၀ဟောင်းကို မေ့ပြီး ရွှေနန်းစည်းစိမ် ကိုသာ သာယာမက်မောသူလို့ ကောက်ချက် ချနိုင်ကြောင်း
မြေးတောင် ဘုရင်ဖြစ်နေချိန်မှာ သူ့အသက်ဟာ တော်တော် အိုနေပြီလို့ တွက်လို့ရပေမယ့် အလှူအတန်း လုပ်ပြီး သူ့အတွက်ကိုသာ လူစည်းစိမ်၊ နတ်စည်းစိမ်ကိုသာ အဓိက ထားပြီး တောင်းဆိုခဲ့တဲ့အတွက် သိင်္ဃသူ့သမီး ကျောက်စာ နဲ့ အနှစ်သာရ လွန်စွာ ခြားနားနေကြောင်း၊ မင်းစည်းစိမ်ကို တော်တော် ယစ်မူး သာယာနေသည်မှာ ထင်ရှားနေကြောင်း
ကျောက်စာကို ဖတ်ပြီး ဘယ်အလှူက ဘာအတွက်လို့ စီမံခန့်ခွဲပုံကို တွေ့ရတဲ့အတွက် အသေးစိတ် စီမံ ခန့်ခွဲ လိုစိတ် ပြင်းပျသည်ကို တွေ့ရကြောင်း၊ ပုဂံ နန်းတွင်းရေး မှာလဲ တော်တော် စီမံခန့်ခွဲ ခဲ့တယ်လို့ ယူဆရကြောင်း၊ သူ့လက်ထက်မှာပဲ တရုတ်ပြေးမင်း ရာဇ၀င် တွင်ခဲ့ရတဲ့အတွက် ပုဂံထီးနန်း ကျဆုံးခဲ့ရတဲ့ အတွက် သူ့စနက်နဲ့ သူ့ရဲ့ စီမံခန့်ခွဲမှု စွမ်းရည်ကို သံသယ ရှိဖွယ် ဖြစ်ကြောင်း
အဲလို ဖြေလိုက်မိပါတယ်ရှင်။ အဲလို အဖြေကို ဘာလို့များ မနှစ်မြို့နိုင်ရတာပါလိမ့်။ ဘာလို့များ အမှတ် မပေးနိုင် ရတာပါလိမ့်။ ဘာလို့များ အဲလို မဖြေစေချင်ရတာပါလိမ့်။ ကျွန်မကတော့ ကိုယ့်ယုံကြည်ချက်ကို အမှတ်နဲ့ မလဲ နိုင်ပါ။ အမှတ်နည်း ခဲ့ရတဲ့ အတွက်လဲ ကိစ္စမရှိပါ။ သို့သော် မြန်မာ့သမိုင်းတွင် အုပ်ချုပ်သူ ဘုရင်မျိုး ဘာလုပ်လုပ် ကောင်းပါတယ် လို့ချည်း ဘာကြောင့် ခုထိ လက်ခံကျင့်သုံးကာ ပညာရေးတွင် ပြဌာန်း ထားရပါသနည်း။ ဒါအပြင် ရာဇ၀င် ဆရာ အဆက်ဆက်တို့ကလဲ လယ်သူမ ဘ၀ကနေ မင်းသုံး ဆက် မိဘုရားကြီး ဖြစ်ခဲ့တဲ့ ဖွားစောကို အမွှမ်းချည့် တင်ထားကြပါတယ်။ သာမန် အညတြ အိမ်တွင်းအောင်း ကျွန်မ အနေနဲ့ လွန်ခဲ့တဲ့ နှစ် တစ်ထောင် ခန့်က မိဘုရား ဖွားစောကို မနာလိုစရာ အကြောင်း မရှိပါဘူးနော်။
မင်းဆိုတာ သမုတိနတ်မို့ စိတ်နဲ့တောင် မပြစ်မှားကောင်းဘူး ဆိုတဲ့ စကားကို ကြားရတော့ ပြုံးမိပါတယ်။ မြတ်စွာ ဘုရားက သူ့ကိုတောင် သူ့စကားကို မျက်စိမှိတ် မယုံဘဲ ဝေဖန်ဖို့ ကာလာမသုတ်မှာ ဟောကြားခဲ့မှတော့ ဝေဖန် ဆန်းစစ်တာကို ပြစ်မှားတာလို့ ယူဆလို့ မရကြောင်း ထင်းထင်းကြီး တွေ့နိုင်ပါတယ်။ သုံးလောက ထွတ်ထား ဘုရားရှင်က သူ့ကိုတောင် ဝေဖန် ဆန်းစစ်တာ လက်ခံရင် မင်း ဆိုတာ သမုတိ နတ်မကလို့ ဘာဖြစ်ဖြစ် ဘုရား ထက်တော့ အများကြီး နိမ့်တာ လူတိုင်း သိပါတယ်။ ဝေဖန် ဆန်းစစ် မခံနိုင်တာ မခံရဲတာ ဘာလို့ပါလိမ့်။
မြတ်စွာဘုရားကို ကျွန်မတို့ ယုံကြည် ကိုးကွယ် နေသည်မှာ သူက ဘုရားဖြစ်နေသောကြောင့် သူဘာလုပ်လုပ် အကောင်းထင်ပြီး ကျွန်မတို့က ယုံကြည် ကိုးကွယ် နေခြင်း မဟုတ်ပါ။ ဓမ္မစကြာ တရားဦးလေး ဟောဖို့အရေး တပည့်သာဝကများက သူ့ဆီသွားပြီး ဆည်းကပ်သည် မဟုတ်၊ ဘုရားရှင်က တပည့်သာဝက များထံ သွားပြီး တရားဟော ရရှာတာ ဖြစ်ပါတယ်။ ဒါတောင် ပဉ္စ၀ဂ္ဂီ ငါးပါးက ဘုရားလို့ လက်မခံပါဘူး။ ငါ့တရားကို နာပြီးမှ ငါ့ကို ဆုံးဖြတ်ဟု ဆိုကာ တရားဟောရင်း တရားအဆုံးမှာ ပဉ္စ၀ဂ္ဂီ ငါးပါးလုံး ရဟန္တာ ဖြစ်ပြီး မြတ်စွာဘုရားကို ဘုရားဟု လက်ခံ လိုက်ခြင်းသာ ဖြစ်ပါသည်။ သူဟောသော တရား၊ သူ့လုပ်ရပ်ကြောင့် ကျွန်မတို့က သူ့ကို ဘုရားဟု သတ်မှတ် ကိုးကွယ်ခြင်း ဖြစ်ပါသည်။ သူက ဘုရားဖြစ်နေလို့ ကျွန်မတို့က သူ့တရားကို လက်ခံတာ မဟုတ်ပါ။ ထို့အတူ မြတ်စွာဘုရားရှင် လက်ထက်က လူများကလည်း ကျွန်မတို့နည်းတူ တရားကို နာပြီးမှ ဘုရားဟု လက်ခံ ကြခြင်း ဖြစ်ပါတယ်။ လူထုရဲ့ ယုံကြည်လက်ခံမှုကို အာဏာနဲ့ ရယူခဲ့တာ မဟုတ်ဘဲ မဟာ ကရုဏာတော်နဲ့သာ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ငါဟောလို့ ဆိုပြီးလဲ မျက်စိမှိတ် မယုံလိုက်ပါနဲ့ဦးလို့တောင် အတိအလင်း မိန့်ဆို ဟောကြားပြီး သတ္တ၀ါတို့ရဲ့ ပညာမျက်စိ အလင်းဓာတ်ကို ဖွင့်ပေးခဲ့သူ ဖြစ်ပါတယ်။ တန်ခိုးတော် အနန္တရှင် ဖြစ် လျက် လူအများ ဘုရားရဲ့ တရားကို ယုံဖို့ တန်ခိုးနဲ့ မလုပ်ခဲ့ဘဲ အပင်ပန်းခံပြီး ၄၅နှစ်တိတိ တရားဟောပြ ဆုံးမ တော် မူခဲ့ပါတယ်။ ဒါကြောင့်လဲ မြတ်စွာဘုရားက ကာလာမသုတ်တွင် ဒီလို ဟောကြားခဲ့ရင်း သူတရားတော် များနဲ့ ပတ်သက်ပြီး တလောကလုံးကို စိန်ခေါ်နိုင်ခြင်း ဖြစ်ပါတယ်။
ကေသမုတ္တိ နိဂုံးသား ကာလာမမင်းတို့အား မြတ်စွာဘုရားဟောကြားခြင်း...
“ ကာလာမ မင်းတို့ ၊ သင်တို့မှာ ယုံမှားသံသယ ဖြစ်သင့်ပေ၏ ။ သင်တို့သည်
(၁) ပြောသံ ကြားကာမျှဖြင့် ဟုတ်ပြီ ။ မှန်ပြီ ဟု အတည်မယူကုန်လင့်ဦး ။
(၂) အစဉ် အဆက် စကားများဖြင့်လည်း မယူကုန်လင့်ဦး ။
(၃) ဤသို့ ဖြစ်ဖူသတတ်ဟူသော စကားမျှဖြင့်လည်း မယူကုန်လင့်ဦး ။
(၄) ပိဋကတ်စာပေ နှင့် ညီညွတ်ပေသည် ဟူ၍လည်း မယူကုန်လင့်ဦး ။
(၅) ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး ။
(၆) အခြင်းအရာကို “ ကြံစည်” သော အားဖြင့်လည်း မယူကုန်လင့်ဦး ။
(၇) မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူကုန်လင့်ဦး ။
(၈) ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍ လည်း မယူကုန်လင့်ဦး ။
ကာလာမ မင်းတို့ ---
(၉) ဤတရားတို့ကား အကုသိုလ်တရား ။ အပြစ်ရှိသော တရား ။ ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတည်း ။ထိုတရားတို့ကို ကျင့်သုံးပါက အစီးအပွားမရှိခြင်ငှာ ၊ ဆင်းရဲခြင်းငှာ ။ ဖြစ်ကုန်၏ ဟု သင်တို့သည် “ မိမိတို့ ကိုယ်တိုင် ” သိသော အခါ၌ ယင်းတို့ကို စွန့်ပယ်ရာ၏ ။
(၁၀) ဤတရားတို့ကား ကုသိုလ်တရား ။အပြစ် မရှိသော တရား ။ ပညာရှိတို့ ချီးမွမ်းအပ်သော တရားများဖြစ်၍ ယင်းတို့ကို ကျင့်သုံးပါက အစီးအပွားရှိသည် ချမ်းသာခြင်းငှါ ဖြစ်သည်ဟု “မိမိ ကိုယ်တိုင် ” သိသော အခါ၌ မူ သင်တို့သည် ယင်းတို့နှင့် ပြည့်စုံ နေကုန်ရာ၏ ။
( အဂုင်္တ္တရနိကာယ် ။ တိက နိပါတ် ။ မဟာ ဝဂ် ကေသ မုတ္တိသုတ်)
ဒါကြောင့် အုပ်ချုပ်သူ လူတန်းစားများ အနေနဲ့ မှတ်ကျောက် တင်ခံနိုင်ဖို့ လိုပါတယ်။ ဒါပေမယ့် ကျွန်မတို့ နိုင်ငံရဲ့ ပညာရေးက မှတ်ကျောက်ကို ပစ်ပယ်၊ အုပ်ချုပ်သူ လူတန်းစားကို ကောင်းကွက်ချည့် ရှာခိုင်း၊ အမွှမ်းတင်ခိုင်းတာ၊ အုပ်ချုပ်သူ လူတန်းစားဖက်ကိုချည့် စဉ်းစားပေးခိုင်းပြီး အုပ်ချုပ်ခံ လူတန်းစားရဲ့ ခံစားချက်နဲ့ ဘ၀ဒုက္ခတွေကို လျစ်လျူရှုနေတာကို ၀မ်းနည်းစွာ တွေ့ရပါတယ်။ တကယ်တော့ အုပ်ချုပ်သူရော အုပ်ချုပ်ခံပါ လူသားတွေ၊ အမိမြေရဲ့ နိုင်ငံသားတွေချည့်ပါပဲ။ ဒီလို ပညာရေးစနစ်ကြောင့် ဒီလို အုပ်ချုပ်ရေး စနစ် ဖြစ်လာတာလား ဒီလို အုပ်ချုပ်ရေးစနစ်က ဒီလို ပညာရေးစနစ်ကို သင်ကြားစေတာလား စဉ်းစားစရာပါ။ သင်သာ အုပ်ချုပ်သူ နေရာရောက်ရင် ဘယ်လို စဉ်းစားမလဲ ဆိုတဲ့ မေးခွန်း ထက် သင်သာ ဒီလို အုပ်ချုပ်ခံရရင် ဘယ်လို စဉ်းစားမလဲ ဆိုတာလေးကိုလဲ တပြန်တလှည့် တွေးပေးကြဖို့ ကောင်းပါတယ်။ လူမျိုးတူချင်း၊ လူသားချင်း ကိုယ်ချင်းစာစိတ်လေးများ ရှိကြရင် ဒီလို ၂ဦး၂ဖက် လုံးအတွက် မျှတတဲ့ အတွေးလေးများ ၀င်ကြရင် ရေးရကျိုး နပ်ပါပြီ။ ကျွန်မရဲ့ ဆောင်းပါးလေးကိုလဲ ကာလာမ သုတ်နဲ့ နှိုင်းယှဉ်ပြီး ဝေဖန်ပေးကြပါဦးနော်…
Monday, October 8, 2007
ကျွန်မ၊ သမိုင်းနဲ့ ထော်လော်ကန့်လန့် ပညာရေး
Posted by ခွန်မြလှိုင် at 1:48 AM
Subscribe to:
Post Comments (Atom)
3 comments:
very good!
A really good article...
I'm really surprised when you discussed about Queen Phwa Saw's Stone Script...For me, I'm really obsessed with marks,,,so,,,i just memorize what teachers gave me...I never realized that Queen never mentions about her father...:D
I'm really sad and ashame that i never think seriously...critical thinking is indeed important...and it's one of the skill i'm lack of and need attention as i'm studying in US college which promotes critical thinking...
and it's really good that you mentioned Buddha's teachings in your article which enhanced your standings... it'll be great if you can recommend some books which express in layman language...
What i think is that it's all because of Fear what our Lady said...Fear of losing marks in exam,,,fear of teachers...leads students to memorize... this made the whole system in bad shape...
အစ်မ..ရေ....
အစ်မရေးတဲ့စာတွေဖတ်ရတာ...သိပ်အားရတာပဲနော်....
၉၆...ဆယ်တန်းအောင်ဆိုမှ...ကိုယ်နဲ့သိပ်မကွာတာသိရတယ်........
တိုက်ဆိုင်လို့ပြောလိုက်ချင်သေးတယ်......
၁၀တန်းမှာ..english..subject ကို.အရမ်းလေ့လာကြိုးစားခဲ့ပါတယ်....အလွတ်ကြက်ဖြေစနစ်ကို...သဘောမကျခဲ့တဲ့.အစွဲ
လေးကြောင့်..သိပ်hotနေ တဲ့.အက်ဆေးပါလာ
ခဲ့ပေမယ့်....ဂုဏ်ထူးသမားဆိုတဲ့အတွေးနဲ့...
လုံးဝ unseen ကိုပဲရွေးဖြေခဲ့တယ်လေ......
၇၂မှတ်....ဂုဏ်ထူးနဲ့ကပ်လွဲခဲ့ရပေမယ့်ကိုယ့်ယုံကြည်မှုအတွက်....အခုထိကျေနပ်နိုင်ခဲ့ပါတယ်.........
ပညာရေးမှာ..........
အတွေးအခေါ်ကိုဦးစားပေးတဲ့စနစ်.....မြန်မာပြည်မှာ.....ထွန်းကားစေချင်ပါရဲ့.နော်.............
Post a Comment