ဆရာတွေအကြောင်း …
ရေးသားသူ - - ခင်နှင်းစိုး
လူတွေဟာ သူတို့စိတ်ဓါတ်ပေါ် မူတည်ပြီး ပြောဆို ဆက်ဆံ ပြုမူတတ်ကြပါတယ်။ ကျွန်မလုပ်သက် ဆယ့်သုံးနှစ်ကျော်မှာ လုပ်ဖော်ကိုင်ဖက် အမျိုးမျိုး ရှိခဲ့တယ်။ စည်းကမ်းမဲ့၊ တာဝန်မသိတတ်သူတွေ၊ ကိုယ်နာမည်ကောင်းရဖို့ သူများကို ဂျောက်တွန်းသူတွေ၊ ကိုယ့်အမှားကို ၀န်မခံချင်သူတွေ၊ ကိုယ်ပဲမှန်တယ်ဆိုပြီး ခေါင်းမာသူတွေကို၊ အင်ဂျင်နီယာဖြစ်တုန်းက လျစ်လျူရှုနိုင်ခဲ့ပေမယ့်၊ ဆရာမဖြစ်လာတော့ အဲလိုလုပ်ဖော်ကိုင်ဖက်မျိုးကို တွေ့တိုင်း၊ သူတို့သင်တဲ့အတန်းထဲက ကျောင်းသားတွေအတွက် စိတ်မကောင်း ဖြစ်မိတယ်၊ ဆရာတယောက်အနေနဲ့ သူတို့လုပ်ရပ်တွေကို သဘောမကျမိဖူး။
ဆရာတွေကို သင်တန်းပေးတဲ့အခါတိုင်း၊ လုပ်ဖော်ကိုင်ဖက် ဆရာတွေနဲ့ ဆွေးနွေးဖြစ်တိုင်း၊ ဆရာပီသတဲ့ စိတ်ဓါတ် ရှိဖို့ အရေးကြီးတဲ့အကြောင်း ကျွန်မက အမြဲ ပြောလေ့ရှိတယ်။ ဆရာတွေရဲ့ စိတ်ဓါတ် နဲ့ အလုပ်အပေါ်ထားတဲ့ ခံယူချက်တွေက သူတို့ကျောင်းသားတွေအပေါ် အများကြီး အကျိုးသက်ရောက်စေတယ် ဆိုတာကို ဆရာတွေ အမြဲသတိပြုမိ စေချင်ပါတယ်။
လက်တွေ့ဘ၀မှာ ဆရာပီသတဲ့စိတ်ဓါတ်နဲ့ ဆရာတွေကို ကျွန်မကြုံခဲ့ဖူးပါတယ်။ သူတို့ကို လေးစားမိသလို၊ သူတို့လို ဆရာတွေ ရှိပါသေးလား ဆိုပြီး ၀မ်းသာပီတိ ဖြစ်ရတယ်။
အိပ်စိုက်သင်တဲ့ဆရာ
ဆရာအများစုက စာသင်တဲ့အခါ လစာရကြတယ်။ တချို့တွေက အခမဲ့စာသင်ပေးတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကျောင်းဖွင့်ပြီး၊ ကျောင်းသားတွေကို အခမဲ့စာသင်ပေးတဲ့ ဆရာတယောက်နဲ့ တွေ့ခဲ့ပြီးမှ၊ ဆရာတွေရဲ့ အနစ်နာဆိုတာကို နက်နက်ရှိုင်းရှိုင်း ကျွန်မ သဘောပေါက် ခံစားသွားရတယ်။
အဲဒီဆရာ နာမည်က ကိုဝင်းချို။ ညဘက် စားသောက်ဆိုင်တွေမှာ သူက ဂစ်တာတီး၊ သီချင်းဆိုတယ်။ အဲဒီက ရတဲ့ပိုက်ဆံနဲ့ ဆူးဘုတ်ခြံဆိုတဲ့ ကျောင်းလေးကို မြန်မာနိုင်ငံ မြ၀တီမြို့ တဘက်ကမ်းမှာရှိတဲ့၊ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဖွင့်ထားပါတယ်။ ထိုင်း-မြန်မာ နှစ်နိုင်ငံကို ခြားထားတဲ့ သောင်ရင်းမြစ်ပေါ် ဆောက်ထားတဲ့၊ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား ပတ်ဝန်းကျင်မှာ ပျံကျ နေထိုင်ကြတဲ့ မြန်မာမိသားစုတွေရဲ့ ကလေးတွေ သူ့ကျောင်းမှာ လာတက်ကြတယ်။
ညပိုင်း စားသောက်ဆိုင်တွေမှာ အလုပ်လုပ်တာအပြင်၊ နေ့ပိုင်း တနေကုန်နီးပါး သူ့ကျောင်းမှာ စာသင်တဲ့ ကိုဝင်းချိုဟာ အချိန်ကို အရမ်းလေးစားပြီး၊ အချိန်ဇယားနဲ့ အလုပ်လုပ်သူပါ။ သူ့ကျောင်းက ကလေးတွေကို ဘာတွေသင်ရမလဲဆိုတာ လေ့လာတဲ့အချိန်၊ သင်ခန်းစာတွေ ရေးဆွဲတဲ့အချိန်၊ စာသင်တဲ့အချိန်၊ အလုပ်လုပ်ချိန်၊ သူ့ဘာသာ အမြဲတိုးတက်နေအောင် လေ့လာချိန်၊ သူကျွမ်းကျင် ၀ါသနာပါတဲ့ ဂီတနဲ့ သီချင်းတွေ ဖော်ကျူးဖို့ ကြိုးစားချိန် … စသဖြင့် ခွဲခြားထားပါတယ်။
တခြားနိုင်ငံတွေက ကျောင်းသုံးစာအုပ်တွေကို သူလက်လှမ်းမှီသလောက် လေ့လာပြီး၊ သူ့ကျောင်းသားတွေအတွက် သင့်တော်မယ့် သင်ခန်းစာတွေကို သူ့ဘာသာ ရွေးထုတ် သင်ပေးပါတယ်။ စာတွေ့ထက် လက်တွေ့အသိပညာရဖို့ အရေးကြီးနေတဲ့ ကလေးတွေကို ဘ၀မှာ တွေးခေါ်တတ်အောင်၊ နေထိုင်တတ်အောင် သင်ပေးတယ်။
ဥပမာ … နေ့တိုင်း အတန်းနောက်ဆုံးအချိန်မှာ သူက ဂစ်တာတီးပြီး ကလေးတွေနဲ့ အတူသီချင်းဆိုတယ်။ ကလေးတွေကို ဂစ်တာ၊ အီလက်ထရစ် ကီးဘုတ် စတာတွေ သုံးတတ်အောင် သင်ပေးတယ်။ ဂီတကနေတဆင့် ကလေးတွေကို ဖန်တီးတွေးခေါ်တတ်လာအောင် (creativity thinking) သင်ပေးတယ်။ နေ့တိုင်း အတန်းထဲမှာ လက်ရှိ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတာတွေအကြောင်း၊ ကလေးတွေရဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေအကြောင်း ကလေးတွေကို ပြောပြတယ်၊ ကလေးတွေက မေးခွန်းတွေ ပြန်ထုတ်တယ်၊ သူတို့အမြင်တွေကို ပြောတယ်။ သူက ရှင်းပြတယ်၊ ကလေးတွေက ထပ်မေးခွန်းထုတ်တယ်။ အဲလိုနဲ့ ကလေးတွေကို အရာရာမှာ သူများပြောတာ မယုံကြည်ပဲ၊ ရှုထောင့်အမျိုးမျိုးကကြည့်ပြီး၊ ကိုယ့်ဘာသာ ဝေဖန်ပိုင်းခြား တွေးခေါ်တတ်လာအောင် (critical thinking) သင်ပေးတယ်။
ပညာရေးဘွဲ့ တခုမှ မရှိတဲ့၊ ဆရာဖြစ်သင်တန်း မတက်ဖူးတဲ့၊ ဘွဲ့မရခင် ကျောင်းထွက်ခဲ့ရတဲ့ ကိုဝင်းချိုရဲ့ ပညာရေးအပေါ်ထားတဲ့ ခံယူချက်နဲ့ သူ့ရဲ့ ဆရာပီသတဲ့စိတ်ဟာ လေးစားစရာ ကောင်းပါတယ်။ အောက်ခြေလူတန်းစားဘ၀တွေက ပေါက်ဖွားလာတဲ့၊ ပညာရေးဆိုတာကို စဉ်းစားဖို့ အချိန်မရလောက်အောင် တနေ့ရုန်းကန်မှ တနေ့စားကြရတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ ကလေးတွေအတွက်၊ ဘယ်လိုပညာမျိုးဟာ အရေးကြီးသလဲဆိုတာ သူ နားလည်တယ်။ စာ ရေးတတ် ဖတ်တတ် တော်ပြီဆိုတဲ့ သဘောမျိုး သူ့မှာ မရှိဘူး။ သူ့ကလေးတွေကို ကမ္ဘာအဆင့်မှီ အကောင်းဆုံးအသိပညာ၊ အတတ်ပညာတွေ ရစေချင်တဲ့ ရည်မှန်းချက် ရှိတယ်။
စေတနာနဲ့ဆရာ
ကျွန်မ လေး - ငါးတန်း အရွယ်တုန်းက၊ အထက်တန်းပြဆရာမဖြစ်တဲ့ ကျွန်မအမေ စာသင်ချိန်မှာ သူ့အတန်းထဲ လိုက်ထိုင်ခဲ့တာ သတိရမိတယ်။ ကျွန်မအမေက တချို့ဆရာတွေလို အတန်းထဲမှာ ရယ်စရာတွေ မပြောတတ်ပေမယ့်၊ မေမေ့အတန်းထဲမှာ ကျောင်းသားတွေ ပျော်ကြတယ်။ သူ့ကို ရိုသေလေးစားကြတယ်။ စာသင်ရတာ စိတ်ဝင်စားကြတယ်။
ကျွန်မအမေခေတ်တုန်းက ကျောင်းသားဗဟိုပြု (student-centered) သင်ကြားနည်းတို့၊ ကလေးဗဟိုပြု (child-centered) သင်ကြားနည်းတို့နဲ့ ပတ်သက်တဲ့ သင်တန်းတွေ ရှိမယ် မထင်ပါဖူး။ ဒါပေမယ့် မေမေ့ရဲ့ စာသင်နည်းထဲမှာ အချက် သုံးချက် တွေ့ရတယ်။
ပထမအချက်ကတော့ ကျွန်မအမေက သူသင်တဲ့ အင်္ဂလိပ်စာဘာသာရပ်ကို ပိုင်နိုင်တယ်။ စာရှင်းပြတာ ကောင်းတယ်။ ဒုတိယအချက်ကတော့ ဘယ်လိုသင်ရင် ကျောင်းသားတွေ သူ့သင်ခန်းစာမှာ စိတ်ဝင်စားမလဲဆိုတာ သူသိတယ်။ ဥပမာ - ဂရမ်မာနဲ့ ပတ်သက်တဲ့ လေ့ကျင့်ခန်းတွေပဲ မလုပ်ဘဲ၊ ကျောင်းသားတွေ ကြိုက်တတ်မယ့် အင်္ဂလိပ်စကားပုံတွေ ထည့်သွင်းပြောပြလေ့ရှိတယ်။ စကားပုံတွေရဲ့ အဓိပ္ပါယ်ကို ပုံပြင်ပြောသလို စီကာပတ်ကုံးပြောပြရင် ကျောင်သားတွေ ကြိုက်ကြတယ်။ တကူးတက မကျက်ရပဲ မှတ်မိသွားတတ်ကြတယ်။ တတိယအချက်ကတော့ အတန်းထဲမှာ ကျောင်းသားတွေကို စိတ်တိုပြီး အော်ငေါက်တာ မတွေ့ဖူးဘူး။ စာကြိုးစားဖို့ တိုက်တွန်းတယ်၊ ရှင်းပြတယ်။ အင်္ဂလိပ်စာ မလိုက်နိုင်တဲ့ကျောင်းသားတွေ အိမ်မှာ စာလာမေးရင် အချိန်မရွေး သင်ပေးတယ်။
အင်္ဂလိပ်စာ ဘာသာရပ်မှာ ပိုင်နိုင်ဖို့ မေမေ ကြိုးစားခဲ့ရတဲ့အကြောင်း ကျွန်မကို ပြောပြဖူးတယ်။ သူတို့ခေတ်တုန်းက မက်သဒစ်ကျောင်းထွက်တွေလို မေမေက အင်္ဂလိပ်စာ မကျွမ်းကျင်တော့၊ ကိုးတန်း အင်္ဂလိပ်စာကို ပထမဆုံး သင်ရတဲ့အခါ၊ ကိုးကားလေ့လာစရာ စာအုပ်မရှိ၊ ကိုယ့်ထူးကိုယ်ချွန်၊ ကိုယ့်ဘာသာ ကြိုးစားပြီး သင်ပေးခဲ့ရတယ်။ အဲဒီတုန်းက ကျွန်မတို့မောင်နှမက ငယ်သေးတော့ မိသားစုတာဝန်က တဖက်၊ စာသင်တာက တဖက်နဲ့ မေမေ ရုန်းကန်ခဲ့ရတယ်။
ကျွန်မအမေ သင်ခဲ့ရတဲ့ အတန်းတော်တော်များများက စာတော်တဲ့သူတွေများတဲ့ A တန်း၊ B တန်းတို့ မဟုတ်ခဲ့ဖူး။ ဘာလို့လဲဆိုတော့ မေမေက ချပေးတဲ့အတန်းကို ယူလိုက်တာပဲ။ မေမေ့အတန်းတွေမှာ နာမည်ဆိုးနဲ့ ကျောင်းသားတွေ များခဲ့တယ်။ အင်္ဂလိပ်စာဘာသာမှာ အရမ်းအားနည်းသူတွေ ပါခဲ့တယ်။
မေမေက ကျောင်းသားအားလုံးကို တန်းတူ ရည်တူ စေတနာထားပြီး အကောင်းဆုံးဖြစ်အောင် သင်ပေးခဲ့တယ်။ နောက်ပိုင်း A တန်းလို စာတော်တဲ့သူတွေများတဲ့ အတန်းကို သင်ရတော့လည်း၊ စာတော်တဲ့အတန်း သင်ရလို့ဆိုပြီး ၀မ်းသာတာမျိုး မရှိခဲ့ဖူး။ မေမေ့စေတနာ ရောင်ပြင်ဟပ်တာကြောင့် ဖြစ်မယ် ထင်ပါတယ် … ဆိုးတယ်၊ ပြောရဆိုရ ခက်တယ် လို့ ဆရာတွေကြား နာမည်ကြီးတဲ့ ကျောင်းသားမျိုးတွေတောင် မေမေ့စကားကို နားထောင်ခဲ့ကြတယ်။
ဇွဲရှိတဲ့ဆရာ
စာသင်တယ်ဆိုတာ ဇွဲရှိဖို့လည်း လိုပါတယ်။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက် ဆရာတယောက်ဆို စာစသင်တဲ့ တစ်နှစ်၊ နှစ်နှစ်လောက်ထိ ကျောင်းသားတွေက သူ့ကို မကြိုက်ကြဖူး။ သူက စကားပြောရင် နွဲ့သလိုဖြစ်လို့၊ စာသင်တာ မကောင်းလို့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ပုံစံ မပေါက်လို့ … စသဖြင့် သူနဲ့ပတ်သက်ပြီး ညည်းညူကြတယ်။
စာသင်နှစ် သုံးနှစ်ထဲရောက်တဲ့အခါမှာတော့ အဲဒီဆရာဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိလာပြီး၊ ကျောင်းသားတွေနဲ့ ဘယ်လိုဆက်ဆံရမယ်ဆိုတာကို နားလည်လာတယ်၊ စာသင်ပြရာမှာလည်း ကျောင်းသားတွေ နားလည်အောင် သင်ပြနိုင်ခဲ့တယ်။ ကျောင်းသားတွေက သူ့ကို ကြိုက်လာကြတယ်။
ကျွန်မအမြင်မှာတော့ အဲဒီဆရာဟာ သူလိုအပ်နေတဲ့အချက်တွေကို ဇွဲရှိရှိနဲ့ ပြင်ယူခဲ့တယ်။ ကြိုးစားခဲ့တယ်။ ကျောင်းသားတွေနဲ့ အဆင်မပြေလို့၊ လက်လျှော့ပြီး၊ အလုပ်ထွက်မယ်ဆိုတဲ့ စိတ်မျိုး သူ့မှာမရှိခဲ့တာ အတွက် ကျွန်မသူ့ကို လေးစားတယ်။ ဆရာဆိုတဲ့အလုပ်ကို သူတန်ဖိုးထားတယ်လို့ မြင်မိတယ်။
အမြဲကြိုးစားနေတဲ့ဆရာ
လူတိုင်းဟာ ကိုယ်လုပ်နေတဲ့အလုပ်အပေါ် တန်ဖိုးထားတတ်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ဆရာတွေမှာ လိုအပ်ပါတယ်။
ပထမဆုံး စာသင်တဲ့နေ့ကစပြီး ခုချိန်ထိ စာသင်တဲ့အခါ ကျွန်မလုပ်လေ့ရှိတာတွေကတော့ သင်မယ့်သင်ခန်းစာကို သေချာပြင်ဆင်တယ်၊ ကျောင်းသားတွေ ကျွန်မသင်ကြားမှုအပေါ် စိတ်ဝင်စားမှုရှိနေအောင် ကြိုးစားတယ်၊ ကျောင်းသားတွေ တင်ပြသမျှကို မှားတယ်၊ မှန်တယ်ဆိုပြီး၊ မပယ်ချပဲ သေချာနားထောင် ဆွေးနွေးတယ်။ ကျောင်းသားတွေ ပွင့်ပွင့်လင်းလင်း တိုင်ပင်ချင်တာမှန်သမျှအတွက် အမြဲ ကြိုဆိုတယ်၊ တင်းကျပ်စရာရှိတဲ့အခါလည်း တင်းကျပ်လေ့ ရှိပါတယ်။
အိန္ဒိယနိုင်ငံမှာ တက္ကသိုလ်ဆရာတယောက်ဟာ မေးခွန်းမရှိတဲ့ ကျောင်းသားကို သူ့အတန်းထဲ ၀င်ခွင့်မပေးဖူးလို့ ကျွန်မဖတ်ဖူးတယ်။ ဘာလို့လဲဆိုတော့ ပညာဆည်းပူးတယ်ဆိုတာ မေးခွန်းက စတင်တယ်လို့ သူက ယုံကြည်ထားလို့ပါတဲ့။ ကျွန်မလည်း သူ့လိုပဲ ယုံကြည်တယ်။ ဒါကြောင့် ကျွန်မအတန်းထဲမှာ ကျောင်းသားတွေကို အချင်းချင်းဖြစ်ဖြစ်၊ ကျွန်မကိုဖြစ်ဖြစ်၊ ကိုယ့်ဘာသာဖြစ်ဖြစ် ကိုယ်သင်ကြားနေရတာတွေအပေါ် မေးခွန်းမေးပြီး ဆွေးနွေးဖို့ အမြဲတိုက်တွန်းလေ့ရှိတယ်။
စာသင်တယ်ဆိုတာလည်း အချိန်ကြာလာလေ၊ ပိုအတွေ့အကြုံရှိလာလေ၊ ပိုကောင်းအောင် လုပ်နိုင်လာလေပါပဲ။ ဒါပေမယ့် ဓါးတချောင်းဟာ သွေးနေမှ ထက်နေမှာပါ။ အဲလိုပဲ ကျွန်မတို့ ဆရာ ဆရာမတွေဟာလည်း ကိုယ့်ကိုယ်ကိုယ် အမြဲသုံးသပ်တာမျိုး၊ ကိုယ့်လုပ်ဖော်ကိုင်ဖက် ဆရာကောင်းတွေနဲ့ တိုင်ပင်တာမျိုး၊ ကိုယ်သင်တဲ့ ဘာသာရပ်နဲ့ ပတ်သက်တာတွေ လေ့လာတာမျိုး အမြဲလုပ်နေမှ ထက်မြက် ပြောင်မြောက်တဲ့ ဆရာကောင်းတွေ ဖြစ်လာမှာပါ။
ကျွန်မရဲ့ ပထမဆုံး စာသင်နှစ်တစ်နှစ်ကို ခုချိန်ပြန်ကြည့်တဲ့အခါ၊ ကောင်းခဲ့တာတွေရှိသလို၊ အားနည်းချက်တွေလည်း တွေ့မိတယ်။ အဓိကကျတာ ကိုယ့်အားနည်းချက်တွေကို ဘယ်လို ပြုပြင်မလဲ ဆိုတာ သိဖို့ အရေးကြီးပါတယ်။ ကျောင်းသားတွေကို ကျွန်မပြောလေ့ရှိတဲ့ စကားတခွန်းကတော့ There is room for improvement.. ပိုကောင်းမွန်အောင် လုပ်လို့ရပါသေးတယ်။ လူတိုင်းဟာ ဘ၀မှာ ကိုယ့်ကိုယ်ကိုယ် လက်ရှိထက် ပိုတိုးတက်အောင် လုပ်နိုင်သေးတယ်လို့ အမြဲယုံကြည်ထားသင့်ပါတယ်။ ကျွန်မကျောင်းသားတွေကိုလည်း ဘ၀မှာ အမြဲကြိုးစားနေစေချင်တယ်။ ရောင့်ရဲတင်းတိမ် သွားတာမျိုး မဖြစ်စေချင်ဖူး။ အလားတူ သူတို့ကို လမ်းပြပေးနေတဲ့ ဆရာမတယောက်အနေနဲ့ ကျွန်မကိုယ်တိုင်လည်း အမြဲကြိုးစားနေတယ်။
ကျွန်မက စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေခဲ့ရင်တောင် အတန်းထဲ ၀င်ပြီး စာသင်လိုက်တဲ့အခါ၊ အမောပြေပြီး၊ အချိန်က ကုန်မှန်းမသိ ကုန်သွားတတ်တယ်။ စာသင်နေရင် ခွန်အားတွေရတယ်လို့ ကျွန်မခံစားရတယ်။
ဆရာဟူသည် ၀ါသနာ၊ စေတနာ၊ အနစ်နာ၊ စာဖတ်နာ၊ နှင့် အကြင်နာ တည်းဟူသော နာငါးနာနှင့် ပြည့်စုံသင့်သည် လို့ မြန်မာစာပါမောက္ခ ဦးချမ်းမြ(မြကေတု) က ပြောခဲ့ဖူးပါတယ်။
နိုင်ငံတကာမှာလည်း ဆရာတွေရဲ့ကဏ္ဍနဲ့ပတ်သက်ပြီး ဖွင့်ဆိုထားတာ အများအပြား ရှိပါတယ်။ သူများတွေဖွင့်ဆိုထားတာတွေထက် အရေးကြီးတာကတော့ ကိုယ်ဟာ ဘယ်လိုစိတ်ဓါတ်၊ ယုံကြည်ချက်မျိုး ရှိတဲ့သူလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန် သုံးသပ်ဖို့ပါပဲ။
ကျွန်မကတော့ ကျောင်းသားတွေအတွက် အမြဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေချင်သူ၊ စာသင်ရတာ၊ ကျောင်းသားတွေနဲ့ အပြန်အလှန် ဆွေးနွေးရတာ၊ ရယ်မောပျော်ရွှင်နေရတာကို နှစ်သက်သူ ဖြစ်ပါတယ်။
ကျွန်မလုပ်နေတာတွေအပေါ် အောက်ပါမေးခွန်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်လေ့ ရှိပါတယ်။
• ကျွန်မသင်ကြားတာတွေက ကျောင်းသားတွေအတွက် ဘယ်လောက် အကျိုးရှိလဲ။
• ပြီးတော့ ဘယ်လို သင်ကြားသလဲ။
• ကျောင်းသားတွေက ကျွန်မသင်ကြားတာကို ဘယ်လို တုန့်ပြန်သလဲ။
• ကျွန်မသင်ကြားတဲ့အခါ အားသာချက်၊ အားနည်းချက် က ဘာတွေလဲ။
• ဆရာတယောက်အနေနဲ့ ဘယ်လို စိတ်ဓါတ်နဲ့ ပြုမူ နေထိုင် ပြောဆို သလဲ။
• ကိုယ့်သင်ကြားမှု အပေါ် ဘယ်လောက် အားရ ကျေနပ်မိသလဲ။
• ဘာတွေ ပြုပြင် ပြောင်းလဲသင့်သလဲ။
မြန်မာပြည် ပညာရေး တိုးတက်ဖို့ ဆရာတွေအတွက် သင်တန်းတွေ၊ ဆရာတွေကို ပံ့ပိုးမှုတွေ၊ သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေတယ်ဆိုပေမယ့်၊ အဓိကကျတဲ့အရာကတော့ ဆရာ ဆရာမတွေရဲ့ သူတို့အလုပ်ပေါ်မှာ၊ ပညာရေးအပေါ်မှာ၊ ကျောင်းသားတွေအပေါ်မှာ ထားတဲ့ စိတ်ဓါတ် နဲ့ ခံယူချက်တွေပါ။
ဆရာတွေဟာ ကျောင်းသားတွေရဲ့ စိတ်နေစိတ်ထား၊ ခံယူချက်တွေကို အတိုင်းအတာ တခုထိ ပုံသွင်းပေးနိုင်စွမ်းရှိတယ်ဆိုတာ၊ ကျောင်းသားတွေရဲ့ အနာဂတ်တွေကို ပြုစုပျိုးထောင်နိုင်စွမ်း ရှိတယ်ဆိုတာကို မြန်မာနိုင်ငံမှ ဆရာ ဆရာမတွေ အမြဲယုံကြည်ပြီး၊ ဆရာဖြစ်ရတာကို ဂုဏ်ယူနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ခင်နှင်းစိုး
22 March 2012
(မတ်လ ၃ ရက်အပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်တွင် ဖော်ပြပြီးဖြစ်သည်)
Saturday, May 5, 2012
ဆရာနှင့်ပညာရေး (အပိုင်း ၃) |
ခေတ်သစ်လူငယ်တို့ ခေတ်မှီရေးသို့ |
ရေးသူ - ခင်နှင်းစိုး
ဆယ်ကျော်သက်အရွယ်ကနေ နှစ်ဆယ်ကျော်အထိ လူငယ်လို့ သတ်မှတ်ခံရသလို၊ လူကြီးတွေကလည်း ကိုယ့်ထက်ငယ်သူတွေကို လူငယ်လို့ ခေါ်တတ်ကြသည်။ အသက် သုံးဆယ်ကျော် ကျမက ဆယ်ကျော်သက်များနဲ့ နှစ်ဆယ်ကျော်သက်များကို လူငယ်များလို့မြင်သလို၊ အသက် ငါးဆယ်ကျော် လူကြီးများက ကျမကို လူငယ်တယောက်ဟုပင် မြင်ကြသည်။ တကယ်တော့ လူငယ်ဆိုသည်မှာ အသက်အရွယ်ကို ရည်ညွှန်းခြင်းထက်၊ ခေတ်တခုကို လက်ဆင့်ကမ်း သယ်ဆောင်မည့် မျိုးဆက်တခုနဲ့ ပိုသက်ဆိုင်မည်။ မျိုးဆက် (generation) တခုဟာ အနှစ် ၃၀ လောက် ရှိခဲ့ရင်၊ ကျမက လက်ရှိမျိုးဆက်ရဲ့ အဆုံးစွန်နားရောက်နေသလို၊ ဆယ်ကျော်သက်တွေကတော့ အစနားမှာရှိနေသည်။
ကျမအမြဲထိတွေ့ဆက်ဆံရသော လူငယ်များမှာ အသက် ၁၈ - ၂၇ ၀န်းကျင်လောက် ရှိကြသည်။ ကျမစာသင်ခဲ့သော စင်္ကာပူနိုင်ငံရှိ ပေါ်လီတက္ကနစ် (polytechnic) မှ ကျောင်းသား/သူ များ၊ လက်ရှိစာသင်နေသော ထိုင်းနိုင်ငံရှိ တက္ကသိုလ်မှ ကျောင်းသား/သူ များ၊ စေတနာ့ဝန်ထမ်းအဖြစ် ကျမစာသင်ပေးသောကျောင်းမှ ကျောင်းသား/သူ များ၊ အပြင်မှာ တခါတလေ ဆုံရသော လူငယ်များ ဖြစ်ကြသည်။ မြန်မာ၊ စင်္ကာပူ၊ ဗီယက်နမ်၊ တရုတ်ပြည်၊ မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာ စသော နိုင်ငံပေါင်းစုံမှ လာကြသည်။
နိုင်ငံခြားတွင် ပညာလာသင်ကြသော လူငယ်အများအတွက် လွတ်လပ်မှု (independence) သည် ကိုယ်လုပ်ချင်ရာလုပ်တာမျိုး ဖြစ်တတ်ကြသည်။ တကယ်တော့ မိဘများနဲ့ဝေးပြီး၊ ကိုယ့်ဘာသာ ထိန်းကြောင်းရသော လွတ်လပ်မှုမျိုး ဖြစ်သည်။ ထိုအခါ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုစည်းကမ်းတကျနေမလဲဆိုတာ အရေးကြီးလာသည်။ လွတ်လပ်ခြင်းနောက်တွင် (ကိုယ့်ဘာသာ) တာဝန်ယူတတ်ဖို့ လိုလာသည်။ ကိုယ့်လုပ်ရပ်တိုင်းရဲ့ ရလဒ်များကို သတ္တိရှိရှိ ရင်ဆိုင် တာဝန်ယူပြီး၊ သင်ခန်းစာယူတတ်ဖို့ ပြင်ဆင်ထားရမည်။
လူတိုင်း ကိုယ်မလုပ်ဖူးတာကို လက်တည့်စမ်းလိုစိတ်ရှိသည်။ ကျမကိုယ်တိုင်လည်း ထိုသို့ပင်။ သို့သော် ကိုယ့်ဘ၀အတွက် ထိခိုက်သွားနိုင်သည့် လက်တည့်စမ်းမှုမျိုးကိုတော့ ဘယ်တော့မှ လုပ်ဖို့ စိတ်မကူးခဲ့ပေ။ မိဘများက ဆေးလိပ်မသောက်ရ၊ အရက်မသောက်ရ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားမထားရ၊ ညမိုးချုပ် အပြင်မထွက်ရ စသည့် စည်းကမ်းများ ချတတ်ကြသည်။ ဒါဟာ မကောင်းဘူးလို့ ပြောကြသည်။ တကယ်လည်း အဲဒီလုပ်ရပ်တွေနောက်မှာ အမှားကျူးလွန်နိုင်စရာ အလားအလာ အများကြီးရှိသည်။ လုံးဝရှောင်နိုင်ရင် အကောင်းဆုံးဖြစ်သည်။ အဲဒီအရာတွေ လုပ်မိတဲ့လူငယ်တွေကိုလည်း မှားတယ် ဆိုးသွမ်းတယ်လို့ မဆိုနိုင်။ လူငယ်သဘာဝ လက်တည့်စမ်းတာ ဖြစ်နိုင်သည်။ အဓိကက ဘယ်အရာမဆို အလွန်အကျွံ မဖြစ်ဘဲ balance ဖြစ်ဖို့ပင်။ ကိုယ့်ဘ၀ အနာဂတ်ကို ထိခိုက်နိုင်လောက်အောင် မလုပ်ဖို့ အမြဲစဉ်းစားဆင်ခြင်ဥာဏ်ရှိအောင် ကိုယ့်ဘာသာ စည်းကမ်း (discipline) ရှိဖို့ပင်။
နိုင်ငံခြားတွင် ကျောင်းသွားတက်ဖို့ဆိုတာ မြန်မာလူငယ်တိုင်းလုပ်ချင်သော်လည်း မလုပ်နိုင်သောအရာ။ တချို့က ငွေကြေးအရ မတတ်နိုင်။ တချို့ကျ ၀င်ခွင့်စာမေးပွဲ သတ်မှတ်ထားသော ၀င်ခွင့်လိုအပ်ချက်နဲ့ မပြည့်စုံ။ တချို့ဆို လေး ငါး နှစ်အထိ ၀င်ခွင့်စာမေးပွဲအောင်ဖို့ ကြိုးစားကြရသည်။
မြန်မာနိုင်ငံ မြ၀တီမြို့ တဘက်ကမ်းမှာရှိတဲ့၊ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ လူငယ်တချို့နဲ့ ကျမ စကားဝိုင်းလုပ်ဖူးသည်။ သူတို့ကို အနာဂတ်အတွက် ဘာမျှော်လင့်ချက်ရှိလဲလို့ ကျမကမေးတော့၊ အနည်းစုက ထိုင်းနိုင်ငံ တက္ကသိုလ်တခုခုတွင် ကျောင်းတက်ချင်ကြသည်။ ဒါပေမယ့် အဲလိုတက်နိုင်ဖို့ စကောလားရှစ် (scholarship) ရအောင် သူတို့ ကြိုးစားရမည်။ ကျောင်းသားပေါင်း ရာချီလျှောက်တဲ့ထဲက ဆယ်ဂဏန်းလောက်သာ ရွေးသောကြောင့် စကောလားရှစ် ရဖို့က မလွယ်။ ထိုအနည်းစုကမှ သူတို့ဘာလုပ်ချင်လဲ သိကြသေးသည်။ ကျန်သည့်အများစုက သူတို့အနာဂတ်တွက် တိုးတက်ချင်သည်၊ သို့သော် ဘာဆက်လုပ်ရမည်ဆိုတာ မသိ။ စကောလားရှစ်ရလောက်အောင် စာမေးပွဲဖြေနိုင်ဖို့ အခြေခံပညာအဆင့်အတန်းအရ သူတို့မှာမရှိ။ လုပ်နိုင်မည်လို့လည်း ကိုယ့်ဘာသာ ယုံကြည်ချက် မရှိကြ။ မိဘတွေကလည်း ထောက်ပံ့မှုမပေးနိုင်။ သူတို့ ပတ်ဝန်းကျင်မှ အများစုလုပ်ကြသလို တနေ့လုပ်တနေ့စားပဲ ၀င်လုပ်ရမည်လား မရေမရာ ဖြစ်နေကြရှာသည်။
ဒါကြောင့် စင်္ကာပူနိုင်ငံရှိ ပေါ်လီတက္ကနစ်မှ မြန်မာကျောင်းသား/သူ တချို့ ကို သူတို့ကံကောင်းကြောင်း၊ ရရှိထားသော အခွင့်အရေးကို အလဟဿ မဖြစ်ဖို့အရေးကြီးကြောင်း ကျမပြောပြလေ့ရှိသည်။ ဘ၀တွင် အချိန်ဆိုသည်မှာ ကုန်ဆုံးပြီးသော ဘယ်လိုမှ နောက်ပြန်မလှည့်နိုင်သောအရာ ဖြစ်သည်။ ရရှိသော အခွင့်အရေးကို ရရှိသော အချိန်တွင် မြဲမြဲဖမ်းဆုတ်ပြီး၊ အကျိုးရှိရှိ အသုံးချတတ်ဖို့ အရေးကြီးသည်။ လူငယ်သဘာဝ ပျော်ပျော်နေတတ်ကြတာ မှန်ပေမယ့်၊ တနေ့တနေ့ အလေလိုက်နေမယ်ဆိုရင် အချိန်တွေ နှမြောစရာကောင်းလှသည်။ လူတယောက်ဟာ ကိုယ့်ဘ၀ရဲ့ ဆယ်စုနှစ်တခုစာကို ပြန်ကြည့်လိုက်တိုင်း တိုးတက်မှုရှိနေတာကိုသာ မြင်သင့်သည်။ အဲလိုမဟုတ်ခဲ့ရင် တခုခုလုပ်ဖို့ အချိန်တန်ပြီဆိုတာလည်း ကိုယ့်ဘာသာ သိနားလည်သင့်သည်။
လူငယ်တွေ လမ်းမှားမရောက်အောင် စာများများဖတ်ဖို့ လိုတယ်၊ စာဖတ်မှ အမှား အမှန် သိလာမယ် လို့ ဆိုကြသည်။ ကျမအမြင်မှာတော့ စာဖတ်တာက ပထမအဆင့်ဖြစ်သည်။ သို့သော် ခုခေတ်တွင် စာဖတ်ရုံနဲ့ မလုံလောက်တော့။ စာဖတ်တာဟာ စာအုပ်ထဲက စကားလုံးကြီးကြီးတွေသုံးပြီး၊ လူတွေအထင်ကြီးအောင် ပြောဖို့ပဲ မဟုတ်။ ဘယ်လိုစာမျိုးကို ဖတ်မလဲ၊ ဖတ်ထားတဲ့စာတွေကို ဘယ်လိုအသုံးချမလဲ၊ ဘယ်လို ပြန်သုံးသပ်မလဲ ဆိုတာတွေက ပိုအရေးကြီးလာသည်။
ကျမကတော့ လူငယ်တွေနဲ့ ပတ်သက်လာရင် လမ်းမှားပဲ ရောက်နေနေ၊ လမ်းမှန်ပဲ ရောက်နေနေ၊ သူတို့ပြောတာတွေကို နားထောင်ပေးဖို့ပဲ အဆင်သင့်ပြင်ဆင်ထားသည်။ သူတို့ပြောတာ နားထောင်ပြီး ကျမအမြင်ကို ပြောပြသည်။ ဘယ်လိုလုပ်လိုက်ရင် ဘယ်လိုဖြစ်လာနိုင်တယ်၊ ဘယ်လိုအချက်တွေ ထည့်စဉ်းစားရမယ် ဆိုတာတွေ ပြောသည်၊ ဆွေးနွေးသည်။ သို့သော် ဆုံးဖြတ်ချက်ကတော့ သူတို့ကိုယ်ပိုင် ရွေးချယ်မှုပင်ဖြစ်သည်။ ကျမကိုယ်တိုင်လည်း ကိုယ်ပိုင်ရွေးချယ်မှုကိုပင် တန်ဖိုးထားသည်။
နာမည်ကျော် အမေရိကန် လက်ဝှေ့ထိုးသမား ဖြစ်ခဲ့ဖူးသူ Muhammad Ali ကတော့ .. လူတယောက်ရဲ့ အသက် ၂၀ အရွယ်က ဘ၀ကိုကြည့်တဲ့ပုံစံက၊ အသက် ၅၀ အထိ အတူတူဖြစ်နေမယ်ဆိုခဲ့ရင် အဲဒီလူဟာ သူ့ဘ၀ရဲ့ အနှစ် ၃၀ ကို အလကား နေပစ်လိုက်သလိုပဲ .. ဟု ဆိုခဲ့သည်။ လက်ရှိ ခေတ်သစ်ရဲ့လူငယ်တွေဟာ နောင် အနှစ် ၃၀ ဆယ် မှာ ဘယ်လို လူကြီးတွေ ဖြစ်လာမလဲဆိုတာဟာ၊ သူတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုအပေါ် များစွာမူတည်နေသည်။
ပေါ်လီတက္ကနစ်မှ ကျမကျောင်းသူတချို့က သူတို့ တကယ်စိတ်ပါဝင်စားတဲ့ profession နဲ့ လက်ရှိတက်နေတဲ့လိုင်းတို့ ကွဲလွဲနေလို့ ဘယ်လိုလုပ်ရမလဲလို့ ကျမကို အကြံဥာဏ်တောင်းလေ့ရှိသည်။ ထိုသို့လူငယ်များတွက် ကျမအလွန်အားရမိသည်။ အသက် နှစ်ဆယ်ကျော်အချိန်တွင် ဘ၀မှာ ဘယ်လို profession ကို လုပ်မလဲဆိုတာ သူတို့အသေအချာ သိကြသည်။ ကျမသူတို့အရွယ်တုန်းက အင်ဂျင်နီယာအလုပ်ကို နှစ်ခြိုက်ခဲ့ပေမယ့်၊ သူတို့လောက် မသေချာခဲ့။ ကိုယ့်ထက်ငယ်တဲ့ မြန်မာလူငယ်တွေက ကိုယ့်ထက် စိတ်ဓါတ်ပိုင်းဆိုင်ရာ၊ အနေအထိုင်၊ ခံယူချက် စတာတို့ သာတာမျိုးကိုပဲ ကျမမြင်ချင်မိသည်။ (အဲလိုဖြစ်အောင်လည်း တတ်နိုင်သလောက် ကြိုးစားမည်ဟု ဆုံးဖြတ်ထားသည်)။ နာမည်ကျော် သိပ္ပံပညာရှင် Isaac Newton က “ကျနော်ဟာ သူများတွေထက် ပိုဝေးဝေးမြင်နိုင်တာ၊ ကျနော့်အရင် မျိုးဆက်ရဲ့ ပုခုံးပေါ် တက်ကြည့်နိုင်လို့ ဖြစ်တယ်” လို့ ဆိုခဲ့သည်။ သူဆိုလိုချင်တာ မျိုးဆက်သစ်တွေဟာ မျိုးဆက်ဟောင်းတွေလုပ်ခဲ့တာအပေါ် တဆင့်တက်ပြီးကြည့်နိုင်ရင်၊ မျိုးဆက်တခုစီဟာ ပို ပိုပြီး တိုးတက်နေမယ် ဆိုတဲ့သဘောပါ။
လူငယ်တို့က သူတို့အပြုအမူအပေါ် ဝေဖန်ခံရတဲ့အခါ၊ ခေတ်မမှီဘူး၊ ရှေးဆန်တဲ့အတွေးတွေနဲ့ လာပြောနေတယ်လို့ တုန့်ပြန်တတ်ကြသည်။ မျိုးဆက်တခုနဲ့တခုကြားမှာ၊ အထူးသဖြင့် လူကြီးနဲ့လူငယ်ကြား မျိုးဆက်ကွာဟမှု (generation gap) ကို လက်ညှိုးထိုးတတ်ကြသည်။ တချို့လူငယ်တွေအတွက် ဂျင်းဘောင်းဘီ၊ တီရှပ်၊ စကပ်တို၊ ဘောင်းဘီတိုတို့ဝတ်မှ၊ မိုဘိုင်းဖုန်း ကိုင်နိုင်မှ၊ Facebook ရှိမှ၊ ကဖေးထိုင်မှ၊ ကလပ်သွားမှ စတာတို့ ဖြစ်နိုင်သည်။ တကယ်တော့ ထိုသို့ ခေတ်မှီတာကို အဓိပ္ပါယ်ဖော်တာက အပေါ်ယံဆန်လှသည်။
ခေတ်မှီရေးသို့ (becoming modern) နဲ့ ပတ်သက်ပြီး ဟားဗတ်တက္ကသိုလ်မှ ပညာရှင်များက ဖွံ့ဖြိုးဆဲခြောက်နိုင်ငံမှ (Argentina, Chile, India, Israel, Nigeria, Bangladesh) လူငယ် ၆၀၀၀ ကို သုတေသနလုပ်ထားတာကို ဖတ်ဖူးသည်။ နိုင်ငံတနိုင်ငံ ခေတ်မှီလာဖို့အတွက် ဘယ်လိုခေတ်မှီတဲ့ လူငယ်တွေ လိုအပ်သလဲဆိုတာကို ရှာဖွေလေ့လာခြင်းဖြစ်သည်။ သူတို့တွေ့ရှိချက်အရ ခေတ်မှီလူသား (modern man) တွင် စရိုက်လက္ခဏာ လေးမျိုးရှိသည်။
(၁) သူဖြတ်သန်းနေသော ခေတ်မှာ အများတကာ ဘာတွေ ဖြစ်နေလဲ၊ ကိုယ့်နိုင်ငံနဲ့ကမ္ဘာမှာ ဘာတွေဖြစ်နေလဲ ဆိုတာတွေကို အစဉ်လေ့လာ၊ အသိပညာဖွံ့ဖြိုးပြီး၊ ခေတ်ကို ထဲထဲဝင်ဝင် စူးစမ်းလိုစိတ်ရှိသည်။
(၂) သူ့ကိုယ်ပိုင်လုပ်ရပ်ဟာ သူ့အတွက်သာမက၊ သူနဲ့ပတ်သက်နေတဲ့ ပတ်ဝန်းကျင် (ကိုယ့်မိဘအသိုင်းအ၀ိုင်း၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ) ကိုပါ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ နားလည်သည်။
(၃) သူက လွတ်လပ်စွာ တွေးခေါ်ဆုံးဖြတ်သည်။ အထူးသဖြင့် ဘယ်တက္ကသိုလ်လိုင်းကို ရွေးမလဲ၊ ဘယ်အလုပ်လုပ်မလဲ စတဲ့ ကိုယ်ပိုင်ကိစ္စများ ဆုံးဖြတ်ရာတွင်၊ ခေတ်ဟောင်းမှ အတွေးအခေါ် အယူအဆတို့ လွှမ်းမိုးခြင်းကို မခံ။
(၄) သူက အိုင်ဒီယာအသစ်၊ အတွေ့အကြုံအသစ်များအတွက် အမြဲ အသင့်ဖြစ်နေသည်။ သူ့တွင် ဖွင့်ထားသောစိတ် (open mind)၊ ဒါဆိုဒါမှဟု တယူသန်အစွဲမရှိသော၊ အသိအမြင်အားဖြင့် ပျော့ပြောင်းနိုင်စွမ်း (cognitive flexibility) ရှိသည်။
ထိုသုတေသနကို ၁၉၇၄ ခုနှစ်ကလုပ်ခဲ့ပေမယ့်၊ ခုချိန်ထိ အကျုံးဝင်နေသေးသည်။ ထိုသုတေသနမှာ ဖော်ပြထားသော ခေတ်မှီလူသား တယောက် ရှိထိုက်သော စရိုက်လက္ခဏာလေးမျိုး နဲ့ ပတ်သက်ပြီး၊ မြန်မာလူငယ်တို့ သေချာစဉ်းစားသင့်သည်။ ဥပမာပြောရရင်.. ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှုနဲ့ သင့်တော်တယ် မတော်တယ် မစဉ်းစား၊ ကိုယ်အပြုအမူကြောင့် တခြားသူတွေက ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအပေါ် ဘယ်လိုမြင်သွားမယ် မစဉ်းစား၊ အတုယူမှားတာတွေဟာ ခေတ်မှီတာမဟုတ်တာတော့ သေချာသည်။ အတုယူတဲ့အခါ ကိုယ့်အတွက် ပိုကောင်းသွားစေမယ့် အရာမျိုးကိုသာ အတုယူသင့်သည်။ ဘယ်လိုဟာမျိုးကို အတုယူသင့်သလဲဆိုတာလည်း အရင် သေချာစဉ်းစား တွေးတောကြည့်သင့်သည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲ၊ ရှေ့လျှောက်ဖွံ့ဖြိုးဖို့ အလားအလာကောင်းနေတဲ့ နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ ကမ္ဘာမှာ ခေတ်မှီရေးအတွက် မြန်မာလူငယ်တို့ ဘယ်လောက်ထိ ခေတ်မှီလူသား ဖြစ်နိုင်ကြမလဲဆိုတာပေါ် အများကြီးမူတည်နေပေသည်။
Ref: Becoming Modern: Individual Change in Six Developing Countries
(၃ မတ်လ ၂၀၁၂ ထုတ် Venus News ဂျာနယ်တွင် ဖော်ပြပြီး ဖြစ်သည်)
ခင်နှင်းစိုး
၂၃ ဧပြီ ၂၀၁၂