Friday, July 9, 2010

လူနဲ့တူလို့ပေးတဲ့လက်မှတ်

စင်္ကာပူမူလတန်းကျောင်းမှအတွေ့အကြုံကိုရေးသားထားသော Seen and Be Seen ဘလောဂ့်မှ ကူးယူဖေါ်ပြသည်

နောက်ဆုံးခေတ်ရဲ့ နည်းပညာတွေနဲ့ ထုံမွှမ်းနေတဲ့ ဒီကျွန်းနိုင်ငံလေးက ကျောင်းတွေမှာ လူနဲ့တူရင် အသိအမှတ်ပြုတဲ့ Certificate ပေးရတာကလဲ နောက်ဆုံးခေတ်ရဲ့ ဗျူဟာတစ်ခုထင်ပါရဲ့။ ဒီအသိအမှတ်ပြုလက်မှတ်ရဲ့ နာမည်က
"Caught You Doing Right" ပါတဲ့။

မူလတန်းအရွယ်မှာ iPhone နဲ့စာသင်ကြရတဲ့ ကလေးတွေရဲ့ ကံကြမ္မာက လိုက်မမှီနိုင်ပါဘူး။ Learning Trail လို့ခေါ်တဲ့ သင်ကြားရင်း၊ အလည်သွားရင်း ဆိုတဲ့ Program တွေမှာ သူတို့လေးတွေ iPhone လေးတွေကိုယ်စီနဲ့။ ကျောင်းမှာလဲ White Board ခေတ်မဟုတ်တော့ဘူး။ Smart Board နဲ့။ အတန်းတိုင်းမှာ Net book တွေ၊ Tablet တွေကိုယ်စီနဲ့။ အသံသွင်းစရာတွေ၊ Video တွေအတွက် Studio နဲ့။ အရာရာတိုင်းက နောက်ဆုံးပေါ်၊ နောက်ဆုံးနည်းပညာနဲ့ နောက်ဆုံးခေတ်ရဲ့ ပညာရေး။

ဒီလိုခေတ်မှီကျောင်းမှာ ခေတ်မီဆရာတစ်ယောက် ကွန်ပျူတာနဲ့ အလုပ်ရှုပ်နေတာကို ကျောင်းသားတစ်ယောက်က ဒီလိုမေးတယ်။ "Teacher, are you watching p*** site?" ဆရာဖြစ်သူက ဆုံးမချင်လို့ လာဦးခေါ်တော့ "Teacher is watching p*** site" လို့ အကျယ်ကြီးအော်ပြီး ထွက်ပြေးတယ်။ နောက်ကလိုက်တဲ့ ဆရာက လှေကားပေါ်က လိမ့်ကျလို့ Ambulance ခေါ်ပြီး ဆေးရုံတင်၊ ကလေးနဲ့ မိဘကို ခေါ်ပြီး Warning ပေးတော့ ကလေးက "Not Fair" လို့ အတန်းပိုင် ဆရာမကို ပြောတယ်။ သူ့ကို ဘယ်သူက လိုက်ခိုင်းလို့လဲ၊ သူ့ဟာသူ ချော်ကျတာ ငါနဲ့ မဆိုင်ဘူးတဲ့။ လုံးဝတွန့်ဆုတ်တွေဝေခြင်း၊ နောင်တရခြင်း ကင်းတဲ့ ပကတိမျက်နှာနဲ့။ ဪ... ခေတ်ရဲ့သားကောင်တွေမို့လဲ ခေတ်အတိုင်း စဉ်းစားကြလေသလား။

သူငယ်တန်းက ကလေးမလေးတစ်ယောက်လဲ ဆရာမစာသင်နေတုန်း စကားများနေလို့ ဟန့်လိုက်တာ ဆရာမကို လက်ခလယ်နှစ်ဘက်စလုံး ထောင်ပြသတဲ့။ ဆရာမက ဒီအပြုအမူရိုင်းတယ်၊ မလုပ်ရဘူးပြောတော့ နောက်တစ်ခါထပ်လုပ်ပြတယ်။ ဆရာမဖြစ်သူက မိခင်ကို ဖုန်းဆက်ပြီး "ရှင့်သမီး ဆရာမကို လက်ခလယ် ထောင်ပြတယ်" လို့ပြောတော့ "So, what?" တဲ့။ ဆရာမက "ကျွန်မကို လာတွေ့ပါ" လို့ ပြောတော့ မအားဘူး၊ နောက်မှလာမယ်တဲ့။ ဆရာမလည်း "No wonder" လို့ပဲ ပြောနိုင်တော့တယ်။

ဒီလို ဥပမာတွေရဲ့ အကျိုးဆက်ကတော့ ကျောင်းမှာ Department အသစ်တစ်ခု ဖွဲ့စည်းတာပါပဲ။ Character & Citizenship Education တဲ့။ ဒီဌာနရဲ့ အဓိက ရည်ရွယ်ချက်က ကျွန်းပိစိသူ၊ ကျွန်းပိစိသား ကလေးသူငယ်များ
လူသားဆန်ရေးပါပဲ။ အဓိက ကတော့ ကျွန်းသား မဆန်ရေး ဆိုပါတော့။ ဒီလိုနဲ့ ဒီ Certificate လေးတစ်ခုပေါ်ထွက်လာပါတယ်။ လိမ္မာနားလည်မှု၊ စာနာတတ်မှု၊ ယဉ်ကျေးသိမ်မွေ့မှု၊ ကိုယ်ကျိုးစွန့်နိုင်မှု စတာတွေကို လုပ်နိုင်တဲ့ ကလေးတွေကို ပေးတာပါပဲ။ စာအုပ်တွေ တပွေ့တပိုက်နဲ့ ဆရာမလာရင် အသိစိတ်နဲ့ လာကူသယ်ပေးတဲ့ကလေး၊ အတန်းတိုင်းမှာ သူတပါး အခက်အခဲကို ကူညီတဲ့ကလေး၊ ကိုယ်ကျိုးထက် အများအတွက် နားလည်တဲ့ ကလေး။ ဒီလို ကလေးမျိုးတွေကို သတိထားမိတဲ့ ဘယ်ဆရာမ၊ ၀န်ထမ်းမဆို Department head ဆီကို Email ပို့ပြီး ကျောင်းအုပ်ကြီးကိုယ်တိုင်က Approve လုပ်၊ Assembly လို့ခေါ်တဲ့ ကျောင်းသူ၊ကျောင်းသား ဆုံတဲ့အချိန်မှာ အားလုံးရဲ့ရှေ့မှာ သေသေချာချာ ချီးကျူးစကားပြောပြီးမှ ဆုပေးတာပါ။ Certificate နမူနာလေးတွေက ဒါမျိုးလေးတွေပါ။

For her selfless act of extending a helping hand to a friend in need. Kelly readily gave tissue to a friend who vomited in class. She also went the extra mile to clean up her friend’s table and books. She was a comfort to her friend and her ‘Share and Care’ spirit is commendable.

For having gone the extra mile in showing care and concern for others. At a break during a soccer match, Ismail was seen pouring water for all his team mates first though he was perspiring profusely and was thirsty and tired. His selfless act is commendable.

For showing empathy and kindness to a P1 child who was crying. She even offered money to the child to make a call to her mother.

င်္င်္င်္For showing care and concern by voluntarily approaching and assisting a teacher who was carrying heavy books and bags. Wan Syukrina offered help to the teacher who was touched by her concern and thoughtfulness.

ကိုယ်တို့ခေတ်၊ ကိုယ်တို့နိုင်ငံရဲ့ ကျောင်းမှာသာ ဒါမျိုးဆုပေးရရင် စာတောင် သင်ချိန်ရှိပါ့မလားမသိ။ ကလေးအားလုံးနီးပါး ဆုရမယ်ထင်ရဲ့။ ဆရာမ ခင်ခင်ထူးရဲ့ ၀တ္ထုထဲကလို ဆရာမကို ဖိနပ်မပါ ဘူတာရုံထိ မိုးရွာရွာ၊ နေပူပူ လာကြိုရှာတဲ့ ကလေးငယ်တွေဆို ဘယ်လို ဆုမျိုးများ ပေးရပါ့မလဲ။

ဒီခေတ်မှီကျောင်းမှာတော့ ကျောင်းသား ၁၀၀၀ ကျော်မှာ နှစ်ပတ်တစ်ခါ ၃ ယောက်လောက် ဆုရကြတယ်။ အပတ်စဉ်အင်္ဂါနေ့တိုင်း ဆုပေးပွဲရှိပြီး ဆုရတဲ့ ကလေးနဲ့ ဆုရတဲ့ အကြောင်းအရာကို Canteen / Library နဲ့ General Office တွေက TV ကြီးတွေမှာ တစ်နေကုန် ပြပြီး တစ်ကျောင်းလုံးကို ဂုဏ်ယူစေသေးတာ။ ခေတ်မီပါတယ် ဆိုနေမှလေ။

ဒီလိုနဲ့ နှစ်လလောက်ရောက်တော့ ကိုယ့်ကိုကိုယ် သိတတ်လိမ္မာယုံနဲ့ မပြီး၊ သူတပါးရဲ့ မေတ္တာ၊ စေတနာကို တန်ပြန်နားလည်ခြင်းကို လေ့ကျင့်နိုင်ဘို့ "Caught You Being Kind" ဆိုတဲ့ Certificate ကို ခေတ်မှီမှီ တီထွင်လိုက်ပြန်တယ်။ ဒါကတော့ ဆရာမတွေကို ကလေးတွေက ပြန်ပြီး အသိအမှတ်ပြု ပေးရတဲ့ လက်မှတ်။ ကိုယ်ချစ်တဲ့ ဆရာမကို ဘာလို့ ချစ်သလဲ ဆိုတာ အသိအမှတ်ပြု Comment လေးရေးပြီး Canteen ကပုံးကြီးထဲ သွားထည့်လိုက်ရုံပဲ။ လွယ်လိုက်သည့်ဖြစ်ခြင်း။ ဒါနဲ့ပဲ ကလေးတွေကို တစ်လတိတိ ဒီအကြောင်း Assembly မှာ ကျောင်းအုပ်ကြီးက ပြောပြ၊ ရှင်းပြ။ တစ်လပြည့်တော့ ဒီပုံးကြီးကို ဖွင့်ကြည့်တော့ ဆရာမ ၁၀၀ ကျော် ရှိတဲ့ ကျောင်းမှာ စာရွက် ၃ ရွက်ပဲရတယ် ဆိုရင် ခေတ်မီ တယ်ပဲ ပြောရဦးမလား။ ကလေးတွေရဲ့ ရင်ထဲမှာ သူတပါးရဲ့ မေတ္တာ၊ စေတနာ ကို အသိအမှတ်ပြုရဲတဲ့၊ ပြုရကောင်းမှန်းသိတဲ့ ချစ်ခြင်းမေတ္တာတစ်မျိုးလဲ ခေတ်မီစွာ ပျောက်ဆုံးနေပြန်တယ်။ ခေတ်က သင်ကြားပေးတဲ့ အရိုင်းစိတ် တမျိုးလို့ ဆိုကြစို့ရဲ့။

ဆရာမတွေက ဒီလောက်ပဲ မေတ္တာတရား ခေါင်းပါးလို့လား ဆိုတော့လဲ မဟုတ်ပြန်ဘူး။ ကိုယ့်စိတ်ထဲမှာ ဆရာမဖြစ်ဘို့ကို မွေးဖွားလာတယ်လို့ထင်မိတဲ့ ဆရာမ တော်တော်များများလဲ ဒီ ၃ ယောက်ထဲ မှာ မပါပြန်ဘူး။ တခုထူးခြားတာက ဒီ ဆရာမ ၃ ယောက်လုံး ရယ်စရာ အရမ်းပြောတတ်တာပါပဲ။ သူတို့ အချင်းချင်းလဲ အမြဲ ရယ်မောနေတဲ့ ဆရာမတွေ။ သူတပါးကို ရယ်မောစေခြင်း တစ်ခုပဲ အသိအမှတ်ပြုခံရတဲ့ မြို့ပြယဉ်ကျေးမှုလေလား မခွဲခြားတတ်ပါဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် ၃ ယောက်မှသည် ၃၀၀ ဆီသို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကလေးတွေကို ဘိုးဘွားရိပ်သာတွေခေါ်သွား၊ အဘိုးအဘွားတွေနဲ့ စကားပြောခိုင်း၊ မိနစ်တိုင်း ကလေးတွေ သေဆုံးနေတဲ့ အာဖရိက အကြောင်း၊ ဆင်းရဲနွမ်းပါးလို့ ပညာကို ခက်ခက်ခဲခဲ သင်ယူရတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေ အကြောင်း ပြောပြပြီး ပြည့်စုံတဲ့ နိုင်ငံမှာ အေးအေးချမ်းချမ်း ခေတ်မီမီ ပညာသင်ကြားခွင့် ရတဲ့ ဘ၀ကို ကျေနပ်ဘို့၊ အမြဲတမ်း Complain တက်ဘို့ပဲ စဉ်းစားမနေကြဘို့ Slide Show တွေ၊ video တွေ မျိုးစုံနဲ့ အင်္ဂါနေ့တိုင်း သင်ကြားပေးကြတယ်။ နုနယ်တဲ့ နှလုံးသားလေးတွေ ခေတ်မီစွာ ရိုသားစေဘို့၊ ပညာတတ်ဆန်စွာ ယဉ်ကျေးစေဘို့ နဲ့ လူသားဆန်စွာ သိမ်မွေ့စေဘို့ ဆိုတာ ခေတ်မီ IT နည်းပညာတွေ၊ iPhone ထဲက Applications တွေထက် သင်ရခက်တယ် မဟုတ်လား။

ကိုယ်တိုင်လဲ Certificate ဘယ်နှစ်ခုလောက်ရှိမလဲစဉ်စားမိတယ်။ "Caught You Doing Right" က ဘယ်နှစ်ခု၊ "Caught You Being Kind" ကဘယ်နှစ်ခု၊ ပြောလို့ပြောတာ မဟုတ်ဘူး။ "Caught You Doing Wrong" တွေက ပိုများနေသလိုလို။ တချို့ Wrong တွေက ကိုယ်တိုင်သိပြီး သိပ်နောက်မကျခင် ရပ်တန့်လိုက်ပေမယ့် တချို့ကျတော့ Wrong နေပါတယ် ဆိုတာကြီးကို သိသိကြီးနဲ့ ကျေနပ်နေတာမျိုးလဲ ရှိတယ်။ ဘ၀မှာ ကျေကျေနပ်နပ်ကြီး အမှားခံလိုက်တဲ့ အဖြစ်အပျက်တွေ ရှိသလို နည်းနည်းလေးမှ အမှားမခံနိုင်တဲ့ စိတ်ပင်ပန်းခဲ့တဲ့ နေ့တွေလဲရှိနေပြန်ရော။ အမှားဆိုတာတွေ၊ လူတွေရဲ့ ပညက်ချက်တွေအားလုံးရဲ့ အပြင်ဘက်မှာ လိပ်ပြာသန့်သန့် ထွက်ရပ်နေချင်တဲ့ ဂေါက်တောက်တောက်နေ့တွေလဲ ရှိတယ်။ "မင်းမှားတော့မယ်ဆိုတာ သိလို့ပြောနေတာကွ" ဆိုတဲ့စေတနာစကားတွေကို မှားကြည့်လိုက်ဦးမယ်လို့ တန်ပြန်ခဲ့တဲ့စိတ်ရိုင်းဝင်တဲ့ နေ့တွေလဲ ရှိတယ်။ သူတပါးရဲ့ အမှားနဲ့ အရှုံးကို စောင့်ကြည့်ပြီး ၀မ်းသာတတ်တဲ့ လူတချို့ကို ပြုံးပြချင်တဲ့ နေ့တွေလဲ ရှိတယ်။ ကိုယ့်အမှားကို သူများအမှားလုပ်ပြီး မျက်နှာပြောင်ပြောင် လွှဲချတတ်တဲ့ လူတချို့ကို အာရုံနောက်တဲ့နေ့တွေလဲရှိတယ်။ အမှားကိုသိမှ အမှန်ပြင်လို့ရမှာပေါ့လို့ ပြောကြတဲ့ လူတွေကို "အမှားတိုင်းရဲ့ ဆန့်ကျင်ဘက်လားရာဟာ အမှန်ဆိုတာ သေချာရဲ့လား" လို့ပြန်မေးချင်တဲ့ နေ့တွေလဲ ရှိခဲ့ဘူးတယ်။

ကလေးတွေကို လူနဲ့ တူဘို့ လူကြီးတွေက ကြိုးစား၊ လူကြီးတွေ လူနဲ့ တူဘို့ကိုတော့ သက်ဆိုင်ရာ ဘာသာရေး သဘောတရား တွေက ကြိုးစား၊ အစွန်းရောက်တဲ့ လူလဲရောက်၊ လမ်းချော်တဲ့လူလဲရှိ၊ ဒီကြားထဲ Certificate ရူး ရူးသွားတဲ့ လူတွေလဲ ရှိတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်လုပ်ရပ်ကို ယုံကြည်မှုရှိတဲ့ သူအတွက် ဘယ်သူဘယ်လို ပေးပေး တုန်လှုပ်စရာ မလိုပါဘူးလေ။

တကယ်တမ်းတော့ သူတပါးပေးတာထက် ကိုယ့်ကိုကိုယ်နေ့တိုင်းပေးနေတဲ့ Certificate တွေက ပိုအရေးကြီးတာပါ။ ဒီနေ့ ငါတော်တယ်၊ ဒီနေ့ ငါပျော်တယ်။ ဒီနေ့လောက် ညံ့တာမရှိဘူး စသည်ဖြင့်ပေါ့။ နေ့တိုင်းက ကောင်းမနေနိုင်သလို၊ နေ့တိုင်းလဲ မညံ့နိုင်ပါဘူးလေ။ ကိုယ့်ကိုကိုယ် အဆိပ်ဖြစ်စေမယ့် Certificate မျိုးမပေးမိဘို့လဲ အရေးကြီးပါတယ်။ "Caught You Being An Idiot" ဆိုတာမျိုးပေါ့။ ကိုယ့်ကတော့ အသက် ၃၀ ကျော်မှာ "Certificate of Caught You Doing Stupid" အမျိုးအစားပေါင်း ၃၀ ကျော်နဲ့ ပျော်ပျော်ကြီး ရွက်လွှင့်နေတုန်းပါပဲ။

3 comments:

Han Kyi said...

ကောင်းတယ်ဗျာ...နည်းပညာနောက်လိုက်ပါများတော့ ကျောင်းသားတွေမှာ လူသားဘ၀ကနေ လျှောရရှာတယ်လို့များ ပြောရမလားမသိ...
စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဘက်ညီညီ တိုးတက်အောင် ကြိုးစားပေးရမှာ အားလုံးရဲ့တာဝန်ပါ...

Unknown said...

အ၇မ်းကိုစဉ်းစားတွေးတောစ၇ာလေးဖြစ်သွား၇ပါတယ်..အ၇မ်းကောင်းတယ် ...

အွန်စော said...

မရောက်တာကြာလို့ အစအဆုံးဖတ်သွားတယ်။ တော်တော်စိတ်မကောင်းစရာတွေပဲနော်။ တိုးတက်တယ် တိုးတက်တယ်နဲ့ တစ်ခုတိုးတက်တော့ တစ်ဘက်က လျော့သွားပြန်တယ်။ ချိန်ခွင်လျှာညှိဘို့ဆိုလျှင် မိဘတွေနဲ့ပေါင်းမှဖြစ်မယ်။ မိဘတွေပါ ပြောင်းနေလျှင်တော့ သေပြီဆရာပဲ။ ဆရာတွေသေမှာပဲ။

 

© 2007 IngridGrey By Arephyz