Friday, June 6, 2008

ပညာရေး လှည့်ကွက်ထဲမျောပါနေသူတယောက်အကြောင်း

“ကျနော်တို့ခေတ် ပညာရေးဆိုတာဗျာ ... ကားတစ်စီးနဲ့ မတူပေဖူးလား ။ လူတွေက ကား ကို ကြည့်ရင် ၊ ဆလွန်းကားလား နောက်ဆုံးပေါ်ကားလား ဘာတံဆိပ်လဲ ဆိုတာ အရင်ကြည့်ကြတယ် ။ ကားမောင်းလို့ အဆင်ချောတာနဲ့ ဒီကားက အရည်အသွေး ပြည့်ဝတယ်လို့ ထင်ကြတယ် ။ ကားထဲက အင်ဂျင် ဘယ်လောက်ကောင်းလဲ ၊ ဘယ်လောက် ပါဝါရှိလဲ သေချာ အသေးစိတ် မသိကြဖူး ။ သိဖို့လည်း စိတ်မ၀င်စားကြသလိုပဲဗျာ ။

လက်ဖက်ရည်ဆိုင်ထဲ နံပြား နှင့် ပဲပြုတ်ဝင်ဝယ်မည်လုပ်သော ကျွန်တော့်ခြေလှမ်းတို့ ထိုစကားသံများကြောင့် တွန့်ဆုတ်သွားသည် ။ အသံလာရာကို ကြည့်မိသောအခါ စိတ်ပါပါနှင့်ပြောနေသော လူငယ်တယောက်၏ နောက်ကျောကို လှမ်းမြင်ရသည် ။ သူ့ ဘေးမှာတော့ စိတ်ဝင်တစား နားထောင်နေသော (သို့မဟုတ်) စဉ်းစားခန်းဝင်နေပုံရသော လူငယ်များကို တွေ့ ရသည် ။ ထိုလူငယ် ဘာဆက်ပြောမလဲ ဟု စူးစမ်းလိုစိတ်ကြောင့် နံပြား နှင့် ပဲပြုတ်ကို ဆိုင်တွင်ထိုင်စားတော့မည် ဆုံးဖြတ်၍ သူတို့အုပ်စုနှင့် မလှမ်းမကမ်းနေရာရှိ ၊ ပြောနေသည့် လူငယ်နှင့် နောက်ပြန် ဘေးတစောင်းအနေအထားရှိ စားပွဲတလုံးတွင် ၀င်ထိုင်လိုက်မိသည် ။


“ပညာရေးဆိုတာလည်း အဲလိုဖြစ်နေပြီဗျာ ။ ဘွဲ့ လက်မှတ်တွေပဲကြည့်ပြီး လူတွေက ဒီလူ ပညာဘယ်လောက်တတ်လဲလို့ သတ်မှတ်တတ်ကြတယ် ။ အဲ တချို့ က အဲဒီဘွဲ့ လက်မှတ်က ဘယ်ကရလာတဲ့ ဘွဲ့ လက်မှတ်လည်းဆိုတာပါ ကြည့်ပြီး ခွဲခြားတတ်ကြသေးတယ်ဗျ ။ ခင်ဗျားတို့စဉ်းစားကြည့်ဗျာ ... နာမည်ကြီး ကျောင်းတကျောင်းက အောင်တာနဲ့ပဲ ဒီလူဟာ သူများထက် ပိုတော်တယ်လို့ သတ်မှတ်သင့်သလား ။ ဘွဲ့ လက်မှတ်တခုရတာနဲ့ပဲ အဲဒီဘွဲ့ လက်မှတ်ရဖို့ သင်ကြားခဲ့ရတဲ့အရာအားလုံးကို တတ်မြောက်ပြီလို့ ဆိုနိုင်မလား ။

စာကျက်ပြီး အောင်နေတဲ့ ကျနော်တို့ခေတ်ကြီးမှာ ဘွဲ့ လက်မှတ်တခုဟာ တကယ်တော့ စာရွက်တရွက်လိုပဲ ။ အဲ ... ဒါပေမယ့် အဲဒီစာရွက်ရှိဖို့ကလည်း လောကမှာ လိုအပ်သေးသဗျ ။ ဒါကြောင့်လည်း ကျနော်တို့ ခင်ဗျားတို့ ဘ၀မှာ လူစဉ်မှီမှီ ရုန်းကန်နိုင်ဖို့ အဲဒီ စာရွက်တရွက်နောက် အပြေးသုတ်ခြေတင် လိုက်နေရတာပေါ့ဗျာ ။”

လူငယ်က သူ့ စကားစကို ခဏဖြတ်၍ ရှေ့ မှ လက်ဖက်ရည်ခွက်ကို ခပ်ဖြည်းဖြည်းမခါ ကျန်ရှိနေသေးဖွယ်ရသော လက်ဖက်ရည်အနည်းငယ်ကို တကျိုက်တည်း မော့ပစ်လိုက်သည် ။

“ကဲ .. ကျနော်ပြောတာ ခင်ဗျားတို့ လက်ခံနိုင်မလား ။”

သူ့ မျက်နှာကို ငဲ့စောင်း၍ ဘေးရှိ သူငယ်ချင်းများကို မေးခွန်းထုတ်လိုက်သည် ။ ထိုလူငယ့်မျက်နှာကို မြင်လိုက်ရသည်နှင့် ကျွန်တော် အံ့အားသင့်သွားမိ၏ ။ ထိုလူငယ်ကို ကျွန်တော် သိသည် ။ သူ နှင့် ဆုံခဲ့ဖူးသည့် လွန်ခဲ့သော နှစ်နှစ်အချိန်သို့ ကျွန်တော့်အတွေးများ ရောက်ရှိသွားသည် ။

“မင်း ဘာလို့ ကျောင်း မလာတာလဲ ။ မင်း ခုလို ကျောင်းတွေပျက်တာ မင်း ကြိုးစားပန်းစား ဒီမြို့ ကိုရောက်အောင် လာထားရတာတွေ ဘယ်လောက်နှမြောစရာကောင်းလဲ သိရဲ့လား ။”

“ကျနော်နဲ့ပတ်သက်ပြီး ဆရာ့မှာ စိတ်ပျက်ရတာ ခွင့်လွှတ်ပါ ဆရာ ။ ကျနော် နောက်ရက်တွေ ကျောင်းမှန်မှန်တက်ဖို့ ကြိုးစားပါ့မယ် ။”

ထိုစဉ်က လုပ်အားပေးဆရာအဖြစ် မြို့ ငယ်လေးတမြို့ ၏ အထက်တန်းကျောင်းတွင် တာဝန်ကျခဲ့သည် ။ သူ့ နာမည်က “မျိုးသွင်” ။ ကျွန်တော်သင်ခဲ့ရသော ဆယ်တန်း နောက်ဆုံးတန်းမှ ကျောင်းသားတစ်ယောက် ။ ကျောင်းသို့ နောက်ကျမှ အမြဲရောက်သည် ။ တခါတလေ အတန်းထဲတွင် မျိုးသွင်ကို မမြင်ရသောရက်ကလည်း ခပ်များများ ။ သူကျောင်းတက်သည့်နေ့တိုင်း ခေါ်ပြောလျှင်လည်း မျက်နှာငယ်လေးနှင့် သူ့ ကိုယ်သူ ပြင်ပါမည်ဟု ကတိပေးတတ်သည် ။ သို့သော် နောက်ရက်တွေကျလည်း ပျောက်သွားတတ်စမြဲ ။

တောရွာလေးတရွာမှလာ၍ မြို့ တွင် ကျပန်းအလုပ်တခုလုပ်ရင်း ကျောင်းတက်နေသောသူ ဆိုသည်မှလွဲ၍ ၊ မျိုးသွင်အကြောင်း ကျွန်တော် အသေးစိတ် မသိ ။ အတန်းထဲတွင် စာသင်နေခိုက် ငိုက်မြည်းသွားတတ်သော သူ့ ကို အလုပ်လုပ်ချိန်များပြီး အိပ်ရေးမ၀၍ ဖြစ်မည်ဟု ကျွန်တော်နားလည်ပေးခဲ့သည် ။ ထို့ကြောင့် သူ ရှက်သွားမည်စိုးသဖြင့် ငိုက်နေသောသူ့ ကို စာမမေးဖြစ်ခဲ့ ။ သူ စိတ်ပါဝင်စားစွာ သင်ခန်းစာကို လိုက်နာသောနေ့များတွင် ၊ မေးခွန်းတိုင်းကို မျိုးသွင် ဖြေနိုင်တတ်သည် ။ ထိုအခါမျိုးတွင် “ကြည့် ... မင်း တကယ်စိတ်ပါလက်ပါ ကြိုးစားရင် ရတာပဲ ။ နေ့တိုင်း အဲလိုကြိုးစား” ဟု ကျွန်တော်ပြောသည့်အခါ “ဟုတ်ကဲ့ပါ ဆရာ” ဟု ရိုသေစွာ သူ ပြန်ပြောတတ်သည် ။ သို့သော် နောက်နေ့များတွင်လည်း ကျောင်းမှ သူ ပျောက်သွားတတ်ပြန်သည် ။

ပေါ်လိုက် ပျောက်လိုက်နှင့် နောက်ဆုံး ကျောင်းချိန်မမှန်သောကြောင့် ကျောင်းထုတ်ခံလိုက်ရသည် ။ ကျွန်တော်လည်း လုပ်အားပေးချိန် ပြီးဆုံးသောအခါ ထိုမြို့ ငယ်လေးမှ ထွက်ခွာ၍ ရန်ကုန်မြို့ သို့ ပြန်ပြောင်းလာခဲ့သည် ။ ဆရာအများစုက ကျောင်းသားဆိုးဟု သတ်မှတ်ခံရသော မျိုးသွင်တယောက် မည်သို့ ရှေ့ ဆက်စခန်းသွားမည်နည်းဟု စိတ်ထဲတွင် အမြဲ တွေးနေခဲ့မိသည် ။ ယခု သူ သည် ကျွန်တော် နှင့် မလှမ်းမကမ်းတွင် ထိုင်နေပြီ ။

အတွေးစကိုဖြတ်၍ နှစ်နှင့်ချီခါ ကွဲကွာနေခဲ့သော တပည့်ဟောင်းကို ပြန်တွေ့ ရသည့် ဆရာတယောက်၏ ၀မ်းသာမှုနှင့် သူ ထိုင်နေသော စားပွဲရှိရာသို့ ကျွန်တော် ရောက်သွားသည် ။

“ဟေ့ မျိုးသွင် မဟုတ်လား ။ ”

သူ ကျွန်တော့်ကို တဒင်္ဂ မှင်သက်ပြီး ကြည့်နေသည် ။ ထို့နောက်မှ သတိပြန်ဝင်လာပုံရခါ ...

“ဟာ - - ဆရာ ။ ထိုင်ပါ ။ ” ဟု နှုတ်ဆက်၍ ထိုင်နေရာမှ ချက်ချင်း ထရပ်လိုက်သည် ။

“အေးကွာ .. ပညာရေးအကြောင်းပြောနေသံကြားလို့ ထိုင် နားစွင့်နေတာ ၊ မင်းဖြစ်နေတာကိုး ။ ”

“ဆရာ .. ကျနော် ပြောမှား ဆိုမှား ရှိရင် ခွင့်လွှတ်ပါ ။ ဘာရယ်မဟုတ် သူငယ်ချင်းတွေနဲ့ စိတ်ထဲရှိရာ ဆွေးနွေးဖြစ်တာပါ ။”

“ရပါတယ်ကွာ ။ ခုလို လူငယ်တွေရဲ့ အမြင်ကိုလည်း ဆရာကအမြဲ စိတ်ဝင်စားတယ်လေ ။ မင်းပြောတာလည်း မှန်သင့်သလောက် မှန်တယ်ကွ ။ တကယ်တော့ ကျောင်းပညာရေးရော ဘ၀ကနေရတဲ့ ပညာရေးရော သူ့ နေရာ နဲ့ သူ အသုံးဝင်တာပါပဲ ။

ဒါပေမယ့် တခုတော့ ရှိတာပေါ့လေ - - ပညာရေးရဲ့ တန်ဖိုးဟာ အဲဒီပညာရေးကိုယူမယ့်သူပေါ်လည်း မူတည်တယ် ။ ကိုယ်တိုင်က ပညာရေးကို ဘယ်လို အတိုင်းအတာမှာထားပြီး ဆုံးဖြတ်ပြီး သင်ယူမလဲပေါ့ကွာ ။ ကိုယ့်ဘ၀အတွက် လက်မှတ်တခုအနေနဲ့ပဲဖြစ်သွားအောင် သင်ယူမလား ၊ ဒါမှမဟုတ် နေရာတချို့ မှာ အပေါက်တွေနဲ့ လိုအပ်နေသေးတဲ့ ဒီပညာရေးစနစ်ကြီး ထဲမှာ ထုထည်ရှိပြီးသားအရာတွေကို ကိုယ့်ဘ၀အတွက် တတ်မြောက်ခြင်းပညာတွေဖြစ်သွားအောင် သင်ယူမလား ။ အဲဒီ ဆုံးဖြတ်ချက်ကို ပညာသင်ယူမယ့်သူတိုင်း သေချာ စဉ်းစား ဆုံးဖြတ်တတ်ကြဖို့ လိုတယ်ကွ ။ ”

“ဟုတ်ကဲ့ ဆရာ ။ ကျနော့်ကို ခုလို နည်းပေး လမ်းပြ လုပ်တာတွက် ကျေးဇူးတင်ပါတယ် ။ ကျနော် ကြိုးစားပါဦးမယ် ။”

“အေးကွာ ... မင်းလို အတွေးအခေါ်ကောင်းတဲ့ လူငယ်တယောက် ပညာရေးဆိုတာကို စာရွက်တရွက်လိုမြင်တာနဲ့ပဲ ပညာရေးကို လွှင့်ပစ်လိုက်တယ်လို့ မဖြစ်စေချင်ဖူး ။ ပညာဆိုတာ ယူတတ်ရင် ရပါတယ် မျိုးသွင်ရာ ။ အဲဒါကိုတော့ မင်း မြဲမြဲ မှတ်ထားနိုင်ပါစေလို့ ဆရာ ပြောချင်တယ် ။

“x x x x x x x x x x x x ဒါ ဆရာ့ ဖုန်းနံပတ် ။ အချိန်မရွေး လိုအပ်ရင် ဆက်ပေါ့ ။ ဟုတ်ပြီလား ။ မင်း ခု ဘယ်မှာ နေလဲ ။ ”

“စမ်းချောင်းဘက်မှာပဲ ဆရာ ။ ကျနော် ကျောင်းပြန်တက်ဖို့ လုပ်နေပါတယ် ။ ”

“အေး အေး ... မင်းဘ၀လမ်းအတွက် အကုန်အဆင်ပြေပြီး ကိုယ်နဲ့ထိုက်တန်တဲ့နေရာရောက်အောင် ကြိုးစားနိုင်ပါစေလို့ ဆရာ ဆုတောင်းလိုက်တယ် ။ ”

“ပေးတဲ့ဆု နဲ့ ပြည့်ပါစေ ဆရာ ။”

မျိုးသွင်ကို နှုတ်ဆက်ပြီး လက်ဖက်ရည်ဆိုင်ထဲမှ ကျွန်တော် ထွက်ခွာခဲ့သည် ။ စိတ်ထဲမှာလည်း မျိုးသွင်၏ “ဟုတ်ကဲ့ ဆရာ” ဆိုသော စကား ဘယ်အခြေအနေထိ ခရီးရောက်နိုင်မည်လဲဟု တွေးလျက် ။



မှတ်ချက် ။
သူငယ်ချင်းတယောက်ပြောပြသော တကယ့်အဖြစ်အပျက်ကို အခြေခံ၍ ရေးသားထားသည် ။

0 comments:

 

© 2007 IngridGrey By Arephyz