Saturday, March 14, 2009

Open Course Ware

(သို့မဟုတ်)

အင်တာနက်ပေါ်က ပညာဒါန



Open Course Ware ဆိုတာဘာလဲ။

‘အိုးပင်းကို့စ်ဝဲ’ ဆိုသည်မှာ ကမ္ဘာအရပ်ရပ်ရှိ တက္ကသိုလ်များတွင် သင်ကြားလျက်ရှိသော သင်တန်းများကို အင်တာနက်မှတဆင့် အခမဲ့ ဖြန့်ဖြူးပေးသောနေရာ ဖြစ်သည်။ ဤဆောင်းပါးကို ရေးသားချိန်တွင် နိုင်ငံပေါင်း ၃၀ မှ တက္ကသိုလ် နှင့် အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်တို့က ကမ္ဘာအရပ်ရပ်ရှိ ပြည်သူတို့အား အဆင့်မြင့် ပညာရပ်များ ဝေမျှပေးနိုင်ရန် ရည်ရွယ်ပြီး ပညာဒါနပြုလျက်ရှိသည်။

ဘယ်တက္ကသိုလ်တွေပါလဲ။

ပညာဒါနပြုရာတွင် ပါဝင်သော စာရှုသူတို့နှင့် ရင်းနှီးပြီးဖြစ်မည့် တက္ကသိုလ် အချို့မှာ -

ဘယ်လိုသင်ကြားပေးတာလဲ။

ပညာဒါနပြုရာတွင် ပါဝင်သော တက္ကသိုလ်များက ၄င်းတို့၏ တက္ကသိုလ်များ၌ အခကြေးငွေယူကာ သင်ကြားနေသော ဘာသာရပ်များထဲမှ အနည်းဆုံး ၁၀ ခုကို ရွေးချယ်ပြီး အင်တာနက်ပေါ်တွင် တင်ပေးထားရသည်။ ထိုသို့တင်ရာတွင် သင်ရိုးညွှန်းတမ်း၊ မှတ်စု၊ ရည်ညွှန်းစာအုပ် နှင့် စာတမ်းများ စာရင်း၊ ပါဝါပွိုင့်ဆလိုဒ်များ၊ ဆရာများ၏ တိုက်ရိုက်ပို့ချချက် အသံ နှင့် ဗီဒီယိုဖိုင်များ စသည်တို့ ပါဝင်သည်။ မည်သူမဆို ထို သင်-ထောက်-ကူ ဖိုင်များကို အခမဲ့ ရယူသုံးစွဲ၍ မိမိဖာသာ လေ့လာရမည်ဖြစ်သည်။

မှတ်ပုံတင် စာရင်းသွင်းရန် လိုအပ်ပါသလား။

လုံးဝမလိုအပ်ပါ။ မည်သူမဆို အသုံးပြုနိုင်ပါသည်။

ဘယ်လိုဘာသာရပ်များ ပါဝင်ပါသလဲ။

စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ ပညာရေး၊ လူမှုရေး၊ စက်မှု၊ ကွန်ပြူတာ၊ ကျန်းမာရေး စသဖြင့် အမျိုးအစား စုံလင်စွာပါရှိသည်။ တက္ကသိုလ်များက မိမိတို့ ကျွမ်းကျင်ရာ ဘာသာရပ်များကို တင်ထားပေးတတ်သည်။ စာကိုး စာရင်းပါ ၀က်ဆိုဒ် လင့်များမှတဆင့် သွားရောက် လေ့လာ ရှာဖွေနိုင်သည်။

အင်တာနက် လိုအပ်ပါသလား

လိုအပ်ပါသည်။ အသံ နှင့် ဗီဒီယို ဖိုင်များကို တိုက်ရိုက် ဖွင့်ရန်အတွက်မူ အင်တာနက် မြန်နှုန်းမြင့်ရန် လိုအပ်သည်။ သို့ရာတွင် မှတ်စုများ၊ ပါဝါပွိုင့် ဆလိုဒ်များ၊ အသံ နှင့် ဗီဒီယို ဖိုင်များကို ဒေါင်းလုပ် လုပ်ထားပါက အင်တာနက် မရှိသော်လည်း ကွန်ပြူတာတွင် ဖွင့်ပြီး လေ့လာနိုင်သည်။

ဘာကြောင့် အလကားပေးတာလဲ။

မက်ဆာချူးဆက် စက်မှုတက္ကသိုလ်က စတင်ကာ ‘မည်သူမဆို အဆင့်မြင့်ပညာ သင်ကြားနိုင်ခွင့် ရရှိရေး’ ဆိုတဲ့ ရည်ရွယ်ချက်ကောင်းနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ တခြား တက္ကသိုလ်တွေလည်း ပါဝင်လာပြီး ဒီစီမံချက်ကို ငွေကြေးထောက်ပံ့တဲ့ အဖွဲ့အစည်းတွေပါ ပေါ်လာပါတယ်။ ဒါကြောင့် ဆက်လက်ပြီး ပညာဒါန ပေးနေနိုင်တာပါ။ သင်လည်း အလှူငွေ ထည့်ဝင်ချင်ရင် ထည့်ဝင်လို့ ရပါတယ်။

အလကားပေးတာဆိုတော့ အရည်အသွေး ကောင်းပါ့မလား။

စာရေးသူ၏ ကိုယ်တွေ့အရ ဆိုလျှင် အခကြေးငွေယူ သင်ပေးသော သင်တန်းများတွင် အသုံးပြုသည့် သင်ရိုးညွှန်းတမ်း၊ ဆလိုဒ်၊ မှတ်စုများ အတိုင်း ‘အိုးပင်းကို့စ်ဝဲ’ တွင် တင်ပေးထားကြောင်း တွေ့ရသည်။ အချို့တက္ကသိုလ်များ (ဥပမာ - ကာလီဖိုးနီးယား တက္ကသိုလ် - ဘာကလေ) တွင် အခကြေးငွေယူ သင်ပေးသော သင်တန်း လက်ချာများကို ဗီဒီယို ရိုက်ကာ တင်ပေးထားသဖြင့် အတန်းထဲတွင် သွားကာ တက်နေရသကဲ့သို့ပင် ရှိသည်။

ဒါဆို ဘာလို့ ကျောင်းလခပေး တက်နေတော့မလဲ။

အင်မတန် မေးသင့်တဲ့ မေးခွန်းပါ။ ကျောင်းလခပေး တက်တာနဲ့ ကွာခြားတာလေးတွေတော့ ရှိပါတယ်။ ကျောင်းလခပေး တက်ရင် မရှင်းလင်းသည်များ ရှိပါက ဆရာ၊ ဆရာမတွေကို တိုက်ရိုက် မေးမြန်းနိုင်ပါတယ်။ ‘အိုပင်းကို့စ်ဝဲ’ မှာတော့ ဘယ်သူကမှ လာပြီး ရှင်းပြနေမှာ မဟုတ်ပါ။ မိမိဖာသာ နားလည်အောင် ဖတ်ရှုလေ့လာရပါမယ်။ ကိုယ်ထူကိုယ်ထ ဆိုပါတော့။

နောက်တစ်ချက် ကွာခြားတာက ‘အိုပင်းကို့စ်ဝဲ’ မှာ လေ့လာပြီးသွားလို့ ဆိုပြီး အဆိုပါ တက္ကသိုလ်ကို ဘွဲ့၊ အောင်လက်မှတ်ပေးဖို့ သွားတောင်းလို့ မရပါ။ ဥပမာ - မိမိက အမ်အိုင်တီက ဘာသာရပ်တစ်ခုကို ‘အိုပင်းကို့စ်ဝဲ’ မှာလေ့လာပြီးသွားတာနဲ့ မိမိကို အမ်အိုင်တီက အသိအမှတ်ပြုလိုက်ပြီ လို့ သွားပြောလို့ မရပါ။

အသိအမှတ်ပြုလည်း မခံရ၊ ဘွဲ့လည်း မရ၊ အောင်လက်မှတ်လည်း မရဆိုတော့ ဘာလို့ လေ့လာနေမလဲ။

ဒါလည်း ဖြစ်တာပါပဲ။ ဘာမှ မလေ့လာပဲ အေးအေးဆေးဆေး နှပ်နေလည်း ဘယ်သူက ဘာပြောမှာလိုက်လို့။ သို့သော် ... အသိအမှတ်ပြု မခံရပေမယ့် ပညာရပ် ဆိုင်ရာ ဗဟုသုတ တိုးတက်ပါတယ်။ မိမိရဲ့ ပညာဗဟုသုတ တိုးတက်ရေးအတွက် ကြိုးစားလိုစိတ်ရှိသူတွေ၊ နိုင်ငံခြားထွက် ပညာသင်ဖို့ရာ အခက်အခဲ ရှိနေသူတွေ အတွက် အဆင့်မြင့် ပညာရေး အလှမ်းမဝေးကြောင်း လက်တို့လိုက်ရခြင်းသာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရှိသူတွေ အနေနဲ့ ‘အိုပင်းကို့စ်ဝဲ’ ကတဆင့် လေ့လာရာမှာ ဘာအခက်အခဲတွေ ရှိနိုင်သလဲ။

အင်္ဂလိပ်စာ၊ ကွန်ပြူတာ၊ အင်တာနက် အသုံးပြုတတ်ဖို့ နဲ့ အင်တာနက်မြန်နှုန်းမြင့်ဖို့ လိုပါတယ်။ အဲဒါတွေထက် အရေးကြီးတာက အချိန်မှန် လေ့လာသွားဖို့ပါ။ ကိုယ့်ကို ဘယ်သူကမှ ကြီးကြပ်နေတာ မဟုတ်လို့ ပေါ့ပေါ့လျှော့လျှော့နဲ့ လေ့လာချင်တဲ့ အချိန် လေ့လာ၊ ပစ်ထားချင်တဲ့ အချိန် ပစ်ထားလိုက်ဆိုရင်တော့ သိပ်မထူးပါ။ နောက်ထပ် ရှိနိုင်တဲ့ အခက်အခဲ တစ်ခုက ရည်ညွှန်းစာအုပ်၊ စာတမ်းများ ရရှိနိုင်ရေးပါ။ ဒါကတော့ ဘာသာရပ်ပေါ်မူတည်ပြီး မြန်မာပြည်က စာကြည့်တိုက်တွေမှာ ဖြစ်ဖြစ် အင်တာနက်မှာ ဖြစ်ဖြစ် ရှာဖွေ ရနိုင်ပါတယ်။ နိုင်ငံခြား တက္ကသိုလ်တွေမှာ တက်ရောက်နေတဲ့ အသိမိတ်ဆွေတွေရှိရင် သူတို့ကတဆင့်လည်း ရှာဖွေနိုင်ပါတယ်။

မူပိုင်ခွင့်ကို ဘယ်လို သတ်မှတ်ထားပါသလဲ။

အင်တာနက်ပေါ် တင်ပေးထားသော ‘အိုးပင်းကို့စ်ဝဲ’ ဆိုင်ရာ ဖိုင်များနှင့် ပတ်သက်သည့် မူပိုင်ခွင့်ကို တက္ကသိုလ် တစ်ခုချင်းစီက ရှင်းလင်းစွာ ဖော်ပြထားသည်။ အနိမ့်ဆုံး အောက်ထစ်အားဖြင့် ထိုဖိုင်များကို အခမဲ့ ပြန်လည် ဖြန့်ဖြူးခွင့်ရှိသည်။ ထိုသို့ ဖြန့်ဖြူးရာတွင် မူရင်းဖိုင်ကို မည်သည့်နေရာမှ ရရှိသည်ဟု အတိအကျ ဖော်ပြရန်လိုအပ်သည်။ နဂို မူလဖိုင်များကို ပြင်ဆင်ခွင့်မရှိ။ အချို့ တက္ကသိုလ်များကမူ ပြင်ဆင်ခွင့် ပေးသည်။ သို့သော် မိမိ ပြင်ဆင်ပြီးသော ဖိုင်များကို ဆက်လက်၍ အခမဲ့ ဖြန့်ဖြူးပေးရမည် ဖြစ်သည်။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး။
http://www.ocwconsortium.org
http://en.wikipedia.org/wiki/OpenCourseWare
http://en.wikipedia.org/wiki/MIT_OpenCourseWare

Tuesday, March 3, 2009

ကျောင်းဆိုသည်မှာ

ကျောင်းဆိုသည်မှာ
(အလင်းတိုက်ဂျာနယ် ၂၀၀၈)

သိန်းနိုင်

အတော်ငယ်ရွယ်ပြီး အသစ်တည်ဆောက်ထားသော ကျောင်းတွင် အလုပ်လုပ်နေသည့် ကျွန်တော် ကိုယ့်ကိုယ်ကို မကြာခဏမေးမြန်းလေ့ရှိသည်မှာ “ကျောင်းဆိုတာဘာကို တကယ်ခေါ်တာလဲ” ဟူ၍ဖြစ်ပါသည်။
မိဘများမှာ ကျယ်ဝန်းကြီးမားပြီး သေချာစွာတည်ဆောက်ထားသည့် ကျောင်းကြီးများကို ရွေးချယ်လေ့ရှိသည်။ သူတို့ယုံကြည်သည့်အတွက်ဖြစ်၏။ ဤသို့ယုံကြည်ကိုးစားသည်မှာလည်း အစဉ်အလာအရလက်ခံထားရှိသည့် (ကျောင်း ကျယ်ဝန်းကြီးမားခြင်း၊ ကျောင်းအဆောက်အအုံနှင့် ပစ္စည်းများ ပြည့်စုံကုံလုံခြင်း၊ သင်ယူခြင်း-သင်ကြားခြင်းနည်းလမ်းများ၊ ကျောင်းသားများအပေါ် အမြင်သဘောထားများ၊ သင်ယူပုံများ၊ စာမေးပွဲအောင်ချက် စသည်ဖြင့်..) အချက်များအရ ကျောင်းကြီးများမှာ အမြဲတမ်းလိုလို ပြည့်စုံနေလေသည် ဟူ၍ဖြစ်သည်။ ကံမကောင်းအကြောင်းမလှသည်မှာ ကျောင်းသားများ၏ အမြင့်မားဆုံးနှင့် အဓိပါယ်ပြည့်ဝသော သင်ယူခြင်းအတွက် မဟုတ်ခြင်းပင်ဖြစ်ပါသည်။ နှစ်ပေါင်း ၃၀ ကျော်ကာလများအတွင်း ပြုလုပ်ခဲ့သည့် သင်ယူ လေ့လာခြင်းနှင့် သိမှုနယ်ပယ်ဆိုင်ရာ သိပံတွေ့ရှိချက်များအရ အစဉ်အလာအရ တည်ရှိနေသည့် ကျောင်းဖွဲ့စည်းပုံ၊ တည်ဆောက်ပုံတို့မှာ သင်ယူလေ့လာခြင်း အတွက် အဆင်ပြေမှု အနည်းဆုံး ဖြစ်နေတော့သည်။ ဤတွင် “ကျောင်းဆိုသည်မှာ အဘယ်နည်း”။

စနစ်တကျဖွဲ့စည်းတည်ဆောက်ထားရှိပြီး “ပညာတတ်- လူတတ် ဂျီးနီးယပ်စ်” အနည်းစုက အကြံပြုထားချက်များအရ အုပ်ချုပ်သည့် အယူအဆတစ်ခု တော့လည်း မဟုတ်နိုင်ပါ။ အမြဲထာဝစဉ်ပြောင်းလဲနေသည့် ကမ္ဘာကြီးအတွင်းက အခြားအရာများနည်းတူ “ကျောင်း” ဆိုသော အယူအဆမှာလည်း အကြီးအကျယ် ပြောင်းလဲခဲ့ပြီးဖြစ်ပါ၏။ ရုပ်ပိုင်းဆိုင်ရာကျောင်းဖွဲ့စည်းမှု အကန့်အသတ်တို့ကို ကျော်လွန်ခဲ့ပြီးဖြစ်သည်သာမက လူသား၏စိတ်နှလုံးတွင် လုပ်ကိုင်လိုသည့်ဆန္ဒအားလုံးကိုလည်း လက်လှမ်းမီနိုင်ပြီဖြစ်လေသည်။ တနည်းဆိုရသော် “ကျောင်းနေခြင်း” မှာ ရှင်သန်ခြင်းနှင့်ပင် ထပ်တူကျနေတော့သည်။ ကျွန်တော်၏အမြင်အရဆိုရသော် ဤပြောင်းလဲနေသောကာလများတွင် ကျောင်းကို “ကျောင်း” ဟူ၍ခေါ်ဆိုနိုင်စေသည်မှာ အောက်ပါအချက်များပင်ဖြစ်ပါသည်။

၁။ ပြောင်းလဲတိုးတက်နေခြင်း - အစဉ်အမြဲ ပြောင်းလဲဖြစ်ပေါ်တိုးတက်နိုင်စွမ်းနှင့် လက်တွေ့လုပ်ဆောင်ချက်များကို ဆန်းသစ်တီထွင်လုပ်ဆောင်နိုင်ခြင်း၊ ပညာသင်ယူခြင်းအပေါ် အမြင်သဘောထားများကို ဆန်းသစ်နိုင်ခြင်း။

၂။ အချက်အလက်များအပေါ်မူတည်ပြီး လက်တွေ့လုပ်ဆောင်ခြင်း - “ထိုသို့ပြောကြခြင်း၊ ဤသို့ ခံစားရခြင်း စသည်တို့ကြောင့် ကျွန်တော်တို့ ဒီလို လုပ်ကြပါတယ်” ဟူ၍ လုပ်ဆောင်ခြင်းများထက် သက်သေအထောက်အထားများ၊ တိကျသော အချက်အလက်များခိုင်မာမှုအရ ဆုံးဖြတ်ချက်တို့ကို ချမှတ်ခြင်း။

၃။ ဆရာဆရာမများ၊ ကျောင်းသားများ၊ မိဘများ၊ အုပ်ချုပ်သူများ၊ ရပ်ရွာလူ့အဖွဲ့အစည်းများ၊ စီးပွားလုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ စသည်တို့ အကြားတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း - ဤလူများအားလုံးမှ ကျောင်းဟူသည် သီးသန့်တည်ရှိနေပြီး ဖွင့်လှစ်ထားရှိသည်ဟု ကျောင်းကို မမြင်ကြရန်၊ “ကျောင်း” ဆိုသည်မှာ ရှင်သန်နေသောဘ၀နှင့် ဆက်စပ်နေသည်ဟူ၍ နားလည်ထားကြရန်၊ ဘ၀ရှင်သန်ခြင်းမှာ ရပ်ရွာ လူ့အဖွဲ့အစည်း အစိတ်အပိုင်း အားလုံးနှင့် ယှက်နွယ်ဆက်စပ်၍ နေထိုင်ကြရခြင်း။

၎။ ဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် အားလုံးပါဝင်ခြင်း - ကျောင်းကြီးများမှာ သီးသန့်ရှိနေတတ်ခြင်းတွင် နာမည်ကြီးတတ်သည်။ ဆုံးဖြတ်ချက်များကို ခေါင်းဆောင်ပိုင်း အာဏာပိုင်များမှ ချမှတ်ထားရှိပြီး အခြားသူများအနေဖြင့် ဤဆုံးဖြတ်ချက်များ၏ သင့်တင်လျောက်ပတ်မှုနှင့် ထိရောက်မှုတို့ကို မေးခွန်း မထုတ်ဘဲ လိုက်နာရန်သာ မျှော်လင့်ထားရှိသည်။ ကျောင်းပညာရေးနှင့် ဆက်နွယ်နေသော အထောင်အသောင်း အစိတ်အပိုင်းအသီးသီးအကြား ဆက်သွယ်မှု ပြုနိုင်ခြင်းမှာ ပြောင်းလဲတိုးတက်လိုသည့် ပညာရေးဌာနများ၊ ကျောင်းများ၊ တက္ကသိုလ်များအတွက် အောင်မြင်ရန် အဓိကကျပါသည်။

၅။ လားရာအမြင်ထားရှိ လုပ်ဆောင်ခြင်း (မြင်ကွင်းကျယ်ကို ရှုမြင်ခြင်း) - ကျောင်းကြီးများသည် သူတို့ရရှိထားသည် အဆင့်အတိုင်းအပြောင်းအလဲမရှိထားလိုကြသည်။ “အကယ်၍ တစ်ခုခုဟာ ကောင်းနေတယ်၊ အလုပ်ဖြစ်နေတယ်ဆိုယင် ကျွန်တော်တို့အဲဒါကို သိမ်းဆည်းထားတယ်” - ဤသည်မှာ အခြေခိုင်ပြီးဖြစ်သည့် ကျောင်းကြီးများ၏ ဆောင်ပုဒ်လိုဖြစ်နေလေသည်။ အကယ်၍သာ ကျောင်း၏လားရာအနာဂတ်ကို မေးမြန်းကြည့်ခဲ့ပါမူ ၀န်ထမ်းအများစုနှင့် ဌာနဆိုင်ရာများမှ ဖြေဆိုနိုင်ခြင်းမရှိပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် “ဤနေရာ၊ ဤအချိန်” တွင်သာ ရှင်သန်နေလေခြင်းကြောင့်ဖြစ်ပါ၏။ “အနာဂတ်” သည် ပစ္စုပန်ကို ရှေ့ဆောင်ခြင်းမရှိပါလေ။ အတိတ်ကသာ ရှေ့ဆောင်နေလေသည်။ အတိတ်နှင့် မျက်မှောက်ပစ္စုပန်တို့ အရေးကြီးသော်ငြားလည်း တိုးတက်ပြောင်းလဲလိုသည့် ကျောင်းများမှာမူ “အနာဂတ်လားရာ” နှင့် မြင်ကွင်းကျယ်ရှုမြင်မှုကို အာရုံစိုက်ပါသည်။ ဤသည်မှာ ကျောင်းသားများအတွက် အဓိပါယ်ပြည့်ဝသော သင်ယူမှုအတွေ့အကြုံများကို ဖြည့်ဆည်းပေးနိုင်ရန်ဖြစ်ပါကြောင်း။

သိန်းနိုင်
Ref: affectiveteaching.com

Monday, March 2, 2009

ကျောင်းသားလက်စွဲ- ပို့ချမှုအား သင်ယူခြင်း

ကျောင်းသားတယောက်အတွက် စာသင်ခန်းတွင် ပို့ချမှုအား သွားရောက်သင်ယူရသော အချိန်သည် တန်ဖိုးလွန်စွာရှိသော အချိန်ဖြစ်လေရာ ထိုအချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်ရန် လိုအပ်လှပေသည်။

ပို့ချမှုသို့ မသွားမီ
စာသင်ခန်းသို့ မသွားမီကပင် မိမိသင်ယူရမည့် ဘာသာရပ်၏ ခေါင်းစဉ်ကို ကြိုတင်သိရှိ လေ့လာသွားသင့်သည်။




ပို့ချချိန်၌
(၁) သင်ကြားပို့ချနေသော စာကို အာရုံစိုက်သင့်သည်။ အဓိကကျသော စကားလုံးများ၊ စကားစုများကို အထူးဂရုပြု နားထောင်သင့်သည်။

(၂) ပို့ချမှုလမ်းကြောင်းကို ဂရုပြု နားထောင်ရမည်။ ဥပမာ- အခုဆက်လက်ပြီး၊ ဘာကြောင့်ဒီလိုဖြစ်ရလဲဆိုရင်၊ အဓိကအုပ်စုသုံးမျိုးရှိပါတယ် အစရှိသော စကားလုံးများကို သတိပြုနားထောင်သင့်သည်။

(၃) အရေးပါသော အချက်များကို လိုက်လံမှတ်သားရမည်။ ခေါင်းစဉ်များ၊ မေးခွန်းများ၊ ရည်ညွှန်းကိုးကားများကို သတိပြုမှတ်သားရမည်။

(၄) နားထောင်ခြင်းနှင့် ရေးမှတ်ခြင်းကို balance ဖြစ်စေရမည်။ သင်ရိုးစာအုပ်ထဲတွင် ပါသော အချက်အလက်အသေးစိတ်များအား လိုက်လံမှတ်သားခြင်းကို ရှောင်ကြဉ်ပါ။ ပို့ချနေသော အကြောင်းအရာနှင့် ပတ်သက်၍ စိတ်ဝင်စားမှုစွာ တွေးတောရမည်။ ဥပမာ- ပို့ချမှုမှ အချက်များကို သဘောတူသလား။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ စသဖြင့် တွေးရမည်။

စာသင်ချိန်ပြီးသွားပါက
မှတ်စုများ၊ ဆရာ၊ ဆရာမပေးသည့် handouts များ ကို ရက်စွဲများသတ်မှတ်၍ ဖိုင်တွင် ထည့်သွင်းသင့်သည်။ မှတ်စုများပြန်ဖတ်ပြီး၊ သင်ရိုးစာအုပ်များ၊ ကိုးကားစာအုပ်များမှ အချက်အလက်များကို ထပ်မံထည့်သွင်းသင့်သည်။ စာသင်ချိန်တနာရီမှတ်စုအတွက် ရည်ညွန်းကိုးကား စာအုပ်စာတမ်းများ ထပ်မံဖတ်ရှုချိန် ခြောက်နာရီ အနည်းဆုံး ရှိသင့်သည်။ ပို့ချမှုနှင့် ပတ်သက်၍ အခြားကျောင်းသူကျောင်းသားများနှင့် ဆွေးနွေးမှုများ ထပ်မံလုပ်သင့်သည်။ အသစ်ရလာသော အချက်အလက်ကို သိပြီးသား အချက်အလက်များနှင့် ဆက်စပ်စဉ်းစားပြီး၊ မကျေလည်မှုများကို ဖော်ထုတ်၍ လေ့လာဆွေးနွေးမှု ပြုလုပ်သင့်သည်။

ခင်မမမျိုး (၂၊ ၃၊ ၂၀၀၉)

 

© 2007 IngridGrey By Arephyz