Monday, December 22, 2008

ကျောင်းဆရာဆရာမများကို တန်ဖိုးထားကြပါစို့ ။

ကမ္ဘာ့ဆရာများနေ့ ၂၀၀၈ နှင့် မြန်မာဆရာဆရာဆရာမများအား ဂုဏ်ပြုဆောင်းပါး
သိန်းနိုင်

နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ ၅ ရက်ကို ကမ္ဘာ့ဆရာများ(world teachers day) အနေဖြင့်သတ်မှတ်ထားရှိပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂ ယူနက်စကို အဖွဲ့ အစည်း ကြီးကနေ ၁၉၉၃ ခုနှစ်ကတည်းက စတင်သတ်မှတ်ခဲ့ပြီး အဲဒီနေ့ တိုင်းမှာ ကမ္ဘာ တ၀ှမ်းလုံးမှာရှိတဲ့ ကျောင်းဆရာဆရာမများကို ဂုဏ်ပြုတဲ့ အစီအစဉ်များကို ပညာရေးအဖွဲ့ အစည်းအသီးသီးမှ ကျင်းပ ပြုလုပ်ကြတာပါ။ နေ့ စဉ်နေ့ တိုင်း သန်းပေါင်းများစွာသော စာသင်ခန်းတွေ ထဲမှာ စာသင်ကြားခြင်းနှင့် စာသင်ယူခြင်း ကို ပြုလုပ်နေကြတယ်မဟုတ်လား။ မျိုးဆက်တစ်ခုကနေ နောက်မျိုးဆက် တစ်ခုအတွက် ဘာသာစကား လက်ဆောင် တွေကို လက်ဆင့်ကမ်းယင်း ပညာသင်ယူလိုစိတ်ကို ပျိုးထောင်ယင်း၊ ရှင်သန်မှုအတွက်ဖြည့်ဆည်းယင်း၊ အသိပညာမွတ်သိပ်မှုကိုလည်း ဖြေဖျောက် ပေးနေကြတာပါ။ အသိပညာတွေကို မျှဝေပေးပြီး စွမ်းရည်တွေရရှိလာတဲ့အခါမှာ ဘ၀တွေဟာ တိုးတက်ပြောင်းလဲ လာမှာပါ။ အဓိကအားဖြင့်တော့ လက်ရှိမျက်မှောက်ခေတ်
ကျောင်းဆရာဆရာမများကို အသိအမှတ်ပြု တန်ဖိုး ထားခြင်း ဖြစ်သလို အနာဂတ်မျိုးဆက်များရဲ့ လိုအပ်ချက်တွေကိုလည်း ထည့်သွင်းစဉ်းစားပေးခြင်းပါဘဲ။ ကမ္ဘာ့ဆရာများနေ့ဟာလူ့အဖွဲ့ အစည်းအတွင်းမှာ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်အဆက်ဆက် ကျောင်းဆရာ ဆရာမများရဲ့ အရေးကြီးတဲ့ ပါဝင်ဆောင်ရွက်မှုကို ကျေးဇူးတင်ကြောင်း အထင်ကရ ထုတ်ဖေါ်ပြသခြင်းလည်းဖြစ်တယ်။ သက္ကရာဇ် ၂၀၀၀ ပြည်နှစ်ကတည်းက စတင်ခဲ့တဲ့ ကလေးများအားလုံးအတွက် ပညာရေး လှုပ်ရှားမှု Education for All ဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ အတော်ကလေး တိုးတက်အောင်မြင်မှုတွေရရှိခဲ့ပြီးဖြစ်တယ်။ သို့ ပေမဲ့ သက္ကရာဇ် ၂၀၁၅ ရောက်တဲ့အခါ တစ်ကမ္ဘာလုံးမှာ ကလေးအားလုံးမူလတန်း ပညာရေးဆုံးခန်းတိုင်အောင်နေနိုင်ရေး Universal primary education by 2015 ဆိုတဲ့ မျှော်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့ ဆိုရင် လောလောဆယ်မှာ အရည်အချင်းပြည့်ဝတဲ့ ကျောင်းဆရာဆရာမဦးရေ ၁၈ သန်းကျော် ထပ်မံလိုအပ်နေကြောင်းကို ယူနက်စကိုအဖွဲ့ ကြီးက ခန့် မှန်းထားပါတယ်။ ပညာရေးနေ့ထူးနေ့မြတ်အဖြစ် အောက်တိုဘာ ၁၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့အဖြစ်သီးခြား သတ်မှတ် ထားခြင်းဟာ ဆရာဆရာမများကို ချီးကျူးဂုဏ်ပြုခြင်းနှင့် အတူ သူတို့ရဲ့အင်မတန်အရေးကြီးလှတဲ့ တာဝန် ထမ်းဆောင်မှုကို အသိအမှတ်ပြုခြင်းလည်းဖြစ်ပါတယ်။ မူကြိုအရွယ်ကလေးငယ်လေးတွေ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကလေးတွေ၊ လူငယ်တွေ၊ လူကြီးတွေအားလုံးအတွက် ဘ၀တစ်သက်တာပညာရေးခရီးကို ရှေ့ ဆောင်လမ်း ထွင်ရင်း ပြုစုပျိုးထောင်ပေးနေတာ ဆရာဆရာမတွေဘဲမဟုတ်ပါလား။

အရည်အသွေးပြည့်ဝတဲ့ ကျောင်းဆရာဆရာမများ ရှားပါးနေမှုဟာ ၂၀၁၅ ပညာရေးမျှော်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့ ရာ အတွက် အကြီးမားဆုံးသော အတားအဆီးဖြစ်နေကြောင်းလည်း ဆိုပါတယ်။ အဲဒီအတွက် ၂၀၀၈ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထူးအစီအစဉ်တွေထဲမှာ အရည်အသွေးပြည့်ဝတဲ့ ပညာရေးအတွက် ကျောင်းဆရာအလုပ်အကိုင်နဲ့  ပတ်သက်တဲ့ ဆရာအတတ်ပညာ အရည်အချင်းမြှင့်သင်တန်းတွေကို ဦးစားပေးထားခြင်းပါ။ နိုင်ငံအသီးသီးမှာရှိတဲ့ ကျောင်း ဆရာ ဆရာမသမဂ္ဂတွေအနေနဲ့ လည်း အာဏာပိုင်အဖွဲ့ အစည်းတွေ၊ သက်ဆိုင်ရာအစိုးရအဖွဲ့တွေကို တောင်းဆိုထားတဲ့ အချက်တွေထဲမှာ လုံလောက်တဲ့ လေ့ကျင့်ပျိုးထောင်ခြင်းနှင့် မွမ်းမံသင်တန်းတွေကို ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ ၂၀၀၈ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်ဖြစ်တဲ့ ဆရာဆရာများရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုထားတဲ့ “ဆရာဆရာမများကို တန်ဖိုးထားကြပါစို့ ” Teacher Matters! အတိုင်းဖြစ်ပါတယ်။

၁၉၆၆ ခုနှစ်ကတည်းက အစဉ်အလာအရ နှစ်စဉ်ကျင်းပခဲ့ကြတဲ့ ကမ္ဘာ့ဆရာများနေ့တိုင်းမှာ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းကြီးများဖြစ်ကြတဲ့ ယူနက်စကို၊ ယူအင်န်ဒီပီ၊ အိုင်အယ်လ်အိုနှင့် ယူနီဆက်ဖ် အဖွဲ့ကြီး လေးဖွဲ့ရဲ့အကြီးအကဲလေးဦးအပြင် ၂၀၀၇ ခုနှစ်မှာ နိုင်ငံတကာပညာရေးအဖွဲ့ကြီး Education International ရဲ့ ဥက္ကဌပါ ပါဝင်ပြီး အကြီးအကဲငါးဦးအနေနဲ့ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို စုပေါင်းသ၀ဏ်လွှာ ပေးပို့ကြပါတယ်။ ၂၀၀၈ ခုနှစ်အတွက် စုပေါင်းသ၀ဏ်လွှာထဲမှာ "ကမ္ဘာ့ဆရာများနေ့တွင် နိုင်ငံအားလုံး၊ တောနှင့်မြို့ပါမကျန် ကမ္ဘာ့တစ်နံတလျားရှိ ဆရာဆရာမများအားလုံးကို ကျွန်ုပ်တို့ ချီးကျူးဂုဏ်ပြုအပ်ပါသည်။ အရည်အချင်းပြည့်ဝသော လူတိုင်းအတွက် ပညာရေးကို လက်ဝယ်ရရှိရန် ဆရာဆရာမများ၏ အခန်းကဏ္ဍကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်ပြောဆိုပြီး တက်ကြွမှုရှိသော၊ လေးစားတန်ဖိုးထားအပ်သော၊ ထိရောက်သောဆရာဆရာမ အင်အားစုကို အားပေးမြှင့်တင်သည့် မူဝါဒများပေါ်ထွက်လာစေရန် လိုအပ်လျက်ရှိကြောင်း ကျွန်ုပ်တို့ အခိုင်အမာပြောဆိုပါသည်။ ယနေ့ကမ္ဘာ့ဆရာများနေ့တွင် ဆရာဆရာမများကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆရာဆရာမများကို တန်ဖိုးထားကြပါစို့ ဆိုသည်ကို အခိုင်အမာ ပြောဆိုလိုပါသည်။" လို့ဆိုပြီး ဆရာဆရာမများကို အားပေးမြှင့်တင်ဖို့လိုတဲ့အချက်ကို အဓိကထားခဲ့ပါတယ်။

မြန်မာ့ပညာရေးလောကမှာ ထင်ရှားတဲ့ ဆရာကြီးဦးသန်းဦးက ပညာ့ဝန်းကျင်ကောင်းနှင့် ဆရာ့ ၀န်းကျင်ကောင်းတွေကို ကြံဆဖန်တီးဖော်ဆောင်နိုင်ရေးဟာ နှစ်ဆယ့်တစ်ပညာရာစု၊ ပညာခေတ်၊ ပညာလူ့အဖွဲ့အစည်းရဲ့တကယ့်လိုအပ်ချက် အနှစ်သာရဖြစ်ကြောင်းကို ၂၀၀၈ ကမ္ဘာ့ဆရာများနေ့ထုတ် မြန်မာ့အလင်းမှာ မီးမောင်းထိုးတင်ပြဆွေးနွေးခဲ့ပါသည်။ မှန်ပါတယ်။ ခေတ်အစဉ်အဆက် မြန်မာတွေရဲ့ယဉ်ကျေးမှုမှာ ဆရာဆရာမတွေကို တန်ဖိုးထားခဲ့၊ လေးစားခဲ့၊ မြတ်နိုးခဲ့၊ ရိုသေခဲ့၊ ဂုဏ်သိက္ခာနှင့်အညီ ရှင်သန်ခွင့်တွေပေးခဲ့ပါတယ်။ ပညာ့ဝန်းကျင်ကောင်းနှင့် ဆရာ့ဝန်းကျင်ကောင်းတွေကို ပိုင်ဆိုင်ခဲ့ဘူးတဲ့ လူ့အဖွဲ့အစည်းလည်းဖြစ်တယ်။ အဲဒီခေတ်တွေ အတော်ကလေး အလှမ်းဝေးဝေးမှာ ကျန်ရစ်နေခဲ့ပါပြီ။ မျိုးဆက်သစ်များအတွက် ဘယ်လိုအမွေတွေကို ထားရစ်ခဲ့ကြမလဲ။

မျက်မှောက်ပညာခေတ်ရဲ့ မြန်မာ့ပတ်ဝန်းကျင်က ပညာရေးနှင့် ဆရာဆရာမများရဲ့လူမှုဘ၀တွေကို လေ့လာကြည့် သင့်ပါတယ်။ မြန်မာနိုင်ငံဟာ ပညာ့ဝန်းကျင်ကောင်းနှင့် ဆရာ့ဝန်းကျင်ကောင်းရှိနေပါသလား။ ကျောင်းပညာရေးကဆင့် အနာဂတ်လူ့အဖွဲ့စည်းကို ပုံဖေါ်ထုဆစ်နေကြတဲ့ လူသားဗိသုကာဆရာဆရာမများရဲ့ အရည်အသွေးမြင့်မားနေပါပြီလား။ အသိပညာနှင့် အသိတရားတွေဖြန့်ဖြူးသူတွေမှာ လုံလောက်တဲ့ အသိပညာတွေ ရရှိပါရဲ့လား။ လူ့ဂုဏ်သိက္ခာနှင့်အညီ ပတ်ဝန်းကျင်မှာ ရှင်သန်ရပ်တည်ခွင့်တွေကောရှိပါရဲ့လား။

မြန်မာနိုင်ငံရဲ့ အခြေခံပညာမှာ နှစ်စဉ်ကျောင်းဆရာဆရာမအသစ်လိုအပ်ချက်ဟာ တစ်သောင်းငါးထောင် နီးပါခန့် ရှိတယ်လို့ ပြည်တွင်းစစ်တမ်းများအရ အကြမ်းဖျင်း ခန့်မှန်းပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၉၈ ခုနှစ်က ရေရှည်အနှစ် ၃၀ ပညာရေး စီမံချက်တွေကို ချမှတ်ထားခဲ့တဲ့အထဲမှာ ဆရာအတတ်ပညာ အရည်အသွေးမြင့်မားရေး လုပ်ငန်းတွေကိုလည်း ထည့်သွင်းထားခဲ့တာတွေ့ရပါတယ်။ နှစ်နေရာတည်းသော ပညာရေးဘွဲ့ သင်တန်းတွေ ထားရှိတဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်ရယ်၊ စစ်ကိုင်းမှာရှိတဲ့ ပြည်ထောင်စု တိုင်းရင်းသား ဖွံ့ဖြိုးရေးသိပံ္ပ၊ ပညာရေး ကောလိပ်ရယ်၊ ၅၀ ရာခိုင်နှုန်းကျော်ရှိနေတဲ့ လက်မှတ်မဲ့ ကျောင်းဆရာဝန်ထမ်းအရေးပေါ်အခြေအနေကြောင့် ဖွင့်လှစ်ထားရှိတဲ့ ဒေသအသီးသီးမှာရှိတဲ့ ပညာရေးကောလိပ် ၂၀ နီးပါးဟာ နှစ်စဉ်လိုအပ်ချက်ရဲ့ တစ်ဝက်ကိုတောင် မဖြည့်ဆည်း ပေးနိုင်သေးပါဘူး။

ကလေးကျောင်းထွက်နှုန်းနှင့် အပြိုင် လက်ရှိကျောင်းဆရာဆရာမများရဲ့ အလုပ်စွန့် နှုန်း ဟာလည်း ကြောက်ခန်းလိလိ ဖြစ်နေတယ်ဆိုတာတွေ့ ရှိရပါတယ်။ ဘယ်သူမှ မလုပ်ချင်ဆုံး ၀န်ထမ်းအလုပ်အကိုင်ဟာ ကျောင်းဆရာဆရာမ အလုပ်အကိုင်ဖြစ်နေရတာဟာ စိုးရိမ်ဖွယ်ရာ ဖြစ်ပါတယ်။

စားဝတ် နေရေးမပြည့်စုံ၊ မဖူလုံခြင်းနှင့်အတူ ကျောင်းဆရာ ဆရာမ အလုပ်ရဲ့ ဂုဏ်သိက္ခာဟာ မြန်မာနိုင်ငံပညာရေး သမိုင်းခေတ်အဆက်ဆက်မှာ အနိမ့်ကျဆုံးဖြစ်နေတာကတော့ အင်မတန် ၀မ်းနည်းကြေကွဲစရာပါ။ မူတန်းပြ ကျပ် သုံးသောင်းလစာဟာ ကျောင်းဆရာ ဆရာမ အလုပ်အကိုင်တစ်ခုတည်းနဲ့မိမိတစ်ဦးတည်းရဲ့ စားရေးကို (၀မ်းစာတစ်ခုတည်းကို) လ၀က်တောင်မဖူလုံနိုင်ပါဘူး။ အဲဒီအတွက် တစ်နေ့ရှစ်နာရီ အချိန်ပြည့် ကျောင်းဆရာ ဆရာမ အလုပ်အကိုင်ကို မလုပ်ချင်ကြတော့တာဟာ အံ့သြစရာတော့မဟုတ်ပါဘူး။

ဆရာဆရာမများဟာ ကျောင်းဆရာ အလုပ်အကိုင် တစ်ခုတည်းနဲ့ စားဝတ်နေရေး မဖူလုံ နိုင်တဲ့အတွက် အခြားအခြားသော အလုပ်အကိုင်များကို တွဲဖက် လုပ်ကိုင် နေကြရတယ်။ ခေါင်းရွက် ဈေးခြင်းတောင်းတဲ့မှာ ခပ်နွမ်းနွမ်း အဖြူအစိမ်း ကျောင်းဆရာမ ၀တ်စုံကို ထည့်ပြီး ကျောင်းမတက်ခင် နှင့် ကျောင်းအဆင်းမှာ လမ်းဘေး ဈေးရောင်း နေကြရတဲ့ အခြေခံပညာ ကျောင်းဆရာ ဆရာမများရဲ့ ဘ၀တွေ၊ မနက် စောစောထပြီး အလုပ်ကြမ်း လုပ်တဲ့ စာသင်ခန်းထဲက ကလေးတွေရဲ့ လစာက အချိန်ပြည့် နိုင်ငံ့ဝန်ထမ်း ကျောင်းဆရာမရဲ့ လစာထက် မြင့်နေတာတွေ၊ မအောင်ရင် ငွေပြန်အမ်းမယ် ဆိုတဲ့ အတန်းပိုင် ဆရာ ဆရာမတွေရဲ့ ကျူရှင်တွေ၊ မြတ်နိုးတဲ့ ဆရာမအလုပ်ကို ကျောခိုင်းပြီး အိမ်နီးချင်း တိုင်းပြည်တွေမှာ အောက်ခြေသိမ်း လုပ်ကိုင် နေကြရတာတွေ၊ လဘက်ရည်ဆိုင်မှာ ကျွန်တော် ကျောင်းဆရာပါလို့ မပြောရဲတာတွေ၊ စာသင်ခန်း အတွင်းဘက်ကို တစ်ခါမှ မ၀င်ဘူးတဲ့ ကလေးငယ်တွေ၊ ဘီအီးဒီ ပညာရေးဘွဲ့ကို လေးနှစ် တက်ရောက် နိုင်ဖို့ ကုန်ကျစရိတ်ကို တွက်ချက်ပြီး ဒီတစ်သက် ကျောင်းဆရာမ အလုပ်နဲ့ ပြန်ဆပ်လို့ မကျေနိုင်ဘူး ဆိုတဲ့ ၀ါသနာပါတဲ့ လူငယ်တွေ၊ ဘ၀တွေ -- ဘ၀တွေ---ပညာရေးနှင့် အခြားအခြားသော ဘ၀တွေ။

လူငယ်တွေ အတွက် စံပြုနိုင်သူ ဖြစ်သင့်တယ် ဆိုတဲ့ ကျောင်းဆရာ အလုပ်အကိုင်ရဲ့ ဆောင်ပုဒ်ဟာ ပျောက်ဆုံး ခဲ့ရပါပြီ။ ပြိုလဲနေပြီဖြစ်တဲ့ နိုင်ငံရဲ့ စာရိတ္တမဏ္ဍိုင်ကို ကယ်ထူဖို့ ဘယ်သူတွေမှာ တာဝန်ရှိပါလဲ။ အာစရိယ ဂုဏော အနန္တော၊ ပညာသမာ အာဘာနတ္ထိ အစရှိတဲ့ သီကျူးသံတွေ ဆိတ်သုန်းခဲ့ရပါတယ်။ အစဉ်အလာကြီးမားခဲ့တဲ့ ကျောင်းဆရာ၊ ဆရာမအလုပ်အကိုင်ရဲ့ တန်ဖိုးနှင့် ဂုဏ်သိက္ခာတွေ မြန်မာ့ပညာရေးရှုခင်းက ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။

လွန်ခဲ့သော အနှစ် ၃၀ကျော် တခေတ်တခါက စာရေးသူတို့ ရဲ့ ဆရာဆရာမများဟာ ဂုဏ်ယူစွာ၊ ပျော်ရွှင်စွာ၊ ကြည်နူးစွာ၊ ကျေနပ်စွာ၊ လိုလားစွာ၊ ဂုဏ်သိက္ခာရှိစွာ၊ ၀ါသနာကြီးမားစွာ တန်ဖိုးထားပြီးလုပ်ခဲ့ကြတာပါ။ အနာဂတ်ကာလ ပန်းခင်းအတွက် မျှော်မှန်းချက်တွေ၊ ရည်မှန်းချက်တွေ၊ အိပ်မက်တွေကို ဖူးပွင့်စေဖို့ ဆရာဆရာမများရဲ့  ရင်မှာ ပျိုးထောင်ခဲ့တာပါ။ ပညာရေးစေတနာအင်အားတွေ ဆရာ၊ဆရာမများရဲ့ ရင်ဘတ်ထဲမှာ အပြည့်ရယ်ပါ။ ဒီကျောင်းဆရာဆရာမအလုပ်နဲ့ ပတ်သက်ပြီးအဲဒီဆုတ်ကပ်ခေတ်ကာလမှာ လက်ကိုင်ဆိုရိုးစကားတစ်ခွန်းရှိခဲ့ပါတယ်။ “ရိက္ခာမရှိပေမဲ့ သိက္ခာရှိတယ်” ဆိုတာပါ။ ၂၁ ရာစုနှစ်ဦးပိုင်းမှာတော့ ဆိုရိုးစကားပြောင်းလဲခဲ့ရပါပြီ။ “ရိက္ခာရော သိက္ခာပါမရှိတော့ပြီ” တဲ့။ မျက်မှောက်ခေတ် မြန်မာကျောင်းဆရာဆရာမများ ဘယ်လိုရှင်သန်ရပ်တည်နေကြရပါသလဲ။ လက်ရှိဘ၀တွေနဲ့  အနာဂတ် ကံကြမ္မာများအတွက် ဘာတွေ ရည်မှန်းချက်များ ထားရှိကြပါ သလဲ။ ထားရှိခွင့်ရောရှိပါသေးရဲ့ လား။ အစဉ်အလာနဲ့ ကျောင်းဆရာ ၊ဆရာမ အလုပ်အကိုင် ရဲ့စေတနာ၊ ၀ါသနာ၊ အနစ်နာ၊ အသိပညာ ခွန်အားတွေကို ဆရာ၊ ဆရာမတွေ ရဲ့ ရင်ဘတ် ထဲ က ဘယ်သူထုတ်ယူသွားခဲ့ပါသလဲ။

လက်မှတ်မဲ့ဆရာဆရာမအရည်အတွက် ၅၀ ရာခိုင်နှုန်းကျော်ရှိနေတဲ့အတွက် ပညာရေး ကောလိပ်တွေကို နယ်အသီးသီးမှာ ဖြစ်သလိုဖွင့်လှစ်ခဲ့ရတယ်။ မပြည့်စုံတဲ့ အခြေအနေတွေ၊ အင်္ဂါစဉ်မမီတဲ့ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ၀န်ထမ်းအင်အား၊ ပညာရေး အရင်းအမြစ်နဲ့ စာကြည့်တိုက်၊ သင်ကြားရေးဆိုင်ရာ သင်ရိုးညွှန်းတမ်းလိုအပ်နေမှုတွေဟာ နည်းပြများ နှစ်စဉ်ကြုံတွေ့နေရတာပါ။ ဖွံ့ ဖြိုးတိုးတက်မှုနိမ့်ပါးနေသေးတဲ့ နိုင်ငံတွေမှာ မသင်မနေရ မူလတန်းပညာရေးကို ကလေးတိုင်း ရရှိနိုင်ဖို့ ဆိုရင် ဆရာအင်အားကို ၂၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရမှာဖြစ်ကြောင်း တင်ပြထားပါတယ်။ ဒီပညာရေး သင်တန်းတွေမှာ လည်း ခေတ်မီ ဆရာအတတ်ပညာရေး သင်ရိုးညွန်းတမ်းတွေ တည်ဆောက်ဖို့ လိုအပ် နေပါတယ်။ မျက်မှောက်ခေတ်ရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံသားတွေကို လေ့ကျင့်ပျိုးထောင်ပေးနိုင်တဲ့ အစီအစဉ်တွေ၊ လုပ်ငန်းခွင်အရည်အချင်းမြှင့်သင်တန်းတွေမှာ ကလေးဗဟိုပြု ပညာရေးအစီအစဉ်တွေ၊ တက်ကြွတဲ့သင်ယူလေ့လာမှုနည်းစနစ်တွေ၊ စဉ်ဆက်မပြတ် အကဲခတ်ပြီး ဘက်စုံစစ်ဆေးခြင်းစနစ်တွေ၊ ဘက်စုံပညာရေးအစီအစဉ်တွေကို အရှိန်အဟုန်နဲ့ ရော အရည်အသွေးပါမြှင့်တင်လုပ်ဆောင်သင့်ပါတယ်။ ကျောင်းဆရာ ဆရာမအလုပ်ကို ၀ါသနာပါပြီး အရည်အချင်းရှိတဲ့သူတွေ လက်လှမ်းမီ တက်ရောက် သင်ကြားနိုင်ခွင့် အတွက်လည်း ပညာတော်သင်ဆုတွေကို ဖန်တီးထားရှိသင့်ပါတယ်။

ပညာရေးပညာရှင်တွေကဒီလိုဆိုပါတယ်။ အဂတိလိုက်အစားဆုံးတိုင်းပြည်တွေမှာ အထိခိုက်ဆုံးကဏ္ဍဟာ ပညာရေးဖြစ်ပါသတဲ့။ ရှင်းပါတယ်။ တိုင်းပြည်ရဲ့ အသိပညာ၊ အနာဂတ်စာရိတ္တ၊ စံတန်ဖိုးတွေရယ်နဲ့ တိုင်းပြည်ရဲ့ စိတ်ဓါတ်တွေကို ပြုစုပျိုးထောင်နေရတဲ့ ကျောင်းပညာရေးဟာ နစ်နာနေပြီ၊ ထိခိုက်နေပြီ၊ အရည်အသွေးကျဆင်းနေပြီ၊ ခေတ်မမီ တော့ပြီ၊ ခွဲခြားမှုတွေကိုခံစားနေရပြီ ဆိုရင် အနာဂတ်ဘ၀တွေ ဘယ်လိုရှင်သန်နိုင်မှာလဲ။ သေချာတဲ့အကျိုးဆက်ကတော့ အများစုကြီးရဲ့အနာဂတ်ဘ၀တွေ နစ်နာတော့မယ်၊ ထိခိုက်တော့မယ်၊ လူသားအရည်အသွေးတွေ ကျဆင်းသွားမယ်၊ ခွဲခြားတတ်လာမယ်။ ရှင်သန်နေတဲ့ လူ့အဖွဲ့အစည်းဖြစ်နိုင်ပါတော့မလား။

ကျောင်းပညာရေးရဲ့ ကျဆုံးမှု (သို့မဟုတ်) အောင်မြင်မှုဟာ ကျောင်းဆရာဆရာမများရဲ့ အရည်အသွေးများနဲ့ စွမ်းရည်တွေအပေါ်မှာ အများကြီးမူတည်နေတာပါ။ ဒါကြောင့် ဆရာအတတ်ပညာ သင်တန်းတွေ၊ အရည်အချင်းမြှင့်သင်တန်းတွေ ၀န်ထမ်းအသစ် ခန့်အပ်ရေးတွေနဲ့ လုပ်ငန်းခွင်သင်တန်းတွေအတွက် နိုင်ငံတိုင်းမှာ မူဝါဒတွေကို စနစ်တကျ ချမှတ်ပြီး ဆောင်ရွက်ကြရပါတယ်။ နိုင်ငံတိုင်းလိုလိုမှာ ကျောင်းဆရာလုပ်နိုင်ဖို့ရာ ကျောင်းဆရာဘွဲ့ (သို့မဟုတ်) ပညာရေးဘွဲ့ရရှိထားဖို့လိုအပ်ပါတယ်။ ဘယ်ဌာနမှာ ဘယ်နှစ်နှစ်ကြာကြာ တာဝန်ထမ်းဆောင်ခဲ့သည်ဖြစ်စေ၊ ဘယ်ပညာရပ်မှာဖြစ်ဖြစ် မဟာဘွဲ့တွေ၊ ပါရဂူဘွဲ့တွေအထိရသည်ဖြစ်စေ၊ ကျောင်းဆရာဘွဲ့မရှိရင်တော့ ကျောင်းစာသင်ခန်းတွင်းမှာ စာသင်တဲ့ ကျောင်းဆရာအလုပ်ကို မရရှိနိုင်ပါ။ ပညာရပ်ဆိုင်ရာ တန်ဖိုးမြင့်မားတဲ့ ကျောင်းဆရာအတတ်ပညာဟာ အသေအချာလေ့ကျင့်ယူရမည့် ပညာတစ်ရပ်ဖြစ်လို့ပါဘဲ။ အဲဒီအတွက် စာရေးသူဟာ သြစတြေးလျနိုင်ငံမှာ ပညာရေးဘွဲ့ သင်တန်းကို တက်ရောက်နေခဲ့စဉ်မှာ အသက် ၄၀၊ ၅၀ ကျော်အရွယ် လုပ်သက်ရှိ သိပ္ပံပညာရှင်တွေ၊ ပညာရပ်နယ်ပယ်အသီးသီးက ပါရဂူဘွဲ့ရတွေ၊ လေယာဉ်မောင်း အင်ဂျင်နီယာကြီးတွေဟာ (ကျောင်းဆရာဘွဲ့) ပညာရေးဘွဲ့အတွက် သင်တန်း ပြန်လည် တက်ရောက်ကြရပါတယ်။ ဘွဲ့တွေအလီလီရထားကြပေမယ့် အနည်းဆုံးအချိန်ပြည့် တစ်နှစ်လောက်တော့ ပြန်တတ်ကြရတာပါ။ သူတို့နိုင်ငံတွေမှာ တစ်သက်တာမှာ ပရော်ဖက်ရှင်နယ်အလုပ်တွေကို မကြာခဏ ပြောင်းလဲလုပ်တတ်လေ့ရှိကြတယ်မဟုတ်လား။ အခြားသော အတွေ့အကြုံတွေဟာ ကျောင်းပညာရေးလုပ်ငန်းများမှာ များစွာ အထောက်အကူပြုမှာပါ။ သို့ပေမဲ့ ပညာရေးဘွဲ့တော့လိုအပ်နေသေးတယ်လေ။ ကလေးသူငယ်တွေကို ပညာသင်ကြားပေးနေတဲ့ မူကြို၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းစတဲ့ အခြေခံပညာကျောင်းတွေမှာ တက္ကသိုလ်က အသိအမှတ်ပြု ပညာရေးဘွဲ့ တစ်ခုခုရရှိထားပြီး အကျင့်စာရိတ္တကောင်းမွန်ကြောင်းထောက်ခံစာရယ်၊ အစိုးရ ပညာရေးဌာန မှ အသိအမှတ်ပြုကျောင်းဆရာလိုင်စင်တွေရှိမှသာလျှင် ကျောင်းဆရာအလုပ် လျှောက်ထားခွင့်ရှိတာပါ။ ဆွဲခန့်ဆိုတာမျိုးမရှိပါဘူး။ ကလေးတွေအကြောင်း၊ ကလေးဖွံ့ဖြိုးမှု အကြောင်း၊ ပညာသင်ကြားရေးနှင့် သင်ယူရေးအကြောင်း၊ ပညာရေးဒဿနအတွေးအခေါ်၊ ပညာရေးစိတ်ပညာ၊ သင်ခန်းစာစီစဉ်ပြင်ဆင်ခြင်း၊ ပညာရည်တိုးတက်မှုကို စစ်ဆေးနည်း အမျိုးမျိုး၊ ဒီမိုကရေစီစံနှင့် ယဉ်ကျေးမှုတွေကို ကျောင်းပညာရေးမှ ပျိုးထောင်ပေးခြင်း၊ ပညာရေးစီမံခန့်ခွဲမှုပညာ၊ ဆရာ့ဘ၀ဆရာ့အလုပ်အကိုင်၊ လူ့အဖွဲ့အစည်းနှင့် ပညာရေး ဆက်နွယ်နေမှု၊ အနာဂတ်ဘ၀များရဲ့ ရှင်သန်ရေး စတဲ့ပညာရပ်ဆိုင်ရာ အကြောင်းတရားတွေ၊ ဗဟုသုတတွေဟာ ကျောင်းဆရာအလုပ်အတွက် မရှိမဖြစ်တွေပါ။ ဘာသာရပ်နယ်ပယ်အလိုက်၊ အတန်းအလိုက် သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများ၊ ခေါင်းစဉ်များ၊ အကြောင်းအရာများနှင့် စာသင်ကြားနည်း အမျိုးမျိုး ကိုလည်း ခြေခြေမြစ်မြစ် လေ့လာကြရတယ်။ တက္ကသိုလ်ကပါမောက္ခတွေရယ် ၀ါရင့် ဆရာဆရာမကြီးများရဲ့ ကြီးကြပ်မှုတွေ အောက်မှာ ကျောင်းစာသင်ခန်းတွင်း လက်တွေ့တန်းပြသင်ကြားခြင်းကိုလည်း နှစ်စဉ်ဆင်းကြရပါတယ်။ သင်တန်းဆင်းကျောင်းဆရာဆရာမများကိုလည်း ထိုက်တန်စွာ ပံ့ပိုးပြီး တန်ဖိုးထားကြပါတယ်။

မြန်မာ ကျောင်းဆရာဆရာမတစ်ဦးရဲ့ ၀င်ငွေလစာဟာ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံက ကျောင်း ဆရာဆရာမများရဲ့ လစာတွေနဲ့ ၁၀ ဆ ကွာခြားနေတယ်။ လူနေမှုစရိတ်ကတော့ အတူတူလောက်ရှိတာပါ။ ဆယ်စုနှစ်များစွာမှာ ပေးဆပ် စွန့်လွှတ်ခဲ့ကြသူ ကျောင်းဆရာဆရာမများရဲ့ လူမှုဘ၀ကို စာနာထောက်ထားသင့်ပါတယ်။

ကျောင်းဆရာဆရာမတွေက ပြုစုပျိုးထောင်ပေးခဲ့လို့ အခုလို အသိဥာဏ်တွေရရှိခဲ့၊ လူလားမြောက်လာခဲ့၊ မိမိနှင့် မိမိရဲ့  ပတ်ဝန်းကျင်အကြောင်း၊ ကမ္ဘာကြီးအကြောင်းကို တိုးတက်သိမြင်ခွင့်တွေ ရရှိခဲ့တဲ့ ကျေးဇူးတရားတွေကို အစဉ်သဖြင့် သတိရနေသင့်တယ် မဟုတ်ပါလား။ လက်ရှိလုပ်ငန်းခွင်မှာရှိနေတဲ့ အခြေခံပညာကျောင်းဆရာဆရာမများကို တန်ဖိုးထားခြင်းဟာ မိမိရဲ့ ဘ၀ကို ဆယ်စုနှစ် တစ်ခုကျော် ပဲ့ကိုင်ထိန်းကျောင်း လမ်းညွန်ပေး ခဲ့တဲ့ ကျေးဇူးတရားကို ပေးဆပ်ရာရောက်သလို အနာဂတ်ဘ၀များစွာအတွက်လည်း ပံ့ပိုးကူညီခြင်းဖြစ်ပါတယ်။ ကျောင်းဆရာဆရာမများရဲ့  ပညာ အရည်အသွေးမြင့်မားရေး၊ စား၊ ၀တ်၊ နေရေး လူမှုဘ၀ပြည့်စုံဖူလုံရေးနှင့် ဆရာအလုပ်အကိုင် ဆရာဆရာမ ဂုဏ်သိက္ခာနှင့် အညီ ဘ၀ရှင်သန်ရပ်တည်နိုင်ရေးတွေအတွက် နိုင်ငံတော်၊ အာဏာပိုင်အဖွဲ့ အစည်းများ၊ ပြည်နယ်၊ မြို့ ၊ ရပ်ရွာဒေသလူ့ အဖွဲ့ အစည်းများဟာ အကောင်းဆုံးဖြည့်ဆည်းပေးရမှာပါ။ ဒါဟာ ၂၀၀၈ ကမ္ဘာ့ဆရာများနေ့  ဂုဏ်ပြုဆောင်ပုဒ်ဖြစ်တဲ့ “ဆရာဆရာများကို တန်ဖိုးထား ကြပါစို့ ” နှင့် အညီလည်း ကျင့်ကြံလုပ်ဆောင်ရာဖြစ်သလို မြန်မာတွေရဲ့ အနာဂတ် အတွက်လည်း ဖြစ်ပါကြောင်း။

ကျောင်းဆရာဆရာမများကို တန်ဖိုးထားခွင့်ရှိသော ပညာ့ဝန်းကျင်ကောင်းနှင့် ဆရာ့ ၀န်းကျင်ကောင်း လူ့အဖွဲ့အစည်းတစ်ရပ်ကို အမြန်ဆုံး ပြန်လည်ပိုင်ဆိုင်နိုင်ပါစေ။

သိန်းနိုင်
၅ ရက် အောက်တိုဘာ ၂၀၀၈၊ ကမာ့ဆရာများနေ့  ၂၀၀၈ အမှတ်တရ ဆောင်းပါး။

Friday, December 12, 2008

နိုင်ငံပြု ပညာ

စံပယ်ဖြူ မဂ္ဂဇင်းမှ စာရေးဆရာ မိုးသန် ဘာသာပြန်ထားတဲ့ နိုင်ငံပြုပညာ ဆောင်းပါးကို ဒီကနေ့ တင်ပြပေးလိုက်ပါတယ်။ ဒီဆောင်းပါး ရေးသားဖို့အတွက် ကိုးကားပြုစုတဲ့ ဆောင်းပါးခေါင်းစဉ်များကတော့ Geoff An drews နဲ့ Michael Saward ရေးသားတဲ့ Living Political Ideal's၊ Richard Hudelson ရေးသားထားတဲ့ Modern Political Philiosophy နဲ့ Encarta Reference 2007 တို့ ဖြစ်ကြပါတယ်။ စာရေးဆရာ မိုးသန် အနေနဲ့ ပြည်တွင်း တင်းကျပ်မှု ကြားထဲမှ ရေးသားတင်ပြရလို့ နားလည်ပေးစေလိုပြီး ယနေ့ မြန်မာနိုင်ငံရေး အခြေအနေ ပြောင်းလဲနိုင်ဖို့ စဉ်းစားသုံးသပ်နိုင်တဲ့ အချက်အလက်များ၊ အတွေးအခေါ် အယူအဆများ အစရှိသဖြင့် စိတ်ဝင်စားစရာ နိုင်ငံရေးသိပံ္ပ ပညာရပ်များနဲ့ ဆက်စပ်နေတဲ့ အချက်အလက်များ၊ အကြောင်းအရာများကို ထုတ်ဖော်ရေးသား တင်ပြထားပါတယ်။ နိုင်ငံပြုပညာဖြစ်တဲ့ နိုင်ငံရေးသိပံ္ပ ပညာရပ်ဟာ နိုင်ငံတခုမှာ မရှိမဖြစ် လိုအပ်တဲ့အပြင် နိုင်ငံတော်တခုကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်တဲ့ ပညာရပ်တခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ အနာဂါတ် မြန်မာနိုင်ငံတော်အတွက် လူငယ်လူရွယ်များ ဗဟုသုတ အသိပညာ ကြွယ်ဝဖို့ ဒီဆောင်းကို ဖတ်သင့်တယ်ဆိုတာ တိုက်တွန်းလိုပါတယ်။

.......................................................

ပုဂ္ဂလိက လူသားလွတ်လပ်ခွင့်အတွက် ရပ်တည်ရင်း လူ့အဖွဲ့အစည်း၏ ကောင်းကျိုးကို ရှေးရှုနိုင်ရေးကို အာမခံနိုင်မည့် စနစ်များ၊ မူဘောင်များကို တွေးခေါ်ဖော်ထုတ် ချပေးခဲ့ကြသည်။ ဤသို့ဖြင့် လူ့သမိုင်း တစ်လျှောက် ပေါ်ထွန်းခဲ့သော နိုင်ငံရေးရာ အတွေးအမြင်များသည် သိပံ္ပပညာရပ်ကြီးတစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့သည်။ ဤ စာစုတွင် နိုင်ငံရေး သိပံ္ပပညာရပ်များ၏ အခြေခံကျသော ပညာရပ်ဆိုင်ရာ နယ်ပယ်များ၊ ထိုနယ်ပယ်များကို လေ့လာရာတွင် ပညာရှင်များ အသုံးပြုလေ့ရှိသော ချဉ်းကပ်ပုံနည်းနာများ၊ အကောက်အယူ များကို တင်ပြသွားမည် ဖြစ်သည်။

လူတို့သည် ပုရွက်ဆိတ်များ၊ ပျားများကဲ့သို့ အစုအပေါင်း အသိုက်အမြုံနှင့် နေတတ်သော သတ္တ၀ါ ဖြစ်သည်။ မိမိတို့၏ ရှင်သန်ရပ်တည်ရေးအတွက် တစ်ဦးပေါ် တစ်ဦး အပြန်အလှန် အမှီသဟဲ ပြုရင်း စနစ်ကျသည့် ဆက်ဆံရေး ပုံစံအောက်တွင် ပေါင်းစုနေထိုင်းခြင်း၊ အရည်အသွေးပေါ် မူတည်၍ တာဝန်အမျိုးမျိုး၊ တာဝန်ယူမှု အမျိုးမျိုးတို့ကို ခွဲဝေထမ်းဆောင်ကြခြင်းဖြင့် ကိုယ့် အစုအဝေး အသိုက်အမြုံအတွင်း ရှင်သန် လှုပ်ရှားနေကြသည်။ သို့ရာတွင် လူသားနှင့်ပျားများ၊ ပုရွက်ဆိတ်များကဲ့သို့ ပေါင်းသင်းဆက်ဆံရေး သတ္တ၀ါများကြားတွင် ကြီးမားသော ကွာဟမှု ရှိသည်။ အခြား သတ္တ၀ါများသည် ဗီဇ၏ လွှမ်းမိုးမှု သက်သက်ဖြင့် သူတို့ အသိုက်အမြုံ၏ အစဉ်အလာ ဖွဲ့စည်းမှု စည်းကမ်းများအတိုင်း ရှင်သန်နေကြရခြင်း ဖြစ်သည်။ သူတို့၏ ပုဂ္ဂလိက ဘ၀သည် အရွှေ့အပြောင်းမရှိ၊ ရွေးချယ်ရန် အခွင့်အလမ်း မရှိကြချေ။ လူသားတို့မှာကား ထိုသို့မဟုတ်ပေ။ ရှေ့ မျိုးဆက်မှ အတွေ့အကြုံများ၊ အသိတရားများကို နောက်မျိုးဆက်သို့ လက်ဆင့်ကမ်း တတ်သည့် အသိဥာဏ်ပိုင်ရှင် ဖြစ်သည်။ အသိဥာဏ် မြင့်မားသည့် အတွေးအခေါ် ပညာရှင်ကြီးများသည် သူတို့ ဖြတ်သန်းခဲ့ရသော သမိုင်းခေတ်၏ နောက်ခံကားပေါ်တွင် အကောင်းဆုံး လူမှု ဖွဲ့စည်းပုံစံများ၊ လူမှု ဆက်ဆံရေးပုံစံများ၊ စံပြနိုင်ငံတော် ပုံစံအမျိုးမျိုးတို့ကို မတူညီသော ရှုထောင့်အသီးသီးမှ တွေးခေါ်ကြံဆ ဖော်ထုတ်ခဲ့ကြသည်။ ပုဂ္ဂလိက လူသားလွတ်လပ်ခွင့်အတွက် ရပ်ခံရင်း လူ့အဖွဲ့အစည်း၏ ကောင်းကျိုးကို ရှေ့ ရှုနိုင်ရေးကို အာမခံနိုင်မည့် စနစ်များ၊ မူဘောင်များကို တွေးခေါ်ဖော်ထုတ်ချပေးခဲ့ကြသည်။ ဤသို့ဖြင့် လူ့သမိုင်းတစ်လျှောက် ပေါ်ထွန်းခဲ့သော နိုင်ငံရေးရာ အတွေးအမြင်များသည် သိပံ္ပပညာရပ်ကြီး တစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့သည်။ ဤဆောင်းပါးတွင် နိုင်ငံရေး သိပံ္ပပညာရပ်၏ အခြေခံကျသော ပညာရပ်ဆိုင်ရာ နယ်ပယ်များ၊ ထိုနယ်ပယ်များကို လေ့လာရာတွင် ပညာရှင်များ အသုံးပြုလေ့ရှိသော ချဉ်းကပ်ပုံနည်းနာများ၊ အယူအဆများကို တင်ပြသွားမည် ဖြစ်သည်။

နိုင်ငံရေး သိပံ္ပပညာရပ်သည် နိုင်ငံရေးကို စနစ်တကျ လေ့လာခြင်း သို့မဟုတ် နိုင်ငံရေး၏ရောင်ပြန်ဟပ်မှုများ၊ အကျိုးဆက်များကို လေ့လာခြင်း ဖြစ်သည်။ နိုင်ငံရေးဟူသည် လူများ၊ အဖွဲ့အစည်းများ၏ ပါဝါ အသုံးပြုမှုနှင့် ပါဝါအတွက် ရုန်းကန်လှုပ်ရှားမှုများပင် ဖြစ်သည်။ နိုင်ငံရေး သိပံ္ပ ပညာရှင်များသည် အများအားဖြင့် နိုင်ငံရေး ပါဝါများကို အစိုးရများက မည်သို့မည်ပုံ အသုံးချသည်တို့ကို လေ့လာလေ့ရှိသည်။ အခြား တစ်ဖက်တွင်လည်း စီးပွားရေးအပေါ် နိုင်ငံရေး၏ အကျိုးသက်ရောက်ပုံများ၊ သာမန်အရပ်သူ အရပ်သားတို့၏ နိုင်ငံရေးအပေါ် သဘောထားအမြင်များ၊ အရပ်ဖက် အဖွဲ့အစည်းတို့အပေါ် နိုင်ငံရေး၏ သြဇာသက်ရောက်ပုံများ စသည်တို့ကို လေ့လာသည်။ အစိုးရများ၏ သဘောသဘာဝနှင့် ပါဝါကျင့်သုံးပုံများကို အလေးပေးလေ့လာခြင်းသည် အခြားသော လူမှုသိပံ္ပပညာရပ်များနှင့် နိုင်ငံရေးသိပံ္ပတို့ကို ခြားနားစေသော အချက်ဖြစ်သည်။ နိုင်ငံရေး သိပံ္ပပညာရှင်များသည် အစိုးရများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့၏ ဆက်စပ်ပုံကို လေ့လာနိုင်ရန် စီးပွားရေး ပညာရှင်များနှင့် ပူးပေါင်းလေ့လာရမှု ရှိသည်။ ထို့အတူ လူမှု အဆောက်အအုံနှင့် နိုင်ငံရေး အဆောက်အအုံ တို့အကြား ဆက်နွယ်နေမှုကို သိရှိနားလည်စေရန် လူမှုပညာရှင်များနှင့် ပူးပေါင်းလေ့လာရမှုများလည်း ရှိသည်။

နိုင်ငံရေး သိပံ္ပ၏ အရေးပါမှု

နိုင်ငံရေး သိပံ္ပသည် အရေးကြီးသော ပညာရပ်တစ်ခုဖြစ်သည်။ ၂၀ ရာစုအတွင်း သန်းပေါင်းများစွာသော လူသားတို့သည် မတူညီသော နိုင်ငံရေးအယူအဆများကို ယုံကြည်စွဲကိုင်ကြသော အပြိုင်နိုင်ငံရေး အုပ်စုများ၊ အုပ်စိုးသူများ၊ အာဏာရှင်များ၏ ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ကြရသည်။ လူသားတို့၏ ဘ၀သည် သူတို့နေထိုင်ရာ နိုင်ငံ အစိုးရများ၏ သဘောထား ရပ်တည်ချက်နှင့် လုပ်ရပ်များ၏ အကျိုးသက်ရောက်မှုတွေကို ခံနေကြရပြီး သူတို့ နေထိုင်ရာ လူ့အဖွဲ့အစည်း၏ လူမှု အဆောက်အအုံအပေါ် မူတည်၍ တာဝန်နှင့် ရပိုင်ခွင့်များ မတူညီကြပေ။ နိုင်ငံရေး သိပံ္ပပညာရှင်များသည် နိုင်ငံသားများကို ပညာပေးခြင်း၊ နိုင်ငံ့ခေါင်းဆောင်များကို အကြံပေးခြင်း၊ ဦးဆောင်လမ်းပြခြင်း၊ နိုင်ငံရေး အတွေးအမြင် မျိုးစုံ ပေါ်ပေါက်ရှင်သန်လာစေရန် သုတေသန ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။ နိုင်ငံရေး တည်ငြိမ်မှုနဲ့ တော်လှန်ရေး၊ ဖိနှိပ်ခြင်းနှင့် လွတ်လပ်ခြင်း၊ ညီမျှမှုနှင့် မညီမျှမှု၊ စစ်နှင့် ငြိမ်းချမ်းရေးစသည့် နိုင်ငံရေးဆိုင်ရာ အကြောင်းခြင်းရာတို့၏ ရင်းမြစ်များနှင့် အကျိုးဆက်များကို နားလည်နိုင်စေရန်၊ နိုင်ငံရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံရေး သိပံ္ပပညာ အခန်းကဏ္ဍသည် အရေးကြီးလှပါသည်။


နိုင်ငံရေး သိပံ္ပ၏ ပညာရပ်ဆိုင်ရာ နယ်ပယ်များ

(၁) နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု (Comparative Politics)

မတူညီသော နိုင်ငံများ၏ နိုင်ငံ့ရေးရာများကို နှိုင်းယှဉ်လေ့လာခြင်း ဖြစ်သည်။ အချို့ သော ပညာရှင်များသည် နိုင်ငံတစ်ခု၏ အခြေအနေများကို မတူညီသော အချိန်သတ်မှတ်ချက် နှစ်ခု ပိုင်းခြား၍ နှိုင်းယှဉ် လေ့လာကြသလို ယဉ်ကျေးမှုခြင်း ဆင်တူသည့် နိုင်ငံအုပ်စုများ (ဥပမာ - အရှေ့ တောင် အာရှ နိုင်ငံများ) ကို နှိုင်းယှဉ်လေ့လာကြသည်။ ထိုပညာရှင်တို့သည် လေ့လာနေသော နိုင်ငံ (သို့မဟုတ်) နိုင်ငံအုပ်စုများ၏ ဘာသာစကား၊ သမိုင်း နောက်ခံ အခြေအနေ၊ ယဉ်ကျေးမှုရေးရာတို့ကို ကျွမ်းကျင်ကြသူများ ဖြစ်သည်။ အချို့ပညာရှင်များသည် ယဉ်ကျေးမှုခြင်း မတူညီသော နိုင်ငံများကို လေ့လာကြပြီး ထိုနိုင်ငံတို့၏ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်ကြသည်။ ထိုသို့ လေ့လာခြင်းဖြင့် ရရှိလာသော တွေ့ရှိချက်များသည် သမိုင်း သင်ခန်းစာအဖြစ် ပေါ်ပေါက်လာခြင်းကြောင့် နိုင်ငံရေး စနစ် အပြောင်းအလဲ လုပ်လိုသော နိုင်ငံများအတွက် ရင်ဆိုင်ရနိုင်သော အခက်အခဲများအတွက် ကြိုတင်ပြင်ဆင်နိုင်သလို၊ လိုအပ်ချက်များ ရှိနေပါကလည်း ကြိုတင်ဖြည့်ဆည်းနိုင်သည့်အတွက် များစွာအကျိုးရှိပေသည်။

(၂) နိုင်ငံတကာ ဆက်ဆံရေး (International Relation)

နိုင်ငံတကာ ဆက်ဆံရေးပညာသည် နိုင်ငံအချင်းချင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံစုံကျော် ကော်ပိုရေးရှင်းကြီးများ၏ အပြန်အလှန် ဆက်ဆံမှု ပုံစံများ၊ အကျိုးသက်ရောက်မှုများကို လေ့လာသည်။ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် နိုင်ငံရေး ပညာရှင်များ အသုံးပြုသော အစဉ်အလာ ချဉ်းကပ်နည်း နှစ်ခုမှာ Realism နှင့် Liberalism တို့ ဖြစ်သည်။ Realism အစဉ်အလာအရ နိုင်ငံတကာစနစ် (International Order) ၏ တည်ငြိမ်မှုကို ထိန်းထားနိုင်ရန် အင်အားညှိရေး (Balance of Power) အယူအဆကို အသုံးပြုသည်။ Liberalism အစဉ်အလာအရ ကြည့်မြင် သုံးသပ်မည် ဆိုလျှင်မူ နိုင်ငံအချင်းချင်းကြား ပေါ်ပေါက်လာသော ပဋိပက္ခများ၊ တင်းမာမှုများကို ဖြေရှင်းနိုင်ရန် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးမှုကို အားပေးသည်။ ဥပမာ ကုလသမဂ္ဂ၊ အီးယူ မဟာမိတ်အဖွဲ့အစည်းများက ၀င်ရောက် ညှိနှိုင်းပေးရသည့် သာဓက ရှိပါသည်။ ဤသို့ ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဖြင့် နိုင်ငံတကာ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုကို တည်ဆောက်နိုင်ရန် ကြိုးပမ်းကြခြင်းဖြစ်သည်။

(၃) နိုင်ငံရေး သီအိုရီများ (Political Theories)

နိုင်ငံရေး သိပံ္ပပညာရပ် စတင်ထွန်းကားခဲ့ရာ ဂရိခေတ်မှ စတင်၍ ယခုအချိန်ထိ ပေါ်ပေါက်ခဲ့သော နိုင်ငံရေး သီအိုရီများကို လေ့လာခြင်း ဖြစ်သည်။ နိုင်ငံရေး သီအိုရီများတွင် တရားမျှတမှု၊ ညီမျှမှု၊ လွတ်လပ်မှု၊ မှန်ကန်မှု၊ နိုင်ငံသားဖြစ်မှု စသည့် နိုင်ငံရေး၏ အရေးပါသော အခြေခံ အယူအဆများကို ဝေဖန်ဆန်းစစ်မှုများ ပါဝင်သည်။ ထို့ပြင် နိုင်ငံရေး သိပံ္ပကို လေ့လာရာတွင် လိုအပ်သော ယုတ္တိဗေဒဆိုင်ရာ အချက်အလက်များကိုလည်း နိုင်ငံရေး သီအိုရီများတွင် တွေ့မြင်နိုင်သည်။ နိုင်ငံရေး သီအိုရီများသည် ဥပဒေနယ်ပယ်၊ ဒဿနိက နယ်ပယ်တို့နှင့် ဆက်နွယ်လျက်ရှိသည်။

ယေဘုယျအားဖြင့် နိုင်ငံရေး သီအိုရီပိုင်ရှင်များသည် လူသားနှင့် လူ့အဖွဲ့အစည်းတို့အတွက် အကောင်းဆုံးသော စံပြဖွဲ့စည်းပုံများကို တင်ပြကြသလို၊ အုပ်စိုးသူနှင့် အုပ်စိုးခံသူများကြား ပဋိညာဉ်ပြုမှု စသည်တို့ကို လေးနက်စွာ စဉ်းစားဖော်ထုတ်ကြခြင်း ဖြစ်သည်။ နိုင်ငံရေး သီအိုရီများကို ဓမ္မဓိဌာန် စံနှုန်းများအတိုင်း စဉ်းစားတွေးခေါ် တည်ဆောက်ထားသော Normative Theories များ၊ လူသား၏ သဘာဝကို အခြေပြုစဉ်းစားသော Prudential Theories များနှင့် လူသားတို့၏ လွတ်လပ်မှု အခြေခံမှ စဉ်းစားသော Constructive Theories များဟူ၍ သုံးမျိုးခွဲခြားနိုင်သည်။ Normative Theories များသည် နိုင်ငံသားတို့၏ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုနှင့် နိုင်ငံတော်၏ ဥပဒေကို လိုက်နာမှုတို့တွင် မည်သည့်အတွက် ထိုသို့လုပ်သင့်ခြင်း ဖြစ်သည်တို့ကို ကိုယ်ကျင့်တရား ရှုထောင့်၊ ဓမ္မဓိဋ္ဌာန်ရှုထောင့်တို့မှ ဆန်းစစ်ပြုခြင်း ဖြစ်သည်။ Prudential Theories များမှာမူ ကိုယ်ကျင့်တရား၊ ဆင်ခြင်တုံတရားတို့ထက် လူသား၏ မိမိအကျိုးစီးပွားရှိမှုကို လိုလားသော သဘာဝကို အခြေပြုပြီး ဆန်းစစ်ထားသော နိုင်ငံရေး သဘောတရားများ ဖြစ်သည်။ Constructive Theories ပညာရှင်များသည် နိုင်ငံသားတို့ မည်သည့်အတွက် နိုင်ငံတော် အပေါ် သစ္စာစောင့်သိကြသည်ဆိုသည်ထက် လိုအပ်မှုအရ နိုင်ငံတော်က အကောင်အထည် ဖော်နေသော စနစ်တို့အပေါ်တွင် မည်သို့မည်ပုံ ပါဝင်ပတ်သက်သင့်သည် ဆိုသည်တို့ကို ရှင်းလင်းပြခြင်းများ ဖြစ်သည်။ တစ်နည်းအားဖြင့် ရှိနှင့်ပြီးသား အဆောက်အအုံတို့၏ လွှမ်းမိုးမှုထက်၊ ကိုယ်ပိုင်လွတ်လပ်မှုကို အသုံးချပြီး လိုအပ်ပါက အဆောက်အအုံပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို မည်သို့ ဆောင်ရွက်သင့်သည်တို့ကို ဝေဖန်ပိုင်းဆစ် ပြခြင်းများ ဖြစ်သည်။

(၄) လူထုအုပ်ချုပ်ရေး (Public Administration)

နိုင်ငံရေး သိပံ္ပပညာရှင်အချို့ သည် လူထုအုပ်ချုပ်ရေးဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် အခြားသော အစိုးရ ဌာနများ၏ ဆက်နွယ်မှုကို လေ့လာကြသည်။ ထိုအဖွဲ့အစည်းများ၏ လုပ်ငန်းလည်ပတ်ပုံကို လေ့လာခြင်းဖြင့် အားသာချက်၊ အားနည်းချက်များကို သိမြင်ကာ နိုင်ငံရေး သိပံ္ပပညာရှင်များသည် ပိုမိုတိုးတက် ကောင်းမွန်သော လူထုဖွံ့ဖြိုးရေး စနစ်များကို ရှာဖွေဖော်ထုတ်ပေးနိုင်ပေသည်။

(၅) ပြည်သူလူထုနှင့် သက်ဆိုင်သော မူဝါဒများ (Public Policies)

ကျန်းမာရေး စောင့်ရှောက်မှု၊ လေထု ညစ်ညမ်းမှု၊ စီးပွားရေး အခြေအနေ စသည့် လူထုနှင့်တိုက်ရိုက် သက်ဆိုင်သော အရေးအရာများကို လေ့လာကာ မည်သို့မည်ပုံ ပေါ်လစီများ ချမှတ်ဖြေရှင်းရမည်ဆိုသည်ကို စဉ်းစားဝေဖန်ခြင်း ဖြစ်သည်။ ဤပညာရပ်သည် ပြည်သူ့ပေါ်လစီဆိုင်ရာ အယူအဆများကို နှိုင်းယှဉ် လေ့လာမှုများ ရှိသလို၊ နိုင်ငံခြားရေး မူဝါဒ၊ နိုင်ငံတော် လုံခြုံရေး မူဝါဒများအတွက် နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်မှ အချက်အလက်များကို အသုံးပြု လေ့လာသည်။ ပေါ်လစီများ ချမှတ်ရာတွင် လိုအပ်သော ကျင့်ဝတ်များကိုမူ နိုင်ငံရေးသီအိုရီများမှ ထုတ်ယူ အသုံးပြုသည်။

(၆) နိုင်ငံရေးဆိုင်ရာ အပြုအမူ (Political Behavior)

ပြည်သူတို့၏ နိုင်ငံရေးဖြစ်စဉ်များ၊ လှုပ်ရှားမှုများတွင် ပါဝင်မှု စသည့် နိုင်ငံရေးဆိုင်ရာ အပြုအမူတို့ကို လေ့လာသော ပညာရပ် ဖြစ်သည်။ ထိုပညာရပ်သည် လူထု၏ မဲဆန္ဒပေးရာတွင် အခြားသော လူမှုရေး ဖိအားတို့၏ လွှမ်းမိုးမှု ကင်း မကင်း၊ လူတို့၏ စိတ်ပိုင်းဆိုင်ရာ အစွဲအလမ်းများ (ဥပမာ - ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ)၊ နိုင်ငံရေးဖြစ်စဉ်များ ပါဝင်ရာတွင် ပြည်သူတို့၏ စိတ်ပိုင်းဆိုင်ရာ ခံစားမှုများ၊ အကျိုးစီးပွားအမြင်များ စသည်တို့ကို လေ့လာသည်။ လေ့လာတွေ့ရှိချက်များသည် ပါတီစည်းရုံးရေး လုပ်ငန်းစဉ်များနှင့် ပါတီတို့၏ မူဝါဒ ရေးဆွဲရေးမှုများအပေါ် များစွာ အကျိုးပြုသည်။

နိုင်ငံရေး သိပံ္ပပညာရှင်တို့၏ ချဉ်းကပ်မှု ဗျူဟာများ

နိုင်ငံရေး သိပံ္ပပညာရှင်များသည် နိုင်ငံရေးဆိုင်ရာ ဖြစ်စဉ် ဖြစ်ရပ်များကို စနစ်တကျ ရှင်းပြနိုင်ရန်အတွက် ရှုထောင့်သုံးမျိုးမှ ချဉ်းကပ်လေ့ ရှိသည်။

ပထမဦးဆုံး ပုံစံမှာ လူ့သဘာဝကို အခြေခံသော ဆင်ခြေရွေးချယ်မှု ပုံစံ (Relational Choice Model) ဖြစ်သည်။ ထိုရှုထောင့်မှ လေ့လာမည်ဆိုလျှင် လူသားတို့သည် ယေဘုယျအားဖြင့် မိမိတို့၏ အကျိုးစီးပွားကို ရှေးရှုတတ်သူများ ဖြစ်သည့် အားလျော်စွာ မည်သည့် အခြေအနေတွင်မဆို မိမိတို့အတွက် အကျိုးဖြစ်ထွန်း နိုင်ဆုံးလမ်းကိုသာ ရွေးချယ်ကြမည် ဖြစ်သည်။ နိုင်ငံရေးရာ ကိစ္စရပ်များတွင်လည်း မိမိတို့အတွက် အကျိုးပြုနိုင်ဆုံး နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းများ၊ အစိုးရများကိုသာ ထောက်ခံကြမည် ဖြစ်သည်။

ဒုတိယ ချဉ်းကပ်မှု ပုံစံမှာ စနစ်ပိုင်းဆိုင်ရာ လိုအပ်မှုကို အခြေခံသော ပုံစံ (Function Model) ဖြစ်သည်။ လည်ပတ်လျက်ရှိသော စနစ်တစ်ခုသည် လူသားတို့၏ လိုအပ်မှုကို အပြည့်အ၀ ဖြည့်ဆည်း မပေးနိုင်တော့သည့် အချိန်တွင် ထိုစနစ်၏ အားနည်းချက်များကို ရှာဖွေဆန်းစစ်မှုများ ဖြစ်ပေါ်လာမည် ဖြစ်သည်။ ထိုလှုပ်ရှား ဆောင်ရွက်မှုများသည် သမိုင်းဆိုင်ရာ တိုးတက်မှုအတွက် အရေးပါသည့် ညွှန်ပြမှတ်များ ဖြစ်လာသည်။

တတိယ ချဉ်းကပ်မှု ပုံစံမှာ လူသားတို့၏ တန်ဖိုးထားမှုများ၊ လောကအမြင်များကို အခြေခံသော လေ့လာမှုပုံစံ (Interpretive Model) ဖြစ်သည်။ ထိုရှုထောင့်အရ နိုင်ငံရေးဆိုင်ရာ ဖြစ်စဉ်ဖြစ်ရပ်များကို လေ့လာရာတွင် ထိုဖြစ်စဉ်များတွင် ပါဝင်သူတို့၏ ယုံကြည်မှုများ၊ တန်ဖိုးထားမှုများကို နားလည်ရန် ကြိုးပမ်းအားထုတ်ခြင်းဖြင့် ထိုဖြစ်ရပ်များ၏ အကြောင်းအရာများနှင့် အကျိုးဆက်များကို ခန့်မှန်းတွက်ချက်ရာတွင် များစွာ အထောက်အကူ ပြုသည်။

နိုင်ငံရေး သိပံ္ပပညာရပ်၏ သုတေသန လုပ်နည်းလုပ်ဟန်များကို ဆက်လက် ဆွေးနွေးသွားမည် ဖြစ်သည်။ အချို့သော နိုင်ငံရေး သုတေသီတို့သည် ကိန်းဂဏာန်းပမာဏ အခြေပြုနည်းနာ (Quantitative Method) ကို အသုံးပြု၍ နမူနာ အုပ်စုငယ်များ အတွင်း လေ့လာတွေ့ရှိမှုများကို အခြေခံပြုကာ စည်းမျဉ်းဥပဒေသများ၊ သီအိုရီများကို တည်ဆောက်နိုင်ရန် ကြိုးပမ်းကြသည်။ သို့ရာတွင် လူသားတို့၏ စိတ်သည် အစဉ်အမြဲ ပြောင်းလဲတတ်သည့် အလျောက် နမူနာပုံစံငယ်များအတွင်း လေ့လာရရှိသော အချက်အလက် ရလဒ်များသည် ပိုမိုကျယ်ပြန့်သော လက်တွေ့အခြေအနေများတွင် အံဝင်ခွင်ကျ မဖြစ်နိုင်သည်များ ရှိနိုင်ပေသည်။ ကြိုတင်ခန့်မှန်းနိုင်ရန် ခက်ခဲသော လူတို့၏ အပြုအမူများကို ဖော်မျူလာ သဘောများဖြင့် ချဉ်းကပ်၍ မရနိုင်သည်များ ရှိပေသည်။ ဥပမာ မည်သည့် နိုင်ငံရေးသိပံ္ပ ပညာရှင်ကမျှ ၁၉၈၉ခုနှစ် ဆိုဗီယက် ယူနီယံ ပြိုကွဲမှုကို ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် အချို့ သော ပညာရှင်တို့က ဖြစ်ရပ်တခုတည်းကို သီးသန့်လေ့လာမှု (Case Study) များပြုလုပ်ခြင်းဖြင့်သာ ထိုလေ့လာနေသော ဖြစ်ရပ်၏ လက်တွေ့ ပြဿနာများနှင့် ပြဿနာ ဖြေရှင်းရန် နည်းလမ်းများကို ရှာဖွေသင့်သည်ဟု ယူဆကြသည်။

ကိန်းဂဏာန်း ပမာဏ အခြေပြု နည်းပညာ (Quantitative Method)

ထို သုတေသန နည်းနာတွင် လူထု သဘောထား စစ်တမ်း ကောက်ယူမှုနှင့် လေ့လာနေသော အုပ်စု (သို့မဟုတ်) လူ့အဖွဲ့အစည်းအပေါ် ယေဘုယျ ဆန်းစစ်ချက်များ ပြုလုပ်မှုတို့ ပါဝင်သည်။ သဘောထား စစ်တမ်းကောက်ယူမှု ပုံစံတွင်မူ မဲဆန္ဒနယ် တခု (သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်း လူထု၏ ဘ၀ရပ်တည်မှု အခြေအနေ၊ စာတတ်မြောက်မှုနှုန်း၊ ပျမ်းမျှသက်တမ်း စသည့် လူမှုရေးဆိုင်ရာ အခြေအနေတို့ကို စနစ်တကျ မှတ်တမ်းတင်၍ လေ့လာသော ပုံစံဖြစ်သည်။ ထိုသို့ လေ့လာခြင်းဖြင့် ထိုဒေသ (သို့မဟုတ်) နိုင်ငံ၏ လက်ရှိကျင့်သုံးနေသော နိုင်ငံရေး စနစ်နှင့် လက်တွေ့ အခြေအနေကြား ကွာဟမှု ရှိ မရှိ လေ့လာ သိရှိနိုင်သည်။

ဖြစ်ရပ်တစ်ခုချင်း သီးသန့် လေ့လာခြင်း

ထို သုတေသန နည်းနာအရ ထူးခြားသော နိုင်ငံရေး ဖြစ်စဉ်များ (ဥပမာ တော်လှန်ရေး ဖြစ်ပွားမှု၊ စစ်ဖြစ်ပွားမှု၊ နိုင်ငံ စီးပွားရေး တိုးတက်လာမှု) စသည်တို့ကို ခွဲခြမ်းစိတ်ဖြာ၍ အကြောင်းရင်းများ၊ အကျိုးဆက်များကို လေ့လာခြင်း ဖြစ်သည်။ ဤသို့ လေ့လာရာတွင် အစဉ်အလာ သီအိုရီများ၊ စည်းမျဉ်းဥပဒေသများကို အသုံးပြုခြင်းထက် လေ့လာနေသော ဖြစ်ရပ်၏ ထူးခြားသော ပြဿနာများကို စနစ်တကျ နားလည်နိုင်ရန် ကြိုးပမ်းခြင်းနှင့် ထိုပြဿနာများအတွက် လိုအပ်သော ဖြေရှင်းမှုများကို ဦးစားပေး ရှာဖွေရန် ကြိုးပမ်းကြခြင်း ဖြစ်သည်။ အသစ်သစ်သော တိုးတက်ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကို ချဉ်းကပ်ရာတွင် ဤနည်းလမ်းသည် များစွာ အသုံးဝင်ပေသည်။

အခြား နည်းလမ်းများ (The Other Methods)

အထက်ပါ နည်းလမ်း (၂) ခု အပြင် အခြေအနေ၏ လိုအပ်မှုအပေါ် မူတည်၍ အခြားပညာရပ်များတွင် အသုံးပြုလေ့ရှိသော လက်တွေ့စမ်းသပ်မှုများအတိုင်း သုတေသန ပြုလုပ်မှုများလည်း ရှိသည်။ ဥပမာ - ပေါ်လစီတစ်ခုကို ကာလအတိုင်းအတာ တစ်ခု သတ်မှတ်၍ လက်တွေ့စမ်းသပ် ကျင့်သုံးကြည့်ကာ အကျိုးဆက်ကို လေ့လာခြင်း၊ ပေါ်လစီ တစ်ခုကို မတူညီသော နေရာနှစ်ခုတွင် စမ်းသပ်ကျင့်သုံးစေပြီး ထွက်ပေါ်လာသော ရလဒ်များကို နှိုင်းယှဉ်လေ့လာကြည့်ခြင်းတို့ ဖြစ်သည်။

(ဤ ဆောင်းပါးသည် အပြောကျယ်လှသော ပညာသမုဒ်ပြင်ကျယ်ကြီးထဲမှ ရေစက်ကလေး တစ်စက်သဖွယ်သာ ဖြစ်ပါသည်။ နိုင်ငံရေး သိပံ္ပ၏ လေ့လာမှု နယ်ပယ်များနှင့် သဘောသဘာဝကို ခြုံငုံမိစေရန် မိတ်ဆက်သဘောဖြင့် အကျဉ်းမျှ တင်ပြခဲ့ခြင်း ဖြစ်ပါသည်။)

ရည်ညွှန်း -

''Living Political Ideal's'' : by Geoff An drews and Michael Saward
''Modern Political Philiosophy" : by Richard Hudelson
Encarta Reference 2007

 

© 2007 IngridGrey By Arephyz