Tuesday, March 25, 2008

သင်ရိုးညွှန်းတန်းရဲ့ အရေးပါမှု

ပြီးခဲ့တဲ့ အပတ်တွေမှာတုန်းက စာသင်ခန်းထဲကနေ စည်းကမ်းရှိတဲ့ နိုင်ငံသားတွေ ပျိုးထောင်ယူလို့ ရနိုင်တဲ့အကြောင်းကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ပညာရေးစာတမ်းကနေတဆင့် အများကြီး ဆွေးနွေးခဲ့ပါတယ်။ အထူးသဖြင့်တော့ စာသင်သားတွေအတွက် ဗဟုသုတများစွာ တိုးပွားဖြစ်ထွန်း စေတဲ့ သင်ခန်းစာတွေထဲမှာ နိုင်ငံ့အရေးအရာတွေ၊ အုပ်ချုပ်ရေးဆိုင်ရာတွေကိုပါ ထည့်သွင်းသင့်တယ်ဆိုတဲ့ အချက်ကို ဦးတည်ဆွေးနွေးခဲ့တာပဲ ဖြစ်ပါတယ်။

ဦးသန့်ရဲ့ စာတမ်းမှာ ပြဋ္ဌာန်းသင့်တဲ့ သင်ရိုးတွေကို အဓိကထားပြီး အကြံပြု တင်ပြသွားတာ တွေ့ရပါတယ်။ တကယ်တော့ အဲဒီ သင်ရိုးတွေထဲမှာပါတဲ့ သင်ခန်းစာတွေကို အကြောင်းအကျိုး ရှင်းလင်းအောင် ပြောပြသင်ပြဖို့ကတော့ ဆရာတွေရဲ့တာဝန်သာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဥပမာအဖြစ် ဦးသန့်တင်ပြခဲ့တဲ့ ဒီမိုကရေစီစနစ် အကြောင်း သင်ကြားပြောပြရာမှာ အားနည်းချက်တွေကိုပါ ထည့်သွင်း ပြောပြသင့်တယ်ဆိုတဲ့ အချက် အရ ဘယ်လိုသင်ကြားပြောပြနိုင်သလဲဆိုတာကို ဆွေးနွေးတင်ပြချင်ပါတယ်။

ဒီမိုကရေစီစနစ်ရဲ့ ဆိုးပြစ်တွေဖြစ်တဲ့ အုပ်ချုပ်သူအစိုးရကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ရတာ ဖြစ်တဲ့အတွက် ပြည်သူအားလုံးတန်းတူ နိုင်ငံရေးအသိဉာဏ် ရှိဖို့ဆိုတာ ခဲယဉ်းပါတယ်။ ဒါကြောင့် ရွေးချယ် တင်မြှောက်မှုဟာ အပြစ် အနာအဆာ ရှိနိုင်ပါတယ်။ ဆိုတဲ့အချက်ကို ပြောပြရာမှာ ဆရာအနေနဲ့ ဒီနေရာမှာ ဒီမိုကရေစီအစိုးရကို သေသေချာချာ ရွေးချယ်တင်မြှောက်နိုင်တဲ့ ပြည်သူလူထုဖြစ်အောင် ပြည်သူလူထုကို နိုင်ငံရေး အသိဉာဏ်ရှိအောင် ဖန်တီးပေးထားဖို့လိုတယ်ဆိုတာ ပြောပြဖို့လိုပါတယ်။ အဲဒီလို အသိဉာဏ် ရှိဖို့အတွက် စာသင်သားအရွယ် ငယ်စဉ်ကတည်းက ကျောင်းမှာ နိုင်ငံရေးကိစ္စကို ထည့်သွင်း သင်ကြားသင့် တယ် ဆိုတာကိုလည်း ဆရာက သေချာ ပြောပြရမှာဖြစ်ပါတယ်။ ဒါမှပဲ အရွယ်ရောက်ချိန်မှာ လိုအပ်တဲ့ နိုင်ငံရေးဆိုင်ရာ ဗဟုသုတတွေနဲ့ ပြည့်စုံနေမှာ ဖြစ်ပြီးတော့ ကိုယ့်ရဲ့ အုပ်ချုပ်သူအစိုးရကို သေချာ ရွေးချယ် တင်မြှောက်နိုင်မှာပဲ ဖြစ်ပါတယ် ။

ဒါကြောင့် နိုင်ငံတနိုင်ငံမှာ နိုင်ငံသားကောင်းတွေ ပေါ်ထွန်းဖို့အတွက် ကျောင်းပညာရေးထဲက သင်ရိုးညွှန်းတန်း က အရေးပါတယ်ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ သင်ရိုးညွှန်းတန်းရဲ့အရေးပါမှုနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးပညာရှင် ဒေါက်တာသိန်းလွင်က သူ့ရဲ့ ဒီမိုကရေစီပညာရေးဆိုင်ရာ စာတမ်းတစ်စောင်မှာ ထည့်သွင်း အကြံပြုထားပါတယ်။ ဒေါက်တာသိန်းလွင်က သင်ရိုးညွှန်းတမ်းကိစ္စဟာ နိုင်ငံရေးသမားတွေနဲ့ ပညာရှင်တွေ မကြာခဏ အငြင်းအခုံ ဖြစ်ရတဲ့ ကိစ္စဖြစ်တယ်လို့ပြောပါတယ်။ ဒေါက်တာသိန်းလွင်က “နိုင်ငံရေးသမားတွေက သူတို့ရဲ့ နိုင်ငံရေးအမြင်နှင့် လုပ်ဆောင်ချက်တွေကို ကျောင်းသင်ခန်းစာတွေထဲမှာ ထည့်သင်စေချင်ပြီး၊ ပညာရှင်တွေကတော့ ဘက်တစ်ဖက်တည်းကနေ ရပ်တည်တဲ့ အမြင်တခုကို ကျောင်းသင်ခန်းစာ အနေနဲ့ သွပ်သွင်းပို့ချတာကို သဘောမတူကြဘူး” လို့ ပြောပါတယ်။ အဲဒီအပြင် ပညာရေးကို အသုံးချပြီးတော့ တစ်ဖက်သတ် နိုင်ငံရေးအမြင်၊ စီးပွားရေးဝါဒနဲ့ လူမျိုးရေးမုန်းတီးမှုများကို မသင်ကြားသင့်ပါဘူး၊ သင်ရိုးညွှန်းတမ်း ကိုလည်း တစ်ဦးတစ်ယောက်တည်း၊ တစ်ဖွဲ့တစ်စည်းတည်းက ရေးဆွဲပြဋ္ဌာန်းတာမျိုး မလုပ်သင့်ဘူးလို့ ဆိုပါတယ်။ သင်ရိုးညွှန်းတန်းရေးဆွဲဖို့အတွက် ပညာရေးနဲ့ သက်ဆိုင်သူအားလုံး ပါဝင်ရပါမယ်။ သင်ရိုးညွှန်းတမ်းရေးဆွဲရေးဟာ ကျောင်းသား၊ ဆရာ၊ မိဘ၊ ရွေးချယ်ခံပုဂ္ဂိုလ် ပညာရှင်တွေ၊ သမဂ္ဂတွေ၊ လူမျိုးစုအဖွဲ့တွေ၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေစတဲ့ နိုင်ငံသားတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင် ညှိနှိုင်း ဆောင်ရွက်ရတဲ့ နေရာ ဖြစ်ရမယ်လို့ ဒေါက်တာသိန်းလွင်က အကြံပြုထားပါတယ်။

ဒေါက်တာသိန်းလွင်ရဲ့ စာတန်းပါ အကြံပြုချက်တွေအရတော့ ဒီမိုကရေစီပညာရေးရဲ့ သင်ရိုးညွှန်းတန်းနဲ့ ပတ်သက်ရင် စံ သတ်မှတ်တာကလည်း အရေးကြီးတယ်ဆိုတာကို တွေ့ရပါတယ်။ သင်ရိုးညွှန်းတန်းစံကို သတ်မှတ်တဲ့နေရာမှာ ပြည်ထောင်စုအစိုးရ (သို့မဟုတ်) နိုင်ငံအစိုးရရဲ့ ပညာရေးတာဝန်ရှိသူတွေကနေ ပြီးတော့မှ တစ်နိုင်ငံလုံး လိုက်နာသင့်တဲ့ အနိမ့်ဆုံးစံ သတ်မှတ်ထားနိုင်တယ်လို့ ဆိုပါတယ်။ အနိမ့်ဆုံးစံဆိုတာ က ပြည်နယ်အားလုံးနဲ့ ကိုက်ညီနိုင်မယ့်၊ လိုက်လျောညီထွေရှိနိုင်မယ့်၊ နိုင်ငံတကာစံနှုန်းတွေနဲ့ လူသားဆိုင်ရာ တန်ဖိုးသတ်မှတ်ချက်တွေပဲ ဖြစ်ပါတယ်။ ပြည်နယ်ပညာရေး တာဝန်ရှိသူတွေက အဲဒီအနိမ့်ဆုံးစံတွေကို အခြေခံပြီး အဲဒီပြည်နယ်ရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ သဘာ၀၀န်းကျင်တွေ၊ လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့် သင်ရိုးညွှန်းတန်း လမ်းညွှန်ချက်ဘောင်ကို ဖြည့်စွက် ချမှတ်နိုင်ပါတယ်။

အဲဒီ သင်ရိုးညွှန်းတမ်း လမ်းညွှန်ချက်ကို အခြေခံပြီးတော့မှ ဒေသဆိုင်ရာ ပညာရေးတာဝန်ရှိသူတွေနဲ့ ကျောင်းဆရာတွေက သင်ရိုးညွှန်းတမ်းအသေးစိပ်ကို လွတ်လွတ်လပ်လပ် ရေးဆွဲရပါမယ်။ အဲဒီလို ရေးဆွဲထားတဲ့ သင်ရိုးညွှန်းတမ်းကို ပြည်နယ်ပညာရေးဘုတ်အဖွဲ့မှ အတည်ðပပေး သင့်ပါတယ်။ ပြီးတော့ ကျောင်းဆရာ တွေကိုယ်တိုင် သင်ရိုးညွှန်းတမ်းနဲ့ ကိုက်ညီမယ့် ဖတ်စာအုပ်တွေကို ရွေးချယ် နိုင်ပါတယ်။ ကျောင်းက တာဝန်ရှိသူတွေနဲ့ ဆရာတွေက အသေးစိတ် သင်ကြားမယ့် အကြောင်းအရာတွေ၊ သင်ကြားနည်းစနစ်တွေကို ရွေးချယ်နိုင်တယ်လို့ ဒေါက်တာ သိန်းလွင် ရဲ့ စာတန်းမှာ တွေ့ရပါတယ်။

ဆိုလိုတာကတော့ မြန်မာနိုင်ငံအနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအဖြစ် ရည်မှန်း ထားတာဖြစ်တဲ့အတွက် တောင်ပေါ်မြေပြန့်မရွေး တန်းတူပညာရေးအဆင့်အတန်းကို ရနိုင်အောင်၊ သင်ရိုးတွေကို နားလည်လွယ်နိုင်၊ သင်ယူလေ့လာလွယ်နိုင်လောက်တဲ့ အနိမ့်ဆုံးစံအထိ လျော့ချထားဖို့ဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံတကာ ပညာရေးစနစ်ကို နည်းမှီရင်တောင်မှပဲ ကိုယ့်နိုင်ငံသားတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ လွယ်ကူ ချောမွေ့စေတဲ့ သင်ရိုးတွေဖြစ်တဲ့အထိ အနိမ့်ဆုံးစံအနေနဲ့ သတ်မှတ်သင့်တယ် လို့ ဆိုတာပါ။

ဒါမှပဲ ပြည်နယ်တစ်ခုက ကျောင်းသားတစ်ယောက်က တခြားပြည်နယ်တစ်ခုကို ပြောင်းရွှေ့ရတဲ့အခါမှာ တခြားကျောင်းတစ်ခုမှာ လွယ်လင့်တကူ ၀င်ရောက် သင်ကြားနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် ပြည်နယ် အသီးသီး ကျောင်းအသီးသီးက ဆရာတွေအချင်းချင်း အချိတ်အဆက် ရှိထားဖို့လိုပါတယ်။ ပြီးတော့ နိုင်ငံလုံး ဆိုင်ရာ ပညာရေးတွေ့ဆုံဆွေးနွေးပွဲတွေ၊ ညီလာခံတွေ ပြုလုပ်ပြီး၊ တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးနေကြရမှာ ဖြစ်တယ် လို့ ဒေါက်တာသိန်းလွင်က ကျောင်းပညာရေးထဲမှာ အရေးပါလှတဲ့ သင်ရိုးညွှန်းတန်းကိစ္စကို အကြံပြုထားတာ ဖြစ်ပါတယ်။

နိုင်ငံတနိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးရေးအတွက် အခြေခံအုတ်မြစ်တခုဖြစ်တဲ့ ပညာရေးကဏ္ဍ အဆင့်မီရေးအတွက် သင်ရိုးညွှန်းတန်းရေးဆွဲပြုစုရေးက အရေးပါတယ် ဆိုတာကို ထိုင်းနိုင်ငံအခြေစိုက် ဆရာအတတ်သင် ပညာရေးပညာရှင် ဒေါက်တာသိန်းလွင်ရဲ့ ဒီမိုကရေစီပညာရေးစာတမ်းကနေတဆင့် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းတွေဖြစ်တဲ့ မျိုးဆက်သစ်စာသင်သားတွေကို နိုင်ငံသားကောင်း ဖြစ်စေဖို့ ကိုယ့်ဒေသ၀န်းကျင် ယဉ်ကျေးမှုဓလေ့ထုံးစံတွေနဲ့ ကိုက်ညီတဲ့၊ သင့်တင့် မျှတတဲ့ သင်ရိုးညွှန်းတန်းကောင်းတွေ ရှိဖို့ လိုတယ်ဆိုတာကို ဆွေးနွေး တင်ပြ လိုက်ရပါတယ်။

မေငြိမ်း(၂၀၀၇ နိုဝင်ဘာ)

Monday, March 24, 2008

ဂျပန် စကောလားရှစ် အကြောင်း

ဘလောဂါ့ ကိုစေးထူးထံမှ ကူးယူဖော်ပြသည် ။

ဦးကလိုစေးထူးရေ…

တက္ကသိုလ် ဘုန်းနိုင် ၀တ္ထုတွေရဲ့ ပထမဆုံးစာမျက်နှာမှာ ရေးထားတဲ့ `ငါ့စာဖတ်၍ မပြတ်စေသော်၊ မရှုံးစေသား´ ဆိုတာလိုပဲ ဗဟုသုတအလို့ငှာ `နိုင်ငံခြား သွားမယ်ဆိုရင်´ ဆိုတဲ့၊ ကူးစက်ရောဂါနဲ့ တူတဲ့ ရောဂါမိနေတဲ့ မြန်မာပြည်က လူတွေအတွက် `ဂျပန် ပညာသင်´ အကြောင်း ရေးဖြစ်ပါတယ်။ နှမ်းစေ့လောက် အထောက်အကူဖြစ်တယ် ဆိုရင် ကျေနပ်ပါပြီ။

နိုင်ငံရေးအရ ပြောရရင် စားတာ၊ သွားတာ၊ နေတာ ထိုင်တာ အားလုံးကို နိုင်ငံရေးလို့ ဆိုကြပါတယ်။ ဗုဒ္ဓတရားတော်ရဲ့ ရှုထောင့်က ပြောရင်တော့ ဘယ်အရာမဆို မေတ္တာထား၊ စိတ်ထားတတ်ရင် အလှူကုသိုလ်ရပါတယ်တဲ့။ ဒါပေမဲ့ ကျွန်မကုသိုလ်ကို တယောက်ထဲ မလိုချင်တဲ့ အတွက် ဦးကလိုစေးထူးကိုပါ အမြဲတမ်း ဗမာလို စာရိုက်ခိုင်းပြီး ကုသိုလ် အများကြီး ခွဲဝေပေးနေပါတယ်။ ကုသိုလ် ယူတတ်ပါစေလို့…။

မာလာ


ဂျပန် ပညာတော်သင် လျှောက်ကြမလား၊ How to apply Monbusho scholarship


ဒီစာကို ရေးတဲ့ ရည်ရွယ်ရင်းကတော့ Monbusho scholarship လို့ ခေါ်တဲ့ ဂျပန် အစိုးရက ပေးတဲ့ ထောက်ပံ့ကြေးနဲ့ ဂျပန်ကို ပညာတော်သင် လျှောက်လိုသူများ သိသင့်တဲ့ အချက်အလက်များ ဗဟုသုတ ရစေဖို့ ဖြစ်ပါတယ်။

ဒီထောက်ပံ့ကြေးဟာ ဘယ်သူတွေကို ပေးတာလဲ၊ ဘယ်လောက်ပေးတာလဲ၊ ဘာခံစားခွင့် ရှိသလဲ၊ ဘယ်လောက်ကြာကြာ ပေးသလဲ၊ ဘယ်လို လျှောက်ရတယ် ဆိုတာကိုပဲ အဓိကထား ရေးပြပါမယ်။


၁။ ဘယ်သူတွေကို ပေးတာလဲ၊ who can apply?

ဒီပညာတော်သင် ထောက်ပံ့ကြေးဟာ ဂျပန်နိုင်ငံ ပညာရေး ၀န်ကြီးဌာနက ပြဋ္ဌာန်းပြီး ဖွဲ့ဖြိုးဆဲ နိုင်ငံများနဲ့ ဂျပန် ယဉ်ကျေးမှုကို လေ့လာလိုသူများအတွက် ဘွဲ့ကြိုရော ဘွဲ့လွန်များကိုပါ ပေးတာဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်အပြီးမှာ ဂျပန်နိုင်ငံဟာ အကြီးအကျယ် စစ်ရှုံးနိမ့်ခဲ့ပြီး နိုင်ငံများစွာကို စစ်လျော်ကြေး အများကြီး ပေးရပါတယ်။ ဖွဲ့ဖြိုးဆဲ အဓိက အာရှနိုင်ငံများက အပေါ်ထပ် အဆောက်အဦ လို့ ခေါ်တဲ့ ပညာရေးနဲ့ ယဉ်ကျေးမှုတွေပါ ပြန်လည် တည်ဆောက်ပေးဖို့ ၀န်ကြီးချုပ်ဟောင်း `နာကာဆိုနေ´ က ပြဋ္ဌာန်း အတည်ပြုခဲ့ပြီး ယခုထိ ပေးနေဆဲ ပညာသင်ဆု တခုဖြစ်ပါတယ်။ ၁၉၉၅-၂၀၀၀ ခုနှစ်၊ ပတ်ဝန်းကျင် အထိ ပျှမ်းမျှ တနှစ်ကို ဂျပန် တပြည်လုံးက တက္ကသိုလ်တွေမှာ ပညာသင်ဖို့ အယောက် (၂၀၀)ခန့် ပေးပါတယ်။ ကျွန်မ သွားခဲ့တဲ့ “TSUKSBA UNIVERSITY” မှာတော့ လူဦးရေများလို့ အယောက် ၄၀ ခန့် ပေးပါတယ်။

၁၉၉၅၊ ကျွန်မ ဂျပန်ကို သွားတဲ့အထိ ဒီပညာတော်သင်ဆုကို အစိုးရ ၀န်ထမ်းတွေကိုပဲ ပေးပါတယ် ဆိုပြီး အများစုက စွဲမှတ်နေကြပါတယ်။ အပြင်လူ လျှောက်လို့ရတယ်ဆိုတာ သိပ်မယုံကြပါဘူး။ အခုခေတ်ပိုင်းလောက်မှာတော့ အပြင်ကလျှောက်ပြီး ရတဲ့လူ တစတစ များလာတဲ့အတွက် သိလာကြပေမဲ့ ဘယ်လိုရတယ်၊ ဘယ်နည်းနဲ့ ရတယ်ဆိုတာ မသိကြတဲ့အတွက် နောင်လာနောင်သားတွေ အတွက် ကျွန်မ အတွေ့အကြုံကို ရေးပြခြင်းလည်း ဖြစ်ပါတယ်။

ပထမဆုံးကတော့ ဘွဲ့ကြိုလို့ ခေါ်တဲ့ Undergraduate အတွက် ပေးတဲ့ scholarship အကြောင်းပါ။ ကျွန်မ မြန်မာပြည်က အရွေးခံခဲ့ရတဲ့ ကျောင်းသား (၇)ဦးထဲက (၁)ဦးကို ဂျပန်မှာ သိခွင့်ရပါတယ်။ သူက YIT ဒုတိယနှစ် ကျောင်းသားတက်တုန်း ဂျပန်မှာ ပညာသင်ဖို့ scholarship ပညာတော်သင်ကို ပညာရေး ၀န်ကြီးဌာကက ကြီးမှူးရွေးဖို့ ရေးဖြေ စာမေးပွဲကျောင်းမှာပဲ ဖြေရပါတယ်။ နောင် အဆင့်ဆင့် အရွေးခံရလို့ ရောက်လာပါတယ် ပြောပါတယ်။ ဂျပန်မှာ တနှစ်နီးပါး ဂျပန်စာကို သင်ပြီး ၄-နှစ် စာမေးပွဲအတွက် entrance အောင်လို့ တက္ကသိုလ်ကို တက်နေတယ်လို့ ဆိုပါတယ်။

အပြင်က မြန်မာအစိုးရက ရွေးချယ်တာ မဟုတ်တဲ့ လူတွေကတော့ ဘယ်ပုံဘယ်နည်း လျှောက်ရတယ်ဆိုတာ မသိပါဘူး။ ကျွန်မ ဖတ်ခဲ့ရတဲ့ ဂျပန်ပညာတော်သင် ပေးပုံပေးနည်း စာအုပ်မှာတော့ သက်ဆိုင်ရာ ဂျပန်သံရုံးကိုသာ ဆက်သွယ်ပါ ဆိုတဲ့အတွက် သံရုံးတွေက ကြီးမှူးကျင်းပပေးပုံ ရပါတယ်။ ကျွန်မ ကြိုးစားစဉ်က သံရုံးကို သွားမေးတော့ မြန်မာအစိုးရရဲ့ ပေါ်လစီအရ ဂျပန်သံရုံးက ဘွဲ့ကြိုရော၊ ဘွဲ့လွန်အတွက် ဘာမှ ကြီးမှူး လုပ်ပေးတာ မရှိပါဘူး လို့ ဆိုပါတယ်။ ဒီတော့ ဘွဲ့ကြိုအတွက် လျှောက်နည်းကို မသိတော့ ဒီမျှနဲ့ပဲ ရပ်ပြီး ဘွဲ့လွန် လျှောက်ဖို့ ဆက်ရေးပါရစေ။

ဘွဲ့လွန်မှာလဲ အစိုးရက ရွေးချယ်ပြီး စေလွှတ်တဲ့လူတွေ၊ ၀န်ထမ်းတွေအကြောင်း မရေးဘဲ အပြင်က လျှောက်တာကိုပဲ ရေးပြပါမယ်။ လျှောက်တဲ့လူဟာ…

(၁) ဘွဲ့လွန် MSc, PhD အတွက် အနည်းဆုံး BA, BSc ဘွဲ့ တခုခု ရထားပြီး ဖြစ်ရပါမယ်။ မြန်မာစာ အဓိကဘွဲ့ရသူများက အခြား ၀ိဇ္ဇာဘွဲ့လွန်ကို လျှောက်ထားနိုင်ပါတယ်။

(၂) လျှောက်လွှာလျှောက်တဲ့ အချိန် (April) လမှာ အသက် ၃၅နှစ် မကျော်စေရပါဘူး။ လျှော့ပေါ့အနေနဲ့ကတော့ ရွေးချယ်ခံရတဲ့ အချိန် October မှာ ၃၅နှစ် မကျော်ရဘူး လို့ ဆိုပါတယ်။

(၃) သင့်တော်တဲ့ Research Proposal ကို သူတို့ လက်ခံအောင် ရေးပြီး ပေးပို့နိုင်သူ ဖြစ်ရပါမယ်။

(၄) အပြင်က လျှောက်တာမို့ (အစိုးရ ၀န်ထမ်း ဟုတ်ဟုတ် မဟုတ်ဟုတ် လျှောက်လို့ ရပါတယ်) ဂျပန်နိုင်ငံက National University တခုခုမှာ ကိုယ့်ကို လက်ခံပြီး supervise ပေးဖို့ လျှောက်လွှာကို တဆင့် တင်ပေးမဲ့ Professor ရှိရပါမယ်။ သူတို့ အဆိုအရ တကယ်ကျောင်းတက်ဖို့ ပညာလိုလားသူ၊ တော်မယ် ထင်ရသူဆိုရင် လက်ခံဖို့ ၀န်မလေးပါဘူး၊ မခက်ခဲပါဘူး။

(၅) ဖွံ့ဖြိုးဆဲနိုင်ငံသား ဖြစ်ပြီး ဖွံ့ဖြိုးပြီး နိုင်ငံများမှာ Permanent Resident ရထားသူများ လျှောက်ခွင့် မရှိပါ။ ဖွံ့ဖြိုးပြီး နိုင်ငံသားများက ဂျပန်ယဉ်ကျေးမှု လေ့လာသူများ ဟူ၍ လူဦးရေ ကန့်သတ်ပေးပါတယ်။ ဂျပန်စာနဲ့ ကျမ်းပြုမှု အခက်အခဲအရ Science ဘာသာယူသူ ပိုမိုများပြားပါတယ်။


၂။ ပညာတော်သင် ထောက်ပံ့ကြေးကို ဘယ်လောက်ပေးတာလဲ၊ ဘာတွေ ခံစားခွင့် ရှိသလဲ။

ဘွဲ့ကြို Undergraduate ကို တလကို ယန်းငွေ တသိန်းနှစ်သောင်းနဲ့ ဘွဲ့လွန် Graduate ကို တသိန်းရှစ်သောင်း ပေးရပါတယ်။ အခွန်ပေးစရာ မလို၊ ကျောင်းလခ ပေးစရာမလို Medical Insurance ပါပြီးသား ဖြစ်ပါတယ်။ အိမ်ထောင်ရှိရင် အိမ်ထောင်ဘက်နဲ့ ကလေးကို တလအတွင်း ခေါ်နိုင်ပါတယ်။ Round Trip လေယာဉ်လက်မှတ် အသွားအပြန် ထုတ်ပေးပါတယ်။

ရောက်ရောက်ခြင်း Arrival allowance အနေနဲ့ ယန်း သုံးသောင်း ထုတ်ပေးပြီး လေဆိပ်အထိ လာကြိုပါတယ်။ ကျောင်းဆောင်တွေမှာ စီစဉ်ပြီး ထားပေးပါတယ်။ ယခင်ကတော့ အပြင်တိုက်ခန်းမှာ နေရင် တိုကျိုနဲ့ အိုဆာကာမှာ ယန်း တသောင်း၊ တခြားနေရာမှာ ယန်း ၇ ထောင်၊ လစဉ် ထပ်ဆောင်းပေးပါတယ်။ အခုတော့ အဲဒီ နှစ်ခု မပေးတော့ပါဘူး။ ကျွန်မခေတ်မှာတော့ နိုင်ငံခြား Student Conference တက်ဖို့ တခေါက်ကို ယန်း တသိန်းနဲ့ နှစ်ခေါက် USA နဲ့ Canada အတွက် ထုတ်ပေးပါတယ်။ အဲဒါကတော့ ပါမောက္ခ အပေါ်မှာ မူတည်ပါတယ်။

လိုအပ်တဲ့ ကွန်ပျူတာမှ အစ ကော်ပီကူးတာက အစ ပါမောက္ခက စီစဉ်ပေးပါတယ်။ ကျောင်းသား အနေအထားကို ကြည့်ပြီး Part time လုပ်ခွင့်ကိုတော့ Limit နဲ့ ပေးပါတယ်။ မပေးတာက များပါတယ်။ အစိုးရ ပြဋ္ဌာန်းထားတာကတော့ ခွင့်မပေးပါ။


၃။ ဘယ်လောက်ကြာကြာ Scholarship ပေးသလဲ။

ဘွဲ့လွန်တွေဟာ ရောက်စမှာ ဂျပန်စာ မသင်မနေရ ခြောက်လ အပါအ၀င် Research Student လို့ သတ်မှတ်ချိန် (၂)နှစ် ရှိပါတယ်။ အောက်တိုဘာ ရောက်တဲ့ လူတွေကတော့ Oct-March ကို ဘတ်ဂျက် တနှစ် သတ်မှတ်လို့ တနှစ်ခွဲ Maximum နေရပါတယ်။ အဲဒီ အတောအတွင်းမှာ MSc or PhD entrance စာမေးပွဲကို အောင်ရပါတယ်။ မအောင်ရင် (၂)နှစ်/တနှစ်ခွဲနဲ့ scholarship ပြုတ်ပါတယ်။ အဲဒီ ကန့်သတ်ချက်ကျော်မှ အောင်လို့ ကျောင်းဆက်တက်ချင်ရင် Private Student ဖြစ်သွားပါတယ်။ Monbusho scholarship ဟာ တခါပြတ်သွားရင် သုံးနှစ်အတွင်းမှာ ထပ်လျှောက်ခွင့် မရှိပါဘူး။ တချို့က Private ကျောင်းသား အနေနဲ့ လာပြီး entrance စာမေးပွဲအောင်ပြီး ကျောင်းတက်ချိန်မှာ Monbusho scholarship ပြန်လျှောက်ရတာလည်း ရှိပါတယ်။

MSc အတွက် (၂)နှစ်နဲ့ PhD အတွက် (၃)နှစ် Scholarship ပေးပါတယ်။ တကယ်လို့ ကန့်သတ်ချိန်မှာ မပြီးခဲ့ရင် ကိုယ့်ငွေနဲ့ကိုယ် extension လုပ်၊ ကျောင်းလခသွင်းပြီး ကျောင်းပြီးအောင် ဆက်တက်ရပါတယ်။ ဒါကြောင့် အကြာဆုံး Research student အတွက် (၂)နှစ်နဲ့ PhD (၃)နှစ် စုစုပေါင်း (၅)နှစ် ဖြစ်ပါတယ်။

တချို့ ပါမောက္ခတွေက Research Student (၂)နှစ် အတွက်ပဲ ခေါ်တာမျိုးလဲ တွေ့ခဲ့ရပါတယ်။ အဲဒီ ပုဂ္ဂိုလ်က တခြား တက္ကသိုလ်က ပါမောက္ခက Research Student အနေနဲ့ (၂)နှစ်ပဲ ခေါ်တာမှာ PhD ဆက်တက်ဖို့ Course မရှိတော့ ပြန်ခိုင်းပါတယ်။ အဲဒီ ပုဂ္ဂိုလ်က ကျွန်မတို့ Tsukuba မှာ PhD လာဖြေ၊ အောင်ပြီး ဆက်တက်တော့ misunderstanding ဖြစ်သလားတော့ မသိ၊ Scholarship ပြုတ်ပြီး Private ကျောင်းသား ဖြစ်သွားပါတော့တယ်။ ဒါပေမဲ့ ကျွန်မနဲ့ သိတဲ့ အမျိုးသမီးတယောက် Kyushu မှာ ဒီလိုပဲ PhD Course မရှိလို့ Tsukuba မှာ လာတက်ဖို့ လုပ်တော့ ကူညီမေးမြန်း လုပ်ကိုင်ပေးလို့ Scholarship ဆက်ရပါတယ်။ တက္ကသိုလ် ပြောင်းရင် အခက်အခဲ ရှိနိုင်တယ် လို့ ဆိုတာနဲ့ ဂျပန်မှာလဲ မသိနိုင်တာတွေ အများကြီး ရှိတာကို တင်ပြတာပါ။ ကျွန်သိတာကလဲ အကုန် မဟုတ်ပါဘူး။


၎။ ဘယ်လိုလျှောက်ရမလဲ။ How to apply

တကမ္ဘာလုံးက နိုင်ငံတိုင်းမှာ ဂျပန်သံရုံးက ကြီးမှူးပြီး နှစ်စဉ် စာမေးပွဲခေါ်လေ့ ရှိပါတယ်။ Feb or March လောက်မှာ ကျင်းပြပြီး အောင်သူတွေကို ၀န်ထမ်း ဟုတ်ဟုတ်၊ မဟုတ်ဟုတ် သတ်မှတ်တဲ့ အရည်အချင်းနဲ့ ပြည့်စုံရင် April လမှာ လျှောက်လွှာပေးပါတယ်။ တချို့က အဲဒီအချိန်မှာ Professor ရှာရတာ ရှိပါတယ်။ ကျွန်မ ကြိုးစားစဉ် ကာလက ပါမောက္ခတယောက် အဲဒီအတိုင်း ညွှန်လို့ ဂျပန်သံရုံးကိုရောက်၊ ဒီနည်း မရှိဘူး ဆိုတော့ အဲဒီ ပါမောက္ခကလဲ ရှိရမယ်နဲ့ အဆင်မပြေခဲ့ပါ။ ကျွန်မ ဂျပန်ရောက်ပြီး Student Conference မှာ သွားပါဝင်တော့ ကျွန်ကို လာတွေ့ပြီး နှုတ်ဆက်ပြီး သူမသိခဲ့လို့ လက်မခံခဲ့ရတာပါလို့ ၀မ်းနည်းစကား လာဆိုပါတယ်။

မြန်မာပြည်က လူတွေ အတွက်ကတော့ အခက်အခဲတခုပါ။ ဂျပန်က National University (Private University ကို Monbusho scholarship ချပေးလေ့ မရှိပါ။ ချွင်းချက် တခု နှစ်ခုပဲ ရှိတတ်ပါတယ်။) က ကိုယ်နဲ့ ဘာသာရပ် ကိုက်မယ်ထင်တဲ့ ပါမောက္ခကို လှမ်းမေးရပါတယ်။ ကိုယ့်လျှောက်လွှာကို သူ့ကျောင်းကယူ၊ ကိုယ့်ဆီပို့၊ ကိုယ်က ဖြည့် ပြန်ပို့၊ သူက သူ့ကျောင်းက တဆင့် ပညာရေး ၀န်ကြီးကို အဆင့်ဆင့် တင်ရပါတယ်။ ကျောင်းငယ်တာက Chance ပိုများပြီး ကျောင်းကြီးရင် Professor တွေများ၊ တင်တဲ့လူ များပြီး Competition များပါတယ်။ ကျွန်မဆိုရင် ပထမနှစ်မှာ ကျရှုံးခဲ့ပြီး ဒုတိယအကြိမ် ဒုတိယနှစ် ကြိုးစားမှ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်မ တက္ကသိုလ်က ဘာသာရပ် အားလုံးထဲက (၄) ယောက်ကို ဇကာတင် ရွေးပြီး Monbusho ကို ပို့ပါတယ်။ Monbusho က တဘာသာကို တယောက်၊ Professor တယောက် တပည့် တယောက်နဲ့ တနိုင်ငံ တယောက်/ နှစ်ယောက်နှုန်း ရွေးချယ်ပါတယ်။ ကျွန်မ ပါမောက္ခကတော့ ကျွန်မရဲ့ ဇွဲ၊ လုံ့လ၊ ၀ိရိယနဲ့ မဆုတ်မနစ် ကြိုးစားမှု၊ စိတ်ရှည်မှုတွေကို သဘောကျပြီး ရွေးခဲ့တာ ဆိုပါတယ်။ ကျွန်ကိုကိုယ်တိုင် ရေးတဲ့ Research Proposal ဟာ သူ့ Laboratory မှာ လုပ်မရနိုင်တာ သိပေမဲ့ ကျွန်မရဲ့ Knowledge နဲ့ သူ့ရဲ့ Specialization ကို ဆက်စပ် တွေးခေါ် ရေးသားနိုင်တဲ့ `စိတ်ကူး´ ကို ရွေးချယ်ခဲ့တာ ဆိုပါတယ်။ စကားမစပ် ပြောချင်တာက ဂျပန်မှာ “PhD doctor of Philosophy” ဘာသာရပ် တခုရဲ့ တွေးခေါ်မှုအတွက် ပေးတာနဲ့ “DSc doctor of Science” သိပ္ပံဘာသာရပ်ရဲ့ အဆုံးစွန် တတ်မြောက်မှု ဆိုပြီး ကွဲပြားပါတယ်။

ဒီလို စလျှောက်ဖို့ ကျွန်မ ကြိုးစားခဲ့တာ လျှောက်နည်း `အနံ့´ ရခဲ့လို့ ဖြစ်ပါတယ်။ ရန်ကုန် တက္ကသိုလ်မှာ သရုပ်ပြ လုပ်နေဆဲမှာ ဆရာ(၂)ယောက် ဒီနည်းအတိုင်း ထွက်သွားတာ တွေ့ရပါတယ်။ သိပ်လည်း မရင်းနှီး၊ တယောက်ကတော့ မအောင်မြင်သေးတော့ မပြောဘဲ ရတော့ ဗြန်းခနဲ ထွက်သွားတော့ စကားအေးအေး ဆေးဆေး မပြောဖြစ်ခဲ့ပါဘူး။ အဲဒီ အနံ့နဲ့ ကျွန်မ သံရုံးကို သွားမေးပါတယ်။ မရှိပါ ဆိုတာနဲ့ ပြန်လှည့်ခဲ့ရပြီး ပါမောက္ခသို့ နာမည်တပ်ပြီး တိုကျိုတက္ကသိုလ်ကို စာရေးတာ အဆင်မပြေပါ။

အဲဒီလို အီလည်လည်ဖြစ်တုန်း ဌာနက ဆရာတယောက်က ဂျာမဏီကို ပညာတော်သင် တနှစ်သွားဖို့ သေချာတဲ့ အချိန် စကားစပ်မိတော့မှ သူက ဂျပန် Monbusho scholarship ကို ဘယ်သူ၊ ဘယ်လို လျှောက်ရမယ် ဆိုတဲ့ စာအုပ်ကို ငှားပါတယ်။ လျှောက်လို့ရတဲ့ တက္ကသိုလ် လိပ်စာပါ ပါဝင်ပါတယ်။ အဲဒီစာအုပ်ကို လွယ်လွယ်ကူကူ ရခဲ့တာ မဟုတ်ကြောင်း၊ ဒီလိုပဲ ယောင်လည်လည် Information ရှာနေချိန်မှာ ဆရာကြီးတယောက်က သိပ်စိတ်မရှည်ဘဲ ဂျပန် ပညာရေးဝန်ကြီး နာမည်နဲ့ စာရေးပြီ Information တောင်းပါလားလို့ အချဉ်ပေါက်ပြီး အကြံပေးတာ ရခဲ့ပါတယ်တဲ့။ သူလဲ စိတ်ကူးပေါက်ပြီး အရှုံးမရှိနိုင် တွက်ပြီး Minister လို့ ခေါင်းစဉ်တပ်ပြီး စာရေးတော့မှ တလအကြာမှာ အဲဒီစာအုပ် ရခဲ့တယ်လို့ ဆိုပါတယ်။ သူကတော့ လူတော်တော်များများက အလကားရတဲ့ Information ကို တန်ဖိုး မထားတတ်လို့ လူတိုင်းကို မပေးဘဲ ကျွန်မကတော့ တကယ်လုပ်မဲ့လူ ဖြစ်လို့ ပေးပါတယ်လို့ ဆိုပါတယ်။

ကျွန်မ ဂျပန်ရောက်ပြီး (၂)နှစ်အကြာ ရန်ကုန် ပြန်လာလည်တော့ ကျွန်မ လုပ်ခဲ့တဲ့ ဌာနက သူငယ်ချင်းရော၊ မသိတသိ လူတွေ ၀င်လိုက်ထွက်လိုက် ရှုပ်ရှက်ခပ်ပြီး ကျွန်မကို ဒီလိုနည်းနဲ့ သူတို့ကို ခေါ်ပေးပါ ဆိုတာပါ ပြောကြတာပါ။ ကျွန်မက ပါမောက္ခနာမည်၊ လိပ်စာ အားလုံးပေးပါမယ်။ ကိုယ့်ဘာသာကိုယ် မိတ်ဆက်စာရေးပါ၊ ရေးလျှင် ကျွန်မနာမည် သုံးနိုင်တယ်။ (သုံးရင် စာရတဲ့ ပါမောက္ခက ကျွန်မကို ပြန်မေးပြီး ခေါ်သင့်မသင့် အကြံဉာဏ် တောင်းလေ့ရှိပါတယ်) မေးရင် ကျွန်မဘာသာ အဆင်ပြေအောင် ပြောပေးပါမယ် ဆိုတာ မကြိုးစားချင်ကြပါ။ ငှက်ပျောသီး အခွံနွှာသလို ကျွန်ကပဲ ပါမောက္ခကို ပြော၊ လျှောက်လွှာယူ၊ ဖြည့်၊ Proposal ကိုပါရေး၊ ပြန်တင်ပေးရမယ် ဆိုပါတယ်။ Monbusho scholarship အဲဒီလောက် လွယ်ရင် ကျွန်မရဲ့ တမျိုးတဆွေလုံး ဂျပန်ကို အဲဒီနည်းနဲ့ပဲ ခေါ်လိုက်ပါတော့မယ် လို့ပဲ ပြန်ဖြေခဲ့ပါတယ်။ တချို့က ငွေမပေး၊ မကုန်ရရင် အဆင်မပြေဘူး လို့ စွဲနေတတ်ပါတယ်။

အဲ…၊ လမ်းမှန် စာအုပ်ရပြီးတော့ ကျွန်မ ပညာအရည်အချင်း၊ လိပ်စာဘာညာရေးတဲ့ Curriculum Vitae or Resume ကို ဓာတ်ပုံကပ်ပြီး ရိုက်ထားပြီး ကော်ပီပွားထားပါတယ်။ ပြီးတော့ Cover Letter လို့ ခေါ်တဲ့ စာလဲ ရိုက်၊ ပါမောက္ခ လိပ်စာကိုသာ ကွက်လပ်ချန်ပြီး ကော်ပီပွားပါတယ်။ စာထဲမှာတော့ ကျွန်မကို ကျောင်းသား အနေနဲ့ လက်ခံနိုင်ပါက လက်ခံပြီး ဂျပန်အစိုးရကို တက္ကသိုလ်ကတဆင့် တင်ပေးနိုင်သော ပါမောက္ခကို ရှာဖွေနေကြောင်း ကူညီပါရန် ရေးထားပါတယ်။

ပါမောက္ခ နာမည်တွေ မသိလို့ ပါမောက္ခဆိုပြီး လိပ်စာတပ်ပြီး ပထမအသုတ် ၁၀ စောင် ပို့လိုက်ပါတယ်။ အောင်လက်မှတ် မိတ္တူများ တောင်းပြီးမှ သံရုံးသွားခိုင်းပြီး မရလို့ အဆင်မပြေတာတွေလဲ ရှိပါတယ်။ နှစ်လခန့် အဆင်မပြေသေးဘဲ ၁၅ ပြားတန် တံဆိပ်ခေါင်း တွင်တွင်သုံးပြီးပို့တာ အဲဒီအချိန်မှာတော့ နည်းနည်း တိုးတက်လာပါတယ်။ သူက လက်မခံနိုင်လို့ ဘယ်သူဘယ်ဝါဆီ မေးပါ ဆိုတာမျိုး သုံးလေးစောင်ကြီးများတောင် ရပါတယ်။ တခု ပြောချင်တာက ကျွန်မရဲ့ နောက်တော်ကြီးများကတော့ သူတို့မှာ ဆရာကောင်း အမေရိကန်ပြန် PhD ဆရာများက စာရေးပေးကြလို့ အတော် Impression တာ ရှိပါတယ်။ အင်္ဂလိပ်စာ အရေးအသားက အစ အပြစ်ဆိုစရာ မရှိလို့ သိရပါတယ်။

ကျွန်မကတော့ ကံဆိုးပါတယ်။ ကျွန်မတက္ကသိုလ်မှာ MSc လုပ်ဆဲ ဖြစ်ပြီး ဆရာက အင်္ဂလန်ပြန်ပေမဲ့ စာကူရေးပေးဖို့ မပြောနဲ့၊ ကျွန်မရဲ့ Thesis ကို တလုံးမှ မဖတ်အားဘဲ ကျွန်မကိုယ်တိုင်ရေးသော ကျမ်းကို ဒီအတိုင်း ရိုက်တင်ပေးရတဲ့ အဖြစ်မျိုး ဖြစ်ပါတယ်။ ဆိုလိုရင်းက ကျွန်မ အင်္ဂလိပ်စာ အရည်အချင်းက သိပ်မကောင်းပါ။ သူမသာ ကိုယ်မသာ Level ပဲ ရှိပြီး ဇွဲနဲ့ စိတ်ရှည်ဖို့ ပြောတာ ဖြစ်ပါတယ်။

အဲဒီလို မအီမမသာအချိန်မှာ တိုကျိုက ဆရာတယောက် စာပြန်တာက အားရှိပါတယ်။ သူ့အနေနဲ့ မနှစ်က ဂါနာ နိုင်ငံသားတယောက်ကို လက်ခံထားလို့ အဲဒီလို ကျောင်းသား ကျောင်းမပြီးမချင်း နောက်တယောက်ကို လက်မခံနိုင်ပါ လို့ ဆိုပါတယ်။ သူလဲ တခြားဆရာတွေ မေးပေးပါမယ်၊ ကျွန်မလဲ ဆက်ရှာပါ ဆိုပါတယ်။ အဲဒါနဲ့ အားတက်ပြီး Tsukusa တက္ကသိုလ်ကို ဌာနမှာ ပြန်လာတဲ့ ဆရာတယောက်ဆီက ကြားဖူးနားဝ ရှိလို့ အဲဒီလိပ်စာနဲ့ (နာမည်မသိ) ပါမောက္ခ ဆိုပြီး စာရေးပါတယ်။ စာထဲမှာ တိုကျိုက အဲဒီဆရာက လက်ခံချင်ပေမဲ့ အခြေအနေမပေးလို့ ဆက်လက် ရှာဖွေဆဲဖြစ်ကြောင်း ရေးလိုက်ပါတယ်။

အဲဒီအချိန်မှာ ၀မ်းသာရပါတယ်။ ပါမောက္ခက လက်ခံတင်ပေးမယ့် အကြောင်း၊ April Form ထွက်ရင် ပို့ပေးပြီး ပြန်တင်ပေးပါ ဆိုတာပါပဲ။ အဲဒီအချိန်က October လလောက် ဖြစ်ပါတယ်။ နောက် နှစ်ပတ်လောက်ကြာမှ တိုကျိုက ဆရာက စာပြန်တော့မှာ ဇာတ်ရည်လည်ပါတယ်။ ကျွန်မကို လက်ခံတဲ့ ဆရာဟာ သူနဲ့ တိုကျိုမှာ BSc က စပြီး PhD အထိ တတန်းတည်း ရင်းနှီးသော သူငယ်ချင်းဖြစ်ကြောင်း၊ သူ့ထက်ပိုပြီး သဘောကောင်းတဲ့လူ ဖြစ်တဲ့အတွက် ကျွန်မ အင်မတန် ကံကောင်းတဲ့အတွက် ၀မ်းသာကြောင်း ရေးပါတယ်။

ဂျပန်ရောက်မှ သိရတာက ဂျပန် ပါမောက္ခများ ရင်းနှီးပါက တယောက်နာမည် ကြားကတည်းက ကူညီဖို့ အဆင်သင့် ဖြစ်ကြောင်း၊ ကျွန်မက မလိမ်မညာ အမှန်အတိုင်းရေးလို့ လက်ခံဖြစ်ကြတာ ဖြစ်ကြောင်း သိရပါတယ်။ အဲဒီ တိုကျိုက ဆရာကိုလဲ ကျွန်မ ဂျပန်ရောက်ပြီး တရက်အလည် သွားတွေ့ နှုတ်ဆက်ပြီး အမှတ်တရ လက်ဆောင်ပေးခဲ့ပါတယ်။ သူပြောသလိုပဲ ကျွန်မရဲ့ ပါမောက္ခဟာ အင်မတန် စိတ်ရင်းကောင်းရှာတာ၊ ကျွန်မဘ၀ရဲ့ ဒုတိယ အဖေလို့ ဆိုရမလောက် ကောင်းခဲ့တာ တွေ့ရပါတယ်။

ရှည်နေပြီ ဖြစ်လို့ လျှောက်လွှာတင်တဲ့ အချိန်နဲ့ အောင်မြင်ရင် ဆက်လုပ်ရတဲ့ အကြောင်း ရေးပြပါမယ်။ လျှောက်လွှာဟာ April လဆန်းမှာ ထွက်ပြီး ကျွန်ဆီပို့တာ တပတ်ကြာပါတယ်။ ကျွန်မက ဖြည့်ရေးပြီး ၁-၂ရက်အတွင်း ပြန်ပို့တော့ April တတိယပတ်မှာ ပြန်ရောက်ပြီး လကုန်မှာ ကျောင်းက လျှောက်လွှာပိတ်ပါတယ်။ အဲဒီအချိန်က ကျွန်မလခဟာ ၁၃၀၀ ကျပ် ဖြစ်ပြီး အပြင်ကုမ္ပဏီက Fax ရိုက်ရင် (IDD Fax) က တမျက်နှာကို ၁၀၀၀ ကျပ် ပေးရတာမို့ ၁၄-၁၅ မျက်နှာ Form ကို မရိုက်နိုင်ပါ။ စာတိုက်ကပဲ ပို့ရပါတယ်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းင ကျွန်မကိုတော့ ကံကောင်းပေးပုံ ရပါတယ်။ လျှောက်လွှာမှာ အောက်တိုဘာ လာမလား၊ နောင်နှစ် ဧပြီလ လာမလား ရွေးရပါတယ်။ တခါတခါ အောက်တိုဘာမှာ အခွင့်ရှိပြီး ဧပြီတင်မိလို့ ကျရှုံးတာလဲ ရှိပါတယ်။ ကျွန်မကတော့ မြန်မြန်ရောက် ပြီးရောဆိုပြီး အောက်တိုဘာ အရောက်လာဖို့ ရွေးချယ်ပါတယ်။

မေလလောက်မှာ ကျွန်မ ပါမောက္ခက ကျောင်းကရွေးတဲ့ လေးယောက်ထဲမှာ ပါပြီး Monbusho ကို ဆက်တင်ထားတယ် ဆိုပါတယ်။ သြဂုတ်လဆန်းမှာမှ အဆင်ပြေပြီဆိုတာ ပါမောက္ခက စာရေးပါတယ်။ ပြီးတော့ တက္ကသိုလ်က လိုအပ်တဲ့ Form, Information များနဲ့ Air ticket အတွက် မှာဖို့ form ရရင် ဂျပန်ကို ရောက်မဲ့ အချိန်နဲ့ သူတို့ လာကြိုမဲ့ အချိန်အတွက် အကြောင်းကြားဖို့ အားလုံး တထပ်ကြီး ရပါတယ်။ တချို့ကျောင်းက သူတို့ ကြိုနိုင်မဲ့ ရက်ပြောပြီး အဲဒီရက် အရောက် သွားရတာ ဖြစ်ပါတယ်။

ဒီတော့ ပါမောက္ခ ရှာရာမှာ တချို့က ထိုင်းက AIT မှာ တက်တဲ့ အမျိုး၊ သူငယ်ချင်းက ပါမောက္ခရှာပေးလို့၊ တချို့က ယောက်ျားက AIT တက်ရင်း မိန်းမအတွက် ပါမောက္ခ တွေ့လို့ ပြောပေးတာမျိုး၊ တချို့က အလုပ်လုပ်ရင်း ဂျပန်ပါမောက္ခနဲ့ တွေ့လို့ တင်ဖြစ်တာ၊ စင်္ကာပူမှာ အလုပ်လုပ်ရင်း အလုပ်မှာ ပါမောက္ခတယောက်နဲ့ သိပြီး တခြားတယောက် မိတ်ဆက်ပေးတာ အမျိုးမျိုး ရှိကြပါတယ်။ ကျွန်မကတော့ ဘယ်သူက ဘာမှ လုပ်ပေးတာမဟုတ်ဘဲ မြန်မာပြည်က ထိုင်ပြီး ၁၅ ပြားတန် တံဆိပ်ခေါင်းနဲ့ အလုပ်ဖြစ်တယ် ဆိုတာ ပြောပြတာပါ။ ကြွားတာ မဟုတ်ပါဘူး။

အဲဒီခေတ်က စင်္ကာပူကို ထွက်ပြီး အလုပ်ရှာရင် အဆင်ပြေကြတဲ့ ခေတ်ဖြစ်ပါတယ်။ ကျွန်မမှာ စင်္ကာပူကို ထွက်ဖို့ လေယာဉ်စားရိတ် ဒေါ်လာ ၃၅၀ လောက်တောင် မတတ်နိုင်လို့ ဂျပန်ကို အလကားနည်းနဲ့ သွားရမဲ့ အလုပ်ကို ကြိုးစားတာပါ ပြောရင် လူတွေ ဘယ်လိုထင်မလဲ မပြောတတ်ပါ။ ဂျပန်သွားဖို့ ဘယ်လောက်ကုန်သလဲ မေးရင် ၁၅ ပြားတန် တံဆိပ်ခေါင်းတွေပဲ ကုန်တယ် ပြောရပါလိမ့်မယ်။ ဆိုလိုတာက ငွေမရှိလဲ ကြိုးစားရင် ရနိုင်တာကို ပြောတာ ဖြစ်ပါတယ်။

နောက်ဆုံး တခုကတော့ ဂျပန်သံရုံးမှာ ဗီဇာ လျှောက်စဉ်က အခက်အခဲပဲ ဖြစ်ပါတယ်။ ကျွန်မ ကြားဖူးသမျှ အားလုံး အဆင်ပြေစွာ ရရှိသွားကြပေမဲ့ ကျွန်မ အလှည့်ကျမှ ဒုက္ခရောက်ပုံ ဖြစ်ပါတယ်။ ဗီဇာ လျှောက်ဖို့သွားတော့ ကျွန်မကို လက်ခံတဲ့ကျောင်းက Official Letter တစောင်ပဲ ဗီဇာအတွက် ပေးပါတယ်။ အဲဒါပြတော့ မြန်မာဝန်ထမ်းက ခဏစောင့်ပါ ပြော၊ အတွင်းခန်းထဲ ၀င်သွားပြီး ဂျပန် ၀န်ထမ်းတဦး ထွက်လာပါတယ်။ (တတိယ ကောင်စစ်ဝန် ဆိုတာ နောက်မှ သိရပါတယ်) ဒီစာ ဘယ်ကရသလဲ မေးပါတယ်။ ကျွန်မဖြေတာကို နားထောင်ပြီး မယုံသင်္ကာနဲ့ ဒီစာရွက်နဲ့ မလုံလောက်ကြောင်း၊ ဂျပန် လူဝင်မှု ကြီးကြပ်ရေးက Student ဆိုပြီး ထုတ်ပေးတဲ့ ဓာတ်ပုံပါတဲ့ ကဒ်ပြားလိုကြောင်း နမူနာ တခု ယူလာပြပါတယ်။ ကျွန်မကလဲ Monbusho scholarship ဖြစ်လို့ မလိုတဲ့ အကြောင်း Instruction ထဲမှာ ပါကြောင်း၊ အဲဒါ မလိုပါ ပြောတာ ခါးခါးသီးသီး ငြင်းပြီး လျှောက်လွှာတောင် ထုတ်မပေးဘဲ ပြန်ခိုင်းပါတယ်။ အဲဒီနေ့က တကယ်ပဲ သိန်းထီပေါက်ပြီး လက်မှတ်မပျောက်ဘဲ သူများ သိမ်းတာမျိုး ခံစားရပါတယ်။

အဲဒါနဲ့ ကျွန်မ IDD Fax နဲ့ ကျောင်းရော၊ ပါမောက္ခဆီကို အကျိုးအကြောင်းရေး၊ အကူအညီတောင်းရပါတယ်။ ပြီးတော့ ရှေ့က နောင်တော်တယောက်ရဲ့ အမျိုးသမီးဆီ ဖုန်းဆက်ပြီး ဂျပန်က နောင်တော် ဖုန်းနံပါတ်တောင်းပြီး ဖုန်းဆက် မေးရပါတယ်။ သူ့တုန်းက အဲဒီလို ပြဿနာမဖြစ်တော့ မသိပေမဲ့ အကြံပေးတာကတော့ ဂျပန် သံရုံးမှာ Cultural Section ဆိုတာရှိပြီး Monbusho scholarship ရသူ စာရင်းက သူတို့ကတဆင့် Visa Section ကို ပို့တာမို့ အဲဒီ Cultural Section ကို ဖုန်းနဲ့ မေးကြည့်ဖို့ပဲ ဖြစ်ပါတယ်။ နောက်တရက်မှာ Cultural Section ကို ဖုန်းဆက်မေးတော့ နာမည်စာရင်းကို Visa ဌာနကို ပို့ပြီး ဖြစ်ပြီး၊ နောက်တခေါက်လာရင် အဲဒီဌာနက လူကြီး လိုက်ပြောပေးပါ့မယ် ဆိုတာ သိရပါတယ်။ တပြိုင်နက်မှာပဲ ကျွန်မတက္ကသိုလ်က Fax နဲ့ အကြောင်းပြန်စာမှာ Immigration ကဒ်ပြား ဆိုတာ မလိုတဲ့ အကြောင်းနဲ့ နောက်တကြိမ် ထပ်သွားကြည့်ပြီး အဆင်မပြေရင် ချက်ချင်း သူတို့ဆီ အကြောင်းကြားဖို့ ဖြစ်ပါတယ်။

နောက်တရက်မှာ Culture Section ကိုသွား၊ လူကြီးနဲ့တွေ့တော့ အဲဒီလူက Visa ခန်း လိုက်ပို့ပြီး ကျွန်မကို တိုင်နဲ့ ကွယ်ထားခိုင်းပါတယ်။ အဲဒီ ဂျပန် ထွက်လာပြီး စာရင်းသွားပြန်ကြည့်ပြီး အိုကေ ဆိုပြီး လူဘယ်မှာလဲ မေးမှ ကျွန်မတိုင်ကွယ်က ထွက်တော့ အဲဒီဂျပန်က စိတ်ဆိုးပါတယ်။ ဘယ့်နှယ်၊ သူပဲမှားသေး၊ သူကပဲ စိတ်ဆိုးသေး၊ ဒါနဲ့ ကျွန်မလဲ မှန်လို့ ပြန်လာတာ ပြောတော့ မကျေမနပ်နဲ့ လျှောက်လွှာထုတ်ပေးပါတယ်။ ဖြည့်တင်တော့ တပတ်ချိန်းပါတယ်။

ချိန်းတဲ့ရက် သွားတော့ အဲဒီဂျပန်ပဲ Visa ကို Passport ပေါ် မထုသေးဘဲ လက်ခံတဲ့ ပါမောက္ခကို ဘယ်လို သိသလဲ၊ ဘယ်က လျှောက်လွှာရသလဲ ထပ်မေးပါတယ်။ အပ်ကြောင်းထပ်အောင် ဖြေတာလဲ ကျေနပ်ပုံ မရတော့ ကျွန်မစိတ်တိုပြီး `မင်းက ငါ့ကို ဂျပန်မှာ ပညာတောင်သင်ရလောက်အောင် အဆင့်မမီတဲ့ လူထင်လို့လား၊ မယုံရင် ငါ့ပါမောက္ခ ဖုန်းရှိတယ်၊ မေးပါ´ ပြောမှပဲ Visa ထုပေးပါတော့တယ်။

ဒါတွေ အားလုံးကတော့ ကျွန်မ Monbusho scholarship ရခဲ့ပုံနဲ့ အခက်အခဲတွေ ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ရင်းကတော့ ကြိုးစားရင် ဘာမဆို ဖြစ်နိုင်ပါတယ်။ သူများကူမှ၊ သူများလုပ်ပေးမှ၊ ငွေကုန်ခံမှ အောင်မြင်တာ မဟုတ်ပါဘူး ဆိုတာပါပဲ။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း တခုထဲက စကား (စစ်သူကြီး နပိုလီယံ စကားလို့လဲ ဆိုပါတယ်) တခွန်းရှိပါတယ်။ `လောကမှာ မဖြစ်နိုင်ဘူး ဆိုတာမရှိ၊ မဖြစ်သေးတာဘဲ ရှိပါတယ်´ ဆိုတဲ့ ကျွန်မ ကြိုက်တဲ့ စကားပါပဲ။ နောင်လာနောင်သားများ အောင်မြင်အောင် ကြိုးစားနိုင်ကြပါစေ ဆုတောင်းရင်း ဒီမျှနဲ့ နိဂုံးချုပ်ပါရစေ။

မရှင်းတာရှိရင် mmyomyint@yahoo.com ကို အီးမေးလ် ပို့ပြီး မေးမြန်းနိုင်ပါတယ်။


မာလာ

============================================================================

Anonymous said...

မမာလာ ကျေးဇူးပါပဲ ကျနော်လဲ ဖြည့်စွက်ပြောချင်ပါသေးတယ်။ မမာလာ ပြောတဲ့ လောက မှာ မဖြစ်နိုင်တာ မရှိပါဘူး မလုပ်သေးလို့မဖြစ်သေးတာပဲ ရှိတာပါ ဆိုတဲ့ စကားကို ကျနော်လဲ လက်ခံကျင့်သုံးသူ တယောက်ပါ။

ကျနော်ဆိုလဲ ကျောင်းပီးထဲက ဂျပန်မှာပဲ ပညာသင်ဖို့ တစိုက်မတ်မတ် လျှောက်ခဲ့တာပါ။ ကျနော်ကျောင်းပီးတော့ ယိုးဒယားနိုင်ငံ AIT ကိုလျှောက်ပါတယ် scholar က အပြည့်မရတော့ ကျနော်က ဆက်မတက်ခဲ့ပါဘူး။နောက်တကြောင်းကလဲ ကျနော်က ဂျပန်မှာမှ ပညာဆက်သင်ချင်နေသူပါ။ နောက်တနှစ်မှာ ကျနော့်ကျောင်းက ဆရာတွေက ကျနော့်ကို ကျနော်တက်မဲ့ ဘာသာရပ်မှာ စကောလာအပြည့်ရသူ က မတက်လို့ ကျနော့်ကို ခေါ်ပါတယ်။ ကျနော်က ခေါင်းမာစွာ ဆက်ပီးမတက်တော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါက ယိုးဒယား မှာ ပညာသင်တဲ့ကိစ္စပါ။
နောက်တခါ ကျနော် ဆက်ကြိုးစားတာက ADB စကော်လာနဲ့ YOKOHAMA UNIVERSITY မှာတက်ဖို့ ကြိုးစားပါတယ်။ စကာတင် အရွေးခံရပါတယ်။ အဲဒီမှာ တခုပြောပြချင်တာက အထက်မှာ မမာလာပြောပြထားသလိုပါပဲ ။ ထောက်ခံပေးတဲ့ သူရှိရင် ဂျပန် ပရောဖက်ဆာတွေက အင်မတန် ယုံကြည်ကြပါတယ်။ အဲဒီအချိန်က ကျနော်လဲ ၀န်ထမ်းတဦးပါ။ ဒါပေမဲ့ အထက်က ကျနော့်ကို လျှောက်ခွင့်မပေးပါဘူး။ သူတို့သတ်မှတ်ထားတဲ့ လုပ်သက်မပြည့်လို့ပေါ့။ ဒါပေမဲ့ ကျနော်ကလဲ မဖြစ်မနေဇွတ်လုပ်တတ်လွန်းတော့ ကိုယ့်ဘာသာ အပြင်ကလျှောက်ခဲ့တာပါ။ ကျနော်တို့ကို အံဒီတက္ကသိုလ်က ဆရာတွေ ကိုယ်တိုင်လာပီး အင်တာဗျူးပါတယ်။ ကျနော် တို့အရွေးခံရသူ ၄ယောက်လုံးမှာ အရည်အချင်းတွေ ကိုယ်စီရှိလို့ သူတို့အကျပ်ရိုက်သွား ကြပါတယ်။ ဒါနဲ့ အမှတ်နဲ့ ဆုံးဖြတ်လိုက်တော့ ကျနော် က ၂မှတ်နဲ့ ပြုတ်သွားခဲ့ပါတယ်။ ဒါပေမဲ့ အခု သူတို့တွေ အရင်လူတွေကို ပြန်ခေါ်လို့ အရင်တုန်းက ကျန်ခဲ့သူတွေအကုန် အခု အဲဒီတက္ကသိုလ်မှာပါ။ နောက်တခါ ကျနော်က ဂျပန်တွေနဲ့ တွဲလုပ်ရင်းနဲ့ ကျောင်းထပ်ရှာတော့ ကျနော် Tokyo University ကိုလှမ်းပီးလျှောက်ပါတယ်။ သူတို့တွေကလဲ လက်ခံပါတယ်။ အဓိက က ကိုယ်ရေးလိုက်တဲ့ Proposal ကို လဲ ကြည့်သလို ဂျပန်တယောက်ယောက်ရဲ့ recommandation ကိုလဲ ကြည့်ပါတယ်။ အဲဒီအချိန်မှာ ကျနော့်အခက်အခဲက စကော်လာ ဘယ်လိုရှာရမယ်မှန်း မသိတာပါ။ အမှန်ဆိုရင် ကျောင်းလက်ခံပီ ဆိုကတည်းက ကျနော် ဒီကို အရဲစွန့်ပီး လာရမှာပါ။ ပီးမှ စကော်လာပြန်လျှောက်လို့ရပါတယ်။ ဂျပန်မှာ အမျိုးအမည် မသိတဲ့ စကော်လာတွေ အများကြီးရှိပါတယ် ဆိုတဲ့ အကြောင်း အားလုံးကို ဒီကနေ သတင်းကောင်းတခု ပါးလိုက်ပါရစေ။ အောက်မှာ စကော်လာ လင့်င်္ခများကို ဖြည့်ပေးလိုက်ပါ့မယ်။ အကောင်းဆုံးနဲ့ အများဆုံး စကော်လာကတော့ munbusho စကော်လာပါပဲ။ အဲဒီစကော်လာကိုလဲ အခု မြန်မာပြည်က အချို့ကုပ္မဏီတွေက လဲ ရယူနေကြပါပီ။ ပြောချင်တာက ၀န်ထမ်းမဟုတ်လဲ ရနေပါပီ။ နောက် အခြားသော စကော်လာဖြစ်တဲ့ အာရှနိုင်ငံ စကော်လာတွေလဲ လျှောက်လို့ရနေပါပီ။ ကျနော့်သူငယ်ချင်းတယောက်က အဲဒီစကော်လာရတာပါ။
ဂျပန်နိုင်င့မှာ တချို့တွေက ဆရာလက်ခံလို့လာပီး ကျောင်းတက်ခွင့်ရပီးမှ စကော်လာရှာလို့လဲရပါတယ်။ တချို့ မြန်မာတွေ အပါအ၀င် နိုင်ငံခြားသားတွေပါ ဒီလိုပဲ ရှာကြပါတယ်။ ADB စကော်လာက Master ပီးတဲ့ အထိပဲပေးလို့ တခါ PhD အတွက် Monbusho စကော်လာကို လျှောက်ထားနိုင်ပါတယ်။ အသက်ကတော့ ၃၅ နှစ်မကျော်ရပါဘူး။ တချို့က ဒီရောက်မှ monbusho စကော်လာ လျှောက်သူတွေက master ပီးတဲ့အထိပဲ ထောက်ပံ့ကြေးရပါတယ်။ Phd အတွက် တခြားစကော်လာတွေ ဆရာ့အကူအညီနဲ့ ထပ်ရှာနိုင်ပါတယ်။ ဒါ့အပြင် ဆရာက ထပ်ဆောင်း ကူညီပေးနိုင်တာက စာသင်ခန်း အကူ ဆိုပီး တလကို လစာ အနဲဆုံး ယန်း၄၀၀၀၀ နဲ့လ်ဲခန့်ပေးထားတဲ့ သူငယ်ချင်းတွေ ရှိပါသေးတယ်။ ကိုယ့်နိုင်ငံကနေရ်တဲ့
monbusho သမားတွေက တော့ master အပြင် Phd အထိ ဆက်တက်နိုင်ပါတယ်။
မမာလာ.. တချို့ကျောင်းမှာ ဘာမှ supporting မရှိပါဘူး အမရေ။ တချို့က ကိုယ့် ကွန်ပျူတာကိုယ်ဝယ်ရပါတယ်။ ဘယ်ကိုသွားသွား ကိုယ့်စားရိတ်နဲ့ ကိုယ်ပါ။ ဆိုလိုချင်တာက ကျောင်းအတူတူထဲမှာ မှ ကွဲပါသေးတယ်။ အခု ကျနော်တက်နေတာ Kyoto University မှာပါ။ ကျနော့်တို့ ကျောင်းမှာမှ ကျနော်ရတဲ့ အခွင့်အရေးတွေမျိုး ကျနော့် သူငယ်ချင်းနိုင်ငံခြားသားတွေ အပါအ၀င် မရကြပါဘူး။
ကျနော်ဆို ကျောင်းစားရိတ်နဲ့ နေရာအတော်များများ သွား နေဆဲုဖြစ်သလို ကွန်ပျူတာ အပါအ၀င် အားလုံး ပံ့ပိုးမှုရပါတယ်။ တချို့ ကျနော့်သူငယ်ချင်းတွေ ဒီကျောင်းပဲ ကွန်ပျူတာ ကိုယ့်ဘာသာ ၀ယ်ရတာပါ။
ကျနော့်ရဲ့ တခြားသော တခြားမြို့က သူငယ်ချင်းတွေ ဆိုလဲ တချု့တွေ ကိုယ့်ဘာသာ ကိုယ် ၀ယ်ရတာပါ။ ကျနော် ပြောချင်ပါသေးတယ် စာကလဲ အတော်ရှည်နေပီ။ ကျနော့်သူငယ်ချင်း က ပြောဘူးပါတယ်။ ကျောင်းတက်မယ် တကယ် ပညာကို လိုလားတယ်ဆိုရင် မြို့ကြီးတွေက ကျောင်းကို ရွေးဖို့ သူ့ကိုယ်တွေ့ နဲ့ ယှဉ်ပီး ပြောဘူးပါတယ်။ သူ တက်ခဲ့တဲ့ ကျောင်းက ဂျပန်တော့ ဂျပန်ပါပဲ ဒါပေမဲ့ ဘာမှ မပံ့ပိုးနိုင်သလို အဘက်ဘက် က လိုအပ်နေတဲ့ ကျောင်းတကျောင်းဖြစ်လို့ပါပဲ။ ဒိတော့ ကိုယ်တက်ချင်တဲ့ ကျောင်းရဲ့ အကြောင်းကိုပါ သေချာ အသေးစိတ်ဖတ်ရှုလေ့လာ သင့်တယ်လို့ ထင်ပါတယ်။ ကျနော်ကတော့ စကတည်းက အကောင်းဆုံး ကျောင်းတွေကိုပဲ ရွေးပီး လျှောက်ခဲ့တာပါ။ ကံကောင်းတယ်လို့ ပြောလဲရပါတယ်။
ထပ်ပြောချင် သေးတာက ဂျပန်မှာ ဆရာနဲ့ အဆင်ပြေရင် အားလုံး အဆင်ပြေပါတယ် ဆိုတာပါပဲ။
နိုင်ငံကနေ ရလာတဲ့ Monbusho စကော်လာသမားတွေ ဆရာနဲ့ အဆင်မပြေလို့ စာမေးပွဲကျ ပီး ပြန်သွားရတာ အခု ဒီနှစ်ထဲမှာ ကျနော် ကြား နေတာ ၂ ယောက်ရှိပါပီ။ နောက်တခု
အခု ဂျပန် အစိုးရက စကော်လာတွေကို လျော့ချနေပါတယ်။ အခု ကျနော်တို့ရတာ ယန်း ၁၆၀၀၀ ဖြစ်သွားပါပီ။ ကျနော်တို့ လာတုန်းက allowance ၂၅၀၀၀ ယန်း ရပါတယ်။ နေမဲ့ နေရာရောက်တဲ့ အထိ အခမဲ့ ပို့ပေးပါတယ်။ ဒီနှစ်ရောက်လာတဲ့ သူတွေကို allowance မပေးတော့ပါဘူး။ ကိုယ်နေမဲ့ နေရာ ရောက်တဲ့အထိ စရိတ် ကိုယ့်ဘာသာ ကိုယ်ရှင်းနေရပါပီ။ ကျနော့် သူငယ်ချင်း နိုင်ငံခြားသား ပြောပြတာပါ။
ဒါကြောင့်တချို့ကလဲ မြို့ကြီးကို ကျောင်းတက်ဖို့ မရွေးကြပါဘူး။ မြို့သေးရင် အကုန်အကျ ပိုနည်းလို့ပါ။
ပညာသင် လျှောက်ချင်သူတွေ ချင့်ချိန်နိုင်အောင်လို့ပါ။
ကိုယ်ဘာကို လိုအပ်သလဲ ဆိုတာ ချင့်ချိန်ပီး လျှောက်နိုင်ကြပါစေ။
့ပီးတော့ Monbusho သမားတွေ ကို ငွေတွင်မက လူဦးရေပါ လျော့ချနေပါပီ။ ဒါပေမဲ့ ကျောင်းအဆင်ပြေရင် စကော်လာတွေ အများကြီးရှိပါတယ် ဆိုတာ ပြောပါရစေ။ သာမန်အားဖြင့်တော့ Monbusho သမားတွေကို Private ကျောင်းတွေက သိပ်လက်ခံလေ့မရှိပါဘူး။
ဒါပေမဲ့ အခုနောက်ပိုင်း အတော်များများ လက်ခံ လာတာ တွေ့ရပါပီ။ အောက်မှာ စကော်လာနဲ့ ဆိုင်တဲ့
website တွေ ပေးထားပါတယ်။

http://www.rotary.org/foundation/educational/amb_scho/current/index.html

http://www.jasso.go.jp/study_j/scholarships_e.html

http://www.asiaseed.org/ayfj/

http://www.jasso.go.jp/index_e.html
အခုလို တင်ပြပေးတဲ့ မမာလာနဲ့ကိုစေးထူး
ကျေးဇူးပါ။

လေးစားစွာဖြင့်
4:11 AM
Anonymous Anonymous said...

မှားသွားလို့ပါ စကော်လာ က အခု လက်ရှိ ယန်း ၁၆၀၀၀၀ ပါ။
အိမ်စားရိတ်က အနဲဆုံး ၃၀၀၀၀ ကနေ ၆၀၀၀၀ ရှိပါတယ်။ တယောက်တည်းနေဖို့အတွက်ပါ။ ရှယ်ယာသုံးတဲ့ အခန်းတွေလဲ ရှိပါတယ်။ ဈေးသက်သာပါတယ်။
အိမ်စားရိတ်ကတော့ အနဲဆုံး ၂၀၀၀၀ ကနေ ၃၀၀၀၀ သောင်း ကြားရှိပါတယ်။
ကျောင်းနဲ့ အိမ်နီးရင်တော့ ခရီးစရတ် မကုန်ပါဘူး။

Tuesday, March 18, 2008

Reading for Study (part-1)

ကျောင်းစာဖတ်ခြင်း (အပိုင်း-၁)


ကျွန်မတို့ငယ်ငယ်တုန်းကဆိုရင် ကျောင်းစာကျက်ခြင်းနဲ့ အပြင်စာဖတ်ခြင်းဆိုတဲ့ စကားစုလေးတွေကိုသာ ရင်းနှီးကျွမ်းဝင်ခဲ့ရပါတယ်။ ကျောင်းစာဖတ်ခြင်းဆိုတဲ့ စကားစုလေးနဲ့ မရင်းနှီးခဲ့ရသလို ကြားဖူးခြင်းတောင် မရှိခဲ့ရပါ။ အကြောင်းရင်းကတော့ မြန်မာ့ပညာရေးစနစ်ဟာ ကြက်တူရွေးစာကျက်တဲ့စနစ်ကို ဦးစားပေးထားလို့ပဲဖြစ်ပါတယ်။

ကိုယ်တွေ့

တကယ်တော့ ကျွန်မတို့ငယ်စဉ်ဘ၀ ပညာသင်ယူခဲ့ရပုံဟာ စဉ်းစားတွေးမြော်မြင်မှု၊ ဖောက်ထွက်တွေးတောမှု၊ ပညာဥာဏ်ဗဟုသုတတိုးပွားမှုတွေ ရရှိဖို့ ထက်စာရင် သည်၊၏ မရွေး အလွတ်ကျက်မှတ်မှုတွေ၊ ဆရာ၊ဆရာမတွေရဲ့ ကြိမ်လုံးတွေ၊ အကြောက်တရားတွေနဲ့ ကြုံတွေ့ခဲ့ရတာက ပိုများပါတယ်။ လူကြီးမိဘအများစုကလဲ `စာကျက်စမ်း`လို့သာ ပြောလေ့ရှိကြပြီး၊ စာဖတ်ဖို့အားပေးတိုက်တွန်းတဲ့ မိဘတွေက အလွန်နည်းပါတယ်။ ကျောင်းကမှတ်စုစာအုပ်လေးကိုမှ မကိုင်ထားရင် ကျောင်းစာလုပ်နေတယ်လို့ အထင်မခံရတော့ပဲ စိတ်လေနေတယ်၊ စာမလုပ်ချင်ဘူးလို့သာ သတ်မှတ်ခံရတတ်ပါတယ်။ ကျောင်းစာနဲ့ဆက်စပ်တဲ့ပြင်ပစာအုပ်တွေ ကိုင်ဖို့နေနေသာသာ သင်ရိုးစာအုပ်ထဲက စာကိုဖတ်ပြီး၊ စာမေးပွဲမှာ ပြန်ရေးမိရင်တောင် ဆရာမပေးထားတဲ့မှတ်စုနဲ့ သည်၊၏ လွဲနေတယ်ဆိုပြီး အမှတ်လျှော့ခံရပြန်ပါရော။

ကျွန်မကတော့ အမေပြောဖူးသလို ငယ်ယ်ကတည်းက သူပုန်စိတ်ပါနေလို့ထင်ပါရဲ့။ အမှတ်ဘယ်လောက်လျော့လျော့၊ နောက်ဆုံးအရိုက်ပဲခံရခံရ၊ ဆရာမများနဲ့ ပြဿနာတက်သည်အထိကို ခေါင်းမာစွာနဲ့ပဲ ကျောင်းစာတွေနဲ့ ပတ်သက်မယ်ထင်တဲ့ ပြင်ပစာအုပ်များကို လိုက်လံရှာဖွေဖတ်လေ့ရှိတယ်။ ကျောင်းစာဆိုတာဖတ်ရမယ်လို့ မသိခဲ့ပေမယ့် အမြဲကျက်မှတ်နေရတာကြီးကို မကြိုက်တာကြောင့်ပါ။ သင်ရိုးစာအုပ်တွေကို ကိုင်ကြည့်မိတိုင်း၊ ဒီစာအုပ်တွေရဲ့လာရာလမ်းကို ကျွန်မစိတ်ဝင်စားနေမိတတ်တယ်။ တကယ်တော့ ဒီစာအုပ်တွေ၊ မှတ်စုတွေဟာ စာအုပ်တွေအများကြီးထဲကနေ ပြန်လည်ထုတ်နှုတ်ဖော်ပြထားတာတွေမှန်း သိရလေလေ၊ မူရင်းစာအုပ်တွေကို ကျွန်မစိတ်ဝင်စားလာလေလေပဲ။ သင်ရိုးစာအုပ်တွေကို ကြည့်မိတိုင်း ရုပ်ရှင်ကားတခုလုံးမကြည့်ရပဲ trailer ပဲကြည့်နေရသလိုလို ခံစားခဲ့ရတယ်။

ဒီလိုနဲ့ဆယ်တန်းအောင်ပြီး ဆေးတက္ကသိုလ်ရောက်တော့ တက္ကသိုလ်ရောက်လာတာမို့၊ နှုတ်တိုက်စာကျက်ရတာတွေ လျော့လာပြီး၊ ဖတ်မှတ်လေ့လာရတာတွေ၊ ဆွေးနွေးအဖြေရှာရတာတွေ ပိုများလာမှာပဲ ထင်မိခဲ့တယ်။ အထင်နဲ့အမြင်ပါစင်အောင် လွဲပုံများကတော့ ကျောင်းသူအဆောင်မှာ ခဏလေးသွားနေမိစဉ်ခဏ၊ စာအလွတ်ရွတ်ပွဲကြီးတွေနဲ့ သွားတိုးနေလို့ ညဘက်တွေမှာ နားဒုက္ခအတော်ကို များခဲ့ရပါလေရော။ စာအလွတ်ရွတ်ပွဲတွေတင်မက ဆယ်တန်းအထိ တငြီးငြီးတညူညူနဲ့တက်ခဲ့ရတဲ့ ကျူရှင်ဆိုတာကြီးနဲ့ပါ ဆေးကျောင်းရောက်တဲ့အထိ သွားတိုးခဲ့ရတာကတော့ ကျွန်မရဲ့ ကံဆိုးမှုပဲထင်ပါရဲ့။ တနေ့လုံးကျောင်းမှာ စာသင်ရတာကိုပဲ မမောနိုင်မပန်းနိုင်၊ အချိန်အားလေးတောင် မထားတော့ပဲ အဆောင်ကျောင်းသူတွေစုပြီး၊ ကျူရှင်ခေါ်သင်ကြတာပါ။ တကယ်ဆို ဆေးကျောင်းမှာ ရည်ညွန်းစာအုပ်တွေ စကိုင်ရတာမို့ ကျောင်းမှာသင်ပြီး၊ အဆောင်မှာ ပြန်စာဖတ်ရင် လုံလောက်ပေမယ့် မြန်မာ့ယိုယွင်းပျက်စီး ပညာရေးစနစ်ဆိုးကြီးကြောင့် ကျောင်းသားတွေဟာ စာဖတ်ခြင်းကို စိတ်မ၀င်စားကြတော့ပဲ ကျူရှင်တက်ပြီး ဆရာမထုတ်ပေးတဲ့မှတ်စုကို အလွတ်ပြန်ကျက်ကြတဲ့ အခြေအနေမျိုးကို ရောက်ကုန်ပါတော့တယ်။သူငယ်ချင်းတွေရှိတဲ့ တခြားတက္ကသိုလ်တွေအကြောင်း စုံစမ်းကြည့်တော့၊ သူတို့လဲ ဒီလိုပုံစံမျိုးနဲ့ပဲဘွဲ့ရအောင် လုပ်နေကြတာတွေ ကြားလာရပြန်တယ်။ အမှန်တကယ်ဖတ်မှတ်လေ့လာနေတဲ့ ကျောင်းသားတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် အများစုကတော့ ဘွဲ့ရရင်ပြီးရောတွေပဲ ဖြစ်ကုန်ကြပါတယ်။

ကျောင်းစာဖတ်ခြင်းဆိုတာ လုပ်ကိုလုပ်ရမယ့် အရာတခုလို့ စတင်သိလာခဲ့ရတာကတော့ ပြင်ပစီမံခန့်ခွဲရေးသင်တန်းတခုကို သွားတက်မိတဲ့အချိန်မှာပါ။ ဘာသာရပ်တိုင်းမှာ assignment ဆိုတာတွေ တင်ရပါတယ်။ အက်ဆေးပုံစံများ၊case studies များဖြစ်တာကြောင့် စာကြည့်တိုက်ထဲက စာအုပ်များကိုမှ မဖတ်ကြည့်ရင် ဘယ်လိုမှ အောင်ဖို့မလွယ်ပါဘူး။ သင်ရိုးစာအုပ်နဲ့လုံးဝမလုံလောက်တော့တာ တွေ့ရပါတယ်။ ဒီလိုနဲ့ ကျွန်မလက်ထဲကို အာဂုံဆောင်ကျက်စရာမလိုပ၊ဲ ဖတ်မှတ်လေ့လာရမယ့် စာအုပ်ကြီးတအုပ်စတင်ရောက်လာခဲ့ပါတယ်။ ရော်ဘင်ရေးထားတဲ့ စီမံခန့်ခွဲရေးစာအုပ်ပါ။ ကျွန်မအတော်ကို နှစ်ခြိုက်သွားပါတယ်။ စာမျက်နှာ တထောင်နီးပါးစာအုပ်ကြီးပါ။ ဒါပေမယ့် စိတ်ဝင်စားစရာအတော်ကောင်းတာမို့ လက်ကမချနိုင်အောင်ပါပဲ။ ဖတ်ရတာ စိတ်ဝင်စားတာမို့ ညအိပ်ရင်တောင် ခေါင်းအုံးဘေးမှာထားပြီး အိပ်ဖြစ်တဲ့အထိပါ။ နံနက်မိုးလင်းတာနဲ့ ဆက်ဖတ်ရမယ့် အကြောင်းအရာတွေအတွက် ကျွန်မရင်ခုန်နေမိတယ်။ အဲဒီကနေစပြီး၊ `ကျောင်းစာဖတ်ခြင်း`ရဲ့ ချိုမြိန်သော အရသာဟာ ကျွန်မကို စွဲမက်သွားစေခဲ့ပါတယ်။ ကျောင်းစာဆိုတာကို အလွတ်ကျက်ရမယ်လို့ သင်ကြားလေ့ကျင့်ပေးခဲ့တဲ့ အစဉ်အလာစနစ်ကြီးကို ကျွန်မမုန်းလာမိတယ်။ စာတွေကို အတင်းသွတ်သွင်းကျက်မှတ်ခဲ့ရတဲ့ ကျွန်မရဲ့ ဦးနှောက်လေးကို သနားလာမိတယ်။ ပြင်ပစာပေတွေမှာ ပျော်မွေ့တဲ့ကျွန်မတယောက် ကျောင်းစာတွေမှာလဲ ပျော်မွေ့သွားတာ ကျောင်းစာကြည့်တိုက်တွေကို အိမ်လို သဘောထားလာမိတဲ့အထိပါပဲ။ စာအုပ်တအုပ်ကိုဖတ်ပြီးတာနဲ့ သူကိုးကားထားတဲ့ စာအုပ်စာရင်းကို မိတ္တူဆွဲ၊ ထပ်ရှာဖတ်နဲ့ မပြီးဆုံးနိုင်တဲ့ ခရီးရှည်ကြီးကို လျှောက်ရသလိုပါပဲ။ စာအုပ်တွေနဲ့ ဘ၀နဲ့က တထပ်တည်း ဖြစ်လာပါတယ်။ `ကျောင်းစာဖတ်ခြင်း`ဆိုတာက အဲဒီလောက်အထိကို ဆွဲဆောင်အားကောင်းပါတယ်။

အဲဒီလိုဆွဲဆောင်အားကောင်းတဲ့ ကျောင်းစာဖတ်ခြင်းနဲ့ပတ်သက်ပြီး ဖတ်ရခြင်းအကြောင်းရင်း၊ ရည်ရွယ်ချက်၊ ဖတ်ခြင်းမှ ရရှိသော အကျိုးကျေးဇူး၊ ဖတ်ပုံဖတ်နည်း၊ စာအုပ်ရွေးချယ်ခြင်း၊ ဖတ်နေစဉ်လေ့လာမှတ်သားခြင်းနဲ့ စာဖတ်နှုန်းမြန်ဆန်အောင်လုပ်ခြင်းတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို နောက်ပိုင်းမှာ ဆက်လက်ဖော်ပြသွားပါမယ်။

ခင်မမမျိုး (၁၉၊ ၀၃၊ ၂၀၀၈)

Sunday, March 16, 2008

မြန်မာ့ပညာရေးနဲ့ Civic Education

ဒီတပတ်မှာတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းဦးသန့်ရဲ့ ပြည်ရေးပြည်ရာ Civic Education သင်ရိုးညွှန်းတန်းဆိုင်ရာ ပညာရေး ဆောင်းပါးကို အပြီးသတ် ဆွေးနွေး တင်ပြမှာ ဖြစ်ပါတယ်။ ကျောင်းပညာရေးရဲ့ အထက်တန်းအဆင့်မှာ နိုင်ငံရေး အုပ်ချုပ်ရေးဆိုင်ရာ သိသင့်သိထိုက်တဲ့ ဗဟုသုတတွေ ထည့်သွင်း သင်ကြားပေးသင့်တယ် ဆိုတဲ့ ဦးသန့်ရဲ့ အယူအဆကို ပြီးခဲ့တဲ့အပတ်တွေမှာတုန်းက တင်ပြဆွေးနွေးခဲ့ပါတယ်။

ဦးသန့်က အထက်တန်းအဆင့်ကျောင်းသားတွေဟာ အသက်၁၅နှစ်ကျော်ပြီးဖြစ်တာမို့ ကျောင်းပညာရေးထဲမှာ နိုင်ငံရေးကိုထည့်ပြီး သင်ကြားပေးရတော့မယ်လို့ အကြံပြု ထားပါတယ်။ အဲလိုသင်ကြားပေးရာမှာလည်း ဘုရင်စနစ်၊ ကိုလိုနီစနစ်၊ အရင်းရှင်စနစ်၊ ဆိုရှယ်လစ်စနစ်၊ ဒီမိုကရေစီစနစ်တွေအထိ မျိုးစုံအောင် သင်ပေးရပါမယ်။ ဒါမှပဲ လူငယ်တွေဟာ သူတို့နှစ်သက်ရာ စနစ်တခုကို စဉ်းစားရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အဲသလို ရွေးချယ်ခွင့်လည်းရှိရမယ်လို့ ဆိုပါတယ်။

ဦးသန့်ရဲ့ အယူအဆအရတော့ ဘယ်လိုအုပ်ချုပ်ရေးမျိုးကိုပဲ သင်သင်၊ ကောင်းကျိုးနဲ့ ဆိုးပြစ်တွေကိုတော့ ချိန်ထိုးနှိုင်းယှဉ်ပေးရမှာဖြစ်ပါတယ်။ လုံးဝဥဿုံ ပြီးပြည့်စုံတဲ့ အုပ်ချုပ်ရေးရယ်လို့ မရှိနိုင်သေးပေမဲ့ အကောင်းရှုထောင့် ပိုများတယ်လို့ ဆိုနိုင်ပြီး၊ ကမ္ဘာ့နိုင်ငံအများစုမှာ လက်ခံအသုံးပြုနေတဲ့ ဒီမိုကရေစီစနစ်ကိုတောင်မှပဲ အကျိုးနဲ့ အပြစ် ကို ချိန်ထိုး ပြောပြပေးရမှာ ဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံအနေနဲ့ အင်္ဂလိပ်ကိုလိုနီလက်အောက်မှာသာ ရှိနေသေးတဲ့ ၁၉၄၀ကျော်ကာလဟာ ကမ္ဘာမှာတော့ ဒီမိုကရေစီစနစ် အတန်သင့် ထွန်းကားနေပါပြီ်။ ဒါကြောင့် ဒီမိုကရေစီစနစ်ရဲ့ ကောင်းကျိုး ဆိုးကျိုး၊ အားသာချက် အားနည်းချက် တွေကိုလည်း မြင်တွေ့ သုံးသပ်နိုင်နေကြပြီဖြစ်ပါတယ်။ ဦးသန့်ကတော့ သူ့ရဲ့ ဆောင်းပါးထဲမှာ ဥပမာပေးတဲ့ သင်ခန်းစာအဖြစ် ဒီမိုကရေစီစနစ်ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို ဆွေးနွေး ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါဟာ ကျောင်းသား လူငယ်တွေ အနေနဲ့ သေသေချာချာ စဉ်းစား သုံးသပ်ရမယ့် နိုင်ငံ့အရေးအရာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဦးသန့်ရဲ့ တင်ပြထားချက်ထဲက ဒီမိုကရေစီစနစ်ရဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို ပြောပြပါ့မယ်။

ဒီမိုကရေစီစနစ်ရဲ့ အားသာချက် ကောင်းကျိုးတွေကတော့ အုပ်ချုပ်တဲ့အစိုးရဟာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့သူတွေသာ ဖြစ်တဲ့အတွက် ပြည်သူ့အလိုကျ သာ အုပ်ချုပ်ရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ အုပ်ချုပ်သူကိုယ်စားလှယ်တွေက အမြဲ တိုက်ရိုက်ထိတွေ့ ဆက်သွယ်နေရတာဖြစ်တဲ့အတွက် နိုင်ငံအတွင်း မကျေနပ်မှု ပုန်ကန်မှု တွေလည်း ဖြစ်နိုင်ချေနည်းပါတယ်။ အဓိကကတော့ ပြည်သူကျေနပ်မှပဲ သူတို့ရဲ့ အုပ်ချုပ်ရေးက အောင်မြင်မယ်ဆိုတာပါပဲ။

ဒီမိုကရေစီစနစ်မှာဆိုရင် တရားဥပဒေကလည်း ပြည်သူလူထုက ကျေနပ်လက်ခံပြီး စနစ်တကျ ရေးဆွဲထားတဲ့ တရားဥပဒေဖြစ်ပါတယ်။ ဒါမှပဲ ပြည်သူလူထုဟာ မိမိတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးကို တရားသဖြင့် ကာကွယ် စောင့်ရှောက်ခွင့်ရကြမှာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ပြည်သူလူထုကိုယ်တိုင် နိုင်ငံရေးကို ကိုယ်ထိလက်ရောက် ပါဝင်ဆောင်ရွက်နိုင်တာကြောင့် နိုင်ငံရေးအသိအမြင်နဲ့ ဝေဖန်သုံးသပ်နိုင်တဲ့ ဉာဏ်ရည် တွေ ဖွံ့ဖြိုးတိုးတက်လာနိုင်ပါတယ်။

ဒီမိုကရေစီစနစ်မှာ အရေးကြီးတဲ့ နောက်ထပ်အားသာချက်ကတော့ ပြည်သူလူထု အနေနဲ့ လူတိုင်းလူတိုင်း တန်းတူအခွင့်အရေး ရနိုင်တာပဲ ဖြစ်ပါတယ်။ အဲဒီ ကောင်းကျိုးတွေဟာ နိုင်ငံသားတွေ ကို စိတ်ပိုင်းဆိုင်ရာအရ လုံခြုံမှုပေးနိုင်တာမို့ နိုင်ငံအေးချမ်းသာယာရေးကို ဖော်ဆောင်နိုင်တဲ့ အချက်အလက်တွေပါပဲ။

ဒီမိုကရေစီစနစ်မှာ အားနည်းချက်တွေရှိတာကိုလည်း ဦးသန့်က ထောက်ပြ ဆွေးနွေး ထားတာတွေ့ရပါတယ်။ အဓိကကတော့ အုပ်ချုပ်သူအစိုးရကို ပြည်သူလူထုက ရွေးချယ် တင်မြှောက်ရတာဖြစ်တဲ့အတွက် ပြည်သူအားလုံးတန်းတူ နိုင်ငံရေးအသိဉာဏ် ရှိဖို့ဆိုတာ ခဲယဉ်းပါတယ်။ ဒါကြောင့် ရွေးချယ်တင်မြှောက်မှုဟာ အပြစ် အနာအဆာ ရှိနိုင်ပါတယ်။ နောက်တခုကတော့ ဒီမိုကရေစီစနစ်ဟာ ပါတီ ပုံသဏ္ဍန်အမျိုးမျိုး ရှိလာ နိုင်တဲ့အတွက် နိုင်ငံရဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်လာစေနိုင်ပါတယ်။ အဲဒီအပြင် အစိုးရဟာလည်း သက်တမ်းမရှည်တာမို့လို့ နိုင်ငံအရေးကိစ္စတွေကို တဆက်တစပ်တည်း ဆောင်ရွက်ရ တာမျိုး မဟုတ်တဲ့အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်နှေးကြန့်ကြာမှု ဖြစ်စေနိုင်ပါ တယ်။ နောက်တချက်ကတော့ ရွေးကောက်ပွဲအတွက် ငွေအမြောက်အများ သုံးကြ တာမို့လို့ နိုင်ငံစီးပွားရေးကို ထိခိုက်စေနိုင်တာပဲ ဖြစ်ပါတယ်။ အဲဒီအချက်တွေကတော့ ဒီမိုကရေစီစနစ်ရဲ့ အားနည်းချက်တွေလို့ ဦးသန့်က ပြောခဲ့ပါတယ်။

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့က ဘာဟော့ဖ်(Berghof)သုတေသနဌာနက ဒါရိုက်တာဖြစ်တဲ့ ဒေါက်တာ ဒေးဗစ်ဘလွန်းဖီး(Dr.David Bloomfield) ကတော့ 'ဒီမိုကရေစီစနစ်ဟာ ခေတ်အဆက်ဆက် ရှာဖွေကျင့်သုံးခဲ့ကြတဲ့ နိုင်ငံရေးစနစ်ဆိုးတွေထဲမှာတော့ အသက်သာဆုံးစနစ်တခုဖြစ်တယ်'လို့ သူ့ရဲ့ ရင်ကြားစေ့ရေး(Reconciliation) ဆိုင်ရာ စာတန်းတစ်စောင်ထဲမှာ ဆိုထားပါတယ်။ ဒါကြောင့်ပဲ လောလောဆယ် ခု ၂၀၀၇ခုနှစ်ထိလည်း ကမ္ဘာ့နိုင်ငံ အများစုဟာ လူ့အခွင့်အရေးကို ဦးစားပေးတဲ့ ဒီမိုကရေစီစနစ်ကို အသုံးပြုနေကြတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ မျက်မှောက်အနေအထားနဲ့ ဝေဖန်သုံးသပ်ကြည့်မယ် ဆိုရင်လည်း အာဏာရှင်စနစ်အောက်ကနေ ရုန်းထွက်နိုင်ဖို့ ရုန်းထွက်တတ်ဖို့အတွက် တော့ ဒီမိုကရေစီစနစ်ဟာ လေ့လာသင်ယူသင့်တဲ့၊ ဝေဖန်သုံးသပ်ပြီး ကျင့်သုံးသင့်တဲ့ နိုင်ငံရေးစနစ်တရပ် ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

တကယ်တော့ နိုင်ငံတနိုင်ငံရဲ့ အုပ်ချုပ်ရေးယန္တယား ကောင်းမွန်မှုဟာ အုပ်ချုပ်သူတွေရဲ့ အရည်အသွေးပေါ်မူတည်သလို နိုင်ငံသားတွေရဲ့ နိုင်ငံရေးအသိဉာဏ်ပညာ ကြွယ်ဝ ဖွံ့ဖြိုးမှု အပေါ်မှာလည်း အများကြီး မူတည်နေပါတယ်။ အဲဒီအတွက် နိုင်ငံသားတွေကို နိုင်ငံရေးအသိပညာပေးဖို့အတွက် စာသင်ခန်းတွေကနေ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

တကယ်တော့ Civic Education ဟာ ကိုယ့်ကျင့်တရား ကောင်းမွန်ရေးကို ဦးတည်တဲ့ သင်ခန်းစာတွေဖြစ်ဖို့လိုတာမို့၊ Civic Education ထဲမှာ ဘာသာရေးသင်ခန်းစာတွေကိုပါ ထည့်သွင်း သင်ကြားသင့်တယ် လို့လည်း ဦးသန့်က ပြောထားပါတယ်။ လက်လှမ်းမီသမျှ ဘာသာရေးတွေကို ကျောင်းသားတိုင်း မဖြစ်မနေ သင်ယူကြရတဲ့အတွက်၊ စိတ်နှလုံး နူးညံ့သိမ်မွေ့ရေးနဲ့ ကိုယ်ချင်းစာစိတ်ကို အားပေးစေနိုင်ပြီး ဘာသာရေးတိုင်းကို လေးစား တတ်သွားစေမှာ ဖြစ်ပါတယ်။ ဒါဟာလည်း စာသင်သားတွေကို ပဋိပက္ခစိတ်တွေ လျော့နည်းစေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးသန့်ရဲ့ ပြည်ရေးပြည်ရာဘာသာရပ်အဖြစ် လမ်းညွှန်ထားတဲ့ သင်ခန်းစာတွေဟာ တချိန်မှာ နိုင်ငံကို ဦးဆောင်ကြရမယ့် လူငယ်စာသင်သားတွေအတွက် တကယ် လိုအပ်တဲ့ သင်ခန်းစာတွေပဲ ဖြစ်ပါတယ်။ ၁၉၄၀နှစ်များရဲ့ အစောပိုင်းကာလတွေကတည်းက ဦးသန့်တင်ပြခဲ့တဲ့ အကြံပေးချက်တွေဟာ ခု နှစ်ပေါင်း၆၀ကျော်ခဲ့တဲ့အထိ မြန်မာပြည်မှာ အကောင်အထည်ဖော်ခွင့် မရကြသေးတာလည်း တွေ့နိုင်ပါတယ်။ တကယ်တော့ ဒါဟာလည်း အာဏာရှင်စနစ်ကြီးစိုးမှုကြောင့်သာ ဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ်မှာ တရားမျှတပြီး တော်မှန်တဲ့၊ ယဉ်ကျေးတဲ့ အစိုးရကို ရရေး အတွက် ကျောင်းစာသင်ခန်းမှာ Civic Education ဘာသာရပ်ကို စနစ်တကျ သင်ကြားခွင့်ရရေးဟာ အရေးကြီးတဲ့ လိုအပ်ချက်တရပ် ဖြစ်တယ်ဆိုတာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းဦးသန့်ရဲ့ အကြံပြုဆောင်းပါးကတဆင့် ဆွေးနွေး တင်ပြလိုက်ရပါတယ်။

မေငြိမ်း (၂၀၊၁၁၊၀၇)


Saturday, March 8, 2008

ပညာရေးနဲ့ နိုင်ငံရေး

အထက်တန်းကျောင်းသားအရွယ်ဟာ အသက်၁၃နှစ်ကျော်ပြီးအရွယ်မို့ လောက၀န်းကျင်ဆိုင်ရာအရေးအရာ တွေကို သင်ယူနားလည်နိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် အထက်တန်း အဆင့်မှာတော့ Civic Education ကို အဆင့်မြှင့်ပြီး သင်ကြားပေးရတော့မှာပါ။ ဒါကြောင့် ရှေးမြန်မာမင်းတွေလက်ထက်ကစပြီး ခေတ်အလိုက် ပြည်သူပြည်သားတွေရဲ့ တာဝန်တွေကို ပြောပြပေးဖို့ လိုပါတယ်။ ပြီးတော့ အုပ်ချုပ်ရေးစနစ် အမျိုးမျိုးကို သမိုင်းနဲ့ချီပြီး ရှင်းလင်း ပြောပြရပါမယ်။ ဥပမာ- ခုလိုအချိန်မှာဆိုရင် ဒီမိုကရေစီစနစ်ရဲ့ သမိုင်းကြောင်းနဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို စနစ်တကျ ပြောပြရမှာဖြစ်ပါတယ်။ အဲလိုပဲ တပါတည်းမှာ ပြည်သူလူထုရဲ့ ၀တ္တရားတွေနဲ့ အခွင့်အရေးတွေကိုပါ အကျယ်တ၀ံ့ ရှင်းလင်း သင်ကြား ပေးရ ပါမယ်။ ပြီးတော့ အခုအချိန်မှာဆိုရင်တော့ ခေတ်ရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံရဲ့ အဂါင်္ရပ်တွေနဲ့ ဖက်ဒရယ် ပြည်ထောင်စုရဲ့ သဘောသဘာဝတွေကို ထည့်သင်ပေးဖို့ လိုပါတယ်။

အထက်တန်းအဆင့်ပညာရေးဟာ နိုင်ငံတခုကို တည်ထောင်ဖို့၊ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဖို့တွေအတွက် တကယ့်ကို အသုံးဝင်တဲ့ ခေါင်းဆောင်လောင်းတွေကို သေချာ ပျိုးထောင်ရတော့မယ့် အရေးကြီးတဲ့ အဆင့်တဆင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အထက်တန်းကျောင်းသားများဟာ နိုင်ငံအုပ်ချုပ်ပုံကအစ အရေးပါတဲ့ ကဏ္ဍတွေကို သေသေချာချာသိဖို့ လိုနေပြီဖြစ်ပါတယ်။ ဒါကြောင့် အထက်တန်းအဆင့် Civic Education သင်ရိုးထဲမှာဆိုရင် နိုင်ငံတော်၏ တာဝန်ဝတ္တရားများ ဆိုပြီးတော့ နိုင်ငံအစိုးရတွေက ပြည်သူလူထု အတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးရမယ့် အရေးအရာတွေကို ထည့်ပေးရပါမယ်။ အဲသလိုပဲ ပြည်သူလူထုရော အစိုးရတွေပါ တန်းတူလိုက်နာရမယ့် အုပ်ချုပ်ရေးဥပဒေတွေကိုလည်း သင်ရိုးထဲမှာ ထည့်ပေးဖို့ လိုပါတယ်။ ဒါမှပဲ အစိုးရရော ပြည်သူလူထုဟာ Good citizen တွေ ဖြစ်လာမှာပါ။

အဲသလိုပဲ အထက်တန်းကျောင်းသားတွေအနေနဲ့ နောက်ထပ် သင်ယူသင့်တဲ့ သင်ခန်းစာတွေကတော့ အုပ်ချုပ်သူ အစိုးရတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ အစိုးရဆိုတာ ဘာလဲဆိုတဲ့ အဓိပ္ပါယ်ကနေစပြီး ဒီမိုကရေစီအစိုးရနဲ့ အာဏာရှင်အစိုးရ ဆိုပြီး အကြမ်းဖျင်းအားဖြင့် နှစ်မျိုးနှစ်စားရှိတာကို သင်ကြားပေးရ ပါမယ်။ တဆက်တည်းပဲ ဒီမိုကရေစီစနစ်ရဲ့ အုပ်ချုပ်ပုံနဲ့ အာဏာရှင်စနစ်ရဲ့ အုပ်ချုပ်ပုံ တွေကိုလည်း ကမ္ဘာတ၀ှမ်းက အဖြစ်အပျက်တွေ၊ သမိုင်းအချက်အလက်တွေနဲ့ယှဉ်ပြီး စနစ်တကျ သင်ပေးရမှာ ဖြစ်ပါ တယ်။ ဒါမှပဲ ကျောင်းသားတွေကိုယ်တိုင် ချိန်ထိုးနှိုင်းယှဉ်ပြီး သုံးသပ်ရွေးချယ်နိုင်မှာပါ။

အဲဒီသင်ခန်းစာတွေနဲ့ ဆက်စပ်ပြီးတော့ပဲ ရွေးကောက်ပွဲစနစ်အကြောင်း၊ မဲပေးပိုင်ခွင့်အကြောင်း၊ ဖက်ဒရယ် အစိုးရပုံစံနဲ့ တရားဥပဒေကဏ္ဍကိုလည်း သင်ရိုးထဲမှာ ထည့်ရပါမယ်။ ဒါတွေဟာ လူငယ်တွေအနေနဲ့ မဖြစ်မနေရင်ဆိုင်ရမယ့် နိုင်ငံ့ အရေး အရာတွေကို ရင်းနှီးကျွမ်းဝင်နေအောင် လေ့ကျင့်ပေးတာပဲ ဖြစ်ပါတယ်။ ဒါမှလည်း အရွယ်ရောက်လို့ ကိုယ်တိုင် နိုင်ငံအရေးတွေမှာ ၀င်ရောက် ဆောင်ရွက်ရတဲ့အချိန်မှာတော့ အားလုံးကို နားလည်နေပြီးသားဖြစ်တဲ့အတွက် သေသေချာချာ သုံးသပ်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ်အရေးပါတဲ့ သင်ခန်းစာတွေကတော့ ကိုလိုနီစနစ်အကြောင်း၊ နိုင်ငံချဲ့ထွင်ခြင်း အကြောင်းတွေနဲ့ လွတ်လပ်ရေးအကြောင်းတွေပဲဖြစ်ပါတယ်။ လွတ်လပ်ရေးမှာတောင်မှပဲ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်၊ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်တွေနဲ့ သက်ဆိုင်တဲ့ ပြည်သူ့လွတ်လပ်ရေး(Civil Liberty)၊ ပြီးတော့ လွတ်လပ်စွာမဲပေးခွင့်၊ တန်းတူ ရာထူးထမ်းဆောင်ခွင့်တွေလို နိုင်ငံရေးအရလွတ်လပ်ရေး(Political Liberty) နဲ့ သူတပါး လက်အောက်ခံမဟုတ်တဲ့ အမျိုးသား လွတ်လပ်ရေး (National Liberty) လို့ ရှိတာတွေကို ကျောင်းသားတွေအနေနဲ့ အသေးစိတ်သိထားဖို့ လိုပါတယ်။ ဒါမှပဲ ကိုယ့်နိုင်ငံမှာ လုံးဝပြည့်စုံတဲ့ လွတ်လပ်ရေးမျိုး ရနေရဲ့လား၊ မရနေဘူးလားဆိုတာကိုပါ စာသင်သား လူငယ်တွေ တရားနည်းလမ်းကျကျ သိမြင်တတ်လာမှာ ဖြစ်ပါတယ်၊

အခုပြောပြသွားတဲ့ သင်ရိုးတွေကို မြန်မာနိုင်ငံပညာရေးအတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဟောင်း ဦးသန့်က အကြံပြုခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီသင်ရိုးတွေဟာ ဒီမိုကရေစီပညာရေး တည်ဆောက် နေပြီလို့ အာဏာပိုင်တွေက ကြေညာနေတဲ့ ခုလို အချိန်ထိတောင် တပိုင်းတစလောက်တောင် သင်ယူခွင့် မရသေးတဲ့ သင်ခန်းစာတွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လို့ စကော့တလန်က ကျောင်းသား တွေရဲ့ အခွင့်အရေးကို ထည့်ပြောပြချင်ပါတယ်။ ဒါကလည်း ပြည်ပအခြေစိုက် ပညာရေးပညာရှင် ဒေါက်တာသိန်းလွင်ရဲ့ ပြီးခဲ့တဲ့ အောက်တိုတာလတွင်း ပညာရေးခရီးစဉ်တုန်းက အတွေ့အကြုံ ဖြစ်ပါတယ်။

စကော့တလန်က ကျောင်းတွေမှာ မူလတန်းကလေးတွေကို ‘ကြီးလာရင် ဘာဖြစ်ချင် သလဲ’ ဆိုတဲ့ခေါင်းစဉ်နဲ့ စာစီစာကုံး ရေးစေပါတယ်။ အဲဒီအခါမှာ အသက်၉နှစ်အရွယ် ကျောင်းသူကလေးတစ်ယောက်က ပါလီမန် အမတ် ဖြစ်ချင်တယ်လို့ ရေးခဲ့ပါတယ်။ ဖြစ်ချင်ရတဲ့ အကြောင်းကတော့ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲချင်လို့လို့ ဆိုပါတယ်။ နောက်တော့ အဲဒီ ကျောင်းသူကလေးကို ကျောင်းအုပ်ဆရာကြီးက ပါလီမန်ထဲကို လေ့လာသူ အနေနဲ့ ခေါ်သွားပြီး ပါလီမန်အမတ်တွေနဲ့ တွေ့ခွင့် စကားပြောခွင့် ပေးခဲ့ပါတယ်။ ကျောင်းသူလေးကိုယ်တိုင် ကလည်း ပါလီမန်ထဲက အမတ်တွေရဲ့ရှေ့၊ စင်မြင့်ပေါ် မှာ သူ့အနေနဲ့ ပါလီမန်အမတ် ဖြစ်ချင်ရတဲ့အကြောင်းကို ရှင်းလင်းပြောပြပါတယ်။ အဲသလိုပဲ တရားသူကြီးဖြစ်ချင်သူကို တရားခွင်ထဲ၊ ဂီတမှူးဖြစ်ချင်သူကို ဂီတကျောင်း ထဲ ခေါ်သွားပြီး လေ့လာခွင့်ပေးတဲ့ အစီအစဉ်မျိုးတွေ ရှိပါတယ်။ ဒါ့ကြောင့် ကလေးတွေဟာ အမြင်ကျယ်ပြီး အတွေးအခေါ် ဥာဏ်ရည်အရာမှာ သိပ်ကောင်းကြတယ်လို့ ဒေါက်တာသိန်းလွင်က သူကိုယ်တိုင်တွေ့ခဲ့တဲ့ အတွေ့အကြုံကို ပြောပြခဲ့တာဖြစ်ပါတယ်။

အဲဒီအပြင် မူလတန်းကျောင်းတကျောင်းမှာတော့ ဒေါက်တာသိန်းလွင် ရောက်သွားချိန်မှာ ကျောင်းသား ကလေးငယ်များက ရွှေဝါရောင်နဲ့ အနီရောင် ပိုးဖဲတံဆိပ်လေးတွေနဲ့ ကြိုဆိုခဲ့ပါတယ်။ အဲဒီဖဲပြားလေးတွေကို ဘယ်သူကမှ မခိုင်းစေဘဲ၊ မလှုံ့ဆော်ပါဘဲနဲ့ ကလေးတွေကိုယ်တိုင်က လုပ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ငြိမ်းချမ်းစွာ မေတ္တာပို့လမ်းလျှောက်တဲ့ သံဃာတော်များနဲ့ ပြည်သူလူထုအပေါ် အာဏာပိုင်တွေက သတ်ဖြတ်ခဲ့ တာကို သတင်းတွေမှာ မြင်ရကြားရတဲ့အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ လုပ်ခဲ့တာလို့ ကလေးတွေက ပြောပြခဲ့ပါတယ်။ ကလေးတွေဟာ မူလတန်းအဆင့်လေးမှာတောင်မှပဲ အံ့သြစရာကောင်း လောက်အောင် ဗဟုသုတရှိပြီး ကိုယ်ချင်းစာတတ်တဲ့ စိတ်မျိုးလည်းရှိနေကြတယ်လို့ ဒေါက်တာသိန်းလွင်ကပဲ ပြောပြခဲ့ပါတယ်။

ဒါတွေဟာ ခေတ်မီတိုးတက်ပြီး လွတ်လပ်ပွင့်လင်းတဲ့ ပညာရေးစနစ်ကို ခံစားခွင့်ရတဲ့ အကျိုးဆက်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ကျောင်းသားတွေအတွက် အလှမ်းဝေးနေတဲ့ တိုင်းပြည်အရေးကိစ္စတွေဟာ တကယ်တော့ ကျောင်းသားတွေအတွက်၊ ဒီမိုကရေစီ နိုင်ငံ ထူထောင်နိုင်ရေးအတွက် အရေးပါလှတဲ့ ဗဟုသုတ သင်ခန်းစာတွေပါပဲ။ အထူးသဖြင့် လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေတဲ့ မြန်မာနိုင်ငံမှာ အဲလို သင်ခန်းစာမျိုးတွေကို ကျောင်း ပညာရေးထဲမှာ အမြန်ဆုံးသင်ယူခွင့် သင်ကြားခွင့်ရဖို့ အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါတယ်။

မေငြိမ်း
၅ နိုဝင်ဘာ ၂၀၀၇။

Wednesday, March 5, 2008

မြန်မာ့ပညာရေးနဲ့ Hidden Curriculum

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ပညာရေးဆိုင်ရာ ဆွေးနွေးချက်တွေကို သုံးပတ်ဆက်တိုက် ဆွေးနွေးတင်ပြခဲ့တာမှာ ပြီးခဲ့တဲ့ တပတ်ကတော့ မူလတန်းအဆင့် ပညာရေးထဲမှာ ပြဌာန်းသင့်တဲ့ သင်ရိုးတွေ သင်ခန်းစာတွေအကြောင်း ပြောခဲ့ပါတယ်။ ဒီတပတ်တော့ အလယ်တန်းအဆင့်မှာ ပြဌာန်းသင့်တဲ့ သင်ရိုးတွေအကြောင်းကိုဆက်ပြီး ဆွေးနွေးတင်ပြသွားပါ့မယ်။

မြန်မာနိုင်ငံရဲ့ ကျောင်းတွေမှာ ကျောင်းသားအများစုဟာ ကျောင်းချိန်အပြီးမှာ ကျူရှင် တက်ရတာ၊ အချိန်ပို တက်ရတာတွေနဲ့ စာကုန်းကျက်ရတာနဲ့ တနေ့တာကို ကုန်ဆုံးနေကြရပါတယ်။ တခါတလေ စနေတနင်္ဂနွေ မှာတောင် မနားကြရဘဲ ကျူရှင်တက် နေကြရတာမျိုးတွေတောင် ရှိပါတယ်။ အဲသလောက် အချိန်တွေ အများကြီးပေးပြီး သင်နေရပေမဲ့ ကလေးတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ သင်ကြားနည်းမျိုး မဟုတ်တာမို့ အကျိုးမရှိလှပါဘူး။ ဒီနေရာမှာ ပြဿနာက လက်တွေ့ဘ၀ထဲမှာ အသုံးဝင်တဲ့ လိုအပ်တဲ့ သင်ခန်းစာတွေ ပါဝင်မှု နည်းတာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံ အခြေခံပညာရေးမှာ အလယ်တန်းဆိုတာက ၅တန်းကနေ စပါတယ်။ အလယ်တန်း တက်တဲ့ ကျေင်းသားဟာ သတ်မှတ်ချက်အရဆိုရင် အနည်းဆုံး အသက် ၁၀နှစ် ကျော်ပြီးသား ဖြစ်ရပါမယ်။ ဒါကြောင့် မူလတန်းမှာကတည်းက အခြေတည် ခဲ့ပြီးသားဖြစ်တဲ့ တကိုယ်ရည်သန့်ရှင်းရေးတို့ ယဉ်ကျေးလိမ္မာဖို့ဆိုတာတွေ ကို ပိုပြီး အခြေခိုင်အောင် ထိန်းသိမ်းပေးဖို့ပဲ လိုပါတော့တယ်။ ဒါပေမဲ့ အသက်အရွယ်အရ လူမှုရေးဆိုင်ရာ ဗဟုသုတတွေကိုတော့ ပိုသိဖို့ လိုအပ်လာတာမို့ လူမှုဝန်းကျင်နဲ့ ဆက်ဆံရေးပုံစံတွေ၊ ကိုယ်နဲ့ နီးစပ်ရာ လူမျိုးစုတွေအကြောင်းနဲ့အတူ ပတ်ဝန်းကျင် ရေမြေသဘာဝ ရာသီဥတုနဲ့ သက်ဆိုင် ဆက်စပ်နေတဲ့ အကြောင်းအရာတွေကို ထည့်သွင်း သင်ကြားပေးရမှာဖြစ်ပါတယ်။

ဦးသန့်ရဲ့ အဆိုအရတော့ အလယ်တန်းအဆင့်မှာ ကျောင်းသားတွေဟာ ပြည်သူ လူထုအနေနဲ့ ကျေပြွန်ဖို့ လိုအပ်တဲ့ တာဝန်ဝတ္တရားတွေကို သိဖို့လိုနေပြီလို့ ဆိုပါတယ်။ ကိုယ့်နိုင်ငံကို ချစ်ခင်စုံမက်ဖို့၊ ပြည်တွင်း ပြည်ပ ရန်တွေကို ခုခံကာကွယ်ဖို့၊ တရား ဥပဒေတွေကို စောင့်သိရိုသေဖို့၊ နိုင်ငံ့အရေးအရာကိစ္စတွေမှာ ပူးပေါင်းပါဝင် ဆောင်ရွက် တတ်ဖို့၊ စာပေအတတ်ပညာ တတ်မြောက်ဖို့ ဆိုတာတွေဟာ စာသင်သားတွေ မဖြစ်မနေ သိရမယ့် အကြောင်းအရာတွေပဲဖြစ်တယ်လို့ ဦးသန့်က တင်ပြထားပါတယ်။ အဲဒီ သင်ခန်းစာတွေကို အသေးစိတ် တင်ပြချင်ပါတယ်။

ပြည်သူလူထုတွေအနေနဲ့ ပြည်သူ့တာဝန်ဆိုတာ ရှိသလိုပဲ ရသင့်တဲ့အခွင့်အရေးတွေ ရှိတယ်ဆိုတာကိုလည်း ကျောင်းသားဘ၀မှာကတည်းက သိထားဖို့ လိုပါတယ်။ အဲဒီအခွင့်အရေးတွေကတော့ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ မိမိရဲ့ အသက်အန္တရာယ်နဲ့ စည်းစိမ်ဥစ္စာတွေကို ကာကွယ်စောင့်ရှောက်ပိုင်ခွင့်၊ တရားဥပဒေနဲ့ မငြိစွန်းပါက လွတ်လပ်စွာ သွားလာ ပြောဆို နေထိုင် ပေါင်းသင်း ဆက်ဆံခွင့်၊ လွတ်လပ်စွာ အလုပ်လုပ်ကိုင်ခွင့်၊ ဘာသာရေး လူမှုရေး ပညာရေးဆိုင်ရာ အဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ အစိုးရဆေးရုံများ၌အခမဲ့ ဆေးကုသခွင့်၊ အစိုးရတရပ်အတွက် မဲဆန္ဒပေးပိုင်ခွင့် စတဲ့ ပြည်သူပြည်သားအားလုံး တန်းတူရရမှာဖြစ်တဲ့ အခြေခံအခွင့်အရေးတွေကို ကျောင်းသားအရွယ်ကတည်းက သိနေအောင် သင်ကြား ပေးရမှာ ဖြစ်ပါတယ်။ ဒါမှပဲ ကျောင်းသား ဘ၀မှာကတည်းက တရားမျှတမှုဆိုတာကို သိပြီးတော့ သူတို့ ကိုယ်တိုင် တရားမျှတမှု ရှိအောင်၊ နေထိုင်တတ်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ပညာရေးထဲမှာကတော့ အဲဒီ ပြည်သူလူထုတွေရဲ့ တာဝန်ဝတ္တရားနဲ့ အခွင့်အရေးဆိုတာတွေကို သင်ခန်းစာထဲထည့်မသင်ရုံမက ဗဟုသုတဖတ်စာအနေနဲ့လည်း ဖတ်ခွင့်မရှိပါဘူး။ အဲဒီအပြင် ဆရာဆရာမတွေ ကိုယ်တိုင်ကလည်း သိခွင့် မရခဲ့တာကြောင့်မို့ ကျောင်းသားတွေကို နောက်ကွယ်ကသင်ရိုး Hidden Curriculum အနေနဲ့ သင်ပေးတာမျိုးလည်း မရှိတာ တွေ့ရပါတယ်။ တကယ်တော့ Hidden Curriculum ဆိုတာက ထွေထွေထူးထူး မဟုတ်ပါဘူး။ တရားဝင် သင်ခွင့်မရတဲ့၊ ဒါမှမဟုတ် ဆက်စပ်နှီးနွယ်ပြီး သင်ပေးဖို့ လိုအပ်တဲ့ သင်ခန်းစာတွေပါပဲ။

ဥပမာပြောပြရရင် သမိုင်းဘာသာရပ်ထဲက ပုဂံခေတ်အကြောင်းသင်တဲ့အခါ ကျန်စစ်သားမင်းရဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရှေးရှုဆောင်ရွက်ခဲ့တဲ့ လုပ်ရပ်ကိုပြောပြရင်း၊ အုပ်ချုပ်သူတွေအနေနဲ့ လူမျိုးစုချင်း ချစ်ကြည်ရေးကို အလေးထားရမယ်၊ တိုင်းရင်းသားအချင်းချင်းကို သွေးကွဲအောင် အုပ်ချုပ်ရင် မင်းကောင်း အစိုးရကောင်း မဟုတ်ဘူးဆိုတာကို ပြောပြလို့ ရပါတယ်။ အဲဒီကနေ တဆက်တည်းပဲ ပြည်သူလူထု အနေနဲ့ အဲလို မင်းဆိုးမျိုးကို ဖြုတ်ချခွင့်ရှိတယ်ဆိုတာမျိုးကိုလည်း ပြောပြနိုင်ပါတယ်။ ဒီနေရာမှာ ပြည်သူအလိုမတူရင် ကောင်းတာ လုပ်တာဆိုပေမဲ့လို့လည်း တိုင်းပြည်ပိုင် ရတနာဖြစ်တဲ့ ဆင်ဖြူတော်ကို လှူမိလို့ ပြည်သူအလိုကျ နယ်နှင်ဒဏ်ခံရတဲ့ ဝေဿန္တရာမင်းအကြောင်းကိုပါ ဥပမာအဖြစ် ထည့်ပြောပြနိုင်ပါသေးတယ်။ ပြီးတော့ အဲဒါကပဲ ဒီမိုကရေစီစနစ်ရဲ့ သဘောသဘာဝဖြစ်တယ်ဆိုတာကို နှီးနွယ် ပြောပြ သွားနိုင်ပါတယ်။ ဒါဟာ နောက်ကွယ်က သင်ရိုးကို သင်ကြားသွားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုပဲ မသင်ရဘူးလို့ သတ်မှတ်ထားပေမဲ့လည်း ကျောင်းသားတွေ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို Hidden Curriculum အနေနဲ့ အများကြီး ထည့်ပြီး သင်ပေးသွား နိုင်မှာဖြစ်ပါတယ်။

အဲသလိုပဲ ပထ၀ီဝင်ထဲက သစ်တောအမျိုးအစားတွေ၊ တည်နေရာတွေကို သင်ရင်း သစ်တောရဲ့ တန်ဖိုးကြီးမားပုံနဲ့ သစ်တောကို စည်းကမ်းမဲ့ ခုတ်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့အတူ လက်ရှိ အခြေအနေမှာ သစ်တောတွေပြုန်းလောက်အောင် စည်းမဲ့ကမ်းမဲ့ သစ်ခုတ်နေကြတာကို ပြောပြရပါမယ်။ ဒါဟာ နိုင်ငံပိုင်ပစ္စည်းကို မတရား ခိုးယူဖျက်ဆီးနေတာနဲ့ အတူတူပဲဖြစ်တယ်ဆိုတာကို ပြောပြနိုင်ပါတယ်။ သစ်ပင် သစ်တော ထိန်းသိမ်းဖို့ အားပေးတိုက်တွန်းရင်းနဲ့ နိုင်ငံပိုင်ပစ္စည်းကို ခုခံ ကာကွယ် ထိန်းသိမ်းကြရမယ် ဆိုတာ တွေကို နောက်ကွယ်သင်ရိုးအဖြစ်သင်ပေးနိုင်ပါတယ်။

ကမ္ဘာ့သမိုင်းလို ဘာသာရပ်ကို သင်တဲ့အခါမှာလည်း ဂျာမနီနိုင်ငံ ဂျပန်နိုင်ငံတို့ရဲ့ သမိုင်းတွေကို သင်ရင်းကနေ အမျိုးသားရေးဝါဒ (Nationalism) နဲ့ ကမ္ဘာအရေးဝါဒ (Internationalism) ရဲ့ အကျိုးအပြစ်တွေအထိ ရောက်အောင် ပြောပြရပါမယ်။ ခုခေတ်မှာဆိုရင်တော့ ဒီမိုကရေစီစနစ်နဲ့ Globalization အထိကို နားလည်အောင် သိအောင် ပြောပြရမှာဖြစ်ပါတယ်။ အဲသလိုနဲ့ပဲ ကမ္ဘာ့သမိုင်းသင်ခန်းစာတွေထဲကနေ လည်း နိုင်ငံတွေရဲ့ အကောင်းအဆိုး အကျိုးအပြစ်တွေကို သင်ခန်းစာယူစရာ၊ အတုယူစရာတွေအဖြစ် အများကြီး ပြောပြသွားနိုင်ပါတယ်။

ခုချိန်မှာ မြန်မာနိုင်ငံဟာ အာဏာရှင်နိုင်ငံဖြစ်တာမို့ ပညာရေး လွတ်လပ်ခွင့် နဲ့အတူ နှီးနွယ်ဆက်စပ်နေတဲ့ သတင်းလွတ်လပ်ခွင့်တွေ လွတ်လပ်စွာ ထုတ်ဖော် ရေးသား ပြောဆိုခွင့်တွေကို ဆုံးရှုံးနေကြရပါတယ်။ ဒါပေမဲ့ အနာဂတ်ရဲ့ ခေါင်းဆောင် လောင်းတွေကို မွေးထုတ်ရမယ့် ဆရာဆရာမတွေကတော့ အစိုးရက ပိတ်ဆို့ထားပေမဲ့ လည်း ကျောင်းသားတွေကို အသိအမြင်အလင်းပွင့်အောင် သင်ပေးကြရဖို့အတွက် တာဝန်ရှိပါတယ်။ အဲဒီအတွက် ဦးသန့်ရဲ့ သင်ရိုးတွေကို နောက်ကွယ် သင်ရိုးအဖြစ် သင်ပေးနိုင်ကြောင်း ဆွေးနွေးတင်ပြလိုက်ပါတယ်။

(၂၉၊၁၀၊၀၇။)

Scholarship opportunity

For scholarship opportunity in Philippine for women

Download the form here

Monday, March 3, 2008

အလွတ်ကျက်မှတ်သည့် အလေ့အကျင့်

ကျွန်တော်တို့ နိုင်ငံ၏ ပညာသင်ကြားမှု စနစ်ကို လေ့လာကြည့်လျှင် ကိုယ်တိုင် လေ့လာကာ ဆွေးနွေးအဖြေရှာစေသည့် နည်းလမ်းထက်၊မှတ်စုပေး၍ အလွတ်ကျက်မှတ်စေသည့် နည်းလမ်းက အခြေခံပညာရေးစနစ် တွင်သာမက အဆင့်မြင့်ပညာရေးစနစ် ထိအောင် လွှမ်းမိုးအသားကျနေတာကို တွေ့ရှိနေရပါတယ်။ ဒီအခြေအနေမှာ ကျွန်တော်တို့ ပညာသင်ကြားရခြင်းဟာ သင်ရိုးညွှန်းတမ်းတွေကို အလွတ်အာဂုံဆောင်နိုင်စေဖို့လား ? ဒါမှမဟုတ် ကျွန်တော်တို့ လေ့လားထားတဲ့ သင်ရိုးတွေကို အခြေခံပြီး ဖြစ်ပေါ်နေတဲ့ အခြေအနေကို လိုက်ပြီး အသုံးချ ဖြေရှင်းဆောင်ရွက်နိုင်စေဖို့လား ? ဘယ်အတွက် ဖြစ်မလဲ စဉ်းစားကြည့်ဖို့လိုပါမယ်။

ဆရာကျော်ဝင်း ရေးတဲ့ စာအုပ်တစ်အုပ်မှာတော့ ပညာတက် (ပညာရှိ) ဆိုတာကို ဟိုးအရင်ကတော့ မှတ်သားနိုင်မှုစွမ်းရည် နဲ့တိုင်းတာတယ်၊ ပညာဗဟုသုတတွေ များများရှာဖွေ မှတ်သားနိုင်ပြီး ပြန်လည်ရွတ်ပြနိုင်သူမျိုးပေါ့။ နောက်ကျတော့ ပညာရှိ ဆိုတာကို အသုံးချနိုင်မှုစွမ်းရည် နဲ့တိုင်းတာလာကြတယ်၊ မိမိသင်ယူလေ့လာ ထားတဲ့ အတက်ပညာကို သင့်လျော်တဲ့နေရာမှာ ပြန်လည်အသုံးချနိုင်သူမျိုးပေါ့။ ယနေ့ မျက်မှောက်ခေတ်မှာတော့ ပညာရှိဆိုတာကို ပညာဖေါ်ထုတ်နိုင်မှုစွမ်းရည် (နည်းပညာသစ်၊လေ့လာဖေါ်ထုတ်မှုအသစ်များ) နဲ့တိုင်းတာနေကြပါပြီတဲ့၊ သင်ယူလေ့လာထားတဲ့ ပညာရပ်တွေကို ထပ်ဆင့်ဝေဖန်သုံးသပ် လေ့လာဆန်းစစ်ကာ နည်းပညာသစ်များ တွေ့ရှိဖေါ်ထုတ်ပေးနိုင်သူမျိုးကိုခေါ်ပါသတဲ့။ ကဲကျွန်တော်တို့ ဘယ်လိုပညာရှိမျိုးဖြစ်အောင် ကြိုးစားကြမလဲ ?
ကျွန်တော်တို့ နိုင်ငံက လူငယ်တွေကတော့ ဟိုးအရင်က ပညာရှိလို့ သက်မှတ်တဲ့ ဘ၀မျိုးကိုချီတက်နေရပြီး၊ နိုင်ငံတကာက လူငယ်တွေကတော့ မျက်မှောက်ခေတ် ပညာရှိဘ၀ဆီ လှမ်းချီနေကြပြီလို့ အကြမ်းအားဖြင့် သုံးသပ်မိပါတယ်။ အဲဒီတော့ မျက်မှောက်ခေတ် ပညာရှိဘ၀ကိုလှမ်းတက်နိုင်ဖို့ ဘာတွေလိုအပ်မလဲ ဆိုရင် ကျွန်တော့် အနေနဲ့ ကတော့ ဘက်လေးဘက်လုံးက အချိုးညီစွာ လှမ်းတက်နိုင်ရပါမယ်။ ဘက်လေးဘက်ဆိုတာကတော့ ၁၊စနစ် ၂၊ဆရာ ၃၊ကျောင်းသားနှင့် ၄၊ပံ့ပိုးကူညီသူတို့ ကိုဆိုလိုတာပါ။

ကျွန်တော် စနစ်နဲပတ်သတ်၍တော့၊ မိမိတိကိုယ်တိုင် စီမံတောင်းဆိုနိုင်တဲ့ အနေအထားမရှိတဲ့ အတွက်ရော၊ ကျယ်ပြန့်လွန်းတဲ့ အတွက်ကြောင့်ပါ မဆွေးနွေးလိုပါ။ ဆရာတွေရဲ့ သင်ကြားမှုစနစ်နဲ့ ခံယူချက် အပေါ်တော့ အနည်းငယ် ဆွေးနွေးကြည့်ချင်ပါတယ်။ ကျွန်တော် ဒီရက်ပိုင်းအတွင်း တူမလေးတစ်ယောက် စာမေးပွဲဖြေခါနီး စာကျက်နေတာ သူ့စာကထောက်နေလို့ ချောသွားအောင် နည်းနည်းပြင်ပေးတာ ခါးခါးသီးသီးကို ငြင်းဆိုတာခံရပါတယ်။ ကျွန်တော်က အဓိပ္ပါယ် ဆိုလိုရင်း အတူတူဘဲလို့ ရှင်းပြကာမှ မျက်ရည်ပေါက်ကြီးငယ်ကျအောင် ငိုပါတော့တယ်။ အမှတ်ပြည့်ရဖို့ အတွက် ကျောင်းကဆရာ ပေးတဲ့မှတ်စုအတိုင်း ၏ ၊ သည် လွဲလို့မရပါဘူးတဲ့ ခင်ဗျာ။ ဘယ်လောက်တောင်ဆိုးသလဲ ဆိုရင် ၀ါကျတောင် ကျောင်းကဆရာဖွဲ့ပေးတဲ့ တိုင်းကျက်ဖြေသတဲ့။ ကျွန်တော် တော့်တော့်ကို စိတ်လည်းပျက်ပြီး၊ ကလေးတေါကိုလည်း သနားမိပါတယ်ခင်ဗျာ။ အလင်းပေးတယ်ဆိုတဲ့ ဆရာတွေက ဘာကြောင့် ကလေးတွေ့ရဲ့ မျက်စိတွေကို လွတ်လပ်ခွင့် မပေးဘဲ ဘာကြောင့်များ ကန့်သတ်ဘောင်ခတ် ထားရတာလဲဗျာ။

ကျွန်တော့် အမြင်ပြောရရင် ဆရာတွေက ကျောင်းသားတွေရဲ့ လေးစားအထင်ကြီးမှုကို ခံယူချင်တယ်။ ကလေးတွေရဲ့ အားထားရတဲ့ သူရဲကောင်းအဖြစ် ခံယူချင်ကြတယ် အဒီတော့ ဆရာပြောတာသာ အမှန် ကျန်တဲ့သူပြောတာ အကုန်အမှားဆိုတာမျိုးတွေ ဖြစ်လာတယ်။ ကလေးတွေကလည်း ပြင်ပတွေ့ရှိချက်တွေကို ဆရာကိုတင်ပြဆွေးနွေး တဲ့အခါမှာ အသိအမှတ်ပြုခြင်းမခံရတဲ့အခါမှာ မွေးရာပါ ဆူးစမ်းလိုစိတ်တွေဟာ မှေးမှိန်ပျေက်ကွယ် လာခဲ့တာ အခြေခံပညာရေးက စခဲ့တာ အထက်တန်းပညာရေး ထိတိုင်အောင်ပါဘဲ။ ဆရာတွေက အဖြေတိုင်းမှာ နောက်ထပ်သီးခြား မတူညီနိုင်တဲ့ အဖြေတွေရှိနိုင် သေးတယ်ဆိုတဲ့ အချက်ကို ကလေးတွေကို ဖုံးအုပ်ထားကြတယ်။ ဒီအခါမှာ သင်ရိုးတစ်ခုလုံး အလွတ်ရသည့်တိုင် ဒီသင်ရိုးထဲမှာ မပါတဲ့ ကွဲပြားတဲ့ အခြေအနေတစ်ရပ်ကို ရင်ဆိုင်ရပြီ ဆိုလျင် ........ (ဆက်လက်ဆွေးနွေးလိုပါသည်)
မျိုးသန့်

 

© 2007 IngridGrey By Arephyz