Tuesday, July 31, 2007

ရန်ပုံငွေကိစ္စ

ဒီကိစ္စကို ကျွန်မစဉ်းစားနေမိတာ ကြာပါပြီ ။ ကျွန်မတို့ဗမာလူမျိုးတွေဟာ လှူချင် ကူညီချင်ကြတယ် ။ စင်္ကာပူမှာဆိုလည်း ဘာအရေးဖြစ်ဖြစ် တယောက်ယောက်က အလှူကောက်တယ်ဆိုရင် တခြားဗမာတွေကလည်း တတ်နိုင်သမျှဝင်ပါကြတာပဲ ။ ဒါပေမယ့် ခက်နေတာ.. လှူနိုင်တဲ့ပမာဏထက် လှူစရာတွေပိုများနေတယ် ။ ကျွန်မတို့ နိုင်ငံမှာ ကလေးတွေ မိဘမဲ့ဖြစ်နေတယ်.. စာမသင်နိုင်ဘူး.. တချို့ဆင်းရဲနေသူတွေ လူနေမှုအဆင့်အတန်း အရမ်းချို့တဲ့စွာ နေရတယ်.. ဘုန်းကြီးကျောင်း ဘုရားတွေ သာသနာ့ရေးအတွက်လည်း လှူချင်သေးတယ်.. တခြား ကိစ္စတွေ ပေါ်လာတိုင်းလဲ လှူချင်တယ် ။ ဒီတော့ လှူစရာတွေများတယ် ။ လူတွေက regular donation ထက် ၊ ad-hoc donation တွေပဲ လှူနိုင်ကြတော့တယ် ။

ကျွန်မအမြင်မှာတော့ အခမဲ့သင်ကြားပေးနေတဲ့ကျောင်းတွေ ဖြစ်မြောက်ဖို့ဆိုတာ အနည်းဆုံး regular donor အဖွဲ့ တဖွဲ့ ရှိသင့်တယ် ။ ရန်ပုံငွေမရှိရင်လည်း လည်ပတ်မရတဲ့ သူတို့အခြေအနေမှာ ၊ ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာ ဖြစ်နိုင်တာကိုပဲ ဦးစားပေးနေရတယ် ။ ရှေ့တိုးဖို့ထက် နောက်ပြန်ဆုတ်ချင်ဆုတ်နေရမယ် ။ ရန်ပုံငွေမလောက်တဲ့အခါ ဆရာမတွေ လစာမပေးနိုင် ၊ လက်ခံထားပြီးသားကလေးတွေကို ထောက်ပံ့ချင်သလောက် မထောက်ပံ့နိုင်တာတွေ ဖြစ်လာနိုင်တယ် ။

ဒါကြောင့် ကျွန်မတို့ နိုင်ငံအသီးသီးက ဗမာတွေအနေနဲ့ ဘလောဂါ့တွေရဲ့ရန်ပုံငွေလိုမျိုး ကောက်ခံပြီး (be it regular or ad-hoc basic) ၊ ကျောင်းအသီးသီးကို regular donor အနေနဲ့ ပြန်ခွဲဝေလှူဒါန်းချင်တယ် ။ ဒီလိုလုပ်နိုင်ဖို့ ဘလောဂါ့တွေထဲက အမာခံ လှူဒါန်းသူတချို့ ၊ ဒိုင်ခံ လုပ်ဆောင်ပေးသူတို့ လိုပါတယ် ။ ကျွန်မကိုယ်တိုင်ကလည်း အမာခံတယောက်အနေနဲ့ လုပ်ဖို့ ဆုံးဖြတ်ပြီးသားပါ ။

ကျွန်မတို့ အဲဒီကိစ္စလေး ဆွေးနွေးကြရအောင်လား ။ အားလုံးရဲ့အမြင်လေးတွေကို သိပါရစေ ။

ပညာရေး အကျပ်အတည်း (၅)

ကလေး နဲ့ စာပေ

အလိမ္မာစာမှာရှိဆိုတဲ့ ဆိုရိုးဟာ လူတွေ ယဉ်ကျေးလိမ်မာဖို့ စာဖတ်ကြရမယ် ဆိုတာကို သတိပေးထားတာပါပဲ။ ဒါကြောင့် ခေတ်တခေတ် အတွက် သမိုင်းကြောင်းတခု အတွက် အရေးပါလှတဲ့ ကလေးတွေရဲ့ အခြေခံပညာရေးမှာ စာရိတ္တ ပြုပြင် မွမ်းမံရေး နဲ့ ကိုယ်ကျင့်တရား ထိမ်းသိမ်းရေးတွေကို အရေးပါတဲ့ သင်ခန်းစာတွေအနေနဲ့ ထည့်သွင်းကြရ ပါတယ်။ နိုင်ငံတကာ ပညာရေး သင်ရိုးတွေကို လေ့လာရင် အဲဒီ ရည်ရွယ်ချက်တွေ အနည်း နဲ့ အများ ပါနေတာကို တွေ့ရပါတယ်။ ဒါထက်ပိုပြီး သတိပြု အတုယူစရာ ကောင်းတာကတော့ ကလေးစာပေကဏ္ဍပဲ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ကလေးတွေနဲ့ ပတ်သက်ပြီး ပျိုးထောင်ရာမှာ စာသင်ခန်းမှာတင် မကဘဲ စာသင်ခန်းပြင်ပမှာပါ ကလေးတွေရဲ့ သိမှုစွမ်းရည် (Intelligent Quient) နဲ့ ခံစားနိုင်မှုစွမ်းရည် (Emotional Intelligent)တွေ မြင့်မားဖို့ကို ဦးတည်တဲ့ ပတ်ဝန်းကျင်မျိုးတွေ ဖန်တီးပေးထားတာ တွေ့ရပါတယ်။ အဲဒီမှာ စာအုပ်စာပေသာမက ရုပ်မြင်သံကြား ဖျော်ဖြေရေး အစီအစဉ်တွေကိုပါ ကလေးတွေအတွက် အထူးဂရုတစိုက်နဲ့ အများကြီး လုပ်ပေးထားပါတယ်။ ဒါဟာ ကလေးတွေအတွက် စာသင်ခန်းမှာတင်မကပဲ သူတို့ရဲ့ ပတ်ဝန်းကျင်မှာလည်း အများကြီး သင်ယူလို့ရအောင် စီစဉ်ပေးထားတာပါပဲ။

အိမ်မှာ ရုပ်မြင်သံကြား ကြည့်ရင်း ရုပ်မြင်သံကြား အစီအစဉ်တွေကနေတဆင့် ကလေးတွေ သိသင့် သိထိုက်တာ မှန်သမျှကို ကရင်း ခုန်ရင်း နဲ့ရော၊ ကစားရင်း အရုပ်ရေးရင်း နဲ့ရော၊ ကာတွန်းရုပ်ရှင် ကြည့်ရင်း နဲ့ရော သင်ယူလို့ ရကြပါတယ်။ ကလေးတွေရဲ့ မိသားစုဝင်တွေ၊ ပတ်ဝန်းကျင်က သစ်သီးဝလံတွေ၊ ခွေး၊ ကြောင်၊ လိပ်ပြာ စတဲ့ တိရစ္ဆာန်တွေ၊ ဘီဒို၊ စားပွဲ၊ နာရီ စတဲ့ အိမ်သုံးပစ္စည်းတွေရဲ့ နာမည်တွေနဲ့အတူ ကလေးတွေနဲ့ ဘယ်လို ဘယ်ပုံ ပတ်သက်သလဲဆိုတာတွေ၊ ဘယ်လိုသုံးရသလဲ ဆိုတာတွေ သင်သွားတာများ လူကြီးတွေကိုတောင် စိတ်ဝင်စား မိစေပါတယ်။

ကလေးပညာရေးကဏ္ဍမှာ နာမည်ကျော်လှတဲ့ သြစတေးလျနိုင်ငံကတော့ ကလေး စာပေတင်မကဘဲ ကလေးရုပ်မြင်သံကြားလိုင်းကို သီးသန့်ထားပေးပြီး ကလေးဆိုင်ရာ ပညာရှင်တွေက တာဝန်ယူ စီစဉ်ပြီးတော့ ထုတ်လွှင့်ပါတယ်။ ကလေးကစားစရာ ကိုတောင်မှ သေချာ စမ်းသပ် စီစဉ်ပြီးမှ ကလေးဥာဏ်ရည် ဖွံ့ဖြိုးဖို့ အားပေးပြီး ကလေးအတွက် အန္တရာယ် ကင်းတဲ့ ကစားစရာမျိုးကိုပဲ တီထွင်ပြီး ထုတ်တာပါ။ အများအားဖြင့်တော့ နိုင်ငံတကာမှာက မျက်မှောက်ခေတ်အတွက် အရေးတကြီး လုပ်ရမယ့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းဟာ ကလေး တွေကို ဘက်စုံဖွံ့ဖြိုးအောင် မွေးဖို့ပဲလို့ နားလည်ပြီး အားတက်သရော လုပ်နေကြတာပါ။

ထိုင်းနိုင်ငံမှာကျတော့ ကလေးတွေရဲ့ ပညာရေးနဲ့ စာပေကဏ္ဍမှာ ထိုင်းရိုးရာ ယဉ်ကျေးမှုအခြေခံတဲ့ ပုံပြင်တွေ ကာတွန်းတွေနဲ့ နိုင်ငံတကာ ကလေးစာပေတွေကို ထိုင်းဘာသာနဲ့ ပြန်ဆိုထားတဲ့ ကလေးစာပေတွေ အများကြီးရှိတာတွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာ ကလေးစာပေသီးသန့်ရောင်းတဲ့ စာအုပ်ဆိုင် တွေတောင်ရှိတာပါ။ ပြီးတော့ ရုပ်မြင်သံကြား အစီအစဉ်တွေကလဲ ကလေးပညာပေးကဏ္ဍတွေ နေ့တိုင်းလွှင့်ပေးပြီး သူတို့ရဲ့ နူးညံ့သိမ်မွေ့ တဲ့ ဓလေ့နဲ့ ရိုးရာယဉ်ကျေးမှုတွေကို ဖေါ်ထုတ်တဲ့ အကြောင်းအရာတွေ များပါတယ်။ အဲဒါကြောင့်ပဲ ရုပ်ဝတ္ထုထွန်းကားတဲ့ခေတ်ထဲမှာ ထိုင်းလူမျိုးတွေဟာ အတုယူစရာ ကောင်း လောက်အောင် စိတ်နှလုံးနူးညံ့ပြီး ယဉ်ကျေးသိမ်မွေ့တဲ့ အမူအယာတွေ ရှိနေသေးတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာကတော့ ကလေးအစီအစဉ်နည်းပါးလှပြီး အချိန်ပေးတာလည်း နည်းလှပါတယ်။ ပြီးတော့ တင်ဆက်ထားတာတွေကလည်း အဟောင်းတွေကိုပဲ ထပ်ပြန်တလဲလဲ ပြတာမို့ ကလေးတွေက စိတ်မ၀င်စားတော့ပါဘူး။ ကလေးတွေ စွဲမက် လောက်စရာ အကြောင်းအရာ ဗဟုသုတလည်း မပါဘဲ ခေတ်လည်း မမီတော့တဲ့ ညောင်ပင် တစ္ဆေ လို ကစားနည်းမျိုးကို ပြတာမို့ ကလေးတွေအတွက် အကျိုး မရှိလှပါဘူး။ ကလေးတွေ အတွက် မြ၀တီရုပ်မြင်သံကြားက အမေးကမ္ဘာလို အစီအစဉ်မျိုး လုပ်ပေးတော့လဲ ကလေးတွေ အတွက် အကျိုးမရှိတဲ့ ၊ သရုပ်ဆောင်နာမည်တွေ၊ အာဏာပိုင်တွေ ၀ါဒဖြန့်တဲ့ လမ်းဖောက် တံတားဆောက် မေးခွန်းတွေ ကြော်ငြာကုန်ပစ္စည်း နာမည်တွေ၊ မေးတာမို့ အကျိုးမရှိတဲ့အပြင် ကလေးတွေကို လမ်းလွဲအတုယူ သွားစေတဲ့ အစီအစဉ်ပါပဲ။ မြန်မာနိုင်ငံဟာ ကလေးပညာရေး အတွက် စာအုပ်စာပေ မထွန်းကားရတဲ့အထဲ ပျံ့နှံ့လွယ်တဲ့ ရုပ်မြင်သံကြားအစီအစဉ်ကတောင် အဆိပ်အတောက် ဖြစ်နေတဲ့အတွက် ကလေးတွေရဲ့ အနာဂတ်အတွက် အားရစရာ မရှိပါဘူး၊၊

ကလေးတွေအတွက် စံပြဖြစ်စရာ အကြောင်းအရာတွေအများ ကြီးပါတဲ့ ကလေးစာပေ တွေ အများဆုံး ထွက်တာကတော့ ဂျပန်နိုင်ငံပါ။ ဂျပန်နိုင်ငံဟာလဲ ရုပ်မြင်သံကြားမှာ ကလေးအစီအစဉ်ကို သီးခြား တစ်လိုင်း ပေးထားတာပါ၊ ကလေးစာပေတွေရော ရုပ်မြင်သံကြား အစီအစဉ်တွေရောကို သူတို့ လူမျိုး၊ ဘာသာ၊ ဓလေ့ ထုံးစံ နဲ့ ကိုက်ညီတဲ့ ဇာတ်လမ်းတွေ အဖြစ်အပျက်တွေနဲ့ ဖန်တီးထားတာမို့ ကလေးတွေနဲ့ သင့်တော်လှပါတယ်။ ပြီးတော့ ကလေးတွေရဲ့ စာဖတ်တဲ့ အလေ့အထကို ပျိုးထောင်ပေးတဲ့အနေနဲ့ မူလတန်းမှာကတည်းက အတန်း အချိန်ဇယားထဲမှာ စာကြည့်တိုက်အချိန်လို့ ထည့်ထားပါတယ်။ ကလေးစာပေ ထွန်းကားဖို့ အတွက် အစိုးရကိုယ်တိုင်က အများကြီး ပံ့ပိုးပေးထားပါတယ်။ ဒါကြောင့်ပဲ ဂျပန်နိုင်ငံဟာ ပညာရှင်တွေ အများကြီး မွေးထုတ်နိုင်တာလို့ ထင်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ကျမတို့ငယ်စဉ်က တေဇရုပ်စုံ၊ ရွှေသွေး၊ ရွှင်ပြုံးတို့လို ဂျာနယ်တွေ အမျိုးမျိုးရှိသလို ပုံပြင်စာအုပ်တွေ ၅၅၀ဇာတ်တော် အခြေခံ ရုပ်စုံစာအုပ်တွေ၊ ကလေးကာတွန်း လုံးချင်းတွေ၊ ကလေးကဗျာစာအုပ်တွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် ရွှေသွေးတို့ တေဇတို့ မိုးသောက်ပန်းတို့ဟာ ကလေးတွေအတွက် လူမှုရေး ပညာရေးတွေနဲ့ ဆိုင်တဲ့ အတုယူ လိုက်နာစရာတွေ အများကြီးပေးနိုင်တဲ့ စာစောင်တွေပါ။ ၈၈အရေးတော်ပုံ နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ ပညာရေးကဏ္ဍနဲ့အတူ ကလေးစာပေ ကဏ္ဍ ဟာလည်း ယိုယွင်းပျက်စီးတဲ့ လှိုင်းထဲ ပါကုန် ပါတယ်။

နောက်တော့ စာအုပ်ဈေးတွေ ထိုးတက်သွားတာနဲ့အတူ စားဝတ်နေရေး အကျပ် အတည်းကြောင့် ပြည်သူလူထုအနေနဲ့ စာအုပ်စာပေအတွက် ငွေကုန် မခံနိုင်ကြတော့တဲ့ အခြေအနေကို ရောက်လာပါတယ်။ အထူးသဖြင့် ၈၈နောက်ပိုင်း အာဏာပိုင်တွေက ကလေးတွေရဲ့ ပညာရေးနဲ့ ကလေးတွေရဲ့ ဘက်စုံဖွံ့ဖြိုးရေးကို အားမပေးတာကြောင့် ကလေးစာပေတွေ ကလေးအစီအစဉ်တွေဟာ မရှိတော့သလောက် ဖြစ်လာပါတယ်။ အဲဒီအခါ ကလေးတွေကလည်း မဖြစ်မနေ ဖတ်ကြရမယ့် ကျောင်းစာအုပ်ကလွဲရင် တခြား အပြင်စာ မဖတ်ကြ တော့တဲ့ အခြေအနေ ဖြစ်လာပါတယ်။ ၁၉၉၂ နောက်ပိုင်းမှာတော့ ပူတူတူးလေး၊ ပလုတ်တုတ်၊ ရွှေသွေး၊ တတိုင်းမွှေး တို့လို ကလေးစာအုပ်တွေ ကာတွန်းရုပ်စုံတွေ ပုံပြင်စာအုပ်တွေ ထွက်လာပါတယ်။

အဲဒီမှာ ကလေးဟာသတွေ တွေ့ရပေမဲ့ များသောအားဖြင့် ရယ်စရာဖြစ်အောင် အတင်းဇွတ် ဖန်တီး ထားတာ တွေသာ များပြီးတော့ ကလေးတွေ အတုယူစရာ ဘ၀ အတွေ့ အကြုံတွေ၊ ဗဟုသုတပေးတဲ့ အသိပညာ အတတ် ပညာတွေ၊ တိုင်းရင်းသားလူမျိုးစု အကြောင်းတွေနဲ့ သက်ဆိုင်ရာ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ ထည့်ပေး တာမျိုး မတွေ့ရ သလောက် ပါပဲ။

၂၀၀၅ခုနှစ်ထဲမှာတော့ အကျိုးအမြတ် မကြည့်တဲ့ စာပေတိုက်တချို့ကြောင့် အင်္ဂလိပ်စာ လေ့ကျင့်သင်ခန်းစာတို့၊ ကိုယ်ကျင့်တရားတန်ဖိုးကို ဦးတည်တဲ့ ပုံပြင်စာအုပ် တို့လို ကလေးစာပေကောင်းတွေ တော်တော် ထွက်လာ ပါတယ်။ ဒါဟာ ကိုယ့်သားသမီးကို မြင့်မြတ်တဲ့စိတ်ထား ရှိစေချင်တဲ့ လိမ်မာရေးခြားရှိစေချင်တဲ့ မိဘတွေ အတွက်တော့ အခွင့်ကောင်း တစ်ခုပါပဲ။

ဒါကြောင့်မို့ မြန်မာနိုင်ငံမှာ ခေတ်အခြေအနေအရ စာအုပ်ဈေးကြီးပေမဲ့ ကလေးစာပေ စစ်စစ်ဟာ ကလေးတွေ ရဲ့ ဘ၀နဲ့ ပညာရည် ဖွံ့ဖြိုးဖို့အတွက် အားဆေးတစ်မျိုး ဖြစ်တာမို့ ကလေးတွေ စာဖတ်ခွင့်ရအောင် စီစဉ်ပေးဖို့ဟာ မိဘတွေအနေနဲ့ သမိုင်းပေး တာဝန် တစ်ရပ်လို တာဝန် ကျေကြရမှာ ဖြစ်ပါတယ်။

မေငြိမ်း (ဇန်န၀ါရီ၊၂၀၀၆)

Monday, July 30, 2007

ပညာရေး အကျပ်အတည်း (၄)

အားလုံးအတွက် ပညာရေး

၁၉၄၈ခုနှစ် ဒီဇင်ဘာလ ၁၀ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကနေပြီး အတည်ပြု ပြဌာန်းခဲ့တဲ့ လူ့အခွင့်အရေး ကြေငြာစာတမ်း (Universal Declaration of Human Rights) ရဲ့ အပိုဒ်၂၆မှာ လူတိုင်း ပညာသင်ကြားပိုင်ခွင့်ကို အတိအလင်း ထည့်ပြီး ပြဌာန်းထားပါတယ်။ ၁၉၉၄ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ စပိန် နိုင်ငံ ဆလာမန်ကာမြို့ အပြည်ပြည်ဆိုင်ရာ ပညာရေးဆွေးနွေးပွဲ (Salamanca Education Forum) က ထုတ်ပြန် ကြေငြာချက် ထဲမှာလည်း “ပညာရေးဆိုင်ရာ အကူအညီလိုအပ်သူများ” (Special Education Needs) သည် ပုံမှန်ကျောင်းများတွင် တက်ရောက် သင်ကြားနိုင်ခွင့်ရှိသည်။ စာသင်သား ဗဟိုပြု ပညာရေးအစီအစဉ် (Student centered teaching) ဖြင့် ဤကျောင်းသားများ၏ လိုအပ်ချက်များ ကို ဖြည့်ဆည်းပေးရမည် လို့ အချက် တချက်အနေနဲ့ အတိအလင်း ပါပါတယ်။


ကမ္ဘာ့နိုင်ငံတော်တော်များများဟာ ကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သက်ရင် ကလေးသူငယ်များ အခွင့်ရေးဆိုင်ရာ သဘောတူစာချုပ်(Convention of the Rights of the child – CRC) ပါ အချက် အလက်တွေကို လိုက်နာကြတာ တွေ့ရပါတယ်။ ကလေးတွေအတွက် အခမဲ့ ပညာသင်ခွင့် သတ်မှတ်ပေးထား တဲ့အပြင် ကလေးအားလုံး ကျောင်းနေနိုင်အောင် မိဘကို အထောက်အပံ့ ပေးထားတာမျိုးတွေလည်း တွေ့ရပါတယ်။ အထူးသဖြင့်တော့ အကြောင်းအမျိုးမျိုးကြောင့် ပုံမှန်မဟုတ်ဘဲ ကိုယ်အင်္ဂါ အစိတ်အပိုင်း ချို့ယွင်းနေတဲ့ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေတဲ့ ကလေးတွေအတွက် Special Education ဆိုပြီး ပညာ သင်ယူနိုင်ရေး စီစဉ်ပေးတာပါပဲ။ နိုင်ငံတကာမှာတော့ အဲဒီလို ကလေးတိုင်းအတွက် ပညာရေး (Inclusive Education) အစီအစဉ်ကို ၁၉၈၀နောက်ပိုင်းမှာ တဟုန်ထိုး ဆောင်ရွက် လာခဲ့ပါတယ်။

ကလေးတိုင်းဆိုတာဟာ ဆွံ့အ နားမကြား၊ မျက်မမြင် ကနေ စလို့ အာရုံကြောချို့တဲ့နေတဲ့ ကလေးတွေ၊ ခြေ လက် စသဖြင့် မသန်စွမ်းတဲ့ ကလေးတွေ Dawn Syndrome လို့ခေါ်တဲ့ မွန်ဂိုရုပ် လက္ခဏာဆန်တဲ့ မွေးရာပါ အာရုံကြောနဲ့ ဥာဏ်ရည် အားနည်းတဲ့ ကလေးတွေကိုပါ ပညာသင်ယူနိုင်အောင် စီစဉ်ပေးထားတာပါ။ အဲဒီ ကလေးတွေရဲ့ လက္ခဏာအခြေအနေတွေကို လိုက်ပြီး သင်ရိုး အဆင့်အတန်းတွေ အဆင့်ဆင့် ခွဲထားတဲ့ ကျောင်း တွေ၊ အတန်းတွေမှာ ပညာသင်နိုင်ပါတယ်။ ပြီးတော့ ကျောင်းတွေမှာ သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာတွေနဲ့ ကြပ်မတ် ကွပ်ကဲပေးပါတယ်။ ပြီးတော့ စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ခန္ဓာ ကျန်းမာရေးတွေကိုပါ ပုံမှန် ဆေးကုသ ခံ နိုင်ဖို့လည်း စီစဉ်ပေးထားပါတယ်။ အဲဒီ Special Education ဟာလဲ အခမဲ့ပဲ ဖြစ်ပါတယ်။ ဆေးဝါး၊ နေ့လယ် စာ၊ ကျောင်းဝတ်စုံ၊ စာရေးကိရိယာ နဲ့ ဖယ်ရီကား အကြိုအပို့ အားလုံး အခမဲ့ ပေးပါတယ်။

သိပ်ပြီး အခြေအနေမဆိုးတဲ့ ကလေးတွေကတော့ မိဘ ဆရာနဲ့ သက်ဆိုင်ရာ ဆရာဝန်တို့ ညှိနှိုင်းဆုံးဖြတ်ပြီး ပုံမှန်ကျောင်းတွေမှာ ပုံမှန်ကလေးများနဲ့ ရောပြီး Inclusive Education အဖြစ် ပညာသင်ယူနိုင်ပါတယ်။ အထူးသဖြင့် အာရုံကြောချို့တဲ့ တဲ့ ကလေးတွေနဲ့ Dawn အုပ်စုဝင် ရောဂါရှင် ကလေးတွေဟာ သူတို့ရဲ့ ဥာဏ်ရည်အဆင့်ကို လိုက်ပြီး အတန်းတွေ ရနိုင်ပါတယ်။ မြန်မာနိုင်ငံနဲ့ အနီးဆုံး ထိုင်းနိုင်ငံမှာလဲ Special Education စီစဉ်ပေးထားနိုင်တာ တွေ့ရပါတယ်။ ကျောင်းမှာ အဲဒီလို ကလေးတွေကို စောင့်ရှောက်ဖို့အတွက် အထူး ဆရာ ဆရာမလည်း ထားပေးတာမို့ ကလေးဟာ သိသိသာသာပဲ ဥာဏ်ရည် တက်လာနိုင်ပြီး ပုံမှန်ကလေးတွေ အနေနဲ့လဲ ချို့တဲ့ကလေးကို မြင်နေကျ ဖြစ်သွားတဲ့အတွက် ခွဲခြားဆက်ဆံတာမျိုး မလုပ်ကြတော့ပါဘူး။ ပြီးတော့ မိဘတွေရဲ့ စောင့်ရှောက် ပံ့ပိုးနိုင်မှုအပေါ် မူတည်ပြီး သူတို့ လက်ခံနိုင်စွမ်း ရှိသလောက် အတိုင်းအတာအထိ ပညာသင်ယူခွင့်လည်း ရကြပါတယ်။ အသက်မွေးဝမ်းကျောင်း ဘာသာရပ် တွေတင် မကဘဲ တက္ကသိုလ်အဆင့်ထိအောင် Special Education အစီအစဉ် ရှိပါတယ်။

အာရှနိုင်ငံ အတော်များများရဲ့ ရုပ်မြင်သံကြား သတင်းအစီအစဉ်နဲ့ အရေးကြီးတဲ့ အစီအစဉ်တွေမှာဆိုရင် ဆွံ့ အ နားမကြား သူတွေ သုံးတဲ့ လက်အမူအယာသင်္ကေတ (Sign Language) နဲ့ သတင်းကြေညာပေးတဲ့ အစီအစဉ် မျိုးတောင် ထည့်သွင်း ပေးထားတာပါ။ အဲဒီအခါ အာရုံကြော အားနည်းချို့တဲ့ပေမဲ့ လူ့ဘ၀ထဲမှာ သူများနဲ့ တန်းတူ ကျင်လည်ခွင့်ရကြတဲ့အတွက် သိပ်ကြီးမားတဲ့ လူ့အခွင့်အရေး ဆုံးရှုံးမှုမျိုး မခံစားရတော့တာကို တွေ့ရ ပါတယ်။

မြန်မာနိုင်ငံမှာတော့ ပုံမှန်ကလေးတွေတောင် ၃၉ရာခိုင်နှုန်းလောက်က ကျောင်းမနေကြရတာမို့လို့ ဆွံ့ အ နားမကြား ကနေစပြီး အာရုံကြောချို့ယွင်းတဲ့ ကလေးတွေ၊ ဒုက္ခိတကလေးတွေ ဆိုရင်တော့ အခွင့်အရေးတွေ ပိုဆုံးရှုံးပြီး ဘ၀တွေလည်း အများကြီး ဆုံးရှုံးနေကြရပါတယ်။ မိဘတွေ အနေနဲ့ အဲလို ကလေးမျိုးမွေးလာခဲ့ရင် တစ်ဘ၀စာလုံး ဒုက္ခရောက်ရပြီလို့ကို မှတ်ယူကြရပါတယ်။ မသန်မစွမ်း ကလေးများအတွက် ကျောင်းတွေ အပြည့်အစုံ စီစဉ်ပေးတာမျိုး မရှိပါဘူး။ မြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာ တောင်မှပဲ အရင်က မေရီချက်ပ်မင်းလို့ လူသိများတဲ့ ဒဂုံမြို့နယ်က ဆွံ့ အ နားမကြားကျောင်း တစ်ကျောင်းနဲ့ ကြည့်မြင်တိုင်မြို့နယ်က မျက်မမြင် ကျောင်းတစ်ကျောင်း ဒါပဲ ရှိတာပါ။ အဲဒီမှာလည်း ငွေကြေးတတ်နိုင်တဲ့ မိဘတွေကသာ မသန်မစွမ်း ကလေးတွေအတွက် ပညာရေးကို စီစဉ်ပေးနိုင်ကြ ပါတယ်။ နယ်မြို့တွေက မသန်မစွမ်း ကလေးတွေဆိုရင်တော့ ဒီအတိုင်း အိမ်မှာ အချိန်ကုန်ရင်း မိသားစုဝင်တွေရဲ့ ၀န်ထုပ်ဝန်ပိုးတွေ အဖြစ်နဲ့ နေသွားကြရတာပါ။

ဒါကြောင့် မြန်မာနိုင်ငံမှာ မသန်မစွမ်း ကလေးတွေ ရဲ့ ဘ၀ဟာ လူ့အခွင့်အရေးတွေ အများကြီး ဆုံးရှုံး နေကြ ရ တယ်လို့ ဆိုရမှာပါ။ တခါတလေမှာ မိသားစုကရော ပတ်ဝန်းကျင်ကပါ ကျဉ်ထား ပစ်ပယ် ထားတာကိုလည်း ခံနေကြရပါတယ်။ မသန်မစွမ်း ကလေးဟာ မိန်းကလေးဖြစ်ခဲ့ရင်တော့ မိန်းကလေး သဘာဝအရ အရွယ် ရောက်ချိန်မှာ လိင်ပိုင်း ဆိုင်ရာ အကျူးကျော် ခံရတဲ့ ပြဿနာမျိုးတွေကို အမြဲတမ်း လိုလို ရင်ဆိုင်ရပြီး တခါတလေမှာ သားမွေးလိုက်ရတဲ့ အခြေနေအထိ ရောက်သွားရတာတွေတောင် အများကြီး ရှိပါတယ်။

စင်္ကာပူနိုင်ငံမှာတော့ သူ့နိုင်ငံ အရွယ်အစားနဲ့ မမျှအောင်ဘဲ အစိုးရက တည်ထောင်ပေးထားတဲ့ မသန်မစွမ်း ကျောင်း ၂၁ကျောင်း ရှိပါတယ်။ အဲဒီကျောင်းတွေမှာ ဆရာ၊ မိဘနဲ့ သက်ဆိုင်ရာ ဆရာဝန်တို့၊ ဆေးပညာရှင်တို့ သုံးပွင့်ဆိုင် ညှိနှိုင်းပြီး ကလေးရဲ့ ကျန်းမာရေးနဲ့ ဥာဏ်ရည် အဆင့်အလိုက် လူမှုဆက်ဆံရေး နယ်ပယ်ကနေ စပြီး အသက်မွေးဝမ်းကျောင်းပညာအထိ သင်ယူသွားနိုင်ပါတယ်။ အဲဒီ ကလေးတွေဟာ လေ့လာရေးခရီးတွေ လူမှုရေးခရီးတွေပါ သွားကြရတာမို့ သူတို့ဟာ စိတ်ဓါတ်ဖွံ့ဖြိုးပြီး ပျော်ရွှင်တဲ့ လူသားတွေအနေနဲ့ ကြီးပြင်းကြရ ပါတယ်။ သင်ကြားရေးအစီအစဉ်တွေကလဲ စာတွေ့နဲ့ လက်တွေ့ကို စနစ်တကျ ပေါင်းစပ်ထားတဲ့အပြင် အားကစား ဘာသာရပ်ကိုလဲ သင်ယူကြရပါတယ်။ မသန်မစွမ်းကလေးတွေကို ပညာရေးတင်မက အသက်မွေး ၀မ်းကျောင်း အလုပ်လုပ်နိုင်တဲ့အထိပါ ဖန်တီးပေးတဲ့ အထူးပညာရေးပဲ ဖြစ်ပါတယ်။ Special Education ဟာ နိုင်ငံတကာမှာ နည်းစနစ်ချင်း သိပ်မကွာလှဘဲ အစိုးရက အများကြီး ပံ့ပိုးပေး ထားတာမှာလဲ အတူတူပါပဲ။

တကယ်တော့ ကလေးတိုင်းအတွက် ပညာရေး (Inclusive Education) ဟာ လူသား အချင်းချင်း ခွဲခြား ဆက်ဆံတဲ့ အမြင်သဘောထားတွေကို ကင်းစင်အောင် တိုက်ဖျက်ဖို့ ငြိမ်းချမ်းသာယာတဲ့ လူမှုဆက်ဆံရေး ဖြစ်ထွန်းဖို့နဲ့ လူသားတိုင်းရဲ့ စွမ်းဆောင်နိုင်ရည် မြင့်မားစေဖို့ဆိုတဲ့ Salamanca Forum က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ပါ ရည်ရွယ်ချက်တွေနဲ့ စီစဉ်လှုပ်ရှားကြတာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာကတော့ ကလေးတွေရဲ့ ပညာရေး၊ အထူးသဖြင့် မသန်မစွမ်း ကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သက်ရင် အစိုးရအဆက်ဆက်က ပံ့ပိုးကူညီမှု မရှိခဲ့တာမို့ မိဘများနဲ့ ဆရာများက တတ်နိုင်သလောက် စီစဉ် ပေးမှပဲ မျိုးဆက်သစ်တွေနဲ့ လူ့ဘောင်ဘ၀ တိုးတက်ရေးအတွက် ကြိုးပမ်းပေးရာ ရောက်မှာ ဖြစ်ပါတယ်။

ဇန်န၀ါရီလ၊၂၀၀၆။

ပညာရေး အကျပ်အတည်း (၃)

မူလတန်း နှင့် ကလေး၏ ဖွံ့ဖြိုးခွင့်

ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံကြီးတွေမှာ ပညာရေးနဲ့အတူ ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတွေကို အားစိုက်ခွန်စိုက် လုပ်နေကြပါ တယ်။ နိုင်ငံတကာ ကလေးအခွင့်အရေး စာချုပ် (Convention on the Rights of the Child - CRC) ထဲမှာ Development Rights ဆိုပြီး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အရေးများ ဆိုတာ ပါပါတယ်။ ကလေးတွေအနေနဲ့ သူတို့ စွမ်းရည် ရှိသမျှ ဖွံ့ဖြိုးတိုးတက်ပိုင်ခွင့် ဖြစ်ပါတယ်။ ဥပမာ… ပညာသင်ကြားခွင့်၊ အားကစား နှင့် အပန်းဖြေ အနားယူခွင့်၊ လွတ်လပ်စွာတွေးခေါ်ခွင့် နဲ့ ကိုးကွယ်ယုံကြည်ခွင့်တွေပဲ လို့ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံက မူလတန်းပညာရေးမှာ သူငယ်တန်းကနေ နှစ်တန်းထိကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ နဲ့ သဘာဝသိပ္ပံဘာသာတွေ သင်ပါတယ်။ (၃)တန်းနဲ့ (၄)တန်းရောက်မှ သမိုင်းနဲ့ ပထ၀ီဝင် တိုးလာပါတယ်။ ကလေးဘ၀မှာ တကယ်လိုအပ်တဲ့ လောကနီတိ၊ မေတ္တာတရား၊ ကိုယ်ကျင့်တရား နဲ့ ပတ်သက်တာတွေ မပါပါဘူး။ ကလေးတွေရဲ့ စာသင်ချိန် အချိန်ဇယားမှာ ဖွံ့ဖြိုးရေးအချိန် ဆိုတာ ပါပေမယ့် အဲဒီ အချိန်မှာ ကလေးတွေက အတန်းပိုင်ဆရာမရဲ့ အလိုကျ လိုက်ပြီးတော့ အပြန်အလှန် ပုံပြောတာတို့၊ အရုပ်ရေးတာတို့ လုပ်နိုင်ပါတယ်၊ သင်ရိုး သေသေချာချာ သတ်မှတ်ပေးထားတာမျိုး မရှိပါဘူး။ ဒါပေမယ့် ဆရာဆရာမတွေရဲ့ စိတ်မရှည်နိုင်မှုကြောင့် စာရေးခုံပေါ် တံတောင်ဆစ်ကွေး မှောက်အိပ်ပြီး သက်သောင့်သက်သာမရှိဘဲ ငြိမ်ငြိမ်လေး အိပ်နေကြ ရတာပဲ များပါတယ်။

မြန်မာနိုင်ငံမှာ ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်ခွင့်နဲ့ ပတ်သက်ရင် ပိုဆိုးတာ ကတော့ ဗမာ မဟုတ်တဲ့ တခြား တိုင်းရင်းသားကလေးတွေအတွက် မိခင်ဘာသာစကား သင်ကြားခွင့် မရှိတာပါပဲ။ အဲဒါဟာ ကလေးတွေရဲ့ အသိဥာဏ်ပညာ ဖွံ့ဖြိုးတိုးတက်မှု ကိုလည်း နှောင့်နှေးစေပါတယ်။ ဗမာစကား၊ ဗမာပတ်ဝန်းကျင်နဲ့ ဝေးပြီး ဗမာစာနဲ့လဲ အလွယ်တကူ မနီးစပ်နိုင်တဲ့ တိုင်းရင်းသား ကလေးတွေ ခမျာ စာမလိုက်နိုင်တဲ့ ပြဿနာနဲ့ ရင်ဆိုင်ကြရပါတယ်။ တိုင်းရင်းသားကလေးတွေဟာ ကျောင်းမှာ မြန်မာစာ သင်ချိန်က လွဲလို့ တခြား အချိန်တွေမှာ သူတို့ရဲ့ မိခင်ဘာသာစကားကိုပဲ သုံးကြတာပါ။ ဒီတော့ မြန်မာစာလည်း မတတ်၊ မြန်မာလို သင်ရတဲ့ အတွက် မူရင်းဘာသာရပ်ကိုလည်း မတတ်တော့ဘဲ တကယ့်ကို စာမတတ်တဲ့ ကလေးတွေသာ တိုးပွားလာတာပါပဲ။

ထိုင်းနိုင်ငံရဲ့ မူလတန်းသင်ရိုးမှာတော့ သူငယ်တန်းလေးကစပြီး အင်္ဂလိပ်စာ၊ သင်္ချာ၊ မိခင်ဘာသာစကား၊ သဘာဝသိပ္ပံ နဲ့ အတူ ဂီတ၊ သီချင်း၊ ကဗျာ၊ လက်မှုအနုပညာ၊ ရိုးရာယဉ်ကျေးမှုတွေ သင်ပါတယ်။ အဲဒီ သင်ရိုးတွေကိုပဲ အတန်း အဆင့် အလိုက် နည်းနည်းစီ တိုးမြှင့်ပြီး သင်သွားပါတယ်။ အင်္ဂလိပ်စာက လွဲပြီး ကျန်တဲ့ ဘာသာရပ် အားလုံးကို မိခင်ဘာသာစကားနဲ့ပဲ သင်ပါတယ်။ ဒါကြောင့် ကလေးတွေဟာ သူတို့ သင်ပြီးသမျှ သင်ခန်းစာတွေကို ပိုင်ပိုင်နိုင်နိုင် နားလည်ကြ၊ သိကြ တတ်ကြတဲ့အတွက် ဘက်စုံ ဖွံ့ဖြိုး တိုးတက်ခွင့် ရကြတယ်လို့ ဆိုနိုင်ပါတယ်။

စင်္ကာပူမှာကျတော့ မူလတန်းသင်ရိုးမှာ သင်္ချာ၊ အနုပညာ၊ လက်မှုပညာ၊ ဂီတ၊ ကာယပညာ၊ လူမှုရေးဘာသာတွေအပြင် Civics and Moral ဆိုတဲ့ လောကနီတိ နဲ့ ကိုယ်ကျင့်တရားဘာသာရပ်ကို ပြဌာန်းထားပါတယ်။ အဲဒီဘာသာရပ်ရဲ့ အောက်မှာ Humanaty နဲ့ Aesthetics ဆိုပြီး လူမှုဘာသာရပ်နဲ့ ရသပညာကို သင်ပါတယ်။ အဲဒီ သင်ရိုးတွေဟာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ စာရိတ္တဖွံ့ဖြိုးရေး ကို ဦးတည်တဲ့ သင်ခန်းစာတွေပါ။Grade 3, 4 ကို ရောက်ရင်တော့ သိပ္ပံတစ်ဘာသာ တိုး သင်ပါတယ်။ အဲဒီမှာ ကွန်ပျူတာဘာသာကိုထည့်သင်ပါတယ်။ စင်္ကာပူမှာက နိုင်ငံတကာအဆင့်မီစနစ်အတိုင်း စာသင်ခန်း တစ်ခန်း ကို ကျောင်းသား အယောက်သုံးဆယ်ပဲ ထားတာမို့လို့ ကလေးတိုင်း ကွန်ပျူတာ ကိုင်နိုင်ပြီး ဆရာဆရာမကလဲ ကလေးတစ်ယောက်ဆီ ရဲ့ အရည်အသွေး ဖွံ့ဖြိုးမှုကို သေချာ အကဲခတ် နိုင်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ပညာရေးစနစ်အတွက် စံပြထားတဲ့ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်းမှာတောင် မှပဲ စာသင်ခန်းတစ်ခန်းမှာ အနည်းဆုံး ကျောင်းသား ဦးရေ အယောက်၈၀ ထားပါတယ်။ စာသင်ခန်းကလည်း ခပ်ကျဉ်းကျဉ်းမို့ ကလေး တွေဟာ ကျပ်ကျပ်တည်းတည်းနေရပြီး တစ်ယောက်နဲ့ တစ်ယောက်ကလည်း နီးကပ်လွန်းတာမို့ စာသင်ယူရာမှာ အာရုံဝင်စားမှု နည်းသွားစေပါတယ်၊ ဒါကြောင့် တစ်ယောက်ချင်းရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်းထိခိုက် စေပါတယ်။ မြန်မာကလေးတွေခမျာ စာအုပ်စာတမ်း ကစပြီး သင်ကြားရေး အထောက်အကူပြု ပစ္စည်းတွေ မစုံမလင်နဲ့ပဲ ဘွဲ့တွေရတဲ့အထိ ယိုင်နဲ့နဲ့ သွားကြရရှာတာပါ။

ဂျပန်နိုင်ငံကျတော့ ကျောင်းတွေမှာ ကလေးတွေကို နေ့လယ်စာ ကျွေးတာကို တောင် အာဟာရတန်ဖိုး တွက်ပြီး ကျွေးပါတယ်။ ကျောင်းပညာရေးထဲမှာ အားကစားကို မသင်မနေရ ဘာသာရပ် တစ်ခုအဖြစ် ထည့်ထားပြီး ရေကူးသင်တဲ့ ဘာသာရပ်တောင် ရှိပါတယ်။ မြန်မာနိုင်ငံမှာကတော့ ကျောင်းတွေ တော်တော် များများက နေရာကျယ်ကျယ် မရှိတာကြောင့် ကလေးတွေရဲ့ ကိုယ်ကာယ ကျန်းမာ ဖွံ့ဖြိုးရေးအတွက် ပြေးလွှား ကစားစရာ နေရာလဲ မရှိပါဘူး။ပြီးတော့ နေရာကျယ်ကျယ်မလိုတဲ့ ကာယလှုပ်ရှားမှုမျိုးတွေ လုပ်ပေးတာမျိုးလည်း မရှိပါဘူး။ တကယ်တော့ ကလေးတွေရဲ့ ကိုယ်စိတ်နှစ်ပါး ကျန်းမာဖို့အတွက် ဆိုရင် ကျောင်းတွေမှာ ကျောင်းသင်ခန်းစာ တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ကစားခွင့်ရရေးနဲ့ အစားအသောက်အနေအထိုင်ကို စနစ်တကျ ပြုစု စောင့်ရှောက် ပေးတာဟာလည်း ကလေးတွေအတွက် အခြေခံပညာရေး မှာ အရေးပါတဲ့ လိုအပ်ချက်တွေဖြစ်ပါတယ်။

ကလေးတွေရဲ့ ဖွံ့ဖြိုးခွင့်နဲ့ပတ်သက်ရင် ဂျပန်နိုင်ငံရဲ့ နောက်ထပ် အားကျစရာကောင်းတဲ့ နောက် အချက် တစ်ချက်ကတော့ ကလေးစာပေ ထွန်းကားတာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံက ကလေးတွေမှာတော့ ပညာရေးစနစ်ရဲ့ အထွေထွေ အားနည်းမှုတွေ ကြောင့် ဖွံ့ဖြိုးတိုးတက်ခွင့် မရရုံသာမကဘဲ စိတ်ပိုင်းစာရိတ္တပိုင်းတွေမှာပါ ယိုယွင်း ပျက်စီး လာနေပါတယ်။ ကလေးစာပေဟာ ကလေးတွေ ရဲ့ ဥာဏ်ရည်နဲ့ စာရိတ္တဖွံ့ဖြိုးရေးအတွက် အလွန်လိုအပ်တဲ့ သင်ထောက်ကူပစ္စည်း တမျိုးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကလေးစာပေထွန်းကားရေးနဲ့အတူ ကလေးတွေ စာဖတ်ကျင့်ရလာအောင် လေ့ကျင့်ပေးခြင်း ဟာ လည်း ခုချိန်မှာ ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်ခွင့်ကို တတ်နိုင်သလောက် တနည်းတဖုံ ဖန်တီးပေးရာ ရောက်တယ်ဆိုတာကို ဆွေးနွေးတင်ပြ လိုက်ပါတယ်။

မေငြိမ်း(၂၈၊၁၂၊၀၅)

Sunday, July 29, 2007

Formal vs Non-Formal Education

This is a repost of what ko soe htet mentioned at NGO website forum

Here's some definitions regarding formal and nonformal education.

Formal education is properly associated with schools. A more precise definition is supplizd by Coombs (1973), “the hierarchically structured, chronologically graded educational system running from primary school through the university and including, in addition to general academic studies, a variety of specialized programs and institutions for full-time technical and professional training”.

Nonformal education is instruction that is not obligatory and structured and is learned outside the context of a formal school. The term is often used in reference to adult education.

Nonformal (NFE) has been defined (Kleis. 1973. p. 6) as any intentional and systematic educational enterprise (usually outside of traditional schooling) in which content is adapted to the unique needs of the students (or unique situations) in order to maximize learning and minimize other elements which often occupy formal school teachers (i.e. taking roll, enforcing discipline, writing reports, supervising study hall, etc.). Nonformal education is more learner centered than most formal education. It has to be Learners can leave anytime they are not motivated. NFE tends to emphasize a cafeteria curriculum (options, choices) rather than the prescribed, sequential curriculum found in schools. In NFE human relationships are more informal (roles of teachers and students are less rigid and often switch) than in schools where student-teacher and teacheradministrator roles are hierarchical and seldom change in the short term. NFE focuses on practical skills and knowledge while schools often focus on information which may have delayed application. Overall NFE has a lower level of structure (and therefore more flexibility) than schools.

Even less structured is informal education which deals with everyday experiences which are not planned or organized (incidental learning). When these experiences are interpreted or explained by elders or peers they constitute informal education (Kleis.1973. pp. 3-4).

Some examples will help clarify formal, nonformal, and informal education. Formal education occurs in a typical public high school classroom. Nonformal education occurs with such organizations as Scouts which are less structured than schools, allowing youth more choices, providing less curricular sequencing, and enforcing it even less.

In Myanmar, there's some related works in non-formal education present but not developed as a system yet. We're still need to do many, more.

Saturday, July 28, 2007

ပညာရေး အကျပ်အတည်း (၂)

မူလတန်းပညာ နှင့် ကလေးအခွင့်အရေး

မူလတန်းပညာရေးဟာ လူတစ်ယောက်ရဲ့ ဘ၀ခရီးအတွက် အင်မတန် အရေးပါ တဲ့ ပထမဆုံးလှေကားထစ် ဖြစ်ပါတယ်။ ကလေးတစ်ယောက်အတွက် အသက်၈နှစ်မပြည့်မီ အထူးသဖြင့် အသက်သုံးနှစ် မပြည့်မီမှာ ရရှိခံစားရတဲ့ ဂရုစိုက်မှုနဲ့ အလေးပေး အရေးထား ခံထားရမှုများဟာ အလွန့်အလွန် အရေးကြီးပြီး၊ အဲဒီ ကလေးငယ် ရဲ့ ဘ၀တလျှောက်လုံးကို လွှမ်းမိုး စေ့ဆော်နိုင်ပါတယ် လို့ ဒေါက်တာ စင်သီယာမောင် ပါဝင်ပြုစုပြီး ယူနီဆက်က ထုတ်ဝေတဲ့ Facts for Life ဆိုတဲ့ သုတေသန စာအုပ်ထဲမှာ ဖေါ်ပြထားပါတယ်။


အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights) ထဲမှာလည်း လူတိုင်း ပညာသင်ကြားပိုင်ခွင့်ရှိသည်။ အနည်းဆုံး မူလတန်းပညာ နှင့် အခြေခံအဆင့်ပညာရေး သည် အခမဲ့ ဖြစ်စေရမည်။ မူလတန်းပညာကို မသင်မနေရ ဖြစ်ရမည် … လို့ ဖေါ်ပြ ပါရှိပါတယ်။

နိုင်ငံတကာ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် ( Convention on the Rights of the Child- CRC ) ရဲ့ အပိုဒ်၂၈မှာလည်း ကလေးတိုင်း အခြေခံပညာ အခမဲ့ သင်ကြားခွင့်ရှိရေး ဆိုတာ ပါပါတယ်။ မြန်မာနိုင်ငံက ၁၉၉၁ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့ မှာ အဲဒီ စာချုပ်ကို သဘောတူ လက်မှတ် ရေးထိုးခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အနီးဆုံး အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အစိုးရကျောင်းတွေဟာ ကလေးတိုင်းအတွက် အခမဲ့ ပညာ သင်စနစ် ဖြစ်ပါတယ်။ အဲဒီ စနစ်ထဲမှာ နိုင်ငံခြားသားကိုတောင်မှ တန်းတူ အခွင့်အရေး ပေးထားပါတယ်။ ကျောင်းတိုင်းမှာ စာရေးကိရိယာ အစုံအလင် အခမဲ့ ရပါတယ်။ ကျောင်း နေ့လယ်စာ စားစရိတ်အတွက် ကျောင်းသားတစ်ယောက်စာ တစ်လကို ဘတ်၁၂၀ပဲ ပေးရပါတယ်။ နေ့လယ်စာ ကျွေးပြီး ရင် School Milk လို့ တံဆိပ်တပ်ထားတဲ့ နို့တစ်ခွက်လဲ နေ့တိုင်း သောက်ကြရပါတယ်။ ထိုင်းနိုင်ငံမှာက အခြေခံ အလုပ်သမား တစ်ယောက်ရဲ့ တစ်လ ၀င်ငွေဟာ အနည်းဆုံး ဘတ် ၄၀၀၀ ဖြစ်ပါတယ်။ ဒါကြောင့် သားသမီးတွေရဲ့ ကျောင်းစရိတ်အတွက် မခက်ခဲပါဘူး။ ထိုင်းနိုင်ငံမှာ တွေ့ရတဲ့ နောက်ထပ် ထူးခြားချက်ကတော့ ဆရာ ဆရာမတွေရဲ့ မေတ္တာနဲ့ ဆက်ဆံမှုပါ။ လူမျိုး ဘာသာ ဆင်းရဲ ချမ်းသာ ခွဲခြားခြင်းမျိုး မရှိပါဘူး။ ဒါကြောင့် ကလေး တွေဟာ ကျောင်းနေပျော်ပြီး စာတော်ကြပါတယ်။ သေချာတာကတော့ မြန်မာနိုင်ငံမှာ အဲဒီလို တပြေးညီ အခွင့်အရေး နဲ့ ဆရာဆရာမတွေရဲ့ မေတ္တာကို ရဖို့ဆိုတာ တော်တော် မလွယ်တဲ့ ကိစ္စပါပဲ။

မြန်မာနိုင်ငံမှာကတော့ နာမည်ကျော် လူကြိုက်များတဲ့ တီတီစီလို.. ဒဂုံ(၁)လို... ကျောင်းမျိုးတွေ ၀င်ခွင့် ရဖို့ အတွက် ဆိုရင် အလှူငွေ ဆိုပြီး ၃သိန်း ကနေ ၇သိန်း အထိ ပေးကြရပါ တယ်။ ကျောင်းရဲ့ နာမည်ကို လိုက်ပြီး အလှူငွေ အနည်းအများသာ ကွာသွားပါတယ်။ ပေးတော့ ပေးကြရတာချည်းပါပဲ။ ဆင်ခြေဖုံးရပ်ကွက်က သာမန် ကျောင်းမျိုးတောင်မှပဲ ကလေး တစ်ယာက် ကျောင်းဝင်ခွင့်ရဖို့ အနည်းဆုံး အလှုငွေ ၃၀၀၀ လောက်တော့ ထည့်ကြရပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေခံဝန်ထမ်း လစာက ၃၅၀၀၀ ကျပ်ပါ။ အဲဒီအပြင် စာရေး ကိရိယာက အစ ဖတ်စာအုပ် အဆုံး ၀ယ်ယူကြရတဲ့ အထွေထွေ စရိတ်စက ကလည်း ကြီးမြင့်တာမို့ ကလေးတွေတော်ရုံနဲ့ ကျောင်းမနေနိုင်ကြပါဘူး။ ဒါဟာ ကလေးအခွင့်ရေး စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ စာချုပ်ကို ချိုးဖောက်တာလဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာတော့ ပညာရေးဟာ ကလေးအခွင့်အရေးနဲ့ ကိုက်ညီတယ်လို့ ဆိုရပါမယ်။ ကျောင်းဝင်းတိုင်းဟာ အင်မတန် ကျယ်ဝန်းပြီး အားကစားကွင်းပြင်တွေ၊ ကစားဖို့ လွှဲဒါန်းတွေ၊ ဆီးဆောတွေ၊ ရထားတွဲတွေလည်း ရှိပါတယ်။ ကလေးတွေဟာ ကျောင်းမှာ သိပ်ပျော်ကြပါတယ်။ ကလေးတွေရဲ့ စာသင်ချိန်တွေထဲမှာ ပန်းချီဆွဲချိန်၊ ကဗျာရွတ်ချိန်၊ ဂီတအချိန်၊ ပုံပြောချိန်၊ ကာတွန်းရုပ်ရှင်ကြည့်ချိန်၊ အင်္ဂလိပ်စာအချိန်၊ မိခင်ဘာသာစကားအချိန်၊ အိပ်ချိန်၊ ကစားချိန်၊ စာရေးချိန်၊ စာဖတ်ချိန်တွေ ပါပါတယ်။ ဒါဟာ ကလေးအခွင့်အရေးတွေ အပြည့်အ၀ ခံစားခွင့်ရတာပဲ ဖြစ်ပါတယ်။

မူကြိုပညာရေးမှာတော့ အရှေ့တောင်အာရှ နိုင်ငံတွေဟာ စနစ်ချင်း သိပ်မကွာလှပါဘူး။ စကာင်္ပူနိုင်ငံမှာဆိုရင် မူကြိုကလေးတွေကို ထိန်းကျောင်းသွန်သင်တဲ့ ရည်ရွယ်ချက်တွေဟာ သိပ်ကောင်းပါတယ်။ စင်္ကာပူနိုင်ငံက ကျောင်းသင်ရိုးတွေရဲ့ အဓိက ရည်ရွယ်ချက်တွေကို သူတို့ ပညာရေးဌာနရဲ့ Website မှာ တွေ့နိုင်ပါတယ်။ အဲဒီမှာ ရည်ရွယ်ချက်တွေအဖြစ်... ကလေးတွေအနေနဲ့ အမှား နဲ့ အမှန် ကို သေချာ ခွဲခြားသိဖို့၊ တခြားသူတွေနဲ့ အတူ မျှဝေ ခံစားတတ်ဖို့၊ ပေါင်းသင်း ဆက်ဆံတတ်ဖို့၊ စူးစမ်း သိမြင်တတ်ဖို့၊ အပြောအဆို အကြားအမြင် ဖွံ့ဖြိုးဖို့၊ ပျော်ပျော်ရွှင်ရွှင် နေတတ်ဖို့၊ ကိုယ်ကာယ ကျန်းမာဖို့၊ မိသားစု သူငယ်ချင်းတွေနဲ့ ဆရာ ဆရာမတွေကို ချစ်ခင်တတ်ဖို့ ...ဆိုတဲ့ ရည်ရွယ်ချက်တွေကို တွေ့ရပါတယ်။ ကလေးအခွင့်အရေး အပြည့်အ၀ရှိတဲ့ အပြင်၊ တကယ် အရည်အသွေးရှိတဲ့ မျိုးဆက်သစ်တွေ ရနိုင်ချေများတဲ့ ပညာရေးစနစ်ပါပဲ။ ကျမ အားအကျဆုံးကတော့ ကိုယ်ကျင့်တရားနဲ့ မေတ္တာတရားကို သိအောင် သင်ခန်းစာတွေထဲ ထည့်သင်ထားပေးတာကိုပါပဲ။

နိုင်ငံတကာမှာလည်း အခြေခံပညာရေးအားလုံးဟာ အခမဲ့ပညာရေးစနစ်ဖြစ်ပြီး ကလေးအခွင့်အရေး အပြည့်ရှိတဲ့ ပညာရေးစနစ်တွေပါပဲ။ အထူးသဖြင့် မူလတန်းသင်ရိုး တွေကို မူကြိုကတည်းကစပြီး ဂရုတစိုက် ရေးဆွဲထားတာဟာ အတုယူစရာ ကောင်းလှပါတယ်။ ကလေးသူငယ်ဆိုတာ လွပ်လပ်ရမယ်၊ ပျော်ရွှင်ရမယ်၊ ပေါ့ပါးရမယ်၊ စားချိန်၊ အိပ်ချိန်၊ ကစားချိန်မှန်ရမယ်၊ နိုင်ငံတကာဗဟုသုတ ရှိရမယ်၊ ကျန်းမာရမယ်၊ ကိုယ့်အား ကိုယ်ကိုး တတ်ရမယ်၊ မေတ္တာနဲ့ ဆက်ဆံတာကို ခံစားစေရမယ် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြည့်မီတာကို တွေ့ရပါတယ်။

အဲဒီအခါ ကျမတို့နိုင်ငံက ကျောင်းအပ်ဖို့အရေး အလှူငွေကောက်တာ မထည့်နိုင်လို့ ကျောင်းမနေကြရရှာတဲ့ ကလေးတွေ၊ ကျောင်းစရိတ် ကြီးလာလို့ ကျောင်းထွက်လိုက်ရတဲ့ ကလေးတွေ၊ ဆင်းရဲ ချမ်းသာ ကွာဟမှု အကြားမှာ စိတ်အားငယ်နေကြရတဲ့ သနားစရာ ကလေးတွေကို ကျမ သတိရမိပါတယ်။ မြို့တော်ဆိုတဲ့ ရန်ကုန် မှာတောင် ကလေးတိုင်း ကျောင်းမနေနိုင်တဲ့ ပြဿနာ ရှိနေတယ်ဆိုရင် ဖွံ့ဖြိုးအားနည်းလှတဲ့ နယ်မြို့တွေ မှာ တော့ အခြေအနေ သိပ်ဆိုးနေပြီဆိုတာ အသေအချာ ပါပဲ။

လက်ရှိအစိုးရက ၂၀၀၅-ခုနှစ်ရဲ့ ကလေးတွေ ကျောင်းဝင်တဲ့ နှုန်းကို ၉၇.၅၈% လို့ ကြေငြာချိန်မှာ UNESCO ရဲ့ ၂၀၀၄ခုနှစ်အတွက် မြန်မာနိုင်ငံပညာရေး အစီရင်ခံစာမှာတော့ ကလေးတွေရဲ့ ၄၅% ဟာ မူလတန်းပညာကို ပြီးဆုံးအောင် သင်ကြားနိုင်ခြင်းမရှိဘူးလို့ ဖေါ်ပြထားပါတယ်။

တကယ်တော့ မြန်မာနိုင်ငံရဲ့ မူလတန်းပညာရေးနဲ့ ပတ်သက်ပြီး မှတ်တမ်းတင် ရမယ်ဆိုရင် ကျောင်းဝင်နှုန်း၊ ကျောင်းထွက်နှုန်းတွေကိုသာမကဘဲ ကျောင်းတက်တဲ့ ကလေးတွေမှာလည်း ကလေးအခွင့်အရေးနဲ့ ကိုက်ညီတဲ့ ပညာသင်ကြားခွင့်မျိုးမရကြတဲ့ အခြေအနေတွေကိုပါ မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။

မေငြိမ်း(၂၇၊၁၂၊၀၅)

ထိုင်းနိုင်ငံတွင် တက္ကသိုလ်တက်ချင်လျှင်

ထိုင်းနိုင်ငံဧ။် ပညာရေးဆိုင်ရာခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ရေး အတွက် တကသိုလ် တော်တော် များများ နိုင်ငံခြားသားများ ပါဝင်သင်ကြားနိုင်သောInternational Program များကို ထည့်သွင်းလာ နေကြ ပါသည်။ မြန်မာလူမျိုး အများစု စိတ်ဝင်စားသော Scholarships များကိုလည်း မက်လုံးတစ်ခု အဖြစ် စီစဉ်ပေး ထားကြပါသည်။ နိုင်ငံခြားသား များများ လာရောက် ကျောင်းတက် လေလေ၊ ထိုကျောင်းသားများဧ။် အတွေးအခေါ်၊ ရှုမြင်စဉ်းစား သုံးသပ်ပုံတို့ကို ထိုင်းဆရာများက စာရင်းများ၊ စာတမ်းများပြုစုကာ ထိုင်းဘာသာဖြင့် သင်ကြားသော ကျောင်းများတွင် ပြန်လည် သင်ကြား နှိုင်းယှဉ်ပေး နိုင်လေ ဖြစ်လေသည်။ ထိုအတွေးအခေါ်ဧ။် ကျေးဇူးကြောင့် ထိုင်းနိုင်ငံသည် အချိန်တိုအတွင်း လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက် လာကာ တိုင်းပြည်ဧ။် ၅၃%သော ပြည်တွင်း ထုတ်ကုန် တန်ဖိုးသည် ၀န်ဆောင်မှု လုပ်ငန်းများမှ ရရှိလာလေသည်။ထိုင်းနိုင်ငံရှိ တကသိုလ်များမှာ သူ့နယ်ပယ် အတွက် သူသာ နာမည်ကြီး ကြပြီး နယ်ပယ် ပေါင်းစုံအတွက် တကသိုလ် တစ်ခုတည်းက နာမည်ကြီးတာ မျိုးမရှိပါ။


ထိုင်းနိုင်ငံရှိ နာမည်အကြီးဆုံး တကသိုလ်များမှာ
၁. Thammasat University for Political Science, Economics and Laws, http://www.tu.ac.th/
၂. Kassetsart University for Agricultural and Forestry, http://www.ku.ac.th/
၃. Mahidol University for all Medical fields, Industrial Ecology and Environment, http://www.mahidol.ac.th/
၎. Chularlongkorn University for All Science and Engineering fields, http://www.cu.ac.th/
၅. Ramkhangheng University for Political Science and Education, http://www.ru.ac.th/
၆. Assumption University for Business Administration, http://www.au.ac.th/
၇. National Institute of Development Administration for Development Studies, http://www.nida.ac.th/
၈. Ubon Rajathanee University for Greater Mekhon Subregion Development, www.ubu.ac.th

တို့ဖြစ်ပါသည်။ တကသိုလ်ဝင်ခွင့် အသေးစိတ်များ၊ ၀င်ခွင့်လျှောက်လွှာများ ကို သက်ဆိုင်ရာ ၀က်ဘ်ဆိုက် များတွင် ကြည့်ရှု ရယူနိုင်ပါသည်။ အခြား တကသိုလ် များမှာ မြန်မာပြည်တွင် ရေပန်းစား လှသော်လည်း တချို့ ထိုင်းလူမျိုးများ ကိုယ်တိုင်ပင် မကြားဖူး ကြသည်ကိုလည်း တွေ့ရပါသည်။ Webster University, www.webster.ac.th သည် အမေရိကန် နိုင်ငံသို့ သွားရောက် နေထိုင် ပညာသင်လိုသူများ တဆင့်ခုန်ရာ တကသိုလ် ဖြစ်သောကြောင့် နာမည်ကြီးပြီး Asian Institute of Technology, www.ait.ac.th သည် ပညာသင်ဆုအပေးများခြင်း၊ International Program ချည့် သက်သက်သာ ရှိခြင်းနှင့် အာရှနိုင်ငံများ အချင်းချင်း နည်းပညာဆိုင်ရာ သုတေသနနှင့်ယဉ်ကျေးမှုတို့ ဖလှယ်ရာ အဖြစ် နာမည်ကြီးလေသည်။သို့ရာတွင် ထိုတကသိုလ်များတွင် အခြား ဘာသာရပ်များ အတွက်လည်း International Program များရှိပါ သည်။ ၀မ်းနည်းစရာ ကောင်းသော အချက်မှာ၂၀၀၄ခုနှစ်တွင် ထုတ်ပြန်သော အစိုးရပိုင် တကသိုလ်များ ဆိုင်ရာ ဥပဒေအရ မြန်မာနိုင်ငံမှ ဆယ်တန်း အောင်သူကို ထိုင်းနိုင်ငံမှ အလယ်တန်း အောင်သူ နှင့်သာ အရည်အချင်း တူသည်ဟု သတ်မှတ်ပေး ထားပြီး ရိုးရိုးဘွဲ့အတွက် တကသိုလ် တက်လိုသူ သည် GCE O' Level အောင်ပြီးသူ ဖြစ်မှသာ လက်ခံပါသည်။ ထိုင်းသည် အခြေခံပညာ အတွက် ၁၂တန်း ရှိပြီး အထက်တန်း ကို၂နှစ် တက်ရသော ကြောင့် ဖြစ်သည်ဟု ဆိုလေသည်။ မဟာဘွဲ့ တက်လိုသူသည် အခြေခံပညာ ၁၂တန်း နှင့် ရိုးရိုးဘွဲ့အတွက် ၄နှစ် တက်ရောက် သင်ကြား အောင်မြင်ထားသူ ဖြစ်ရမည် ဆိုသောကြောင့် အနည်းဆုံး စာသင်နှစ် ၁၆နှစ် ရှိရမည် ဖြစ်ရာ မြန်မာနိုင်ငံမှာ ဆယ်တန်းအောင်ပြီး တကသိုလ် ၃နှစ်တက်လျှင် ဘွဲ့ရသောကြောင့် ၁၄နှစ်သာ ကျောင်းတက် ထားရာ မဟာဘွဲ့ အတွက် ၀င်ခွင့်မမီ နိုင်တော့ပေ။ ထိုအခါ GRE and GMAT စသော အောင် လက်မှတ်များ၊ ဆိုင်ရာ တကသိုလ် များဧ။် ၀င်ခွင့် စာမေးပွဲများ၊ လူတွေ့ စစ်ဆေးပွဲ များကို ထပ်မံဖြေဆိုရ လေသည်။ သို့သော် Private University များတွင် သီးခြား စည်းမျဉ်းများ ရှိလေသည်။ အသေးစိတ် သိလို ပါက www.moe.go.th တွင် ကြည့်ရှု လေ့လာနိုင်ပါသည်။

မြန်မာမိဘအများစု စိုးရိမ်ပူပန်နေသကဲ့သို့ ထိုင်းနိုင်ငံသည် လုံခြုံမှု မရှိသော နိုင်ငံ ဟုတ်မဟုတ်ကို နှစ်စဉ် သန်းချီနေသော ကမာလှည့် ခရီးသည်များက သက်သေခံနေပါသည်။ ကျောင်းဆောင် တိုင်းနှင့် တိုက်ခန်းများ တွင် အဆောက်အဦ တိုင်းတွင် လုံခြုံရေး အစောင့်များ ထူထပ်စွာ ချထားပြီး ရဲနှင့် လူအချိုးမှာ လူ၂၀၀လျှင် ရဲ တစ်ယောက်နှုံး ဖြစ်လေသည်။ မိန်းကလေးများကို လိုက်လံ နှောင့်ယှက်သော၊ ဇွတ်အတင်း ရည်းစားစာ လိုက်ပေး၊ ရည်းစားစကား လိုက်ပြောသော ယောက်ျားလေးများ လုံးဝ မရှိပါချေ။ စိတ်ပူစရာ တစ်ခုကောင်း သည်မှာ နွဲ့နေသော ယောက်ျားလေးများ ထိုင်းတွင်ကျောင်းတက်ပါက အခြောက် ဖြစ်သွားနိုင်ပါသည်။ ၃၀% သော ထိုင်းယောက်ျား လေးများမှာ နွဲ့နေသော Girlish boy များဖြစ်ကြပြီး ကျန် ၃၀%မှာGay များဖြစ်ကြ ကာ ၂၀%သော ထိုင်းယောက်ျား စစ်စစ်များသည် ညစဉ် မကောင်းသော နေရာများ၊ ကလပ်များသို့ ပုံမှန် သွားသည်ဟု social research တက်နေသူ အခန်းဖော် ထိုင်းမကိုယ်တိုင် ပြောပြလေသည်။ ထို့ကြောင့် ထိုင်းမများသည် မိန်းကလေးများကို ဂရုစိုက် ချစ်တတ် သော မြန်မာယောက်ျားကို တော်တော် သဘောကျ ကြလေသည်။ ထိုင်းနိုင်ငံတွင် တရားဝင်ရော၊ တရားမ၀င်ပါ ရောက်ရှိနေထိုင်သော မြန်မာဦးရေ ငါးသန်းခန့်ရှိသည်ဟုခန့်မှန်းထားကြပါသည်။

ထိုင်းနိုင်ငံတွင် ပညာသင် စားရိတ်သည် တကယ် ပညာတတ်သည့် အတိုင်းအတာ၊ သင်ကြားရေးနှင့် သင်ယူရေး ဆိုင်ရာ အထောက်အကူပြု ကိရိယာများ၊ စာကြည့်တိုက်များနှင့် လိုအပ်သော စာအုပ်စာတမ်း များ ရရှိနိုင်မှု အတိုင်းအတာများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံထက် သက်သာသည် ဟုပင် ဆိုနိုင်လေသည်။ နေထိုင်မှု စားရိတ်သည်လည်း မြန်မာနိုင်ငံထက် အပုံကြီး သက်သာလေသည်။ အင်တာနက်ကို ကျောင်းစာ ကြည့် တိုက်တိုင်းတွင် ကျောင်းသားတိုင်း လွတ်လပ်စွာ သုံးစွဲနိုင်ရုံ သာမက ကိုယ့်အခန်းတွင် တပ်ဆင်လို လျှင်လည်း လွတ်လပ်စွာ တပ်ဆင်နိုင်ပြီး လျှောက်လွှာတင်ပြီး ၄ရက်အတွင်း အဆင်သင့် သုံးနိုင်လေသည်။ တပ်ဆင်ခ ဘတ် ၁၀၇၀နှင့် လစဉ်ကြေး ဘတ်၅၉၀ ကျသင့်လေသည်။ နေထိုင်မှု စားရိတ်မှာ သာမန် ကျောင်းသားတစ်ဦးအတွက် (ဟိုတယ်တွင် သူဌေးသုံး သုံးဖို့ မဟုတ်ပါ)

၁. တစ်နပ်စာ ဘတ်၆၀ (ကျောင်းကင်တင်းမှာ စားလျှင် တနပ်စာ ၁၅ဘတ်မှ ၂၅ဘတ်သာ)
၂. ကျောင်း အဆောင်လခ ၄ယောက် တစ်ခန်းဆိုလျှင် ၇၅၀ဘတ် (ျအညေိမေိသမာငအသမပ ဆိုလျှင်ဘတ် ၂၅၀၀မှ ဘတ်၄၀၀၀ကြား)
၃. ရေတစ်ယူနစ် ၁၀ဘတ် (သတ်မှတ်ရက်တွင် ကြိုတင် ကြေညာပြီးမှ ရေလှောင်ကန် သန့်ရှင်းရန် ရေပိုက်လိုင်း ခဏဖြတ် တောက်ခြင်းမှ အပ မည်သည့်အခါမှ ရေမပျက်ပါ)
၎. လျှပ်စစ်မီး တစ်ယူနစ် ၃ဘတ် (ထရန်စဖော်မာ ပေါက်ခြင်း၊ မိုးကြိုးပစ် ခံရခြင်းတို့ကြောင့် နာရီဝက်မှ ၃ နာရီကြာ ခဏ ပျက်ခြင်းမှအပ မည်သည့်အခါမှ မီးမပျက်ပါ)သာကုန်ကျလေသည်။

ဘန်ကောက်မြို့အတွင်း သွားလာရေးအတွက် ကားလမ်း၊ ရထားလမ်းနှင့် တူးမြောင်းများ အတွင်းနှင့် ကျောက်ဖယား မြစ်တွင်း ပြေးဆွဲသော မြစ်ကြောင်း လမ်းသွား မော်တော်ဘုတ်များ သုံးမျိုးရှိလေသည်။ ကားလမ်းအတွက် Taxi အငှား ကားများ၊ ရိုးရိုးဘတ်စ်ကား၊ အဲယားကွန်း ဘတ်စ်ကား၊ van ဟုခေါ်လေ့ ရှိသော Hi-Aceကားများ၊ ခရီးတိုပြေးသော Pick-upကားလေးများရှိပြီး ဈေးအသက်သာဆုံးမှာ ရိုးရိုး ဘတ်စ်ကားဖြစ်ကာ ခရီးစဉ် တကြောကို ၈ဘတ်ဖြစ်ပါသည်။ အဲယားကွန်း ဘတ်စ်ကားများမှာ Hybrid bus and ordinary bus နှစ်မျိုးပြန်ကွဲပြီး ခရီးစဉ် အလိုက် အနည်းဆုံး Hybrid ကားအတွက် ၁၂ဘတ်၊ ရိုးရိုးကား အတွက် ၁၁ဘတ်ဖြစ်ကာ ခရီးစဉ် အစအဆုံး အတွက်မူ ၂၂ဘတ်ပေးရလေသည်။ van ဟု ခေါ်လေ့ရှိသော Hi-Ace ကားများမှာမူ ခရီးစဉ် နီးဝေးအလိုက် (ဆူးလေ-အင်းစိန် ခရီးလောက်ကို) ၂၅ဘတ်မှ ၉၀ဘတ် (ဆူးလေ -တိုက်ကြီး ခရီးလောက်ကို) ပေးရပြီး ချောင်ချောင် အေးဆေး သက်သာစွာ စီးနိုင်လေသည်။ ခရီးတို ပြေးသော Pick-up ကားလေးများမှာ (သမိုင်း- ဆူးလေ လောက် ခရီးကို) ၇ဘတ်သာ ပေးရလေသည်။Taxi များမှာ စစချင်း ၃၅ဘတ် တက်နေပြီး တစ်ကီလိုမီတာ ခရီးတိုင်း ၂ဘတ် ပေးရလေသည်။ ရထားလမ်း အတွက် Sky Train or BTS ခေါ် မိုးပျံရထား၊ Subway or MRTခေါ် မြေအောက်ရထား၊ ရိုးရိုးမြို့ပတ် ရထား ဆိုပြီး သုံးမျိုးရှိပါသည်။ BTS သည် တစ်ဘူတာ ၁၀ဘတ်နှုံး ပေးရပြီး ခရီးစဉ် စဆုံးစီးပါမူ ၄ဘူတာစာ အလကား စီးရလေသည်။ MRT ခေါ် မြေအောက် ရထားသည် တဘူတာလျှင် ၁၂ဘတ် ပေးရသော်လည်း ခရီးစဉ် ရှည်လေ၊ ဈေးသက်သာလေ ဖြစ်ကာ ၁၈ဘူတာလုံး ခရီးစဉ် စဆုံး စီးနင်းလျှင် ၃၆ဘတ် သာကျသည်။ http://www.reed.eduwww.reed.edu/ ကျောက်ဖယား မြစ်တွင်း ပြေးဆွဲသော မော်တော်ဘုတ်များမှာ မော်တော် အမျိုးအစား အလိုက် ဈေးနှုံး အသီးသီး ရှိလေသည်။ Pulic Motor Boat များမှာ ခရီးစဉ်အလိုက် ဈေးအနည်းဆုံး ၈ဘတ်မှ ဈေးအများဆုံး ၁၈ဘတ် သာ ပေးရလေသည်။ http://www.in-bangkok.com/ ရထားနှင့် မြစ်ကြောင်း ခရီးမှာ ကမ္နာ့ အဆိုးရွားဆုံးဟု နာမည်ကြီးသော ဘန်ကောက်မြို့ဧ။် ယာဉ်ကြော ပိတ်ဆို့မှုကို ရှောင်ရန် အကောင်းဆုံးသော ခရီးစဉ်များ ဖြစ်လေသည်။

မည်သည့်ခရီးစဉ်ကို လိုက်ပါသည် ဖြစ်စေ အလွန်အမင်း တိုးဝှေ့ကာ ကြပ်သိပ် ညပ်ပိတ် နေအောင် စီးရသည့် အခါ မည်သည့် အခါမှ မရှိပါချေ။ မတ်တပ်ရပ် စီးနင်းရသောသူ အတန်ငယ် လူများက ဘယ်သူမှ သည်လို ကားပေါ် ထပ်မတက် ကြတော့ သလို စပယ်ယာကလည်း အတင်းမခေါ်၊ ယာဉ်မောင်း ကလည်း စောင့်မခေါ် သည်မှာ အလွန်စိတ်ချမ်းသာစရာ ကောင်းသော အကျင့်ပါပေ။ စပယ်ယာက အတင်း ယာဉ်စီးခ တောင်းရန် မလိုပါ။ အချို့ဘတ်စ်ကားများတွင် စပယ်ယာ မပါဘဲ ခရီးသည်များက ယာဉ်မောင်းထံကို စည်းကမ်းရှိစွာ အလို အလျောက် သွားရောက်ကာ ယာဉ်စီးခ ပေးကြလေသည်။ ဘတ်စ်ကားလိုင်း အချို့မှာ ည (၇)နာရီတွင် သိမ်းပြီး အချို့မှာ ည ၁၁နာရီ ထိရှိကာ မိုးချုပ်သောကြောင့် ကြားကားဈေး တောင်းခြင်း မရှိရုံ သာမက တရက်စာ စာရင်းပိတ် ပြီးချိန်တွင် အလကား ပေးစီးပါသေးသည်။ ထိုင်း ဥပဒေအရ နိုင်ငံခြားသား ကျောင်းသားများ အလုပ်လုပ်ခွင့် မရှိသော်လည်း နိုင်ငံခြားသား အလုပ်သမားများ ကျောင်းတက်ခွင့် ရှိသောကြောင့် အလုပ်ရပြီးမှ ကျောင်းတက်မှသာ အလုပ်တဖက် ကျောင်းတဖက် နေနိုင်ပါမည်။ သို့သော် မဟာဘွဲ့အတွက် ထိုသို့ ကျောင်းတက်ပါက စာမေးပွဲကျဖို့ များလေသည်။ သည်မျှဆိုလျှင် ထိုင်းနိုင်ငံတွင် ကျောင်းနေရန်နှင့် ကျောင်းတက်နေစဉ် ကာလအတွင်း နေထိုင် စားသောက် သွားလာနိုင်ရန် သတင်း အချက်အလက် အတော်အသင့် ပြည့်စုံပြီဟု ယူဆမိပါသည်။

Friday, July 27, 2007

ပညာရေးအကျပ်အတည်း(၁)

မြန်မာနိုင်ငံရဲ့ ပညာရေးအကျပ်အတည်းများ

ကျမကို ပညာရေးနဲ့ ပတ်သက်ပြီး ဒီမှာ ရေးဖို့ ပြောတော့ ကျမမှာ Radio Free Asia မှာ အပတ်စဉ် ကြာသပတေး ညတိုင်း အသံလွှင့်ခဲ့တဲ့ ပညာရေးကဏ္ဍ လေးကို ပြန် မျှဝေ ချင်ပါတယ်။ ဒါကြောင့် ဆောင်းပါး အနေနဲ့ ဖတ်လို့ ပိုအဆင်ပြေအောင် နည်းနည်းလေး ပြုပြင်ပြီး တင်ပေးလိုက်ပါတယ်။ ဒီနေရာမှာ တခုတော့ ရှိပါ တယ်.. ရေဒီယို အစီအစဉ်မို့ ၅မိနစ်စာလောက်နဲ့ အချိန်ကိုက် ၀င်အောင် ရေးရတာကြောင့် တပုဒ်ထဲမှာ အချက် အလက်တွေ အကုန်ပါအောင် မရေးနိုင်ပါဘူး။ ဒါကြောင့် Theme တခုစီနဲ့ အခန်းဆက်လိုတော့ ဖြစ်နေပါလိမ့် မယ်။ ဝေဖန် အကြံပေးကြစေချင်ပါတယ်…။ ဒါမှပဲ တကယ်တမ်း မြန်မာပြည်ရဲ့ ပညာရေးအတွက် လုပ်နိုင်ခြေ ရှိ တာလေးတွေကို တွေ့နိုင် သိနိုင်ကြမှာပါ။


ပညာရေးကဏ္ဍ နဲ့ ပတ်သက်ပြီး ကမ္ဘာ့ ကုလသမဂ္ဂ က ထုတ်ပြန်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်း (Universal Declaration of Human Rights) မှာ ပညာရေးသည် တနိုင်ငံနှင့် တနိုင်ငံ၊ လူမျိုး တမျိုး နှင့် တမျိုး၊ ဘာသာရေး အသင်းအဖွဲ့ တဖွဲ့ နှင့် တဖွဲ့ အကြား၊ နားလည်မှု၊ သဘောထားကြီးမှု၊ ချစ်ကြည်ရင်းနှီးမှုတို့ တိုးတက် ဖြစ်ပေါ်လာစေရန် နှင့် ကမ္ဘာ့ငြိမ်းချမ်း ရေး တည်တံ့စေရန် ကုလသမဂ္ဂမှ တာဝန်ယူ ဆောင်ရွက်နေသော လုပ်ငန်းများ အဓွန့်ရှည်စေရန် ဆောင်ကျဉ်း နိုင်ရမည်….လို့ ထည့်သွင်း ဖေါ်ပြထားပါတယ်။ ဒါဟာ နိုင်ငံတနိုင်ငံအတွက် ပညာရေးကဏ္ဍ ရဲ့ အရေးပါမှု အရေးကြီး မှု ကို ဖေါ်ပြနေတာပါပဲ။

ဘယ်နိုင်ငံမှာမဆို အဘက်ဘက်က တိုးတက်ထွန်းကားဖို့ဆိုရင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ စာရိတ္တတွေ ယဉ်ကျေးမှုတွေ ကောင်းမွန် ဖွံ့ဖြိုးဖို့ဟာ အခြေခံ မဏ္ဍိုင်တွေလို အရေးကြီးပါတယ်။ အဲသည် မဏ္ဍိုင်တွေအပေါ် အားပြုပြီးတော့ပဲ နိုင်ငံ တနိုင်ငံကို တိုးတက်အောင် တည်ဆောက်ကြရပါတယ်။ အဲဒီ မဏ္ဍိုင်တွေ တစ်ခု မဟုတ် တစ်ခု ချို့တဲ့ရင် ချို့တဲ့သလို လျော့ပါးရင် လျော့ပါးသလို နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှုမှာလည်း အနည်းနဲ့ အများဆိုသလို နှောင့်နှေး ကြန့်ကြာ ကြရပါတယ်။

နိုင်ငံတကာမှာက သူတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုးထောင်ရာမှာ၊ ကလေးတွေ လူငယ်တွေရဲ့ ကိုယ် စိတ် နှစ်ပါး ကျန်းမာ သန်စွမ်း ဖွံ့ဖြိုးရေးတွေကို အဓိက ရည်ရွယ်ချက်အဖြစ် ထားပြီး အရေးတကြီး ဂရုတစိုက် ဆောင်ရွက်နေကြတာ တွေ့ရပါ တယ်။ နိုင်ငံအများစုမှာ မျက်မှောက်အချိန်အတွက် အဘက်ဘက်က ဖွံ့ဖြိုးအောင် အပြိုင် အဆိုင် လုပ်နေရင်းနဲ့ အနာဂတ်အတွက် အရေးပါလှတဲ့ ကလေးတွေကို တိုးတက်သထက် တိုးတက်အောင် မွေးမြူနေကြပါတယ်။ ဒါဟာ အနာဂတ်အပေါ် ထားတဲ့စေတနာပဲလို့ ကျမ မြင်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်ကောင်း လူကြီးသူမကောင်းတို့ရဲ့ တာဝန်ကြီး တစ်ရပ် လည်း ဖြစ်ပါတယ်။

ကျမတို့နိုင်ငံမှာ မူလတန်းကြိုကနေ စလို့၊ ဘွဲ့ရတဲ့အထိ၊ ပညာရေးအဆင့် သတ်မှတ်ပုံ သတ်မှတ်နည်းကစပြီး၊ သင်ရိုးအဆင့်အတန်း၊ သင်ကြားနည်းစနစ်တွေ၊ စာမေးပွဲစနစ်တွေ၊ သင်ထောက်ကူပစ္စည်းတွေ၊ ဆရာ ဆရာမ တွေရဲ့ အရည်အသွေး အဆင့်အတန်းတွေမှာ နိုင်ငံတကာနဲ့ ယှဉ်ကြည့်ရင်၊ ဘယ်လောက် ခေတ် နောက်ကျ နေသလဲ၊ စံမမီဖြစ်နေသလဲ ဆိုတာတွေကို နိုင်ငံတကာ ပညာရေး အချို့ နဲ့ ပညာရှင်များရဲ့ အမြင် တွေကို ကိုးကားပြီး ကျမရဲ့ အတွေ့အကြုံ တွေ အရ လိုအပ်သလို နှိုင်းယှဉ် ပြောပြသွားချင်ပါတယ်။

ဒီနေရာမှာ ဆရာ ဆရာမ တွေရဲ့ သင်ကြားနည်းစနစ်ကို သေသေချာချာ မကိုင်တွယ်၊ မညွှန်ကြားတဲ့အတွက် ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေးတွေပါ ကျဆင်း လာရတာ၊ ဆရာ မလုံလောက်မှုကြောင့် အခြေခံပညာ တောင် မပြီးဆုံးသေးတဲ့သူတွေကို ဆရာအဖြစ် ဆွဲခန့်လိုက်ရတာတွေကြောင့်လဲ ကလေးတွေရဲ့ အရည်အသွေး ကိုပါ ထိခိုက်လာတာ ဖြစ်ပါတယ်။ အဲဒီအတွက် မြန်မာပြည်မှာ ဆရာအတတ်သင် ကျောင်းကောင်းတွေ ရှိဖို့ လိုအပ်ပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ လက်ရှိပညာရေး အခြေအနေထဲမှာ ပညာရေးအဆင့် သတ်မှတ်ပုံက စပြီး၊ သင်ရိုး ညွှန်းတမ်းတွေ၊ သင်ကြားနည်းစနစ်တွေ၊ စာမေးပွဲစနစ်တွေ၊ ဆရာဆရာမ၊ ကျောင်းသားမိဘ ဆက်ဆံရေးပုံစံ တွေဟာ အဓိကထားပြီး ပြုပြင်ယူကြရ မယ့် ပြဿနာတွေထဲမှာ ပါပါတယ်။ ၁၉၆၂နောက်ပိုင်းကနေ ခုချိန်အထိ တဖြည်းဖြည်း ယိုယွင်း ယုတ်လျော့လာတဲ့ မြန်မာနိုင်ငံ ပညာရေးဟာ၊ (UNESCO) ရဲ့ စစ်တမ်းတွေအရ ၂၀၀၀ပြည့်နှစ် နောက်ပိုင်းမှာ ဆုတ်ယုတ်မှု ပိုမြန်လာပါတယ်။ ဒါကို ကျမတို့ ပြည်သူတွေနဲ့ ကျောင်းသူ ကျောင်းသား လူငယ်ထုကြီးက တနိုင်တပိုင် တာဝန်ယူပြီး ပြုပြင်သွားကြရမှာ ဖြစ်ပါတယ်။

မေငြိမ်း(၂၀၀၅၊ဒီဇင်ဘာ)

Thursday, July 26, 2007

General discussion

အကြမ်းဖျဉ်းအားဖြင့် ဆွေးနွေးရလျင် ဤဘလောက်တွင် ကျယ်ပြန့်သော ရည်ရွယ်ချက်များ ရှိနေသည်။ ထိုအခါ ရည်ရွယ်ချက်အားလုံးကို ခြုံငုံမိရန် အတန်ငယ် ခဲယဉ်းပေမည်။

မည်သည့် အရွယ်၊ မည်သို့သော လူငယ်များကို ဦးတည်သည်ဟု အတိအကျ စဉ်းစား နိုင်လျင် ထည့်သွင်းရေးသားမည့် အကြောင်းအရာများမှာ ပိုမိုတိကျ နိုင်မည်။ ဥပမာ - အထက်တန်း ကျောင်းသား၊ ကျောင်းသူ အရွယ်၊ မြန်မာနိုင်ငံတွင်းမှာပင် ဆက်လက် ပညာသင်ကြားလိုသည့် ကလေးများ အတွက် လိုအပ်ချက် နှင့် နိုင်ငံခြားထွက် ပညာသင်ကြားလိုသည့် ကလေးများ အတွက် လိုအပ်ချက် မတူညီနိုင်ပေ။ အလားတူပင် အစိုးရ အတန်းကျောင်းများ ( မူလတန်း၊ အလယ်တန်း၊ အထက်တန်း ) ရှိကလေးများ နှင့် ပုဂ္ဂလိကကျောင်းများ ( ဥပမာ - ILBC, International School Yangon, Diplomatic School ) ရှိကလေးများ လိုအပ်ချက် မတူညီနိုင်။ တဖန် ကျွန်ုပ်တို့၏ ဦးတည်အုပ်စု (target group) မှာ မူဝါဒချမှတ်သူများ၊ သုတေသနပြုသူများ ဆိုလျင် ပါဝင်ရမည့် အကြောင်းအရာများမှာ ကွာခြားပေလိမ့်မည်။

ထို့ကြောင့် ဦးတည်အုပ်စု (target group) ကို ရွေးချယ်ခြင်း၊ ထိုဦးတည် အုပ်စုအနေဖြင့် အင်တာနက် အသုံးပြုမှု ရှိမရှိဆန်းစစ်ခြင်း၊ ထိုဦးတည်အုပ်စု၏ လတ်တလော လိုအပ်ချက်များကိုလေ့လာခြင်း၊ ဘလောက်ဂါများတွင် ရှိသော (ဘလောက်ဂါများ ပိုင်ပိုင်နိုင်နိုင် ရေးနိုင်သော) အကြောင်းအရာ၊ ကဏ္ဍများကို သုံးသပ်ခြင်း တို့ကိုပြုလုပ်သင့်သည်ဟု ယူဆသည်။

ပညာရေး ကဏ္ဍများ ခွဲခြားရာတွင် ကျွန်ုပ်ဥာဏ်မီသလောက် လူပြိန်းအတွေးဖြင့် အောက်ပါအတိုင်း ပိုင်းခြားမိသည်။ ပညာရေး ဆိုင်ရာ ကျွမ်းကျင်သူများ အနေဖြင့်မူ ပိုမို စနစ်ကျသော ကဏ္ဍခွဲခြားမှုများကို လမ်းပြနိုင်မည်ဟု ယုံကြည်သည်။

(က) အဆင့်အလိုက်
  • အခြေခံပညာရေး (မူလတန်း မှ အထက်တန်း အထိ)
  • အဆင့်မြင့်ပညာရေး (ကောလိပ်၊ ဘက်ခ်ျလာဘွဲ့၊ မာစတာဘွဲ့၊ ပါရဂူဘွဲ့များ အထိ)
(ခ) ပညာသင်ကြားရာ နေရာဌာန အလိုက်
  • ပြည်တွင်း
  • ပြည်ပ
(ဂ) တာဝန်ယူမှုအလိုက်
  • အစိုးရ
  • ပုဂ္ဂလိက
  • အစိုးရမဟုတ်သောအဖွဲ့
(ဃ) ငွေကြေးထောက်ပံ့မှု ပေးသူ အလိုက်
  • အစိုးရ ပညာသင်ဆုများ
  • အစိုးရ ထောက်ပံ့ကြေးများ
  • နိုင်ငံတကာ ပညာသင်ဆုများ
  • နိုင်ငံတကာ ထောက်ပံ့ကြေးများ
  • တစ်ဦးချင်း အလှူရှင်များ
(င) အထွေထွေ
  • ပညာရေး ဆိုင်ရာ သတင်းအချက်အလက်များ
  • ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်တွေ့များ
(စ) သုတေသန၊ မူဝါဒ နှင့် စနစ်
  • ပညာရေး သုတေသန
  • မူဝါဒ နှင့်
  • စနစ်

မဲဆောက်မှ Children Development Centre အကြောင်း

ဇင်ကိုလတ်အီးမေးလ်မှတဆင့်သိရသော မဲဆောက်ကျောင်းကို ငွေလှူပြီး ၊ နောက်ထပ် နှစ်စဉ်လှူချင်ရင် ဘယ်လိုအစီအစဉ်ရှိလည်းလို့ ထိုကျောင်းတာဝန်ခံ ကိုဇော်ထွန်းကို အီးမေးလ်နဲ့မေးမြန်းခဲ့ပါတယ် ။ တကယ်တော့ ကျွန်မစိတ်ကူးထဲမှာ အဲလိုမျိုးလေးလုပ်ချင်နေတာ ကြာပြီ ။ နှစ်စဉ်ကျောင်းတကျောင်းကို သီးသန့်လှူမယ်ပေါ့ ။ မောင်ရန့်ကိုတောင် ပြောမိသေးတယ်.. ဘလောဂါ့တွေပေါင်းပြီး အဲလို အဖွဲ့ အစည်းမျိုးလေး ထောင်ချင်တယ်လို့ ။ ခု ကျွန်မတို့ ဘလောဂ့်စာအုပ်ထုတ်ပြီး ရတဲ့အမြတ်အစွန်းနဲ့ ထိုသို့သော ပရဟိတတွေလုပ်ဖို့ အစီအစဉ်ရှိပါတယ် ။ မဖြစ်ခင်တော့ ကျွန်မဘာသာပဲ တတ်နိုင်သလောက်လေး လှူမယ်လို့ ဆုံးဖြတ်မိတယ် ။

Donation_1.JPG
Students at book donation (သူတို့ရဲ့ မျှော်လင့်ချက်အပြည့်နဲ့ ဖြူစင်ပြီး အပြစ်ကင်းစင်တဲ့မျက်နှာများက ကျွန်မကို ဖမ်းစားခဲ့ပါတယ်)

ကျွန်မရေးဖူးသလိုပဲ အလှူတွေထဲ ပညာရေးအလှူက အလွန်မွန်မြတ်တယ်လို့ ထင်ပါတယ် ။ ဒီ မဲဆောက်ကကျောင်းလေးဟာဆိုရင်လည်း နယ်စပ်က မရှိမဲ့ကလေးတွေ ပညာရဖို့ ဒေါက်တာစင်သီယာမောင်အပါအ၀င် အဖွဲ့ မှ ၁၉၉၅ တည်းက ဆရာမ၂ယောက်နဲ့ ဖွင့်လှစ်ခဲ့တာပါ ။

-----------------------------------
Children Development Centre (C.D.C) school, was commenced on June 3rd, 1995 to meet the education and daycare needs of the health workers employed at Mae Tao Clinic. At the first start of the school year, it had only two teachers and thirty children. Since the CDC has expanded every year as the needs of the Burmese community has grown; and now provides daycare and education services to the children of staff employed at Mae Tao Clinic and Burmese Migrant Workers. The school has grown exponentially over the last seven years and in 2004, CDC spilt its students into two groups to meet the increased demand for more space and resources. One group is for Primary School Children aged 6 to 16 years and Nursery school, for children aged 2 and half to 6 years old. The Nursery school was delayed in finding a proper place suitable for younger children. Finally, the nursery school could formally open at January 4th, 2004; near Mae Tao Clinic. At the school year term on June 2004, about 136 children enrolled in the nursery school. These children were divided into three groups, daycare (aged 2 to 3 and half years), Nursery (aged 4 to 5 and half years) and Kindergarten (aged 6 to 8 years old)
----------------------------------

အဲဒီမှာ လှူနိုင်တာတွေကတော့ တနှစ်စာ နေရေးထိုင်ရေး ၊ စားသောက်စရိတ် ၊ ကျောင်းသုံးစာအုပ် စာရေးကိရိယာများ ၊ ကျောပိုးအိတ် ဖိနပ် စောင် စသည့် လိုအပ်သော အသုံးအဆောင်များ ... ကျောင်းသားတယောက်တွက် ပျမ်းမျှ တနှစ်ကို ထိုင်းဘတ် ၁၉၂၇၀ (စင်္ကာပူဒေါ်လာ ပျမ်းမျှ ၉၆၅ဒေါ်လာလောက်) ကျမည်ဟု ထိုကျောင်းမှ ကိုယ်စားလှယ် ကိုဇော်ထွန်းက အီးမေးလ်ပို့ပြီး ကျွန်မကို အောက်ပါအတိုင်းစာရင်းပြပါတယ် ။

student%20total%20cost.JPG

Student_and_7th_July_1.JPG
ကျောင်းတွင်ကျင်းပသော ဆဲဗင်းဇူလိုင်အထိမ်းအမှတ်

Group.JPG
CDC School မှ အဖွဲ့ သားများ

/DSC02403.JPG

ဒီပုံထဲက အနာဂတ်ရဲ့ကြယ်ပွင့်လေးတွေ တောက်ပနိုင်ဖို့ ကျွန်မတို့မှာ တာဝန်ရှိတယ် ။ ကျွန်မတို့တတွေ တတ်အားသမျှ ကူညီကြရအောင်လို့ တိုက်တွန်းလိုက်ပါရစေရှင် ။

Download CDC High School Proposal for details

ကူညီလိုသူများ ကိုဇော်ထွန်းထံ ဒီအီးမေးလ်မှာ (htay_aung2004@yahoo.com) ဆက်သွယ်နိုင်ပါတယ် ။

 

© 2007 IngridGrey By Arephyz